မ​နွမ်းပေမယ့် ပန်းတချို့ ကြွေခဲ့ဖူးသည်။
lotaya.mpt.com.mm
|
2022-02-01

အခန်း၁။

သိန်းမောင်  'အာကာကျော်' ဘီယာဆိုင်က ထတော့ ညနေ ၆နာရီထိုးပြီ။ 

မြို့ရောက်တုန်း အကင်နဲ့ စည်ဘီယာ လတ်လတ်ဆတ်ဆတ်လေးသောက်ရတာမို့  ၄ခွက်အထိ သောက်ဖြစ်သွား၏ ။ 

ဒီကနေ့  မြို့ကို ရောက်နေရခြင်း အကြောင်းရင်းခံက  ညနေ ၄နာရီခန့်မှာ သူတို့ လေးမျက်နှာရွာက ' စည်တော်' ဘုန်းကြီးကျောင်းကို ရောက်နေသော အာဂန္တု သံဃာတစ်ပါးက  မြို့ကို ပြန်လိုက်ပို့ပေးဖို့ သူ့ ဆိုင်ကယ်ကို ငှားရမ်းခဲ့ခြင်းကြောင့်ဖြစ်သည်။ 

သိန်းမောင်တို့လင်မယားက ရွာမှာ ကွမ်းယာဆိုင်လေး ဖွင့်ထားသည်။ လာငှါးသူရှိလျင် ဆိုင်ကယ်ကယ်ရီလိုက်သည်။

လေးမျက်နှာရွာနဲ့ ကျောက်တလုံးမြို့က ၂မိုင်သာသာ ဝေး၏။ 

မြေသားလမ်းပေါက်သည်။ လမ်းကျဥ်းပေမဲ့ ယခုလို နွေအခါဆို လမ်းက ပြေပြစ်ညီညွတ်၏။

သိန်းမောင်တို့ဆိုင်က ကွမ်းယာဆိုင်ဆိုပေမယ့်၊ ကလေးစားစရာ သရေစာမုန့်

စုံလည်း ရသလို၊ ဓာတ်ဆီလည်း ရေသန့်ဘူးနဲ့ လက်လီ ရောင်း၏။ 

သူ ဆိုင်ကယ် ကယ်ရီလိုက်ချိန်ဆို သူ့မိန်းမ မလုံးက ဆိုင်ထိုင်ပေးသည်။

ထို့ကြောင့် သိန်းမောင်သည် မြို့ရောက်တုန်းရောက်ခိုက် အေးအေးလူလူ သောက်နေခြင်း ဖြစ်သည်။

အပြန်ခရီးမှာ မလုံးနှင့် သား နှစ်ယောက်အတွက်ဆိုပြီး ခေါက်ဆွဲကြော် ၂ပွဲ ပါဆယ်ဆွဲလာခဲ့သည်။

မလုံးရော သားနှစ်ယောက်ကပါ ဒီဆိုင်က ခေါက်ဆွဲကြော် အရမ်းကြိုက်၏။

သိန်းမောင် သီချင်းလေး တကြော်ကြော်နဲ့ ဆိုင်ကယ်ကို ပုံမှန်မောင်းလာလိုက်သည်မှာ၊ စိန်နပန်ခြုံများ ထူထပ်စွာပေါက်နေသည့် ဦးလူဝ ရိုးပြတ်တောလေးသို့ ရောက်လာပြီ ဖြစ်သည်။

သူ့ဆိုင်ကယ်ရှေ့မီးက သိပ်မကောင်း။ 

ဝါကျင့်ကျင့်ဖြစ်နေပြီ။ 

သူ့လက်ထဲ ဒီစူပါကပ်ဆိုင်ကယ်လေး ရောက်လာခဲ့တာကလည်း ၂နှစ်ကျော်ခဲ့ပြီမဟုတ်လား။ 

အဲ့ဒီတော့ အကျဘက် ရောက်နေပြီပေါ့။

အင်ဂျင်လေးကတော့ ကျဆွဲ  ဆွဲနေလို့ တော်သေး၏။

ဦးလူဝရိုးပြတ်တောက ညာဘက်တလျောက်လုံး စိန်နပန်ခြုံတွေ ပြိုင်းထနေ၏။

ကုက္ကိုတို့ မန်းကျီးတို့ ပင်ခြေမမြင်ရ။  

လမ်း၏ဘယ်ဘက်၌ လယ်ကွင်းတွေက တမျှော်တခေါ်။ 

ရွာတွေဆိုတာ မြို့လို ညဘက် လူထွက်ကြတာမဟုတ်ဘူး။ ၇နာရီသာသာဆို ကိုယ့်အိပ်ယာ ကိုယ်ဝင်ကြပြီ။ 

မနက်ကျ လယ်ယာလုပ်ငန်းခွင် စောစောဝင်ကြရသည်။ နေ မပြင်းခင် ငန်းသတ်ကြရသည်။

ဒါမှ လူသက်သာ၏။

အခုလည်း ရိုးပြတ်တောတလျောက် လူပြတ်နေ၏။ 

သိန်းမောင်ကတော့ သီချင်းတအေးအေးနဲ့ ဖြည်းဖြည်းချင်း မောင်းနေလျက်ပဲ။

" နွေဦးရောက်ရင် ...နှင်းလည်း ပျောက်ပြီလေ ..."

 "  နှင်း ... ငွေရောင်ဖြူလွ တူစွသဏ္ဍာန်ပေ ...အင်ဟင်ဟင်" 

သီချင်းဆိုရင်း သိန်းမောင်အသံက တိမ်ဝင်သွားသည်။

 သူ့ရှေ့တည့်တည့် ဝါးတရိုက်သာသာလောက်မှာ ၊ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်လှပသော မိန်းမတယောက်က သူ့အား ကျောပေးလမ်းလျှောက်နေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။ 

" ဟင်  ဒီအချိန်ကြီး ဘယ်သူများပါလိမ့် ၊ ဆံပင်ကလည်း အရှည်ကြီး ၊ တင်ပါးတောင်ဖုံးတယ်။ ငါတို့ရွာဘက်ကတော့ ဟုတ်ဟန်မတူဘူး ၊ ဧည့်သည်များလား"

    ခပ်လှမ်းလှမ်းက မြင်ရသည်ဆိုတော့ သိပ်ပြီး မသဲကွဲဘူး။လက်ဆွဲခြင်းတလုံးကို လက်ကကိုင်ပြီး လျှောက်နေသည်။

အနီးကပ်မှ ထိုအမျိုးသမီးသည် ကျောင်းစိမ်းထဘီနှင့်မှန်း သိလိုက်ရလေ၏။ 

" ဟင်! ဆရာမလေး ပါလား။ဒါ  ငါတို့ရွာက ဆရာမလေး မခင်လေးနွယ်မဟုတ်လား ၊ ဆရာမလေးက ဘာလို့ လမ်းလျှောက်ပြန်လာတာလဲ။ သူ့မှာ ဆိုင်ကယ် ရှိတာပဲဥစ္စာ ၊ အော် ... ဆိုင်ကယ်ပျက်လို့နဲ့တူတယ် "

သိန်းမောင် မစဥ်းစားမိတာက ဒီကနေ့သည် ကျောင်းပိတ်ရက် ဖြစ်သည်ဆိုတာကိုပင်။ 

ယခု သူမြင်နေရတာက ဆရာမ မခင်လေးနွယ်သည် အဖြူအစိမ်း ယူနီဖေါင်း အပြည့်အစုံ ဝတ်ထား၏။ ဒါ ထူးခြားနေတာအမှန်ပင်။

သိန်းမောင် ဆိုင်ကယ်ကို ဆရာမလေး အနီးမှ အနည်းငယ် ဖြတ်ကျော်လိုက်ပြီး  ရှေ့နားမှာ ရပ်လိုက်သည်။ ပြီးတော့ လည်ပြန်စောင်းပြီး

" ဆရာမလေး  ဘယ်ကပြန်လာတာလဲ ။ ကျနော် သိန်းမောင်ပါ ဆရာမ။ဆရာမ အတန်းထဲက  သံချောင်းတို့ သံခဲတို့အဖေလေ "

ဆရာမလေးက သိန်းမောင်နှင့် မလှမ်းမကမ်းမှာ ရပ်လိုက်သည်။ 

ညက လမိုက်ညဆိုတော့ ကြယ်ရောင် အလင်းဖျဖျသာ ရှိ၏။ 

ဆရာမလေးကို ကောင်းစွာ မှတ်မိနေလို့သာ တော်တော့သည်။ 

" ဆရာမ  ရွာကျောင်း ပြန်မှာမို့လား၊ လာလေ ကျနော့်ဆိုင်ကယ်နဲ့ လိုက်ခဲ့လိုက် ဆရာမ၊ ကျနော်လည်း ရွာပြန်မှာ "

ဆရာမလေးက သိန်းမောင် မျက်နှာကို အသေအချာ ကြည့်သည်။ 

နောက်တော့ သိန်းမောင်ကို မှတ်မိသွားသည်လား မသိ။ ခေါင်းငြိမ့်ပြသည်။ 

အဲ့ဒီအချိန် တောင်ဘက်က လေပြေလေးက ဝေ့ခနဲ တိုက်လာ၏။ 

စိန်နပန်ခြုံတွေပင် တလှုပ်လှုပ် ဖြစ်သွားသည်။ ပင်ကုက္ကိုပေါ်က ငှက်ဆိုးတကောင်က တဂီးဂီးတဂစ်ဂစ်နဲ့ အော်ဟစ် ပျံသန်းသွားသည်။ 

ဝေ့ဝဲလာတဲ့ လေပြေထဲမှာ အပုပ်နံ့တခုက ထောင်းထောင်းထ ပါလာ၏။

ရုတ်တရက်ဆိုတော့ သိန်းမောင် ယင်းအနံ့ကြောင့် ပျို့တက်သွား၏။ 

" ဝေါ့   ထွီ ... "

သိန်းမောင် အပြုအမူကြောင့်လားမသိ။ ဆရာမလေးက နောက်ကို ခြေတလှမ်း ဆုတ်၏။

" ကန်တော့နော် ဆရာမလေး၊ ဘယ်ကန်သင်းရိုးမှာ ကြွက်သေနေလဲ မသိဘူး။ နံစော်ပုပ်နေတာပဲ "

ထိုသို့ပြောရင်း ဆရာမလေး မျက်နှာကို သိန်းမောင် အနီးကပ်ကြည့်လိုက်မိသည်။

ဆရာမလေး မျက်နှာက ဖြူဖျော့နေသည်။ 

သွေးရောင်မရှိသလိုပင်။ နုတ်ခမ်းထောင့်စွန်းက ညိုမည်းနေသလိုလို။

မျက်ကွင်းနှစ်ဘက်စလုံးလည်း ဒဏ်ရာရထားသလား၊ ငိုရှိုက်ထားသလား မပြောတတ်။ ညိုနေရှာ၏။

 ခြုံ၍ပြောရလျင် ဆရာမလေးမျက်နှာသည် သိသိသာသာ ညှိုးငယ်လို့နေရှာ၏။

ဆံပင်တို့သည်လည်း မသပ်ရပ်။ အတန်ငယ်ရှုပ်ပွနေ၏။

အခါတိုင်းဆို ဆရာမလေးသည် ယခုလို ဆံပင်ကို ဖြန့်ချထားခြင်းမရှိ။ 

သပ်ရပ်သန့်ရှင်းစွာ ထုံးဖွဲ့ထားတတ်သည်။ 

ဆရာမလေးသည် ဆိုင်ကယ်လက်ကိုင်မှာ ချိတ်ဆွဲလာသော ခေါက်ဆွဲကြော်ထုတ်က ရနံ့ကြောင့် ထင်ပါ၏။ ဂလုဟူသော အသံထွက်ကာ တံထွေး မြိုချသံ ထွက်သွား၏။

ဆရာမလေးက ထိုခေါက်ဆွဲကြော်ထုတ်ကို လက်ညှိုးထိုးပြသည်။ 

သိန်းမောင်က သူ့ အတွေးနဲ့သူ သဘောပေါက်ကာ၊

" ဟာ  ရပါတယ်ဆရာမရဲ့၊ ဆရာမ ကိုင်ခဲ့ရင် ဆီတွေဘာတွေ စွန်းကုန်ပါလိမ့်မယ် "

သို့သော် ဆရာမလေးက မပြောမဆိုနဲ့  လျှင်မြန်စွာ သိန်းမောင်၏ ဆိုင်ကယ်လက်ကိုင်မှာ ချိတ်ဆွဲထားသော ခေါက်ဆွဲကြော်ထုတ်ကို ဆတ်ခနဲ ဆွဲယူပြီး၊ ဆိုင်ကယ်နောက်ကယ်ရီယာပေါ်  တက်ထိုင်လိုက်သည်။ 

သိန်းမောင်ပင် ကြောင်တောင်တောင် ဖြစ်သွား၏။ 

ဆရာမလေးသည် အရင်ကဆို အင်မတန် အားနာတတ်သူ၊ သိမ်မွေ့သူ၊ဣန္ဒြေကြီးသူဟု သူ သိထားခဲ့သည်မဟုတ်လား။ 

သိန်းမောင်လည်း - အင်းလေ ၊ ခေါက်ဆွဲကြော်ထုပ်က ရမ်းတန်းရမ်းတန်းဆိုတော့  ဆိုင်ကယ်မောင်းရတာ မလွတ်လပ်ဘူး၊ ဆရာမလေး ကိုင်လာခဲ့တော့ ပိုအဆင်ပြေတာပေါ့ - ဟု တွေးမိကာ ဆိုင်ကယ်ကို စက်နိုး၍ ထွက်လာခဲ့သည်။ 

လမ်းတွင် ဘာရယ်မဟုတ် ၊ သိန်းမောင်က အလာပသလာပ စကားစမြည် ပြောလာ၏။ လူက ဘီယာသောက်ထားတော့ နည်းနည်း ထွေသည့်သဘော။ 

" ဆရာမလေး   ကျနော့်သားနှစ်ယောက်ကို အမြင်မတော်တာတွေ့ရင် ရိုက်ဆုံးမနော်။ ကျနော် ဆရာမလေးကို အပ်ပါတယ် ..."

နောက်က ဆရာမလေးက အင်းအဲ မလုပ်။ ဆိတ်ဆိတ်ငြိမ်စွာ လိုက်ပါလာ၏။

" အကြီးကောင် သံချောင်းက၊ အင်မတန်အေးတယ်။ အိမ်ရောက်ရင် စာလုပ်တယ်။ အငယ်ကောင် သံခဲကတော့ ရောက်တာနဲ့ လွယ်အိတ်ကို ဘုန်းခနဲ ပစ်ချပြီး ရွာထဲ လည်ဆော့တော့တာ ၊ အဲ့ဒီကောင်က မလွယ်ဘူး ။ အကြီးကောင်လို မဟုတ်ဘူး ဆရာမရေ။ လူက လူစွာ။ ကလေးချင်း ရန်ဖြစ်ရင် သူက ဦးအောင် အရင် ဆော်လာခဲ့တာဗျို၊ အဲ့ကောင်လေးနဲ့တော့ ကျနော်တို့လင်မယား အတော်ခက်တယ်၊ ရွာထဲ မျက်နှာပူရတာပေါ့ ဆရာမလေးရယ် "

သိန်းမောင်က သူ့သားအငယ် သံခဲ အကြောင်းကို သဘောကျစွာ ပြောရင်း ရယ်လိုက်သေး၏။ 

အနောက်က ဆရာမလေးကတော့ ဘာမှ ပြန်မပြောပေ။ 

ဒီလိုနဲ့  ဆိုင်ကယ်မောင်းလာလိုက်တာ ရွာသို့ ရောက်လုပြီ။ ဒါပေမဲ့ သိန်းမောင် နှာခေါင်းထဲ အခုထိ အပုပ်နံ့ကြီးက စွဲနေသလား မပြောတတ်။

 အပုပ်နံ့ကြီးက နံ့ဟောင်နေတုန်းပင်။ သူနဲ့ တပါတည်း ပါလာသည်ဟုတောင် အောက်မေ့မိ၏။

ဆရာမလေးက အနောက် ကယ်ရီယာမှာ ထိုင်လိုက်လာသည်ဆိုပေမယ့် အသားချင်း ထိကပ်အောင် မထိုင်။ 

ခပ်ခွါခွါ ထိုင်လိုက်လာခြင်း ဖြစ်သည်။ 

သို့ပေမဲ့ ဆိုင်ကယ်က လမ်းချိုင့်ထဲကျသည့်အခါ မလွှဲမရှောင်သာ သိန်းမောင်၏နောက်ကြောနှင့် ဆရာမလေးကိုယ် ထိရမည် ဖြစ်သည်။ 

အံဩစရာ၊ ဆရာမလေးသည် မည်သို့ ထိုင်လိုက်လာသည်မသိ။ 

သိန်းမောင်ရဲ့ ဆိုင်ကယ် ချိုင့်ထဲကျလည်း လုံးဝ အသားချင်း မထိချေ။ 

ဆရာမလေးသည် ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ထည် ရှိ၏။ ခန္ဓာကိုယ် ဖွံထွားသူဖြစ်သည်။ 

အဖြူရောင်၊ရင်ဖုံးအင်္ကျီ နှင့် ကျောင်းစိမ်းထဘီ ဝတ်ထားသည့်အချိန်ဆို အင်မတန် ကျက်သရေရှိလှ၏။ 

သိန်းမောင်မှာ အခွင့်အရေးရခိုက် ဆရာမလေးကိုယ်နဲ့ ထိချင်၍ ထိုသို့စဥ်းစားမိသည်မဟုတ်။ 

ထူးဆန်းနေသောကြောင့် သတိပြုမိသွားခြင်း ဖြစ်သည်။ 

ပုပ်အဲ့အဲ့ အနံ့ကြီးက အခုထိ ဟောင်နေတာရယ်၊ ဆရာမလေးရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာရယ်၊ ယခုချိန်ထိ သူ့အား စကားတခွန်းမှ ပြန်မဖြေတာရယ် စတဲ့ အချက်တွေကြောင့် သိန်းမောင်စိတ်ထဲ သရိုးသရီ ဖြစ်လာ၏။ 

သူ  နောက်လည်း လှည့်မကြည့်ရဲ။ 

သူ ထင်သလို မဟုတ်ရင် သားတို့ဆရာမကို အားနာစရာမဟုတ်လား။ 

သိန်းမောင် စိတ်ကူးတခု ရသွားသည်။ 

ရွာထဲကနေ ပုံမှန်အတိုင်း မဖြတ်ပဲ၊ စာသင်ကျောင်းကို ရွာတော်ရှင်နတ်နန်းဘက်က ဖြတ်သွားရန် အကြံရသွားသည်။ 

စာသင်ကျောင်းကို ရွာထဲက ဖြတ်၍ သွားလို့ရသလို၊ ရွာပြင် ရွာတော်ရှင်နတ်နန်းဘက်မှ ပတ်၍ သွားရင်းလည်း ရလေ၏။

ထိုစိတ်ကူးအတိုင်း ဆိုင်ကယ်ကို ရွာတော်ရှင်နတ်နန်းဘက်သို့ ဦးတည်လိုက်သည်။

 နောက်က ဘာမှ မပြော၊ အစဥ်အတိုင်း တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက် ငြိမ်သက်စွာ လိုက်ပါလာ၏။ 

အပုပ်နံ့သည် ပို၍ပင် နံဟောင်လာ၏။

သိန်းမောင် တကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားသည်။ 

အဘယ်ကြောင့်ဆိုသော် သူ၏ ခါးကို ရေခဲတမျှ အေးစက်သော လက်တဖက်က တရွေ့ရွေ့ ဖက်လာသောကြောင့်ပင်။ 

သိန်းမောင်  ဆိုင်ကယ်ကို အရှိန်မြှင့်၍ မောင်းလိုက်သည်။ 

မကြာခင် ရွာတော်ရှင် နတ်နန်းသို့  ရောက်လာလေတော့၏။ 

ရွာတော်ရှင် နတ်နန်းရောက်သည်နှင့် သူ၏ အနောက်က ဆရာမလေးသည် တစုံတယောက်က ဆွဲခေါ်ယူ လွှင့်ပစ်လိုက်သကဲ့သို့ ၊ ခပ်ဝေးဝေးသို့ လွင့်စင်သွားသည်။

လွင့်စင်မှုနဲ့အတူ ဆိုးဆိုးရွားရွား အော်ဟစ်လိုက်သည့် အသံကြီးကိုလည်း သိန်းမောင် နားနဲ့ ဆတ်ဆတ် ကြားလိုက်ရလေ၏။

" အား ... "

သိန်းမောင် အခုမှ တကယ်ပင် လန့်ဖျန့်သွားတော့လေ၏။

 မြေပေါ်၌ ဖုန်အလူးလူးနဲ့ ကပ်နေသော သူ၏ ခေါက်ဆွဲကြော်ထုပ် နှစ်ထုပ်ကို နှမြောတသစွာ တချက်မျှ ကြည့်သည်။

သူ ခေါ်လာခဲ့သော ဆရာမလေးကိုတော့ မမြင်ရတော့ချေ။

လမ်းပေါ်ကျနေသောခေါက်ဆွဲများမှာ ဝယ်လာခဲ့စဥ်ကလို မဟုတ်တော့။

 လျော့ပါး နေလေ၏။ လမ်းမှာ ပြုတ်ကျခဲ့သလား ၊ သူ့နောက်က တစ္ဆေမကပဲ စားလေသလား။

သိန်းမောင်သည် ထိုသို့ တွေးမိလေသောအခါ  ကြက်သီးဖျန်းဖျန်းထလာပြီး ထိုနေရာမှ ဆိုင်ကယ်ကို ဒရောသောပါး မောင်းနှင် ပြေးလေတော့သည်။

သူ  လမ်းကြုံ ခေါ်ယူ တင်လာခဲ့သော ဆရာမလေးသည် လူမဟုတ်။ တစ္ဆေသရဲ ဖြစ်နေသည်မဟုတ်လား။

            ____________

အခန်း၂။

လေးမျက်နှာရွာ၏ မူလတန်းကျောင်းလေးတွင် ထူးဆန်းသော အဖြစ်အပျက်တခု ဖြစ်ခဲ့သည်။

ထိုညက သိန်းမောင် ကြုံတွေ့ရခဲ့သလို အဖြစ်အပျက်ဆန်းတခု ရှေ့ဆင့်နောက်ဆင့်ဆိုသလို၊စာသင်ကျောင်း၌လည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ညကိုးနာရီခန့်တွင်  စာဖတ်နေသော ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်သည် စာသင်ခန်းများဘက်မှ ငိုရှိုက်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။ 

ဆရာကြီးသည် ပထမတော့ အသံက မသဲကွဲ၍ လေတိုးသံဟု ထင်မှတ်ခဲ့သည်။ 

သို့သော် ငိုသံက ကြာလာလေ ပို၍ ထင်ရှားပီသလာလေ ဖြစ်၏။

"  အဟင့်  ဟင့်  ဟင့်  "

ဆရာကြီးသည် ဖတ်လက်စ စာမျက်နှာကို အမှတ်အသားပြု၍  စာအုပ်ကို စားပွဲပေါ်တင်ထားလိုက်သည်။ 

ဤမူလတန်းကျောင်းလေးထဲ၌ ဆရာကြီး ဦးထွန်းအောင် တယောက်တည်းသာ နေထိုင်၏။ 

ဆရာကြီးသည် အသက် ၅၀ခန့်အရွယ်ရှိ လူပျိုကြီး ဖြစ်သည်။ 

တကိုယ်ရေတကာယသမားမို့ ကျောင်းထဲက ရုံးခန်းကိုပင် အခန်းကန့်၍ အိပ်ယာအဖြစ် အသုံးပြုနေထိုင်ခြင်း ဖြစ်သည်။ 

ကျောင်းရုံးခန်းသည် သီးသန့် အဆောက်အဦးတခုဖြစ်ပြီး၊ စာသင်ကျောင်းဆောင်နှင့် မနီးမဝေး၌ ရှိလေ၏။ 

ယခု ကြားရသော ငိုရှိုက်သံသည် မိန်းမတဦး၏ ငိုသံဟု အတတ်သိနိုင်ပြီး ၊ စာသင်ဆောင်များဘက်မှ လာနေခြင်း ဖြစ်သည်ဟု သိနိုင်လေ၏။

အဘယ်ကြောင့်ဆိုသော ဆရာကြီးက သူ၏ စားကြွင်းစာကျန်များကို အမြဲ ဂရုစိုက် ကျွေးမွေးထားသည့် ဂျက်ကီဟူသော ခွေးက စာသင်ဆောင်တခုကို ထိုးဟောင်နေသောကြောင့်ပင်။ 

" ဝုတ် ဝုတ်  ... ဝုတ် "

'ဂျက်ကီ'ဆိုတာက ဆရာကြီး အမည်ပေးထားသော ခွေးတကောင် ဖြစ်လေ၏။

" ကျောင်းသူ တယောက်ယောက်များ သူ့မိဘတွေက ရိုက်လိုက်လို့ ကျောင်းထဲ လာပြီး ငိုနေသလား ၊ အော် ခက်ပါ့  အချိန်မတော်ကြီးကွယ် "

ဆရာကြီးက သူ့ထင်ချေကို ပါးစပ်မှ ထုတ်ဖေါ် ငြီးတွားသမှု ပြုလိုက်ပြီး ၊ လက်နှိပ်ဓာတ်မီးကို ယူ၍ စာသင်ကျောင်းဘက် ထွက်လာခဲ့သည်။ 

စာသင်ကျောင်းဆောင်မှာလျှောက်လမ်းပါ နံကပ် နှစ်ထပ် ကျောင်းကြီး ဖြစ်၏။ စာသင်ခန်း ၈ခန်းပါဝင်၏။ 

ဂျက်ကီ ထိုးဟောင်နေသော စာသင်ခန်းမှာ အောက်ထပ်က ဒုတိယတန်း(A) အခန်းဖြစ်သည်။ 

ဆရာကြီးသည် ထိုစာသင်ခန်းအနီးရောက်လာသည့်အခါ 

" ဂျက်ကီ ... ဟဲ့ ဂျက်ကီ ၊ ငြိမ်ငြိမ်နေစမ်း ၊ ဘာလို့ တအားဟောင်နေတာလဲ "

ဂျက်ကီသည် ဆရာကြီးစကား နားလည်သည့်အလား ဟောင်နေရာမှ ချက်ချင်း ရပ်တန့်သွားပြီး၊ ဆရာကြီး ခြေထောက်အနီး ရောက်လာ၏။

ငိုသံသည် အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။

" အဟင့်  ဟင့် ဟင့် "

သေချာလေပြီ။ ငိုရှိုက်သံသည် ဒုတိယတန်း A စာသင်ခန်းထဲမှ ထွက်လာခြင်း ဖြစ်သည်။ 

ဆရာကြီးက ကျောင်းသူ တစ်ဦး ငိုနေသည်ဟု ထင်မှတ်သည် ဖြစ်ရာ ၊ ကြောက်ရွံစိတ် မရှိပဲ ၊ တံခါးကို တွန်းဖွင့်လိုက်သည်။

"ဟင်! ဘယ်လိုဖြစ်တာလဲ"

စာသင်ခန်း၏ သင်ပုန်း ခေါ် ဘလက်ဘုတ်ရှိရာအနီးက ဆရာ/ ဆရာမများ ထိုင်သည့် ခုံနှင့်စားပွဲပေါ်တွင် မြေဖြူတောင့်များ ပွစာခတ် ပျံ့ကြဲနေသည်။ 

ဘလက်ဘုတ်ကို ဆရာကြီး လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ပြန်သည်။

ဘလက်ဘုတ်ပေါ်တွင် တောင်ခြစ်မြောက်ခြစ် ၊ ခြစ်ရာ အစင်းကြောင်းများစွာ တွေ့ရလေ၏။ ကလေးတယောက် ဝင်ပြီး လက်ကမျင်းထားသလိုပင်။ 

ဆရာကြီးသည် အခန်းထဲသို့ ဝင်လိုက်သည်။ ဟူးခနဲ လေနုအေးလေးက ဆရာကြီးကိုယ်အား ကျီစယ်ကလူသကဲ့သို့ တိုက်ခတ်သွားလေ၏။

နွေရာသီပင် ဖြစ်လင့်ကစား၊ ဆရာကြီးသည် တကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်သွားလေ၏။ ကျောရိုးတလျောက် စိမ့်သက်သက်နဲ့အေးသွားခြင်း ဖြစ်သည်။ 

အခန်းထဲရောက်သည့်အခါ  ဆရာကြီးသည်  တခန်းလုံးကို လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်လေ၏။

 " ဟင် !  ဒါ ဘယ်သူလဲ "

စာသင်ခန်း၏ အနောက် အစွန်ဆုံး ခုံတန်းတွင် မိန်းမငယ်တယောက် စာသင်ခုံပေါ် မျက်နှာကို မှောက်၍ တသိမ့်သိမ့် ရှိုက်ငိုနေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။

" ဝုတ်  ဝုတ်  ဝုတ် "

ဂျက်ကီသည် ဆရာကြီးနဲ့ အတူပါလာပြီး ထိုမိန်းကလေးအား စူးစူးဝါးဝါး ဟောင်ပြန်၏။ 

" ဟဲ့  ဂျက်ကီ ၊ ငြိမ်ငြိမ်နေစမ်းဆို "

ဆရာကြီးက ဂျက်ကီအား ဟောက်ဟမ်းရပြန်၏။ 

ဂျက်ကီသည် မဟောင်တော့ဘဲ ထိုမိန်းမကို မလိုလားဟန်ဖြင့် ဂီးဂဲ လုပ်ခါ မာန်ဖီနေပြန်၏။ 

ဆရာကြီးက ...

" ဟေ့  မင်း ဘယ်သူလဲ၊ ဘာကိစ္စ စာသင်ခန်းထဲ ဝင်နေရတာလဲ ၊ ထစမ်း  ထစမ်း "

ဆရာကြီးက အသံမာမာနဲ့ ငိုရှိုက်နေသော မိန်းကလေးအား လှမ်းမေးလိုက်သည်။ 

မိန်းကလေးက ငိုရှိုက်နေရာမှ ခေါင်းကို မော့လာ၏။

မျက်နှာပေါ်၌ ဆံပင်များက ဖို့ယို့ဖါးယား ကျနေသည်ဖြစ်ရာ ၊ မျက်နှာကို ကောင်းစွာ မမြင်ရပေ။ 

သို့ပေမယ့် ဆရာကြီးသည် သူမကို ကောင်းစွာ ရင်းနှီးနေပါ၏။ 

" ဟင်! ဆရာမ မခင်လေးနွယ်၊  ဆရာမက မြို့ကို ပြန်သွားတာမဟုတ်လား ၊ အခု ဘယ့်နှယ်ကြောင့် စာသင်ခန်းထဲ ထိုင်ငိုနေရတာလဲ။ ဘာများဖြစ်လို့လဲ ဆရာမရယ်။ ဆရာ့ကို ပြောပြလေ။ ကူညီ ဖြေရှင်းပေးမှာပေါ့ "

ဆရာကြီးက ထိုသို့ပြောမှ ဆရာမသည် ပို၍ ငိုရှိုက်လေ၏။ 

ဆရာကြီးမှာ ဆရာမကို ဘယ်လို ဖြေသိမ့်ရမည်မသိ။ 

တူမအရွယ်ဆိုပေမယ့် သူစိမ်းတွေမဟုတ်လား။ 

အနားသို့ ကပ်မသွားဝန့်ချေ။ အထင်မြင်လွဲသွားမှာလည်း စိုးရ၏။

ထိုအခိုက် ... ဆရာကြီး၏ အနောက်ဘက်က ဘလက်ဘုတ် ခေါ် ကျောက်သင်ပုန်းကြီးမှ တကျီကျီနှင့် ရေးခြစ်သံ ကြားလိုက်ရသည်။

ဆရာကြီး  နောက်သို့ လှည့်ကြည့်လိုက်သည်။

 ကျောက်သင်ပုန်းပေါ်သို့ မြေဖြူတချောင်းသည် သူ့အလိုလို ရေးခြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဆရာကြီး အံဩထိတ်လန့်သွားသည်။ 

သူ့ဘဝမှာ ဒါမျိုး တခါမျှ မမြင်ဖူးခဲ့ချေ။ 

ဆရာကြီးသည်  သင်ပုန်းပေါ်သို့ ရေးခြစ်နေသော စာကို စိတ်ဝင်စားစွာ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်နေမိသည်။ 

"  သူတို့  ယုတ်မာကြတယ်  "

ဆရာကြီးသည် နားမလည်နိုင်စွာဖြင့် မေးလိုက်မိသည်။ ...

"  ဘယ်သူတွေက ယုတ်မာတာလဲ ၊ ဘာဖြစ်တာလဲ "

သင်ပုန်းပေါ်သို့ စာတကြောင်း ထပ်မံ ရေးခြစ်လာပြန်၏။

" ဒီရွာထဲကပဲ ...  သူတို့အချင်းချင်း နာမည်ခေါ်သံတော့ ကြားမိတယ် "

" အင်းလေ  ဟုတ်ပါပြီ ၊ ဘယ်သူတွေက ဘယ်လိုယုတ်မာကြတာလဲ "

သင်ပုန်းပေါ်သို့ မြေဖြူခဲက တဂျစ်ဂျစ်နှင့် အမြန်ရေးပြပြန်သည်။ 

" ပစ္စည်းကို ယူရုံတင်မကဘူး၊ ကျမကိုပါ သူတို့ စော်ကားပြီး ရက်ရက်စက်စက် သတ်သွားကြတယ် ..."

ဆရာကြီး  ထိတ်လန့်စွာ နောက်သို့ လှည့်ကြည့်လိုက်သည်။

ဆံပင်တွေ ဖါးလျားချထားသော ဆရာမလေး၏ မျက်နှာသည် ဖြူလျော်လျော် ရှိသောလည်း အညိုအမည်းများ စွဲနေ၏။ 

မျက်လုံးများက ဒေါသကြောင့် အရောင်တွေ တောက်ပနေကြသည်။ 

အံကို တင်းတင်းကြိတ်၍  လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။

ဆရာမလေးကို ကြည့်ရင်း ဆရာကြီးသည် စိတ်မကောင်းဖြစ်လာမိသည်။

 ဆရာကြီး အခုမှ သတိထားမိသည်။ ဆရာမလေး လည်တိုင်၌ ဆွဲနေကျ ရွှေဆွဲကြိုးကို မမြင်မိချေ။လက်ကောက်ဝတ်၌လည်း လက်ကောက်ကို မတွေ့။ နားကိုတော့ ဆံပင်များ ဖုံးနေသဖြင့် နားကပ်ပါ မပါ မမြင်နိုင်ချေ။

"  ဘယ်  ဘယ်သူတွေလဲ ၊ ဆရာကြီးကို  ပြောစမ်းပါ ။ ဆရာကြီး အခုချက်ချင်း ရဲစခန်း သွားအကြောင်းကြားပေးပါ့မယ် "

" ကျမကို လည်ပင်းညှစ်သတ်တဲ့သူကို  ကျန်တဲ့ဟိုတယောက်ကခေါ်တာ ' ကျိုးဆော်' တဲ့။ ကျန်တဲ့ တယောက်ကတော့၊ ' ဆင်မြန်း ' လို့ ခေါ်တာပဲ ။ လည်ပင်း ညှစ်သတ်တဲ့သူကို ကျမ ကောင်းကောင်းမှတ်မိတယ် ။  ညာဘက်မျက်ခုံးအပေါ်နားမှာ လက်နှစ်ဆစ်လောက်ရှိတဲ့ အမာရွတ်တခုပါတယ်။ ဆံပင်က ဂုတ်ဝဲအရှည်။ နှစ်ယောက်စလုံးက မာက်စ်(mask)တွေ တပ်ထားကြတယ်။ အသက်၃၀အရွယ်လောက် ရှိကြလိမ့်မယ်  " 

ဆရာကြီးက စဥ်းစား၏။ ဒီရွာကို ရောက်တာ ၇နှစ်ထဲ ရောက်ပြီ။ 

ထိုအမည်နာမများကို သူ တခါမှ မကြားဖူးချေ။ 

နာမည်တွေက ဗမာနာမည်လည်း ဟုတ်ဟန်မတူ။

 တရုတ်နာမည်လိုလို တိုင်းရင်းသား နာမည်လိုလို ဖြစ်နေ၏။ 

တရုတ်ဆိုလျင်တော့ ရွာအရှေ့ဖျားမှာ ရှိသော ဗဒူအင်းစောင်း၌ ကြက်ခြံတွေ အများကြီး ဆောက်လုပ်ပြီး စီးပွားရေး လုပ်ကြသည့် တရုတ် မိသားစု ရှိလေ၏။ 

ဒါလည်း  ဆရာကြီးသည် ထိုခြံပိုင်ရှင်၏ အမည်ကို သိ၏။ခြံပိုင်ရှင်သည် ဦးလောရုံ ဖြစ်၏။ 

သူ့ ကြက်ခြံအလုပ်သမားထဲကများ ဖြစ်နေမလား။ စီးပွားဖြစ် မွေးမြူရေးခြံဆိုတော့ လုပ်သားအင်အား ၅၀နီးပါးရှိ၏။ ကြက်၊ဘဲ၊ဝက် အကုန်မွေးမြူ၏။ အင်းကို လေလံဆွဲပြီး ငါးလည်းမွေး၏။ အလုပ်သမား အများစုက ဤ ရွာမှ ဖြစ်ကြသည်။

ဆရာကြီးသည် ထိုသို့ စဥ်းစားနေခိုက် ၊ ကျောင်းဝင်းထိပ်မှ ကားဟွန်းတီးသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"  တီ  တီ  တီ ... "

ဆရာကြီး  လှမ်းကြည့်လိုက်တော့ ၊ ကားခေါင်ပေါ်၌ ဝါယာလက် တပ်ဆင်ထားသည့် ရဲကား ဖြစ်နေသည်။ 

ဆရာကြီးသည် ဆရာမလေး မခင်လေးနွယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ...

" ဟင်! ဆရာမလေး ဘယ်ရောက်သွားတာလဲ "

ဆရာမ မခင်လေးနွယ် မရှိတော့ပေ။ ဆရာကြီး သက်ပြင်းချ၍ ၊ ကျောင်းဝင်းတံခါး ဖွင့်ပေးရန်အတွက် လေးလံစွာ ထွက်လာခဲ့သည်။

ဆရာကြီး ထွက်သွားသည့်အခါ ၊ သင်ပုန်းပေါ်မှ စာများသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

               __________

အခန်း၃။

ဆရာကြီးက သူ့ရုံးခန်းထဲသို့ ရဲအရာရှိနဲ့ အဖွဲ့ကို ခေါ်လာခဲ့သည်။ 

ရွာခံဖြစ်သော ရွာလူကြီးက လာရင်းအကြောင်းကို အရင်ဆုံး ပြော၏။ 

" ဆရာကြီး ... ဟောဒီက ရဲအရာရှိက ဆရာမ မခင်လေးနွယ် အသတ်ခံရကြောင်း လာပြီး ပြောရင်းနဲ့ သူ သိလိုတာလေးတွေ နည်းနည်းလောက် မေးမြန်းပါရစေဆိုလို့ ကျနော် ဆရာကြီးဆီ ခေါ်လာခဲ့တာပါ"

ရဲအရာရှိက ဆရာကြီးအား 

"   ဆရာကြီးရေ အမှုက လူသတ်မှုဆိုတော့ ကျနော်တို့လည်း တော်တော် ခေါင်းရှုပ်သွားကြတယ်။ 

      သေတဲ့သူက ကျောင်းဆရာမ မခင်လေးနွယ်လို့ ၊ အခင်းဖြစ်ပွားတဲ့နေရာက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကနေ ဖေါ်ထုတ်ရရှိပါတယ် ဆရာကြီး။ 

       ဒီက ရွာလူကြီးကလည်း မှန်ကန်ကြောင်း သက်သေခံပြီးပါပြီ။ ဒါကြောင့် ကျနော်တို့ ရဲလုပ်ထုံးလုပ်နည်းအရ ဆရာကြီးဆီကို လာမေးရခြင်း ဖြစ်ပါတယ်။ စိတ်အနှောက်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါခင်မျ " 

" ဟုတ်ကဲ့ ရပါတယ်။ မေးပါဗျာ ။ ကျနော် သိသလောက် မခြွင်းမချန် ဖြေပါ့မယ် "

" ဆရာမလေး  ကျောင်းကနေ ဘယ်အချိန်လောက်က ပြန်သွားတာလဲ ။ ဆရာကြီး မှတ်မိလား "

" မှတ်မိတာပေါ့ ၊ သူ သောကြာနေ့ ညနေ လေးနာရီခွဲလောက်မှာ ပြန်သွားတယ်။ 

အပတ်တိုင်း သူက သောကြာနေ့ဆို ပြန်နေကျလေ။ စနေတနင်္ဂနွေ ကျောင်းပိတ်ရက်ကို ကျောက်တလုံးမြို့က သူ့မိဘများနဲ့ အတူနေလေ့ရှိတယ်ဗျ"

"  ဆရာမလေးရဲ့ မိဘနှစ်ပါးက ရန်ကုန်ကို ဘုရားဖူးသွားနေကြတယ် ဆရာကြီး၊ အဲ့ဒါ ဆရာကြီး သိလား "

" အဲ့သလိုတော့ဖြင့် မသိရိုးအမှန်ပါဗျ ။ ဆရာမလေးက အနေအေးတယ်။ စကားလည်း နည်းတယ်လေ။ ကျနော်နဲ့  ကျောင်းကိစ္စကလွဲရင် တခြား ဘာမှ သိပ်မပြောဖြစ်ကြဘူး "

" ဆရာကြီးအနေနဲ့ ဆရာမလေးမှာ ရန်ငြိုးရန်စ ရှိတယ်လို့များ ကြားဖူးပါသလား"

" မကြားမိပါဘူး ၊ ဆရာမလေးက  အင်မတန် အနေအေးပါတယ်။ သူ့မှာ ရန်သူလို့ လည်း ရှိမယ် မထင်ပါဘူး၊ ကျန်တဲ့ ဆရာဆရာမတွေနဲ့လည်း သင့်မြတ်ပါတယ် "

" ဟိုလေ  ကျနော် ဆိုလိုတာက၊ ဆရာမလေးနဲ့  ရန်ဖြစ်ဖူးတဲ့ ကျောင်းသားမိဘတွေများ ရှိမလားလို့ပါ ဆရာကြီး "

" ပိုဆိုးပေါ့  ဗိုလ်လေးရ။ ဆရာမလေးက  ဝါသနာအရ ဆရာမ လုပ်နေတာ။ ကလေးတွေဆီက  ဘာကြေးညာကြေး တောင်းတာမဟုတ်ဘူး။ စာအုပ်ဘာညာ လိုအပ်နေတဲ့ ကလေးတွေကို သူက ဝယ်တောင်ပေးသေးတယ်။ အဲ့ဒီတော့ ကျောင်းသားမိဘတွေကလည်း ဆရာမလေးကို ချစ်ကြပါတယ် ။ မရှိပါဘူး။ အဲ့သလိုမျိုး မကြားမိပါဘူး"

ရဲအရာရှိက မေးခွန်းအချို့ ထပ်မေးသည်။ ဆရာကြီးလည်း သိသလောက် ဖြေပေးရှာ၏။ 

မေးခွန်းများ ကျေနပ်လောက်သည်အထိ မေးပြီး၊ ရဲအရာရှိက နုတ်ဆက်သည်။ 

ဆရာကြီးလည်း ကားနားအထိ လိုက်ပါ ပို့ဆောင်ပေး၏။ ဆရာကြီးသည် ရွာလူကြီး ကားပေါ်တက်ခါနီးတွင် ...

" ဗျို့  ဦးချစ်ဆောင် ... ခင်များ ရွာထဲမှာ ' ကျိုးဆော်နဲ့ ဆင်မြန်း ' ဆိုတဲ့ လူနှစ်ယောက်ကိုများ သိမလားဗျ "

ရွာလူကြီးက ခေါင်းကို ကုတ်ခါ၊

" ဟာ  ဘာနာမည်ကြီးတုန်း ဆရာကြီးရဲ့ ၊ တိုင်းရင်းသား နာမည်လား ၊ ရွာထဲတော့ အဲ့နာမည်နဲ့ လူ မရှိပါဘူးဗျ "

" အဲ့ဒါတော့  ကျုပ်လည်း ဂဃနဏ မသိပါဘူးဗျာ ၊ ဒီလိုပဲ သိချင်လို့ မေးလိုက်မိတာ။ ဟို ဦးလောရုံရဲ့ မွေးမြူရေးခြံမှာရော အဲ့ဒီနာမည်တွေနဲ့ အလုပ်သမား မရှိဘူးလား"

ဆရာကြီးနဲ့ ရွာလူကြီးတို့ ပြောနေတာကို ရဲအရာရှိက စိတ်ဝင်တစား နားထောင်နေသည်။ 

ရွာလူကြီးက သူ့လက်ထဲက ဧည့်စာရင်းစာအုပ်ကို ကြည့်၍၊

" ခဏလေး  ဆရာကြီး၊ ကျနော် ဧည့်စာရင်းထဲ ပြန်ကြည့်ပေးမယ် "

ဧည့်စာရင်းစာအုပ်ကို အသေအချာ တိုက်စစ်ပြီးနောက် ရွာလူကြီးက ...

" အဲ့သလိုနာမည်တော့ မပါဘူး ဆရာကြီး ... ဒီစာရင်းထဲမှာ တရုတ်ဗုဒ္ဓဘာသာ အလုပ်သမား ၂ယောက်ပဲ ပါတယ်။ အားလီနဲ့ ဖေ့ဟုန်လင်း တဲ့ "

ရဲအရာရှိသည် ဆရာကြီးကို ကားပေါ်ကနေ တချက်ကြည့်ရင်း ဆရာကြီး မေးနေသော 'ကျိုးဆော်နှင့် ဆင်မြန်း' ဆိုတာကို အသေအချာ မှတ်သားသွားလေ၏။ 

ထိုနေ့ည ကုန်လွန်သော်၊ ရဲအရာရှိသည် ဆရာကြီးအား ဖုန်းဆက်၍ ထိုအကြောင်းကို မေး၏။ 

သူ၏ သတင်းပေးက မသင်္ကာစရာ လူနှစ်ယောက် ရွှေဆွဲကြိုး ရောင်းသွားသည်ဟု သတင်းပေးသောကြောင့် ဖြစ်သည်။

              __________

အခန်း၄။

တနင်္လာနေ့  ၊ ကျောင်းဖွင့်ပြီ။ 

ဆရာကြီးသည်  ဆရာမလေး ခင်လေးနွယ်အတန်းကို အစားဝင်ပေးနေရသည်။ 

လောလောဆယ်  အစားထိုး ဆရာ/ဆရာမ မရခင် ဆရာကြီးပဲ ဒုတိယတန်း အေ အခန်းကို ထိမ်းပေးရမည် ဖြစ်သည်။ 

ဒုတိယတန်းဆိုတာ  ၇နှစ် ၈နှစ်အရွယ်တွေ။ တချို့တော့ ကျောင်းထားနောက်ကျ၍ ၁၀နှစ်အရွယ်ထိ ဒုတိယတန်းပင် ရှိသေး၏။ 

ဆရာကြီးသည်  ကျောင်းသားများကို  သင်္ချာတပုတ် တွက်ခိုင်းထားပြီး၊ သူ လုပ်စရာရှိသော စာရင်းအင်းများကို လုပ်နေလိုက်သည်။ 

ဆရာကြီး  စာရင်းတွေထဲ စိတ်ရောက်နေတုန်းမှာ၊ ယောက်ကျားလေးအတန်းဘက်က ဝုန်းဂလုန်း ဟူသော အသံကြားလိုက်ရ၍ ခေါင်းထောင် ကြည့်လိုက်သည်။

နောက်ဆုံးတန်းက ကျောင်းသား ကလေးနှစ်ယောက် လုံးထွေး သတ်ပုတ်နေကြခြင်း ဖြစ်သည်။ ဆရာကြီးလည်း ကြိမ်လုံးကို ဆွဲ၍  သွားဖျန်ဖြေပေးရ၏။ 

ပူးသတ်နေရာမှ လူကွဲသွားသော ကျောင်းသားနှစ်ယောက်မှာ ဆရာကြီး၏ ကြိမ်လုံးကို ကြောက်ရွံစွာ ကြည့်နေကြ၏။ 

ဆရာကြီးသည် သူ တယောက်လုံး အတန်းထဲမှာ ရှိနေပါလျက်နှင့် ဤသို့ ရန်ဖြစ်ကြသည်ကို ကျေနပ်ဟန်မတူ။ ကြိမ်လုံးကို တဆဆနဲ့ ရှိလေ၏။

" ကဲ ပြောစမ်း ဘယ်က ဘယ်လို စဖြစ်တာလဲ "

ခပ်စွာစွာရှိသော သံခဲက

" ဒီကောင်ဖိုးချို  ကျနော့်ဖာသာ သင်္ချာတွက်နေတာကို သက်သက်မဲ့ ရန်လာစတာ ဆရာကြီး "

ဆရာကြီးက  သံခဲစကားကြောင့်  ဖိုးချိုဟုခေါ်သော ကျောင်းသားကို ကြည့်လိုက်ရာ ဖိုးချိုက ...

" ငါ ဘယ်မှာ စလို့လဲ ၊ ပေတံလေး ခန ငှါးပေးစမ်းပါလို့ တောင်းတာကို မင်းက ငါ့ကို အရင် စလုပ်တာလေ "

" ဟေ့ယောင်  မင်း မလိမ်နဲ့၊ မင်းက  ပေတံကို ရိုးရိုးသားသား ငှါးတာမဟုတ်ဘူး ။ ငါ့ကို ဘာလို့ ငါမကြိုက်တဲ့ နာမည် လာခေါ်တာတုံး "

ဆရာကြီးသည် ကလေး၂ယောက်ရဲ့ ပြသနာကို အစအဆုံး နားလည်စေရန် နားထောင်နေရာမှ ၊

" ကဲ  ဖိုးချို ၊ မင်းက သံခဲကို ဘယ်လို ခေါ်တာလဲ ၊ ငါ့ကို မှန်မှန် ပြောစမ်း "

ဖိုးချိုက မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ကါ၊

" ကျနော်က သူ့ကို သူများတွေခေါ်သလို  ချေးပီးလို့ ခေါ်လိုက်တာပါ ဆရာကြီး "

နားထောင်နေကြသော အခြား ကျောင်းသူကျောင်းသားများမှာ ဖိုးချို၏ စကားကြောင့် တခွိခွိနဲ့ ကြိတ်ရယ်ကြသည်။ ဆရာကြီးသာ မရှိပါက၊ တတန်းလုံး ဝက်ဝက်ကွဲ ရယ်ကြမည့်သဘောရှိလေ၏။ 

ဆရာကြီးကတော့ နားမလည်။ ထို့ကြောင့် ဖိုးချိုအား ထပ်မေး၏။

" ဟကောင် ဖိုးချို ၊ မင်း ပြောတဲ့ ချေးပီးဆိုတာ ဘာလဲဟ၊ ငါ့ကို ရှင်းအောင် ပြောစမ်း "

ဖိုးချိုက ဒီတခါတော့ သွက်လက်စွာဖြင့် ...

" ချေးပီးဆိုတာ ချီးပေလို့ ပြောတာပါ ဆရာကြီး ၊ ပထမတန်းတုန်းက ဒီကောင် သံခဲ ဘောင်းဘီထဲ ချေးပါချလို့ ၊ အတန်းထဲက သူ့ကို ချီးပေလို့ နာမည်ပေးထားတာပါ "

ဆရာကြီးပင် ပြုံးတုံ့တုံ့ဖြစ်သွားသည်။ ရှာရှာပေါက်ပေါက် ချီးပေ ကို ချေးပီးတဲ့။ 

သို့ဖြင့် ဆရာကြီးလည်း နောက်နောင် သံခဲ မကြိုက်သော နာမည်ပြောင်ကို မခေါ်ကြရန် တတန်းလုံးအား သတိပေးလိုက်ပြီး၊ သံခဲကလည်း နောက်နောင် တခြားကျောင်းသူကျောင်းသားများအပေါ် ကိုယ်ထိလက်ရောက် ရန်မမူရန် ဆုံးမရသည်။

ပြသနာကို ဖြေရှင်းပြီးတော့ စာရင်းဆက်လုပ်ရန် စားပွဲမှာအထိုင်၊ ဆရာကြီးသည် တစုံတခုကို သတိရသွားသည်။

အဲ့ဒါကတော့ ဆရာမ မခင်လေးနွယ်က သင်ပုန်းပေါ် ရေးသွားသော တရားခံနှစ်ဦးနာမည် ဖြစ်လေ၏။

ဆရာကြီး အသံ ခပ်တိုးတိုးဖြင့် ရေရွတ်ကြည့်လိုက်သည်။

"  ကျိုးဆော်   .... ကျိုးဆော်ဆိုတော့  ကျော်စိုး ။ ဟာ  ဟုတ်ပြီ ၊ ဒါဆိုရင် နောက်တယောက်က ဆင်မြန်း  ဆိုတော့  စန်းမြင့်ပေါ့ ။ 

ဟင်  ဒါ  ဒါဆိုရင် ... ရွာတောင်ဖျားက လောင်ကစားသမား၂ယောက်။ ကြက်ဝိုင်း၊ဖဲဝိုင်း အကုန်ရောက်တဲ့ ကျော်စိုးနဲ့စန်းမြင့်ပဲပေါ့၊ ဟုတ်သားပဲ ကျော်စိုးရဲ့ ညာဘက်က မျက်ခုံးပေါ်မှာ အမာရွတ်ရှိတာ ငါ မေ့နေတာပါလား "

ဆရာကြီးသည် စာရင်းစာအုပ်များကို အသေအချာ ထပ်လိုက်ပြီး ၊

" ကဲ ကျောင်းသားတွေ ၊ ရန်မဖြစ်ကြနဲ့နော်။ ဆရာကြီး အရေးတကြီး ကိစ္စရှိလို့ အပြင်ခဏ သွားလိုက်အုံးမယ် ၊ ခဏနေ  မင်းတို့အတန်းကို ဆရာမတယောက်လာလိမ့်မယ်။ မလာခင်မှာ မော်နီတာကျောင်းသားက အခန်းကို ခဏထိမ်းထားပေး "

ဆရာကြီးသည် ဘေးအခန်းက ဆရာမကို အတန်းအပ်ခဲ့ပြီး ရွာလူကြီးထံသို့ ခပ်သုတ်သုတ် ထွက်လာခဲ့တော့၏။

             __________

အခန်း၅။ 

ဆရာကြီး၏ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က တရားခံနှစ်ဦးကို  ကြက်ဝိုင်းတခုမှာ ဖမ်းမိခဲ့သည်။ 

၎င်းတို့ဆီမှ  ဆရာမလေး၏ လက်စွပ်၊ နားကပ်နှင့် လက်ကောက်တရံတို့ကို သိမ်းဆည်းရမိလေ၏။

ဆွဲကြိုးကိုတော့  သူတို့ ရွှေဆိုင်တခုမှာ ရောင်းချခဲ့သည်ဟုဆို၏။ 

တရားခံဖြစ်သော ကျော်စိုးက ဤသို့ ဝန်ခံခဲ့သည်။

"    အခုတလော ကျနော်တို့  ကြက်ဝိုင်းမှာရော ဖဲဝိုင်းမှာပါ ဆက်တိုက် ရှုံးနေခဲ့ပါတယ်။

     နောက်ဆုံး လောင်းကစားလုပ်ဖို့ ပိုက်ဆံ ပြတ်သွားတယ်။ ဒါကြောင့် ကျနော်တို့ နှစ်ယောက် တိုင်ပင်ပြီး၊ ရွာထဲက ပိုက်ဆံချမ်းသာတဲ့အိမ်ကို ဖေါက်ထွင်းကြဖို့  ဦးလူဝရိုးပြတ်တောနားက လျိုထဲမှာ အရက်သောက်ရင်း တိုင်ပင်ခဲ့ကြပါတယ်။ 

       ဖြစ်ချင်တော့ ဆရာမ မခင်လေးနွယ်က သူ့ဆိုင်ကယ် ပျက်လို့ တွန်းအလာနဲ့ ၊ ကျနော်တို့က လျိုထဲက အထွက် တွေ့ခဲ့ကြပါတယ်။ 

        ကျနော်တို့ နှစ်ယောက်လည်း ၊ ဦးလူဝရိုးပြတ်တောက လူပြတ်မှန်း သိနေတော့၊လက်ဝတ်လက်စားတွေပါတဲ့ ဆရာမလေးကို ဓါးထောက်ပြီး လျိုထဲကို ခေါ်လာခဲ့ပါတယ်။ 

        ကျနော်တို့က လျိုထဲမှာကတည်းက မာက်စ်(mask)တပ်ထားတော့ ဆရာမလေးက ကျနော်တို့ကို ဘယ်သူဘယ်ဝါလို့ မသိပါဘူး။ 

       အစကတော့ ဆရာမလေးဆီက လက်ဝတ်လက်စားတွေ ရရင် တော်ပြီလို့ စိတ်ကူးခဲ့ကြပေမယ့် ၊ အခြေအနေနဲ့ အချိန်အခါက အခွင့်အရေး ပေးနေတာရယ်၊ အရက်တွေသောက်ထားလို့ သွေးဆူနေကြတဲ့ ကျနော်တို့ ၂ယောက်ဟာ  ဆရာမလေးကို တယောက်တလှည့် အဓမ္မကျင့် စော်ကားခဲ့ကြပါတယ်။ 

      ဆရာမလေးက ရုန်းကန်ပြီး ကျနော့်လက်ကို  ကိုက်ခဲ့တာကြောင့်၊ ကျနော် ဆရာမလေး လည်ပင်းကို ဒေါသနဲ့ ညှစ်သတ်လိုက်မိပါတယ်။ 

      သတ်ပြီးတော့ ၊ ဆရာမလေးကို အဲ့ဒီလျိုထဲမှာပဲ ပြီးစလွယ် မြေမြုပ်ထားခဲ့တာပါ ။ ဆရာမလေးရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ ထုတ်ယူပြီး ဝန်ထမ်းကဒ်ပါတဲ့ ပိုက်ဆံအိတ်ကိုတော့ အဲ့ဒီနားက ခြုံတွေထဲ လွှင့်ပစ်ခဲ့ပါတယ်"

ဖြစ်ချင်တော့ အဲ့ဒီညက မိုး အကြီးအကျယ် ရွာ၏။ မိုးရေ တိုက်စားမှုကြောင့် လျိုထဲက  အလောင်းက ​တပိုင်းတစ ပေါ်လာ၏။ 

နောက်တရက် နွားကျောင်းသားတွေကအလောင်းကို တွေ့သွားကြပြီး ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရဲက လာရောက် စစ်ဆေးသည့်အခါ၊ ခြုံပုတ်ထဲမှ ဆရာမ၏ ပိုက်ဆံအိတ်ကို ပြန်တွေ့ခဲ့သည်။ 

ကျော်စိုးက သူတို့ ပြစ်မှုကျုးလွန်တာကို ဘယ်သူမှ မမြင်ဘဲ ၊ ဘယ်လိုလုပ် သူတို့ဆီ တိုက်ရိုက်လာပြီး ဖမ်းရသလဲဟု ရဲအရာရှိအား မေးကြည့်သည်။ 

"   ခင်များတို့ ပြစ်မှု ကျုးလွန်တာကို ဘယ်သူမှ မမြင်ပေမယ့် ၊ ခင်များတို့ ကျုးလွန်တာကို သေသွားတဲ့ ဆရာမလေးက သိတယ်လေဗျာ ။ ခင်များတို့က တယောက်နဲ့တယောက် နာမည်ကို စကားလိမ်နဲ့ခေါ်တာကို ဆရာမလေးက သူ့ကျောင်းအုပ်ဆရာကြီးဆီ ခြောက်လှန့်ပြီး သတင်းပေးပြောသတဲ့။

      နောက်ပြီးတော့၊ ကျုပ်တို့ရဲ့ အမာခံသတင်းပေးတယောက်က၊ အောင်နဝရတ် ရွှေဆိုင်မှာ မသင်္ကာစရာ လူနှစ်ယောက် ရွှေဆွဲကြိုးတကုံး လာရောင်းသွားတယ်လို့ သတင်းပေးထားတော့၊ ခင်များတို့ ၂ယောက်နောက်ကို ကျုပ်တို့က နောက်ယောင်ခံလိုက်ခဲ့ရတာပေါ့ဗျ ။ ဖြစ်ချင်တော့ ၊ ခင်များတို့နှစ်ယောက်ကလည်း လေးမျက်နှာရွာသားတွေဆိုတော့ ၊ ကျုပ်တို့အတွက် သေချာသွားတာပေါ့ ကျိုးဆော်နဲ့ ဆင်မြန်းရေ "

ကျော်စိုးရော ဆန်းမြင့်ပါ ခေါင်းငိုက်စိုက်ကျသွားကြလေသည်။

၎င်းတို့နှစ်ဦးကို လူသတ်မှု၊ မဒိမ်းမှု၊ လုယက်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် ရဲက တရားစွဲဆိုလိုက်သည်။ သေဒဏ်နှင့်တသက်တကျွန်းတခုခုကတော့ သေချာနေ၏။ သက်သေခိုင်လုံလွန်းလှသည်။ ရှောင်ပြေးရန် မဖြစ်နိုင်တော့ချေ။ 

ဆရာကြီး ဦးဆောင်၍ ဆရာမလေး၏အလောင်းကို ကောင်မွန်စွာ သင်္ဂြိုလ်ပေးလိုက်ကြသည်။ 

ဆရာမလေး၏ မိဘနှစ်ပါးနှင့်အတူ ဆရာကြီးက စာသင်ကျောင်းမှာ ဘုန်းကြီးဆယ်ပါးပင့်၍ သင်္ကန်းဒွိစုံ ဆယ်စုံ၊ ဝတ္ထုငွေ အပါးစေ့ တို့ကို ဆရာမလေးအား ရည်စူး၍ လှုဒါန်းပေးခဲ့သည်။

ဆွမ်းဘုန်းပေးပြီး သီလယူ တရားနာ ကုသိုလ်အမျှဝေသည့်အခါ ်

ဆရာကြီးက ဆရာမလေး မခင်လေးနွယ် လာ၍ ကုသိုလ်အမျှ ယူရန် နာမည်တပ်၍ ခေါ်၏။

" ဘဝတပါးသို့ ပြောင်းသွားပြီ ဖြစ်သော ဆရာမလေး မခင်လေးနွယ်ရေ ယနေ့ပြုသမျှ ဒါနအတွက် ကုသိုလ် အမျှ အမျှ အမျှ  ပေးဝေငှပါ၏။ 

ကုသိုလ် အမျှ ရနိုင်ပါစေသော် ... အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် "

ထိုသို့ အမျှဝေသည့်အခါ စာသင်ကျောင်းက ခေါင်းလောင်းသည် ထိုးသူမရှိဘဲ ထမြည်လေ၏။

" ဒေါင် ... "

သေချာပါပြီ။ ဆရာမလေးသည် ဆရာကြီးနှင့် သူမ၏ မိဘများ ပေးဝေမျှသော ကုသိုလ်အမျှကို ရသွားလိမ့်မည်ဆိုတာ ဧကန်မလွဲပေ။

ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory




Some text some message..