မျိုးပွားတက်တူး အပိုင်း (၅)
lotaya.mpt.com.mm
|
2022-01-21

စိတ္တရဒေ၀ီသည် အစဥ်အဆက် ဘုရင်များသာ ဆောင်းခဲ့သည့် မဂိုက်သရဖူကြီးကိုဆောင်းပြီးနန်းတော်ရှေ့ လှေကားထစ်ကြီးများ၏ထိပ်တွင်မားမားရပ်လိုက်သည်။သူ့နောက်တွင်ရာဂဏန်းမျှရှိသည့်သူမဖန်ဆင်းခဲ့သော လူသားများ။ ထို ကျား မ လူငယ်များသည် ယခင်လို ကိုယ်တုံးလုံးများမဟုတ်ကြတော့ဘဲ ယခုအခါ စစ်သည်များ၀တ်ဆင်သည့် အခြေခံ ချပ်၀တ်တန်ဆာများကို ၀တ်ဆင်ထားကြပြီဖြစ်သည်။ ၄င်းတို့အား လူကြားထဲတွင် မည်သို့မည်ပုံ ပြုမူနေထိုင်ရမည်ကို စိတ္တရဒေ၀ီသည် အကြမ်းဖျင်း သင်ပြပေးခဲ့သည်။

‘ကောသလတိုင်းရဲ့ ဘုရင်‌ဟောင်းဖြစ်တဲ့ စန္ဒရဂုတ္တ ဘီဘိသနနဲ့ သူ့မိဘုရားခေါင်ကြီးတို့’

သူမအောင်မြင်ထည်၀ါလှသောအသံကြီးနှင့်အမိန့်ချမှတ်လိုက်သည်။လှေကားအောက်ခြေနန်းရှေ့ရင်ပြင်ကျယ်ကြီးတွင် စုရုံးရောက်ရှိနေကြသော ပရိသတ်များ အသက်ပင် ပြင်းပြင်းမရှူရဲကြဘဲ စီရင်ချက်ကို စောင့်ဆိုင်းနေကြလေသည်။

‘သင်ဟာတိုင်းပြည်ကိုမင်းကျင့်တရားဆယ်ပါးနဲ့အညီအုပ်ချုပ်ခဲ့တဲ့အတွက်သင့်အသက်ကိုချမ်းသာပေး

တယ်။ သင်တို့ မိသားစု ဤ ကောသလတိုင်းမှ နေမ၀င်ခင် အမြန်ဆုံးထွက်ခွာသွားချေ’

ထိုအခါမှ ပရိသတ်အားလုံး ဟင်းချနိုင်တော့သည်။ ဘီဘိသနသည် ကျေးဇူးတင်သဖြင့် စိတ္တရဒေ၀ီကို ဒူးထောက်ကာ ကောင်းချီးပေးလိုက်သည်။ သူ့နောက်တွင်တော့ မိဘုရားကြီးသည် ရင်သွေးငယ်လေးကို တင်းတင်းဖက်ထားရင်း မျက်ရည်များကျနေလေသည်။

‘ဒီနောက်မှာတော့ ယခင်က ဘုရင့်အကြံပေး ဘာသာရေးခေါင်းဆောင် ပုဏ္ဏားများနဲ့ ပတ်သက်ပြီး စီရင်ချက်ချမယ်’

အားလုံး စောင့်ဆိုင်းနေသော အချိန်သို့ ရောက်ပေပြီ။ လူအများသည် ကောသလတိုင်းတွင် နိုင်ငံအခွန် ဘုရင့်ဘဏ္ဍာများကို အခန့်သား စံစားပြီး တိုင်းသူပြည်သားများ၏ လွတ်လပ်စွာ တွေးခေါ် ပြောဆိုခြင်းကို အမြဲပိတ်ပင်လေ့ရှိသည့်ထိုပုဏ္ဏားများကိုမသိစိတ်များထဲမှမုန်းတီးနေခဲ့ကြသည်။ယခုမူဘယ်ကရောက်လာမှန်းမသိသောထောင်ဂဏန်းမျှရှိသည့်ကြေးစားစစ်တပ်ကြီးကဘုရင့်တပ်မတော်ကြီးတစ်ခုလုံးကိုညတွင်း

ချင်းဖြုတ်ချပစ်လိုက်သဖြင့် ထိုစစ်တပ်၏ သခင်မ ပုဏ္ဏေးမဟောင်း စိတ္တရဒေ၀ီသည် ဘုရင်မကြီးတစ်ပါး ဖြစ်လာလေပြီ။ သူမသည် ယခုအခါ ထို အခွင့်ထူးခံ ပုဏ္ဏားများကို တရားစီရင်ပေတော့မည်။

‘ပုဏ္ဏားများအားလုံး - ကောသလတိုင်းမှာ ရှိသမျှ နွားတင်းကုပ်များသို့သွားပြီး နွားချေးကျုံး၊ နွားစာစဥ်း အောက်ခြေသိမ်းအလုပ်များကိုလုပ်စေ။ကောသလတိုင်းမှာရှိတဲ့ဝေဒပညာကိုလေ့လာလိုတဲ့လူငယ်မှန်သမျှ ကျွန်ုပ်ထံသို့ လာပြီး ပညာသင်စေ။ ပုဏ္ဏားအဖွဲ့အစည်းကို အမြစ်လှန်ပြီး အသစ်ကနေစ ဖွဲ့စည်းမည်’

ဘုရင်မကြီး၏ရှေ့တွင်ဒူးထောက်ကာနောက်ပြန်ကြိုးများအတုပ်ခံထားရသည့်ပုဏ္ဏားများသည်တုန်လှုပ်ခြောက်ခြားကာ ငိုကြွေးကြလေသည်။ ကြည့်နေကြသောတိုင်းသူပြည်သားများသည်စီရင်ချက်ကို ၀မ်းမြောက်၀မ်းသာစွာ ထောက်ခံကြပြီး ပုဏ္ဏားများကို အုတ်ခဲ ခရမ်းချဥ်သီး စသည်များဖြင့် ၀ိုင်း၀န်းပစ်ပေါက်ကြတော့သည်။

ထိုနေ့မှစပြီး စိတ္တရဒေ၀ီသည် ကောသလတိုင်းကြီး၏ အုပ်ချုပ်ရေးစနစ်၊ ဘာသာရေးစနစ်များအားလုံးကို ပြန်လည်တည်ဆောက်ခဲ့သည်။ သူမသည် အမတ်များ၊ ၀န်ကြီးများပါရှိသည့် လွှတ်တော်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အာဏာရှင်စနစ်ကို ဆုံးခန်းတိုင်စေခဲ့သည်။ ကောသလတိုင်းကြီးတစ်တိုင်းလုံး အဖက်ဖက်မှ တိုးတက်လာခဲ့သော်လည်း သူမစိတ်ထဲတွင် တစုံတရာသည် ဆူးတစ်ချောင်းလို နက်ရှိုင်းစွာ နစ်၀င်နေသည်။

စိတ္တရဒေ၀ီသည် သူမ မျိုးပွားပေးခဲ့သော လူငယ်များကို သတိထားပြီး စောင့်ကြည့်မိခဲ့သည်။ ထိုလူငယ်များသည် တောနက်ကြီးထဲတွင် တိရစ္ဆာန်များသဖွယ်မျိုးပွားခဲ့ကြသော်လည်း ယခုအခါ လူကြားထဲ ရောက်လာကြသောအခါတွင်မူ ယခင်လို လက်လွတ်စပယ် လိင်ဆက်ဆံခြင်းများ မရှိကြတော့။ သူတို့သည် နီးစပ်ရာ ကျားမ စုံတွဲကာ သာမန်လူများကဲ့သို့ ရေရှည် ဆက်ဆံရေးကို တည်ဆောက်လာကြသည်။ အစပိုင်းတွင် ထိုလူငယ်များသည် အင်းဆက်သတ္တ၀ါများလို သဘာ၀ဗီဇအလျောက်သာ လှုပ်ရှားနေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပိုပြီး တဖြည်းဖြည်း လူပီသလာကြသည်။

သူတို့သည် ပိုးမွှားသတ္တ၀ါများလို စတင်ခဲ့သဖြင့်လည်း ပထမဆုံးစစ်ပွဲကြီးကို အောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုစဥ်က စိတ္တရဒေ၀ီသည် အကျဥ်းကျခံနေခဲ့ရသည်။ ထိုလူငယ်များကို ဦးဆောင်ပေးမည့်သူ မရှိခဲ့။ ထောင်ဂဏန်းမျှသာ ရှိခဲ့သော ထိုလူငယ်များသည် ကောသလတိုင်း၏ သောင်းဂဏန်းမျှရှိသည့် တပ်မတော်ကြီးကို ပုရွက်ဆိတ်အုံ၊ ပျားအုံကြီးက ၀င်ခဲသလို အကြောက်အလန့်မရှိဘဲ တိကျစွာ ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ သေရမည်၊ ထိခိုက်ဒဏ်ရာရမည်ကို ကြောက်လန့်ခြင်းမရှိခဲ့။

ယခု နှစ်ပေါင်းနှစ်ဆယ်မျှကြာသော် ထိုလူငယ်များသည် အသက်များလည်း ပုံမှန်အတိုင်းကြီးလာကြပြီး သာမန်လူများလိုပင် ဖြစ်လာကြသည်။ အမည်နာမများလည်းရှိလာသည်။ ရာထူးများလည်း ထိုက်သင့်သလိုရှိလာကြသည်။ တဖြည်းဖြည်းနှင့် တောအုပ်ကြီးထဲတွင် ပေါက်ပွားခဲ့သော လူတစ်ပိုင်း တိရစ္ဆာန် တစ်ပိုင်းများသည် လူအဖြစ်သို့ အသွင်ပြောင်းလာကြလေသည်။ သို့သော် စိတ္တရဒေ၀ီမှာမူ နှစ်ပေါင်းနှစ်ဆယ်ကြာခဲ့သော်လည်းအသက်ကြီးပြင်းလာခြင်းမရှိဘဲယခင်သက်လေးဆယ့်ငါးနှစ်အရွယ်မှာပင် ရပ်တန့်နေခဲ့လေသည်။ သူမသည် မိန်းကလေးနှစ်ယောက်၏ ၀မ်းဗိုက်များကို ဆေးမင်ကြောင်များ ထိုးပေးခဲ့ပြီးသည်မှစပြီး ယခင်ကထက်ပင် ပို၍ နုပျိုလာသည်ကို သတိထားမိခဲ့သည်။ တိုင်းသူပြည်သားများမှာလည်း သူမ၏ မှော်အစွမ်းများကို သိရှိပြီးဖြစ်သဖြင့် သူမ မအိုမင်းသည့်အဖြစ်ကို အထူးဆန်းလုပ်ပြီး ပြောဆို‌ဝေဖန်ခြင်း မရှိခဲ့ကြ။ သူမသည် တရားနှင့် အညီ တိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့သော်လည်း လူအများက သူမ၏ တန်ခိုးပါ၀ါများကို အမြဲပင် ကြောက်လန့်နေခဲ့ကြသည်။

x    x    x

စိတ္တရဒေ၀ီသည် သူမ၏ ဇာတ်လမ်းကို ခဏရပ်လိုက်သည်။ ယခုအခါတွင် မေစက်နိုင်သည် သူမ၏ အခန်းထဲတွင် ပြန်ရောက်နေပြီး ၀မ်းဗိုက်မှ နာကျင်မှု ‌ ဝေဒနာကြောင့် အိပ်ရာပေါ်တွင် လူးလွန့်နေသည်။

‘ဒါဆို ရှင်.. ရှင့်အသက်က အနှစ်ငါးထောင်ကျော်နေပြီလား’ သူမ အိပ်ရာပေါ်တွင် ခွေနေရင်းမှ မေးလိုက်သည်။

‘ဟုတ်တယ်။ အဲဒီက စတယ်ပဲ ဆိုပါတော့’

‘ရှင်ပြောတာတွေကို ကျွန်မ ဆက်ပြီး သိချင်ပါတယ်။ အခုတော့ ဗိုက်ထဲက အရမ်းနာတယ်။ အဲဒါကို ကုပေးလို့မရဘူးလား’

‘အဲဒါကိုပဲ ငါအခု စဥ်းစားနေတာ။ ငါ ဆေးမင်ကြောင် ထိုးပေးခဲ့သမျှ မိန်းကလေးတွေအားလုံး မျိုးပွားရင်းနဲ့ သားအိမ်တွေပွင့်ပြီး သေသွားခဲ့ရတာချည်းပဲ။ နင့်အလှည့်ကျမှ မသေဘဲ အသက်ရှင်နေတာတော့ ထူးဆန်းတယ်’

‘အား… ကျွတ် ကျွတ်...။ အခုပြောတဲ့ ပထမဆုံးတစ်ခါပြီးတော့ နောက် ဘယ်နှစ်ကြိမ်လောက် အဲဒီ တက်တူးကို ထပ်ထိုးပေးခဲ့သလဲ။ ရှင် တက်တူးထိုးပေးလို့ သေသွားတဲ့ မိန်းကလေးပေါင်း ဘယ်နှစ်ယောက်တောင် ရှိပြီလဲရှင့်...’

‘မရေမတွက်နိုင်ဘူး။ အကြောင်းတွေက အမျိုးမျိုးနဲ့ ပေါ်လာတာချည်းပဲ။ ဒါပေမဲ့ ငါလုပ်ခဲ့သမျှ အကြိမ်တိုင်းမှာ ငါဟာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။ အဲဒီ မမြင်နိုင်တဲ့ စွမ်းအင်ကြီးတစ်မျိုးက ငါ့ကို လုပ်ခိုင်းခဲ့တာ။ ပိရမစ်ကြီးတွေ ဆောက်ဖို့ လူလိုတော့လည်း ငါ မျိုးပွားပေးခဲ့ရတယ်။ အမေဇုန်တောမှာ တောမီးတွေ အကြီးအကျယ်လောင်ပြီး လူတွေဒုက္ခရောက်တော့လည်း ပြန်လည်ထူထောင်ဖို့အတွက် ငါ မျိုးပွားပေးခဲ့ရတယ်။ ကမ္ဘာပေါ်မှာ ကပ်ဘေးကြီးတွေသင့်ပြီး လူတွေ မျိုးတုန်းတော့မယ်ကြံတိုင်း ငါ အဲဒီလို လုပ်ပေးခဲ့ရတယ်။ စစ်ပွဲကြီးတွေဖြစ်တိုင်းလည်း သဘာ၀တရားက နိုင်စေချင်တဲ့ဘက်က စစ်သည်တွေရဖို့ ငါအမြဲ ကူပေးခဲ့ရတာချည်းပဲ...’

‘အဲ… အဲဒီ့ ရှင် မျိုးပွားပေးခဲ့တဲ့ ကလေးတွေက နောက်ဆုံး ဘာတွေဖြစ်သွားကြလဲ’

‘သူတို့ဟာ ငါ့ပထမဆုံး အတွေ့အကြုံကလိုပဲ - အသက် ၂၀ လောက်အထိ အမြန်ဆုံးကြီးထွားပြီး အဲဒီ့အရွယ်ကနေ သေတဲ့အထိက သဘာ၀အတိုင်းပဲ။ သူတို့အားလုံးဟာ လိုအပ်တဲ့ အလုပ်ကို လုပ်ပြီးရင် သာမန်လူတွေလိုပဲ လူ့လောကထဲကို ရောနှော၀င်ရောက်သွားကြတာပါပဲ။ သူတို့ရဲ့ ဆွေစဥ်မျိုးဆက်တွေကို ငါလိုက်လည်း မှတ်မနေတော့ဘူး။ အဲဒါဟာ အရေးလည်း မကြီးတော့ဘူးလေ’

‘ဒါဆို… ကျွန်မရဲ့ သား...’

ထိုစကားကို ကြားလျှင် စိတ္တရဒေ၀ီသည် ကုတင်ပေါ်တွင် ဗိုက်ကိုဖိကာ လဲလျောင်းနေသော မိန်းကလေး၏ အနားသို့ မျက်နှာကို ကပ်ပြီး ပြောလိုက်သည်။

‘ဒီမှာ မေစက်နိုင်။ နင့်ဗိုက်ထဲက ထွက်သွားတယ်ဆိုပေမဲ့ ဒီလူငယ်ဟာ နင့်ရဲ့ သားလို့ သဘောထားလို့မရဘူး။’

‘ဒါဆို သူက ဘာလဲ။ ကျွန်မက ဘယ်လို သဘောထားရမလဲ’

သူမ၏ အမေးကို စိတ္တရဒေ၀ီ မဖြေနိုင်ခဲ့။

‘ငါ နှစ်ပေါင်းများစွာကြာအောင် ဒီ စွမ်းအင်ကြီးရဲ့ ခိုင်းသမျှကို လိုက်လုပ်ခဲ့ရတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ငါဟာ အသက်သာ ဆက်ရှင်နေပေမဲ့ ငါ့ရုပ်ရည်ဟာ တဖြည်းဖြည်း အိုမင်းလာတယ်။ နင်အခုတွေ့ရတဲ့ ငါ့ပုံရိပ်ဟာ တန်ခိုးနဲ့ ဖန်ဆင်းထားတာပဲ။’

‘အား… စိတ္တရဒေ၀ီ… ဗိုက်ထဲက နာလွန်းလို့ သေပါတော့မယ်။ ကယ်ပါဦးရှင်’

စုန်းမကြီးသည် တစုံတခုကို စဥ်းစားနေသည်။

‘နင်အ၀တ်တွေ ချွတ်လိုက်’

‘ရှင်...’

‘နင့်ရဲ့ တက်တူးကို ငါကြည့်မလို့။ ဒါမှ ဘယ်လို ဆေးကုပေးရမလဲဆိုတာ သိမှာ’

မေစက်နိုင်သည် ‌ ဝေဒနာပျောက်ချင်လွန်းသဖြင့် သူမ၀တ်ထားသော အ၀တ်အစားများကို ချွတ်လိုက်သည်။ စိတ္တရဒေ၀ီက မေစက်နိုင်ကို ကုတင်ပေါ်တွင် ပက်လက်အနေအထား အိပ်နေခိုင်းလိုက်၏။ မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်း ဆီးခုံနားရှိ တက်တူးထဲမှ အနီရောင် မီးတောက်မီးလျှံများသည် တလွန့်လွန့်လှုပ်ရှားနေသည်။ မီးတောက်များသည် တကယ်ပင် အသက်၀င်နေသလို။ အတွင်းထဲမှ ကလီစာများကို လှိုက်စားလောင်ကျွမ်းပြီး အပြင်သို့ တိုးထွက်တော့မလို။ စိတ္တရဒေ၀ီသည် ထိုမီးတောက်များကို စူးစမ်းစွာကြည့်နေသည်။

‘ငါ ဒီလိုဟာမျိုး တခါမှ မမြင်ဖူးဘူး’

‘ဒါ… ဒါ.. ရှင်ပဲ ထိုးပေးခဲ့တာလေ။ ရှင့် လက်သည်းကြီးတွေနဲ့ ထိုးပေးခဲ့တာလေ…။ အခု ပြန်ဖျောက်ပေးလို့ မရတော့ဘူးလား… အား ကျွတ်ကျွတ်’

စိတ္တရဒေ၀ီ သူမ၏ လက်သည်းချွန်ကြီးများကို ငုံ့ကြည့်မိသည်။

‘ငါထိုးပေးခဲ့တာမဟုတ်ဘူး မိန်းကလေး။ ဒီလက်သည်းကြီးတွေက သူ့အလိုလို ထိုးပေးခဲ့တာ။ ငါ ဒီလက်သည်းတွေကို အကြိမ်ကြိမ် လှီးဖြတ်ခဲ့ပြီးပြီ…။ ဒါတင်မကဘူး….’

စုန်းမကြီးသည် မျက်လုံးကြီးပြူးပြီး မေစက်နိုင်၏ အ၀တ်မပါသော ကိုယ်လုံးကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

‘ဒါတင်မကဘူး...။ ဒီလက်သည်းကြီးတွေ ပြန်မပေါက်တော့အောင် ငါ့လက်ချောင်းတွေရော၊ ငါ့ လက်မောင်းအထိရော၊ အကြိမ်ကြိမ် ငါခုတ်ဖြတ်ခဲ့ပြီးပြီ….’

မေစက်နိုင် နာကျင်နေရင်းမှ အမျိုးသမီးကြီးကို ခြောက်ခြားစွာ လှမ်းကြည့်မိသည်။

‘ဒါပေမဲ့ ဒီလက်တွေ.. ဒီလက်တွေဟာ အကြိမ်ကြိမ် .. သူ့အလိုလို ပြန်ပေါက်လာတာချည်းပဲ… သစ်ပင်ကြီးကနေ ပြန်ပေါက်လာတဲ့ သစ်ကိုင်းကြီးတွေလိုပဲ မိန်းကလေး...’

‘အား ကယ်ပါရှင့်၊ မြန်မြန်ကယ်ပါ။ ကျွန်မသေပါတော့မယ်။ ရှင်လုပ်ခဲ့သမျှ ရှင့်ကြောင့် သေခဲ့သမျှ မိန်းကလေးတွေအတွက် နောင်တရတယ်ဆိုရယ်၊ အဲဒီအပြစ်တွေကို ပြန်ပေးဆပ်ချင်တယ်ဆိုရင် ကျွန်မကို ကယ်ပါရှင်’

‘ကောင်းပြီ။ ငါလုပ်လို့ရမှာ တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ နင့်ရဲ့ သားအိမ်ကို ထုတ်ပစ်လိုက်ဖို့ပဲ။ ဒီသားအိမ်မရှိတော့ရင် နင် မျိုးမပွားနိုင်တော့ဘူး။ နင်မျိုးမပွားနိုင်ရင် ဒီ တက်တူးဟာလည်း အလကားဖြစ်သွားပြီ။ နင့်ကို ဒုက္ခမပေးနိုင်တော့ဘူး’

မေစက်နိုင် ထိုအကြံကို မနှစ်သက်သော်လည်း ပြင်းထန်လွန်းသော ‌ ဝေဒနာကြောင့် သဘောတူလိုက်ရသည်။ စိတ္တရဒေ၀ီသည် မေစက်နိုင်၏ ပေါင်လုံးများအပေါ်တွင် ခွကာ တက်ထိုင်လိုက်သည်။ သူမကိုယ်ပေါ်တွင် ခြုံထားသော အနီရောင် ၀တ်ရုံကြီးကို ချွတ်ချလိုက်သည်။ မေစက်နိုင်၏ အသားအရေမှာ ၀ါ၀င်းသလောက် စိတ္တရဒေ၀ီ၏ အသားအရေသည် ကျောက်ဖြူသားလို ဖြူဖွေးအေးစက်နေလေသည်။ စိတ္တရဒေ၀ီသည် အ၀တ်မဲ့နေသော မိန်းကလေး၏ ဗိုက်သားပြင်ကို သူမ၏ ချွန်ထက်ရှည်လျားသော လက်သည်းကြီးများနှင့် ညင်သာစွာ ထိလိုက်သည်။ မေစက်နိုင်တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။

‘နာ… နာမှာလား.. စိတ္တရဒေ၀ီ...’

‘နင် အခုနာနေတာထက်တော့ ဘယ်လိုမှ ပိုမနာနိုင်ဘူး မေစက်နိုင်’

‘ဒါဆိုလည်း ကောင်းပါပြီရှင်… ကျွန်မရဲ့ သားအိမ်ကို မြန်မြန်သာ ထုတ်လိုက်ပါတော့’

စိတ္တရဒေ၀ီသည် သူမ၏ မှော်အစွမ်းကို သုံးပြီး လက်သည်းချွန်ကြီးများကို မိန်းကလေး၏ ၀မ်းဗိုက်ထဲသို့ တဆုံးစိုက်ချလိုက်သည်။

‘အားးးး… အားးး. အ အ… အူးးးး’

ယခင် ဖျစ်ညှစ်ထားသလို တင်းမာနာကျင်နေသည့်နေရာတွင် ဓားမြှောင်နှင့် စိုက်ချလိုက်သလို စူးကနဲ နာကျင်မှုက ထပ်တိုးသွားသည်။ မေစက်နိုင် တိရစ္ဆာန်တစ်ကောင်လို အော်ညည်းလိုက်၏။ စိတ္တရဒေ၀ီသည် လက်သည်းများသာမက သူမ၏ လက်ချောင်းကြီးများကိုပါ ၀မ်းဗိုက်အတွင်းသို့ရောက်အောင် တန်ခိုးနှင့် ထိုးသွင်းလိုက်လေသည်။ လက်ချောင်းများအထဲရောက်သွားလျှင် မိန်းကလေး၏ ၀မ်းဗိုက်အောက်ပိုင်းမှ သားအိမ်ကို လက်ချောင်းထိပ်များနှင့် စမ်းပြီး ရှာဖွေနေမိသည်။

‘အလို… ဒါက ဘယ်လိုဖြစ်တာပါလိမ့်’

ထိုစဥ်မှာပင် မေစက်နိုင်၀မ်းဗိုက်အရေပြားပေါ်ရှိ မီးတောက်တက်တူးများသည် တဖြည်းဖြည်း လှုပ်ရှားလာပြီးလျှင် ၀မ်းဗိုက်ထဲမှ အမှန်ပင် တလွန့်လွန့် တိုးထွက်လာပြီး စိတ္တရဒေ၀ီ၏ လက်ကောက်၀တ်နှစ်ဘက်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာလေတော့သည်။

‘ဟင်… အလွန်ပူပြင်းလှပါလား’

စိတ္တရဒေ၀ီ၏ လက်နှစ်ဘက်လုံး မီးမြှိုက်ခံထားရသလို ပူပြင်းလှသော ‌ေ၀ဒနာကို ခံစားလာရလေသည်။ သူမ လက်ချောင်းများကို ၀မ်းဗိုက်ထဲမှ ပြန်ဆွဲထုတ်ရန် ကြံလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီ။ သူမ၏ လက်ချောင်းများသည် မေစက်နိုင်၏ ၀မ်းဗိုက်ထဲမှ သားအိမ်ကို မစမ်းမိခဲ့။ သားအိမ်အစား ၀မ်းဗိုက်ထဲမှ အခြားသော တစုံတရာက စိတ္တရဒေ၀ီ၏ လက်ချောင်းများကို ဖမ်းဆွဲလိုက်လေသည်။ ထိုတစုံတရာသည် မွေးကင်းစကလေးငယ်၏ လက်ကလေးများလိုပင်။ စုန်းမကြီး၏ လက်ချောင်းထိပ်တစ်ခုစီကို မွေးကင်းစကလေး၏ လက်သေးသေးလေးတစ်ဘက်စီက မြဲမြံစွာ ဖမ်းဆုပ်ထားသလို ခံစားလိုက်ရလေသည်။ သူမ ၀မ်းဗိုက်ထဲမှ လက်များကို ပြန်ဆွဲထုတ်၍ မရတော့ချေ။

‘လွှတ်စမ်း။ ငါ့လက်တွေကို အခုလွှတ်… နင်.. နင် ဘယ်သူလဲ’

စိတ္တရဒေ၀ီ သူမ၏ အနှစ်ငါးထောင်ကျော် သက်တမ်းအတွင်း မတုန်လှုပ်စဖူး တုန်လှုပ်သွားမိသည်။ သူမတွင် ရှိသမျှ တန်ခိုးများကို သုံးပြီး မေစက်နိုင် ၀မ်းဗိုက်ထဲမှ လက်နှစ်ဘက်ကို ပြန်လည်နှုတ်ယူရန် ကြိုးစားနေမိသည်။ အခန်းထဲရှိ လျှပ်စစ်မီးများ တဖျတ်ဖျတ်ခတ်လာပြီး တခန်းလုံးလည်း ငလျင်လှုပ်သလို တုန်ခါလာသည်။ မေစက်နိုင်မှာမူ နာကျင်လွန်းသဖြင့် မျက်ဖြူလန်နေရှာသည်။ ဘာတွေဖြစ်နေသည်ကို သူမလည်း မသိတော့ချေ။ မေစက်နိုင်၏ သားအိမ်အတွင်းမှ လက်ချောင်းသေးသေးလေးများသည် စိတ္တရဒေ၀ီ၏ လက်နှစ်ဘက်ကို အားကောင်းစွာ ဆွဲယူနေသည်။ တက်တူးပေါ်မှ မီးတောက် မီးလျှံများက စိတ္တရဒေ၀ီ၏ လက်ဖျံနှစ်ဘက်အထိ တဖြည်းဖြည်း လောင်ကျွမ်းစပြုလာသည်။

သူမသည် နှစ်ငါးထောင်ကျော်သက်တမ်းအတွင်းတွင် အသက်ဇီ၀များကို ဖန်ဆင်းခဲ့သည်။ သို့မဟုတ် - အသက်ဇီ၀ဖန်ဆင်းရှင်၏ စေခိုင်းခြင်းကို ခံခဲ့ရသည်။ သို့သော် သူမ ရှာနေခဲ့သော ဘ၀အဓိပ္ပါယ်ကို မတွေ့ခဲ့ရ။ မေစက်နိုင်သည် ထူးခြားသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း သူမ ရိပ်မိခဲ့သည်။ ယခုမူ မေစက်နိုင် ဘာကြောင့် ထူးခြားရသနည်းဆိုသည်ကို စိတ္တရဒေ၀ီ သိရှိခဲ့လေပြီ။

မေစက်နိုင်သည် စိတ္တရဒေ၀ီ ရှာဖွေနေခဲ့သော တစ်ခုတည်းသော အရာပင်လား။ မေစက်နိုင်သည် နှစ်‌ပေါင်းငါးထောင်ကျော် ပင်ပန်းနွမ်းနယ်နေခဲ့သော ပုဏ္ဏေးမကြီး၏ နောက်ဆုံးနားခိုရာပင်လား။ စုန်းမကြီးသည် စိတ်ကို လျှော့ချလိုက်သည်။ သူမ၏ လက်နှစ်ဘက်ကို ပြန်ဆွဲမထုတ်တော့ဘဲ အဖြစ်အပျက်များနှင့် အလိုက်သင့် နေလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းတွင် စိတ္တရဒေ၀ီသည် စိတ်၏ ငြိမ်းချမ်းခြင်းကို ခံစားလိုက်ရသည်။ သူမ၏ ရုပ်သည် အသက်သုံးဆယ်ကျော် ချောမောလှပသော အမျိုးသမီးတစ်ဦးအဖြစ်မှ အလွန်အိုမင်းရင့်ရော်လှသော အဘွားအိုကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ အဘွားအိုကြီးသည် အိုမင်းလှသဖြင့် အသက်ကိုပင် ခန့်မှန်းရန် ခက်လှပေသည်။ သူမ၏ အရေပြားများသည် ပက်ကြားအက်နေကြပြီး ကိုယ်ပေါ်မှ ပဲ့ကြွေကျကုန်မလားဟုပင် ထင်ရသည်။ ယခင်က တင်းရင်းနေခဲ့သော ရင်သားအစုံသည် ပျော့တွဲပြီးကျနေသည်။ စိုပြေမှု နုပျိုမှုဟူ၍ တစ်စက်မျှ မရှိတော့သော ခန္ဓာကိုယ်ကြီး။ ဤခန္ဓာကိုယ်ကြီးပေါ်တွင် မှီတွယ်နေပြီး စိတ္တရဒေ၀ီသည် အသက်ဇီ၀ကို ဖန်ဆင်းဖို့ စိတ်ကူးယဥ်ခဲ့မိသည်။ မိမိကိုယ်တိုင်ပင် မပိုင်ဆိုင်သော အသက်ဇီ၀ကို စိတ္တရဒေ၀ီသည် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် အယူမှားမိခဲ့သည်။ သူမ ရေးထိုးခဲ့သော တက်တူးပေါင်းများစွာသည် သူမ၏ စိတ်အာရုံတွင် ဓာတ်ပုံကားချပ်များပမာ တစ်ခုပြီးတစ်ခု ထင်ဟပ်လာကြသည်။

ယခုအခါ သူမ၏ လက်မောင်းရင်းအထိ မေစက်နိုင်၏ ၀မ်းဗိုက်ထဲသို့ နစ်မြုပ်၀င်နေပြီဖြစ်သည်။ တက်တူးပေါ်မှ မီးတောက်မီးလျှံများသည် သူမ၏ လည်ပင်းအထိ ထိုးတက် ၀ါးမျိုနေတော့သည်။ မေစက်နိုင်သည် ယခုအခါ သတိလစ်မေ့မျောသလိုပင် ဖြစ်နေသည်။ သူမ၏ ၀မ်းဗိုက်ထဲမှ နာကျင်မှုသည် တဖြည်းဖြည်း တိုးလာလိုက်၊ လျော့သွားလိုက်။ တစုံတရာကို ဖမ်းဆုပ်ထားသလို ခံစားမှုမျိုးကြီး။ သို့သော် ထို ဖမ်းဆုပ်ထားခြင်းကို လွှတ်ချလိုက်လျှင် အင်မတန်မှ နေလို့ကောင်းသွားမည့် ခံစားမှုမျိုး။ မေစက်နိုင် အားတင်းကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

‘အမလေး… ဘုရား ဘုရား...’

သူမခန္ဓာကိုယ်ထဲသို့ စိတ္တရဒေ၀ီ၏ ကိုယ်လုံးကြီးသည် တရွေ့ရွေ့တအိအိ မြုပ်၀င်နေလေသည်။ စပါးကြီးမြွေကြီးက သားကောင်ကို ၀ါးမျိုနေသလိုပင်။

‘အား…..’

မေစက်နိုင် အာခေါင်ခြစ်အော်ကာ ကြောက်လန့်လွန်းသဖြင့် သတိလစ်မေ့မျောသွားတော့သည်။

x     x     x

ခဏနေလျှင် မေစက်နိုင် သတိပြန်ရလာသည်။ သူမ အိပ်ရာပေါ်တွင် ရှိနေသည်။ စိတ္တရဒေ၀ီကို မတွေ့ရတော့။ အခန်းထဲတွင် မေစက်နိုင်တစ်ယောက်တည်းသာ ရှိတော့သည်။

‘ငါ့.. တက်တူး’

သူမ ငုံ့ကြည့်လိုက်ပြန်လျှင် ၀မ်းဗိုက်ပေါ်တွင် တက်တူးရှိသေးသည်ကို တွေ့လိုက်ရသည်။ သို့သော် နာကျင်မှု‌ဝေဒနာကား အလျဥ်းမရှိတော့ချေ။

‘စိတ္တရဒေ၀ီ ဘယ်ရောက်သွားလဲ’

ထိုအခါမှ သတိမလစ်မိကလေးတင် သူမတွေ့ခဲ့ရသော မြင်ကွင်းကြီးကို မှတ်မိသွားသည်။ အလို.. စုန်းမကြီးသည် သူမ၏ ကိုယ်ထဲ ရောက်သွားပြီလား။ မေစက်နိုင် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

‘ကလင်.. ကလင်...’

လူခေါ်ခေါင်းလောင်းသံကြောင့် နဂိုကတည်းက ကြောက်နေသော မေစက်နိုင် တုန်တက်သွား၏။ သူမ ည၀တ်ရုံကို ကောက်၀တ်ပြီး အိမ်ရှေ့ခန်းသို့သွားကာ တံခါးချောင်းကြည့်ပေါက်မှ ချောင်းကြည့်လိုက်သည်။ တံခါးရှေ့တွင် ရပ်နေသူမှာ သူမ၏ သူငယ်ချင်း လင်းလက်။ တမြန်နေ့ည နိုက်ကလပ်သွားတုန်းက ၀တ်စုံကို ၀တ်ထားဆဲပင် ရှိသေးလေသည်။ သူမ တံခါးဖွင့်ပေးလိုက်လျှင် လင်းလက်သည် မေစက်နိုင်ကို ၀မ်းသာအားရပြေးဖက်လိုက်လေသည်။

‘မေစက်။ ငါဖြင့် စိတ်ပူလိုက်ရတာ။ ညက နင်ဘယ်ပျောက်သွားတာလဲ’

မေစက်နိုင် စဥ်းစားလိုက်လျှင် မနေ့ညက အဖြစ်အပျက်များသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကလို ဖြစ်နေလေသည်။

‘ငါ အမူးလွန်သွားတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ပါဘူး အိမ်ပြန်ရောက်လာတာပဲ။ နင်က အခုထိ ဘာလို့ အ၀တ်အစားမလဲရသေးတာလဲ’

လင်းလက်ကို အိမ်ထဲသို့ ခေါ်သွင်းရင်း သူမ မေးလိုက်မိသည်။ လင်းလက် အမူအယာပျက်သွား၏။

လူလိမ်မ...

ဟင်….။

မေစက်နိုင် ဖျတ်ကနဲ တုန်လှုပ်သွားသည်။ သူမ၏ ခေါင်းထဲတွင် ...လူလိမ်မ.. ဟု တစ်စုံတစ်ယောက်က ပြောလိုက်သည်ကို ကြားလိုက်ရသောကြောင့်ပင်။

လူလိမ်မ.. လင်းလက်...။

အသံကို ထပ်ကြားလိုက်ရပြန်သည်။ မေစက်နိုင် သူမကိုယ်သူမ ရူးနေပြီလားလို့ ထင်လိုက်၏။

‘လင်းလက် - သူငယ်ချင်း’

မေစက်နိုင် လင်းလက်၏ လက်ကို လှမ်းကိုင်လိုက်သည်။ သူမတို့နှစ်ဦး လက်အချင်းချင်း ထိလိုက်သည်နှင့် မေစက်နိုင်၏ စိတ်အာရုံထဲတွင် ပုံရိပ်များသည် ရုပ်ရှင်ပြသလို ဖျတ်ကနဲ ဖျတ်ကနဲ ပေါ်လာသဖြင့် သူမ တဆတ်ဆတ် တုန်ခါသွားသည်။

‘ဟဲ့ မေစက်.. ဘာဖြစ်နေတာလဲ။ နင်နေကောင်းရဲ့လား’

မေစက်နိုင် တွေ့လိုက်ရသည်များမှာ သူမ၏ အချစ်ဆုံးသူငယ်ချင်း လင်းလက်နှင့် သူမ၏ ရည်းစားဟောင်း ဇင်ကိုတို့၏ ပွေ့ဖက်နမ်းရှုပ်ကာ ပျော်ပါးနေကြသော အိပ်ရာပေါ်မှ ပုံရိပ်များ...။

‘လင်းလက်.. နင်… နင်’

သူမ – လင်းလက်ကို မယုံနိုင်သော မျက်လုံးများနှင့် ကြည့်လိုက်မိသည်။

‘ငါဘာဖြစ်လို့လဲ မေစက်။ ထိုင်ပါဦး။ နင်စိတ်တွေထိန်းစမ်းပါဦးဟာ’

‘ငါ ဘာစိတ်ကို ထိန်းရမလဲ လင်းလက်။ နင် ဇင်ကိုနဲ့ ဖြစ်နေတယ်မဟုတ်လား။ ဟင်.. ငါ စင်္ကာပူမှာတုန်းက ဇင်ကိုနဲ့ ဖောက်ပြန်နေခဲ့တာ နင်ပဲ မဟုတ်လား လင်းလက်...။ နင် .. နင် တကယ်လုပ်ရက်တာပဲ...’

လင်းလက် ပြူးကျယ်သော မျက်လုံးများဖြင့် မေစက်နိုင်ကို ကြောင်ကြည့်နေမိသည်။

‘မေစက်။ နင်ဘယ်လို သိသွားတာလဲ။ အခုပဲ ငါနင့်ကို ပြောပြမလို့ပါ’

‘ငါ ဘယ်လိုသိလဲဟုတ်လား။ အဲဒါ အရေးမကြီးဘူး လင်းလက်။ နင်ဟာ ဒီလို မိန်းမမျိုးဆိုတာ ငါ အစကတည်းက သိခဲ့ဖို့ကောင်းတယ်။ နင် ဘာအလုပ်မှမလုပ်ပဲ ရုပ်ကလေးဗန်းပြပြီး ပိုက်ဆံရှိတဲ့ ယောကျ်ားတွေဆီက ခြူစားနေတဲ့ မိန်းမတစ်ယောက်ဆိုတာ သိလျက်နဲ့ သူငယ်ချင်းအဖြစ်ပေါင်းခဲ့မိတာကိုက ငါ့အမှားပဲ။ နင်ဟာ တကယ်တော့ ပရော်ဖက်ရှင်နယ် စနိုက်မတစ်ယောက်ပဲ’

တသက်လုံး ရိုးရိုးအေးအေးလေး နေခဲ့သော မေစက်နိုင် ယခုတော့ လုံး၀ပြောင်းလဲသွားလေပြီ။ သို့သော် နဂိုကပင် ဇရှိသော လင်းလက်သည် သူမအား စော်ကားသော စကားများကို သည်အတိုင်း ငြိမ်မခံနေနိုင်တော့။

‘ဘာပြောတယ်။ နင်ကများ ငါ့ကို စော်စော်ကားကား။ နင့်ကောင်ကို နင်မထိန်းနိုင်လို့ ဟိုအကောင်က ရွပြီး ငါ့ဆီလာတာလေ။ နင့်ဘာသာ အသုံးမကျလို့ ပျင်းစရာကောင်းလို့ ယောကျ်ားတစ်ယောက်ကိုတောင် ငြိမ်အောင် မထိန်းနိုင်တာ။ အခုမှ ဘာတွေလာပြောနေတာလဲ မေစက်နိုင်။ ငါနဲ့ပေါင်းပြီးမှ လူရုပ်ထွက်လာတဲ့ တောသူမရုပ်နဲ့ဟာမကများ’

သတ်ပစ်လိုက်….

နိုး…

ခေါင်းထဲမှ အသံထွက်လာပြန်သည်။ အသံသည် မိန်းမသံ။ စိတ္တရဒေ၀ီ၏ အသံများလား။ သူမ အတပ်မပြောနိုင်ချေ။ မေစက်နိုင် အသံ၏ ခိုင်းစေချက်ကို မနာခံပဲ ခေါင်းခါလိုက်သည်။

သတ်ပစ်ဖို့ထက် ကောင်းတဲ့အကြံရှိတယ်…

ကိုယ့်အကြံကိုယ် သဘောကျသဖြင့် မေစက်နိုင် ပြုံးလိုက်သည်။ လင်းလက် သူမကိုကြည့်ပြီး စိတ်ဖောက်ပြန်သွားပြီဟု ထင်လိုက်မိသည်။

‘အစက နင့်ကိုငါ အမှန်အတိုင်း ဖွင့်ပြောပြီး တောင်းပန်ဖို့လာတာပဲ။ အခုတော့ နင်ငါ့ကို စော်ကားလို့…. အစ် အစ် အစ်...’

လင်းလက် စကားဆုံးအောင် မပြောနိုင်ဘဲ လည်ပင်းကို လက်နှင့် အုပ်ကိုင်လျက်က တစ်ကိုယ်လုံး လေထဲသို့ မြောက်တက်သွားသည်။ မေစက်နိုင်သည် လက်နှစ်ဘက်ကို ဆန့်တန်းပြီး လင်းလက်ကို အသံတိတ်စေကာ လေထဲသို့ ဆွဲမြှောက်လိုက်ခြင်းပင်။

မေစက်နိုင်၏ မျိုးပွားတက်တူးက စိတ္တရဒေ၀ီကို ၀ါးမျိုလိုက်သဖြင့် ယခုအခါ မေစက်နိုင်သည် စိတ္တရဒေ၀ီ၏ တန်ခိုးစွမ်းရည်များအားလုံးကို ပိုင်ဆိုင်သွားလေပြီတည်း။

x     x     x

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..