
စိတ္တရဒေ၀ီသည် သူမ၏ ဘ၀ဇာတ်ကြောင်းကို မေစက်နိုင်အား ပြန်ပြောပြခဲ့သည်။
x x x
လွန်လေပြီးသော နှစ်ပေါင်း ငါးထောင်ကျော်က။
နေရာမှာ ယခု အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂင်္ဂါမြစ်ကမ်းနဖူးပေါ်တွင် တည်ဆောက်ထားသော သမိုင်းမတွင်မီခေတ်က ကောသလတိုင်းဟု အမည်တွင်သည့် တိုင်းနိုင်ငံကြီးတစ်ခု။
စိတ္တရဒေ၀ီသည် ကောသလတိုင်းပြည့်ရှင် စန္ဒရဂုတ္တ ဘီဘိသန မင်းကြီး၏ အခါတော်ပေး ပုဏ္ဏေးမကြီးတစ်ပါးဖြစ်ခဲ့သည်။
‘ဘီဘိသနမင်းကြီး၏ သားဦးရတနာ ဖွားမြင်ခြင်း အထိမ်းအမှတ် ကောင်းချီးမင်္ဂလာပြုကြစေ’
ဘိသိက်ဆရာကြီးက ကြေငြာလိုက်လျှင် အလုံးစုံသော ပုဏ္ဏားထီး ပုဏ္ဏေးမ အပေါင်းတို့သည် သားတော်လေးကို ပွေ့ချီထားသော မိဘုရားခေါင်ကြီး၏ ရှေ့မှောက်တွင် ပြားပြား၀ပ်ကြကာ တစ်ဦးချင်းစီ ရှေ့တိုးလာကြပြီးလျှင် ရှေးဟောင်းဝေဒကျမ်းဂန်ကြီးများထဲမှ ကျက်သရေမင်္ဂလာရှိသော ဂါထာမန္တာန်များကို ရွတ်ဖတ်သရဇာယ်ကြလေသည်။
ထိုသို့ရှိစဥ် ပုဏ္ဏေးမ စိတ္တရဒေ၀ီ အလှည့်သို့ မရောက်မီတွင် နန်းတော်ကြီး၏ ပြင်ပရှိ ကောင်းကင်ယံကြီးတစ်ခုလုံးသည် မိုးသားများအုံ့မှိုင်းကာ အရိပ်မည်းကြီးတစ်ခုသည် နန်းတော်ပြင်ပမှနေ၍ ပြတင်းဆောင်များကို ဖြတ်သန်းလျက် ဘုရင့်သားတော်လေး တည်ရှိရာ ပလ္လင်စင်မြင့်ဆီသို့ တရွေ့ရွေ့ ချဥ်းကပ်လာလေတော့သည်။ ဘုရင့်သက်တော်စောင့် ရဲမက်များသည်လည်း လူသားမဟုတ်သော ထိုအရိပ်မည်းကြီးကို မည်သို့ ကာကွယ်ရပါမည်နည်းဟု မဝေခွဲနိုင်သော်လည်း တာ၀န်၀တ္တရားရှိသည့်အတိုင်း ဓားလှံလက်နက်တို့ကို ကိုင်စွဲကာ ဘုရင်ကြီးနှင့် မိဘုရားကြီးတို့ ရှေ့မှ မားမားမတ်မတ် ရင်ဆိုင်လိုက်ကြလေသည်။
ထိုအရိပ်မည်းကြီး၏ ဖုံးလွှမ်းခြင်းကို ခံရသူတိုင်းသည် အားအင်ဆုတ်ယုတ်ချိနဲ့သွားကြ၍ ချက်ချင်းပင် မျက်တွင်းကြီးများကျ ပါးချောင်နားချောင်များကျကာ ဆံပင်များ ဖြူဆွတ်ပြီး နာတာရှည်လူမမာကြီးများသဖွယ် ပြောင်းလဲသွားကြတော့သည်။ စိတ္တရဒေ၀ီသည် ထိုအရိပ်မည်းကြီး၏ အရင်းအမြစ်ကို မသိသော်လည်း ဤအရာသည်ကား ကျိန်စာဆိုးတစ်မျိုးပင် ဖြစ်ပေအံ့ဟု နားလည်သည့်အတိုင်း သူမ၏ ၀တ်ရုံကြီးကို ဖြန့်လိုက်လျှင် သူမသည် လင်းတကြီးတစ်ကောင်အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ စိတ္တရဒေ၀ီသည် ပုဏ္ဏေးမကြီးတစ်ဦးဖြစ်သော်လည်း ထိုခေတ်က ပုဏ္ဏားများအတွက် တားမြစ်ထားသော စုန်းအတတ် မှော်အတတ်ကို တိတ်တဆိတ် လေ့လာဆည်းပူးထားသောကြောင့်ပင်။ ထိုအခြင်းအရာကို မြင်ရသော မင်းပရိသတ်အပေါင်းမှာ ဟင် ကနဲ ဟာကနဲ ဖြစ်သွားကြပြီးလျှင် - ထိုစဥ်မှာပင် လင်းတကြီးသည် မိဘုရားကြီး၏ လက်ထဲမှ ဘုရင့်သားတော်လေး၏ အနှီးထုပ်ကို လက်သည်းကြီးများနှင့် ချီပြီး နန်းတော်ကြီးထဲမှ တဟုန်ထိုး ပျံထွက်သွားတော့သည်။
ထိုတခဏ၌ တရွေ့ရွေ့လှုပ်ရှားနေသော အရိပ်မည်းကြီးသည် ရပ်တန့်သွားပြီး ရှေ့သို့ မဆက်ဘဲ ရှိနေတော့သည်။ ဘုရင်ကြီးနှင့် မိဘုရားကြီးတို့သည် မိမိတို့နှင့် ခြေလှမ်းသုံးလှမ်းမျှ အကွာတွင် ရပ်တန့်သွားသော အရိပ်မည်းကြီးကို ကြောက်လန့်စွာ ငေးကြည့်နေကြရာမှ မိမိသားတော်လေး လင်းတငှက်ကြီးနောက် ပါသွားသည့် အဖြစ်ကို သတိရလိုက်မိသည်။ ထို့နောက်တွင်မူ အရိပ်မည်းကြီးသည် ထိုနေရာမှ ရှေ့သို့ ဆက်မတိုးတော့ဘဲ အနောက်သို့ တအိအိ တဖြည်းဖြည်း ပြန်ဆုတ်သွားကာ ပြတင်းပေါက်မှ ထွက်ခွာပျောက်ကွယ်သွားလေသည်။
‘ဟေ့ ရဲမက်တွေ - သားတော်လေးနောက်ကို လိုက်ကြစမ်း’
ဘုရင်ကြီး၏ အမိန့်ကို ကြားလိုက်ရသော စစ်သည်များသည် လင်းတကြီး ပျံသန်းထွက်ခွာသွားရာ အရပ်သို့ လိုက်ကြသော်လည်း အချို့သော စစ်သည်များမှာမူ အရိပ်မည်းကြီး၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသဖြင့် အားအင်ချိနဲ့ အိုမင်းသွားကြသည်ဖြစ်ရာ နေရာမှာပင် အားပြတ်ပြီး လဲကျသွားကြသည့်အပြင် အချို့ ရဲမက်များမှာ လွန်စွာ အားယုတ်လှသည်ဖြစ်သောကြောင့် အသက်ဆုံးရှုံးခြင်းသို့ပင် ရောက်သွားကြရလေသည်။
‘ဟေး… ဟိုမှာဟေ့ ဟိုမှာ လင်းတမကြီး စုန်းမကြီး’
စစ်သည်များသည် နန်းတော်ပြင်ပသို့ ရောက်ရှိလျှင် နန်းတော်၏ မြောက်ဘက် တောင်ကမူထိပ်တွင် တည်ဆောက်ထားသော နတ်ဘုရားကျောင်းဆောင်ကြီး၏ ခေါင်မိုးပေါ်တွင် အတောင်ပံကြီးကို ဖြန့်လျက် ရပ်နားလျက်ရှိသော လင်းတငှက်ကြီးကို တွေ့လိုက်ရသည်။ စစ်သည်များသည် သံဆူးများ ကြိုးများဖြင့် နတ်ဘုရားကျောင်း ခေါင်မိုးကြီးပေါ်သို့ သူ့ထက်ငါ အလျင်အမြန်တက်ကြ၍ အပေါ်သို့ ရောက်လေလျှင် တွေ့လိုက်ရသည်မှာ စိတ္တရဒေ၀ီသည် လူသားအသွင်သို့ ပြန်လည်ရောက်ရှိနေပြီး သူမ၏ လက်ထဲတွင် ဘုရင့်သားတော်လေးကို ဘေးရန်ကင်းစွာ ပွေ့ချီထားသည်ကို တွေ့လိုက်ရသည်။
‘စိတ္တရဒေ၀ီ .. သားတော်လေးကို ယခု ပြန်ပေးပါလော့’
စစ်သူကြီးက မိန့်လိုက်လျှင် စိတ္တရဒေ၀ီသည် သူမလက်ထဲမှ ကလေးငယ်ကို စစ်သူကြီးလက်ထဲသို့ ချက်ချင်းပင် မဆိုင်းမတွ ထည့်ပေးလိုက်သည်။ ထို့နောက် သူတို့အားလုံးသည် နန်းတော်ကြီးထဲသို့ အပြေးပြန်ကာ ကလေးငယ်ကို ဘီဘိသနမင်းကြီးလက်ထံ ပြန်လည် အပ်နှံလိုက်လေသည်။ ဘုရင်ကြီးသည် စိတ္တရဒေ၀ီကို အလွန်ကျေးဇူးတင်သော အကြည့်နှင့် ကြည့်ပြီး ပါးစပ်မှ ကျေးဇူးတင်စကား မပြောနိုင်မီတွင် - ပုဏ္ဏားများ၏ အကြီးအမှူးဖြစ်သော ဘိသိက်ဆရာကြီးသည် အောင်မြင်လှသော အသံ၀ါကြီးနှင့် -
‘အို.. စိတ္တရဒေ၀ီ။ အသင်သည်ကား ငါတို့ ပုဏ္ဏားများ နှစ်ပေါင်းထောင်နှင့်ချီ စောင့်ထိန်းခဲ့သော ကျင့်၀တ်ကို ချိုးဖောက်ခဲ့လေပြီ။ အသင်သည် ပုဏ္ဏေးမတန်မဲ့ စုန်းအတတ်ကို ဆည်းပူးခဲ့သည်။ ယင်းအပြစ်ဒဏ်ကို ယခုပင် တရားသောမင်း ဘီဘိသနက ချမှတ်၍ သင်ကိုယ်တိုင် မဆိုင်းမတွ ခံယူပေလော့’
ဟု ကြေငြာလိုက်လျှင် အားလုံးသော ပုဏ္ဏားများသည် နန်းဆောင်ရင်ပြင်တွင် ပြားပြား၀ပ်လျက်က ရှေးဟောင်းကျမ်းစာများထဲမှ ဂါထာအချို့ကို တဝေါဝေါ ရွတ်ဆိုနေလေတော့သည်။ မိဘုရားခေါင်ကြီးသည် သားတော်လေးကို မင်းကြီးလက်မှ ပြန်ယူကာ ဘုရင်ကြီးကို အသနားခံသောမျက်လုံးများဖြင့် ကြည့်နေရှာသည်။ သူတို့နှစ်ဦးသည် မိမိတို့၏ ရင်သွေးငယ်လေးကို အရိပ်မည်း ကျိန်စာဆိုးကြီးရန်မှ ကယ်တင်ခဲ့သည့် ပုဏ္ဏေးမကို အပြစ်ပေးရန် မဆုံးဖြတ်နိုင်ဘဲ ရှိလေသည်။ သို့သော် ထိုခေတ်က နတ်ဘုရားကျောင်း ဘာသာရေးခေါင်းဆောင်များသည် တိုင်းပြည်အုပ်ချုပ်သော ဘုရင်များထက် ပိုမို တန်ခိုးသြဇာကြီးထွားခဲ့လေရာ ယခု ဘိသိက်ဆရာကြီး၏ အဆိုကို လျစ်လျူပြုရန် အင်မတန် ခက်ခဲနေလေတော့သည်။
‘ပုဏ္ဏေးမ စိတ္တရဒေ၀ီ….’
ဘီဘိသနမင်းကြီး၏ အသံသည် တုန်ရီနေခဲ့သည်။ ဘိသိက်ဆရာကြီးသည် အိုမင်းပြီး အရေတွန့်လှသော မျက်နှာကြီးကို ခေါင်းငုံ့ထားသော်လည်း သူ၏ ၀ါကျင့်နေသော မျက်လုံးကြီးများက အပေါ်သို့လန်ပြီး ဘုရင်၏ အရိပ်အကဲကို စောင့်ကြည့်နေခဲ့သည်။ အမှန်တော့ သူတို့ ပုဏ္ဏားထီးများအားလုံးသည် မိန်းမသားတန်မဲ့ ပညာစွမ်းထက်လှသော စိတ္တရဒေ၀ီအပေါ် ရှေးကထဲက ကျိတ်ပြီး မနာလိုမုန်းထားရှိနေခဲ့ကြသည်။ ယခု အခွင့်ကောင်းရလျှင် ဘုရင့်သားတော်၏ အသက်ကို ကယ်တင်ပေးခဲ့သော်ငြား ရှေးထုံး ဥပဒေကြောင်းများကို အသုံးပြုကာ ပုဏ္ဏေးမ၏ ဘ၀ကို ဖျက်ဆီးရင် ကြိုးစားလိုက်ခြင်းပင်။
‘အသင်ဟာ အကျွန်ုပ်သားတော်လေးရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့အတွက် အကျွန်ုပ်ရဲ့ ကျေးဇူးရှင်မှန်တယ်။ သို့သော် ပုဏ္ဏားများရဲ့ စည်းကမ်းကို ချိုးဖောက်ပြီး စုန်းအတတ်ကို ဆည်းပူးခဲ့တဲ့အတွက် အသင့်ကို ကျွန်ုပ်တို့ မီးရှို့သတ်ရပေလိမ့်မယ်’
စိတ္တရဒေ၀ီသည် ဘုရင်ကြီး၏ စကားဆုံးလျှင် နန်းတော်ကြမ်းပြင်တွင် ပြားပြား၀ပ်နေရာမှ တဖြည်းဖြည်း မတ်တတ်ထရပ်လိုက်ပြီး ဘီဘိသနမင်း၏ မျက်နှာကို ရဲတင်းစွာ စိုက်ကြည့်လိုက်လေသည်။ ဘုရင်ကြီးသည် တိုင်းနိုင်ငံတစ်ခုလုံးကို အစိုးရသော သက်ဦးဆံပိုင်မင်းကြီးတစ်ပါးဖြစ်ပါသော်လည်း ယခုအခါ ပုဏ္ဏေးမ၏ အကြည့်ကို ရင်မဆိုင်နိုင်သဖြင့် မျက်နှာလွှဲလိုက်ရသည်။ ဘုရင့်အပါးတော်မြဲ ကိုယ်ရံတော် လေးစစ်သည်များသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သော စိတ္တရဒေ၀ီကို လိုအပ်ပါက ချက်ချင်း ပစ်ခတ်အဆုံးစီရင်နိုင်ရန် လေးမြားများနှင့် တပြိုင်တည်း ချိန်ရွယ်ထားလိုက်ကြလေသည်။
‘စန္ဒရဂုတ္တ ဘီဘိသန အရှင်မင်းကြီး … ။ အသင်ဟာ မင်းကျင့်တရားဆယ်ပါးနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းကောင်းတစ်ပါးဖြစ်တယ်။ သို့သော်လည်း အသင့်ရဲ့ မင်းဆရာဖြစ်တဲ့ ဒီ ဘိသိက်ဆရာဆိုးနဲ့တကွ ခေတ်နောက်ပြန်ဆွဲနေတဲ့ ဒီဝေဒကျမ်းလာ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်နေပြီ။ ဒီဘာသာရေး မှိုင်းတွေကြောင့် အသင်ဟာ ယခု ကျေးဇူးရှင်ကို ကျေးဇူးမဆပ်နိုင်ဘဲ မီးတင်ရှို့ဖို့ ဆုံးဖြတ်တဲ့ ဘ၀ကိုရောက်ရတယ်။ ဘီဘိသန … အသင့်ရဲ့ ကိုယ်ရံတော် တပ်သားတွေ မဆိုထားဘိ.. စကြ၀ဠာ တိုက်တစ်သောင်းက မာရ်နတ်ရဲ့ စစ်သည်တွေပင် စိတ္တရဒေ၀ီကို လွယ်လွယ်နဲ့ အနိုင်ရမယ်လို့ မထင်လိုက်ပါနဲ့။’
ပုဏ္ဏေးမကြီးသည် စကားဆုံးသည်နှင့် သူမ၏ လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ထုတ်လိုက်လျှင် သူမ၏ တစ်ကိုယ်လုံးသည် လေထဲသို့ မြောက်တက်သွားသည်။ ကြည့်နေကြသော လူအများအားလုံး ဟင်ကနဲ ဟာကနဲ ဖြစ်သွားကြ၏။ ကိုယ်ရံတော်များသည် ချိန်ရွယ်ထားသော မြားများကို လေထုထဲရှိ စိတ္တရဒေ၀ီ ထံသို့ ပစ်လွှတ်လိုက်ကြသည်။ သို့သော် မြားများအားလုံးသည် အမျိုးသမီးကို မထိမှန်ဘဲ သူမကိုယ်လုံးနှင့် တစ်ပေမျှခန့်အကွာစီတွင် အသီးသီး ရပ်တန့်သွားကြလေသည်။ မြားများအားလုံး လေထုထဲမှ ကြမ်းပြင်ဆီသို့ တဖြုတ်ဖြုတ် ပြုတ်ကြွေကျသွားကြသည်။ ဘီဘိသနမင်းသည် တုန်လှုပ်စွာနှင့် စိတ္တရဒေ၀ီကို မော့ကြည့်နေမိတော့သည်။
‘အသင်တို့က စိတ္တရဒေ၀ီကို မီးတင်ရှို့ချင်သတဲ့လား… ဟား ဟား ဟား… ဒီမှာ ကြည့်လိုက်ကြစမ်း’
စိတ္တရဒေ၀ီ၏ ရယ်မောသံကြီးနှင့်အတူ သူမ၀တ်ထားသော ပုဏ္ဏေးမ ၀တ်ရုံဖြူ၏ ပတ်ပတ်လည်မှ မီးတောက်မီးလျှံကြီးများသည် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။ သူမသည် တန်ခိုးစွမ်းအင်များကို လေထုထဲတွင် အမျိုးမျိုးအစုံစုံပြသလျက်ရှိတော့သည်။
‘ရဲမက်တွေ ဘုရင်ကြီးနဲ့ မိဘုရားကြီးကို နန်းဆောင်ထဲက ခေါ်ထုတ်သွားကြ’
စစ်သူကြီးက အမိန့်ပေးလိုက်၏။
‘ဟေ့ ဘိသိက်ဆရာ … ဘာလုပ်နေသလဲ… ဒီစုန်းမကို နှိမ်နင်းပါတော့လား’
စစ်သူကြီးသည် ပလ္လင်ကြီး၏ နောက်တွင် ခေါင်းပုကာ ပုန်းနေသော ဘိသိက်ဆရာကြီးကို ဂုပ်မှ ဆွဲထုတ်ကာ စိတ္တရဒေ၀ီရှိရာဆီသို့ တွန်းထုတ်လိုက်သည်။
‘အားးးး….’
သက်ကြားအို ပုဏ္ဏားကြီးသည် စိတ္တရဒေ၀ီ ရှေ့မှောက် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက်သား လဲကျသွားလေသည်။
‘ကယ်တော်မူကြပါ… အသနားခံပါတယ်ခင်ဗျာ့...’
စိတ္တရဒေ၀ီကိုယ်ပေါ်ရှိ မီးတောက်များသည် လေထုကို ဖြတ်ပြီး ထို ဒူးထောက်နေသော ဘိသိက်ဆရာကြီး၏ ကိုယ်ပေါ်သို့ ရောက်ရှိသွားလေသည်။ ပုဏ္ဏားအိုကြီးသည် ထိုနေရာမှာပင် မချိမဆန့် အော်ဟစ်ငိုယိုပြီး မီးသွေးတုံးဘ၀သို့ ပြောင်းလဲသွားတော့သည်။ စိတ္တရဒေ၀ီသည် သေဆုံးသွားသော ဘိသိက်ဆရာကြီးနှင့်တကွ သူမကို ကြောက်လန့်စွာ မော့ကြည့်နေကြသော ပရိသတ်များအားလုံးကို ရွံရှာမုန်းတီးစွာ နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီး နန်းဆောင်ပြတင်းမှ အပြင်ဘက်သို့ လေထုထဲမှပင် ပျံသန်းထွက်ခွာသွားလေတော့သည်။
x x x
ဂင်္ဂါမြစ်ကမ်းနဖူးရှိ တောင်ပူစာလေးတစ်ခုပေါ်တွင် ပုဏ္ဏေးမ စိတ္တရဒေ၀ီသည် တင်ပျင်ခွေထိုင်ကာ မြစ်ရေစီးသံကို နားထောင်လျက်ရှိသည်။ သူမ၏ အသားအရေသည် အိန္ဒိယ မြောက်ပိုင်းသူတို့၏ အသွင်အပြင်အတိုင်း နို့ရည်လို ဖွေးဖြူနေ၏။ သူမသက်တမ်း ၄၅ နှစ်လုံးလုံး သူမသည် ပုဏ္ဏေးမများ တတ်အပ်သော ဝေဒပညာ၊ ရှေးဟောင်းကျမ်းဂန်များကို ထုံးလိုချေ ရေလိုနှောက်နိုင်ခဲ့သည့်အပြင် အစဥ်အလာက တားမြစ်ထားသည့် စုန်းအတတ်၊ မှော်အတတ်များကိုပါ သင်ယူလေ့လာခဲ့သည်။ သူမသည် ဟိမ၀န္တာတောင်ခြေရှိ တောအုပ်ကြီးများအတွင်းသို့ နက်ရှိုင်းစွာ လှည့်လည်သွားလာခဲ့ပြီး ထိုပညာများကို တောနေ ရသေ့ကြီးများ၊ ကဝေကြီးများထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။ သူမယုံကြည်သည်မှာ ပုဏ္ဏေးမတစ်ဦးသည် အတတ်ပညာပေါင်းစုံကို တတ်မြောက်ထားသင့်သည်။ ဤသို့ တတ်မြောက်ထားမှသာ မိမိ၏ တိုင်းနိုင်ငံကို ရာနှုန်းပြည့်ကာကွယ်နိုင်မည်ဖြစ်သည်။ သူမ တွေးထင်ထားသည့်အတိုင်းလည်း ယနေ့တွင် ဘုရင်ကြီး၏ သားတော်လေးကို သူမ၏ စုန်းပညာနှင့် ကယ်တင်နိုင်ခဲ့လေသည်။ သို့သော် ပေးဆပ်ခဲ့ရသည့် တန်ဖိုးကား ကြီးမားလွန်းပါဘိ။ ယခုမူ သူမ နောက်လှည့်မရတော့သော လုပ်ရပ်များကို လုပ်ခဲ့မိလေပြီ။
‘စိတ္တရဒေ၀ီ’
သူမ ရင်းနှီးပြီးသား ယောကျ်ားသံတစ်သံကို ကြားမိသဖြင့် စိတ္တရဒေ၀ီ လှည့်ကြည့်မိသည်။
‘စိတ္တရဒေ၀ီ ဒီမှာ ရှိနေမယ်မှန်းသိလို့ ကျုပ်လာခဲ့တာပဲ’
အနုရှ်ချန်ဒရာ သည် ဖွေးဖွေးဖြူသော ပုဏ္ဏား၀တ်ရုံကြီးကို မ ကာ တောင်ပူစာထိပ်သို့ တက်လျှောက်လာခဲ့သည်။ ကျယ်ပြန့်သော မဟာနဖူးရှိသည့် သူ့မျက်နှာသည် နေလောင်ထားသဖြင့် ညိုရိပ်သမ်းနေခဲ့သည်။ အနုရှ်သည် စိတ္တရဒေ၀ီနှင့် သင့်မြတ်သည့် တစ်ဦးတည်းသော ပုဏ္ဏားတစ်ဦးပင်။ သူသည် ရိုးသားပြီး ဝေဒပညာအပေါ် တန်ဖိုးထားသည့် လူကောင်းတစ်ဦးဖြစ်သည်။
‘အနုရှ် - သင့်အတွက် အန္တရာယ်များလှပါတယ်’
‘ဒီနေရာကို ဘယ်သူမှ မသိကြဘူး။ စိတ္တရဒေ၀ီနဲ့ ကျုပ်တို့သာ သိကြပေတယ်’
‘ကောင်းပါပြီ အနုရှ် - ဘုရင်ကြီးနဲ့ မိဘုရားကြီးတို့ ဘေးရန်ကင်းပါလေစ’
‘ဘုရင်ကြီးကတော့ အကြီးအကျယ် စိတ်ထိခိုက်နေရှာတယ်။ မိဘုရားကြီးလည်း နန်းဆောင်ထဲက မထွက်ဘဲရှိတယ်။ စိတ္တရဒေ၀ီ - အသင် ဘာကို စဥ်းစားနေသလဲဆိုတာ ကျုပ်သိတယ်။ ဘာပဲ စဥ်းစားနေ စဥ်းစားနေ - အဲဒါကို မလုပ်သေးဘဲ ခဏလောက် စောင့်ကြည့်လိုက်ပါလား’
ပုဏ္ဏေးမသည် အနုရှ်ချန်ဒရာ၏ စကားကို သဘောကျစွာ ရယ်မောလိုက်သည်။
‘သင်ဟာ ပုဏ္ဏားကောင်းတစ်ယောက်လို့ မပြောရဘူး။ လူကဲခတ်တော်ပေသားပဲ။ ကျွန်ုပ်စိတ်ထဲမှာ ရှိနေတာကို သိနေသားပဲ။ မှန်တယ် အနုရှ်။ ကျွန်ုပ် အဲဒီအရိပ်မည်းကြီးနောက်ကို လိုက်ရလိမ့်မယ်’
အနုရှ်သည် သက်ပြင်းချပြီး စိတ္တရဒေ၀ီ၏ ဘေးတွင် ၀င်ထိုင်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ၀င်တော့မည့်ဆဲဆဲ နေမင်းကြီး၏ တောက်ပသော ရောင်ခြည်များအောက်တွင် တလက်လက်ထနေသည့် ဂင်္ဂါမြစ်ကြီးထဲမှ လှိုင်းကြက်ခွပ်လေးများကို ခဏမျှကြာအောင် ငေးကြည့်နေခဲ့ကြသည်။ အနုရှ်က ပြောလိုက်၏။
‘စိတ္တရဒေ၀ီ ဒီလို ဆုံးဖြတ်ဖို့ ဒီ အရိပ်ကြီးဟာ နန်းတော်ကို လာတာဖြစ်မယ်လို့ မတွေးမိဘူးလား’
‘မတွေးမိတာမဟုတ်ဘူး အနုရှ်။ ဒါဟာ သူလိုချင်တာမှန်း ကျွန်ုပ်သိပြီးသားပါ’
‘ဒါဆိုလည်း ဒီအရာ ဆင်တဲ့ ထောင်ချောက်ထဲကို မ၀င်ချင်စမ်းပါနဲ့လား စိတ္တရဒေ၀ီ’
‘အနုရှ်ချန်ဒရာ။ အသင် ကျွန်ုပ်ကို တားမြစ်လို့ရမယ်လို့ ထင်ထားခဲ့ရင် သင်ဟာ စိတ္တရဒေ၀ီ အကြောင်း မသိသေးဘူးလို့ ပြောရတော့မှာပဲ’
သူမသည် အနုရှ်ကို ခင်မင်စွာ လှည့်ကြည့်၍ ပြုံးရင်း ပြောလိုက်လေသည်။ သူမ၏ မျက်နှာတွင် ဆုံးဖြတ်ချက် ချထားပြီးကြောင်း ထင်ရှားနေခဲ့သည်။
‘မနက်ဖြန် ဘိသိက်ဆရာအသစ် ရွေးချယ်ပွဲရှိတယ် စိတ္တရဒေ၀ီ’
‘ဒီလိုဖြစ်မယ်လို့တော့ ခန့်မှန်းမိပါတယ်’
‘အပြောင်းအလဲ ကြီးကြီးမားမားရှိခဲ့ရင် စိတ္တရဒေ၀ီ နန်းတော်ကို ပြန်လာလို့ ရကောင်းပါရဲ့လေ’
‘ဘယ်လို အပြောင်းအလဲမျိုးပါလိမ့်’
‘သြော် - ဘိသိက်ဆရာအသစ်ဟာ အနုရှ်ချန်ဒရာ သာ ဖြစ်ခဲ့ရင်ပေါ့’
သူတို့နှစ်ဦး သဘောကျစွာ ရယ်မောမိကြသည်။ မကြာမီမှာပင် နေလုံးကြီးသည် ဂင်္ဂါမြစ်၏ ဟိုးတဘက်ကမ်းဆီတွင် မိုးကုပ်စက်၀ိုင်းကြီးအောက်သို့ နိမ့်ဆင်းပျောက်ကွယ်သွားလေတော့သည်။
x x x
ညရောက်လျှင် စိတ္တရဒေ၀ီသည် ထိုနေ့မနက်က နန်းတော်သို့လာရောက်ကျူးကျော်ခဲ့သော အရိပ်မည်းကြီး ဦးတည်ထွက်ခွာသွားရာ တောအုပ်ကြီးဆီသို့ ပျံသန်းလျက်ရှိသည်။ သူမ၏ အောက်တွင် သစ်ပင်ချုံနွယ်များသည် ရိပ်ကနဲ ရိပ်ကနဲနှင့် ကျန်ရစ်ခဲ့လေသည်။ စိတ္တရဒေ၀ီသည် မြေလျှိုးမိုးပျံနိုင်သည်။ ရေကို ထိန်းချုပ်နိုင်သည်။ မီးတောက်မီးလျှံများနင့် ကစားနိုင်သည်။ တစ်နေရာမှ တစ်နေရာ တမဟုတ်ချင်းရောက်နိုင်သည်။ ခန္ဓာကိုယ်ရုပ်ပုံများကို ပွားပစ်လိုက်နိုင်သည်။ စိတ္တရဒေ၀ီမလုပ်နိုင်သော အရာဟူ၍ မရှိသလောက်ပင်။ သို့သော် သူမသည် တစုံတခုကို ရှာဖွေနေဆဲဖြစ်လေသည်။ ထိုအရာသည် ဘာဆိုသည်ကိုမူ သူမ မသိ။ ယခု ခရီးသည် သူမ ရှာနေသော အဖြေကို ပေးကောင်း ပေးနိုင်ပေလိမ့်မည်။
အရိပ်ကြီးမားစွာ မထွက်နိုင်သော ညအချိန်ကို ရွေးပြီး သူမ လာခဲ့ခြင်းဖြစ်သည်။ ကောင်းကင်တွင် လရောင် ရှိသော်လည်း တိမ်ဖုံးနေသဖြင့် အလင်းရောင် ပျပျသာရှိသည်။ သို့သော် သူမသည် အမှောင်ထဲတွင် မြင်နိုင်အောင် လေ့ကျင့်ထားသည်ဖြစ်၍ ပတ်၀န်းကျင်ကို ကောင်းစွာ သိရှိနိုင်သည်။ စိတ္တရဒေ၀ီ တောအုပ်ကြီး၏အလယ် မြေကြီးပေါ်သို့ ကောင်းကင်မှ တဖြည်းဖြည်း ဆင်းသက်လာခဲ့သည်။ သူမသည် ပုဏ္ဏေးမ ၀တ်ရုံဖြူကြီးကို ၀တ်ဆင်ထားသည်။ သူမသည် နက်မှောင်သော ဆံနွယ်များကို ဆံထုံးထုံးထားသဖြင့် လည်တိုင်သည် ကျော့ရှင်းသွယ်လျနေသည်။ သူမ၏ ကိုယ်လုံးသည် ကျောက်ဆစ်သားလို မာကျောလှသည်။ စိတ္တရဒေ၀ီသည် ရှေးဟောင်းနတ်ဘုရားမတစ်ဦးသဖွယ် လှပသော်လည်း သူမသည် စူးရှသော အကြည့်၊ ခက်ထန်သော အမူအရာတို့ကြောင့် လူသားတစ်ယောက်နဲ့မတူဘဲ ကျောက်ဆစ်ရုပ်တစ်ရုပ်နှင့်သာ အမြဲတူနေခဲ့သည်။
‘အသင်ဟာ ဘယ်သူပဲဖြစ်ဖြစ် ယခု ထွက်ခဲ့ဖို့ အချိန်တန်ပြီ။ အသင်ဟာ ဘယ်လောက် အစွမ်းထက်တဲ့ နတ်ဆိုးပဲ ဖြစ်ဖြစ် စိတ္တရဒေ၀ီအတွက် ကြောက်လန့်ဖွယ်ဖြစ်မည်မထင်’
သူမသည် တည်ငြိမ်သော အသံနှင့် တောအုပ်ပတ်ပတ်လည်ကို ပြောလိုက်သည်။ တောအုပ်ကြီးတစ်ခုလုံး ခေတ္တခဏ တိတ်ဆိတ်သွားသည်။ လေတိုးသံပင် မကြားရအောင် ငြိမ်သက်သွားခြင်းဖြစ်လေသည်။ လောကကြီးတစ်ခုလုံးတွင် လှုပ်ရှားနေသူမှာ စိတ္တရဒေ၀ီတစ်ဦးသာ ကျန်တော့သည်ဟု ထင်ရလောက်အောင် အရာရာတိုင်းသည် ငြိမ်သက်သွားကြသည်။ လေထုသည်ပင်လျှင် လုံး၀ မလှုပ်ရှားတော့။ သူမ၏ ၀င်သက် ထွက်သက်သာလျှင် ရှိတော့၏။
… ရှဲ… ရှဲ … ရှဲ…
ထိုစဥ်မှာပင် သူမ၏ ဘေးပတ်ပတ်လည်မှ သစ်ပင်များ၊ ချုံနွယ်များသည် ယိမ်းတိုက်ထားသလို ဦးတည်ရာတစ်ဘက်ထဲသို့ တရှဲရှဲ လှုပ်ရှားသွားကြသည်။ လေဆင်နှာမောင်းတစ်မျိုးက အားလုံးကို လှုပ်ခါလိုက်သည့်နှယ်ပင်။
… ရှဲ.. ရှဲ… ရှဲ…
ထိုအသံသည် စဥ်ဆက်မပြတ် ဆက်လက်ထွက်ပေါ်လာခဲ့သည်။ စိတ္တရဒေ၀ီသည် အာရုံကို စုစည်းပြီး ထိုအသံကို နားစိုက်ထောင်လိုက်သည်။ နားထောင်နေရင်းမှ ထိုအသံသည် သစ်ရွက်သစ်ခက်များကို လေတိုးသည့် အသံအဖြစ်မှ တီးတိုးရေရွတ်သော စကားပြောသံအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သို့သော် ထိုစကားပြောသံသည် လူသားပါးစပ်မှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ပတ်၀န်းကျင်ရှိ လေသံ၊ သစ်ရွက်သံ၊ သစ်ကိုင်းလှုပ်သံ စသည့် သဘာ၀အသံများ စည်းချက်ကျကျ ပေါင်းစပ်ပြီး ထွက်ပေါ်လာခြင်းပင် ဖြစ်တော့သည်။ တနည်းဆိုရမူ ထိုအသံသည် တောအုပ်ကြီးဆီမှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေတော့သည်။
‘…. စိတ္တရ ...ဒေ… ၀ီ...’
သူမ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ကာ အသံရှင်ကို ရှာဖွေမိသည်။ သို့သော် မည်သူမှ မတွေ့။ အသံသည် ဖော်ပြခဲ့ပြီးသည့်အတိုင်း တစ်နေရာထဲမှ ထွက်လာခြင်းမဟုတ်။ သစ်ရွက်တစ်ရွက်၊ သစ်ကိုင်း တစ်ခက်၊ လေတစ်ဝှေ့ စသည်စသည် ပူးပေါင်းပြီး နေရာအနှံ့မှသာ ထွက်ပေါ်နေလေသည်။
‘အသင်ဘယ်သူလဲ။ အခု ပြောနေတာ မည်သူလဲ’
‘အကျွန်ုပ်တွင် အမည်မရှိပါ စိတ္တရဒေ၀ီ…. ။ တကယ်တော့ မည်သူ့တွင်မှ အမည်မရှိ။ အသင်သည်ကော စိတ္တရဒေ၀ီ ဟုတ်ပါသလော။ စိတ္တရဒေ၀ီ ဆိုသည်မှာ မည်သူနည်း။ အသင်၏ ဦးခေါင်းသည် စိတ္တရဒေ၀ီလော။ အသင်၏ နှလုံးသားသည် စိတ္တရဒေ၀ီလော။ အသင်၏ ခန္ဓာကိုယ် စကားပြောသည့်အခါ အသင့် လျှာ၊ ပါးစပ်၊ အဆုတ်၊ လေပြွန်များ ပေါင်းစည်း လှုပ်ရှားရသလို၊ ကျွန်ုပ် စကားပြောသည့်အခါတွင်လည်း ထိုနည်းလည်းကောင်းပင်။ ထို့ကြောင့် အံ့အားမသင့်လေနှင့် စိတ္တရဒေ၀ီ….’
တောအုပ်ကြီးက သူမကို စကားပြောနေခြင်းသာဖြစ်ကြောင်း စိတ္တရဒေ၀ီ လက်ခံလိုက်သည်။ တောအုပ်ကြီး… သို့မဟုတ် .. သဘာ၀တရားကြီး… သို့မဟုတ်….
‘အသင်ဟာ ဘုရားသခင်လား...’
နှစ်ပေါင်းများစွာအတွင်း သူမ စိတ်လှုပ်ရှားသွားမိ၏။
‘ကျွန်ုပ်ကို နာမည် အမျိုးမျိုးနဲ့ ခေါ်ဖူးကြတယ်။ လူသားတွေဟာ ကျွန်ုပ်ကို သိဖို့ မစွမ်းနိုင်ကြဘူး။ ဘာလို့လဲဆိုတော့ လူသားတွေဟာ သူတို့ကိုယ် သူတို့တောင် မသိကြလို့ပဲ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုတောင် နားမလည်ကြတဲ့ လူသားတွေဟာ ကျွန်ုပ်ကို ဘယ်လိုများနားလည်နိုင်ကြမှာလဲ...’
‘ကောင်းပြီ အမည်မသိပုဂ္ဂိုလ်၊ ကျွန်ုပ် သင်နဲ့ အယူအဆရေးရာ ငြင်းခုံဖို့ လာခဲ့ခြင်းမဟုတ်။ ကျွန်ုပ် ဒီကိုရောက်အောင် သင် အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်ုပ်ရိပ်စားမိတယ်။ ဘုရင့်သားတော်ကို လုပ်ကြံလိုလျှင် သင် အလွယ်တကူလုပ်ကြံနိုင်မှာပဲ။ သို့ပေမဲ့ သင် ကျွန်ုပ်ရဲ့အဖြစ်မှန်ကို လူလယ်ခေါင်မှာ ပေါ်လွင်သွားအောင် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ခြင်းဖြစ်တယ်။ ကောင်းပြီ.. အမည်မသိ ပုဂ္ဂိုလ်… သင်လိုတဲ့အတိုင်း ကျွန်ုပ်ရောက်လာခဲ့ပြီ။ သင့်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုသာ ကျွန်ုပ်အား ပြောပါလေ...’
‘ကျွန်ုပ်၏ ရည်ရွယ်ချက် အစစ်အမှန် ဆိုသည်ထက် အသင်၏ ရည်ရွယ်ချက်က ပိုအရေးကြီးပေတယ် စိတ္တရဒေ၀ီ။ အသင့်မှာ တန်ခိုးအစွမ်းတွေ မြောက်မြားစွာ ရှိပေတယ်။ သို့သော်လည်း အသင်မစွမ်းနိုင်တဲ့ အရာတစ်ခုတော့ဖြင့် ရှိနေသေးတယ်’
‘စိတ္တရဒေ၀ီ မစွမ်းနိင်တဲ့အရာကို သိချင်မိပါတယ်’
… ရှဲ.. ရှဲ… ရှဲ….
တောအုပ်ကြီး၏ လေတိုးသံများက သူမကို လှောင်ရယ်လိုက်သလိုပင်။
‘အသင်ဟာ ရေ မြေ လေ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးကို လိုသလို ပုံသွင်းခိုင်းစေနိုင်တယ်။ လိုရာကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးရှိတယ်လို့ သင့်ကိုယ်သင် ထင်တယ်။ သို့သော် - ဒီလောကကြီးထဲမှာ အရေးအကြီးဆုံးဆိုတဲ့ အရာတစ်ခုကိုတော့ အသင်မဖန်ဆင်းနိုင်ဘူး’
‘ဘယ်အရာများလဲ အမည်မသိပုဂ္ဂိုလ်’
‘အသက်ဇီ၀ပဲ...’
ထိုစကားကို တောအုပ်ကြီးက ပြောလိုက်လျှင် စိတ္တရဒေ၀ီခြေထောက်များအောက်ရှိ မဟာပထ၀ီမြေကြီးသည် အနည်းငယ် တုန်ခါသွားခဲ့သည်။
‘အသက်ဇီ၀ကို ဘုရားသခင်သာ ဖန်ဆင်းနိုင်တယ်မဟုတ်လား’
‘စိတ္တရဒေ၀ီ.. ကျွန်ုပ်မေးတာကိုသာ ဖြေပါလေ။ အသင် အသက်ဇီ၀ကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးကို အလိုရှိသလား’
သူမ တစ်စုံတစ်ခုကို ပြန်ဖြေရပေလိမ့်မည်။ သူမသည် တန်ခိုးစွမ်းအင်မှန်သမျှကို လိုလားသောသူ။ အရာအားလုံးကို သိရှိနားလည်လိုသူ။
‘ကျွန်ုပ် မလိုချင်တဲ့ တန်ခိုး ဒီစကြ၀ဠာမှာ မရှိဘူး အမည်မသိပုဂ္ဂိုလ်’
… ရှဲ…. ရှဲ… ရှဲ… ဝေါ… ဝေါ … ဝေါ……
သူ့ပတ်၀န်းကျင်မှ သစ်ပင်ကြီးများ အမြစ်မှ ကျွတ်လုမတတ် ယိမ်းခါလာပြီး တောအုပ်ကြီးတစ်ခုလုံး တဝေါဝေါ အသံကြီးများ မြည်ဟိန်းလာခဲ့သည်။ ထိုစဥ်မှာပင် စိတ္တရဒေ၀ီ၏ လက်ချောင်းများပေါ်တွင် လက်သည်းကြီးများသည် တဖြည်းဖြည်း ရှည်လျားချွန်ထွက်လာခဲ့လေသည်။
… ဝေါ……
တောအုပ်ကြီးသည် နောက်ဆုံးအနေနှင့် တစ်ချက်မျှ ဝေါကနဲ တုန်ခါ မြည်ဟီးလိုက်ပြီး ယခင်ကအတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ပုံမှန် လေတိုးသံများ၊ တောကောင်တို့၏ မြည်သံများ သဘာ၀အတိုင်း ပြန်လည် ထွက်ပေါ်လာလေသည်။ သူမနှင့် တောအုပ်ကြီးတို့၏ အပြန်အလှန် ဆက်သွယ်ခြင်း ပြီးဆုံးသွားပြီဟု စိတ္တရဒေ၀ီ နားလည်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်ကာ လာရာလမ်းအတိုင်း လှည့်ပြန်လာခဲ့တော့သည်။
x x x
စိတ္တရဒေ၀ီသည် သူမ ယခင် ထိုင်နေခဲ့သော ဂင်္ဂါမြစ်ကမ်းနဖူးသို့ ပြန်လည် ရောက်ရှိသွားသည်။ သူမသည် တွေ့ကြုံခဲ့ရသည်များကို ပြန်လည် စဥ်းစားနေမိသည်။
… အသက်ဇီ၀….
‘ငါ အသက်ဇီ၀ကို ဘယ်လို ဖန်တီးရမလဲ...’
သူမသည် မျက်စိနှစ်လုံးကို ပိတ်လိုက်သည်။ လက်များကို ဆန့်တန်းလိုက်သည်။ သူမ၏ လက်သည်းရှည်ကြီးများသည် လှုပ်ရှားနေသလို ခံစားလိုက်ရသည်။ သူမ စိတ်ကို လွှတ်ပေးလိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆိုပါ ရှည်လျားချွန်ထက်သော လက်သည်းကြီးများက လမ်းပြကာ ခေါ်ဆောင်သွားကြလေသည်။ သူမ မျက်လုံး ပြန်ဖွင့်လိုက်လျှင် ကောသလတိုင်း၏ စျေးတန်းတစ်ခုသို့ ရောက်ရှိနေသည်။ ကမန်းကတန်း ဘေးလူများ မရိပ်မိအောင် ၀တ်ရုံကြီးကို ခေါင်းမြီးခြုံလိုက်ရသည်။ သူမ ရှေ့တည့်တည့်တွင် အမျိုးသမီးငယ်တစ်ဦး။ အသက်အားဖြင့် နှစ်ဆယ်ခန့်ရှိမည်။ နုပျိုသည်။ ချောမောသည်။ ကားစွင့်သော တင်အစုံရှိသည်။ မိန်းကလေးတစ်ယောက်၏ ဘ၀တွင် သားသည် မိခင်အဖြစ် အသင့်တော်ဆုံးအရွယ်။ စိတ္တရဒေ၀ီသည် သူမကိုယ်သူမ သတိမမူမိဘဲ ဘေးရှိ စျေးခြင်းဗန်းထဲတွင် ထည့်ထားသော ပန်းသီးတစ်လုံးကို ဖျတ်ကနဲ ကောက်ယူလိုက်ပြီး ပန်းသီးထဲသို့ သူမ၏ လက်သည်း ရှည်ကြီးတစ်ချောင်းကို ထိုးသွင်းလိုက်သည်။ လက်သည်းကို ပြန်နှုတ်လိုက်လျှင် ပန်းသီးသည် အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။ သူမသည် မိန်းမပျိုအနီးသို့ ချဥ်းကပ်ပြီး ပန်းသီးကို ကမ်းပေးလိုက်၏။
‘အသင့်အတွက် ပန်းသီးလှူပါတယ်’
မိန်းကလေးသည် ချောမော နုပျိုသော်လည်း ဆင်းရဲပုံရသည်။ သူမသည် ပုဏ္ဏေးမကြီးက စွန့်ကြဲသော ပန်းသီးကို ကျေးဇူးတင်စွာ လက်ခံပြီး ဆာလောင်နေသဖြင့် ချက်ချင်းပင် တစ်ကိုက်ကိုက်လိုက်သည်။
နောက် တစ်ခဏမျှကြာလျှင် စျေးတန်း၏ အနောက်ဘက် လမ်းကြားထဲတွင် မိန်းကလေးသည် အော့အန်နေလေတော့သည်။ စိတ္တရဒေ၀ီသည် မိန်းကလေး၏ လက်ကို ဖတ်ကနဲ ဆွဲကိုင်လိုက်၏။ သူတို့ နှစ်ဦးစလုံး ထိုလမ်းကြားထဲမှ ဟုတ်ကနဲ ပျောက်သွားကြပြီး တမြန်နေ့က သူမ ခေါင်မိုးပေါ်တွင် လင်းတကြီးအဖြစ် နားနေခဲ့သော နတ်ဘုရားကျောင်းကြီး၏ အဆောင်တစ်ဆောင်ထဲသို့ ရောက်ရှိသွားကြသည်။ စိတ္တရဒေ၀ီသည် သူမ၏ အစွမ်းများကိုလည်းကောင်း၊ အပြုအမူများကိုလည်းကောင်း ထိန်းချုပ်နိုင်ခြင်းမရှိဘဲ မမြင်ရသော စွမ်းအင် တစုံတရာက သူမကို ခိုင်းစေနေသလို ခံစားနေမိတော့သည်။
သူမ ဘေးပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်လျှင် ပုဏ္ဏား၀တ်ရုံကြီးများကို ခြုံထားကြသော လူဆယ်ဦးမျှကို တွေ့လိုက်ရသည်။ သို့သော် - စိတ္တရဒေ၀ီ ထိုလူများကို သေချာပြန်ကြည့်လိုက်လျှင် ထို၀တ်ရုံကြီးများထဲတွင် မည်သူမျှ မရှိဘဲ ဟောင်းလောင်းကြီးများသာ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ၀တ်ရုံဖြူကြီးများသည် ၀တ်ဆင်သူမရှိဘဲ လူသားအသွင် ဆောင်နေကြခြင်းသာ။ သို့သော် ထို ၀တ်ရုံကြီးများ အတွင်းမှ
…. အော… အော.. အော…. ဟူသည့် ရွတ်ဆိုသံကြီးများက ဆက်တိုက် ထွက်ပေါ်လာခဲ့ကြသည်။
‘အား… ကယ်တော်မူကြပါ….’
မိန်းကလေးသည် ကြောက်လန့်တကြား ဟစ်အော်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ထို ၀တ်ရုံဖြူကြီးများသည် သူတို့နှစ်ဦးဘေးတွင် ပြေးပေါက်မရှိအောင် ပတ်ပတ်လည် ၀ိုင်းရံလျက်ရှိကြလေသည်။
‘မိန်းကလေး မကြောက်လေနှင့်...’
စိတ္တရဒေ၀ီသည် မိန်းမပျိုလေး မကြောက်လန့်အောင် အားပေးစကားပြောလိုက်သော်လည်း သူမ၏ လက်ကြီးများက မိန်းကလေး၏ ကိုယ်လုံးကို ချုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။ ထို့နောက် သူမ၏ လက်သည်းရှည်ကြီးများနှင့် မိန်းမပျိုလေး၏ အ၀တ်အစားများကို ဆုတ်ဖြဲချလိုက်လျှင် မိန်းကလေးသည် တခဏအတွင်း အ၀တ်မလာ ဗလာကိုယ်တီး ဖြစ်သွားတော့သည်။ မိန်းကလေးသည် သူမနောက်ရှိ ၀တ်ရုံဖြူကြီးများပေါ်သို့ နောက်ပြန်လဲကျသွားသည်။ မိန်းကလေး၏ လက်နှစ်ဘက်ကို ၀တ်ရုံဖြူကြီးနှစ်ခုက ဘေးတစ်ဘက်ဆီမှ ချုပ်ကိုင်လိုက်ကြသည်။
‘… အား… ကယ်ကြပါ.. ကယ်ကြပါ...’
‘အလို...’
စိတ္တရဒေ၀ီ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ အကြောင်းမှာ သူမ၏ ရှည်လျားချွန်ထက်လှသော လက်သည်းရှည်ကြီးများသည် အ၀တ်မရှိတော့သော မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်းတွင်းသို့ အဆုံးထိအောင် စူးနစ်စိုက်၀င်သွားကြသောကြောင့်ပင်တည်း။
x x x
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
#lotaya_shortstory