မျိုးပွားတက်တူး အပိုင်း (၄)
lotaya.mpt.com.mm
|
2022-01-15

မိန်းကလေး၏ ၀ါ၀င်းနုဖတ်စိုပြေသော ၀မ်းဗိုက်သားလေးများထဲမှ သူမ၏ လက်သည်းရှည်ချွန်ကြီးများကို စိတ္တရဒေ၀ီ ဆွဲနှုတ်လိုက်လျှင် မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်း ဆီးခုံပေါ်တွင် ဆေးနီနှင့် ထိုးထားပုံရသည့် မီးတောက်မီးလျှံများအသွင် ဆေးမင်ကြောင်ကို အတိုင်းသား တွေ့လိုက်ရလေသည်။

‘အား အမေရေ၊ ကယ်တော်မူကြပါရှင့်’

မိန်းကလေးသည် ကြောက်လန့်လွန်းသဖြင့် အော်ဟစ်ငိုကြွေးနေသည်။ ထိုတခဏမှာပင် ပုဏ္ဏေးမကြီး စိတ္တရဒေ၀ီသည် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်လာသဖြင့် အ၀တ်မဲ့နေသော မိန်းကလေး၏ ကိုယ်ပေါ်သို့ စုတ်ပြဲနေသော အ၀တ်များ အကောင်းအတိုင်း ပြန်ရောက်သွားစေရန် တန်ခိုးနှင့် စီမံလိုက်လေသည်။ မိန်းကလေးသည် အခွင့်ရလျှင်ရခြင်း သူမဘေးမှ ၀တ်ရုံဗလာကြီးများကို တွန်းဖယ်ပြီးလျှင် အဆောင်ခန်းတံခါးမှနေ၍ အပြင်လောကသို့ ထွက်ပြေးရန်ပြင်လိုက်သည်။

‘မပြေးနဲ့’

စိတ္တရဒေ၀ီ သူမ၏ လက်ကြီးကို ဆန့်ထုတ်လိုက်လျှင် မိန်းကလေးရပ်တန့်သွားသည်။ ဤဘုရားကျောင်းကြီးထဲမှ မိန်းကလေး ထွက်ပြေးသွား၍ မဖြစ်။ တစုံတယောက်မြင်ပြီး ဖမ်းဆီးပါက သူမလျှို့၀ှက်ချက်များ ပေါက်ကြားသွားပေလိမ့်မည်။ ထို့ကြောင့်လည်း စိတ္တရဒေ၀ီသည် မိန်းကလေး၏ လက်ကို လှမ်းကိုင်ပြီး သူမကို ဖမ်းမိခဲ့ရာ စျေးတန်းနောက်ဖေးလမ်းကြားထဲသို့ ပြန်လည်ခေါ်ဆောင်သွားလိုက်သည်။

‘နင်ဒီမှာ ခဏအိပ်နေလိုက်’

မိန်းကလေးသည် အိပ်မွေ့ချခံရသဖြင့် လမ်းကြားထဲတွင် စျေးခြင်းတောင်း အဟောင်းများကြား အိပ်ပျော်သွားလေသည်။ … သူ ပြန်နိုးလာရင် ဒါတွေအားလုံးဟာ အိပ်မက်တစ်ခုလိုပဲ ဖြစ်သွားမှာ … ဟု စိတ္တရဒေ၀ီ တွေးမိသည်။ သို့သော် သူမသည် အ‌ဝေးသို့ ထွက်မသွားသေးဘဲ ကိုယ်ယောင်ဖျောက်လိုက်ကာ မိန်းကလေးပြန်နိုးအလာကို စောင့်ကြည့်နေခဲ့၏။ မိန်းမပျိုလေးသည် ရေနွေးတစ်အိုးဆူရုံမျှ အချိန်ကြာအောင် သတိမေ့မျောနေပြီး ပြန်သတိရလာသည်။ ပထမတော့ သူမ ကြောင်စီစီနှင့် ကိုယ်ပေါ်ရှိ ဖုန်များသဲများကို ခါကာ ဟိုကြည့်သည်ကြည့်လုပ်နေသည်။ ထိုစဥ်မှာပင် အရက်သမားတစ်ယောက်သည် အပေါ့သွားရန် လမ်းကြားထဲသို့ ဒယိမ်းဒယိုင်နှင့် ၀င်ချလာသည်။ စုတ်ပြတ်နေသော အရုပ်ဆိုးဆိုးနှင့် အရက်သမားသည် ချောမောလှပသော မိန်းကလေးကို လူပြတ်ရာ နောက်ဖေးလမ်းကြားထဲတွင် တွေ့လိုက်ရသဖြင့် အံ့သြသွား၏။

‘ဟေ့ သူငယ်မ။ နင် ဒီမှာ ဘာလာလုပ်နေတာလဲ’

မိန်းကလေးသည် အရက်သမားကြီးကို ပြူးကြောင်ကာ ပြန်ကြည့်နေသည်။

‘ဟဲ ဟဲ ဟဲ နင်တော်တော် ချောတာပါလား။ မပြေးနဲ့ ဒီကိုလာစမ်း’

အမူးသမားသည် ယိုင်ထိုးသော ခြေလှမ်းများနှင့် မိန်းကလေးဆီ ချဥ်းကပ်သွားသည်။ စိတ္တရဒေ၀ီသည် ထိုအမူးသမား မိန်းမပျိုလေးကို မတရားကျင့်ကြံပါက အကူအညီပေးရန် အသင့်ရှိလေသည်။ သို့သော် သူမ မြင်လိုက်ရသော မြင်ကွင်းကို စိတ္တရဒေ၀ီသည် မယုံနိုင်အောင် ဖြစ်သွားရသည်။ အကြောင်းမှာ ချောမောလှပသော မိန်းမပျိုလေးသည် နှစ်ပေါင်းများစွာ ရေမချိုးမသန့်စင်သဖြင့် စုတ်ပြတ်ညစ်ပတ်နေသော ရုပ်ဆိုးလှသည့် အရက်သမားကြီးကို ပြေးဖက်ကာ အငမ်းမရ နမ်းစုပ်လိုက်သောကြောင့်ပင်။

‘အို… ဟဲ့ကောင်မ .. ဖြေးဖြေးဟဲ့… အာ့.. အလို...’

အမူးသမားသည် အစကတည်းက ယိုင်ထိုးနေရသည့်အထဲ မိန်းကလေးက ‌ပြေးခုန်ဖက်ကာ နမ်းလိုက်သည့်အတွက် အနောက်သို့ ယိုင်လဲသွားသည်။ သူ့ခါးပေါ်တွင် ပတ်ထားသော နံငယ်ပိုင်းမှာလည်း ကျွတ်ထွက်သွား၏။ မိန်းကလေးသည် သူမ၏ ၀တ်ရုံကို ချွတ်လိုက်ပြီးလျှင် အမူးသမားကိုယ်ပေါ်တက်ခွကာ မုန်ယိုနေသော တိရစ္ဆာန်မ တစ်ကောင်လို မိတ်လိုက်မှုကို ပြုကျင့်လေတော့သည်။

ဘာတွေဖြစ်ကုန်တာပါလိမ့် …

ပုဏ္ဏေးမသည် ကြည့်နေရင်း စိတ်များရှုပ်ထွေးလာသည်။ သူမများ ဤမိန်းမပျိုကို ကျိန်စာတိုက်ပေးလိုက်မိသလား။ သူမ၏ လက်သည်းရှည်ကြီးများကြောင့်လား...။

စိတ္တရဒေ၀ီ၏ မျက်စိရှေ့မှောက်မှာပင် လိင်ဆက်ဆံနေကြသော လူသားနှစ်ဦးသည် ကိစ္စပြီးဆုံးသွားပြီးလျှင် အမောဖောက်ကာ နှစ်ယောက်သား ဖက်လျက်လဲလျောင်းနေကြလေသည်။ ခဏနေလျှင် မိန်းကလေးသည် အသိစိတ်၀င်လာပြီး အလန့်တကြားနှင့် အမူးသမားကြီးအပေါ် ခွလျက်ရှိရာမှ ထခုန်လိုက်သည်။

‘… အမလေး… ဘုရားကယ်ပါ...’

အမူးသမားသည် မလှုပ်မရှက်ရှိလေသည်။ ညစ်ပတ်နေသော သူ၏ တစ်ကိုယ်လုံး သွေးမရှိတော့သလို မီးခိုးရောင်ကြီး ပြောင်းသွားခဲ့သည်။ ထိုသူ သေဆုံးသွားမှန်း ပုဏ္ဏေးမ ရိပ်စားမိလိုက်သည်။ ဘာကြောင့် သေဆုံးရသနည်း။ ပုံမှန်ယောကျ်ားတစ်ယောက်အတွက် သေဆုံးလောက်သော ထိခိုက်မှုမျိုးကို စိတ္တရဒေ၀ီ မတွေ့မိခဲ့။

‘အား… အား… ဗိုက်ထဲက နာလိုက်တာ… အမလေး.. အမေရဲ့ ကယ်ပါရှင့်...’

မိန်းကလေး၏ ချိနဲ့စွာ အော်ဟစ်အကူအညီတောင်းသံသည် စျေးတန်းထဲမှ စျေးသည် စျေး၀ယ်များ၏ ဆူညံသံများကို မကျော်လွှားနိုင်ခဲ့ချေ။ သူမသည် အော်ဟစ်ရင်းမှ ခွေလဲကျသွားသည်။ မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်းသည် တဖြည်းဖြည်း ဖောင်းကားလာသည်။ ၀မ်းဗိုက်တွင်းမှ တစုံတခု လှုပ်ရှားနေသည်ကို စိတ္တရဒေ၀ီ တွေ့လိုက်ရ၏။ ထိုမိန်းကလေးသည် စက္ကန့်ပိုင်းအတွင်းမှာပင် နေ့စေ့လစေ့ ကိုယ်၀န်သည်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ သားအိမ်တွင်းမှ သန္ဓေသားက ပြင်ပသို့ တိုးထွက်ရန် ကြိုးစားနေခြင်းပင်။

‘အား… အီးးးး အီးးးး….’

စိတ္တရဒေ၀ီ ကိုယ်ယောင်ပြန်ဖော်ပြီး မိန်းကလေးကိုကူညီရန် အနားသို့ ချဥ်းကပ်သွားလိုက်သည်။

‘ရှင်… ရှင်… ကျွန်မကို ကျိန်စာတိုက်လိုက်တဲ့ စုန်းမကြီး… ဟင်.. ရှင်… ပုဏ္ဏေးမ စိတ္တရဒေ၀ီ… စုန်းမ .. စိတ္တရဒေ၀ီ...’

‘ရှူး တိုးတိုး မိန်းကလေး။ ကျွန်ုပ် အသင့်ကို ကယ်တင်ဖို့ရာ လာခြင်းဖြစ်တယ်။ ယခင်ဖြစ်ခဲ့သမျှဟာ ကျွန်ုပ် စိတ်ဆန္ဒအလျောက် မဟုတ်...’

‘အား...’

စကားပင် မဆုံးလိုက်။ မိန်းကလေး၏ ၀မ်းဗိုက်သည် လှုပ်သည်ထက် လှုပ်လာပြီးလျှင်…

‘ဗွမ်း...’

‘အ...အ… အင်း...’

မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်းတစ်ခုလုံး စုတ်ပြတ်သတ်ကာ ပေါက်ကွဲပွင့်ထွက်သွားသည်။ သူမ၏ သားအိမ်ခေါင်းအတွင်းမှ ကလေးငယ်သည် အကျိအချွဲများပေကျံလျက် တိုး‌ဝှေ့ထွက်နေလေသည်။ မိန်းကလေးခမျာ မချိမဆန့် ညီးညူရင်း အသက်ထွက်သွားရှာသည်။

‘အဲ့ အဲ့… အူ၀ဲ အူ၀ဲ...’

ကလေးငယ်သည် ချက်ကြိုးတန်းလန်းနှင့် မြေကြီးပေါ်တွင် တလှုပ်လှုပ်မှောက်နေရာမှ ငိုကြွေးလေသည်။ သို့သော် ထိုကလေးငယ်၏ ကိုယ်လုံးသည် တရိပ်ရိပ်ကြီးထွားလျက်ရှိသည်။ ချက်ချင်းပင် ကလေးငယ်သည် မွေးကင်းစအရွယ်မှ တွားသွားသော လသားအရွယ်သို့ ပြောင်းလဲသွားသည်။ ယခုအခါ ထိုကလေးသည် လေးဘက်သွားနေပြီ။ သူ့၀မ်းဗိုက်တွင် ချက်ကြိုးက တန်းလန်းရှိနေသေး၏။ အချင်းကြီးသည် ကွဲထွက်နေသော မိန်းကလေး၏ သားအိမ်ထဲမှ ဖလွတ်ကနဲ ချောထွက်သွားသည်။ ကလေးငယ်သည် သူ့နောက်က ဒရွတ်ဆွဲပါနေသော အချင်းအိမ်ကြီးကို လှည့်ကြည့်လိုက်သည်။

‘ဟီး.. ဟီး… ခွိခွိ..’

ခုနလေးတင်ကပင် ငိုကြွေးနေသော မွေးကင်းစကလေးသည် ယခုအခါ တစ်နှစ်သားအရွယ်သို့ ရောက်နေလေပြီ။ ကလေးငယ်သည် မြေပြင်ပေါ်တွင် ဖင်ထိုင်ချပြီး ချက်ကြိုးကို ကိုင်ကာ အချင်းကြီးကို သူ့ထံသို့ ဆွဲယူနေသည်။ ကလေးငယ်သည် ယောကျ်ားလေးဖြစ်၏။ ထိုယောကျ်ားလေးသည် သူ့အနားရောက်လာသော အချင်းကြီးကို လက်ကလေးနှစ်ဘက်နှင့် ကောက်ကိုင်လိုက်သည်။ ထိုအချိန်တွင်မူ ကလေး၏ အသက်မှာ ငါးနှစ်ခန့်ရှိနေလေပြီ။ တဖြည်းဖြည်း ကြီးထွားနေသောကလေးသည် သူ့မိခင်၏ သားအိမ်တွင်းမှ ယခုပင် ထွက်လာသော သူ၏ အချင်းအိမ်ကြီးကို ကုန်းကိုက်ကာ တိရိစ္ဆာန်တစ်ကောင်လို မြိန်ရေယှက်ရေ စားနေလေတော့သည်။

‘ဝေါ့...’

စိတ္တရဒေ၀ီ ပျို့တက်သွားမိသည်။ သူမ၏ ဘ၀တွင် အဆန်းတကြယ်မျိုးစုံတွေ့မြင်ဖူးသော်လည်း ဤမျှလောက် အော်ဂလီဆန်စရာ ခြောက်ခြားစရာ အဖြစ်မျိုးကို တခါမျှ မကြုံဖူးခဲ့ချေ။ ထိုခဏ၌ ပုဏ္ဏေးမသည် ထိုကလေးငယ်ကို အဆုံးစီရင်ပစ်ရန် ကြံမိလိုက်သေးသည်။ သို့သော် သူမ မလုပ်နိုင်ခဲ့။ ထိုမျှ ရက်စက်သော နှလုံးသား စိတ္တရဒေ၀ီထံတွင် မရှိခဲ့ချေ။ ကလေးငယ်သည် အချင်းကြီးတစ်ခုလုံးကို ကုန်အောင် စားပြီးချိန်တွင်မူ ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်နေလေပြီ။ ထိုလူငယ်သည် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။ သွေးများပေကျံနေသည့် ပါးစပ်နှင့် လူငယ်သည် စိတ္တရဒေ၀ီကို ပြုံးပြကာ ထိုနေရာမှ အ၀တ်မပါ ဗလာကိုယ်ထီးနှင့် ထွက်ပြေးသွားလေတော့သည်။

x     x     x

‘စိတ္တရဒေ၀ီ…’

သူတို့နှစ်ဦး တွေ့ဆုံနေကျ ဂင်္ဂါမြစ်ကမ်းနဖူးပေါ်ရှိ တောင်ပူစာလေးထိပ်တွင် တသိမ့်သိမ့် ငိုကြွေးနေသော ပုဏ္ဏေးမကို အနုရှ်ချန်ဒရာ လှမ်းခေါ်လိုက်၏။ သူသည် တဖြည်းဖြည်းနှင့် စိတ္တရဒေ၀ီအနီးသို့ ရောက်လာသည်။ သူမ၏ ၀တ်ရုံမှာ ယခုအခါ ယခင်လို အဖြူရောင်မဟုတ်တော့ဘဲ သွေးချင်းချင်းလွှမ်းသည့်အလား ရဲရဲနီနေတော့သည်။ သူ့ကို ကျောခိုင်းထားသော သူမ၏ ကိုယ်လုံးသည် ငိုကြွေးနေသဖြင့် တလှုပ်လှုပ်ဖြစ်နေသည်။ အနုရှ်သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြင့် စိတ္တရဒေ၀ီ၏ ပုခုံးတစ်ဘက်ကို သူ့လက်နှင့် ကိုင်ဆုပ်ကာ အားပေးလိုက်မိသည်။

‘ဘာတွေများ ဖြစ်ခဲ့ပါလိမ့် စိတ္တရဒေ၀ီ...’

‘အို အနုရှ်ချန်ဒရာ… ကျွန်ုပ် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီ’

‘ဘယ်လို အမှားမျိုးပါလိမ့်’

သူ ဘေးတွင် ခါတိုင်းလိုပင် ၀င်ထိုင်ရင်း မေးလိုက်သည်။ သူမ တောအုပ်ကြီးထဲတွင် အမည်မသိပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ရသည်မှ စပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေသည်။

‘အလို… ဒါဆို ဒီမိန်းကလေးနဲ့ အရက်သမားတို့ သေသွားကြတာပေါ့။ သူတို့ရဲ့ အလောင်းတွေရော စိတ္တရဒေ၀ီ..’

‘ကျွန်ုပ်တန်ခိုးနဲ့ မြေမှုန်များအဖြစ် ပြောင်းပစ်လိုက်တယ် အနုရှ်ချန်ဒရာ’

ပုဏ္ဏားမိတ်ဆွေ ဘာပြောရမှန်းမသိအောင် နှုတ်ဆွံ့နေမိသည်။

‘ဒါတင်မကသေးဘူး အနုရှ်’

စိတ္တရဒေ၀ီသည် တခဏမျှ တုံ့ဆိုင်းနေပြီး ဆက်ပြောလိုက်သည်။

‘ဒီနောက်မှာ အခြားမိန်းကလေးတစ်ယောက်ကိုလည်း ထိုနည်းလည်းကောင်းပဲ ကျွန်ုပ် ဆေးမင်ထိုးပေးခဲ့သေးတယ်။ အလားတူပဲ အဲဒီ မိန်းကလေးရော - တခြား သူစိမ်းယောကျ်ားတစ်ယောက်ရော - သေသွားကြတယ် အနုရှ်….။ မတူတာကတော့ မွေးလာတဲ့ ကလေးဟာ မိန်းကလေး ဖြစ်နေတာပဲ။ ဒီ မွေးခဲ့တဲ့ ယောကျ်ားလေးရော - မိန်းကလေးရော ဦးတည်ရာတစ်ခုတည်းကို ထွက်ပြေးသွားကြတာ။

ဒါနဲ့ ကျွန်ုပ်လည်း ကောင်းကင်ခရီးနဲ့ သူတို့ ပြေးထွက်သွားတယ်ထင်ရတဲ့ တောအုပ်ကြီးရဲ့ အလယ်တည့်တည့်ကို လိုက်သွားကြည့်ခဲ့တယ်။’

ပြောရင်းနှင့် သူမ၏ အသံများ တုန်ရီလာသည်။ အနုရှ်ချန်ဒရာသည် စိတ္တရဒေ၀ီ ပြောပြသည်ကို အာရုံစိုက်ပြီး နားထောင်နေလေသည်။ ပုဏ္ဏေးမသည် စိတ်ထိခိုက်တုန်လှုပ်လွန်းနေသည်။ သူမသည် ပတ်၀န်းကျင်ကို သတိမေ့လျော့နေ၏။ ထို့ကြောင့်လည်း သူတို့နှစ်ဦးကို မလှမ်းမကမ်း တောစပ်မှ ချောင်းမြောင်းနေသည့် ဘုရင့်စစ်သည်များကို သတိမပြုမိခဲ့ချေ။ ဘုရင့်စစ်သည်များသည် အခွင့်ရသည်နှင့် စိတ္တရဒေ၀ီကို ၀င်ရောက်ဖမ်းဆီးရန် သစ်ပင်များကြားတွင် ပုန်းခိုပြီး စောင့်ဆိုင်းနေကြလေသည်။

‘အသင် တောထဲမှာ ဘာတွေ့ခဲ့သလဲ စိတ္တရဒေ၀ီ’

‘ကျွန်ုပ်တောထဲမှာ တွေ့ခဲ့တဲ့ မြင်ကွင်းဟာ အင်မတန်ခြောက်ခြားစရာကောင်းတယ် အနုရှ်ချန်ဒရာ။ သာမန်လူတစ်ယောက်ကို စိတ်ဖောက်ပြန်ရူးသွပ်သွားစေတယ်။ သင်နားထောင်ဖို့ အသင့်ရှိရဲ့လား မိတ်ဆွေကောင်းကြီး အနုရှ်ချန်ဒရာ’

‘အသင့်လောက် သတ္တိဗျတ္တိမကောင်းပေမဲ့ ကျုပ်ဟာ ရဲစွမ်းသတ္တိပြည့်တဲ့ ပုဏ္ဏားမျိုးက ဆင်းသက်လာတာဖြစ်လို့ ဘယ်လို ခြောက်ခြားစရာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိပါတယ် စိတ္တရဒေ၀ီ’

‘ကောင်းပြီ အနုရှ်။ သင့်ကို ကျွန်ုပ်ပြောပြမယ်။ ကျွန်ုပ်ဟာ တောအုပ်ကြီးရဲ့ အလယ်ရောက်တာနဲ့ မြေပြင်ကို မဆင်းသေးဘဲ ကောင်းကင်ကနေပြီး အောက်ကို လှမ်းငုံ့ကြည့်ခဲ့တယ်။ တောအုပ်ရဲ့အလယ်မှာ သစ်ပင်အတော်များများကို အမြစ်ကနေ တူးပြီး ဆွဲနှုတ်ထားလို့ မြေကွက်လပ်လို ဖြစ်နေတယ်။ အဲဒီ မြေကွက်လပ်ရဲ့ အလယ်မှာ တစ်ရာလောက်ရှိမယ့် လူအုပ်ကြီးကို တွေ့ခဲ့ရတယ်။

ဒီလူအုပ်ထဲမှာ ယောကျ်ားလေး မိန်းကလေးတွေ ရောနေတယ်။ သူတို့အားလုံးဟာ ငယ်ရွယ်ပြီး အ၀တ်အစားဘာမှ မ၀တ်ထားကြဘူး။ သူတို့ ကိုယ်ပေါ်မှာ ရွှံ့စေးတွေ မြေကြီးတွေ ဖုန်းနေကြတယ်။ သူတို့ဟာ လူတွေဆိုပေမဲ့ လူတွေနဲ့ မတူဘူး။ တိရစ္ဆာန်တွေလိုပဲ အနုရှ်ချန်ဒရာ...’

စိတ္တရဒေ၀ီ ပြောရင်းနှင့် တံတွေးမျိုချကာ ခေတ္တနားလိုက်ရသည်။ ထို့နောက် သူမ အသက်ပြင်းပြင်းရှူပြီး စကားဆက်လေသည်။

‘ဒီ မြေကွက်လပ်ရဲ့ တချို့နေရာတွေမှာ ကြွက်တွင်းလိုမျိုး မြေတွင်းတွေ တူးထားတာကို တွေ့ရတယ်။ အဲဒီ မြေတွင်းတွေဟာ လူတစ်ယောက်၀င်စာရုံရှိတယ်။ ဒီတွင်းတွေထဲကို ယောကျ်ားလေး၊ မိန်းကလေး စုံတွဲတွေဟာ အသီးသီး ၀င်၀င်သွားကြတာကို ကျွန်ုပ်တွေ့ခဲ့ရတယ်။ အဲဒီလို ၀င်သွားပြီး … သိပ်မကြာဘူး… ဒီ မြေတွင်းတွေထဲက …’

သူမ ဆိုင်းငံ့သွားပြန်သည်။ ချုံပင်များကြားမှ စစ်သားများသည် စိတ္တရဒေ၀ီ၏ အသံများကို မြစ်ရေစီးသံများကြားမှ မကြားတချက် ကြားတချက်။ သူတို့အားလုံးသည် စစ်သူကြီး၏ အချက်ပေးသံကို စောင့်ကြည့်နေကြသည်။

‘မြေတွင်းတွေထဲက ဘာတွေ ထွက်လာသလဲ စိတ္တရဒေ၀ီ’

‘ကလေးတွေ အနုရှ်… ကလေးလေးတွေ.. အနုရှ်ချန်ဒရာ’

ပုဏ္ဏေးမ၏ မျက်နှာသည် နဂိုဖြူဖွေးနေရင်းထက်ကို အဆပေါင်းများစွာ ဖွေးဆွတ်နေလေတော့သည်။ သူမ၏ မျက်လုံးများသည် စိတ်မနှံ့သူတစ်ဦးလို ပြူးကျယ်နေသည်။

‘အလို… ဒါဆို ဒီ ယောကျ်ားတွေ၊ မိန်းမတွေရော … စျေးထဲက မိန်းကလေးနဲ့ အရက်သမားတို့လို သေသွားကြသလား...’

‘မသေဘူး အနုရှ်၊ သူတို့ဟာ လူသားစစ်စစ်မဟုတ်လို့ဘဲလား… ဒါမှမဟုတ် သူတို့ဆီမှာ မျိုးပွား ဆေးမင်ကြောင်မပါလို့လားတော့မသိဘူး။ သူတို့အချင်းချင်း မျိုးပွားတဲ့အခါမှာတော့ သူတို့ မသေကြဘူး’

‘ဒီကလေးလေးတွေကရော၊ ချက်ချင်း ကြီးလာကြတာလား’

သူမ ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ အနုရှ်ချန်ဒရာသည် ၀မ်းဗိုက်ထဲတွင် လေးလံပြီး ပျို့အန်ချင်သလို ဖြစ်နေသော်လည်း တစုံတခုကို အလေးအနက် စဥ်းစားမိသည်။

‘ဒီလို မျိုးပွားကြတာ တိရိစ္ဆာန်တွေမှာ ရှိတယ်။ အထူးသဖြင့် ပိုးမွှားကောင်တွေမှာ ပိုများတတ်တယ်။ နှံကောင်တစ်မျိုးမှာ မိတ်လိုက်ပြီးတဲ့အခါ အမဟာ အထီးရဲ့ ဦးခေါင်းကို ကိုက်စားပြီး သူကိုယ်တိုင်လည်း မျိုးဥချပြီးတဲ့နောက် သေသွားတတ်တယ်လို့ မဃဓကျမ်းတစ်စောင်မှာ ကျုပ်ဖတ်ဖူးတယ် စိတ္တရဒေ၀ီ။ ဒါဟာ သဘာ၀တရားရဲ့ ဆန်းကျယ်ရက်စက်မှုမျိုးပဲ’

‘ကျွန်ုပ်လိုချင်ခဲ့တာက အသက်ဇီ၀ကို ဖန်ဆင်းနိုင်တဲ့တန်ခိုး။ ရလာတာက အဟိတ်တိရိစ္ဆာန်တွေလို မျိုးပွားခြင်းတဲ့လား အနုရှ်ချန်ဒရာ… ကျွန်ုပ် အခုဘာလုပ်ရမလဲ...။ အဲဒီတောအုပ်ကြီးထဲမှာ ဒီ လူတပိုင်း တိရိစ္ဆာန်တပိုင်း သတ္တ၀ါတွေဟာ အဆီးအတားမရှိ မျိုးပွားပြီး အကောင်တွေ ပွားသထက် ပွားနေကြပြီ အနုရှ်’

‘တိရိစ္ဆာန်လောကမှာ ဒီလို ဖြစ်စဥ်တွေဟာ အကြောင်းတစ်ခုခုကြောင့် ဖြစ်ရတယ်။ သဘာ၀တရားဟာ သူ့ရဲ့ ချိန်ခွင်လျှာကို ညီမျှစေဖို့အတွက် ဒီလို ရှင်ခြင်း သေခြင်းတွေကို ဖန်ဆင်းရတာပဲ။’

‘ဒါဆို အခုလို ဒီသတ္တ၀ါတွေ မျိုးပွားနေကြတာဟာ အကြောင်းတစ်ခုခုရှိလို့လား အနုရှ်ချန်ဒရာ’

‘ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါကိုတော့ ကျုပ်လည်း သေချာ မပြောတတ်ပေဘူး စိတ္တရဒေ၀ီ။ တကယ်တော့ အသင်ဟာ ကျုပ်ရဲ့ မိတ်ဆွေကောင်းတစ်ဦးပါ။ ဒါပေမဲ့ အသင့်ရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့တဲ့ လူတွေ သေခဲ့ရပြီ။ အခုလည်း တောထဲကနေ ဒီသတ္တ၀ါတွေဟာ ကျုပ်တို့ ကောသလတိုင်းကြီးကို ဘယ်လိုအန္တရာယ်တွေ ယူဆောင်လာမလဲဆိုတာ မပြောတတ်တော့ဘူး။ ကျုပ်ဒါကို မပြောချင်ဘူး။ သို့သော်လည်း သင့်ကို ထိုက်သင့်တဲ့ အပြစ်ကိုတော့ ကျုပ်ပေးရပေလိမ့်မယ် မိတ်ဆွေ ပုဏ္ဏေးမ စိတ္တရဒေ၀ီ’

သူမ အနုရှ်ချန်ဒရာကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

‘အလို… အနုရှ်… သူတို့ သင့်ကို ဘိသိက်ဆရာအဖြစ် ရွေးချယ်လိုက်ပြီပေါ့’

သူမ၏ မျက်နှာတွင် ၀မ်းသာဂုဏ်ယူစိတ်များနှင့် ဖုံးလွှမ်းသွားတော့သည်။

‘အမှန်ပဲ စိတ္တရဒေ၀ီ။ လာတုန်းကတော့ သင့်ကို နန်းတော်ဆီ ပြန်လည်ဖိတ်ခေါ်မလို့ပဲ။ သို့သော်လည်း ယခုတော့ သင့်ကို တရားစီရင်ပြီး နယ်နှင်ဒဏ်ပေးရလိမ့်မယ်။ သင့်အနေနဲ့လည်း ဒီနိုင်ငံမှာ မနေလိုတာနဲ့...’

‘ဟေး…. ဒီစုန်းမကို ၀ိုင်းဖမ်းကြစမ်း’

စစ်သူကြီး ဦးဆောင်သော စစ်တပ်ကြီးသည် တောချုံများထဲမှ တဟုန်ထိုး ပြေးထွက်လာကြသည်။ ပုဏ္ဏေးမ၏ ပြုံးနေသော မျက်နှာ ရုတ်တရက် ကွက်ကနဲ ပျက်သွားလေသည်။

‘ကျွန်ုပ် သင့်ကို မိတ်ဆွေကောင်းတစ်ယောက်လို့ ထင်ခဲ့တယ် အနုရှ်ချန်ဒရာ’

‘မဟုတ်ဘူး စိတ္တရဒေ၀ီ။ ကျုပ်ဘာမှ မသိရပါလား’

စစ်သူကြီးသည် မှော်အတတ်နှင့် စီရင်ထားသော ကြေးနီ ကျော့ကွင်းကြီးကို လေထဲတွင် ‌ဝှေ့ယမ်းပြီး စိတ္တရဒေ၀ီကို လှမ်းပစ်စွပ်လိုက်သည်။ သူမ အငိုက်မိသွားသဖြင့် မှော်ကျော့ကွင်းကြီးက သူမ၏ ကိုယ်လုံးပေါ်သို့ ကွက်တိစွပ်မိလျက်သားဖြစ်သွားလေသည်။

‘ဟေ့ စစ်သည်တို့။ ကျုပ်တို့ တရားဥပဒေအတိုင်း စီရင်ကြရအောင်’

ဘိသိက်ဆရာ၏ စကားကို မည်သူမျှ နားမထောင်ဘဲ စစ်သည်များသည် မှော်ကျော့ကွင်းများကို တစ်ကွင်းပြီးတစ်ကွင်း စိတ္တရဒေ၀ီ၏ ခန္ဓာကိုယ်ပေါ်သို့ ပစ်ဖမ်းကြလေတော့သည်။ သူမ၏ ကိုယ်ပေါ်တွင် ကျော့ကွင်းပေါင်း မြောက်မြားစွာ စွပ်မိသွားကြသည်။ ကျော့ကွင်းများမှ အပူဓာတ်များထွက်လာပြီး ကြေးနီချောင်းများသည် မီးချောင်းများလို ရဲရဲတောက်လာကြသည်။ သူမကိုယ်မှ အပူငွေ့များ တရှဲရှဲ ထွက်ပေါ်လာလေသည်။

‘အား….’

စိတ္တရဒေ၀ီ နာကျင်စွာ အော်ဟစ်လိုက်၏။ သူမ၏ မျက်လုံးများသည် တဖြည်းဖြည်းနီရဲလာကြသည်။

‘သင်တို့ရဲ့ မလောက်လေး မလောက်စား မှော်အဆင့်နဲ့များ ငါ့ကို လာစမ်းချင်ကြသလား’

‘၀ုန်း’

မိုးခြိမ်းသံကဲ့သို့သော အသံကြီးထွက်သွားပြီး ကြေးနီမှော်ကျော့ကွင်းများအားလုံးသည် တစစီ တပိုင်းစီ ပဲ့ကြွေပြတ်တောက်သွားကြလေသည်။ စိတ္တရဒေ၀ီသည် စစ်သည်အားလုံး၏ အထက် ကောင်းကင်ဆီသို့ ပျံတက်သွားပြီး လေထုထဲတွင် တောင်တစ်လုံးမျှ မြင့်သော အရပ်၌ မားမားမတ်မတ် တည်ရှိနေခဲ့သည်။

‘သင်တို့အားလုံးကို အမှုန့်ဖြစ်သွားအောင် ငါ အခုပဲ သတ်လိုက်လို့ရတယ်။ ဒါပေမဲ့ ငါ့လက်မှာ သွေးစွန်းတာ ဒီနေ့အတော်များနေပြီ။ ဒီတခါတော့ နင်တို့အားလုံးကို ငါချမ်းသာပေးခဲ့မယ်။ ငါ့ကို သစ္စာဖောက်တဲ့ ပုဏ္ဏားအနုရှ်ချန်ဒရာကိုလည်း ဒီမှာတင် နှုတ်ဆက်ခဲ့ပါတယ်’

သူမသည် လေထုထဲမှနေပြီး တောအုပ်ကြီးရှိရာဆီသို့ ပျံထွက်သွားလေသည်။ သူမထွက်သွားလျှင် ဘိသိက်ဆရာကြီး အနုရှ်ချန်ဒရာသည် သူ့လူများကို လှည့်ပြီး ငေါက်ငမ်းလိုက်သည်။

‘သင်တို့ အတော် စဥ်းစားဥာဏ်မရှိကြပါလား’

စစ်သူကြီးသည် ဘိသိက်ဆရာရှိရာဆီသို့ တစ်လှမ်းချင်းလျှောက်လာပြီးလျှင် -

‘အသင်ဟာလည်း နိုင်ငံတော် သစ္စာဖောက်ပဲ။ အသင့်ကိုလည်း ဖမ်းရလိမ့်မယ်။ ရဲမက်တို့ ဒီ ဘိသိက်ဆရာ လောက်ကောင်ကို အခု ၀ိုင်းဖမ်းကြစမ်း’

စစ်သည်များသည် အံ့သြနေသော အနုရှ်ချန်ဒရာကို ၀ိုင်း၀န်း ဖမ်းဆီးလိုက်ကြလေသည်။

x     x     x

‘အမည်မသိပုဂ္ဂိုလ် ကျွန်ုပ်ကို အခု ရှင်းပြစမ်းပါ။ သင့်ရဲ့ လုပ်ရပ်တွေကို ရှင်းပြစမ်းပါ။ အခု တောထဲမှာ အသင့်စနက်နဲ့ မျိုးပွားနေတဲ့ လူတစ်ပိုင်း တိရိစ္ဆာန်တစ်ပိုင်း သတ္တ၀ါတွေဟာ ရာနဲ့ချီရှိနေပြီ။ ကျွန်ုပ် ဘာဆက်လုပ်ရမလဲ…’

စိတ္တရဒေ၀ီသည် တောအုပ်တစ်နေရာတွင် ရပ်ရင်း သူမနှင့် စကားပြောခဲ့သော တောအုပ်ကြီးထဲမှ အသံကို တိုင်တည်ရင်း ပြောလိုက်သည်။ သူမ ဘေးပတ်လည်မှ သစ်ပင် ချုံပင်များ တရှဲရှဲနှင့် လှုပ်ရှားလာပြန်လေသည်။

ရှဲ… ရှဲ … ရှဲ…

‘ဘာပြောလိုက်တယ်… ကျွန်ုပ်နားမရှင်းဘူး… ပြန်ပြောပါလေ အမည်မသိ ပုဂ္ဂိုလ်...’

‘အ… နုရှ်… ချန်...ဒ ...ရာ….’

‘ဘာ… အနုရှ် ချန်ဒရာ… ဟုတ်လား...’

သူမ စိတ်ထဲတွင် ထင့်ကနဲ ဖြစ်သွား၏။ သူမတန်ခိုးများကို သုံးပြီး နန်းတော်ရှိရာဆီသို့ နားကို စွင့်လိုက်သည်။

…. ‌ဝေါ …. ‌ဝေါ …. ‌ဝေါ….

ပုဏ္ဏားအများ၏ ရွတ်ဆိုသံကြီး ရှေး‌ဝေဒကျမ်းများထဲမှ စာသားများကို တပေါင်းတည်း ရွတ်ဆိုနေကြသံကြီး။

အားးးးး…. အားးးးး…..

သူမမိတ်ဆွေ အနုရှ်ချန်ဒရာ၏ အော်ဟစ်သံ။ စိတ္တရဒေ၀ီ နန်းတော်ရှိရာဆီသို့ အမြန်ပျံသန်းသွားလိုက်လေသည်။ သူမ နန်းတော်သို့ မရောက်မီ နန်းတော်ရှေ့ မြေကွက်လပ်တွင် ကြီးမားသော မီးပုံကြီးတစ်ခုကို တွေ့လိုက်ရသည်။

‘… အနုရှ်….’

မီးပုံကြီးထဲတွင် လွန့်လူးရုန်းကန်နေသူမှာ သူမ၏ မိတ်ဆွေကြီး အနုရှ်ချန်ဒရာ….။ ပုဏ္ဏားများက သူမ မိတ်ဆွေကို တိုင်လုံးကြီးတစ်လုံးတွင် ကြိုးများနှင့် တုပ်‌နှောင်ကာ အရှင်လတ်လတ် မီးတင်ရှို့နေကြခြင်း ဖြစ်လေသည်။

‘အခုရပ်ကြ...’

စိတ္တရဒေ၀ီသည် သူမ၏ တန်ခိုးအစွမ်းနှင့် မီးပုံကြီးကို ငြိမ်းသတ်လိုက်သည်။ သို့သော် သူမ နောက်ကျသွားလေပြီ။ အနုရှ်ချန်ဒရာ၏ တစ်ကိုယ်လုံးသည် မီးစွဲလောင်ခံရသဖြင့် အရည်ကြည်ဖုကြီးများနှင့် ဖုံးလွှမ်းနေပြီး လူရုပ်ပင် မပေါ်တော့ချေ။ သူ့ကိုယ်လုံးသည် နာကျင်မှု ‌ ဝေဒနာကြောင့် တဆတ်ဆတ် တုန်နေသော်လည်း ပါးစပ်မှ အသံထွက်နိုင်စွမ်းမရှိတော့။ မကြည့်ရက်တော့သည့် စိတ္တရဒေ၀ီသည် အနုရှ်ချန်ဒရာ၏ နှလုံးအိမ်အတွင်းသို့ သူမ၏ လက်ကို နှိုက်သွင်းကာ အေးခဲစေလိုက်လေတော့သည်။ ပူလောင်နေသော မိတ်ဆွေကြီး၏ တစ်ကိုယ်လုံး ရေခဲတုံးလို အေးခဲသွားကာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

‘ဖြစ်မှ ဖြစ်ရလေ အနုရှ်ချန်ဒရာ..’

သူမ ဒူးထောက်ကျသွားသည်။ အားအင်တွေ ကုန်ခန်းသွားသလို။ သူမ သတိတွေ လွတ်သွားမိပြန်သည်။ ထိုစဥ်မှာပင် ဘုရင့် မြားတပ်သားများသည် အဆိပ်လူးမြားများကို သူမအား ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်ကြလေသည်။ မြားတစ်ချောင်းစီရှိ အဆိပ်သည် ဆင်ဆယ်ကောင်မျှကို ဗိုင်းဗိုင်းလဲသွားစေနိုင်သည်။ ထိုသို့သော မြားပေါင်း မရေမတွက်နိုင်အောင် စိတ္တရဒေ၀ီ၏ ကျောနှင့် ကိုယ်လုံးပေါ်သို့ စူးစိုက်နစ်၀င်သွားလေတော့သည်။ သူမသည် အဆိပ်လူးမြားများ စိုက်၀င်လျက်က အားတင်းပြီး မတ်တတ်ရပ်နိုင်လိုက်သေးသည်။ သို့သော် ခဏအတွင်းမှာပင် မျက်လုံးများ ပြာဝေသွားကာ မြေပြင်ပေါ်သို့ ဗိုင်းကနဲ လဲကျသွားတော့သည်။ သူမလဲကျသွားလျှင် သွားချင်း ပုဏ္ဏားများနှင့် စစ်သည်များသည် အပြေးလာကြကာ သူမ၏ ခြေလက်များကို သံမဏိကြိုးကြီးများဖြင့် ခတ်နှောင်လိုက်ကြလေတော့သည်။

x     x     x

စိတ္တရဒေ၀ီ သတိပြန်လည်လာလျှင် အမှောင်ခန်းတစ်ခန်းထဲသို့ ရောက်နေကြောင်း သိလိုက်ရသည်။ သူမ၏ ပတ်ပတ်လည်တွင် အင်းအိုင်များ ရေးခြယ်ထားသော နံရံလေးဘက်။ သူမ၏ အမှောင်ထဲ မြင်နိုင်စွမ်းနှင့် တွေ့လိုက်ရခြင်းပင်။ ဤ အင်းကွက်များမှာတော့ အဆင့်မနိမ့်လှချေ။ ကောသလတိုင်းတွင် ရှိရှိသမျှ ပုဏ္ဏားများ ပေါင်းစည်းကာ စီမံထားကြခြင်း ဖြစ်လိမ့်မည်။ သူမ သွေးထဲတွင် တရိပ်ရိပ်တက်နေသော အဆိပ်လူးမြားဒဏ်ကလည်း ပြင်းထန်လှလေသည်။ ဤအခန်းထဲတွင် သူမ၏ မှော်အစွမ်းသည် အားနည်းနေသည်။ ယခုပုံစံအတိုင်း ဆက်နေပါက နာရီပိုင်းအတွင်း သူမ အသက်ဆုံးရှုံးသွားရတော့မည်။

သူမသည် ကျောက်သားကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း သေမည့်အချိန်ကို စောင့်နေမိခဲ့သည်။ သူမ ငယ်စဥ်ကတည်းက မိဘဟူသည်ကို မမှတ်မိခဲ့။ ဘိသိက်ဆရာကြီးများက သူမကို လက်ဆင့်ကမ်းပြီး မွေးစားကာ ပညာများသင်ပေးခဲ့ကြသည်။ အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် သူမကို ကြင်ယာဘက် ရွေးချယ်ပေးမည့်အချိန်တွင် စိတ္တရ၀တီသည် ဆရာများ၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ဟိမ၀န္တာတောနက်ကြီးထဲသို့ သွားပြီး သဘာ၀လွန်ပညာများကို သင်ယူခဲ့သည်။ သူ့ဘ၀တွင် အရင်းနှီးခဲ့ဆုံးသော မိတ်ဆွေဟူ၍ အနုရှ်ချန်ဒရာတစ်ဦးသာ ရှိခဲ့သော်လည်း ယခုမူ သူမကြောင့် မိတ်ဆွေကောင်းဖြစ်သူ အသက်ဆုံးရှုံးခဲ့ရပြီ။

သူမ ကာကွယ်ရန် ကြိုးစားခဲ့သော နိုင်ငံက သူမကို စုန်းမ၊ သစ္စာဖောက်မအဖြစ် သတ်မှတ်ပြီး အပြစ်ပေးတော့မည်။ ဤ ရှေးဟောင်းစွဲနေသော အယူ၀ါဒများ၊ အစွန်းရောက် ခေါင်းဆောင်များ ကြီးစိုးနေသရွေ့ သူမ၏ တိုင်းနိုင်ငံကြီးသည် တိုးတက်မည်မဟုတ်တော့။ သူမ ဘ၀တွင် ပထမဆုံး အကြိမ်အဖြစ် စိတ်ဓာတ်များ ကျဆင်းလာမိတော့သည်။

‘၀ုန်း….’

သူမကို ချုပ်နှောင်ထားသော အကျဥ်းခန်းတံခါး ၀ုန်းကနဲ ပွင့်သွား၏။ ပြင်ပမှ အလင်းရောင်သည် စူးရှစွာ တိုး၀င်လာသည်။ အခန်းပေါက်၀တွင် ရပ်နေသူမှာကား တခြားလူမဟုတ်…. ။ စျေးတန်းထဲတွင် သူမ မျက်စိရှေ့မှာပင် မွေးကင်းစဘ၀မှ လူပျိုဖြစ်သွားခဲ့သော ယောကျ်ားလေး။ ယခုအခါ အသက်နှစ်ဆယ်အရွယ်။ ထိုထက်ပို၍ ကြီးပြင်းခြင်းကား မရှိတော့။ ထိုလူငယ်သည် ယခင်အတိုင်းပင် အ၀တ်အစားမပါဘဲ ရှိသည်။ သူ၏ သန်မာကျစ်လစ်သော ကိုယ်တုံးလုံးပေါ်တွင် ရွှံ့စေးများနှင့် အလိမ်းလိမ်း ဖုံးနေ၏။ သူ့လက်ထဲတွင်မူ လှံတံကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

‘အေး လေး လေး လေး လေး…..’

လူငယ်သည် လျှာကို လိပ်ပြီး ညာသံပေးလိုက်၏။ သူ့ရင်အုပ်ကို ကျန်လက်တစ်ဘက်နှင့် ထုရိုက်လိုက်သည်။

‘အေး လေး လေး လေး လေး လေး...’

နန်းတော်ပြင်ပမှ အလားတူ အော်ဟစ်သံ ညာသံကြီးများ တပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ တောအုပ်ကြီးထဲတွင် အစုလိုက်အပြုံလိုက် မျိုးပွားနေခဲ့သော လူငယ်များသည် ယခုအခါ နန်းတော်ကြီးကို ၀င်ရောက်စီးနင်း သိမ်းပိုက်နိုင်လိုက်လေပြီ။ စိတ္တရဒေ၀ီ သဘောပေါက်မိသွားသည်။ ထို လူငယ်များ မျိုးပွားရခြင်း အကြောင်းရင်း။

ထိုလူငယ်များသည် သူမ၏ အင်ပိုင်ယာကြီးကို တည်ထောင်ရန်အတွက် လိုအပ်နေခဲ့သော တပ်သားများပင်တည်း။

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..