? မောင့်လက်ကိုဆွဲ မောင်နဲ့မခွဲ ? Part - 2
lotaya.mpt.com.mm
|
2022-02-13

ဆေးခန်းသွားရမည်မို့ တံခွန်သွေး ကားကို မနက်ထဲက ရေဆေးကာ သုတ်ထားပြီး အသင့်စောင့်နေခြင်းပင်။ သိပ်မကြာခင်မှာပဲ အပေါ်ထပ်မှ ဆင်းလာသည့် ဒေါ်ကြည်ပြာ နှင့် ဒေါ်ကြည်ပြာလက်ကိုဆွဲကာ ခပ်ဖြည်းဖြည်း ပါလာသည့် ဂမုန်းနွယ်။ မိုးပြာရောင် ဂါဝန်အရှည်လေးဖြင့် ဆံနွယ်ရှည်တို့ကို စုထုံးထားသည်မို့ ကပိုကယိုလေးဖြစ်ကာ မျက်နှာလေးကလဲ နုဖတ်လှပနေ၏။ ကားအနားရောက်လာသည်မို့ သူ ကားတံခါးဆွဲဖွင့်ပေးထားရင်း သူမတို့ကားထဲဝင်ထိုင်ပြီးမှ တံခါးပြန်ပိတ်ပေးကာ ကားပေါ်တက်၍ မောင်းထွက်လာခဲ့သည်။ ဂမုန်းနွယ်၏ မျက်စိလာပြတာမို့ သူ စိတ်ထဲကနေ ကြိတ်ပြီး ဆုတောင်းမိပါသည်။ ခင်ဗျား မျက်လုံးတွေ ဘယ်တော့မှ ပြန်မမြင်ရပါစေနဲ့ ဂမုန်းနွယ်။

" သမီးလေး.....မကြောက်ပါနဲ့ကွယ်။ ဘာမှမဖြစ်ဘူး......မောင်ခွန်သွေးက ကားမောင်းကျွမ်းပါတယ်။ "

နောက်ကြည့်မှန်မှ တဆင့်ကြည့်လိုက်မိတော့ ဂမုန်းနွယ်၏ မျက်နှာလေးမှာ သိသိသာသာ ပျက်ယွင်းနေကာ တုန်တုန်ယင်ယင်။ ဒေါ်ကြည်ပြာ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း သူမ တကယ်ဂဏှာမငြိမ် ဖြစ်နေသည်။

မုန်း ကြောက်လွန်းတာမို့ ခြေဖျားလက်ဖျားတွေပင် အေးစက်နေသည်။ အန်တီလေးလက်ကို လက်နှစ်ဖက်ဖြင့် သေချာဆုပ်ကိုင်ထားရင်း ကားသံတွေကြား လူက တုန်ယင်နေရသည်။ ဟုတ်ပါသည်.......မုန်း အခုထိ ကားမစီးနိုင်သေးပါ။ ကားတိုက်မှုဖြစ်ပြီးထဲက မုန်း ကားစီးရမှာ အရမ်းကြောက်သွားကာ အဖြစ်အပျက်တို့က ခေါင်းထဲမှ မထွက်တာမို့ တုန်လှုပ်နေရမြဲပင်။ 

" ကျွန်တော် အရှိန်ကို အနည်းဆုံး မောင်းပေးနေတာ......ဘာမှမဖြစ်စေရဘူး စိတ်ချ။ "

ခွန်သွေး အသံကြောင့် မုန်း ခေါင်းလေးငြိမ့်ပြကာ အန်တီလေး ရင်ခွင်ထဲ တိုးဝင်မိသည်။ အန်တီလေး ရင်ငွေ့က ဖေဖေ့ရင်ငွေ့လောက် အားမရှိပေမယ့် နွေးထွေးစေတာတော့ အမှန်ပင်။ 

" ရောက်ပြီ သမီး......လာ လာ ဆင်းရအောင်။ "

တံခွန်သွေး ကားပေါ်မှဆင်းကာ ကားတံခါးဆွဲဖွင့်ပေးလိုက်သည်။ ဆေးခန်းထဲ ဝင်သွားကြသည်ကို ငေးကြည့်ရင်းမှ ကားထဲဝင်ထိုင်ကာ အိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်သည်။ 

" ဟယ်လို.......လွင်မောင် မင်း ငါဝယ်ထားတဲ့အိမ်ကို သွားစီစဥ်လိုက်တော့။ ဒီလထဲ ဂမုန်းနွယ်ကို ငါခေါ်လာမယ်။ "

သာမာန်ရပ်ကွပ်တစ်ခုမှာ အစုတ်ဆုံးဖြစ်သည့်အိမ်ကို သူရွေးဝယ်ထားသည်။ အင်မတန်မှ မာနကြီးပါသည် ဆိုသည့် မိန်းမအတွက်.....ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရသည့် ဂမုန်းနွယ်အတွက်။ ခင်ဗျား နဲ့ တန်တဲ့နေရာကို ကျုပ် နေရာချပေးမယ် ဂမုန်းနွယ်။ 

" မျက်ကြည်လွှာ အလှူရှင်မရှိရင် အန်ကယ်တို့ ဘာမှ လုပ်ပေးလို့မရဘူး သမီး။ ပြီးတော့ ထိခိုက်မှုက အရမ်းပြင်းတော့ မျက်ကြည်လွှာရခဲ့ရင်တောင် ပြန်မြင်ရဖို့ 70% ပဲ အာမခံနိုင်တယ်။ "

မုန်း  ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရရင်းမှ နှုတ်ခမ်းလေးကို ခပ်တင်းတင်းစေ့ထားမိသည်။ ဒီအချိန်မှာ မုန်း လက်မခံလို့မှ မရတော့ပဲ။ 

" မုန်း နားလည်ပါပြီ ဆရာ.....ခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာ ကျေးဇူးတင်ပါတယ် ။ "

အန်တီလေးလက်ကိုဆွဲကာ ဆေးခန်းမှ ပြန်ထွက်လာခဲ့ရင်း အန်တီလေးကတော့ မုန်းကို နှစ်သိမ့်ရှာပါသည်။ အ​ခြေအနေတွေ အများကြီး ကြုံခဲ့ပြီးသည့်နောက် မုန်း အားကိုမနည်းတင်းထားရသည်။ အရာရာကို စိတ်လျှော့ထားပြီးသည့်နောက် မုန်းမှာကျန်တာဆိုလို့ အသက်ရှင်နေခြင်းတစ်ခုသာ.....။

တံခွန်သွေး ကားတံခါးကို ဖွင့်ပေးရင်းမှ မျက်နှာမကောင်းကြတာ ရိပ်မိသည်မို့ မသိဟန်ဆောင်ကာ မေးမိသည်။ ဒေါ်ကြည်ပြာက သက်ပြင်းလေးချရင်း.....

" မျက်ကြည်လွှာ တောင် ရမရ ဘယ်လောက်ကြာမလဲ မသိရတဲ့အထဲ ရရင်တောင် ပြန်မြင်ဖို့ မသေချာဘူးတဲ့ မောင်ခွန်သွေးရယ်.....အဆင်မပြေရင်တော့ နိုင်ငံခြားသွားကုသင့်ရင်ကုရမှာပဲ။ "

မုန်း ခပ်ယဲ့ယဲ့လေး ပြုံးမိရင်းမှ....

" နေပါစေ အန်တီလေးရယ်.....မုန်းအဆင်ပြေပါတယ်။ ငွေက အဲ့လောက်ကြီး ရှိတာမဟုတ်ဘူး။ ဖေဖေ့ ကုမ္ပဏီကိုလဲ မရောင်းချင်ဘူး။ "

မုန်းတို့ တကယ် အကြပ်ရိုက်နေပါပြီ။ 

ဖေဖေဆုံးတာနှင့် ကုမ္ပဏီက ရှယ်ယာစျေးတွေ ထိုးကျသွားသည်။ မပိတ်ရရုံလေး ဖွင့်ထားပေမယ့် တစ်စထက်တစ်စ အရှုံးပေါ်လာသလို အန်တီလေးကလဲ မလုပ်တတ် မကိုင်တတ်။ မုန်းကလဲ ဘာတစ်ခုမှ နားမလည်.....သို့ပေမယ့် မုန်း ပိုင်သမျှ စက်ရုံတွေ မြေကွက်တွေရောင်းကာ ကျားကန်ထားရသည်။

တံခွန်သွေး မျက်ခုံးတစ်ဖက် ပင့်မိသွားရရင်း စိတ်ထဲက ကြိတ်ပြုံးမိသည်။ ခင်ဗျားက ကျုပ်ထောင်ချောက်ထဲကို အလိုလိုရောက်လာတာပါပဲလား ဂမုန်းနွယ်။ တကူးတက အားထုတ်စရာပင် မလိုတော့။ အိမ်ပြန်ရောက်ရောက်ချင်း သူ့လူကို ဖုန်းဆက်ကာ ဂမုန်းနွယ်အဖေပိုင်သည့် ကုမ္ပဏီ၏ ရှယ်ယာတွေ ရသလောက်ဝယ်ခိုင်းထားသလို ညနေကျတော့ ဂမုန်းနွယ် ဖုန်းပြောပြီး ငိုတော့သည်။ ဘယ်သူဝယ်သွားမှန်းမသိပေမယ့် သူမအဖေ ကုမ္ပဏီက သူများလက်အောက်ရောက်ရတော့မည်ဆိုတာ ရိပ်မိပုံပင်။

ငိုစမ်းပါ......စိတ်ကြိုက်ငို။

ခင်ဗျားရဲ့ ပူလောင်မှုဟာ ကျုပ်အတွက် ချမ်းမြေ့မှုပဲ။

ခင်ဗျား ရဲ့ ဒုက္ခဟာ ကျုပ်အတွက် သုခ။

ခင်ဗျား မျက်ရည်ဟာ ကျုပ်ပျော်ရွှင်မှုပဲ ဂမုန်းနွယ်။

-------------------

ခြံထဲရှိ ဒန်းလေးပေါ်ထိုင်ရင်း အနွေးထည်အပါးလေး ထပ်ဝတ်ထားတာတောင် ကိုယ်လေးက အနည်းငယ်အေးနေသည်မို့ မုန်း လက်လေးနှစ်ဖက်ကို ကျစ်နေအောင်ပိုက်ထားမိသည်။ ဖေဖေ့ကုမ္ပဏီရှယ်ယာတွေကို လုပ်ငန်းရှင်တစ်ယောက်က ရသမျှလိုက်ဝယ်ပြီး သိမ်းရန်ကြံနေသည်ဆိုတာ သိသိလိုက်ခြင်း မုန်းမှာ ဘာလုပ်လို့လုပ်ရမှန်းမသိအောင် ပူထူလာမိသည်။ ဖေဖေ့ကုမ္ပဏီကို မုန်းကြောင့် မပျက်ပြယ်စေချင်ပါ။ မုန်းလက်ထဲရောက်မှ ပိတ်သိမ်းလိုက်ရတာမျိုး အဖြစ်မခံနိုင်ပေ။

တဖြည်းဖြည်း တစ်စထက်တစ်စ ယိုယွင်းလာသည့် အခြေအနေတွေကြောင့် မွန်းကြပ်မိတာ အမှန်ပင်။ မုန်း ဘာလုပ်ရမလဲ......ဘယ်လိုလုပ်ရင် ဖေဖေ့ကုမ္ပဏီကို ချောက်ထဲက ကယ်တင်နိုင်မည်လဲ။ ကိုကို့ ဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းလျှင် ရမှန်းသိပေမယ့် မုန်း မျက်စိမမြင်တော့တာ သိသွားမှာ စိုးရိမ်သည်။ ဟင့်အင်း ....မုန်းမှာ တစ်ခြားနည်းလမ်းရှိမှာပါ။

" အရမ်းတွေ မွန်းကြပ်နေရင် လမ်းလျှောက်မလား မုန်း။ "

ဟင်....။

မုန်းကိုယ်လေး ဆတ်ခနဲဖြစ်သွားရသလို ခွန်သွေး မှန်း သိလိုက်သည်။ မုန်းကို လက်မောင်းလေးမှ လာဆွဲထူသည်မို့ မုန်းသူနဲ့အတူ အသာလျှောက်လာရင်း သူခေါ်ရာသို့ ပါလာတာ သံသယမရှိ ယုံကြည်စွာပင်။ 

" တစ်ခါတစ်လေ ကိုယ်​ဖြေရှင်းနိုင်စွမ်းမရှိတဲ့ ပြဿနာတွေဟာ အချိန်က တဖြည်းဖြည်း ဖြေရှင်းပေးတတ်တယ် မုန်း။ အရမ်းကြီး စိတ်အပင်ပန်း မခံပါနဲ့။ "

သူ့စကားကြောင့် မုန်း သက်ပြင်းလေးချမိရင်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းမိသည်။ 

" မုန်း ငယ်ငယ်က ဗေဒင်မေးဖူးတယ် သိလား။ မုန်းကြောင့် ဖေဖေ့ချမ်းသာမှုတွေ ကုန်လိမ့်မယ်တဲ့။ မုန်းက သူဌေးသမီးပေမယ့် ဆင်းဆင်းရဲရဲ နေရဖို့ ဝဋ်ကြွေးပါတယ်တဲ့။ "

တံခွန်သွေး သူ့ဘေးကနေ ဖြည်းဖြည်းချင်း သူခေါ်ရာပါလာသည့် ဂမုန်းနွယ်ကို အေးအေးလူလူပင် စိုက်ကြည့်နေမိသည်။

" ခွန်သွေးမှာ ဆွေမျိုးမရှိဘူးလားဟင်။ "

" ကျွန်တော့်အကြောင်းက စိတ်ဝင်စားစရာ ထွေထွေထူးထူး မရှိပါဘူး။ မုန်း စိတ်ဆင်းရဲနေတာ မြင်လို့ စိတ်ပြေလက်ပျောက် ခေါ်လာတာ။"

မုန်း ပြုံးမိသွားရင်း .....

" ခွန်သွေး မနက်ဖန်နားလေ။ မုန်းလဲ သွားစရာမရှိဘူး။ ခွန်သွေးက လူငယ်ပဲဟာ......အပြင်သွားတာပဲဖြစ်ဖြစ် ၊ ကောင်မလေးနဲ့လျှောက်လည်တာပဲဖြစ်ဖြစ်ပေါ့......မုန်း ဘောက်ဆူးပေးမယ်လေ။ "

" ကျွန်တော် မနားပါဘူး......မုန်းကို စိတ်မချဘူး။ "

" ဟင်....."

မုန်း မျက်နှာလေးက အနေရခက်စွာ ရဲတက်သွားသလို မုန်း၏လက်မောင်းကို အသာထိန်းကိုင်ပေးထားရာမှ ပိုပြီးဖျစ်ညှစ်လာတာ ခံစားမိတော့ မုန်း ရင်တုန်လာရသည်။

" ဟို.....မုန်း အိပ်ချင်ပြီ။ ပြန်ပို့ပေးနော်......"

" ကျွန်တော် မုန်းကို ချစ်တယ်...."

" အို...."

မုန်း မျက်နှာလေးက ပိုပြီး နီမြန်းသွားကာ ကိုယ်လေးက တဆတ်ဆတ် တုန်ယင်လာသည်။ ရင်တွေ တလှပ်လှပ် တုန်ယင်လာရရင်း မုန်း အရင်ကလဲ ရည်းစားစကားအ​ပြောခံဖူးပါသည်။ သို့ပေမယ့် ဒီလို မခံစားဖူး မဖြစ်ဖူးခဲ့တာ မုန်းအသိဆုံး။ မျက်နှာချင်းနီးကပ်လာသလို ခံစားမိလိုက်သည်မို့ မုန်း အလန့်တကြားလေး ရုန်းရန်ပြင်လိုက်ပေမယ့် နှုတ်ခမ်းဖူးဖူးလေးက ဖိနမ်းခံလိုက်ရတာ သုံးစက္ကန့်။ 

" မုန်းကို စတွေ့ထဲက ကျွန်တော်ချစ်မိတာ။ မုန်း ဘာပဲဖြစ်ဖြစ် ကျွန်တော်ချစ်တယ်.......မုန်းပိုင်ဆိုင်တာတွေလဲ မမက်ဘူး။ မုန်းသာ ကျွန်တော့်ကို လက်ခံရင် အဲ့ဒါတွေ လုံးဝ ....."

" သမီး မုန်းရေ......သမီးလေး။ "

ဒေါ်ကြည်ပြာ၏ အော်ခေါ်သံနဲ့အတူ ခြံထဲဆင်းလာတာ တွေ့လိုက်ရသည်မို့ တံခွန်သွေး ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ ကိုယ်ရှိန်ပြန်သတ်လိုက်ရင်း အနားရောက်လာသည့် ဒေါ်ကြည်ပြာက သူ့တူမကို သူနဲ့စကားပြောနေသည်ပဲ ထင်ကာ နှုတ်ဆက်ရင်း ပြန်ခေါ်သွားသည်။ 

သူ သိသည်......ဂမုန်းနွယ်၏ ပုံစံကို ကြည့်ရုံနှင့် ရည်းစားမထားဖူးသည့် အရိုင်းစံပယ်မှန်း ရိပ်စားမိသည်။ မိန်းမမာယာ ပြားကိုးဆယ်ဆို ယောကျာ်းမာယာက တစ်ကျပ်ပဲ ဂမုန်းနွယ်။ ခင်ဗျားလို မိန်းမလောက်ကတော့ တံခွန်သွေး စာဖွဲ့မနေဘူး။ မကြာခင် ခင်ဗျားဟာ ကျုပ်ဆီ ရောက်လာစေရမယ်။

@@@@@@@@@@

အိပ်ယာလေးထက် ဟိုလူးဒီလှိမ့်ဖြင့် မုန်း တစ်ယောက်ထဲ အတွေးတွေ များနေရသည်။ တစ်လပင်မပြည့်သေးသော အချိန်ကာလအတွင်းမှာကို သူက မုန်း အတွေးထဲ နေရာယူနိုင်ရုံမက မုန်း၏ ပါးပြင်လေးရော ၊ နှုတ်ခမ်းလေးကိုပါ ဦးဦးဖျားဖျား နမ်းသွားတာ ပိုင်စိုးပိုင်နင်းပင်။ ပြီးတော့ မုန်းကို မြင်မြင်ချင်း ချစ်သည်တဲ့.....ဟုတ်နိုင်ပါ့မလား။ လူတစ်ယောက်ကို ချစ်ဖို့က အဲ့လောက်ပဲ မြန်နိုင်ပါ့မလား။ အို.......ပြောလို့ရမလား မြန်ချင်လဲမြန်မှာပေါ့လေ။ ခုထဲက မုန်း သူ့ဘက်ပါနေမိပြီ ထင်ပါရဲ့။ 

တစ်ဖက်စိတ်ကလဲ မုန်းကို လွန်ဆွဲနေပြန်ကာ မုန်းကို သူ တကယ်ချစ်ပါ့မလား မယုံရဲနိုင်ပဲ ဖြစ်နေသည်။ မုန်းဟာ တစ်နည်းအားဖြင့် ဒုက္ခိတ မဟုတ်လား။ ဒီကြားထဲ ဖေဖေ့ကုမ္ပဏီပြဿနာတွေက ရှိနေသေးသည်။ မုန်း ရူးမိုက်ချင်နေရော့လေသလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းရသည်။ မုန်း သူ့ကို ရှောင်နေရန် ဆုံးဖြတ်လိုက်မိသည်။ 

တံခွန်သွေး ဒီနေ့တစ်နေ့လုံး  ဂမုန်းနွယ်သူ့ကို ရှောင်နေတာ သတိထားမိသည်။ အခန်းထဲက ထွက်မလာသလို ထမင်းစားချိန်ကျလဲ တိတ်ဆိတ်နေသည်မို့ သူ မရိပ်မိပဲမနေ။ ဂမုန်းနွယ်....ထိုမိန်းမက နေနိုင်သည်ဆိုတော့လဲ သူ့ဘက်က ကြိုးစကို ပြန်တင်းပြရုံသာ။ 

" မမမုန်း ကြီးပုစျေးကပြန်လာပြီထင်တယ်.....စုစုသွားကူလိုက်ဦးမယ်။ "

ထမင်းစားခန်းထဲကနေ လှစ်ခနဲ ပြေးထွက်သွားသည့် စုစုကြောင့် မုန်း တားချိန်ပင်မရလိုက်ပဲ ပြေးသွားသည့် ခြေသံသာ ကြားလိုက်ရသည်။ သူ ရှိနေတာလဲ သိတာမို့ မုန်း ဘာလုပ်ရမှန်းမသိခင် ဖျတ်ခနဲ အနားရောက်လာတာ သိလိုက်သလို မုန်းလက်တစ်ဖက်ကို ဆွဲကိုင်ခံလိုက်ရ၏။

" ကျွန်တော့်ကို မုန်း ရှောင်နေတာပဲ။ ဘာလို့လဲ....."

" ခွန်သွေး....ဖယ်စမ်း။ မုန်း မင်းကို ဘယ်မှာ ရှောင်လို့လဲ။ "

" ရှောင်တယ်..... ဘာလဲ အဆင့်အတန်းမတူလို့လား ဟုတ်လား မုန်း။ ပွင့်ပွင့်လင်းလင်း ငြင်းစမ်းပါ မုန်းရယ်..... ကျွန်တော့်အဆင့် ကျွန်တော်နားလည်ပါတယ်။ ဟုတ်ပါတယ်လေ.....ကျွန်တော်ကိုက ရူးမိုက်မိတာ။ မုန်းက သူဌေးသမီးပဲ.....ပြန်မချစ်နိုင်တာ မဆန်းပါဘူး။ တောင်းပန်ပါတယ်.....ကျွန်တော် ချစ်ရေးဆိုခဲ့တာ မေ့လိုက်ပါ မုန်း......နောက် မုန်းနဲ့ ခပ်ဝေးဝေးနေပေးပါ့မယ်။ "

ဟင်.....။

သူပြောချင်ရာတွေပြောဆိုပြီး မုန်းလက်လေးကို လွှတ်ကာ ထွက်သွားသည့် ခြေသံကြားလိုက်ရသဖြင့် မုန်း ဘာကြောင့်မှန်းမသိ ဝမ်းနည်းစွာ မျက်ရည်တွေဝဲသွားရသည်။ သူ မုန်းကို အထင်လွဲသွားပြီ ထင်ပါရဲ့......မုန်း လွန်သွားပြီလား မသိ။ သူ့ စိတ်ခံစားချက်ကို မုန်းထည့်မတွေးမိခဲ့သလို အဆင့်အတန်းမတူဘူးဟု တွေးပင်မတွေးခဲ့ဖူးပါ။

မုန်းမှာ စုစုဆီက သူ့အကြောင်း အမြဲပြန်ကြားနေရတတ်သလို သူ နဲ့ မလိုက်မဖက်ဖြစ်မှာ စိုးရိမ်၍သာပင်။

" ကိုခွန်သွေးက အတော်ချောတာ မမရဲ့။ ယောကျာ်းလဲပီသတယ်....အနေလဲတည်တယ်။ "

" မလုပ်တတ်တာလဲ မရှိဘူး သိလား.....မမမုန်းကို ငေးငေးကြည့်နေတာ တွေ့တယ်။ "

မုန်း နေရာလေးတင် ကျန်ခဲ့ရင်း ကြီးပုတို့ ရောက်လာပြီမို့ အပေါ်ထပ်သာ ပြန်လိုက်ပို့ခိုင်းရသည်။ သူဟာ မုန်းအတွေးထဲ စိတ်ထဲ ပထမဆုံး နေရာပေးဖူးတဲ့ ယောကျာ်းပါ။ သို့ပေမယ့် ထိုနေ့ကစပြီး တံခွန်သွေးက မုန်းကို ရှောင်နေသည်။ တစ်ခါတစ်ခါ မုန်း အနားရောက်လာတတ်ပေမယ့်မုန်းက စကားပြောမည်ကြံလျှင် ရှောင်ထွက်သွားသည်သာ။

ခြံထဲဆင်းလာသည်နှင့် စုစုက မုန်းလက်ကလေးကို အသာကုတ်ရင်း...

" ကိုခွန်သွေး ကို ဟိုဖက်အိမ်က ကောင်မလေး လိုက်ရောနေတာ သိလား မမမုန်း။ ခုလဲ မုန့်လာပို့ရင်း ခြံဝမှာ စကားရပ်ပြောနေတယ်။ "

စုစုပြောမှ သေချာနားစိုက်ထောင်မိရင်း မိန်းကလေးရယ်သံကြားလိုက်ရသဖြင့် မုန်း ရင်ထဲ အလိုမကျဖြစ်သွားရသည်။ မုန်းမျက်နှာလေးက သိသာစွာ ပျက်ယွင်းသွားရင်း....

" သူက ပြန်ပြောတာပဲလား။ "

" အားနာလို့နေမယ်...."

မုန်း စုစုနဲ့အတူ ဒန်းလေးအနားရောက်လာကာ လက်လေးစမ်း၍ ဖြည်းဖြည်းထိုင်ချမိသည်။ 

" မမ....စုစု လဘ္ဘက်သုပ်သွားယူလိုက်မယ်။ခဏစောင့်နော်။ "

မုန်း ခေါင်းလေးငြိမ့်ပြလိုက်တော့ စုစု ထွက်သွားပုံရသည်။ တခဏအတွင်း အနားကို တံခွန်သွေး ရောက်လာရင်း....

" ဟိုဖက်အိမ်က ကြာဆံချက်လာပေးသွားတယ်။ ဒီမှာ ထားခဲ့မယ်နော်...အပူလောင်ဦးမယ် သတိထားဦး။ "

" မင်းပဲစားလိုက်ပါ ခွန်သွေး။ မင်းအတွက် လာပေးတာ မဟုတ်လား။ "

မုန်းစကားကြောင့် ကျစ်ခနဲစုပ်သပ်လိုက်သည့် အသံကို ကြားလိုက်ရသလို မုန်းကလဲ မျက်နှာလေးတင်းထား၏။

" မုန်း......ကြာဆံချက်က မုန်းကြိုက်မှန်းသိလို့ ယူပေးတာ။ မုန်း ကျွန်တော့်ကို မခနဲ့ပါနဲ့....မုန်း ကို ကျွန်တော် ပြောဖူးသမျှ ရုတ်သိမ်းပေးခဲ့တာတောင် မုန်း မကျေနပ်နိုင်ဘူးလား။ "

" ဟင့်အင်း....မကျေနပ်ဘူး။ "

မုန်းစကားကြောင့် တံခွန်သွေး အံ့သြသွားရသည်။ မျက်နှာလေး တင်းချီနေရင်း ဆက်ပြောလာသည်က.....

" ပြောတုန်းကပြောပြီး အဲ့လိုရုတ်သိမ်းလို့ရလား ခွန်သွေး......မုန်း မင်းကို အဆင့်အတန်းမတူဘူးလို့ ယောင်လို့တောင် မတွေးဖူးဘူး။ မုန်းကြောင့် မင်း ဝန်ပိမှာစိုးလို့။ "

" ပြောပြီးပြီလေ.....ကျွန်တော် မုန်း ဘာပဲဖြစ်ဖြစ် ချစ်ပါတယ်.....ဟာ....ဒါဆို မုန်း ကျွန်တော့်ကို ချစ်တယ်ပေါ့ ဟုတ်လား။ "

စွေ့ခနဲ မုန်းအနားဝင်ထိုင်လာသည်မို့ မုန်း ရှက်ရွံ့သလို ပြုံးပြုံးလေး ခေါင်းငြိမ့်ပြမိသည်။

" မုန်း မင်းကို ချစ်တယ်။ "

အ​ဖြေပေးလိုက်ပြီးထဲက ချစ်သူတွေ ဖြစ်ကြတော့လဲ သူက သည်းသည်းလှုပ်ပင်။ မုန်းကို အစစအရာရာ ဂရုစိုက်သလို လူတွေရှေ့ သတိထားရန် မုန်းမှာ မနည်းမှာနေရသည့် အဖြစ်။ ချစ်ကြပြီဆိုတော့လဲ အရာရာဟာ လေထုကအစ ချိူမြိန်နေတာမျိုး။ 

မုန်း ရေကူးကန်လေးအနား ထိုင်နေရင်းမှ စုစုနဲ့ စကားပြောနေခြင်းပင်။ အိမ်မှာ ရေကူးကန်သာ ထားပေမယ့် မုန်းက ရေကြောက်သလို ဖေဖေက ရေကူးရတာ အရမ်းကြိုက်သည်။ 

" မမမုန်း....စုစု ရွာခဏပြန်ချင်တယ်။ မေမေ နေမကောင်းဘူးလို့ ဖုန်းဆက်လို့ပါ။ တစ်ရက်နှစ်ရက်ပါပဲနော်....ပြန်လို့ရမလားဟင်။ "

မဝံ့မရဲ ခွင့်တောင်းနေသည့် စုစုအသံလေးက မုန်း စိတ်ကွက်မှာ ကြောက်ပုံရသည်။ မုန်း ခပ်အေးအေးလေး ပြုံးမိရင်းမှ စုစုလက်ကို လိုက်စမ်းကာ ဖျစ်ညှစ်ဆုပ်ကိုင်မိသည်။

" ရပါတယ် စုစုရယ်....မိဘက အရေးကြီးပါတယ်။ တစ်ရက်နှစ်ရက်မဟုတ်ဘူး စုစု တစ်ပတ်နှစ်ပတ်နေပေးလိုက်ပါ။ ဆေးဖိုးကိုလဲ မမုန်းပေးလိုက်မယ် ဟုတ်ပြီလား။ "

" ကျေးဇူးပါ.... ကျေးဇူးတင်ပါတယ် မမမုန်းရယ်။ စုစု......စုစု ဖုန်းဆက်အကြောင်းကြားလိုက်ဦးမယ်။ ခဏလေးနော် မမ။ "

မုန်း ခေါင်းလေးငြိမ့်ပြရင်း ပြုံးပြုံးလေးကျန်ခဲ့သည်။ နေရာတွင် ငြိမ်ငြိမ်လေးထိုင်နေရင်းမှ မုန်းကိုယ်လေးကို နောက်မှသိုင်းဖက်ခံလိုက်ရသည်မို့....

" ခွန်.......".

" လာပြန်ပြီဗျာ.....ခွန်လို့မခေါ်ပါနဲ့ မောင်လို့ခေါ်ပါဆို။ "

မုန်း ပြုံးလိုက်မိရင်းမှ မုန်းအနား မောင်လာဝင်ထိုင်တာ သိလိုက်သည်။

" မောင်.....သူများတွေ မြင်ကုန်မယ်လေ။ "

" ခွာပေးမယ် ဟုတ်ပြီလား.....ရည်းစားလေးရပါတယ် အနားမကပ်ရ အပြောအဆိုဆင်ခြင်ရနဲ့ မုန်းနော် မောင် မုန်းကို အရမ်းချစ်လို့ အလိုလိုက်ထားတယ် မှတ်ပါ။ "

ပြုံးနေသည့် မျက်နှာလှလှလေးကို တံခွန်သွေး ခပ်မဲ့မဲ့စိုက်ကြည့်နေမိသည်။ အပြုံးဆိုတာ ခင်ဗျားပန်ရမယ့် အရာမဟုတ်သလို ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကလဲ ခင်ဗျားနဲ့ ထိုက်တန်တဲ့အရာ မဟုတ်ဘူး ဂမုန်းနွယ်။ စိတ်ချ ဒါ ခင်ဗျားရဲ့ နောက်ဆုံးလက်ကျန်အပြုံးတွေ ဖြစ်စေရမယ်။ 

@@@@@@@@@@@@

ဒေါ်ကြည်ပြာနေမကောင်းသဖြင့် မုန်းလဲ မျက်စိမျက်နှာပျက်နေသလို ကြီးပုကသာ လုပ်ကိုင်ပေးရင်း တံခွန်သွေးက ဆရာဝန်ကို ပြန်လိုက်ပို့သည်။ 

" အန်တီလေး သက်သာရဲ့လားဟင်။ "

အရမ်းစိတ်ပူနေသည့် တူမဖြစ်သူကို ငေးကြည့်ရင်း ဒေါ်ကြည်ပြာ သက်ပြင်းချမိသည်။ အခုအချိန် သေမည်ဆိုလျှင်တောင် သမီးမုန်းကို နောက်ဆံတင်းနေ၍ သူမ စိတ်က အသေဖြောင့်မည်မဟုတ်။ ဒီသနားစရာ တူမငယ်ကို ဘယ်လို စိတ်ချချထားခဲ့နိုင်ပါ့မလဲ။

" အန်တီလေး ဘာမှမဖြစ်ပါဘူး သမီးရယ်။ သမီး သွားနားတော့နော်။ ဒီမှာ မပုလဲရှိတဲ့ဟာကို။ မပု သမီးမုန်းကို အခန်းလိုက်ပို့လိုက်။ "

" ရတယ် ဒေါ်ဒေါ်.....ကျွန်တော်ပို့ပေးပါ့မယ်။ ဒီမှာလဲ လူရှိမှ ရမှာပဲဟာ။ ကျွန်တော် အောက်ထပ်မှာ ရှိမှာမို့ တစ်ခုခုဆို ခေါ်ခိုင်းပါ။ "

" ရတယ် မောင်ခွန်သွေး......မင်းလဲ နားတော့။ ဒီမှာ မပုရှိရင် ရပြီ။ "

တံခွန်သွေး ဂမုန်းနွယ်၏ လက်မောင်းလေးကို ထိန်းကိုင်ကာ ခေါ်လာခဲ့ရင်း အောက်ထပ်ဆင်းလာတော့ ထူးဆန်းနေပုံရကာ သူ့ကို မေးခွန်းပြန်ထုတ်လာသည်။

" မောင် ဘယ်သွားမလို့လဲဟင်။ "

" မုန်း စိတ်ညစ်နေလို့ လမ်းလျှောက်ကြရအောင် ခေါ်လာတာ။ စိတ်ပြေလက်ပျောက်ပေါ့။ "

မောင့်စကားကြောင့် မုန်း မောင့်လက်ကိုဆွဲပြီး လမ်းအတူလျှောက်ကာ စကားပြောခဲ့မိသည်ကို ပြန်သတိရသွားရသည်။ ထိုစဥ်ကလဲ မုန်းစိတ်ညစ်နေလို့ မောင် လမ်းလျှောက်စေခဲ့တာပါပဲ။ ပြီးတော့ မုန်း၏ နှုတ်ခမ်းလေးကို နမ်းသွားသေးသည်။ မောင်ဟာ တကယ့်လူဆိုးလေးပင်။

" ဘာတွေပြုံးနေတာလဲ မုန်းရဲ့......"

" ဟင်.....ဘာမှမဟုတ်ပါဘူး။ "

! ဖြောက် ဖြောက် ဖြောက်! 

ဟင်.....

မုန်းကိုယ်ပေါ် ကျလာသည့် ရေစက်အချို့ကြောင့် မုန်း မောင့်လက်ကို တင်းတင်းလေးဆုပ်ကိုင်မိသည်။

" မိုးဖွဲလေးတွေ ကျလာပြီ မုန်း..... လာ လာ မိုးရွာပြီ။ "

မောင် ဆွဲခေါ်ရာနောက်ကို ကသိုက်ကရိုက် လေးပါလာရင်း မုန်း ကိုခေါ်ကာ  မောင် နဲ့ ဘကြီးနေသည့် အိမ်လေးဆီ ရောက်လာသည်။ ဝေါခနဲ မိုးရွာချသလို အိမ်မကြီးဆီသွားရင် မိုးမိမှာ ကျိန်းသေပင်။ မိုးရောလေရော သည်းချက်က မိုးတွေအရမ်းပက်နေတာမို့......

" မုန်း......လာ....ဒီမှာ မိုးစိုကုန်ပြီ။ မောင့် တဘက်နဲ့ သုတ်ပေးမယ်။ လေတိုက်တော့ အရမ်းအေးတယ် မုန်းပါဖျားလိမ့်မယ်။ မိုးတိတ်မှ ပြန်ပို့ပေးမယ်နော် မောင့်ကိုယုံ။ "

မုန်း ယုံပါသည်။

မုန်း ချစ်ရသော မောင့်ကို မယုံကြည်နိုင်စရာမှမရှိပဲ။ မောင့်လက်ကိုဆွဲ၍ မောင့်နောက်ကို လိုက်လာခဲ့တော့ ဘကြီးအသံပင်မကြားရ။

" မောင် ဘကြီးရောဟင်။ "

" ဘကြီးက အိပ်နေရောပေါ့။ မိုးကောင်းတယ်လေ......"

တံခွန်သွေး ဂမုန်းနွယ်လက်ကိုဆွဲကိုင်လာရင်း သူ့အိပ်ယာထက် အသာထိုင်စေကာ လှန်းထားသည့် တဘက်ကို ကပျာကယာယူ၍ သုတ်ပေးလိုက်သည်။ သူမဆံပင်က ခါးထိရှည်တာမို့ မိုးစိုပြီး ဖျားဦးမည်။ သေသေချာချာ လိုက်သုတ်ပေးနေရင်းမှ မျက်နှာဖူးဖူးလေးကို ငေးခနဲ ကြည့်မိသွားတော့ ရင်ခုန်သံက တဒိတ်ဒိတ် သွေးဆောင့်တက်သည်။

" မောင်.......ကြည့်နေတာလား။ "

စိုက်ကြည့်နေသလို ခံစားရတာမို့ မေးလိုက်မိပေမယ့် အဖြေကမရပဲ နီးကပ်လာသည့် ဝင်လေထွက်လေကို ခံစားလိုက်ရသဖြင့် မုန်း မျက်စိလေးမှိတ်ချလိုက်မိသည်။ နွေးခနဲ ထိတွေ့လာသည့် အနမ်းတွေက နူးညံ့နေရာမှ တစ်စတစ်စ ပြင်းထန်လာကာ မောင့်အသက်ရှူသံတွေ ပြင်းထန်လာသည်။ အနမ်းတွေ ကြမ်းရှလာသလို မုန်းလဲ ရင်တဖိုဖို ကတုန်ကယင်ဖြစ်လာရသည်မို့ မောင့်ရင်ဘတ်ကို ခပ်ဖွဖွ လှမ်းထုမိ၏။

" မောင့်ကို ယုံနော်....မုန်းကို မောင်အရမ်းချစ်တယ်။ မောင် မုန်းကိုပဲ လက်ထပ်မှာ။ "

မုန်းကိုယ်လေးက မောင့်အားကြောင့် အိပ်ယာလေးပေါ် ပက်လက်လေး လဲကျသွားသလို မောင့်ကိုယ်ကြီးပါ ပိကျလာသည်။ မုန်း ကြည်ဖြူမိခြင်းမှာ မောင့်ကို ယုံကြည်ခြင်း ချစ်ခြင်း အားကိုးခြင်းတွေ ပြည့်နှက်နေသည်။ မောင်ဟာ မုန်း သိပ်ချစ်ရသူပါ.....မောင့်ကို မယုံလျှင် မုန်း ဘယ်သူ့ကိုယုံရပါ့မလဲလေ။ မုန်း မောင့်ကို အကြွင်းမဲ့ယုံကြည်သည်။ 

ဧည့်ခန်းထဲရှိ ဒေါ်ကြည်ပြာ၏ မျက်နှာမှာ တင်းမာနေသလို မုန်းလဲ မောင့်လက်မောင်းကို အားကိုးတကြီးဆုပ်ကိုင်ထားမိသည်။ မနက်မိုးလင်းတာနဲ့ မောင်က အန်တီလေးကို ပွင့်ပွင့်လင်းလင်း ပြောပြကာ လက်ထပ်ခွင့်ပြုရန် ခွင့်တောင်းသည်။ တစ်ဖက်က မောင်ယောကျာ်းပီသစွာ တာဝန်ယူတာကို လေးစားမိရင်း တစ်ဖက်ကလဲ စိုးရိမ်ကြောက်လန့်နေမိပြန်သည်။ 

" ခုအခြေအနေမှတော့ လက်မထပ်ပေးလို့လဲ မရတော့ဘူး။ သမီးမုန်းက အန်တီ​လေး ယုံကြည်မှုကို အခွင့်ကောင်းယူတာပဲ။ မောင်ခွန်သွေးကိုလဲ ဒီလို လူမျိုးလို့ မထင်ခဲ့မိဘူး။ "

တံခွန်သွေး ခပ်မဲ့မဲ့ ပြုံးလိုက်မိရင်းမှ......

" ကျွန်တော် မုန်းရဲ့ ပစ္စည်းဥစ္စာတွေ မလိုအပ်ဘူး ဒေါ်လေး။ အဲ့ဒါတွေ ဒေါ်လေးပဲ သိမ်းထား လိုက်ပါ။ ကျွန်တော် မုန်းနဲ့လက်ထပ်ပြီးပြီဆိုတာနဲ့ အိမ်ခွဲနေမှာ။ "

" မောင်....."

မကြားဖူးသည့်စကားမို့ မုန်း မေးရန်ပြင်လိုက်ပေမယ့် မောင့်လက်ဖဝါးကြီးက မုန်း၏ လက်ကလေးတစ်ဖက်ကို အုပ်ကိုင်လာသည်။ 

" မောင့်ကို ယုံကြည်ရင် မောင့်နောက်လိုက်ခဲ့ပါ မုန်း။ "

မုန်း ဘာပြောရမှန်းမသိသလို ဒေါ်ကြည်ပြာလဲ တံခွန်သွေးကို အကဲခတ်နေမိသည်။ နေမကောင်းတာတွေပင် ဘယ်ရောက်သွားမှန်းမသိအောင်ကို အထိတ်တလန့်ဖြစ်ရသလို တံခွန်သွေးပုံစံက ခါတိုင်းနဲ့မတူ ခြားနားနေသည်။ 

" မင်္ဂလာပွဲကတော့ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကပ်မယ်။ တရားရုံးမှာ လက်မှတ်ထိုးမယ်။ အကုန် ကျွန်တော် တာဝန်ယူတယ်။ "

မင်္ဂလာပွဲကို ကြီးကြီးမားမားလုပ်ရအောင်လဲ မုန်းလေး အခြေအနေနဲ့က အဆင်ပြေမှာ မဟုတ်သဖြင့် ဒေါ်ကြည်ပြာလက်ခံလိုက်သည်။ ဒီကောင်လေး အလုပ်လုပ်တတ်ကိုင်တတ်တာတော့ ကိုယ်လဲ သတိထားမိပါသည်။ ပြီးတော့ ကိုယ့်တူမကိုယ်တိုင်က မေတ္တာရှိပုံရတာ အတိုင်းသားမြင်နေရသည် မဟုတ်လား။ 

" မောင် အိမ်ခဏပြန်မယ် မုန်း။ စီစဥ်စရာရှိတာ စီစဥ်ရဦးမယ်။ မောင် သဘက်ခါကျရင် ပြန်လာခဲ့မယ်။ "

မုန်း ခေါင်းလေးငြိမ့်ပြလိုက်သလို ထိုနေ့က မောင် နေ့လည်ကျ အထုပ်ဆွဲကာ ပြန်သွားသည်။ မောင် ပြောပြဖူးလို့ မောင်က တစ်ကောင်ကြွက်မှန်း သိသဖြင့် မိဘတွေတော့ ခေါ်လာမှာ မဟုတ်ပဲ မင်္ဂလာစရိတ်သွားယူခြင်းသာ ဖြစ်လိမ့်မည်။ အန်တီလေးက စိတ်ပူပေမယ့် မုန်းက ရတယ်ပြောတာမို့ မတားသည့်တိုင် အနည်းငယ်တော့ သတိပေးလိုက်သေး၏။ 

တစ်ရက်......

နှစ်ရက်........

သုံးရက်......

တစ်ပတ်ကြာသည်အထိ မောင် ပြန်ရောက်မလာတော့ အန်တီလေးက ကိုယ်ကျိုးနည်းပြီဟု မချိတင်ကဲ ရေရွတ်ရင်း တရားစွဲမည် လိုက်သွားမည်သာ လုပ်သည်။

" မုန်း မောင့်ကို ယုံတယ် အန်တီလေး။ မောင်က အဲ့လိုလူမျိုး မဟုတ်ပါဘူး။ ပြန်လာမှာပါ....မုန်းတို့ စောင့်ပေးရအောင်နော်။ "

အကယ်၍ မုန်းကို မောင် ထားသွားတယ်ဆိုလျှင်ရော.....အို ! မဖြစ်နိုင်တာ။ မုန်း ချစ်တဲ့ မောင်က မုန်းကိုလဲ သိပ်ချစ် သိပ်ဂရုစိုက်တာ မုန်းသိသည်။ မုန်း မောင့်ကို အကြွင်းမဲ့ အကြောင်းပြချက်မရှိ ယုံကြည်သည်။

@@@@@@@@@@@@@@@@@@@@@

To be continue P - 3

Author - အနမ်းခြွေ

#lotaya_shortstory




Some text some message..