
အခန်း၁။
မမြမေ အိပ်ယာကနိုးတော့ နံနက် ၃နာရီ ထိုးပြီ။ဒီအချိန် သူများတွေက အိပ်ကောင်းတုန်း။
မမြမေခမျာမှာ ဝမ်းစာအတွက် အလုပ် လုပ်ရမည်ဆိုတော့မထချင်လည်းထရ၏။ အပြင်မှာလရောင်က ထိန်ထိန်သာနေဆဲ။ရွာလယ်လမ်းကခွေးအူသံတချက်တချက်ကလွဲပြီးအရာအားလုံးသည်တိတ်ဆိတ်နေကြ၏။
ဒီကနေ့မမြမေတို့သားအမိသည် ကျောင်းဆရာလူပျိုကြီးကိုစံရွှေ၏အိမ်ကမောင်းဆုံမှာဆန်မောင်းထောင်းရန် သွားရမည်ဖြစ်သည်။
ကျောင်းဆရာလူပျိုကြီးကရွာမှာတော့ကြေးရေတတ်လို့ခေါ်ရမလားပဲ။ သူ့အိမ်မှာစပါးကျီ၊ပဲကျီ၊မောင်းဆုံအကုန်ရှိ၏။မိဘများလက်ထက်ကရထားတဲ့လယ်တွေယာတွေကလည်းမနည်း။ကျောင်းဆရာမှာ
လည်း မိသားစုဆိုလို့သားအမိနှစ်ယောက်တည်းသာ ရှိတော့၏။မမြမေတို့သားအမိကတော့ ရွာမှာ ပန်းမလုံးစုံ အကုန်လုပ်မှ စားဝတ်နေရေး အဆင်ပြေလေ၏။ အလုပ်ကို ဇံ(စံ)ရွေးနေလို့ ရတာမဟုတ်။
လယ်ယာချိန်ဆိုကောက်စိုက်၊ ကောက်သင်းကောက် ၊ ပဲခင်းတွမှာ ပဲဆွတ်၊ပဲနုတ်လိုက်၊ ယခုလို စပါးပေါ်ချိန်ဆို ဆန်ဖွပ်မောင်းထောင်း။
သူတို့ သားအမိက ရွာဓလေ့ အလုပ်မျိုးစုံ လုပ်နိုင်မှ ထမင်းနပ်မှန်၏။ မမြမေ၏ယောက်ကျားသားက မနှစ်က ပိုးထိလို့ ဆုံးပါးသွားခဲ့သည်။ ခင်ပွန်းသည် မရှိကတည်းက သူတို့ဘဝကို အလုပ်မျိုးစုံ လုပ်ရင်း ရုန်းကန်ရပ်တည်နေခဲ့ရ၏။
တကယ်တော့မမြမေခမျာသူ့လင်ကိုချက်ကြီးဆုံးတော့အသက်က၃၅နှစ်သာရှိသေး၏။ အရွယ်ကောင်းဆိုတော့ နောက်အိမ်ထောင်ပြုမည်ဆို ပြုနိုင်သေးသည့်အရွယ်ဖြစ်၏။ ပြီးတော့ မမြမေက တောသူပီပီ ကျန်းမာကြံခိုင်၏။ အချိုးအစား ပြေပြစ်သော ကိုယ်နေဟန်ကို ယခုထိတိုင်ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
ညိုသောအသားအရေကစိုပြေ၏။မျက်ခုံးမျက်လုံးအလွန်လှ၏။ဆံပင်အုပ်လုံးကောင်း၏။သမီး
တယောက်အမေမုဆိုးမသာဆိုတယ်သူ့အရွယ်နဲ့သူကတော့လှတုန်းလှဆဲပင်။သို့ပေမဲ့မမြမေကရိုးသားတည်ကြည်၏။မုဆိုးမဆိုပြီး အထင်အမြင် သေးမည်တော့ မကြံလေနှင့်။ မမြမေက မဟုတ်မခံ။ ခပ်စွာစွာ။
သို့ပေမဲ့အင်မတန်ဣန္ဒြေရှိ၏။ကလက်တက်တက်အမူအရာမရှိချေ။ ထိကပါးရိကပါးလာပြောလို့ကတော့ မမြမေရဲ့ ခပ်စွာစွာ ပါးစပ်နဲ့ တွေ့သွားမည်။ထို့ကြောင့် မမြမေကို တော်ရုံလူက မစော်ကားရဲချေ။
ယခု သွားရမည့်အိမ်က ကျောင်းဆရာ လူပျိုကြီး ကိုစံရွှေဆို မမြမေအပျိုဘဝက ချစ်ရေးကြိုက်ရေး ဆိုခဲ့ဖူးသူ။ မမြမေမှ မရလျင် သေရပါတော့မည်ဟုပင် ဆိုခဲ့ဖူးသူ။ဒါပေမဲ့ မမြမေက ကျောင်းဆရာကို လုံးဝမကြိုက်။ ဘယ်ကြိုက်မလဲလေ။
ကျောင်းဆရာကမျက်စိကမှေးမှေး၊ မျက်နှာပြားပြား၊မျက်နှာတပြင်လုံးမှာလည်းဝက်ခြံအဖုအထစ်တွေက အပြည့်။လူပျိုသာဆိုတယ် ဗိုက်က ပူသေး။ စိတ်ကူးယဥ်ချင်စရာ တကွက်မှ မရှိ။ အသက်ကလည်း မမြမေထက် ၇နှစ်ခန့်ကြီး၏။အဲ့ဒီတော့ သက်တူရွယ်တူ လူညိုချော ကိုချက်ကြီးနဲ့သာ အကြောင်းပါလို့ ညားခဲ့ကြလေ၏။အဲ့သည်တုန်းက မမြမေ၏ အမေကဆို ကျောင်းဆရာနှင့် လွှတ်သဘောတူခဲ့လေ၏။
တူမှာပေါ့ ။
ကျောင်းဆရာက လယ်ပိုင်ယာပိုင်ကိုး။ ကိုချက်ကြီးက အမိမဲ့ အဖမဲ့ တကောင်ကြွက်။ လယ်ယာ မပြောနဲ့၊ လက်ရှိ နေတာတောင် သူ့ကြီးဒေါ်အိမ် ကပ်နေရသူ။ အိမ်ပိုင်ပင်မရှိရှာ။
ကျောင်းဆရာက တဦးတည်းသော သား။ အမွေခွဲဝေစရာ အရှုပ်အရှင်းမရှိဘူး။ ကိုချက်ကြီးကျတော့ ဒီကနေ့ မိန်းမယူ ဒီကနေ့ ကြီးဒေါ်အိမ်ပေါ်ကဆင်းပဲ။
ဘာပစ္စည်းဥစ္စာမှ ပိုင်ဆိုင်မှု မရှိဘူး။ ဒါပေမဲ့ ချက်ကြီးက အလုပ်ကြိုးစားသူ။ အပျင်းကြီးသူမဟုတ်။ လယ်ယာလုပ်ငန်း ကျွမ်းကျင်၏။ ရိုးသား၏။အကျင့်စာရိတ္တ ဖြူစင်၏။
ဒါကြောင့် မမြမေကို သူ့အမေက ကျောင်းဆရာကို ယူရန် မကြာခဏ တိုက်တွန်းလေ့ရှိသော်လည်း မမြမေက ကျောင်းဆရာကို မကြိုက်ချေ။။
အဲ့ဒီတော့ ကျောင်းဆရာခမျာ ကျန်ရစ်ဖြစ်ခဲ့ရှာ၏။နောက်ဆုံးမှာ မမြမေက ကိုချက်ကြီးနဲ့ ခိုးရာ လိုက်သွားခဲ့လေ၏။ ကျောင်းဆရာ အသည်းကွဲ ကျန်ရစ်ခဲ့သည်။
အခုတော့ မမြမေရဲ့ အမေလည်း မရှိတော့ပေ။ကိုချက်ကြီးလည်း မနှစ်က ဆုံးပါးသွားလေပြီ။
လူ့ဘဝလောကကြီးမှာ ဆွေမျိုးရင်းချာဆိုလို့ သူတို့သားအမိသာ ကျန်ရစ်တော့၏။အခု မမြမေ အဲ့ဒီ လူပျိုကြီးအိမ်ကို အချိန်မတော်ကြီး သွားရလိမ့်ဦးမည်။
ဒီအချိန်မောင်းဆုံကိုစထောင်းမှ၊သူတို့နေ့ဘက်သက်သာလိမ့်မည်။ဒါပေမဲ့မမြမေတယောက်တည်းတော့မဟုတ်ပါ။ သမီးဖြစ်သူ အိရွှေစင်နဲ့ နှစ်ယောက်အတူ သွားရမည် ဖြစ်သည်။
" သမီးရေ ... ရွှေစင် ထတော့ဟေ့။ အမေတို့ ကျောင်းဆရာအိမ်သွားပြီး ဆန်မောင်းထောင်းကြရအောင် "
လရောင်က တဲအမိုးအကျိုအကြားမှ ယိုစီးကျနေသည်ဖြစ်ရာ၊ ခွေခွေလေး နှစ်ခြိုက်စွာ အိပ်ပျော်နေသော သမီးကို မြင်နေရသည်။ မနှိုးရက်ပေမယ့် တယောက်တည်း မပြီးနိုင်သည့်အလုပ်မို့ အတင်းလှုပ်နှိုးရ၏။အိရွှေစင်ဆိုတာက အခု ၁၆နှစ်ထဲ ရောက်ပြီ။ အပျိုဖေါ် ဝင်ပြီလေ။ ဒီအရွယ်က စားကောင်း၊အိပ်ကောင်းသည့်အရွယ်။ ခမျာ ဒီအချိန်ကြီးဘယ်ထချင်ပါ့မလဲ။ အိရွှေစင်ကမထချင်သေး၊ တအင်းအင်း လုပ်နေသေး၏။မမြမေက အသံမာမာနဲ့ ထပ်နှိုးမှ မထချင် ထချင် ထလာ၏။
သို့နှင့် တပိုတပါးသွား၊ မျက်နှာသစ်၊သွားတိုက် စတာတွေ လုပ်ပြီး ၊ သားအမိနှစ်ယောက် ကျောင်းဆရာအိမ်သို့ ထွက်လာခဲ့ကြလေတော့သည်။
___________
အခန်း၂။
ကျောင်းဆရာ အိမ်ကို ရောက်တော့ သူတို့ သားအမိ ခြံတံခါးကို အသာတွန်းဖွင့် ဝင်ခဲ့ကြသည်။
အိမ်ကြီးရှင်တို့ကတော့ တယောက်မျ မနိုးကြသေး။ ဒါက အဆန်းမဟုတ်။ သူတို့ရွာမှာ ဒီလိုပဲ မောင်းထောင်းသူတို့သည် အိမ်ရှင် နိုးလာတာကို စောင့်နေရိုး ထုံးစံမရှိ။ကိုယ့်အလုပ်ကို ကိုယ့်ဖာသာရိုးသားစွာ လုပ်ကိုင်ကြသည်။အပျောက်အရှမရှိ။ခိုးဝှက်တတ်ခြင်း မရှိချေ။
အိမ်မကြီးကိုပတ်၍အနောက်ကမောင်းစင်ရှိရာသို့လျှောက်ခဲ့ကြသည်။မောင်းစင်သည်အိမ်မကြီး
အနောက်ကတမာပင်အောက်တွင်ရှိလေ၏။မောင်းစင်ရောက်တော့မမြမေကရေနံဆီမီးခွက်ကိုထွန်းညှိလိုက်သည်။ မောင်းစင်တဝိုက် မီးခွက်မှ မီးအလင်းရောင်က လင်းဖြာသွား၏။
မမြမေနှင့် သမီးရွှေစင်မတို့သည် မီးခွက်မှ အလင်းရောင်ဖြင့်စပါးအိတ်တွေသွားမကြသည်။ ရွှေစင်မက ဂုံနီအိတ်များကို မောင်းစင်ဘေးမှာ စီခင်းသည်။လုံးတီး၊ဖွဲကြမ်း၊ဆန်ကွဲ၊စပါးခွံတွေ သပ်သပ်စီ ခုတ်ချဖို့ နေရာခွဲရသည်။
မမြမေကမနေ့ကကြိတ်ထိုးပြီးလုံးတီးနှစ်ပြည်လောက်ကိုချင်တွယ်၍မောင်းခွက်ထဲထည့်၏။ ရွှေစင်မက မောင်းတံကို နင်းရန်အသင့်။
မမြမေက လုံးတီးနှစ်ပြည် ထည့်ပြီးသည့်နှင့် ...
" ကဲ ... နင်း ရပြီ "
ရွှေစင်မက သွက်သည်။ အမေ့အသံကြားသည်နှင့် စနင်းတော့လေ၏။
" ကျွီ ... "
" ဒုန်း ... "
" ကျွီ ..."
" ဒုန်း ..."
မောင်းနင်းတုန်းကရွှေစင်မခြေဖြင့်ဖိနင်းလိုက်တိုင်းကျွီခနဲမြည်သည်။ပြန်အကျတွင်ဒုန်းခနဲဆောင့်သံ
ထွက်၏။မောင်းတုန်းက ဆုံခွက်ထဲကျသည်နှင့် ဆန် မဖြစ်တဖြစ် လုံးတီးတွေက ဆုံခွက်နုတ်ခမ်းပေါ်ကို ဖွာခနဲ တက်လာကြသည်။ မမြမေက လက်ဖြင့် ယက်ချ၏။
မောင်းအကြွမှာ ယက်ချ၊ မောင်းအကျမှာလက်ဖယ်။နရီကိုက်စည်းအကိုက်။ လုပ်နေကျအလုပ်ဆိုတော့ ကျွမ်းကျင်ပိုင်နိုင်၏။ ဆန်ဖြူသည်နှင့် ဆန်ဖြူသပ်သပ်၊ ဖွဲသပ်သပ်၊စပါးခွံသပ်သပ် ခွဲပုံရသည်။
နောက်ထပ်လုံးတီးနှစ်ပြည်ချင်အထည့်မှာအိမ်မကြီးလှေကားကနေလူတယောက်ကဲ့သို့အရိပ်ရှည်မျောမျောတခုကဆင်းလာပြီးသကာလ သူတို့ရှိရာကိုတန်းတန်းမတ်မတ်ကြီးလာနေသည်ကိုမြင်တွေ့လိုက်ရသည်။ အိမ်မကြီးရဲ့ အရိပ်၊ တမာပင်အိုကြီးရဲ့ အရိပ်ကျရာဆိုတော့ လရောင်က ကျိုးတို့ကြဲတဲ ။
လာနေသူကိုဘယ်သူဘယ်ဝါလို့ကောင်းစွာမမြင်ရပါဘူး။လရောင်က အရိပ်ရှိရာကိုအင်တိုက်အားတိုက် မလင်းဖြာနိုင်တော့ မှောင်ရိပ်ကဲနေ၏။
သူတို့အနီး ထွန်းထားတဲ့ ရေနံဆီမီးခွက်ဆိုတာကလည်း မောင်းစင်တဝိုက်သာ လင်းအားရှိသည်။
လာနေသောသူအား ကောင်းစွာ မမြင်ရချေ။ မီးခွက်က အလင်းကြောင့် အရိပ်တွေက ရှည်လျားနေ၏။
" ဝု အု အု အူး "
" အု အူ အူး "
အချိန်ကိုက် အူလိုက်သလားမပြောတတ်။ ခွေးအူသံကြီးက မသတီစရာ ထွက်ပေါ်လာပြန်သည်။
မမြမေရော၊ မိရွှေစင်ပါ ခွေးအူသံကြောင့်ရော သူတို့ထံ တဖြည်းဖြည်း တိုးကပ်လာတဲ့ ထိုအရိပ်မည်းမည်းကြီးကြောင့်ပါ ကြည့်ရင်းနဲ့ ကြက်သီးမွှေးညှင်းတွေ ထသွားကြသည်။
သူတို့ သားအမိနှစ်ယောက်သည် လုပ်လက်စ အလုပ်တွေ ရပ်တန့်ကာ အရိပ်ရှည်ကြီးကိုပဲတမေ့တမော ငေးကြည့်နေမိကြသည်။တကယ်ဆို ဒီအချိန် ဘယ်အိမ်ကြီးရှင်က ထလာဖူးလို့လဲ။
တဖြေးဖြေး ရေနံဆီမီးခွက် အလင်းကျရာ နေရာရောက်လာတော့မှ အရိပ်သည် ကျောင်းဆရာ၏ အမေ အရီးဒေါ်အုန်းမေ ဖြစ်နေမှန်း သိသွားကြသည်။ ထိုအခါမှ သားအမိနှစ်ယောက် သက်ပြင်း ချနိုင်လေတော့၏။ သို့သော် မမြမေ စိတ်ထဲ အနည်းငယ်တော့ သံသယ ဝင်သွားလေ၏။
မမြမေ သိထားသည်က ဒေါ်အုန်းမေသည် အသက်၇၀ကျော်ပြီ ဖြစ်ပြီး၊ နေ့ဘက်တွင် မျက်မှန်တပ်ရသူ ဖြစ်၏။ မကြာသေးမီကပင် ဒေါ်အုံးမေသည် အတွင်းတိမ်ကြောင့် မြို့တက် မျက်စိခွဲထားရသေးသည်ဟု သိထားသည်။ယခု မှောင်နဲ့မည်းမည်းမှာ ရေနံဆီမီးခွက်မပါ၊ လက်နှိပ်ဓာတ်မီးမပါဘဲ တယောက်တည်း လမ်းလျှောက်လာသည်ဆိုတော့ မမြမေခမျာ အနည်းနဲ့အများဆိုသလို အံအားသင့်မိနေ၏။
ဒေါ်အုံးမေသည် သူတို့ရှိရာကို လာနေခြင်းမဟုတ်ဘဲ၊ အိမ်နောက်ဖေးကို သွားခြင်း ဖြစ်သည်။
သူတို့ အနီးရောက်သည့်အခါ ရပ်တန့်ပြီး မရယ်မပြုံး ခပ်တည်တည်နှင့် တချက်မျှ စိုက်ကြည့်သေး၏။
မမြမေတို့သားအမိက ပြုံးပြ နုတ်ဆက်သော်လည်း ဒေါ်အုံးမေသည် လုံးဝ အသိအမှတ် မပြုသလို ရှိလေ၏။
သို့သော် ဒေါ်အုံးမေရဲ့ အကြည့်က သူတို့သားအမိကို မလိုလားဟန်ဖြင့် ကြည့်နေခြင်းတော့မဟုတ်ချေ။
ရှု့တည်တည်ဖြင့် ကြည့်နေခြင်းသာ ဖြစ်သည်။ဒေါ်အုံးမေ မျက်ဝန်းထဲမှာ ခန့်မှန်းရခက်တဲ့ အရိပ်အယောင်တွေက ဝေသီနေ၏။ မမြမေတို့သားအမိကို ကြည့်၍ သနားကြင်နာဟန်လည်း ရှိလေ၏။
မမြမေက လူငယ်ဆိုတော့ဒေါ်အုံးမေက ပြန်ပြုံးမပြလည်း မကောင်းတတ်၍ နုတ်ဆက်လိုက်သည်။
" အရီး ... ကျွန်မတို့ မောင်းထောင်းသံကြောင့် အစောကြီး နိုးလာတာလား၊ ဘာလဲ အိမ်သာသွာမလို့လာ အရီး ၊ ကျွန်မ မီးခွက်ယူပြီး လိုက်ပို့ပေးမယ်လေ "
မမြမေကသာ နုတ်ဆက်စကားဆိုပေမယ့်၊ ဒေါ်အုံးမေက တခွန်းမှ စကားမဆိုပါဘူး။ ခပ်တွေတွေကြည့်ပြီး ချာခနဲ လှည့်ထွက်သွားသည်။မမြမေ ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့၏။ စိတ်ထဲဝယ် အရီးအုန်းက သူ့ကို ဘာလို့များ စကားမပြောရတာလဲလို့ မကျေမနပ် ဖြစ်သွားသေး၏။
သို့ပေမယ့် ... သူ သူ့စိတ် သူဖြေသိမ့်ရင်း လုပ်စရာ အလုပ်ကို ဆက်လုပ်ရန် ဆန်ချင်သည့် ပြည်တောင်းကိုသာ ယူလိုက်လေ၏။
________
အခန်း၃။
မမြမေက ချင်ခွက်ပြည်တောင်းနဲ့ လုံးတီးနှစ်ပြည် ချင်တွယ်မယ်အလုပ် မိရွှေစင်က ရေးကြီးသုတ်ပြာ လှမ်းအော်ပြောသည်။
" အမေ ... အဖွားအုန်း လမ်းလျှောက်သွားတာ သေချာ ကြည့်မိလား "
" ဟင်! ဘာလို့လဲ ... ငါဖြင့် အသေအချာ မကြည့်မိပါဘူး၊ ဘာလို့လဲ ရွှေစင် "
အိရွှေစင်က ကလေးသာသာဆိုတော့ သူ ပြောချင်တာကို ဒဲ့ဒိုးပြောချလိုက်သည်။
" အမေကလဲ အဖွားအုန်း နောက်ဖေးဘက် ထွက်သွားတာ သေချာမကြည့်လို့တော့၊ ကျွန်မ ကြည့်တာဖြင့် လမ်းလျှောက်နေတယ်လို့ကို မထင်မိဘူး။ ဒီအတိုင်း လူကြီးက ရွေ့သွားနေသလိုပဲ"
" ဟေ! ဘုရား ဘုရား "
အိရွှေစင်စကားကြောင့်မမြမေဘုရားပင်တ,လိုက်မိသည်။အခုမှမမြမေလည်းသတိထားမိတော့သည်။ ခုနက အရီးအုန်း မျက်နှာသည် သွေးမရှိသူကဲ့သို့ အလွန်ပင် ဖြူဖျော့နေသည်မဟုတ်လား။
အမြဲတန်းမျက်မှန် တပ်ထားရသည့် အရီးအုန်းသည် မျက်မှန်လဲ တပ်မထား။ တခုခုတော့ လွဲနေပြီမဟုတ်လား။
ဆုံခွက်ထဲ ဆန်ချင် ထည့်ပေးပြီးသည်နှင့် မမြမေသည် ရုတ်ခနဲ ထရပ်လိုက်ပြီး၊ အရီးအုန်း ထွက်သွားသော နောက်ဖေးကို လှမ်းမျှော်ကြည့်လိုက်သည်။
မှောင်နဲ့မည်းမည်းတွင် သွပ်ပြားဖြင့် အကာအရံ အမိုး ပြုလုပ်ထားသော အိမ်သာသည် တံခါးပွင့်လျက်သား ရှိနေသည်ကို မြင်နေရ၏။အရီးအုန်းကိုတော့ မမြင်မိချေ။
ခြံအပြင်က ခွေးတွေကလည်း ၅မိနစ်ခြား ၁၀မိနစ်ခြားဆိုသလို ထိုးအူနေကြလေ၏။
မမြမေ စိတ်ထဲမှာ ခွေးတွေကဒီအိမ်ထဲကို တမင်သက်သက် လှည့်ပြီး အူနေသလားတောင် ထင်မိနေ၏။
အိရွှေစင်က ကြောက်သလိုလိုနဲ့
" အမေ ... ခွေးတွေကလည်း ဒီကနေ့မှ အူလိုက်တာတော် ၊ ကျွန်မ စိတ်ထဲ ဘယ်လိုကြီးလဲ မသိဘူး ။ ကြောက်သလိုလို ရွံသလိုလိုနဲ့ ၊ နေလို့မကောင်းဘူးတော့ "
မမြမေက သူ့သမီးကို ဘာမှ ပြန်မဖြေဘူး။ နောက်ဖေးကိုပဲ ဟိုကြည့်ဒီကြည့်နဲ့ အရီးအုန်းကို ရှာဖွေနေမိသည်။အိရွှေစင်က သူ့အမေ ဘာရှာနေတာတုန်းဆိုပြီး မမြမေ ကြည့်နေသည့် နောက်ဖေးဘက်ကို လိုက်ကြည့်သည်။
ခဏနေတော့ အိရွှေစင်ပါးစပ်က အံအားသင့်ဟန်နှင့်
" အမေ ... အရီးအုန်း ဘယ်ပျောက်သွားတာတုန်း ၊ ခုဏက ရေအိမ်ပေါ် တက်သွားတာမဟုတ်လား "
" အေး ဟုတ်မှာပေါ့ ၊ အမေလည်း သေချာ မသိဘူး ၊ နောက်ဖေးများ ချော်လဲနေရော့လား ၊ လာအေ အမေတို့ လိုက်သွားကြည့်ကြရအောင်"
မမြမေက ပြောပြောဆိုဆိုနဲ့ ရေနံဆီမီးခွက်ကို ယူတဲ့ပြီး နောက်ဖေးကို ထွက်သွား၏။ အိရွှေစင်လည်း တယောက်တည်း မနေရဲတာနဲ့ မမြမေနောက်က လိုက်ခဲ့လေတော့၏။ရေအိမ်အနီး ရောက်တော့ မမြမေက မီးခွက်ကို လက်ဖြင့် မြှောက်ကိုင်ပြီး နေရာအနှံ့ မျက်စိရှင်ရှင်ထားပြီး လိုက်ရှာသည်။
ရေအိမ်ဝန်းကျင်မှာ ရေလှောင်သည့် စဥ့်အိုးတလုံးကလွဲပြီး အားလုံးက ရှင်းလင်းနေပါ၏။
ပုန်းစရာ ကွယ်စရာလည်း မရှိသလို၊ မျက်စိမှားစရာလည်း မရှိပါဘူး။ ရေအိမ်ဆိုတာကလည်း ကျောင်းဆရာက ခေတ်မီသူဆိုတော့ ကမုတ်ခွက်နဲ့ ။ မစင်တွင်းကလည်း အဖုံးပိတ်နဲ့။ရေအိမ်တွင်းထဲ ပြုတ်ကျစရာ မရှိဘူး။
သားအမိနှစ်ယောက် တယောက်မျက်နှာ တယောက် ကြည့်လိုက်မိကြသည်။ မျက်လုံးတွေက မေးခွန်းကိုယ်စီနဲ့။ ဒေါ်အုန်းမေ ဘယ်ပျောက်သွားတာလဲပေါ့။သူတို့ မျက်စိရှေ့မှောက်တွင်ပဲ ပျောက်ဆုံးသွားခြင်း မဟုတ်လား။
ထိုအခိုက် မောင်းစင်ဘက်မှ ကျွီ ... ဒုန်း ဟူသော မောင်းထောင်းသံကို သူတို့ သားအမိနှစ်ယောက်စလုံး နားဖြင့် ဆတ်ဆတ်ကြားလိုက်ရလေသည်။ မောင်းစင်မှာ တယောက်ယောက် ဝင်ရောက်နေသည်ဟု အထင်ဖြင့် သူတို့ အပြေးပြန်လာခဲ့ကြသည်။
မောင်းစင်နှင့်မနီးမဝေးရောက်သည့်အခါမှာတော့သူတို့သားအမိအမှန်တကယ်ထိတ်လန့်မှင်သက်သွားကြသည်။ဘယ့်အတွက်ကြောင့်ဆိုသော်မောင်းတံသည်နင်းသူမရှိပဲမောင်းဆုံကိုထောင်းနေသောကြောင့်ပင်။
ဖွာခနဲ ဖွာခနဲ လွင့်စင်တက်လာသော လုံးတီးများက မောင်းဆုံခွက်နုတ်ခမ်းသား၌ သပ်ချသူမရှိ၍ ပျံ့ကြဲလျက်ရှိနေသည်။ သားအမိနှစ်ယောက် ထိတ်လန့်လွန်း၍ အသံထွက်မအော်ရဲ။ တဦးကိုတဦး ပြေးဖက်ထားလိုက်ကြသည်။
အကြောက်ပိုသူ မိရွှေစင်က သူ့အမေအား ...
" အမေ အမေ သရဲ သရဲ ထင်တယ် ... မောင်းတံကြီးက လူမနင်းပဲ မောင်းထောင်းနေတယ်တော့ ဟီးဟီးအီး ၊
ကျွန်မ ကြောက်တယ် အမေ၊ အခု ဘယ့်နှယ် လုပ်ကြမလဲ ။ ပြေးကြရအောင်လား "
မိရွှေစင်ထံမှ ငိုယိုသံကြောင့်လားမသိ။ မောင်းစင်သည် မလှုပ်မရှား ငြိမ်သက်သွားပြန်၏။
" တုံ တုံ တုံ "
ထိုအခိုက် ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံ ပျံ့လွင့်လာ၏။ နံနက် ၄နာရီ ထိုးပြီ ဖြစ်သည်။
ထုံးစံအတိုင်း အုန်းမောင်းခေါက်သံအဆုံးမှာ ရွာထဲက ခွေးတွေက ဟစ်အူကြပြန်သည်။
" ဝု အု အု အူး "
သားအမိနှစ်ယောက်မှာယင်းအချိန်ထိတဦးကိုတဦးဖက်လျက်သားပြေးရကောင်းနိုးနိုး၊ဆက်ရပ်နေရကောင်းနိုးနိုး ရှိသေး၏။မောင်းစင်မှာ လုံးဝ ငြိမ်သက်သွားပြီ ဖြစ်သည်။ မောင်းဆုံခွက် နံဘေးမှာတော့ ဆန် မဖြစ်တဖြစ်တွေရော စပါးခွံတွေပါ ပျံ့ကြဲနေ၏။
ထိုအခိုက်
" ဖျန်း ... ဖျန်း ... ဖျန်း "
အသံက စပါးကျီတွေဘက်က ထွက်လာတာ ဖြစ်၏။
သူတို့သားအမိ စပါးကျီရှိရာကို လှမ်းကြည့်တော့ကျီထိပ်မှနေ၍စပါးများကိုအပြင်သို့တဖျန်းဖျန်းနဲ့လူက ယက်ပက်လိုက်သလို စပါးများက အပြင်သို့ ကျလာနေကြသည်။ စပါးကျီရှေ့တွင်လည်း စပါးတွေ မြင်မကောင်းအောင် ကြဲပျံ့ကုန်ပြန်၏။
မမြမေ ဘာမှ စဥ်းစားမနေတော့ဘူး။ သူ့သမီး မိရွှေစင်လက်ကို ဆွဲပြီး ၊ အဲ့ဒီခြံထဲကနေ "သရဲ သရဲ " ဟု အော်ဟစ်ကာ ဒရောသောပါး ပြေးလေတော့၏။
____________
အခန်း၄။
မမြမေ အော်သံကြောင့်လား၊ အောက်ထပ်က အသံမျိုးစုံ ဆူညံမှုကြောင့်လား မသိပါဘူး။ ကျောင်းဆရာ ကိုစံရွှေ အိပ်စုံမှုန်ဝါးနဲ့ နိုးလာ၏။ သူ လှေကားရောက်တော့ မမြမေတို့သားအမိက ခြံဝကနေ အော်ဟစ် ပြေးသွားကြပြီ။ သရဲဟူသော အသံတော့ ကိုစံရွှေ ကြားလိုက်ရလေ၏။
ထို့ကြောင့် မမြမေတို့ အလုပ်လုပ်သည့် မောင်းစင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
သူ ကြည့်မှ မောင်းစင်အနီးကနေ အရိပ် ဖြူဖြူတခုသည် နောက်ဖေး အမှောင်ထုထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတာကို မြင်လိုက်ရလေ၏။
ကိုစံရွှေသည် ခေတ်အမြင်ရှိသော ကျောင်းဆရာတဦးဖြစ်သည်။ တစ္ဆေသရဲကို ယုံကြည်သူမဟုတ်။
ထို့ကြောင့်သူပဲအမြင်မှားလေသလားဟုမျက်လုံးကိုပွတ်သပ်လိုက်မိသည်။ သူမျက်လုံးကိုပွတ်သပ်နေတုန်း သူ့ခန္ဓာကိုယ်အား တခုခုက တိုးဝင်လာသလို ခံစားလိုက်ရပြီး တကိုယ်လုံး အေးစိမ့်သွားလေ၏။
ထို့အတူကြက်သီးမွှေးညှင်းတွေလည်းအဖီးဖီးထသွားသည်။ သူချက်ချင်းမျက်လုံးကိုဖွင့်ကြည့်လိုက်
သည်။ အရိပ်ဖြူကလေးသည်သူ့အားတိုးဝှေ့ဖြတ်ကျော်ပြီးလှေကားမှတဆင့်အိမ်ပေါ်သို့တက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
ကိုစံရွှေ အထူးပင် အံဩနေမိသည်။ သူ ဒါမျိုး တခါမှ ကြုံဖူးသူမဟုတ်။
ထို့ကြောင့် စပ်စုလိုစိတ်ဖြင့် အိမ်ပေါ်သို့ လိုက်တက်သွားလေ၏။
အိမ်ပေါ်ရောက်သည့်အခါ ထိုအရိပ်ဖြူလေးကို မမြင်ရတော့ချေ။
ထိုသို့ သူ ရှာနေစဥ်မှာပဲ အမေ့ အခန်း အဝင်ကတိုင်မှာ ချိတ်ဆွဲထားသော အမေ့စိပ်ပုတီးလေးသည် ဘုတ်ခနဲ ပြုတ်ကျသွားလေ၏။စိပ်ပုတီးသည် ကြမ်းပြင်ပေါ်တွင် ပကတိ ငြိမ်သက်နေသည်။ ထိုအခါ ကိုစံရွှေသည် အမေ့ကို သတိရသွား၏။ကိုစံရွှေ အမေ့အခန်းထဲသို့ ပြေးဝင်လိုက်သည်။
အမေသည် အိပ်ယာပေါ်တွင် စန့်စန့်ကြီး လှဲလျောင်းနေပါ၏။ သူ အမေ့အနီးသွားပြီး နဖူးပေါ်ကို လက်တင်၍ စမ်းလိုက်သည်။
" ဟာ ! "
အမေ့ကိုယ်က အေးစက်နေသည်။ သူ အမေ့လက်ဖျားတွေ ခြေဖျားတွေ လိုက်စမ်းသည်။ အေးစက်နေကြသည်။ တကိုယ်လုံး အေးစက်တောင့်တင်းနေပြီ ဖြစ်သည်။
" အမေ ... အမေ "
သူ မယုံကြည်နိုင်စွာ အမေ့ကိုယ်ကို လှုပ်နှိုးသည်။ အမေသည် သူ့ကို တယောက်တည်း ထားသွားပြီ ဖြစ်၏။ နိုးထ မလာတော့ပေ။အိမ်အောက် ပြေးဆင်းပြီး စက်ဘီးကို ယူ၍ ရွာလယ်ကကျန်းမာရေးမှုးကို ပြေးပင့်သည်။ကျန်းမာရေးမှုးမှာ မဆိုင်းမတွ လိုက်ပါလာပါ၏။ ဒေါ်အုန်းမေအားစမ်းသပ်ပေးရှာသည်။
မျက်ခွံကို လှန်ကြည့်၍ သူငယ်အိမ်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည်။ သွေးခုန်နှုန်း တိုင်းပေးသည်။ ကျေနပ်လောက်အောင် စမ်းသပ်ပြီး ...
" စိတ်မကောင်းပါဘူး ကျောင်းဆရာ ၊ ခင်များ အမေ အသက်မရှိတော့ဘူး။ ဒီခန္ဓာကိုယ် တောင့်တင်းပုံကို ထောက်ကြည့်ရင် လွန်ခဲ့တဲ့ ၃နာရီလောက်ကတည်းက ဆုံးပါးသွားတာ ဖြစ်လိမ့်မယ်ဗျ "
" ခင်မျာ ! "
ထိုစကားတခွန်းသာ ကိုစံရွှေ နုတ်က ထွက်နိုင်ပြီး၊ လူက အရုပ်ကြိုးပြတ် ဘုန်းခနဲ ကြမ်းပြင်ပေါ်သို့ ခွေကျသွားလေ၏။ကျန်းမာရေးမှုး၏ စကားကို ကြားရသော မမြမေတို့သားအမိမှာလည်း ကတုန်ကရင် ဖြစ်နေကြသည်။မမြမေတို့သားအမိသည်ကိုစံရွှေအခေါ်လွှတ်လိုက်၍ နောက်တခေါက်ပြန်ရောက်လာခြင်း ဖြစ်သည်။
အိရွှေစင်က သူ့အမေအနီး တိုးကပ်သွားပြီး ၊ ခပ်တိုးတိုး မေးလိုက်သည်။
" သဟာဖြင့် ခုဏက ကျွန်မတို့ မြင်တွေ့လိုက်ရတဲ့ ဖွားအုန်းက သေပြီးသားပေါ့နော် "
မမြမေက ပါးစပ်နဲ့မဖြေပါ။ ကျောင်းဆရာ ကိုစံရွှေကို အားနာသဖြင့် ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။
အိရွှေစင်ကတော့သူ့အမေအနီးတိုးသထက်တိုးကပ်သွားတော့သည်။ ဒေါ်အုန်းမေ၌ လူကြီးရောဂါစုံလေ၏။ သားအမိနှစ်ယောက်မှာ တယောက်တခန်း အိပ်ကြသဖြင့် မသိနိုင်ခြင်း ဖြစ်သည်။
ကျောင်းဆရာက ...
" ခါတိုင်းဆို ကျွန်တော် တရေးနိုးတိုင်း အမေ့အခန်းထဲ ဝင်ပြီး ကြည့်လေ့ရှိတယ်။ ဒီမနက်မှ ဘယ်လိုဖြစ်တယ် မသိပါဘူး။ အိပ်ပျော်သွားတယ်။ ခါတိုင်းလို အမေ့ကို ဝင်မကြည့်နိုင်မှ ဖြစ်ရတယ်ဗျာ "
ထိုသို့ပြောပြီးကျောင်းဆရာကမမြမေကိုလှမ်းကြည့်သည်။ မမြမေတို့သရဲခြောက်ခံရသည့်
အကြောင်းကို ကိုစံရွှေလည်းနားစွန်နားဖျားကြားထားပြီးဖြစ်၏။မနေ့ညဦးကပင်အမေနဲ့သူမမြမေတို့
သားအမိအကြောင်း စကားစပ်မိပြီး ပြောနေခဲ့ကြသေးသည်။
အမေက သူ့ကို အိမ်ထောင်ပြုစေချင်သည်။ ယခုလို လူပျိုကြီးဘဝနဲ့ အထီးကျန် မနေစေလို။ ရွာထဲက အပျိုကြီး အပျိုလတ်တွေ နှင့် စပ်ဟပ်ပေးစားချင်နေ၏။သူက ခေါင်းတခါခါ ငြင်းဆန်ခဲ့သည်။ အပူမရှာချင်တော့ပါဘူး အမေဟုသာ ဖြေခဲ့သည်။ဟုတ်တယ်လေ။ မမြမေ အပျိုဘဝက သူ့မှာ တဖက်သတ် ချစ်မြတ်နိုးလိုက်ရတာ၊ နောက်ဆုံး အသည်းကွဲ ကျန်ရစ်ခဲ့ရသည်။
အသည်းကွဲသည့် ဝေဒနာဆိုတာက ခံစားဖူးသူချင်းမှ စာနာနားလည်နိုင်တာမျိုး။အဲ့ဒီတော့ သူ နောက်ထပ် အပူမရှာလို့တော့ချေ။
အမေကတော့ သူ့အကြောင်း အူမချေးခါး အကုန်သိသူမို့ ဤသို့ဆိုလေ၏။
" အမေ ပေးစားတာ မယူချင်ဘူးဆိုလည်း မင်း ယူချင်တဲ့သူ ရှိမပေါ့ ။ အမေ့ပြောလေ ငါ့သားရဲ့ ။ အမေ လိုက်တောင်းပေးမှာပေါ့ "
ဒီစကားသာ မမြမေ အပျိုဘဝက ပြောခဲ့လျင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျောင်းဆရာက ကြံဖန်တွေးရင်း မချိတင်ကဲ ပြုံးလိုက်၏။
သူက အဲ့သလို ပြုံးတော့ အမေက ...
" မင်း ငယ်ချစ်ကို ပြန်မျှော်လင့်နေတာလား သား ၊ အမေ့ကို မှန်မှန် ပြောစမ်း "
အမေက သူ မမြမေကို ကြိုက်ခဲ့မှန်းသိနေ၍ မေးလိုက်ခြင်း ဖြစ်သည်။
သူ ရှက်ကိုးရှက်ကန်းနှင့်
" ဟာဗျာ အမေကလဲ "
ဒေါ်အုန်းမေက သဘောပေါက်သွားဟန်တူ၏။
"ဘာ အမေကလဲ ၊ ဟုတ်နေပါပြီ ငါ့သား မြမေကို အခုထိ စွဲလန်းတုန်းပါလား ၊ အံ့ပါ့ကွယ်။ မင်းနှယ် တယ်လည်း အစွဲကြီးသကိုး "
ဒေါ်အုန်းမေက သားဖြစ်သူကို အပြစ်တင်ဟန် ပြောနေခြင်းမဟုတ်။ အစွဲအလန်းကြီးသော သူ့သားအား ချစ်ကံခေလွန်းသူအဖြစ် သနားနေခြင်း ဖြစ်သည်။
" အမေကတော့ ငါ့သားကို အပျိုနဲ့ပဲ ညားစေချင်သပေါ့၊ နို့ပေမဲ့ ငါ့သားက မြမေကိုမှ ချစ်လှပါချီရဲ့ ကြိုက်လှပါချီရဲ့ဆိုရင်လည်း အမေက မကန့်ကွက်ပါဘူး ။ မြမေက အင်မတန် ရိုးဖြောင့်တဲ့ မိန်းမ။ ကလက်တက်တက် အစားထဲကမဟုတ်ဘူး။
အင်း တခုတော့ရှိတာပေါ့ကွယ်။ သူ့မှာ အပျိုဖေါ်ဝင်စ သမီးကလေး ပါလာတော့ ၊ နောင် မင်းမှာ ကဲ့ရဲ့စရာများ ဖြစ်နေမလား ၊ ဒီတခုတော့ ငါ့သား စဥ်းစားရလိမ့်မယ် "
ကျောင်းဆရာက ရယ်ကျဲကျဲလုပ်ရင်း ...
" အမေရယ် မုန့်ဆီကြော်ကဖြင့် ဘယ်နားနေတုန်းမသိသေးဘူး ၊ နုတ်ခမ်းနာနဲ့မှ တည့်ပါ့မလား အရင်တွေးနေတယ် ။
ကျွန်တော်က မမြမေကို အခုထိ ကြိုက်တယ်ဆိုပေမယ့် မမြမေက ပြန်ကြိုက်အုံးမှ။ ဟိုက ခုထိ မာနက ကြီးတုန်း အမေရဲ့ "
ဒေါ်အုန်းမေက ရယ်ကျဲကျဲ လုပ်နေတဲ့ သူ့သားကို သနားသွားသည်။ သြော် သူ့ခမျာ အခုထိ မြမေကို ကြိုက်တာတောင် နီးစပ်အောင် မကြိုးစားရဲသေးပါလားပေါ့။
ညဘက် အိပ်ယာဝင်တော့ ဒေါ်အုန်းမေသည် သူ့သားလူပျိုကြီးကို မြမေနဲ့ နီးစပ်အောင် ဘယ်လို လုပ်ပေးရမလဲ အတွေးဝင်သွားခဲ့၏။
တကယ်တော့ ဒေါ်အုန်းမေသည် သူ့သား ကျောင်းဆရာ၏ နှလုံးသားကို နားလည်ပေးသူ ဖြစ်၏။
ထို့ကြောင့်သာ သူ့သား စိတ်ချမ်းသာမည့်အရေး အလေးထား တွေးပေးနေခြင်း ဖြစ်လေ၏။
စွဲလန်းစိတ်ဆိုတာ အခက်သား။ အဲ့ဒီညလယ်မှာ ဒေါ်အုန်းမေသည် နှလုံးဖေါက်၍ ရုတ်တရက် ဆုံးပါးသွားခဲ့သည်။
ဒေါ်အုန်းမေ စိတ်က မမြမေဆီရောက်နေတော့ ၊ ကွယ်လွန် ပြီးပြီးချင်း ဝိဉာဥ်က မမြမေတို့ သားအမိ မောင်းထောင်းနေသည့် နေရာကို ရောက်လာခဲ့ခြင်း ဖြစ်မည်။
ထို့ကြောင့်သာ ပင်ပင်ပန်းပန်း အသက်မွေးဝမ်းကြောင်းနေရသည့် သားအမိကို သနားဟန်ဖြင့် ကြည့်သွားခဲ့ခြင်း ဖြစ်မည်။ ဒါဆို ဘာလို့ ကြောက်လန့်အောင် ခြောက်သနည်း။
ဒီအဖြေကတော့ ရှင်းပါ၏။ ဒေါ်အုန်းမေသည် သူ့သား လူပျိုကို မုဆိုးမဖြစ်တဲ့ မမြမေက ပြန်မကြိုက်ရလားဆိုတဲ့ ဒေါမနဿလေးတော့ ဖြစ်ခဲ့ဟန်တူ၏။
ထို့ကြောင့် ခြောက်လှန့်သည်မဟုတ်၊ ဒေါသ ထွက်ပြခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆနိုင်ပါ၏။
ဒါပေမဲ့ ဘဝတပါးက ဒေါ်အုန်းမေသာ သိနိုင်ဦးမယ်ဆိုလျင် ဝမ်းသာနေပါလိမ့်မည်။
ဒေါ်အုန်းမေ ကွယ်လွန်ပြီး ၉လခန့်အကြာ၌ ...
ဆင်းရဲတွင်းနက်နေတဲ့ မမြမေတို့သားအမိကို ကျောင်းဆရာလူပျိုကြီးက ခေါ်ယူစောင့်ရှောက်လိုက်သောကြောင့်ပင်။
ကျောင်းဆရာ ကိုစံရွှေက ရွာက လူကြီးများရှေ့မှောက်မှာ မမြမေအား ရိုးမြေကျ သစ္စာရှိစွာ ပေါင်းသင်းပြီး၊ အိရွှေစင်ကိုလည်း သမီးအရင်းပမာ ချစ်ခင်ပါမည်ဟု ကတိပေးခဲ့လေသည်။
ပန်တော်ကျပေမယ့် မနွမ်းလျသေးတာမို့ ကိုစံရွှေတယောက် မမြမေဆိုတဲ့ ငွါးငွါးစွင့်စွင့် ပန်းပွင့်ကို မြတ်နိုးစွာ ကောက်ယူ မွှေးကြူလိုက်ပါတော့လေ၏။
ပြီးပါပြီ
ပီပီ(မန္တလေး)
#lotaya_shortstory