
! တင်း.....တောင်!
! တင်း.......တောင်!
ခြံတံခါးဘဲလ်မြည်သံကြောင့် သုံးထပ်တိုက်ကြီးထဲမှ အရပ်ပုပုဝဝဖြင့် မိန်းမကြီးတစ်ယောက် လုံးတုံးလုံးတုံးဖြင့် ပြေးထွက်လာကာ လူတစ်ကိုယ်စာထွက်ရရုံ တံခါးပေါက်လေးကို ဖွင့်ကြည့်လိုက်၏။
အလုပ်ခေါ်တယ် ကြားလို့ပါဗျ။ သတင်းစာထဲမှာ ဒရိုင်ဘာခေါ်ထားတာတွေ့လို့ပါ။
ဒေါ်ပုတင် လူငယ်၏ ပုံစံကို ခြေဆုံးခေါင်းဆုံး အကဲခတ်သလို ကြည့်လိုက်မိသည်။ ပုဆိုးကိုခပ်တိုတို ဝတ်ထားရင်း ရှပ်အင်္ကျီအကွက်လက်တိုလေးကို ဝတ်ကာ အဝတ်အစားထည့်သည့် ကျောပိုးအိတ်လေးက ပေစုတ်စုတ်။ ရုပ်ရည်လေးကတော့ ချောချောလေးပေမယ့် လူကောင်းဖြစ်ဖို့က အဓိက မဟုတ်လား ။ ပြီးတော့ ရုပ်လေးချောပြီး လက်ကြောမတင်းမှာလဲ စိုးရိမ်သည်။
ဟို.....လူရသွားပြီလား ခင်ဗျ။
သြော်......မရသေးပါဘူးကွယ်။ လာ.....လာ အိမ်ထဲဝင်လာခဲ့။
တံခွန်သွေး အိမ်ထဲဝင်သွားသည့် မိန်းမကြီးနောက်မှ လိုက်ဝင်လာခဲ့ရင်း ဧည့်ခန်းထဲ ဝင်လာခဲ့သည်။ ဆိုဖာပေါ် ထိုင်လိုက်စဥ် ထိုမိန်းမကြီးက သူ့ကို စောင့်ခိုင်းကာ အိမ်ပေါ်ထပ် ပြေးတက်သွား၏။ သူ့အကြည့်က ဧည့်ခန်းထဲရှိ ဓာတ်ပုံကြီးကို မြင်တော့ စူးခနဲ ငေးကြည့်မိသွားသည်။ သားအဖနှစ်ယောက်ပုံဖြစ်ကာ အင်မတန်ပျော်ရွှင်နေလျက် ဓာတ်ပုံထဲမှ မိန်းမဟာလဲ အတော်လေးကို လှသည်။
ထိုစဥ် ဧည့်ခန်းထဲ ဝင်လာကြသည့် စောနက ပုပုဝဝ အဒေါ်ကြီးနှင့် အခြားအမျိုးသမီးကြီးတစ်ယောက်ကို မြင်လိုက်ရသဖြင့် တံခွန်သွေး ရိုကျိုးစွာပင် မတ်တပ်ထရပ်လိုက်မိသည်။ အမျိုးသမီးကြီးက အဖြူရောင်ရင်ဖုံးအင်္ကျီ နှင့် ယောဂီရောင်ထဘီကို တွဲဝတ်ထားကာ ဆံထုံးကြီးကိုအယ်နေအောင် ထုံးထား၏။ ထိုအမျိုးသမီးကြီးက ဆိုဖာတွင် ဝင်ထိုင်ရင်း သူ့ကို အကဲခတ်ကာ......
အလုပ်လာလျှောက်တာပေါ့......ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ပါတယ်နော်။
ဟုတ်ကဲ့.....ကျွန်တော် ကားမောင်းလိုင်စင်ပါရပြီးသားပါ။ အရင်ကလဲ မောင်းဖူးပါတယ်။
အသက်က.......
နှစ်ဆယ့်လေးပါ အဒေါ်......
ဒေါ်ကြည်ပြာ မျက်စပင့်မိသွားရင်းမှ မုန်းလေးထက် ငယ်တာပဲဟု တွေးမိသွားသည်။
သမီးမုန်းထက် အသက်ငယ်တာပဲ:....ထားပါလေ အသက်ကြီးရင်လဲ မျက်စိတွေဘာတွေ မှုန်မှာစိုးလို့။ အဓိက က အန္တရာယ်ကင်းဖို့ပါပဲ။ ဆယ်တန်းအောင်တယ်နော်။
တံခွန်သွေး ခေါင်းငြိမ့်ပြလိုက်ရင်းမှ ဘွဲ့ရပြီးသားဆိုတာ မပြောပဲ ထိမ်ချန်ထားလိုက်သည်။ ဒေါ်ကြည်ပြာက သူ့ကို စေ့စေ့ကြည့်ရင်း.....
လူငယ်ဆိုတော့ သောက်တတ်စားတတ်မှာပေါ့။ ဒီအိမ်မှာပဲ နေပြီး အလုပ်လုပ်ရမှာမို့ သောက်တတ်ရင် အဆင်မပြေဘူး။ အိမ်မှာက မင်းရယ် ခြံစောင့်ဘကြီးရယ်ကလွဲရင် ကျန်တာ မိန်းမသားတွေချည်းပဲ။
ကျွန်တော် မသောက်တတ်ပါဘူး ခင်ဗျ။ မကြိုက်လို့ပါ..။
တံခွန်သွေး စကားကြောင့် ဒေါ်ကြည်ပြာ သဘောကျသွားရရင်း ခေါင်းလေးတငြိမ့်ငြိမ့်ဖြစ်သွားသည်။
ကောင်းပြီလေ......မင်းကို အလုပ်ခန့်လိုက်ပြီ။ ဘကြီးဖြိုးနဲ့အတူ ဘေးကအိမ်မှာနေပေါ့။ အဲ့အိမ်မှာ အခန်းနှစ်ခန်းရှိတာ မင်းတစ်ခန်းယူလိုက်။ ညကျမှ မိတ်ဆက်ပေးမယ်။ မပု ဒီကောင်လေးကို နေရာချပေးလိုက်။
တံခွန်သွေး အနောက်မှ ခပ်ရို့ရို့လိုက်လာခဲ့ရင်း ခြံနောက်ဖက်နားမှာ သစ်သားအိမ်လေးကို တွေ့လိုက်ရသည်။ အသက်အတော်ကြီးနေသည့် အဘတစ်ယောက်က ထိုင်ရင်း သူတို့ကို မြင်တော့ ထလာ၏။
ဘကြီး ဒါ ဒရိုင်ဘာလုပ်ပေးမယ့် ကောင်လေးပဲ........နာမည်က.......
တံခွန်သွေးပါ ခင်ဗျ။
ကဲ.....ကြည့်သာနေကွယ်။ ဘကြီးက မျက်စိမှုန်တယ်....နားလဲသိပ်မကြားဘူး။
တံခွန်သွေး အံ့သြသွားရသလို ဒီလိုပုံစံနှင့် ခြံစောင့်ခန့်ထားခြင်းကို အံ့သြနေမိ၏။ ဒါကြောင့် သူအော်ခေါ်တုန်းက ထွက်မလာတာကိုး။
ဒေါ်ဒေါ့်နာမည်က ပုတင်တဲ့.....စောနက မမကြည်ပြာ....ဒီအိမ်ပိုင်ရှင်ကတော့ သမီးလေးဂမုန်းနွယ်ပေါ့ကွယ်......ဒါပေမယ့် မုန်းလေးက သဘောကောင်းပါတယ်....ခုတလောတော့ စိတ်ကြီးနေတယ်။ မင်း သည်းခံပေးရလိမ့်မယ်။
သူ့ဘာသာသူပြောပြီး တစ်ခုခုကို တွေးမိသလို သက်ပြင်းတွေတချချဖြင့် ပြန်ထွက်သွားသည့် ဒေါ်ကြီးပုတင်။ တံခွန်သွေး ဘကြီးကို နှုတ်ဆက်ကာ ပေးသည့်အခန်းလေးထဲ ဝင်လာခဲ့ရင်း ကျောပိုးအိတ်ကို ပစ်ချလိုက်သည်။ ခပ်မဲ့မဲ့ အပြုံးတစ်ခုက အငြိုးကြီးကြီး ထွက်ပေါ်လာရင်း အံကိုတင်းခနဲ ကြိတ်မိသည်။
ဂမုန်းနွယ်......ဂမုန်းနွယ်။
မင်း ပြန်ပေးဆပ်ရလိမ့်မယ် ဂမုန်းနွယ်။
ငါ့ညီမကို မင်းတို့ သားအဖသတ်ခဲ့သလို မင်းစိတ်ကိုလဲ တတိတိနဲ့ သေအောင် ငါ သတ်ပြမယ်။ ငါ့ညီမ အသက်လျော်ကြေးကို တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမယ်။
မင်း ညီမ သေပြီ ခွန်သွေး......မင်း ညီမ လူ့လောကထဲ မရှိတော့ဘူး။
တောင်းပန်ဖို့နေနေသာသာ အရိပ်တောင်ပေါ်မလာပါဘူးကွာ......သူ့သမီးကျလဲ ကားမောင်းသူမဟုတ်လို့ လွတ်တယ်တဲ့... မတရားဘူး။
သွားတယ်.....ထွက်တောင်မတွေ့ဘူး။
အဲ့မိန်းမက အရမ်းချမ်းသာတာ။ မာနက မိုးထိနေတာတဲ့.....ဘယ်သူမှ လူမထင်ဘူးကြားတယ်။ မင်း ညီမရက်လည်ကျမှ သူ့အဒေါ်က ငွေထုပ်ပိုက်ပြီး လျော်ကြေးလာပေးသွားတာ။
သိခဲ့ကြားခဲ့ရသည့် စကားတွေကို ပြန်ကြားယောင်မိတိုင်း သွေးတွေက ပွက်ပွက်ဆူလာ၏။ ဒေါသခိုးတွေ ပြည့်နှက်နေသည့် မျက်ဝန်းအစုံ က နာကြည်းမှုကြောင့် စူးရဲတောက်နေကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဂမုန်းနွယ်......ထိုမိန်းမကို သူ့ခြေရင်း ပြားပြားဝပ်စေရမည်။
@@@@@@@@@@@
တံခွန်သွေး မနက်ခပ်စောစောထကာ ရေမိုးချိုးပြီး အဝတ်အစားလဲထားလိုက်သည်။ ဒီအတိုင်း ထိုင်မနေပဲ ခြံထဲရှိ သစ်ရွက်ခြောက်တွေကို လှည်းကျင်းနေစဥ် သူ့မြင်ကွင်းထဲ ဝင်လာသည်က ဝရန်တာမှာ ရပ်နေသည့် ထိုမိန်းမ ဂမုန်းနွယ်။ ခြံထဲမှ လှမ်းမော့ကြည့်နေရင်း ခပ်ဝေးဝေးက မြင်နေရတာတောင် ဒီမိန်းမက အတော်လေး လှသည်။
ပန်းဆီရောင် လက်ဖောင်းအင်္ကျီလေး နှင့် မျက်နှာထားကတော့ တင်းမာနေကာ တကယ့် မာနခေါင်ခိုက်နေဟန် အထင်းသား။ ဆံနွယ်အရှည်ကြီးက လေတိုက်တိုင်း တဝဲဝဲလွင့်နေကာ နေခြည်ထိုးတော့ တကယ့် နတ်သမီးတမျှ။
မမမုန်း မနက်စာစားရအောင်လေ။ စုစု ကူပေးမယ်နော်။
မုန်း လက်မောင်းကို လာထိသည့် အထိအတွေ့နဲ့အတူ အနားကပ်လာတာ သိလိုက်တာမို့ လက်ကို ဆောင့်ရုန်းပစ်လိုက်သည်။
ဖယ်စမ်း.....ငါ....
ဒေါသတကြီး လက်တစ်ဖက်က မြောက်တက်သွားပေမယ့် လေထဲမှာပင် တုန့်ခနဲ ရပ်တန့်သွားရသည်။ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးမိကာ ခွေခနဲ နေရာတွင် ထိုင်ချလိုက်ရင်းမှ မုန်း ကံကြမ္မာကို မုန်းတီးလှသည်။ မုန်းမှာ ဘာအပစ်တွေများရှိလို့ ဒီလောက် ရက်ရက်စက်စက် ဒဏ်ခတ်ရသည်လဲ။
တံခွန်သွေး အောက်မှ လှမ်းကြည့်နေတာမို့ အကုန်မြင်နေရသည်။ တော်တော်မောက်မာသည့် မိန်းမဟု သတ်မှတ်မိသလို ပို၍ပင် တူးတူးခါးခါး မုန်းတီးမိပြန်သည်။ ထိုမိန်းကလေးကို လက်ရွယ်လိုက်တာများ တကယ့် မာနခေါင်ခိုက်နေသည့် မိန်းမဟု ဝန်ခံစရာမလိုတော့သည် အထိ။
မောင်ခွန်သွေး......လာလေကွယ်။ မနက်စာလာယူ။
ကြီးပုတင်က ပန်းကန်နှစ်ချပ်ယူကာ လှမ်းပေးတော့ သူ လှမ်းယူမိသည်။ နန်းကြီးသုပ်ပန်းကန်တွေဖြစ်ကာ ဘဲဥ ၊ အသားနိုင်းချင်းပင်။ အလုပ်သမားတွေကို ဒီလို ကျွေးတာလား......မဟုတ်လောက်ပါ။ ဒီမိန်းမက အဆင့်အတန်းခွဲခြားတတ်သည်ဟု သူ ကြားဖူးထားသည်လေ။
လူလေး.....မနက်စာပို့သွားပြီလား။
သူ့အနားရောက်လာသည့် ဘကြီးက သူ့လက်ထဲမှ ပန်းကန်နှစ်ချပ်ကို ကြည့်ရင်း မေးလာသည်။ တံခွန်သွေး ခေါင်းငြိမ့်ပြလိုက်ရင်းမှ.....
ဟုတ်တယ် ဘကြီး......လာလေ မနက်စာသွားစားကြတာပေါ့။
ဟေ......
သူ့စကားကို သေချာကြားပုံမရတာမို့ ဘကြီးနားမကောင်းတာ ပြန်သတိရသွားရင်း အသံကိုမြှင့်ပြောလိုက်ရသည်။
မနက်စာ မနက်စာ.....သွားစားမယ်လို့။
သြော်,....အေး အေး ။ အသက်ကြီးတော့ ဘာမှမကောင်းပါဘူး လူလေးရယ်။
နှစ်ယောက်သား အိမ်လေးဆီ အတူလျှောက်လာရင်း သူကလဲ သူ့အကြံနဲ့သူပင်။ သို့ပေမယ့် ထိုနေ့က တစ်နေကုန် ဂမုန်းနွယ်ဟာ ဘယ်မှမသွားသဖြင့် လိုက်မပို့ရပဲ ကြီးပုတင်တို့ စုစုတို့ကိုသာ စျေးသွား ဘာညာလိုက်ပို့ရတတ်သည်။
တစ်ပတ်.....
အချိန်တစ်ပတ်ကြာသည့်တိုင် သူ နဲ့ ဂမုန်းနွယ် မျက်နှာချင်းပင်မဆိုင်ဖူးပါ။ ဂမုန်းနွယ်က အိမ်ထဲပဲ နေတတ်သလို အသံပင် မထွက်။ သူကတော့ တစ်ပတ်အတွင်း အကုန်လုံးနဲ့ ခင်မင်လာပြီ ဖြစ်သလို အလုပ်ကို မြင်တာသိမ်းကြုံးလုပ်ပေး၍ ဒေါ်ကြည်ပြာကအစ သဘောကျသည်။ အိမ်မကြီးထဲလဲ ဝင်ထွက်တတ်လာပြီဖြစ်ကာ တစ်ခုခုဆို ခေါ်ခိုင်းတာမျိုးလဲ ရှိသည်။ တစ်ခုကောင်းသည်က အလုပ်သမားတွေအားလုံးဟာ ဂမုန်းနွယ်စားသလိုစားရ နေရသည်။
တံခွန်သွေး မီးဖိုချောင်ထဲမှ ဘေစင်ရေပိတ်နေ၍ လာပြင်ပေးနေခြင်းပင်။ သူ့အနားတွင် ကြီးပုတင် နှင့် စုစုက ချက်ပြုတ်နေသလို ဒေါ်ကြည်ပြာက ဘုရားသွားသဖြင့် မနက်စောစော သူလိုက်ပို့ပေးထားရကာ ညနေမှ သွားကြိုရမည်ဖြစ်သည်။
စုစု.....စုစုရေ......စုစု ခေါ်နေတာ မကြားဘူးလား။
အပေါ်ထပ်မှ လှမ်းခေါ်သံကြောင့် စုစုကပျာကယာ ထပြေးသွားသလို တံခွန်သွေးလဲ နားစွင့်မိသွားသည်။ သိပ်မကြာခင် ဝုန်းခနဲ အသံကြားလိုက်ရသဖြင့် ကြီးပုတင်က အလန့်တကြား ဖြစ်သွားကာ မတ်တပ်ထရပ်၏။
ကြီးရေ....ကြီး လာပါဦး မမမုန်း ချော်လဲလို့။
မုန်း မျက်နှာလေးက မဲ့ရှုံ့နေရင်း ဘေးမှ စုစုလက်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ ခြေထောက်ခေါက်သွားသည်လား မသိပဲ ထောက်လို့ပင်မရတော့တာမို့ စုစုက ဆွဲထူတာတောင် မရ။
အမလေး.....သမီးလေးရယ်.....နေဦး ကြီးကလဲ ခါးနာနေတာ ထူနိုင်မှာ မဟုတ်ဘူး။ မောင်ခွန်သွေး.....မောင်ခွန်သွေး လာပါဦးကွယ်။
တံခွန်သွေး အပေါ်ထပ်ပြေးတက်လာရင်း ကြည့်မိတော့ ကြမ်းပြင်ပေါ် ခွေခွေလေးလဲကျနေသည့် ဂမုန်းနွယ် နှင့် ဂမုန်းနွယ်ကို ထူရန်ကြိုးစားနေသည့် စုစု။
ဘာဖြစ်လို့လဲ ကြီးပု...
ခြေထောက်ခေါက်သွားတယ် ထင်တယ်.....အခန်းထဲ ပို့ပေးပါကွယ်။
ဂမုန်းနွယ် မျက်နှာကို တစ်ချက်လှမ်းကြည့်မိတော့ ခပ်တည်တည်လေးဖြင့် မျက်နှာကိုတင်းချီထားသည်။ သူ အနားလျှောက်လာရင်းမှ ပွေ့ချီလိုက်တော့ အိခနဲ နူးညံ့လွန်းသည့် အထိအတွေ့ကို ခံစားလိုက်ရကာ သူမ အသားအရေကအစ နုဖတ်နေတာ သိသာ၏။ မွှေးပျံ့သော ခရေနံ့ကို ရလိုက်သလိုလိုပေမယ့် သူကတော့ ထိုကဲ့သို့သော ပြည့်စုံနေသည့် သူမကို မုန်းတီးသည်။ သူမက ပြည့်စုံစွာ ရှိနေပေမယ့် သူ့ညီမလေးကတော့ လူ့လောကတွင် ရှိပင်မရှိတော့ဘူး မဟုတ်လား။ ငယ်ငယ်ရွယ်ရွယ်နဲ့ စောစောစီးစီး အသေစောခဲ့ရရှာသည် မဟုတ်လား။
အိပ်ယာထက် တင်ပေးလိုက်ရင်း နောက်ပြန်ဆုတ်လိုက်ပေမယ့် ...
နေဦး.......
ပထမဆုံး သူမဆီမှ ထွက်ပေါ်လာသည့် အသံပင်။တံခွန်သွေး ခြေလှမ်းတို့ရပ်သွားရကာ ငေးစိုက်ကြည့်မိစဥ်.......
ကြီးပု....အံဆွဲထဲမှာ ပိုက်ဆံရှိတယ်။ ယူပြီး ပေးလိုက်ပါ........
တံခွန်သွေး မျက်မှောင်ကျူံ့သွားမိရင်းမှ......
ဘာလုပ်ဖို့လဲ ခင်ဗျ.....
မင်းအတွက်လေ......ကူညီတဲ့အတွက် တန်ရာတန်ကြေးပေးတာ။ ပေးလိုက်ပါ ကြီးပု။
တံခွန်သွေး အံကိုတင်းခနဲ ကြိတ်မိသွားရင်းမှ ဒေါသကထောင်းခနဲ ထွက်သည်။ ကြီးပုကတော့ မျက်နှာမကောင်းသလို စုစုကလဲ သူ့ကို အားနာစွာငေး ကြည့်နေသည်။
မလိုပါဘူး......အဲ့ငွေတွေ လက်မခံပါရစေနဲ့။ ကျွန်တော် ကူညီတာ စေတနာသန့်သန့်နဲ့ ကူညီပေးတာ.....ငွေကြောင့် မဟုတ်ဘူး။ .
ဂမုန်းနွယ် ခေါင်းလေးခါယမ်းမိရင်းမှ ခပ်မဲ့မဲ့ပြုံးသည်။ ဘေးဘီကို လိုက်စမ်းလိုက်ရင်း မတ်တပ်ထရပ်ရန်ပြင်သည်ကို တံခွန်သွေး ကြောင်အစွာ ငေးကြည့်နေရင်း ဘာလဲ.....ဂမုန်းနွယ်က.... ။
မမမုန်း..... ဒီမှာနော်။
စုစုက ဂမုန်းနွယ်အနားရပ်ကာ ငွေထုပ်ကို လက်ထဲထည့်ပေးလိုက်သည်။ သူ့ဘက်မဟုတ်ပဲ ခပ်လွဲလွဲလေး ကမ်းပေးနေတာမို့ တံခွန်သွေး ကြက်သေသေကာ မယုံနိုင်ဖြစ်နေမိခြင်းပင်။ သူမက မျက်စိမမြင်ဘူးလား။
ယူပါ. .... .
ကြီးပုက သူ့ကို မျက်ရိပ်လှမ်းပြကာ ဆွဲယူစေလိုက်တာမို့ သူ့လက်ထဲ ငွေစက္ကူတစ်ထပ်က ပါလာသည်။ ထိုအခါမှ ကျေနပ်သလို မျက်နှာက ကြည်သွားရင်း အိပ်ယာကိုစမ်းကာ ပြန်ထိုင်ချသည်။ အခန်းထဲက ပြန်ထွက်လာကြရင်း ကြီးပုကို သူ မယုံနိုင်သလို မေးမိတော့......
ဟုတ်တယ် မောင်ခွန်သွေး ....သမီးမုန်းက မျက်စိမမြင်ဘူး။ ကား တိုက်မှုတစ်ခုဖြစ်ပြီး သမီးမုန်းအဖေက ပွဲချင်းပြီးဆုံးသလို သမီးမုန်းလဲ မျက်ကြည်လွှာ ထိခိုက်သွားတယ်။ အရင်က အရမ်းသဘောကောင်းတဲ့ ကလေးပါ.....ခုမှ ဒီလိုဖြစ်သွားတာ.....သည်းခံပေးပါကွယ်။
ဂမုန်းနွယ်က မျက်စိမမြင်ဘူးတဲ့လား။
အဟွန်း......ကံတရားက ပြစ်ဒဏ်တော့ ခတ်ပေးသားပဲ။
@@@@@@@@@@@
ဝရန်တာတွင် တစ်ယောက်ထဲ မတ်တပ်လေးရပ်နေရင်းမှ မုန်း ကိုယ့်ဘဝကိုယ် စိတ်ပျက်လာသည်။ နက်ရှိုင်းလှသည့် အမှောင်ထုထဲ နေ့ချင်းညချင်း ပြုတ်ကျခဲ့ရုံမက ဖေဖေဆုံးတာတောင် ဖေဖေ့မျက်နှာကို နောက်ဆုံးမမြင်လိုက်ရ။ အဖေတစ်ခု သမီးတစ်ခုဘဝမှာ မုန်းတစ်ယောက်ထဲသာ ကျန်ခဲ့ရင်း အမှုကလဲ ရင်ဆိုင်ရသေးသည်။ ပြီးတော့ တစ်ဖက်က လူမှာ ကိုယ့်ရန်သူဟောင်းမို့ အားလုံးက ရည်ရွယ်ချက်ရှိရှိ လုပ်သည်သာ စွပ်စွဲကြသည်။
ဂမုန်းနွယ် နှင့် ချစ်ဖူးငုံ.....
ကျောင်းတော်က ရန်သူပြိုင်ဖက် မိန်းကလေးနှစ်ယောက်။ အထူးသဖြင့် ယောကျာ်းတစ်ယောက်ကြောင့် ဖူးငုံဟာ မုန်းကို အမျိုးမျိုး ပြိုင်ဆိုင်ခဲ့သည်။ အခုပြန်တွေးကြည့်ရင် ဖူးငုံသေရတာ မုန်းလဲ စိတ်ထိခိုက်ရသလို အပြစ်ရှိသလို ခံစားမိပါသည်။ အထူးသဖြင့် လက်ထပ်ခါနီးအချိန်မှာမို့ ဖူးငုံကို ပိုသနားသည်။ ဖူးငုံ ကိုနောင့်ကို ဘယ်လောက်ချစ်မှန်း သိသည်လေ။
တံခွန်သွေး ခြံထဲရှိခုံတန်းတွင် ထိုင်ကာ ညီမလေး နဲ့ သူ တွဲရိုက်ထားသည့် ဓာတ်ပုံကို ထုတ်ကြည့်ရင်း မျက်ရည်စတွေက ဝဲတက်လာသည်။ လက်ထပ်ခါနီး သူ့ဆီဖုန်းဆက်သေးသည်။
ကိုကြီးနော်.....ညီမလေး မင်္ဂလာဆောင်ကို လာကိုလာရမယ်။ မလာရင် စိတ်ဆိုးမှာ..... အလုပ်က အရေးကြီးလား ညီမလေးက အရေးကြီးလား။
သူ နဲ့ ညဖက် ဖုန်းပြောပြီး မနက်ကျ သူ့ညီမ သေပြီဆိုသည့် သတင်းရောက်လာတာ သူ လုံးဝ မယုံကြည်နိုင်ခဲ့။ ကြားရတာတွေကလဲ တစ်ခုမှ ဖြေနိုင်စရာမရှိပဲ ရည်ရွယ်ချက်ရှိရှိ တိုက်သတ်သည်ဟုပင် ပြောကြသည်။
အဲ့မိန်းမကို အရမ်းအမြင်ကတ်တာပဲ ကိုကြီးရယ်.....ညီမလေးကို တမင်အရှက်ခွဲတာ သိလား။
ဂမုန်းနွယ်က အရမ်းမောက်မာတာ သိလား ကိုကြီး။ အလကား မာန်တက်နေတာ။
ညီမလေးဆီက ဖုန်းပြောတိုင်း ထိုမိန်းမ၏ မောက်မာမှု ၊ အထက်စီးဆန်မှုတွေကို ဖန်တစ်ရာတေအောင် ကြားခဲ့ရသော်လည်း သူ ပြုံးခဲ့မိတာ မိန်းကလေးအချင်းချင်း ပြိုင်ဆိုင်မှုဟု တွေးထင်ခဲ့မိ၍ပါ။ ခုတော့ သူ မထင်မှတ်ထားလောက်အောင်ပင် သူ့ညီမကို ထိုမိန်းမက သတ်ခဲ့ပြီ။
တံခွန်သွေး ဝရန်တာမှာ ရပ်နေသည့် ဂမုန်းနွယ်ကို အေးအေးလူလူ စိုက်ကြည့်နေရင်းမှ လက်သီးကိုကျစ်နေအောင် ဆုပ်ထားမိသည်။ ခင်ဗျားဘာသာ ကန်းရုံမကလို့ ဒုက္ခိတဖြစ်နေရင်တောင် ကျုပ် သနားမှာ မဟုတ်ဘူး ဂမုန်းနွယ်။ ခင်ဗျားက ကန်းရုံကန်းတာပါ.....လောကကြီးထဲ နေနိုင် စားနိုင် ပျော်ရွှင်နိုင်သေးတယ်။ ကျုပ်ညီမကတော့ အစားပြန်မရတော့ဘူး......ခင်ဗျား က လူတစ်ယောက်လုံး သေတာတောင် ထောင်မကျပေမယ့် ကျုပ်က ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ပြန်ပေးဆပ်ခိုင်းမှာ....... တတိတိနဲ့ အကြိမ်ပေါင်းများစွာ သေအောင်သတ်မှာ။
--------------------------
ခြံထဲရှိဒန်းလေးထဲတွင် ထိုင်ကာ တစ်ယောက်ထဲ ငူငူလေးရှိနေသည့် ဂမုန်းနွယ်။ မလှမ်းမကမ်းတွင် တံခွန်သွေးက ပန်းပင်တွေ ရေလောင်းနေကာ အရိပ်အခြည် ကြည့်နေ၏။ သူ့ခေါင်းထဲမှာ ဒီမိန်းမကို ဘယ်လို ဒုက္ခပေးရမလဲပဲ တွေးသည်။ သူ ဘယ်လိုလုပ်ရင် ဒီမိန်းမ စိတ်ထိခိုက်မလဲ အချိန်ပြည့် အကြံထုတ်သည်။
သူ အင်မတန် မုန်းသော မိန်းမကို အရိပ်တကြည့်ကြည့် လိုက်ကြည့်နေရသည်မှာ လွယ်ကူနေတာတော့ မဟုတ်။ တူးခါးနေတာထက် ခါးတူးနေအောင် ပိုးစိုးပက်စက် မုန်းသည်။ ဒီမိန်းမ မျက်နှာကို မြင်တိုင်း သူ ညီမလေးကို သတိရသည်။ သူများတွေအတွက် တစိမ့်စိမ့်ထိုင်ငေးနေချင်စရာကောင်းသည့် သူမ မျက်နှာလှလှလေးဟာ သူ့အတွက်တော့ နေလိုမီးလို ပူပြင်းစေသည်။
ခေါက်ဆွဲသုပ်....ကြာဆံသုပ်.....ကြာဆံချက်ပူပူလေး
ဟင်....။
မုန်းကိုယ်လေး ဆတ်ခနဲ ဖြစ်သွားရကာ အရမ်းစားချင်သည်မို့ အနီးအနားရှိ တုတ်ကောက်လေးကို လှမ်းစမ်းလိုက်ကာ ထရပ်လိုက်မိသည်။
ခွန်သွေး..... ခွန်သွေး အသုပ်သည် ခေါ်ပေးပါ။
သူ ရေပိုက်ကိုဆွဲပိတ်လိုက်ရင်း အသုပ်သည်လှမ်းခေါ်ကာ သူမအနားလျှောက်လာခဲ့သည်။
ဘာစားမှာလဲ ။ ကျွန်တော်ဝယ်လာခဲ့မယ်......။
ဟင့်အင်း.....ထိုင်စားချင်တာ။
သူ ဂမုန်းနွယ်မျက်နှာကို တစ်ချက်စိုက်ကြည့်ရင်းမှ လက်မောင်းကို ဆွဲကိုင်ကာ ခပ်ဖြည်းဖြည်း ခေါ်လာခဲ့သည်။ အကြည့်က မျက်စိရှေ့မှ ရေပိုက်ကိုမြင်တော့ တမင်မပြောပဲ ထားလိုက်ကာ သူထင်သည့်အတိုင်း ဂမုန်းနွယ်က မမြင်မစမ်းဖြင့် ခလုတ်တိုက်ကာ လဲကျသွား၏။
အမေ့.....
ဟာ....
ဟင်....
မယ်မင်းကြီးမက လဲတာတောင် သူ့လက်ကိုမလွှတ်တာမို့ သူပါယိုင်ကျသွားသဖြင့် ကမန်းကတန်း သူမကို ပြန်ဆွဲထားလိုက်ရသလို သူ့ရင်ခွင်ထဲ ကိုယ်လေးအိကျလာရင်း သူ့နှာခေါင်းက သူမပါးပြင်ထဲ နစ်ဝင်သွား၏။
ဆောရီး.....ဆောရီး ကျွန်တော် တမင်လုပ်တာမဟုတ်ဘူးနော်....ဟိုဟာ....
ရပါတယ်......
အသံတိမ်တိမ်လေး ထွက်လာတော့ သူ အံ့သြသလို ငေးခနဲ ကြည့်မိသွားသည်။ ရှက်သွားပုံရကာ မျက်နှာလေးက မဲ့နေတာမို့ သူကြည့်မိတော့ ခြေမလေးက သွေးတွေထွက်နေသည်။
ခြေမက ခိုက်မိသွားတယ် ထင်တယ်.....
ဟို.....အသုပ်။
ဒီလောက်နာနေတာတောင် သူမက စားချင်နေသေးတာမို့ သူအရင် လိုက်ပို့ကာ ခုံပုလေးဆွဲယူပြီး ထိုင်စေလိုက်သည်။
တူမကြီး ဘာစားမလဲ။ ဦးလေး အလကားကျွေးမယ်....တူမကြီး ကူညီပေးတာ ဦးလေး အဆင်ပြေသွားပြီကွယ်....ငါ့တူမကြီးကို ကျေးဇူးတင်လိုက်တာ။
ကြားနေရသည့် အသံကြောင့် မုန်း ပြုံးလိုက်မိရင်းမှ ရင်ထဲ သိမ့်ခနဲပီတိဖြစ်သွားရသည်။ ဒီဦးလေးဆီမှာ အရင်ထဲက အမြဲဝယ်စားနေကျဖြစ်ကာ တစ်ရက် ထိုဦးလေး မရောင်းဖြစ်တော့ဘူးပြော၍ မေးကြည့်တော့ အိမ်ငှားခမတတ်နိုင်၍ ဖယ်ပေးရမည်မို့ ဆိုင်ထမ်းလေးရောင်းရမည်ပြောသည်ကို မုန်းက ငွေအနည်းငယ်ကူပေးခဲ့ခြင်းပင်။
အလကားကျွေးမှာဆိုရင် မုန်းက နှစ်ပွဲစားမှာနော်။
တံခွန်သွေး မပြုံးစဖူးပြုံးနေသည့် ဂမုန်းနွယ်ကိုကြည့်ရင်း မျက်နှာလွှဲလိုက်သည်။ ဒီမိန်းမ ပျော်နေတာကို မြင်ပင်မမြင်ချင်။
ပေး....ပေး ဟင်းရည်က ပူတယ်။ ကျွန်တော် ခွံ့ပေးမယ်။
မုန်း တအံ့တသြလေး ဖြစ်သွားရပေမယ့် မငြင်းမိပါ။ ကိုယ့်အခြေအနေက သူများ ကို မှီခိုနေရသည့် အခြေအနေဖြစ်နေသည် မဟုတ်လား။ သို့ပေမယ့် ထိုနေ့က တံခွန်သွေးကို မုန်းစိတ်ထဲ နေရာယူစေခဲ့သည်။ သေချာဂရုတစိုက် လုပ်ကိုင်ပေးသလို ခြေမကိုအစ ယောကျာ်းတန်မဲ့ အောက်ကျသည်မထင်ပဲ ဆေးထည့်ပတ်တီးစည်းပေး နဲ့မို့ ကျေးဇူးလဲတင်မိသည်။ ကိုယ့်အပေါ် ကောင်းပေးသည်ထင်လျှင် အကြွင်းမဲ့ယုံကြည်ပစ်တတ်တာ မုန်းရဲ့ အားနည်းချက်ထင်ပါရဲ့။
ရက်အနည်းငယ်အတွင်းကို တံခွန်သွေးဟာ အိမ်အတွက် အရမ်းအားကိုးအားထားလာရသည်။ ရေစက်ပျက်လဲ သူပဲပြင်သလို အိမ်မှာ ဘာဖြစ်ဖြစ် သူကပဲ လုပ်ကိုင်ပေးသည်။ အကုန်လုံး ခွန်သွေး ခွန်သွေး ဖြင့် နှုတ်ဖျားကမချပဲ နေရာတကာ သူမပါလျှင် မပြီးဖြစ်လာသည်က အိမ်တွင် ယောကျာ်းသားမရှိတာလဲ ပါလိမ့်မည်ထင်သည်။
သို့ပေမယ့် မုန်း......
ဂမုန်းနွယ်အနားကို သူကပ်ဖို့က သိပ်မလွယ်သလို ဂမုန်းနွယ်ကလဲ အခန်းအောင်းနေသည်သာ များသည်။ တွေ့လိုက်တိုင်းလဲ မျက်နှာလေးတည်တည်နှင့် ရှိနေတတ်ကာ တစ်ခါတစ်လေ ထသောင်းကျန်းတတ်ပြန်သည်။ သို့သော် တံခွန်သွေးဟာ ဤအိမ်တွင် နေရာတစ်ခု တွင်တွင်ယူထားနိုင်ခဲ့သလို ထိုနေရာကို ဂမုန်းနွယ်ကိုယ်တိုင်လဲ လက်ခံပေးခဲ့သည်။ ဂမုန်းနွယ်၏ သဘောကောင်းသလို ဖြူစင်သလို ပုံစံလေးတွေမြင်လျှင် အကုန်လုံးက ဂရုဏာသက်ကြ ချစ်ကြပေမယ့် သူ့အတွက်က မျက်နှာဖုံးတပ်ထားသည့် ဘီလူးမနှင့် မခြားပေ။
ဂမုန်းနွယ်အတွက်ဆို သနားဂရုဏာမရှိစေရ။
ဂမုန်းနွယ်အတွက်ဆို စိတ်ချမ်းသာမှု မရှိစေရ။
တံခွန်သွေးဆိုသော ထိုယောကျာ်းသည် ကောင်းလျှင် ဆယ်ဆကောင်းသလို ဆိုးလျှင် သူများထက် ဆယ်ဆဆိုးသည်။ ညီမတစ်ယောက်လုံး ဆုံးရှုံးလိုက်ရတဲ့ အစ်ကိုတစ်ယောက်ရဲ့ အမုန်းအငြိုးကို မင်း သေသေချာချာကို ခံစားသိရှိစေရမယ် ဂမုန်းနွယ်။
ညှာတာထောက်ထားမှုဆိုတာ မင်းဆီလှမ်းလာတဲ့အချိန်ထဲက လွှင့်ပစ်ခဲ့ပြီမို့ပဲ။
To be continue P - 2
Author - အနမ်းခြွေ
#lotaya_shortstory