'ဝိဉာဉ်တွယ်ကပ်နေသော တယော'
lotaya.mpt.com.mm
|
2022-01-11

အခန်း (၁)

     ဦးရန်နိုင် မကျန်းမာနေသည်မှာ ကြာမြင့်လှပြီ။ မှတ်မှတ်သားသား ဆိုရသော် လွန်ခဲ့သော ၈လခန့် သူ့ဇနီး မမြကလေး ဆုံးပြီးနောက်၌  ဇနီးသည်အပေါ် နေ့နေ့ညည လွမ်းဆွတ်ကြေကွဲရာမှ စခဲ့သည်ဟု ဆိုရခြိမ့်မည်။

     ဒေါ်မြကလေးသည် အသက်၄၂နှစ်အရွယ်၌  ကွယ်လွန်ခဲ့သည်။ ဦးရန်နိုင်သည် ချစ်ဇနီးဖြစ်သူ ဒေါ်မြကလေးထက် ၄နှစ်ကြီးသောကြောင့် ယခုအခါ ၄၇နှစ်ထဲသို့ ချည်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်သည်။

    အရွယ်အားဖြင့် နေမည်ဆိုလျင် နောက်ထပ် ၁၀နှစ် ၁၅နှစ်ခန့် လူ့ဘဝကို 

ကောင်းစွာ အကျိုးပြု နေထိုင်သွားနိုင်သေးပါ၏။ သို့သော် ဦးရန်နိုင်သည် စာရေးဆရာပီပီ ၊ အစွဲအလန်းကြီးသူ ဖြစ်လေ၏။ ယ္ခင်က သူ၏ ဝေယျာဝစ္စမှန်သမျှကို ဒေါ်မြကလေးက ပါရမီဖြည့်ခဲ့သည်။ယခုအခါ ဒေါ်မြကလေး မရှိတော့  သူ့အတွက် အရာခပ်သိမ်း လစ်ဟာနေသလို ခံစားနေရရှာသည်။ 

      တစ်ဦးတည်းသော သမီးဖြစ်သူ ယမုံဖူးကလည်း အိမ်ထောင်ကျပြီး ၊ ခင်ပွန်းဖြစ်သူ အစိုးရဝန်ထမ်းနောက်သို့ လိုက်ပါနေရသဖြင့် ဖခင်ကြီးအား ပြန်လှည့်မကြည့်အားပေ။ ပြီးတော့ 'တကြောင်းစွဲကြီး'ဟု ချစ်ဇနီး မမြကလေး အသက်ရှိစဉ်က ချစ်စနိုး ခေါ်ဝေါ်ခဲ့သော ဦးရန်နိုင်သည်လည်း သူ့ဝေယျာဝစ္စမှန်သမျှကို ဒေါ်မြကလေး ကိုယ်တိုင်လုပ်ပေးမှသာ ဘဝင်ကျတတ်သူ ဖြစ်လေ၏။ 

     ယခုအခါ  ဦးရန်နိုင်၏ အိမ်မှုကိစ္စများအား မနက်လာ ညပြန် အိမ်အကူ မဆင့်ဆိုသူက လခယူ ကူညီ လုပ်ကိုင်ပေးနေ၍သာ တော်တော့သည်။ ဒေါ်မြကလေး ဆုံးပါးပြီးကတည်းက ဦးရန်နိုင်သည် စာရေးစားပွဲနှင့် ကင်းကွာနေခဲ့သည်။ စာလည်း မရေးဖြစ်တော့။ ရေးလက်စ စာစဉ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းတိုက်များသို့ ပို့ရမည့် အခန်းဆက်ဝတ္ထုများ ဆက်လက် ရေးသားခြင်း မပြုနိုင်ပေ။

ကနဦး၌ ဦးရန်နိုင်ကို ဇနီးသည် ဒေါ်မြကလေး ဆုံးပါးသွားခြင်းကြောင့် ကြေကွဲဝမ်းနည်းနေသဖြင့် နောက်တစ်လ နှစ်လလောက်အထိတော့  စာ မရေးခြင်း ဖြစ်လိမ့်မည်ဟု စာပေအသိုင်းအဝိုင်းက ထင်မြင်စာနာပေးခဲ့ကြသည်။

သို့သော် ဦးရန်နိုင်သည် ၇လ ၈လ ကြာမြင့်လာခဲ့သော်လည်း ဇနီးသည်အား လွမ်းဆွတ်သည့်ဝေဒနာမှာ လျော့ပါးသွားသည်မရှိ။ ပို၍ပင် သည်းထန်လာလေ၏။ထိုအနာသည်ပင်လျင် တမင်  မွေးမြူသကဲ့သို့ ရောဂါတစ်ခုပမာ ကြီးထွားလာခဲ့သည်။

     ထိုသို့သော အကြောင်းကြောင့်ကြောင့် ၊ ထုတ်ဝေသူများ ၊ မဂ္ဂဇင်း အယ်ဒီတာများသည် စာရေးဆရာ ဦးရန်နိုင် အိမ်သို့ အခေါက်ခေါက်အခါခါ လာရောက်၍ စာ ပြန်ရေးရန် တိုက်တွန်း နှိုးဆော်ကြရတော့လေ၏။ 

     ခက်သည်က ဦးရန်နိုင်သည် မည်သူက တိုက်တွန်း တိုက်တွန်း၊ ငူငူငိုင်ငိုင်ကြီးနဲ့သာ အင်းမလုပ်အဲမလုပ် တုန့်ပြန်ခဲ့လေသည်။၎င်းသည်  အစားမမှန်၊ အအိပ်မမှန်တော့သောကြောင့် စိတ်ကျဝေဒနာပါ တွဲယှက်ခံစားလာရလေ၏။

     ယခု  ဦးရန်နိုင်၌ စွဲမြဲစွာ ဖြစ်ပေါ်နေသော စိတ်အနာတစ်ခုမှာ သူ  အသက်ရှင်သန် နေထိုင်ခြင်းမှာ ဒေါ်မြကလေးအပေါ် သစ္စာဖောက်ခြင်းဟူ၍ ခံစား နေရခြင်းဖြစ်၏။ ထိုယုံမှား သံသယ စိတ်ဝေဒနာသည် တစ်ရက်ထက် တစ်ရက် ပိုပြီးသာ အမြစ်တွယ် ကြီးထွားလာနေ၏။ ထို့ကြောင့် ဦးရန်နိုင်သည် မမြကလေးအပေါ် သူ သစ္စာရှိကြောင်း ပြသရန် လူ့ဘဝကြီးမှ ကွယ်ပျောက်သွားချင်နေပါ၏။ သေဆုံးလိုပါ၏။ မမြကလေး ရှိရာ တမလွန်ခရီးသို့ အတူ မြန်းလိုပါ၏။

  " ဆရာရယ် ... ကျနော်တို့ကို မငဲ့ညှာချင်နေပါ ။ ဆရာ့ရဲ့ စာဖတ်ပရိတ်သတ်ကြီးကိုတော့ ... ..."

   အိမ်ရှေ့က စပယ်ရုံလေးကို ငေးမောနေသော စာရေးဆရာကြီး ဦးရန်နိုင်သည် ထုတ်ဝေသူ ကိုသောင်းဟန်ဘက်သို့ လေးပင်စွာ ခေါင်းကို လှည့်ကြည့်လိုက်ပြီး ...

 " အဲ့ဒီ စပယ်ရုံလေးက မြလေး ကိုယ်တိုင် အပင်ပေါက်လေးဘဝကနေ ပျိုးလာခဲ့တာ ကိုသောင်းဟန်။ နေ့တိုင်း တနေ့ကို ၂ကြိမ် ရေမှန်မှန်လောင်းပေးနေကျ ၊ ပွင့်လိုက်တဲ့ စပယ်ပွင့်တွေ တရုံလုံး ဖွေးလွနေတာပါပဲ ၊ 

    အခု  သူ  မရှိတော့ ၊ ရေမှန်မှန် မလောင်းဖြစ်ဘူး ။ သခင်မရှိတော့တဲ့ စပယ်ရုံလေးဟာ သူ့ သခင်မကို လွမ်းဆွတ်နေဟန်တူရဲ့ ၊ ညိုးရော်ရော် ရှိလိုက်တာဗျာ ..."

   ထုတ်ဝေသူ ဦးသောင်းဟန်ခမျာ စာရေးဆရာကို ဘာပြန်ပြောရမှန်း မသိ။ စပယ်ရုံကို စိတ်မဝင်စားပေမယ့် အားနာပါးနာ လှမ်းကြည့်လိုက်မိသည်။ 

ဟုတ်ပါရဲ့ ... စပယ်ရုံလေးသည် အဖျားအနားက အရွက်တချို့ပင် အဝါဘက်သန်းနေကြလေပြီ။ ရိုးတံပေါ်ကို အရွက်စိမ်းစိမ်းတွေက ခပ်ကြဲကြဲ ဖုံးအုပ်ထားသဖြင့် ကြည့်ရသည်မှာ ခြောက်သယောင်းနေသလိုပင်။

   စာရေးဆရာ ဦးရန်နိုင်ကတော့ စပယ်ရုံလေးရှိနေတဲ့ ခြံဝန်းလေးကို ခြုံလွှမ်း ကြည့်ရင်း ဇနီးသည်ကို ပြန်ပြောင်းသတိရနေဟန်တူသည်။ ဆက်၍ ဆိုလေ၏။ 

  " ကျနော်  စာရေးရင် ၊ ငြိမ်ငြိမ်သက်သက်လေး ရှိနေမှ ဈာန်ဝင်စား ရေးတတ်တာ ၊ မြလေးကလေ အဲ့ဒီချိန်ဆို ကျနော့်အတွက် ကော်ဖီခါးစိမ့်လေးတစ်ခွက် အမြဲဖျော်ပေးပြီး ဘေးနား ချထားပေးခဲ့တတ်တယ်။ 

    သူကတော့ သမီးလေး ယမုံဖူးကို မငိုအောင် ၊ မဆူအောင် ခြံထဲဆင်းပြီး ထိမ်းပေးနေတတ်တယ်။ အလိုက် တယ်သိတဲ့ ဇနီးကောင်း တစ်ယောက်ပါဗျာ "

    ဦးသောင်းဟန် ယောင်နနဖြင့် ခေါင်းငြိမ့်ပြလိုက်မိသည်။ ပါးစပ်ကလည်း

ထောက်ခံလိုက်မိသည်။

" ဟုတ်တာပေါ့ ဆရာရယ် ၊ မမြကလေးက ဆရာ့အတွက် တကယ့် ပါရမီဖြည့်ဖက်ကောင်း တစ်ဦးပါ "

    ဦးရန်နိုင်သည် သူ၏ အကြည့်ကို ခြံဝန်းထဲမှ ရုတ်သိမ်းလိုက်ပြီး ၊ ဧည့်ခန်း နံရံ၌ ချိတ်ဆွဲထားသော တယောအိတ်လေးထံ ရောက်သွားပြန်လေ၏။ထို့နောက် နုတ်ခမ်းကို တွန့်ရုံမျှ ကွေးညွှတ်လျက် ငြီးသံလား ရယ်သံလား မကွဲပြားသော တိုးညှင်းစွာ ဖွဖွလေး ဆိုလာပြန်၏။

    " ဟင်းဟင်း ... အဲ့ဒီ တယောလေးက ကျနော် သူ့အတွက် ဝယ်ပေးခဲ့တဲ့ အိမ်ထောင်ဦး လက်ဆောင်လေးဗျ ။ 

    အဲ့ဒါ ကျနော်  သူ့ကို လက်ထပ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းခံ တစ်ခုပေါ့။ မြလေးက  တယောထိုးတတ်တယ်လေ။ ကျနော်က  ဂီတသံတွေထဲမှာ တယောသံကို အကြိုက်ဆုံးဗျ ။ အထူးသဖြင့်  မြလေး ထိုးပြတဲ့ တယောသံစဉ်တွေကို ကျနော် အရူးအမူး နှစ်သက်ခဲ့တာပေါ့ဗျာ ။ 

      အိမ်ထောင်ကျပြီးနောက်  ကျနော့်ကို သူက တယောထိုး သင်ပေးခဲ့သေးတယ်။ ကျနော် အဖြစ်မရှိဘူး ပြောရမယ်။ သူက စိတ်အားထက်သန်စွာ သင်ပေးပေမယ့် ကျနော် ရေရေရာရာ မတတ်မြောက်ခဲ့ဘူး ။ 

      အို ... ဒါကလည်း  လူ့မနောကို ဂဃနဏ ဖော်ပြပေးတာပဲကိုးဗျ ။ ကျနော်က ကျနော် ကိုယ်တိုင် တီးခတ်တဲ့ တူရိယာသံစဉ်ထက် မြလေး ဖန်တီးတဲ့ အနုပညာကို ပိုပြီး ခံစားချင်ခဲ့တာလေ။

     ဟူး ...   အခုတော့ဖြင့်  မြလေးရဲ့ လက်သံ မကြားရတာ အတော်ကြာပြီပဲလေ ၊ အတော်လေး ကြာသွားခဲ့ပါပြီ"

   ထုတ်ဝေသူ ဦးသောင်းဟန်သည် သူ၏ ရှေ့က အေးစက်နေပြီ ဖြစ်သော ကော်ဖီခွက်ကို စိတ်မပါတပါနဲ့ ယူပြီး၊ တကြိုက်တည်း မော့သောက်ပစ်လိုက်သည်။ ဒါဟာ သူရဲ့ လာရင်းကိစ္စကို မအောင်မြင်တော့မှန်း သိ၍ စိတ်ထွက်ပေါက်အဖြစ် လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ 

     အပြင်မှာ မိုးအုံနေပြီး ၊ မိုးရနံ့ပါတဲ့လေအေးအေးလေး ဧည့်ခန်းထဲ ဖြတ်ဝင်တိုက်ခတ်နေပေမယ့် ထုတ်ဝေသူကြီးဟာ စိတ်အိုက်နေတာကြောင့် နဖူးပြင်က ချွေးစို့စို့ကို လက်ကိုင်ပုဝါဖြင့် ပွတ်တိုက်ချလိုက်ရင်း ...

  " ဆရာ့ကို ကျနော် လာရင်းကိစ္စလေး ဆက်ပြောပါရစေ ၊ ဆရာ ရေးနေတဲ့ အခန်းဆက် ဝတ္ထုကို အဆုံးသတ်ပေးပါဦးဆရာ ၊ ပရိတ်သတ်က တပူပူ တညံညံ လုပ်နေကြတယ်။ ဖတ်ချင်လွန်းလို့ အရမ်း မျှော်လင့်နေကြတယ်။ ဖြစ်နိုင်မယ်ဆိုရင် နောက်တပတ် တနင်္လာနေ့လောက်ကို ကျနော်တို့  စာ စစီချင်ပါတယ်ဆရာ။ ကြိုးစား ရေးပေးပါလားခင်ဗျာ ..."

    ထုတ်ဝေသူကြီး စကားအဆုံး၌ ဧည့်ခန်းလေးသည် ၂မိနစ်ခန့်ကြာအောင် တိတ်ဆိပ်ငြိမ်သက်သွားလေသည်။ 

ထို့နောက်တွင်တော့ ...

" ကျနော် ကိုသောင်းဟန်ကို စာနာပါတယ်။ ဒါပေမယ့်  အခုနေခါမှာ ကျနော် အာရုံစုစည်းလို့ မရလို့ ၊ မဖြစ်နိုင်ဘူးလို့ပဲ  အားနာနာနဲ့ ငြင်းပါရစေ။ ကျနော့်ဘက်က  လိုအပ်ချက်အမှားအတွက်  ကိုသောင်းဟန်ကို အထူးပဲ တောင်းပန်ပါတယ်ဗျာ ..."

    ထုတ်ဝေသူကြီးသည်  ဟူးကနဲ သက်ပြင်းမောကြီးကို ချလိုက်လေ၏။

" အဲ့သလိုဆိုရင်တော့ အတော်ကို ခက်နေပါပြီ စာရေးဆရာရယ်။ ကျနော့်ဘက်ကလည်း  ဆရာ့ကို လူမှုရေးအတိုင်းအတာ တစ်ခုထက်မက လိုက်လျောထားခဲ့တာ ဆရာလည်း သိမှာပါ ။

   ဆရာနဲ့ ကျနော်တို့ စာပေတိုက်နဲ့ ချုပ်ထားတဲ့ စာချုပ်အရဆို ... ဆရာ ပြန်လျော်ရမှာ မနည်းဘူးလေ ။ အပ်နဲ့ထွင်းပါရစေဆရာ ၊ ပုဆိန်နဲ့တော့ မခုတ်ပါရစေနဲ့ ။ ခြိမ်းချောက်တယ်လို့ မယူဆပဲ၊ မိတ်ဟောင်းဆွေဟောင်းတွေမို့  အရှည်ကို ကြည့်ပြီး အကြံဉာဏ်ပေးတယ်လို့ သဘောထားပါ ၊ ရှေ့ဆက် အလုပ်တွေ အများကြီး အတူလက်တွဲ လုပ်ကြရအောင်ပါဆရာ "

   ထို့နောက်တွင်တော့ စာရေးဆရာအား နှုတ်ဆက်၍ လေးကန်သော ခြေလှမ်းများနှင့် အိမ်ထဲမှ ထွက်ခွာသွားလေ၏။

     စာရေးဆရာ ဦးရန်နိုင်ကတော့ မိုးသက်လေအေးလေးကြောင့် ခပ်စိမ့်စိမ့် အေးသွားဟန်တူသည်။ အပေါ်အင်္ကျီအနွေးထည်အပါးလေးကို ရင်ဘတ်ပေါ် စေ့လိုက်လေ၏။

    ပြတင်းပေါက်မှ ဝင်လာသော လေပြေလေးကြောင့်လားမဆိုနိုင်... ဧည့်ခန်းနံရံမှာ ချိတ်ဆွဲထားသော တယောအိမ်ငယ်သည် မသိမသာလေး လှုပ်ခတ်သွားသည်ကိုတော့ ချစ်ဇနီးအားလွမ်းဆွေးနေသူ ဦးရန်နိုင် မမြင်လိုက်ချေ။

            ____________

အခန်း (၂)

     ညနေစောင်းသော် စာရေးဆရာ ဦးရန်နိုင်သည် သူ၏ ဆုံးဖြတ်ချက်ကို အပြီးတိုင် ဆုံးဖြတ်လိုက်လေ၏။ ထိုဆုံးဖြတ်ချက်သည် သူ့ဘဝအတွက် နောက်ဆုံးသော ဆုံးဖြတ်ချက်လည်း ဖြစ်လေ၏။

" ကျမက  မောင့်ကိုလေ စမ်းချောင်းလေးတစ်ခုနံဘေးမှာ တယောထိုးပြချင်တာ။ 

   ကျမထိုးမယ့် တယောသံကို ကူညီတီးခတ်ပေးကြမယ့် သဘာဝတေးသံတွေလည်း မောင် ကြားရမယ်ရှင်။

      တောကုန်လေးကို ဖြတ်ကျော်လာတဲ့ လေတိုးသံသဲ့သဲ့လေးရယ် ၊ လေတိုက်လို့ သစ်ရွက်လေးတွေ လှုပ်ခတ်မြူးထူးကြတဲ့ အသံညှင်းညှင်းလေးရယ်၊ ပြီးတော့ မောင့်ရှေ့က စမ်းချောင်းလေးရဲ့ ရေစီးသံ တလွင်လွင်ရယ်ပေါ့။ 

    ဘယ်လိုလဲ မောင်။ သိပ်ပြီး နားထောင်ချင်တယ်မဟုတ်လား "

     မြကလေးရဲ့  စိတ်ကူးယဉ် ပြောသွားတဲ့ တေးသံတွေကို သူ နားဆင်ချင်သည်။ ဒါကြောင့် မြလေး ပြောသည့် နေရာကို သူ အရောက်သွားရမည်။ တောတန်းတောင်ကုန်းလေးရယ်၊ စမ်းချောင်လေးရယ် ဆီကိုပေါ့။ 

    ဒီလို ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ သူ  စမ်းချောင်းလေးရဲ့ ကြည်လင်အေးမြတဲ့ စမ်းရေထဲ ခေါင်းမဖော်စတမ်း ငုတ်လျိုးပါမည်။ စမ်းရေထဲ သူ ခေါင်း မမြုတ်ခင်အထိတော့ မြလေး ပြောသော သဘာဝတေးသံတွေကို သူ  အားပါးတရ နားထောင်သွားချင်သည်။ ဒါကြောင့် မြလေးရဲ့ တယောအိမ်လေးကို ယူသွားရမည်။ ရေအောက်မှာ သူ့အား မြလေး လာပြီး ကြိုနေလိမ့်မည်။ ထိုအခါ သူ  မြလေးအား အသက်ထက်ဆုံး ချစ်ခင်မြတ်နိုးခဲ့ပါကြောင်း အထွေအထူး သက်သေပြစရာ လိုတော့မည်မဟုတ်။ မြလေးသည် သူ့အား ပြုံးပြုံးကြီး လိုလိုလားလား ကြိုနေမည်မှာ သေချာလှပေ၏။ 

     ဦးရန်နိုင်သည် နံရံမှာ ချိတ်ဆွဲထားသော တယောအိမ်ကို ဖြုတ်ယူလိုက်သည်။ မြလေး  မကျန်းမာကတည်းက ဤတယောအိမ်လေးကို သူ မဖွင့်ပဲထားခဲ့သည်မှာ ယခုဆို တစ်နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ 

     အိမ်လေးထဲမှ တယောကို ထုတ်ယူ၍ ပခုန်းစောင်းပေါ် မှီတင်လိုက်သည်။ ပြီးနောက် သူသည် အထိမ်းချုပ်မဲ့စွာ ဘိုးတံကို တယောအိမ်ပေါ်သို့ အသာအယာ တင်၍ ထိုးကြည့်လိုက်လေ၏။ 

     တယောသံ ချီအီအီလေးသည် ယခင်ကအတိုင်း သခင့်အလိုကျ ခပ်လွင်လွင်လေး ထွက်ပေါ်လာလေ၏။ ဦးရန်နိုင်သည် မျက်လုံးများကို မှေးစင်းလျက် ဂီတသံနှင့်အတူ အတိတ်၌ နစ်မြောစူးနစ်သွားလေသည်။

 " မောင်  သိလား ။ အခုတလော သမီးလေးက သိပ်ပြီး လှချင်လာတယ် ၊ အလှတွေ ပြင်တတ်နေပြီ မောင်ရေ "

     သမီးအရေးအားလုံးသည် မိခင်တစ်ဦးအပေါ်၌သာ တည်မှီသည်ဟု  သူ ထင်မှတ်မှားခဲ့သည်။ ထို့ကြောင့် 'မိန်းကလေးပဲလေ  လှချင်မှာပေါ့ မြလေးရဲ့၊ မြလေး အပျိုတုန်းကရော မလှချင်လို့လား' ဟုသာ သမန်ကာရှန်ကာ သူ့သမီးဘက်က ကာကွယ် တုန့်ပြန်ခဲ့သည်။ 

     တပါးသူအပေါ် အင်မတန် နားလည်မှု ပေးနိုင်သော မြကလေးသည် ထိုစဉ်တုန်းက သူ စိတ်အနှောက်အယှက် ဖြစ်မည်စိုး၍ ခွန်းတုန့်စကား မဆိုခဲ့။ 

    အကယ်၍သာ အဲ့သည်တုန်းက မြလေးက ' ကျမ  ဘာလို့ လှချင်ခဲ့လဲ သိလားမောင် ' ဟု မေးခဲ့ပါက သူလည်း ဘာလို့လှချင်သလဲဟုသော အဖြေကို သိခဲ့ရမည်။ မိန်းကလေးဆိုတာ လိုတာထက် ပိုပြီး အလှအပဘက်ဦးစားပေးခဲ့လျင် ချစ်သူရည်းစားရှိနေလို့ဆိုတဲ့ အဖြေကို သူ ကောင်းကောင်းသိခဲ့ရပါမူ...။

    မြကလေး  ကြိတ်ပြီး ဆိုဆုံးမနေသည့်ကြားမှ သမီးလေး ယမုံဖူးသည် ဆယ်တန်း အောင်စာရင်း မထွက်ခင်မှာပဲ ယောက်ကျားနောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့လေ၏။ မိဘနှစ်ပါးစလုံး ရင်ကျိုးရလေ၏။ယမုံဖူးသည် တစ်ဦးတည်းသော သမီးမဟုတ်လား။

    အရွယ်မရောက်သေးခင် ပညာမစုံသေးခင် သမီးလင်နောက်လိုက်သွားသည့်ကိစ္စကို

သူ  မြကလေးအပေါ် အပြစ်အားလုံး ပုံချခဲ့သည်။ ဒီသမီးငယ် ရည်းစားထားတာ မင်းမသိဘူးလား၊ သမီးမိန်းကလေးကို ဘယ်လို ထိမ်းကျောင်းရမယ်ဆိုတာ မင်း မသိဘူးလားဟုသော စကားလုံးများဖြင့် မြကလေးအပေါ် တာဝန်ပိုစေမိခဲ့သည်။ ထိုစဉ်က သူ့အား မြလေးက  သူ နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်၍ ဆိတ်ဆိတ်နေခဲ့သည်။ သူ့ကွယ်ရာတွင် ကြိတ်ရှိုက်ကာ ငိုကြွေးခဲ့သည်။ 

    တကယ်တော့  မြလေးက လင့်အပေါ်ရော၊ သမီးလေးအပေါ်ပါ နားလည်ခဲ့သည်။ နားမလည်ခဲ့သည်က သူ သာ။

    အတိတ်ကို ပြန်တွေး၍ မိမိ မှားခဲ့လေသော အပြစ်တို့အပေါ် တဖန် ပူဆွေးသောကရောက်ခြင်းသည် နောင်တ ဖြစ်လေ၏။ ယခုအခါ  အရာရာကို တွေးပြီး သူ  နောင်တ ရနေပါသည်။ ပူဆွေးနေရှာသည်။

    သူ့အတွေးထဲ၌  ချစ်သောသူနဲ့ကွေကွင်းရခြင်းသည် ကြီးစွာသော ဒုက္ခဟူ၍ မှတ်ယူမိလေ၏။ ထို့ကြောင့် ချစ်သောသူနှင့် ဆုံဆည်းဖို့ရာ ၊ စမ်းချောင်းလေးဆီသို့ သွားမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်လေ၏။

    ပြင်ဆင်ထားသော တကိုယ်ရေစာ အဝတ်ထည့်ထားသော အိတ်နှင့် တယောအိမ်လေးကလွဲ၍ သူ အရာအားလုံးကို ထားရစ်ခဲ့ရန် ဆုံးဖြတ်ထားသည်။ နောက်ဆုံး  သူ  ချစ်သော သမီးကိုပင် နုတ်မဆက်တော့။ နုတ်ဆက်စာ ရေးမထားခဲ့တော့ပါ။ 

    တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်သော သူသည် အရာအားလုံးကို စိမ်းကားပြတ်တောက်စွာ ထားရစ်ခဲ့ပြီး ၊ တိတ်တဆိတ်လေး လူလောကမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့လေသည်။ 

    သို့ပေမယ့် ... မြကလေး ကွယ်လွန်ပြီးသည့်အချိန်မှ စ၍ သော့ခတ် ပိတ်ထားသော သူတို့ လင်မယား အိပ်စက်သော အခန်းတွင် ယနေ့ည နောက်ဆုံး နုတ်ဆက်သည့်အနေဖြင့် အိပ်စက်သွားမည်ဟု သူ စဉ်းစားထားလေ၏။ 

     ထို့ကြောင့်  အဝတ်အိတ်နှင့် တယောအိမ်ကို ယူ၍ ထိုအခန်းကို သော့ဖွင့် ဝင်ခဲ့လေသည်။ 

   သူ့လက်ထဲက ကိုင်ထားသော သော့တံသည် အတိတ်က ပျော်ရွှင်ကြည်နူးခဲ့ရသော အဖြစ်အပျက်များစွာ နှင့် အမှတ်တရများစွာကို တစ်ယောက်တည်း ခံစားနားလည်နိုင်သည့် စာအုပ်ကြီးတစ်အုပ်၏ အဖွင့်စာမျက်နှာများ ဖြစ်နေသလားမဆိုနိုင်။ သော့တံ ကိုင်ထားသော လက်မှ တဆင့် သူ၏ ကိုယ်တွင်းသို့ အမှတ်တရများစွာ စီးဝင်လာလေ၏။

   တချိန်က သူသည် ပြည်သူများ ချစ်ခင်လေးစားသော စာရေးဆရာ တစ်ယောက်အဖြစ် ရပ်တည်ရှင်သန်ခဲ့ဖူးသည်။ သို့ပေမယ့် ယခုအခါ၌ ထိုအဖြစ်တို့သည် ကုန်လွန်သွားခဲ့လေပြီ။ စာမရေးသော သူ့အား မည်သူကမျှ လိုချင်တော့မည်မဟုတ်။ သူ  ရှိခြင်း၊ မရှိခြင်းကို မည်သူကမျှ အရေးလုပ်တော့မည်မဟုတ်ချေ။ဤလောကမြေမဟီကို စွန့်ခွာရန် ဆုံးဖြတ်ထားသော သူသည် မနက်ဖြန်ဆိုလျင် အေးငြိမ်းချမ်းသာရာ ရလိမ့်မည်ဟုသာ ယုံကြည်နေမိတော့သည်။

            ____________

  အခန်း (၃)

    ပြတင်းပေါက် သံတိုင်ကြားက လေတိုးသံနဲ့ အတူ ၊ သူ၏ နားတွင်းသို့ ချိုအီအီ တယောသံလေး စီးဝင်လာ၏။ အိပ်ယာပေါ်က ရုတ်ကနဲ ထ၍ အသံကို နားစိုက် ထောင်ကြည့်လိုက်သည်။ 

    တိုးတိုးလေး ။ တကယ်ကို တိုးသွဲ့သွဲ့လေး ကြားနေရသည်။ ဒီအသံကို သူ ကောင်းစွာ ကျက်မိနေပါ၏။ ပြီးတော့ သံစဉ်တေးသွား ။ ဒါ  မြကလေး  မသေမီ ၃လခန့်က သူ ရေးစပ်ပေးသော သီချင်းရဲ့ တေးသွားပဲ မဟုတ်လား ။ 

   ' သင် မကြားလိုတဲ့ အသံတွေအတွက် ဘုရားသခင်ထံမှာ နားအပိုတစ်စုံ ဆုတောင်း ယူလိုက်ပါကွယ်၊ ကဲ့ရဲ့ခြင်း ပြစ်တင်ခြင်း မဆိုလေနဲ့၊ သင်ကိုယ်တိုင်လည်း ဝမ်းနည်းရတတ်တယ် ...

    ဘဝဟာ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ သင့်ဆီ အတူတကွ ယူဆောင်လာပါလိမ့်မယ် ...။ တပါးသူကို ပျော်ရွှင်စေခြင်းဟာ သင့်အတွက် မနက်ဖြန်ပါပဲကွယ်..။

      လက်ခံသူ သင့်စိတ်အလိုတိုင်းပေါ့ကွယ်။ ကံကြမ္မာဆိုတာတော့ ရဟတ်စီးရသလိုပါပဲ ၊ ကံကောင်းချင်းတစ်လှည့် ကံဆိုးခြင်း တလှည့် အကြိမ်ကြိမ် အခါခါ ကြုံရလိမ့်ဦးမယ် ...။

      ပျော်ရွှင်တဲ့သီချင်းကို သီဆိုတတ်ဖို့ဆိုရင် သင့်မှာ နှလုံးသား လှလှလေး ရှိနေရမယ်ကွယ် ...၊ သင့်မှာ နှလုံးသား လှလှလေး ရှိနေရမယ်ကွယ် '

    ဦးရန်နိုင်  အံဩထိတ်လန့်သွားသည်။ ဒီသီချင်းကို သူကရေးစပ်ပြီး ၊ မြကလေးက သီဆိုတီးခတ်ခဲ့တာ။ ဘယ်သူမှ သိခဲ့ကြတာမဟုတ်ဘူးလေ။ အခု ဒီသီချင်းရဲ့ တေးသွားကို တယောဖြင့် ထိုးပြနေသူမှာ ဘယ်သူနည်း။

    သူ  ည မအိပ်ခင် စားပွဲပေါ် တင်ထားသော တယောအိမ်လေးကို လှမ်းကြည့်လိုက်သည်။ မရှိတော့ပါ။ စားပွဲပေါ်တွင် A4 ဆိုဒ် စာရွက်အဖြူများနှင့်ဖောင်တိန်တစ်ချောင်းကို တွေ့လိုက်ရသည်။ သူ  စားပွဲပေါ်ကို သွားကြည့်သည်။ စာရွက်များပေါ်တွင် သူ့လက်ရေးဖြင့် ရေးသားထားသော ဇာတ်လမ်းများကို တွေ့ရသည်။

     တယောအိမ်လေးသည် စားပွဲပေါ်တွင် ရှိမနေတော့ပါ။ သူ  ဇဝေဇဝါ ဖြစ်သွားသည်။ ဒါပေမဲ့  သူ ဘယ်လို ပြန်တွေးတွေး ညဦးပိုင်းက အခန်းတံခါးကို လော့ချ ပိတ်ထားခဲ့၍ တယောအိမ်ကို စားပွဲပေါ် တင်ထားခဲ့သည်မှာ အသေအချာပင်။ မှားစရာ မရှိပေ။

    ဒါဆိုရင် တယောအိမ်ကို ဘယ်သူ ယူသွားသလဲ ။ ဒီအိမ်ကြီးထဲမှာ သူ တစ်ယောက်တည်း ရှိတာပါဟု ပြန်တွေမိတော့ ကျောမထဲက စိမ့်ကနဲ အေးမြသွားသည်။ 

     မြကလေး  မသေမီက ဤသံစဉ်တေးသွားကို တစုံတစ်ယောက်အား ပေးခဲ့လေသလား။ ဒါလည်း မဖြစ်နိုင်။ မြကလေးသည် သူ မသိပဲ ဘာမှ လုပ်ခဲ့သူမဟုတ်။ သူ ရေးထားသော တေးသွားသံစဉ်ကိုဆို ပို၌ပင် ပေးမည်မဟုတ်ချေ။ 

     အသံသည်  အခန်း အပြင်ဘက်မှ လာနေခြင်း ဖြစ်သည်။ အခန်းတံခါးဆီသို့ သူ လှမ်းသွားလိုက်သည်။ တံခါးကို ဖွင့်လိုက်သည့်အခါ တယောသံသည် ဧည့်ခန်းမှ လာနေကြောင်း ပို၍ ထင်ရှားလာ၏။ 

      ဧည့်ခန်းသည် မီးပိတ်ထားသဖြင့် မှောင်နေ၏။ သို့သော် အပြင်ဘက်က လမ်းမီးတိုင်မှ မီးအလင်းရောင်က မှန်ပြတင်းပေါက်ကို ထိုးဖောက် ဝင်နေသဖြင့် ခပ်ရေးရေး မြင်သာ၏။

   သူ  တလှမ်းချင်း သတိကြီးစွာ ဧည့်ခန်းသို့  လျှောက်လှမ်းသွားလိုက်သည်။ ရင်တွေ တဒိတ်ဒိတ် ခုန်နေ၏။ ဘာကို မြင်လိုက်ရမလဲ ဆိုသည့် ကြိုတင်အတွေးက သူ့အား ရင်ဖိုထိတ်လန့်နေစေသည်။

     သူခိုးတစ်ယောက်တော့ မဖြစ်နိုင်။ သူခိုးကတော့ အိမ်ထဲ ကျုးကျော်ဝင်ရောက်ပြီး ၊တယော ထိုးနေမည်မဟုတ်။

ဒါဆိုရင် ဘာဖြစ်မလဲ။ မြကလေး၏ ဝိဉာဉ်ကို သူ  မြင်ရလေမလား။ မြကလေးသည် သူ့အား ကြောက်လန့်စေသော ပုံပျက်ပန်းပျက် ရုပ်သွင်ဖြင့် ခြောက်လှန့်လေမလား။ သူ၏ သိလိုစိတ်သည် ဘာသာတရား၏ ဆိုဆုံးမမှုခြင်းအား ကျော်လွန် သတိမေ့သွားစေသည်။ တစ္ဆေကို မမြင်လိုသော်အခါ ဘုရားစာ ရွတ်ဆိုရ၏။ ယခု သူသည် တစ္ဆေပဲဖြစ်ဖြစ် ၊ လူပဲ ဖြစ်ဖြစ် မြင်လိုတွေ့လို၏။ ထို့ကြောင့် ဧည့်ခန်း မီးခလုတ်ရှိရာသို့ တိုးကပ်သွားပြီး ...

 ' ချောက် ...'

    ဧည့်ခန်းတစ်ခုလုံး လင်းချင်းသွားသည်။ မီးခလုတ် ဖွင့်သည့်အသံနှင့်အတူ တယောသံသည် တိကနဲ ရပ်တန့်သွားလေ၏။ သူ   ဧည့်ခန်းထဲကို အသေအချာ ကြည့်လိုက်သည်။

 "ဟာ ! တယောအိမ်က ပိတ်လျက်သားကြီး ၊ စားပွဲပေါ် တင်ထားတာပါလား ၊ ဘယ်လို ဖြစ်တာပါလိမ့် ... "

   သူ  တယောအိမ်ကို ဖွင့်ကြည့်လိုက်သည်။ တယောလည်း သူ့နေရာနှင့်သူ ရှိနေသလို ၊ ဘိုးတံလေးသည်သည်လည်း သူ့အကန့်၌ သူ ရှိနေပါ၏။

    သူ ... လူဝင်တံခါးပေါက်ကို ပြေး ဖွင့်လိုက်ပြီး ခြံထဲကို  မျက်လုံးဖြင့် လှမ်းရှာဖွေပြန်သည်။ လူရိပ်လူယောင် မတွေ့ရ။ လေတိုက်၍ သစ်ရွက်ကလေးများ လှုပ်ခတ်နေသည်မှ အပ အရာအားလုံးသည် တိတ်ဆိတ်နေပါသည်။ မသင်္ကာစဖွယ် အနေအထား တစ်ခုမျှ မတွေ့ရ။

    အကယ်၍သာ လူတစ်ဦးတစ်ယောက်က  တယောကို ယူထိုးသည် ဆိုကြပါစို့ ။ ဤအချိန်တိုလေးအတွင်းမှာ တယောကို အိမ်ထဲ စနစ်တကျ ပြန်သွင်းသွားရန် လုံလောက်သည့် အချိန်မဟုတ်။ အံဩဖွယ်ရာ ကောင်းလွန်းနေ၏။

     စာရေးဆရာသည် တစုံတရာကို ပြန်တွေးမိပုံရ၏။ သူ၏ အခန်းရှိရာသို့ ခပ်သုတ်သုတ် လျှောက်သွားပြန်၏။ 

    အခန်းထဲ ရောက်သည့်အခါ စားပွဲပေါ်က ပြန့်ကျဲနေသော လက်ရေးစာမူ ၊ A4 စာရွက်များကို တစ်ရွက်ချင်း ဖတ်ရှု့နေပြန်၏။ စာမူများကို ဖတ်၍ စာရေးဆရာ၏ မျက်နှာသည် အလွန်အမင်း အံဩနေကြောင်း ပေါ်လွင်ထင်ရှားနေလေ၏။

    အဘယ်ကြောင့်ဆိုသော် ... ထိုစာမူများသည် ထုတ်ဝေသူက တွင်တွင်တောင်းခံနေသော၊ အသစ်ရေးထားသော ဇာတ်လမ်းတွဲ စာမူများ ဖြစ်နေသောကြောင့်ပင်။ ဒီစာတွေ သူ ဘယ်တုန်းက ရေးခဲ့ပါသလဲ ။ သူ  မမှတ်မိ။ တလုံးတပါဒမျှ မှတ်မိခြင်း မရှိ။သို့သော် စာရွက်များပေါ်က လက်ရေးသည် သူ၏ လက်ရေး အစစ်အမှန် ဖြစ်လေ၏။ သူ အသံထွက် ငြီးငြူလိုက်မိသည်။

   " ဘုရား  ဘုရား  ငါ ရူးတောင် ရူးချင်လာပြီ ၊ ဒါတွေ ဘယ်လို ဖြစ်ပျက်နေတာပါလိမ့်နော် "

    အဲ့ဒီအချိန်လေးမှာပဲ  သူ  တယောသံကို ထပ်မံကြားရပြန်သည်။ သံစဉ်တစ်ခုကို အကြိမ်ကြိမ် အဖန်ဖန် ထပ်ကျော့ ထိုးနေခြင်း ဖြစ်သည်။

" တပါးသူကို ပျော်ရွှင်စေခြင်းသည် ... သင့်အတွက် မနက်ဖြန် ဖြစ်စေတယ် "

   ဒီတစ်ခါ  သူ  တယောသံ ကြားရသော ဧည့်ခန်းဆီသို့  ပြေးသွားမကြည့်တော့ပါ။ 

     သူ  ကောင်းစွာ နားလည်လိုက်ပါပြီ။ တယောအိမ်လေး၌ ငြိတွယ်နေသော ဝိဉာဉ်သည် သူ့အား မသေစေလိုပေ။ ဘဝကို ကောင်းစွာ ဆက်လက် ရှင်သန် ဖြတ်သန်းစေချင်၏။ သူ၏ စာရေးသော လက်တို့ကို ဝိဉာဉ် တွယ်ကပ်နေသော တယောအိမ်လေးက သူ၏စာဖတ်ပရိတ်သတ်အတွက် စာဆက်ရေးပေးစေလိုသည်မဟုတ်ပါလား ။ 

    သူ   တယ်လီဖုန်းခွက်ရှိရာသို့ လျှောက်လာခဲ့လိုက်သည်။ သူ  နာရီကို မကြည့်မိ။ ဖုန်းခွက်မှ ဂဏန်းတချို့ကို နှိပ်လိုက်ပြီး ...

" ကိုသောင်းဟန် ... ကျနော် စာဆက်ရေးတော့မယ်၊ မနက်ဖြန်ကျ ခင်ဗျားလိုချင်တဲ့ စာမူကို လာယူနိုင်ပါပြီ ..."

    စာရေးဆရာသည် ယဲ့ယဲ့လေး ပြုံးသယောင် ပြု၏။ ပြီးသော် သူ့အတွေး၌ တယောသံသည် သူစာရေးသည့်အခါ ကော်ဖီတခွက်ပမာ ခါးစိမ့်သော အရသာကို ပေးလိမ့်မည်ဟု တွေးရင်း၊ စာရေးစားပွဲရှေ့က ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။ 

           _____________

အခန်း (၄)

      နောက်တနေ့ နံနက်စောစောတွင် ထုတ်ဝေသူ ဦးသောင်းဟန်သည် စာရေးဆရာ အိမ်သို့  စောစီးစွာ ပေါက်ချလာ၏။ 

     သူ  ခြံဝအရောက်တွင် နေကောင်းကျန်းမာနေသော စာရေးဆရာသည် စပယ်ရုံလေးကို  ရေလောင်းပေါင်းသင်နေသည်ကို တွေ့လိုက်ရ၏။ 

   ဦးသောင်းဟန် ဝင်လာသည်ကို တွေ့ရသော စာရေးဆရာသည် ပျုငှာစွာ ကြိုဆို၍  အိမ်ထဲသို့ ခေါ်ခဲ့သည်။

    ထုံးစံအတိုင်း  ဦးသောင်းဟန်၏ အရှေ့သို့ ကော်ဖီ ပူပူလေး တစ်ခွက် ချပေးကာ ... စားပွဲပေါ်က စာမူအထပ်လိုက်ကို ပုတ်ပြပြီး ...

" ဒါ  ကိုသောင်းဟန် လိုချင်နေတဲ့ စာမူပဲ ။ အပြန်ကျ ယူသွားလိုက်ပေါ့ "

   ဦးသောင်းဟန်က မနေ့က သူ ပြောခဲ့သည်များကို အားနာနာနဲ့ ...

" ဆရာရေ ... မနေ့က ကျနော် စာချုပ်အကြောင်း ပြောမိတာ ခွင့်လွှတ်ပါနော်။ ကျနော်က ဆရာ့ကို စာရေးစေချင်လွန်းလို့ ဂရုဏာဒေါသောနဲ့ တိုက်တွန်းမိတာပါ ..."

    စာရေးဆရာသည် စိတ်ဆိုးဟန်မပြ။ အဖြေလည်း မပေးပဲ ၊ ထိုင်နေရာမှ ထကာ နံရံမှာ  ချိတ်ဆွဲထားသော တယောအိမ်လေးကို ဖြုတ်ယူလိုက်သည်။ 

   ပြီးလျင် ထုတ်ဝေသူ ဦးသောင်းဟန်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ  ပြန်ထိုင်လိုက်ပြီး ၊ တယောအိမ်လေးကို ချစ်သူတစ်ယောက်အလား ရင်ခွင်ထဲ ပွေ့ဖက်ထားလေ၏။

   ဦးသောင်းဟန်လည်း စာရေးဆရာက မျက်နှာ ကြည်သာနေသဖြင့် သိလိုရာကို မေးလိုက်သည်။

 " ဒါနဲ့  နေပါဦး ဆရာရယ် ၊ မနေ့ကတော့ ကျနော် ဘယ်လိုတိုက်တွန်းတွန်း စာရေးမယ်လို့ ဝန်မခံပဲ ၊ ဒီကနေ့ကျ ရေးပြီးသား စာမူတောင် လာ အယူခိုင်းတယ်ဆိုတော့ ၊ ဘယ်သူကများ ဆရာ့ကို အလင်းပြသွားလို့လဲ ၊ သိခွင့်ရရင် သိချင်စမ်းပါဘိနော် ..."

    စာရေးဆရာသည် တယောအိမ်လေးကို တင်းနေအောင် ပွေ့ဖက်ပြီးသကာလ ...

 " တပါးသူကို ပျော်ရွှင်စေခြင်းဟာ မိမိအတွက် မနက်ဖြန်ပါပဲ ဦးသောင်းဟန်"

ဟု ကြည်လင်ပြတ်သားသော လေသံဖြင့် ပြုံးပြုံးကြီး ဆိုလိုက်တော့လေ၏။

(ပြီးပါပြီ)

ပီပီ(မန္တလေး)

#lotaya_shortstory




Some text some message..