"" မြစ်ကိုဖြတ်၍ချောင်းကိုကျော်ခဲ့သည် "" အပိုင်း ( ၁ )
lotaya.mpt.com.mm
|
2022-02-04

ခြံရှေ့မှ လူခေါ်ခေါင်းလောင်းသံကြောင့် ထိန်ဝင်းအောင်တစ်ယောက် ပြူတင်းပေါက်မှ ခေါင်းပြူကာ ကြည့်လိုက်သည်။ 

ခေါင်းလောင်းတီးနေသူကအခြားသူမဟုတ်၊ဟင်းသီးဟင်းရွက်နှင့်သားငါးများအိမ်အထိလာရောင်းချသောကိုဝင်းလွင်ပင်။

" ဒီနေ့ ဘာပါလဲ အစ်ကို "

" ငါးသလဲထိုးလေးတွေရလာတယ် ... လတ်မှလတ်ပဲ "

ထိန်ဝင်းအောင်လည်း ခြံရှေ့ထွက်လာပြီး နေ့ဖို့ညစာချက်ရန် ဝယ်ခြမ်းလိုက်လေသည်။ ‌ချက်ပြုတ်စရာ ရပြီဖြစ်၍ မီးဖိုဆောင်တွင်းဝင်ကာ ချက်ပြုတ်နေ၏။ 

" သားရေ ... သား "

အိပ်ခန်းတွင်းမှအသံယဲ့ယဲ့ဖြင့်ခေါ်နေသောမိခင်ကြောင့်ဟင်းအိုးခဏချကာအပြေးသွားကြည့်လိုက်

သည်။

" မေမေ ... ဘာလိုလို့လဲ "

" မေမေ့အတွက်ဘာမှချက်မနေနဲ့ ... သားအတွက်ပဲချက်နော် "

" ဟာ မေမေကလဲ ... အစာစားမှအားရှိမှာပေါ့ "

" မေမေဘာမှ မစားချင်ဘူး "

အတော်ပိန်ကျသွားပြီး အိပ်ရာထဲခွေခေါက်နေသော မိခင်ကိုကြည့်ကာ စိတ်မသက်သာလှချေ။ 

" ဆီးရောသွားရဲ့လား "

" အင်း "

ကျောက်ကပ်ဆေးနေရသဖြင့် ဒေါ်မိုးမိုးအောင်မှာ အားအင်အတော်ချိနဲ့နေပုံရသည်။

" ငါးသလဲထိုးလေးရလာတယ်မေမေရ... ကြွပ်ကြွပ်လေးကြော်ပေးမယ် ... ထမင်းလေးနဲ့ ဝင်သလောက်စားနော် "

ဒေါ်မိုးမိုးအောင်က မည်သည်မျှပြန်မပြောပေ။ ထိန်ဝင်းအောင်လည်း ချက်ပြုတ်ရန်ပြန်ထွက်လာခဲ့လေ

တော့သည်။ 

သူတို့မှာသားအမိနှစ်ယောက်တည်းရှိသည်။ထိန်ဝင်းအောင်အလယ်တန်းကျောင်းသားအရွယ်ကတည်းကဖခင်ဆုံးပါးသွားပြီး မိခင်က နောက်အိမ်ထောင်လည်းထပ်မပြုတော့‌ဘဲ ရရစားစားဘဝဖြင့် နေထိုင်ကြ၏။

ရုန်းကန်ရသည်မှာ ခက်ခဲလှသော်လည်း ခြိုးခြံချွေတာရင်း ထိန်ဝင်းအောင်ကို ကြီးပြင်းစေခဲ့သည်။ ထိုသို့ဖြင့်ထိန်ဝင်းအောင် ဆယ်တန်းအောင်ပြီး ရရာအလုပ်ဝင်ကာ အဝေးသင်တက်ရောက်ခဲ့လေသည်။

အလုပ်အပေါ်ရေသာမခိုဘဲကြိုးစားခဲ့သည်ကတစ်ကြောင်း၊ကံကောင်းထောက်မစွာဖြင့်အလုပ်ရှင်ကောင်းနှင့် တွေ့ကြုံခဲ့သည့်အတွက်ယခုအခါတွင်မူကုမ္ပဏီခွဲတစ်ခုတွင်ကြီးကြပ်ရေးမှူးနေရာရရှိနေခဲ့လေပြီ။

သို့သော်လည်း ရသည့်လစာမှာ မကာမိပေ။ အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူကျန်းမာရေးအတွက် ဝင်လာသမျှမှာ ဆေးဖိုးအဖြစ်ပြောင်းသွားသောကြောင့်ပင်။

မည်သို့ရှေ့ဆက်ရမည်ကိုတွေးရင်း ထိန်ဝင်းအောင်စိတ်မောနေမိသည်။ မိမိအလုပ်သွားလျှင် မိခင်က အိမ်၌တစ်ယောက်တည်းကျန်သည်။ 

မိခင်အနားနေပေးနေလျှင်လည်း အလုပ်တစ်ဖက်နှင့်အဆင်မပြေ။ အတော်ကသီနေရ၏။ သက်ပြင်းကို

အသာချကာ ထမင်းချိုင့်ထုပ်‌လိုက်သည်။

" မေမေ ... နေ့လည်စာသေချာစားနော် ... အုပ်ဆောင်းအောက်မှာ အနွေးဗူးနဲ့ ထည့်ပေးထားတယ် "

" အေးပါသားရယ် "

" ဆေးလည်းသေချာသောက်ဦး...မနက်ဖြန်နေ့တစ်ပိုင်းခွင့်ယူခဲ့မယ်...ဆေးရုံသွားဖို့

ရက်ချိန်းရောက်နေပြီ "

မှာစရာရှိသည်များကိုမှာပြီး အလုပ်သို့ထွက်လာခဲ့လေတော့သည်။ 

ထိန်ဝင်းအောင်မှာ အသားဝါညက်ညက်၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် အရပ်အမောင်းမှာ ငါးပေ

ခုနှစ်ခန့်ရှိသည်။ 

မျက်နှာပေါက်မှာ ယောကျာ်းပီသဟန်ပေါ်နေသော်လည်းချောမောသည့်အထဲမပါချေ။ သာမာန်ကြည့်ကောင်းသော ရုပ်ရည်ရူပကာတော့ရှိ၏။ 

ငယ်စဉ်က ဘောလုံးကန်ခြင်း၊ ရေကူးခြင်းတို့ပြုလုပ်ခဲ့သဖြင့်ကိုယ်ကာယလည်းကြံ့ခိုင်သူဖြစ်လေသည်။

အရွယ်ရောက်လာသည့်အခါ ( ၁၅၀၀ ) မေတ္တာရေးကိုစူးစမ်းတတ်လာသည်။ ချစ်ခြင်းတရား၌ စီးမျောချင်လာခဲ့သည်။ 

အိမ်ထောင်ကျပြီးတင့်တောင်းတင့်တယ်မထားနိုင်မည်စိုးသောကြောင့်ရည်းစားသညှာလည်းမထားရဲခဲ့ပေ။ အလုပ်ထဲတွင် သဘောကျနေမိသူတော့ရှိသည်။

သို့သော် တမ်းတမ်းစွဲချစ်မိခြင်းမျိုးတော့မဟုတ်။မိခင်နှင့်အဆင်ပြေပါမည်လားဟုအမြဲတွေးမိနေသဖြင့် စိုးရိမ်စိတ်ကဝင်လာခဲ့သည်။ ထို့ကြောင့် ဖွင့်မပြောဖြစ်‌တော့ဘဲ ဆိတ်ဆိတ်သာနေနေလိုက်၏။

ယခုအခါ ယခင်ထက်ပိုစဉ်းစားလာရချေပြီ။ မကျန်းမာသောမိခင်အတွက် ဆေးဖိုးဝါးဖိုးမှအစ ကြည်ဖြူနိုင်ပါမည်လား။ ထိုသို့တွေးမိသည့်အခါ စိတ်ပူလာမိသည်။

စိတ်ပူသည့်အကြောင်းမှာ မိခင်ကကျောက်ကပ်ဆေးနေရသဖြင့် ဆေးကုသငွေ မလုံလောက်လာသောကြောင့်ဖြစ်လေသည်။ 

အတတ်နိုင်ဆုံးခြစ်ကုတ်သုံးသော်လည်းငွေကလောက်သည်ဟူ၍မရှိပေ။ထိုအတွက်အကြီးအကျယ်ခေါင်းပူနေရလေသည်။မိခင်ရှေ့တွင်တော့စိတ်မပူရန်အခါခါပြောခဲ့သော်လည်းလက်တွေ့တွင်မူအဆင်မပြေလှပေ။ ထိုကိစ္စကြီးကြောင့်ထိန်ဝင်းအောင်မှာ ရင်မောပြီး စိတ်နှင့်ကိုယ်မကပ်ဘဲဖြစ်နေလေတော့သည်။

" ငါဘာဆက်လုပ်ရမလဲမသိတော့ဘူးကွာ "

ငယ်သူငယ်ချင်းဖြစ်သူ ဉာဏ်လင်းထံသွားကာ ရင်ဖွင့်မိသည်။ ဉာဏ်လင်းသည်လည်း ကုမ္ပဏီဝန်ထမ်း၊ သာမာန်ဝင်ငွေလေးသာရှိသူဖြစ်၍ အကူအညီ‌မပေးနိုင်ခဲ့ပေ။

သို့သော် အရေးပေါ်ငွေလိုသည့်အခါမျိုးတွင် သူနိုင်သလောက်အနည်းအကျဉ်းကူညီပေးတတ်၏။

" ငါတစ်ခုတော့အကြံပေးချင်တယ် "

ဉာဏ်လင်းထံမှ အကြံဟူသောစကားလုံးကြောင့် ထိန်ဝင်းအောင် မျှော်လင့်တကြီး ကြည့်လိုက်မိလေသည်။

"မင်းတို့အိမ်ကိုရောင်းပြီးတိုက်ခန်းဝယ်နေပါလား...နှစ်ယောက်ထဲနေတာကို...ပိုက်ဆံအပိုလည်းထွက်တာပေါ့ ... "

မျှော်လင့်ထားသည့်အကြံဉာဏ်မဟုတ်သဖြင့် ထိန်ဝင်းအောင် အားပျော့သွားမိသည်။

" မဖြစ်ပါဘူးကွာ "

" ဘာလို့မဖြစ်တာလဲဟ "

" မေမေက ရောင်းမှာမဟုတ်ဘူး "

" ဘာလို့လဲ "

" ဖေဖေခေါင်းချခဲ့တဲ့အိမ်မလို့ ... နောက်ပြီး မင်္ဂလာဦးကတည်းက ‌ဝယ်ခဲ့တဲ့အိမ်ဆိုတော့ ရောင်းမှာမဟုတ်ဘူး "

" အင်း ... ခက်တာပဲ... ကျန်းမာရေးလောက်အရေးကြီးတာ ဘာရှိမှာလဲကွာ ... မကျန်းမမာရင် ရောင်းချပြီးကုရမှာပေါ့ "

" မလွယ်ပါဘူးကွာ "

တစ်လခန့်ကြာပြီးနောက်ထိုသို့မျှော်လင့်ချက်မဲ့နေချိန်တွင်ဉာဏ်လင်းကသတင်းထူးတစ်ခုကိုယူလာခဲ့လေသည်။

" ဟေ့ရောင် ထိန်ဝင်း ... "

" ဘာတုန်းဟ ... အလောတကြီး "

" မင်းနဲ့ကိုက်တဲ့ အလုပ်တစ်ခုသိလာလို့ဟေ့ "

အလုပ်ဟူသောစကားကြောင့် ထိန်ဝင်းအောင် ဝမ်းသာသွားမိလေသည်။သို့သော်ကြာကြာဝမ်းမသာနိုင်။ လက်ရှိအလုပ်မှ ထွက်၍ မဖြစ်သေးချေ။ 

" အေ ... ဘာလုပ်ရမှာလဲ ... "

" မင်းကလဲ မအီမလည်ကြီးပါလားကွာ "

" ငါ့အလုပ်က အဆင်ပြေနေတော့ ထွက်ဖို့မလွယ်ဘူးကွ "

" ထွက်စရာကို မလိုတာ "

" အဲ့လိုဆို မိုက်ပြီ ... ပြောပါအုံး "

" ခုကြမျက်နှာကတမျိုး ... "

" ပြောပါဆိုကွာ "

ဉာဏ်လင်းက ပြောမည့်ဟန်ပြင်ပြီး အချိန်ဆွဲနေသဖြင့်ထိန်ဝင်းအောင်မှာ စိတ်မရှည်ချင်လာပေ။

"ဒီလို...ဒီလို...ငါ့မိတ်ဆွေနဲ့စကားစပ်မိလို့..သူ့အလုပ်ရှင်သူဌေးကကုန်သည်ကြီး...သူကအခက်အခဲတစ်ခုရှိနေတယ် ... ဘာအခက်အခဲလဲဆို ... နေရာတစ်ခုမှာ ရှေးဟောင်း သေတ္တာလေးတစ်လုံး သွားယူပေးရမယ်တဲ့ကွ "

" ရှေးဟောင်း သေတ္တာ ... ဘယ်လိုမျိုးလဲ "

" အဲ့ဒါတော့ငါလည်းသေချာမသိသေးဘူး ... သူပြောတာတော့ ခရီးဝေးတယ်တဲ့ ... တောနက်ထဲမှာလို့ပြောတယ် ... "

" တောထဲတောင်ထဲ ငါကပိုဆိုးတာပေါ့ ... ဘယ်လိုသိမှာလဲ "

" နားထောင်ပါအုံး ... သူက မြစ်အစပ်နားအထိလိုက်ပို့မှာ ... ငါတို့က မြစ်ကိုဖြတ်ပြီး

သေတ္တာသွားယူရုံပဲ ...ပြီးရင် ပြန်ရောက်တာနဲ့ ငွေစင် သိန်း ( ၃၀၀ ) ပေးမှာ "

" ဆန်းတော့ဆန်းသား ... သူတို့ကိုယ်တိုင်ဘာလို့မသွားသလဲ "

" အင်း ... စနည်းနာရသလောက်ကတော့ မြစ်တဖက်ကမ်းမှာ မြေကြမ်းတယ်ပြောတာပဲ ... ကြောက်လို့မသွားရဲတာပေါ့ "

" မင်းကြမကြောက်ဘူးလား "

" ကြောက်တော့ကြောက်သား ... ဟီး "

" မြေကဘယ်လောက်ကြမ်းလဲမသိ ... တော်ကြာသိန်းသုံးရာမရဘဲ ... လန့်သေနေမှ ဒုက္ခ "

" မင်းအဲ့လောက် သတ္တိမကြောင်မှန်းသိပြီးသားပါကွာ ...ဒီလိုအခွင့်အရေးလည်း ရဖို့မလွယ်ဘူး ... "

" နေပါအုံးဟ ... အဲ့ဒီသေတ္တာထဲမှာဘာရှိလို့လဲ ... ရတနာသေတ္တာဖြစ်နေမလား "

" ရတနာသေတ္တာတော့မဟုတ်ဘူး ... ကျည်လွဲထည့်ထားတာလို့ပြောတယ် ... "

" ဘယ်လိုကျည်လွဲ ... "

" အဲ့ဒီ သေတ္တာထဲကအဆောင်ကို ဆောင်ရင် သေနတ်နဲ့ပစ်ခံရရင်တောင် ကျည်လွဲသွားတာတဲ့ ... ဒါကို ထိုင်းတွေက တအားကြိုက်ကြတာလေ ... ဘတ်သန်းနဲ့ချီပေါက်ဈေးရှိတယ် "

" အဲ့ဒါဆို ယူပြီးပေးမနေဘဲ ကိုယ်တိုင်သွားရောင်းတာပိုမကောင်းဘူးလား "

" ဟ ... ရမလား ...ဒီနယ်ပယ်ကသူတို့ဂွင်တွေချည်းပဲ...သူတို့လူတွေချည်း...လုပ်တဲ့ကောင်

ဆွဲစိခံရမှာပေါ့ "

" မလွယ်ပါဘူးကွာ ... ငါတို့ကျွမ်းတဲ့လိုင်းလည်းမဟုတ်ဘူး ... "

" အဲ့ဒါတွေဘာမှမလိုဘူး ... မင်းနဲ့ငါနဲ့က မြစ်ကိုဖြတ်ပြီးသေတ္တာယူမယ် ... ရော့သေတ္တာဆိုပြီး သိန်းသုံးရာယူရုံပဲ...ကျန်တာငါတို့ကိစ္စမဟုတ်ဘူး ... သုံးရာရရင် ... တစ်ယောက်တစ်ဝက်ခွဲကြတာပေါ့ ... မင်းလည်း အဆင်ပြေငါလည်း အဆင်ပြေ ... မကောင်းဘူးလား "

" ရရင်တော့ကောင်းတာပေါ့ ... အဲ့လောက်လွယ်နေရင်ငါတို့ကိုတောင်ခိုင်းမှာမဟုတ်ဘူး ... သွား‌ရမယ့်နေရာကဘယ်လိုနေရာမျိုးမှန်းမသိနဲ့ "

" မင်းကပြောရင်လည်းမကြိုက်ဘူး ... ထိုင်းတွေက အဆောင်ယတြာသရဲတစ္ဆေ အဲ့ဒါတွေကိုယ်လုံးခြုံယုံကြတာ ... မြေကြမ်းတယ်ဆိုတာနဲ့ ဆက်မသွားရဲကြတော့ဘူး "

ဉာဏ်လင်းပြောသည်ကဟုတ်တုတ်တုတ်။ သို့သော် မိမိခရီးသွားလျှင် မိခင်ဖြစ်သူကို မည်သူက စောင့်ရှောက်ပေးမည်နည်း။ 

" အန်တီအတွက်စိတ်ပူနေတာလား "

" ဟူး ... ကိုယ်ခွဲမှမရှိတာပဲကွာ ... "

" ငါသူတို့ကိုပြောကြည့်လိုက်မယ် ... စရံငွေသဘောမျိုးပေးမလားလို့ တောင်းကြည့်မယ်ကွာ ... ပေးလာရင်အသိတွေထဲအကူအညီတောင်းပြီး လူစောင့်ထားခဲ့လိုက်ပေါ့ ... မဟုတ်လား "

" မပြောတတ်သေးပါဘူးကွာ ... စရံအရင်တောင်းကြည့်လိုက် ... ရရင်သွားမယ် ... မရရင်တော့ မသွားတော့ဘူး "

" အေးပါ ... ငါကြိုးစားကြည့်လိုက်မယ် ... သွားပြီဟေ့ရောင် "

" အေ "

ဉာဏ်လင်းပြန်သွားသည့်အခါ ကျည်လွဲသည်ဆိုသည့်အကြောင်းကို တွေးကြည့်မိသည်။ ထို့အပြင် သိန်းသုံးရာဟူသည့် ပမာဏကလည်း မက်မောလောက်စရာပင်။

ကုမ္ပဏီလစာနှင့် ကြားပေါက်ဝင်ငွေအားလုံးပေါင်းလျှင်တစ်လ ဆယ်သိန်းခန့်ရသည်။ သိန်း ( ၁၅၀ ) မှာ ၁၅ လစာ လုပ်အားခနှင့်ညီမျှပေသည်။

ထိုငွေများရခဲ့လျှင် မိခင်အတွက် ဆေးကုသစရိတ်အလွန်အမင်း ပူစရာမရှိတော့ပေ။ တွေးလိုက်တိုင်း လောဘတက်လာလိုက်၊ ဟုတ်ပါမည်လား၊ ဖြစ်ပါမည်လားဟုအားလျော့လိုက်နှင့် အကြိမ်ကြိမ် တွေဝေနေမိ‌ေတာ့သည်။

နောက်ဆုံးတွင်စရံငွေများရခဲ့ပါက ခရီးလမ်းကြောင်းအသေးစိပ်ကို သေချာမေးမြန်းစုံစမ်းပြီး အဆင်ပြေပါက သွားမည်ဟု ဆုံးဖြတ်လိုက်လေ၏။

တစ်ပတ်ကျော်ခန့်ကြာသောအခါ သူငယ်ချင်းဖြစ်သူဉာဏ်လင်းက ထပ်မံရောက်လာချေသည်။

" အဆင်တော့ပြေသလောက်ရှိပြီ ... မင်းကိုယ်တိုင်လိုက်တွေ့ဖို့ပဲကျန်တယ် "

" ဘယ်လိုပြေခဲ့လဲ ... လင်းပါအုံး "

" ငါနဲ့တွေ့တာ သူဌေးရဲ့ မန်နေဂျာ ... သူဌေးနဲ့တော့မတွေ့ရသေးဘူး ... သူက စရံကိစ္စစီစဉ်ထားပါတယ်

တဲ့ ... မပူနဲ့လို့ပြောတယ် ... ငါလည်း လောက်လောက်လားလားမှမရရင် မဖြစ်ဘူးလို့ သာသာထိုးထိုးပြောလိုက်တာပေါ့ကွာ "

" အဲ့လိုပြောမှရမှာ ... ဆိုတော့ ... ဘာပြန်ပြောလဲ "

" အေးလေကွာ ... သူတို့ဘက်က စရံငွေ သိန်း ၂၀ ချပေးမယ်တဲ့ ... အောင်မြင်မယ် မအောင်မြင်ဘူးမသေချာလို့ အဲ့လောက်ပဲ ချပေးနိုင်တယ်ပြောတယ် ... "

" နေပါအုံး ... သိန်း ၂၀ ဆိုတာက တစ်ယောက်ကိုလားနှစ်ယောက်ကိုလား ... ပြီးတော့ ဘယ်နှရက်လောက်ကြာနိုင်လဲ .... အရမ်းကြာနေရင် ငါအဆင်မပြေတာမင်းအသိနော် "

" အဲ့ဒါတွေအကုန်မေးထားပါတယ်ကွာ ... တစ်ယောက်ကိုသိန်း ၂၀ ပါတဲ့ ... မဆိုးဘူးလေ ... "

" အင်း ... ရက်ကဘယ်လောက်ကြာမှာလဲ ... လနဲ့ချီကြာနေရင် မကိုက်ဖြစ်နေမယ် "

" မကြာဘူး ... တစ်ပတ်လောက်ပဲတဲ့ ... ဒီကနေ လေယာဉ်နဲ့အရင်သွား ... နေ့ချင်းရောက်တယ် ... ဟိုရောက်တာနဲ့တစ်ညနားချင်နားပေါ့ ... မနားချင်ရင် ချက်ချင်းသွားလို့လည်းရတယ် ... တောနက်ထဲရောက်ဖို့တော့ ရှစ်နာရီကျော်လောက် ကားစီးရမယ်ပြောတာပဲ ... မြစ်တစ်ဘက်ကမ်း

ကိုဖြတ်ဖို့က ငါတို့နဲ့ဆိုင်တယ်တဲ့ ... ဉာဏ်ရှိရင် မြန်မြန်ရောက်မယ်ဆိုတဲ့သဘော "

" ပြောတာသာလွယ်တာနော်ဟေ့ရောင် ... တကယ်လုပ်ရင်အဆင်ပြေပါ့မလား "

" မင်းကလဲ ... စစ်မရောက်ခင်မျှားကုန်နေပြန်ပြီ ... အန်တီကို ဆေးမကုတော့ဘူးလား ... ဒီတိုင်း‌ပဲဆက်နေရင်မင်းလဲအဆင်ပြေတာမဟုတ်ဘူး...၁၅၀သာရရင်ပိုက်ဆံအတွက်တအားပူနေစရာမလိုတော့ဘူးလေကွာ ..."

" ငါက မေမေ့ကိုဆေးကုဖို့လိုလို့ထားပါတော့ ... မင်းကဘာလိုလို့အသည်းအသန်ရှာနေရတာလဲ "

ထိန်ဝင်းအောင်အမေးကို ဉာဏ်လင်းကပြုံးဖြီးဖြီးဖြင့်ပြန်ဖြေလေသည်။

" မိန်းမယူဖို့ပေါ့ကွ ... ဟဲ ... ဟဲ "

" အိမ်း ... တဏှာရာဂမီးဟာ ငြိမ်းလို့မလွယ်ပါကလား "

" ဒီလိုပဲပေါ့ ... နောင်ကြီးရာ ... ငါဖြတ်ရိုက်မိတော့မယ်...ပြော ... အလုပ်ဖြစ်မလား ... မဖြစ်ဘူးလား ... မင်းမလုပ်လည်း ငါ့တစ်ယောက်ထဲ လုပ်မှာပဲ "

" မင်းက ထိန်းမနိုင်သိမ်းမနိုင်ကိုဖြစ်နေပြီ ... ကဲပါလေ ...အဲ့ဒီသူဌေးနဲ့ အရင်တွေ့ကြည့်တာပေါ့ ... အဆင်ပြေမယ်ဆို သွားရုံပဲကျန်တယ် "

" အဲ့လိုလုပ်စမ်းပါ ... ဒါဆို တွေ့ဖို့ချိန်းပြီး ငါလာခေါ်မယ် "

" အေးပါကွာ "

ဤသို့ဖြင့် ရှေးဟောင်း သေတ္တာရှာပုံတော်အရေးကိုလက်သင့်ခံရန် ‌စီစဉ်လိုက်ကြလေတော့သည်။

နောက်နှစ်ရက်လောက်တွင် ဉာဏ်လင်းလာခေါ်သဖြင့်သူဌေးဆိုသူနှင့် ‌ တွေ့ဆုံရန် ထွက်လာခဲ့ကြသည်။

တွေ့ဆုံကြမည့်နေရာမှာထိုသူဌေး၏အိမ်တွင်ဖြစ်သည်။ခြံကြီးထဲတွင်လူနှစ်ယောက်ဖက်စာရှိသည့်တိုင်လုံးကြီးများဖြင့်ဆောက်ထားသော အိမ်ကြီးက ဟီးခနဲ။

အိမ်ရှေ့အဝင်ဝတွင် တလက်လက်တောက်ပနေသောကြွေပြားများခင်းထားလေသည်။ အိမ်ပုံစံကိုအပြင်ပန်းမြင်ရုံဖြင့် ရှိန်တက်သွားရသည်။

" ဟေ့ရောင် ဂရိတ်ကြီးပဲဟ "

" အေး ... တိတ်တိတ်နေ "

အိမ်ကြီးထဲသို့မဝင်ခင် လူလတ်ပိုင်းအရွယ်လူနှစ်ယောက်က ထိန်ဝင်းအောင်နှင့် ဉာဏ်လင်းတို့၏ အိတ်ကပ်များ၊အိတ်များကိုစစ်ဆေးသဖြင့် အောင့်သက်သက်ဖြစ်မိကြသေးသည်။

( သူ့ကိုယ်သူ သမ္မတလို့ထင်နေသလားပဲ ) 

ထိန်ဝင်းအောင်မှာ စိတ်ထဲမှကြိတ်ပြီး ရေရွတ်နေမိတော့၏။အိမ်ထဲသို့ဝင်လိုက်သည့်အခါမှ အပြင်ပန်းအမြင်ထက်အတွင်းပိုင်းသည် ပို၍သားနားထည်ဝါနေသည်ကို သိလိုက်ရလေသည်။

လှေကားနှစ်ဖက်ခွဲ၌ ဆင်ယင်ထားသောလက်ရန်းများကို ကြည့်မဝနိုင်ဘဲ ငေးနေမိကြသည်။ သူတို့နှစ်ဦးမှာ အိမ်ထဲဝင်ခွင့်ရသော်လည်း ထိုင်ခွင့်မရကြသေးချေ။

လှေကားနားတွင်ရပ်စောင့်နေကြရသည်။အတော်အတန်စောင့်နေပြီးမှလှေကားပေါ်မှဆင်းလာသံကြားရလေသည်။ထိုသူမှာ အသားနီစပ်စပ်၊ မျက်ပေါက်ကျဉ်းကျဉ်းနှင့်ပါးပြင်ပေါ်တွင် အချိုင့် အခွက်များရှိသည်။ အရပ်မှာ၅ပေ ၃ ခန့်ရှိပြီး ကိုယ်ခန္ဓာတုတ်ခိုင်လေ၏။

ဝသည်ဟုလည်းမဆိုသာ၊ ပိန်သည်ဟူ၍လည်းမဟုတ်ဘဲအသက်အရွယ်အားဖြင့် ၆၀ ပတ်လည်ရှိ လူတစ်ယောက်သာပင်။ 

ထိုသူက ဧည့်ခန်းဆိုဖာတွင် ခြေလိမ်ချိတ်ပြီးထိုင်လိုက်သည်။ ထိုအခါမှ ထိန်ဝင်းအောင်နှင့် ဉာဏ်လင်းလည်းထိုင်ခွင့်ရသွားရသည်။

" ကျွန်တော့်မြန်မာနာမည်က ကိုအေးမင်းပါ "

" ဟုတ်ကဲ့ခင်ဗျ "

ထိုသူက ထိုင်းလူမျိုးအနွယ်ဝင်ဖြစ်ပုံရပြီး မြန်မာစကားကို ထမင်းစားရေသောက်ပြောနိုင်သည်ဟု ထိန်ဝင်းအောင်တွေးနေမိသည်။

" ကျွန်တော်က ဉာဏ်လင်းပါခင်ဗျ ... သူကကျွန်တော့်သူငယ်ချင်း ထိန်ဝင်းအောင်ပါ "

ကိုအေးမင်းဆိုသူက ခေါင်းညိမ့်ပြကာ နှစ်ယောက်လုံးကို စေ့စေ့စပ်စပ်ကြည့်နေလေသည်။ ထိုအချိန်တွင် မန်နေဂျာဆိုသူမှာ ခရီးသွားရန်ကိစ္စကို လမ်းစဖွင့်ပေးလိုက်၏။

" မြစ်ကိုဖြတ်မယ့် နှစ်ယောက်ပါ ဆရာ ... လိုအပ်တာတွေ သူတို့ကို ပြောဖို့ခေါ်လာတာ "

ဉာဏ်လင်းကတော့ မည်သို့မည်ပုံ လုပ်မည်ကို ရှင်းပြပြောဆိုနေသော်လည်း ထိန်ဝင်းအောင်မှာမူ ကိုအေးမင်းကို အကဲခတ်နေမိ၏။

ကိုအေးမင်းမှာ ညာဘက်လက်သန်းကြွယ်တွင် အရောင်ရွှမ်းစိုနေသော ကျောက်စိမ်းလက်စွပ်ကြီးကို ဝတ်ဆင်ထားပြီး ဘယ်ဘက်လက်တွင်မူ ကိုးလုံးပုတီးကို စိပ်နေသည်။

( အဓိဌာန်ဝင်နေတာများလား )

ထိန်ဝင်းအောင်စိတ်ထဲ ခန့်မှန်းကြည့်နေမိသည်။ စကားပြောရင်း ပုတီးစိပ်နေခြင်းကိုလည်း နားမလည်နိုင်ဘဲ ဖြစ်နေရသည်။

ကိုအေးမင်းမှာဉာဏ်လင်းပြောသမျှနားထောင်လိုက်ပြန်မေးလိုက်လုပ်နေချိန်တွင်ဘယ်လက်မှပုတီးကိုလည်း ဆက်တိုက်စိပ်နေခဲ့သည်။

( Phycho များလားမသိဘူး )

ထိန်ဝင်းအောင်မှာ ဆက်တွေးမနေတော့ဘဲ စကားဝိုင်းထဲပြန်ဝင်လာခဲ့တော့သည်။

" ကျွန်တော်သိချင်တာကဗျာ ... ကျွန်တော်တို့ဘယ်နှရက်လောက်ကြာနိုင်လဲဗျ ... ခန့်မှန်းချေပေါ့ ... အမေက ကျောက်ကပ်ဆေးနေရတော့ ကျွန်တော်ရှိမှ ဖြစ်မှာမလို့ပါ ... တမျိုး‌တော့မထင်ပါနဲ့ခင်ဗျ "

"မကြာဘူး...အလွန်ဆုံးတစ်ပတ်ပေါ့...မြစ်ကိုဖြတ်ပြီးတာနဲ့ဟိုဘက်ကမ်းမှာတစ်ညလောက်တော့ကြာနိုင်

တယ် ... ကံကောင်းရင် နေ့ချင်းပြန်ရောက်မှာပဲ "

" ခင်ဗျာ ... ဘယ်လိုကံကောင်းရင်လဲဗျ "

"အဲ့ဒီကမ်းဘက်ကမြေတအားကြမ်းတယ်...မကောင်းဆိုးရွားတွေပေါတယ်...ဆရာပေါင်းစုံနှိမ်နင်းကြပေ

မယ့် မရဘူး ... အဲ့ဒါကြောင့် သွားယူရဲတဲ့သူကို ခေါ်ဖြစ်တာပဲ ... ခင်ဗျားတို့ သွားမယ်လို့ဆုံးဖြတ်ပြီးရင်

တော့ အကူအညီရဖို့ ကျွန်တော် တစ်ယောက်ထည့်ပေးမှာပါ ... သူကတော့ ကူညီနိုင်တယ် ... "

" အော် ... ဒါဆိုအဆင်ပြေပါတယ် ... ကျွန်တော်တို့လည်းအစိမ်းသက်သက်ဆို မသွားရဲဘူးလေ ... ခုလိုလူခံပါတယ်ဆိုရင်တော့ ကောင်းတာပေါ့ "

ထိန်ဝင်းအောင်စကားကို ကိုအေးမင်းက ပြန်မဖြေဘဲစူးစိုက်ကြည့်နေ၏။ 

" ခင်ဗျားတို့ စရံငွေတောင်းတယ်လို့ပြောတယ် ... "

" ဟုတ်ပါတယ်ခင်ဗျ ... စရံလေးရရင် ကျွန်တော်တို့လည်း ပိုအဆင်ပြေတယ်လေ ဆရာ "

ဉာဏ်လင်းမှာ မန်နေဂျာခေါ်သကဲ့သို့ ဆရာဟုလိုက်ခေါ်ပေးနေသဖြင့် ထိန်ဝင်းအောင်လည်း ကွက်ကြည့်ကွက်ကြည့် ကြည့်မိလိုက်တော့သည်။ ဉာဏ်လင်းမှာမူ ထုံးစံအတိုင်း ပြုံးဖြီးဖြီးဖြင့် ပြန်ကြည့်လာလေ၏။

" သူတို့ကို စရံချပေးလိုက် ... "

" ဟုတ်ကဲ့ဆရာ "

" တဘက်ခါ သွားနိုင်တယ်မလား ... မြန်နိုင်သမျှမြန်မြန်သွားစေချင်တယ် "

" ဟုတ် ... ကျွန်တော်တို့ ပြင်ဆင်လိုက်ပါ့မယ် "

ကိုအေးမင်းမှာခေါင်းသာညိမ့်ပြလာသည်။ထိုသူမှာအရယ်အပြုံးနည်းဟန်ရ၏၊လူမှုရေးလည်းသိဟန်မရ

ဟု ထိန်ဝင်းအောင်တွေးနေ၏။

" မသွားခင် ချိုက်ဆီ ခေါ်သွားလိုက်ကြအုံး "

" ဟုတ်ကဲ့ဆရာ "

ကိုအေးမင်းပြောသည့် ချိုက်ဆိုသည်ကို နားမလည်ကြပေ။ မည်သည့်နေရာဖြစ်မည်နည်းဟု အတွေးပေါင်းစုံဝင်နေမိလေသည်။

ကိုအေးမင်းမှာမူ ပြောစရာရှိသည်များပြောပြီးသည်နှင့် အိမ်အပေါ်ထပ်သို့ ပြန်တက်သွားလေသည်။ 

( ပိုက်ဆံတအားချမ်းသာပြီး ဆိုက်ကိုများဝင်သွားသလားတစ်မျိုးကြီးပဲ ) ထိန်ဝင်းအောင်မှာ ကိုအေးမင်းကို အကဲခတ်ထားသမျှစိတ်ထဲမှာသာ ပြောနေမိလေတော့သည်။

ထိုစဉ် ‌အသက် ၂၀ အရွယ်ခန့် ‌မိန်းကလေးတစ်ယောက်သည် လင်ဗန်းကို အဝတ်ဖြင့်အုပ်ပြီး ယူလာခဲ့သည်။မန်နေဂျာဆိုသူက ထိုလင်ဗန်းကို ဖွင့်လိုက်၏။ ထိုအခါမှငွေစက္ကူများဖြစ်နေသည်ကို တွေ့မြင်လိုက်ကြတော့လေသည်။

" ဒါကစရံ တစ်ယောက်သိန်း နှစ်ဆယ် ... "

" ဟုတ် "

ထိန်ဝင်းအောင်ကို သိန်းနှစ်ဆယ်၊ ဉာဏ်လင်းကို သိန်းနှစ်ဆယ် ကမ်းပေးလေသည်။ 

" မနက်ဖြန်ညနေလောက် ချိုက်ဆီသွားဖို့လာခေါ်မယ်...ဘယ်အချိန်လောက်အားလဲ "

" ချိုက်ဆိုတာ ဘာလဲဗျ "

" အဆောင်လက်ဖွဲ့ပေးတဲ့ဆရာ ... မြေကြမ်းလို့ ခင်ဗျားတို့ အခက်အခဲမရှိအောင် သူက အဆောင်ပေးလိုက်မှာ ...သူပေးတာ ဆောင်ထားလိုက် ... ဒါဆို အခက်အခဲဘေးရန်ကင်းတယ် "

" ဟုတ်ကဲ့ "

ဉာဏ်လင်းကသာဟုတ်ကဲ့ဆိုသည်၊ နှစ်ယောက်လုံးမှာအဆောင်လက်ဖွဲ့များကို စိတ်မဝင်စားလှချေ။ အယုံအကြည်လည်းသိပ်မရှိလှ။သို့သော်စရံငွေဟုဆိုပြီးသိန်းနှစ်ဆယ်လုံးခနဲရသဖြင့်ကြိတ်ဝမ်းသာမိ

သည်တော့အမှန်ပင်။

ထိုအိမ်မှပြန်လာပြီး သူငယ်ချင်းနှစ်ယောက်သား အူရွှင်နေကြ၏။ အလုပ်ပင်မစရသေးဘဲ ပိုက်ဆံသိန်း ၂၀စီရလာကြသဖြင့် ပျော်နေမိသည်။

" ငါပြောသားပဲ ... ဒီအလုပ်က သေချာပေါက် ထောမှာလို့ "

" အစပိုင်းတော့ မဆိုးပါဘူး ... ဟိုမှာဘာဖြစ်မယ်မသိတော့ နည်းနည်းစိုးရိမ်မိတယ် "

" မင်းကလဲ ... အပျက်ကစတွေးတယ် ... သူတို့ကိုကြည့်ရတာ သရဲတစ္ဆေကို တော်တော်ယုံပုံပဲ ... သူဌေးကိုတွေ့တယ်မလား ... ပုတီးလက်ကမချဘူး ... သူ့မျက်လုံးတွေကလည်း ဂဏှာမငြိမ်ဘူး ... သတိထားမိလား "

" ငါလည်းတွေးနေတာ ... စကားပြောရင်း ပုတီးစိပ်နေလို့ ... အလုပ်နှစ်ခုတပြိုင်ထဲ လုပ်နိုင်တယ်ထင်

တယ် "

" ဘယ်ကလာ ... ငါကြားရသလောက်က အဲ့ဒီသူဌေးကိုယ်တိုင် မြစ်ကိုဖြတ်ဖူးတယ်တဲ့ ... မကောင်းဆိုးရွားတွေနဲ့ ကြုံပြီး ပုတီးလက်ကမချရဲတော့တာ... "

" မင်းကသိလှချည်လား "

" သိဆို အဲ့အိမ်က ထမင်းချက် စားဖိုမှူးပေါ့ကွာ ...သူနဲ့ ငါက အရောင်းအဝယ်ကိစ္စတစ်ခုနဲ့ ဆုံဖူးတယ်...

သူကတော့ အဲ့ဒီအိမ်မှာ အလုပ်ဝင်တာ ( ၈ ) လလောက်ရှိပြီပြောတာပဲ... သူပြောပြတာကို ငါကပြန်ပြောပြတာ..ခုအလုပ်ကိုလည်း သူချိတ်ပေးတာပေါ့ "

" ရှုပ်နေတာပဲ ... သူကဘာတွေပြောလဲ "

" လွန်ခဲ့တဲ့ ( ၃ )နှစ်လောက်ကသူဌေးကိုယ်တိုင်မြစ်ကိုဖြတ်ခဲ့ဖူးတယ်တဲ့...အဲ့မှာဘာတွေဖြစ်ကြလဲတော့

သူသေချာမသိဘူး ... သူသိသလောက်ကတော့ သူဌေးပြန်လာပြီးကတည်းက phycho ဝင်သလိုလို

ဖြစ်သွားတာတဲ့ ... အဲ့လောက်ပဲသိတယ် "

" ငါတို့ရောအဆင်ပြေပါ့မလားမသိဘူး ... သူဌေးလိုဖြစ်သွားမှ ခက်မယ် "

" မဖြစ်ပါဘူးကွာ ... တွေးကြောက်နေသေးတယ် "

" ငါ့အတွက်တော့ သေသေရှင်ရှင်ပြဿနာမရှိဘူး ... မေမေ့ကို စောင့်ရှောက်ပေးရအုံးမှာမလို့ တွေးနေရ

တာပါကွာ "

" မိန်းမယူလိုက်ကွာ ... အန်တီလည်းအဖော်ရ ... မင်းလည်း စိတ်ချလက်ချအလုပ်ထွက်လုပ်လို့ရ ... မကောင်းဘူးလား "

" ခွီးတဲ့မှ ... မိန်းမယူပြီး ခိုင်းစားသလိုဖြစ်နေပြီ ...အဲ့လိုတော့ မလုပ်ချင်ဘူးဟေ့ "

" သဘောပြောတာပါကွာ ... ဟဲ ... ဟဲ "

နောက်တနေ့တွင် မန်နေဂျာ၏ချိန်းဆိုမှုဖြင့် ချိုက်ဆိုသူထံ သွားတွေ့လိုက်ကြလေတော့သည်။ချိုက် ဟုခေါ်သောလူမှာ အသက် ( ၅၀ ) ဝန်းကျင်ခန့်ရှိပြီး ဆရာလိုလို၊ သူဌေးလိုလို နေထိုင်သော လူ

တစ်ယောက်ဖြစ်၏။

ထိုသူကမိန်းမနှစ်ယောက်ယူထားပြီးတစ်အိမ်တည်းထားထားသည်။ယူထားသည့်မိန်းမများကလည်းကပြားမလေးများဖြစ်ဟန်တူ၏။ထိုသူသည်လည်းထိုင်းလူမျိုးတစ်ယောက်ပင်။မြန်မာပြည်၌ခတ္တလာရောက်နေထိုင်ခြင်းဖြစ်သည်ဟု မန်နေဂျာကပြန်ပြောပြလေသည်။ချိုက်က မြန်မာစကားမပြောတတ်ပေ။ မန်နေဂျာကသာဘာသာပြန်ပေးရသည်။

" သူပြောတာက ဒီအဆောင်ဆွဲကြိုးလေးကို အမြဲဆွဲထားပါတဲ့ ...မြစ်ကိုဖြတ်တာနဲ့ကျုတ်အဖုံးကိုဖွင့်ပြီး

လှေပေါ်မှောက်ချလိုက်တော့တဲ့ ... အကူအညီတွေရလိမ့်မယ်လို့ပြောတယ် "

" ဗျာ "

" ဟုတ်ကဲ့ ... ကျေးဇူးပါခင်ဗျ "

အပေါစားကျုတ်လေးကို ကြိုးတပ်ပြီးစကားကြီးစကားကျယ်ပြောနေသည်ဟု ထိန်ဝင်းအောင်နှင့် ဉာဏ်လင်းတို့အတွေးထဲ တွေးနေမိကြသည်။ 

" နောက်ပြီး ကျန်သေးတယ်ဗျ ... "

" ဟုတ် ... "

ချိုက်ဆိုသူနှင့် မန်နေဂျာက အပြန်အလှန် ပြောဆိုနေကြသဖြင့် နားမလည်သော်လည်း အကဲခတ်ကြည့်ရင်းနားထောင်နေကြရလေသည်။

" မြစ်တစ်ဘက်ကမ်းကိုရောက်ရင် ခင်ဗျားတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်တောင် မယုံပါနဲ့တဲ့ ... ဆွဲကြိုးလည်းမပျောက်စေနဲ့တဲ့ ... ဆွဲကြိုးကကိုယ်နဲ့မကွာဆွဲထားရမှာ... "

ထိုသို့ပြောပြီး ထိုင်းဘာသာဖြင့် ဆက်ပြောနေကြသည်။

" နောက်ပြီးတော့ မြစ်ကိုဖြတ်တဲ့အခါ ရေအောက်ကိုလုံးဝမကြည့်ရဘူးတဲ့ ... "

" ဗျာ ... ဘာလို့လဲဗျ "

" သူထပ်ခါထပ်ခါသတိပေးတယ်နော်တဲ့ ... လှေပေါ်ကနေ ရေအောက်ကို လုံးဝငုံ့ကြည့်လို့ မရဘူးလို့ပြောတယ် ... "

" ဟုတ်ကဲ့ပါ ... "

ချိုက်ပြောသည်များကို နားထောင်ရင်း နှစ်ယောက်သားစိတ်ထဲမှ လှောင်ရယ်နေမိကြသည်။

" ကျန်သေးတယ်ဗျ ... "

( များလိုက်တဲ့ စည်းကမ်းချက်တွေ )

ထိန်လင်းအောင်မှာ စိတ်ထဲ ကသိကအောက်ဖြစ်မိသဖြင့် ရေရွတ်နေမိတော့သည်။

ဉာဏ်လင်းမှာမူ ဖုန်းထုတ်ပြီး note လေးထဲ လိုက်မှတ်နေ၏။

( ဒီကောင်လည်းဖောက်သွားပြီ )

ထိန်ဝင်းအောင် စိတ်ထဲ ထပ်မံရေရွတ်မိပြန်သည်။

" သူနောက်ဆုံးမှာချင်တာက အဲ့ဒီ သေတ္တာကို ဖွင့်မကြည့်ဖို့ပဲတဲ့ ... "

" မကြည့်ပါဘူးဗျာ ... စိတ်ချပါ "

ထိန်ဝင်းအောင်တို့လိုချင်သည်က သိန်းသုံးရာသာ၊ သေတ္တာထဲမှ ကျည်လွဲကို စိတ်မဝင်စားပေ။ အသုံးလည်းမချတတ်သလိုသူတို့အတွက်အသုံးမဝင်သောအရာ။ချိုက်ပြောသမျှအားလုံးလိုက်နာပါမည်ဟု ဆိုပြီးပြန်လာခဲ့ကြလေတော့သည်။

" မနက်ဖြန်မနက် ( ၅ ) နာရီအဆင်သင့်စောင့်နေပေးကြ... လေယာဉ်က ( ၇ ) နာရီထွက်မှာ "

" ဟုတ်ကဲ့ ... ရယ်ဒီလုပ်ထားပါ့မယ် "

ဉာဏ်လင်းက ထိန်ဝင်းအောင်အိမ်သို့ အတူလာစောင့်မည်ဟု ချိန်းဆိုဖြစ်ကြလေသည်။ 

ထိန်ဝင်းအောင်မှာမူခရီးရှည်အတွက်ပြင်ဆင်ရသလိုမိခင်အားကြည့်ရှု့ပေးမည့်အမျိုးသမီးတစ်ယောက်လည်း ‌ငှားထားရသေးသည်။

အသက်(၄၀)အရွယ်အမျိုးသမီးကသွက်လက်ချက်ချာသူဖြစ်နေ၍အနည်းငယ်စိတ်အေးသွားရလေ

သည်။ဤသို့ဖြင့်ခရီးထွက်ရန်ပစ္စည်းများထည့်နေသည့်အချိန်တွင်လူတကိုယ်လုံးကြက်သီးမွှေးညင်းများ

ထလာခဲ့သည်။

ဆိုးဆိုးရွားရွားအနံ့အသက်ကိုပါရရှိနေ၏။ ကြွက်သေကောင်များလားဟု သံသယဝင်ပြီး ရှာဖွေကြည့်သော်လည်း မရှိချေ။

ထိုအနံ့အသက်ရပြီးသည့်အခါ ထိန်ဝင်းအောင်စိတ်ထဲလေးလံမိနေသလို ခံစားလိုက်ရလေတော့သည်။ 

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..