
၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့ ၊ နေ့လယ် ၁၁နာရီ ခန့်တွင်
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက်(၁၃၂) ၊ မြအရာတော်ရပ်ကွက်ရှိ၊ ဦးပေါကြည်၊ဒေါ်စန်းရီ နေအိမ်ခြံဝင်းအတွင်းသို့
ထီရောင်းချသူ ကိုမြဦးသည် စက်ဘီးလေးတစီးဖြင့် ဝမ်းသာအားရ အော်ဟစ် ဝင်လာလေ၏။
" အစ်မရေ အစ်မသီတာ ... ခင်များ ထီပေါက်တယ်ဗျို့ ၊ ဆုကြီးတော့မဟုတ်ဘူး၊ ဒါပေမဲ့ မနည်းဘူးနော်။ သိန်း၅၀တောင် ပေါက်သဗျို့ "
အိမ်ထဲမှာ ဟင်းအိုး ပြန်နွှေးနေတဲ့ ဦးပေါကြည်နှင့်ဒေါ်စန်းရီရဲ့ သမီး မသီတာသည် ထီသည်ကောင်လေး အော်သံကြောင့် ဝမ်းမြောက်ဝမ်းသာဖြင့် မီးဖိုချောင်နောက်ဖေးမှ အပြေးလေး ထွက်လာရှာ၏။
လက်ထဲတွင် ဟင်းခပ်ဇွန်းအကြီးတချောင်းက ကိုင်လျက်။
မသီတာသည် ဝမ်းသာလွန်းလို့ ကတုန်ကရင် ဖြစ်နေရှာသည်။
မသီတာခမျာ မယုံရဲ ယုံရဲ ဖြစ်နေဟန်ဖြင့် ...
" ဟဲ့ တကယ်လား! နင် အသေအချာ တိုက်စစ်ကြည့်ပြီးပြီလား ၊ ငါ ရင်ခုန်လိုက်တာဟယ် "
" သေချာပါတယ် အစ်မရဲ့၊ ကျွန်တော် အစ်မကို ရောင်းသွားတဲ့ မင်္ဂလာစုံတွဲ၁၀စောင်တွဲက ပေါက်တာခင်ဗျ ၊ ကဲ အစ်မ ထီလက်မှတ် သွားယူလိုက် ၊ ကျွန်တော့မှာ ထီပေါက်စဥ်ပါခဲ့တယ် "
ရပ်ကွက်ဆိုတော့ တအိမ်နဲ့တအိမ် ဝင်းထရံတို့ အုတ်တံတိုင်းတို့သာခြား၏။ အရှေ့ဘက်အိမ် အနောက်ဘက်အိမ်ဆိုတာ အသံကျယ်ကျယ် ပြောရင် အတိုင်းသား ကြားရတာမျိုး။
ထီရောင်းတဲ့ ကိုမြဦးရဲ့ အသံကျယ်ကျယ်ကြောင့် အိမ်နီးနားချင်းတွေကပါမသီတာ ထီပေါက်တယ်ဆိုတဲ့ မင်္ဂလာသတင်းကို ကြားသွားကြပြီး ဝမ်းသာအားရ ပြေးလာကြလေ၏။
ကိုမြဦးဆိုတာက ဆောင်းဘောက်ကို လက်တွန်းလှည်းပေါ်တင်ပြီး မသီတာတို့ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသည့် ထီသည်ဖြစ်ပါ၏။
မသီတာက ထီလက်မှတ် ထိုးပြီးတိုင်း အိမ်အပေါ်ထပ်ရှိဘုရားကျောင်းဆောင်ရှေ့က ဆွမ်းတော်ပန်းကန်အောက် ထားနေကျဆိုတော့ အထွေအထူး ရှာနေစရာမလိုပါဘူး။
အိမ်ပေါ်ပြေးတက်ပြီး ၊ဘုရားကျောင်းဆောင်က ထီလက်မှတ်တွေ ယူချလာသည်။
သူ့လက်ထဲမှာ ဆယ်စောင်တွဲတွေရော ၊ ငါးစောင်တွဲတွေရော ပလစ်စတစ်ဖြင့် ထည့်ထားတဲ့ ထီလက်မှတ်အတွဲတွေက လေးငါးခု မကချင်။
မသီတာက ကိုမြဦး ထီတွန်းလှည်းတင် ထိုးတာမဟုတ်ဘူး။
ညောင်ပင်ဈေးနားက ထီဆိုင်မှာလည်း ထိုး၏။ဈေးချို သွားရင်လည်း ထိုး၏။ အဲ့တော့ ထီလက်မှတ်တွေက များနေသည်။
ထီရောင်းတဲ့ ကိုမြဦးက သူရောင်းတဲ့ထီ သူ မှတ်မိတာမို့၊ မသီတာလက်ထဲက သိန်း၅၀ပေါက်သည့် ထီလက်မှတ်ကို ရွေးယူလိုက်ပြီး၊
ထီပေါက်စဥ်မှ ပေါက်ဂဏန်းဖြင့် တိုက်စစ်ပြသကာ...
" ဒီမယ်လေ အစ်မရဲ့ ကကြီးဂငယ် ၈၆၅၈၆၅ ၊ ဟားဟားဟား သိန်းငါးဆယ်ပေါက်ဂဏန်းအစစ်ပါဗျ ၊ အသေအချာကြည့်... ရော့ "
မသီတာသည် ဝမ်းသာစိတ်လှုပ်ရှားစွာ ထအော်လေ၏။
" ဟယ်! ဟုတ်တယ်တော့ ၊ အမေရေ သမီးတော့ ထီပေါက်ပြီ အမေရေ ၊ ဝမ်းသာလိုက်တာ "
မသီတာ၏ အပျော်သည် သူ့အမေရော အဖေကိုပါ ကူးစက်သွားလေ၏။
အိမ်ထဲရောက်လာကြသော အိမ်နီးချင်းအချို့လည်း မသီတာကို အားကျသလို မျက်နှာပေးနှင့် ကြည့်၍ ပျော်နေကြသည်။
အိမ်နီးချင်းဖြစ်သော မချိုပြုံးက မသီတာအား ...
" ဟဲ့ နင့်ယောက်ကျားကို ဖုန်းဆက်ပြောလိုက်အုံးလေ။ ဒါမှ အားရဝမ်းသာ ပြေးလာမှာပေါ့ "
မသီတာရဲ့ ယောက်ကျားက ကျောင်းဖယ်ရီကား မောင်းသည်။
ဒီအချိန်ဆို အိမ်ပြန်မလာတတ်သေး။ နေ့လယ်စာ ထမင်းစားချိန်နီးမှ ပြန်လာတတ်သည်။
မသီတာ ဖုန်းဆက်တော့ သူ့ယောက်ကျား ကိုသန်းထွဋ်က မယုံသေး။ စပီကာ ဖွင့်ထားသည်မို့ ဘေးကလူတွေ ဝိုင်းပြောမှ ယုံ၏။
" ဟုတ်လား အဲ့တာဆို ငါ ဝေ့မနေတော့ဘူး ၊ အိမ်ကို တန်းမောင်းလာခဲ့မယ် မိန်းမရေ "
ကိုသန်းထွဋ်အသံကလည်း တုန်တုန်ရင်ရင် ။ အပျော်ကြောင့် ဖြစ်မည်။
ပျော်မှာပေါ့။ သူတို့လင်မယား ဒီနှစ်ပိုင်း စီးပွားရေး အဆင်ပြေဘူးလေ။
စားကြွေးရော၊ ကားအင်ဂျင်ကိုင်တုန်းက ချေးငှါးထားတာရောဆို ငွေ ဆယ်လေးငါးသိန်းလောက် အကြွေးတင်နေ၏။
သားအကြီးက တက္ကသိုလ်တက်နေပြီလေ။ အဲ့ဒီတော့ ကုန်ကျစရိတ်က နည်းမှ မနည်းပဲ။
မသီတာ စိတ်ထဲ အိမ်မှာ သံဃာတော်တွေ ဆွမ်းကပ်ချင်နေတာ ကြာပြီ။ အခုတော့ ဆွမ်းတင်မဟုတ်ဘူး သင်္ကန်းရော၊ ဝတ္ထုငွေပါ ကပ်လှုနိုင်ပြီ ဖြစ်၏။
ပြီးတော့ မသီတာ စိတ်ထဲမှာ ဘုရားစုံဖူး ခရီးထွက်နေချင်တာ ၊ အခုတော့ သူ့ဆန္ဒတွေ တလုံးတဝတည်း ပြည့်ပြီဟု ဆိုရမည် ဖြစ်သည်။
သားကြီးက ဖအေကြီး၏ ဖယ်ရီကားနဲ့ မလိုက်ချင်။ သူ့ဖာသာ ဆိုင်ကယ်ဖြင့် သီးသန့် ကျောင်းသွားချင်သည်ဟုဆို၏။
ဆိုင်ကယ်ဝယ်ပေးဖို့ကိုလည်း မကြာခဏ ပူဆာနေခဲ့သည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသည့်အတိုင်း သားကြီးကို ဝယ်ပေးပါမည်ဟု ချွေးသိပ်ထားရသည်။
အခုတော့ သားကြီး ပူဆာတဲ့ ဆိုင်ကယ် 'စကိုဖီး'ဆိုတာလည်း ဝယ်ပေးရမည်ဟု စိတ်ထဲ တေးမှတ်ထားလိုက်၏။
မသီတာက မြအရာတော်ရပ်ကွက်မှာ အဖိုးအဖွားလက်ထက်ကတည်းက နေလာတာဆိုတော့ အိမ်နီးချင်းတွေနဲ့ကလည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်။
အားလုံးက ဆွေမျိုးသားချင်းတွေလိုကို ဖြစ်နေကြပြီမဟုတ်လား။
အဲ့ဒီတော့ ဒီတခါ ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရား သွားဖူးရင် အနီးအပါးက လူတွေကို စရိတ်ငြိမ်း ခေါ်သွားရမည်ဟု စဥ်းစားမိလေ၏။
ဘေးအိမ်က အပျိုကြီးကလည်း ဘုရားဖူးသွားရင် ငါ့ခေါ်ပါဦးလို့ တဖွဖွပြောသည်မဟုတ်လား။
အကြွေးဆပ်ရမှာရယ်၊ သားဖြစ်သူအတွက် ဆိုင်ကယ် ဝယ်ပေးရမှာရယ်၊ သံဃာဆယ်ပါးလောက်ကို ဆွမ်းနှင့်သင်္ကန်း ကပ်လှုရမှာရယ် နှင့် ဘုရားဖူးထွက်မှာရယ် ဆိုတော့ သူ ပေါက်သည့် ထီဆု သိန်းငါးဆယ်က လောက်မှ လောက်ပါ့မလားတောင် မသိနိုင်။
မသီတာ အတွေးက အဲ့သလို ကပေါက်တိကပေါက်ချာ ဖြစ်နေစဥ် ထီရောင်းတဲ့ ကိုမြဦးက ...
" ကျန်တဲ့ ၉စောင်က အက္ခရာမတူပေမယ့် ဂဏန်းအားလုံး တူတော့ တစောင်ကို ငါးသိန်းနှုန်းနဲ့ ၄၅သိန်း ထပ်ရအုံးမှာ အစ်မရေ ၊ အားလုံးဆို သိန်းတရာနီးပါးပဲဗျို "
ကဲ ... မသီတာမှ မပျော်ရင် ဘယ်သူက ပျော်အုံးမှာတဲ့လဲ။မသီတာ၏မျက်နှာကြီးက တိမ်ကင်းစင်လို့ အပြည့်အဝသာခွင့်ရတဲ့ လပြည့်ဝန်းကြီးပမာ ရွန်းလဲ့ တောက်ပနေတော့၏။
_________
အခန်း၂။
ထီမပေါက်ခင် ရက်တပါတ်လောက် အလိုက မသီတာ အိပ်မက် မက်သည်။
အခု ထိုအိပ်မက်အကြောင်းက ပြောစရာ အကြောင်းအရာ တခု ဖြစ်နေ၏။
" ကျွန်မ မက်တဲ့ အိပ်မက်က တမျိုးကြီးပဲ၊ သိပ်ကို ထူးဆန်းတယ်။ ဒီအသက်အရွယ်နဲ့ ပြောပြရရင်လည်း ရှက်စရာကြီးတော့ "
အဲ့သလို အစချီပြီး မသီတာက သူ့အိပ်မက်ကို ပြောပြ၏။
သူ့အိပ်မက်က ...
ညသန်းခေါင်ယံအချိန် မသီတာ အိပ်ပျော်နေရာမှ တစုံတယောက်က လှုပ်နှိုးနေသည်ဟု ခံစားလာ၍ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
ကုတင်ခြေရင်းတွင် အသက်၁၀နှစ်အရွယ် ချစ်စရာ ကလေးငယ်တဦးက သူ့ခြေထောက်ကို ဆွဲ၍ နှိုးနေခြင်း ဖြစ်၏။
ညဘက်ဆိုပေမယ့် အခန်းတွင်း၌ ထူးဆန်းသော အလင်းရောင်တမျိုးက တခန်းလုံးကို လင်းထိန်နေစေ၏။
အလင်းရောင်ကြောင့် မသီတာသည် ကြောက်စိတ် မဖြစ်မိချေ။ ဒါ့အပြင် ထိုကလေးငယ်ကိုလည်း သူမ စိတ်ထဲ တရင်းတနီးရှိလှသည်ဟု ခံစားနေမိသည်။ထို့ကြောင့် ကလေးငယ်ကို ကြင်ကြင်နာနာ မေးလိုက်၏။
" သားက ဘယ်သူလဲဟင် "
ကလေးငယ်က သူ့အမေးကို ချစ်စဖွယ် ပြုံးပြရင်း ...
" မေမေ့သားလေ ၊ ဘာလဲ မမှတ်မိတော့ဘူးလား "
ထိုသို့ပြောရင်း ကလေးငယ်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ထောင်ပြလေ၏။
မသီတာ အံဩသွားသည်။ ကလေးငယ်၏ လက်နှစ်ဖက်တွင် လက်ပွားလေး တခုစီ အပိုပါနေသည်ကို မြင်တွေ့သွားရ၏။
" ဟင် ! အပွားလေး မေမေ့သား "
မှန်၏။ မသီတာတွင် လသားအရွယ်၌ ဆုံးပါးသွားလေသော သားငယ် တယောက်ရှိခဲ့ဖူးသည်။
ထိုသားလေးမှာ မွေးရာပါ နှလုံးတွင် အပေါက်ပါသဖြင့် ၈၆ရက်သားအရွယ်၊ လွန်ခဲ့သော ၁၀နှစ်ခန့်ကပင် ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။
ယခု အပွားလေးဟု မသီတာခေါ်ဝေါ်သော ထိုကလေးငယ်ရှိလျင် ၁၀နှစ်သားအရွယ်ပင် ဖြစ်၏။
မသီတာ ကုတင်ခြေရင်းက ကလေးကို ကြည့်၍ မျက်လုံးအိမ်တွင် မျက်ရည်များ ဝေ့သီလာရှာသည်။
ရင်ထဲမှာလည်း ဆို့နင့်ကြေကွဲနေပြီး ဝမ်းနည်းသလို ခံစားနေရရှာ၏။
"သားလေး မေမေ့သားလေး"
မသီတာသည် သတိလက်လွတ်ဖြင့် ကုတင်ခြေရင်းက ကလေးငယ်ရှိရာသို့ လျှောက်သွားပြီး ပွေ့ဖက်လိုက်သည်။
ကလေးငယ်က မရုန်းချေ။ အသာတကြည် အပွေ့ခံ၏။
" သားလေး ... မေမေ့ဆီ ပြန်လာမလို့လားဟင် "
" အချိန် မတိုင်သေးဘူး မေမေ၊ လာလို့ရတဲ့အခါ သား မေမေတို့ဆီ ပြန်လာမှာပါ "
" ဟင်! ဒါဆို အခု သားက မေမေ့ဆီ ဘာလာလုပ်တာလဲ၊ မေမေဖြင့် သားလေးကို သတိရတိုင်း လွမ်းနေတုန်းပဲ။ မေမေတင်မဟုတ်ဘူး သားရဲ့၊ မင်းဖေဖေလည်း ငါ့သားလေးကို သတိရလိုက်တာလို့ မကြာခဏ ပြောတယ် "
" သား သိပါတယ် မေမေ၊ သားလည်း ဖေဖေတို့ မေမေတို့ကို သတိရပါတယ် ၊ အခု သားလာတာကလေ မေမေ စိတ်ဆင်းရဲနေရတာ မကြည့်ရက်လို့ အကူအညီ ပေးဖို့လာတာ "
" အော် သားရယ်၊ မေမေတို့ ဘာအဆင်မပြေစရာရှိလဲ ၊ အဆင်ပြေပါတယ်ကွယ်၊ မေမေ့သားလေးအတွက် နောက်တပတ် ကြာသာပတေးနေ့ကျရင် ရည်စူးဆွမ်း လောင်းပေးမယ်နော်"
" သားအတွက် ရည်စူးဆွမ်း လောင်းလှုပေးမယ်ဆိုလို့ ဝမ်းသာပါတယ် မေမေ၊ အော် မေမေ အဲ့ဒီနေ့ကျရင်လေ သားအတွက်ဆိုပြီး ထီထိုးပေးပါလား "
" ကောင်းပါပြီကွယ်၊ မေမေ မပျက်မကွက် ထိုးလိုက်ပါ့မယ်။ သားက ဘာလုပ်ချင်လို့ ထီထိုးတာလဲ၊ မေမေ့ကို ပြောခဲ့ပါအုံး "
" သားအတွက် မဟုတ်ပါဘူး မေမေရယ်၊ မေမေတို့အတွက်ပါ။ မေမေ ခုတလော အကြွေးတင်နေတယ်မဟုတ်လား။လတိုင်း အတိုးပေးရဖို့ မေမေ မောနေတာကို သား မကြည့်ရက်ဘူး။ ပြီးတော့ ကိုကြီး ၊ ကိုကြီးကလည်း ဆိုင်ကယ်လိုချင်နေတယ်ဆို ၊တကယ်လို့များ ထီပေါက်ခဲ့ရင် မေမေတို့ အဆင်ပြေအောင်လို့ပါ "
မသီတာ ကလေးကို ပွေ့ဖက်ထားရင် မျက်ရည်များ တွေတွေ စီးကျလာ၏။ လိမ်မာသိတတ်သော သားကလေးသည် အဘယ်ကြောင့်များ အသက်မရှည်ခဲ့ရပါသနည်းဟု မချိတင်ကဲ ဖြစ်ရလေ၏။
" မေမေ့သားလေးရယ် "
မသီတာက ကလေးကို တိုး၍ ပွေ့ဖက်ထားလိုက်သည်။
" သီတာ သီတာ ... ဘာဖြစ်တာလဲ ၊ ဘယ့်နှယ် ဖက်လုံးကြီး ပွေ့ဖက်ပြီး ရှိုက်ငိုနေရတာလဲ "
မသီတာအား ခင်ပွန်းဖြစ်သူ ကိုသန်းထွဋ်က လှုပ်နှိုးလေမှ မသီတာ အိပ်မက်မှ နှိုးထလာခြင်း ဖြစ်လေ၏။
မသီတာ နှိုးလာလာခြင်း ...
" ဟင်! ကျွန်မ သားလေးရော အစ်ကို ၊ ကျွန်မ သားလေး ဘယ်ရောက်သွားလဲ "
" သြော် ငါ့မိန်းမ အိပ်မက် မက်နေတာထင်တယ် ။ မင့်သားက အခန်းခွဲအိပ်တာ လေးတန်းကျောင်းသားဘဝကတည်းကလေကွာ ။ သူ့အခန်းမှာ ရှိမပေါ့ "
" အို မဟုတ်ပါဘူး သားကြီးကို ပြောတာမဟုတ်ပါဘူး။ ကျွန်မသား အပွားလေးကို ပြောတာပါ "
ကိုသန်းထွဋ် မျက်နှာ ပျက်သွား၏။ သူ့မိန်းမ မျက်နှာကို အသေအချာ စိုက်ကြည့်၍ ...
" အိပ်မက် မက်နေတာ မိန်းမရဲ့ ။ မင်း ပါးစပ်က ဘာတွေပြောမှန်းတော့ ငါ မသိဘူး။ ဗလုံးဗထွေးနဲ့ ပီပီသသ မရှိဘူးလေ။ ဒါကြောင့် ငါက လှုပ်နှိုးလိုက်တာ ၊ ဘာလဲ မင်းလည်း အပွားလေးကို အိပ်မက်မက်နေတာလား"
ထိုအခါမှ မသီတာက သက်ပြင်းကို မှုတ်ထုတ်လိုက်ရင်း၊
" ကျွန်မဖြင့် အိပ်မက်လို့ကို မထင်ဘူး အစ်ကိုရယ်။ တကယ် အပြင်မှာ တွေ့နေရသလိုပဲ ၊ ဟင် ဒါနဲ့ နေပါအုံး ခုနက ကျွန်မကို အစ်ကိုက မင်းလည်း အိပ်မက်မက်နေတာလားဆိုတော့ ... "
" ဟုတ်တယ် ၊ ငါလည်း ဒီကနေ့မှ ထူးထူးဆန်းဆန်း ငါ့သား အပွားလေးကို သတိရပြီး အိပ်မက် မက်နေတယ် "
" အိပ်မက်ထဲမှာ အပွားလေးကို တွေ့သလားအစ်ကို ၊ သားက အစ်ကို့ကို ဘာတွေ ပြောသွားသေးလဲ "
ဒီတခါ သက်ပြင်း မှုတ်ထုတ်သူက ကိုသန်းထွဋ်။ ဟူးခနဲ သက်ပြင်းချအပြီးမှာ ...
" မင်းလည်း အသိသား။ အပွားလေး သေရတာ ငါ့ကြောင့်လို့ ငါက အမြဲတွေးပြီး စိတ်သောကရောက်ခဲ့ရတာလေ "
မှန်၏။ ကိုသန်းထွဋ်သည် မသီတာက အပွားလေးအား ကိုယ်ဝန်လွယ်ထားရစဉ်က အမှားတခု ကျုးလွန်ခဲ့ဖူးသည်။
မသီတာ ကိုယ်ဝန် ၈လကျော် ၉လနီးပါးခန့် ညတညမှာ၊ ကိုသန်းထွဋ်သည် အပေါင်းအသင်းများနှင့် သောက်စားပြီး အိမ်ကိုပြန်လာ၏။
ရီဝေဝေနှင့် အနည်းငယ် မူးနေသော ကိုသန်းထွဋ်သည် ဇွတ်အတင်း မိန်းမအား ဆိုင်ကယ်နောက်မှတင်၍ အိမ်နှင့် မနီးမဝေးက စတိုးဆိုင်တခုသို့ သွားတိုက်ဆေးဘူးဝယ်ရန် မောင်းလာခဲ့သည်။
မိန်းမက မနက်မှ ဝယ်ပါဟု ပြောသောလည်း မရ။ ဒီည သွားဝယ်မည်ဟု ဆိုကာ ဇွတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဖြစ်ချင်တော့ သူက ဆိုင်ကယ်ကို လီဗာအတင်၊ အိမ်မွေး ခွေးတကောင်က လမ်းကို ဖြတ်အကူးနဲ့ တွေ့ကာ တိုက်မတော့လေ၏။
ခွေးတိုက်တော့ လက်ကိုင်ကို မထိမ်းနိုင်၊ ဆိုင်ကယ်မှာ ပစ္စလက္ခတ် လဲတော့လေ၏။ နောက်က ကိုယ်ဝန်ဆောင်မိခင်မှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျ၏။
အနီးအပါးက လူများက ဝိုင်းကူညီကြသည်။ တော်ပါသေးသည်ဟု ဆိုရမလား လင်မယား ၂ယောက်စလုံး ကြီးကြီးမားမား ဒဏ်ရာ မရခဲ့ကြချေ။ သို့သော် ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူမှာ အလွန်ပင် ထိတ်လန့်သွားခဲ့၏။
မသီတာခမျာ နောက်တနေ့အထိ နေလို့ထိုင်လို့ မကောင်းတော့ချေ။ ထို့ကြောင့် လူကြီးများက လက်ရှိ ကိုယ်ဝန်အားအပ်ထားသော သားဖွားမီးယပ် ဆရာမကြီးထံ ပြကြည့်ရန် အကြံပေးကြ၏။
ဆရာမကြီးက ဓာတ်မှန်ရိုက်ကြည့်ခိုင်း၏ ။ ကိုယ်ဝန်အနေအထားကို စစ်ဆေးကြည့်၏။
သားဖွားမီးယပ်အထူးကု သမားတော်ကြီး ဒေါက်တာ ဒေါ်ခင်ဝင်းရီက ဓာတ်မှန်ကို စစ်ဆေးပြီး မသီတာရော ကိုယ်ဝန် အနေအထားမှာပါ စိုးရိမ်စရာ မရှိသော်လည်း ဒီလိုအချိန်မှာ ဆိုင်ကယ် မစီးသင့်ဟု အကြံပေးလေ၏။
သို့ပေမဲ့ ခြွင်းချက်အနေဖြင့် သန္ဓေသားလောင်းမှာတော့ အနည်းငယ်ထိခိုက်သွားနိုင်၍ ဂရုစိုက်ကြရန် မှာလိုက်လေ၏။
အထူးသဖြင့် ထိတ်လန့်စရာများ နောက်တကြိမ် မဖြစ်စေရန် ပိုမို ဂရုစိုက်စေချင်ပါသည်ဟု ဆရာမကြီးက ဆိုလေ၏။
ထိုထိတ်လန့်စရာ ဆိုင်ကယ်အက်ဆီးဒင့် အဖြစ်အပျက်ကြောင့် မွေးလာသည့် ကလေးငယ် ပွားလေးမှာ၊ မွေးရာပါ နှလုံး၌ အပေါက်၃ပေါက် ပါလာခြင်း ဖြစ်လေမလားဟု ကိုသန်းထွဋ်က သူ့ကိုယ်သူ အမြဲတန်း အပြစ်တင်လေ့ရှိသည်။
လင်မယားနှစ်ယောက်စလုံးသည် သားငယ်လေးအပေါ် ၈၆ရက်သာ ချစ်ခွင့်၊ကြင်နာခွင့်၊ပြုစုခွင့် ရခဲ့ပေမယ့် ယခုထိတိုင် အချစ်လျော့သွားခြင်း မရှိကြသေးချေ။ လွမ်းဆွတ် သတိရနေကြဆဲပင်ဖြစ်၏။
အပွားလေး မွေးနေ့ဖြစ်သော ကြာသာပတေးနေ့တိုင်း သူတို့လင်မယားသည် အပွားလေးအား ရည်စူး၍ ဆွမ်းခံသံဃာတော်များကို နံနက်စောစောထ၍ ဆွမ်းလောင်းလေ့ရှိကြ၏။ ၁၀နှစ်တိုင်ပြီ။ ယနေ့အထိ တရက်မျှ မပျက်ကြသေးချေ။မိုးရွာရွာ နေပူပူ ထိုတရက်တော့ သူတို့ ဝီရိယ အားစိုက်ပြီး ချက်ပြုတ်လှုဒါန်းလေ့ရှိကြသည်။
ကိုသန်းထွဋ်အိပ်မက်၌ မသီတာလိုတော့ ထီမထိုးခိုင်းချေ။
ကိုသန်းထွဋ် အိပ်နေစဥ် သူ့လက်မောင်းပေါ် ခေါင်းမှီလျက် အပွားလေးသည် ပြုံးပြုံးကြီး စိုက်ကြည့်နေသည်ဟုဆို၏။
အပွားလေးက သူ့ဖေဖေအား၊
" ဖေဖေ သားအတွက် စိတ်ဆင်းရဲမနေပါနဲ့တော့ ၊ ဖေဖေ့ကြောင့် ဖြစ်ရတာမဟုတ်ပါဘူး။ သားဘဝနဲ့ သားအကြောင်းက ဒီလိုပဲ ပါလာတော့ သားရဲ့ သီလရှိသလောက်လေးပဲ ဖေဖေမေမေတို့ဆီ သားလာနေခွင့်ရခဲ့တဲ့သဘောပါ။
ဖေဖေ့ကြောင့်ဆိုပြီး ဆယ်နှစ်လုံးလုံး စိတ်ဆင်းရဲနေရတာတွေ မေ့ဖျောက်ပစ်လိုက်ပါတော့နော်။
ဒီတခါ ဖေဖေတို့ဆီ သားလာခွင့်ရရင် ၊ ကျန်းမာပြီး သန်စွမ်းတဲ့ ကလေးအဖြစ် လာခဲ့ပါ့မယ်။ ဖေဖေ ခွင့်ပြုမယ်မဟုတ်လား "
အိပ်မက်ထဲဝယ် ကိုသန်းထွဋ်သည် သားငယ် အပွားလေးကို ခေါင်းငြိမ့်ပြလိုက်သည်ကိုတော့ ကောင်းစွာမှတ်မိနေပါ၏။ သားငယ်ကလည်း ကျေနပ်စွာ သူ၏ နဖူးပြင်ပေါ် မွှေးမွှေးပေး၍ ပျောက်ကွယ်သွားသည်ဟု ဆို၏။
ဆိုရလျင် ၎င်းတို့လင်မယားနှစ်ယောက်စလုံး၏ အိပ်မက်များမှာ သားငယ်အပွားလေး အကြောင်းကိုသာ တိုက်ဆိုင်စွာ မက်ခဲ့ကြခြင်း ဖြစ်သည်။
နောက်တခု ထူးဆန်းသည်က နိမိတ်ပုံများ ဖြစ်လေ၏။
ပထမနိမိတ်ပုံက ထီသည် ကိုမြဦးသည် သူတို့ ရပ်ကွက်ထဲ ထီလှည့်ရောင်းစဥ် သုံးလေးရက်ဆက်တိုက် မသီတာတို့နေအိမ်ရှေ့ ရောက်တိုင်း ရပ်နားလေ့ ရှိခြင်း ဖြစ်သည်။
ခါတိုင်းဆို သူသည် ထိုအိမ်ရှေ့၌ ရပ်၍ မရောင်းချေ။
မသီတာက " မောင်လေးရေ အိမ်ရှေ့မှာ နားပြီး ထီရောင်းမယ်ဆိုရင် ကက်စက်ကို အသံတိုးတိုး ဖွင့်ပေးပါကွယ်။ အစ်မ အဖေက ကျန်းမာရေး မကောင်းလို့ပါ"ဟု ပြောထားသဖြင့် ရပ်နားလေ့မရှိ။
ကိုမြဦးက အရွဲ့တိုက်သည်လည်းမဟုတ်။
မသီတာတို့အိမ်ရှေ့ရောက်လျင် သူ့နားထဲ ကလေးတယောက်က " ခဏနေပါအုံး ထီထိုးချင်လို့ " ဟူသော အသံကို နားစွန်နားဖျား ကြားရပြီး လူကို မတွေ့ရသောကြောင့် ရှာဖွေနေခြင်း ဖြစ်သည်။
၄ရက်မြောက်နေ့တွင်လား သူ မမှတ်မိ။ မသီတာသည် သူ၏ ထီတွန်းလှည်း ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာပြီး ...
" ၈၆နဲ့ စတဲ့ ထီအတွဲလေး မပါဘူးလား မောင်လေး " ဟု မေးလေ၏။
ကိုမြဦးက ချိတ်ဆွဲထားသော ထီလက်မှတ်များထဲမှ ၈၆ အစ ဂဏန်း ရှာဖွေသည့်အခါ ဆယ်စောင်တွဲ တတွဲသာ ကျန်တော့ကြောင်း တွေ့ရ၏။
ထို ကဂ-၈၆၅၈၆၅ မင်္ဂလာစုံတွဲ ထီဆယ်စောင်တွဲကို မသီတာအား ပြလိုက်ရာ ၊
" ဟယ် လိုချင်တဲ့ ဂဏန်းကို ကွက်တိ ရတာပါလား ၊ အစ်မ ဒါလေး ယူလိုက်တော့မယ်နော် မောင်လေး "
မသီတာက သူ့သား ၈၆ရက်နဲ့ ဆုံးပါးသွားသည်ကို အမှတ်ထား၍ ၈၆ အစပါသည့် ထီလက်မှတ်ကို ရလိုခြင်း ဖြစ်၏။ ယခုတော့ သားလေးက ကြာသာပတေးသားဆိုတော့ ၈၆၅ ကွက်တိပင် ဖြစ်နေ၍ ထိုသို့ ပြောလိုက်ခြင်း ဖြစ်မည်။
ထီထိုးပြီး ထူးခြားမှုများ ထပ်ဖြစ်လေ၏။
ကိုသန်းထွဋ် ခရီးထွက်ရာမှ ဝယ်ယူလာသော ငါးချဥ်ထုပ်သည် ရေခဲသေတ္တာထဲ ထည့်ထားသော်လည်း လောက်များ တဖွားဖွား ကျခြင်း၊
နတ်ဆွဲထားသော အုန်းသီးမှ အညွန့်အညှောက် ထွက်ပေါ်လာခြင်း ၊ ပုံမှန် သုံးရက်လောက်သာ ခံသည့် ဘုရားပန်းများသည် ညှိုးနွမ်းမသွားပဲ ရှိခြင်း။
စသည့် နိမိတ်ပုံများ အပြင်၊ သူတို့လင်မယား၌လည်း ကောင်းမွန်သော အကျိုးဆက်များ စတင် ဖြစ်ထွန်းလာ၏။
ကိုသန်းထွဋ်သည် သူ့သားအပွားလေးကို အိပ်မက် မက်ပြီးကတည်းက အရက်သေစာ မသောက်စားတော့ခြင်း ။
မသီတာလည်း ယခုရက်ပိုင်း စိတ်ကြည်လင်ရွှင်ပြနေခြင်း။
နာတာရှည် ရောဂါသည် ဖြစ်သော မသီတာ၏ ဖခင် ဦးပေါကြည်လည်း အထူးပင် သက်သာကောင်းမွန်လာခြင်း
ထိုကဲ့သို့ နိမိတ်ပုံများ ဆက်တိုက် ထူးခြားစွာ ပြသပြီးနောက် ၊ သြဂုတ်လ ၁ရက်နေ့တွင် ၎င်းတို့ထံ ထီပေါက်သည့် မင်္ဂလာသတင်းကောင်း ဝင်လာခြင်းပင် ဖြစ်လေ၏။
________
အခန်း၃။
မသီတာသည် ပေးထားသည့် ကတိအတိုင်း အိမ်နီးချင်းများကို ၎င်းတို့ လင်မယား ဘုရားဖူးထွက်သည့်အခါ စရိတ်ငြိမ်း ခေါ်ဆောင်သွားခဲ့သည်။
ဘုရားဖူး ခရီးထွက်မည့်စနေနေ့ ညမတိုင်မှီ သောကြာနေ့ည၌ မသီတာသည် အိပ်မက် တခု မြင်မက်ပြန်၏။
" အမေ ... အမေတို့ ဘုရားဖူး ထွက်ရင် သားကို ခေါ်ပါအုံးနော် "
ဟု သားငယ် အပွားလေးက ပူဆာခြင်း ဖြစ်သည်။ ခရီးထွက်မည့် ညနေ၌ မသီတာသည် သားငယ် အပွားလေး၏ တလသားအရွယ် က ဓာတ်ပုံလေးကို မှတ်မှတ်ရရ ယူတဲ့ပြီး ၊
" သားက မေမေနဲ့ အတူ ရှေ့ခန်းမှာ လာထိုင်နော် သား၊ မေမေတို့ ကားအတူတူ စီးကြရအောင် "
ဟု ပြောကာ သားငယ်၏ ဓာတ်ပုံလေးကို သူမ၏ လက်ကိုင်အိတ်ထဲ ထည့်ကာ ခေါ်သည့်ဟန် ပြုခဲ့လေ၏။
စနေနေ့ ညနေပိုင်း၌ ဘုရားဖူးသွားလျင် ထုံးစံအတိုင်း ကားပေါ်လိုက်မည့် လူစာရင်း လစစ်ကြလေ၏။မြန်မာတို့၏ စိတ်အစွဲ၌ ၉ယောက် ခရီး မထွက်စကောင်းဟု အယူစွဲရှိကြလေ၏။။
အရှေ့ဘက်အိမ်က အသက်၅၀ခန့်အရွယ်ရှိ ဒေါ်ချိုပြုံးနှင့် သူ့ညီမ မြင့်မြင့်ဝင်း၊ မသီတာ၏ ညီမဝမ်းကွဲတော်စပ်သူ မလဲ့၊ ကိုသန်းထွဋ်၏ မိတ်ဆွေ လူသူတော် ကိုတင်မြင့်၊ တရပ်ကွက်တည်းနေသူများဖြစ်တဲ့ ဒေါ်သန်းသန်း၊ ဒေါ်ကြင် ၊ သန္တာဦး ၊ သေးသေး။ ပေါင်း ၈ယောက် ဖြစ်၏။
သူတို့လင်မယားရောဆို ဆယ်ယောက် ဖြစ်လေ၏။ ဒါပေမဲ့ မသီတာက လူရေတွက်တဲ့အခါမှာ ၁၁ယောက်ဟု ရေတွက်လေ၏။ ဘာကြောင့်လဲဆိုတော့ သူတို့သားလေး အပွားပါ ပါလာသည်ဟု မှတ်ယူထားသောကြောင့် ဖြစ်၏။
လိုက်ထရပ်ကားပေါ်တွင် အဝတ်အစားအိတ်များ၊ စားအိုးစားခွက်များ၊ ၂ရက်၃ရက် အထားခံ အကြော်လှော်များ၊ အချဥ်ပေါင်း၊ ဖျော်ရည်၊ ကော်ဖီ စုံလင်လှလေ၏။
သို့သော် ... နောက်ခန်းက ကျယ်ပြောသည်ဖြစ်ရာ ၊ လိုက်ပါသူ ရှစ်ယောက်အတွက် ချောင်ချောင်ချိချိပင်။ အဝတ်အစားအိတ်များကို ကား၏ခေါင်မိုး ကြက်ခြံဟုခေါ်သော် အမိုးကိုင်းပေါ် တင်ထားသောကြောင့် နောက်ခန်းသည် မကြပ်ပေ။
ဘုရားဖူး မထွက်မီ ၃ရက်ခန့်အလိုကတည်းက ကိုသန်းထွဋ်သည် သူ၏ လိုက်ထရပ်ကား၏ ကြံခိုင်မှုကို စစ်ဆေးထားပြီး ဖြစ်သည်။
ကားတာယာလေးလုံးမှာလည်း အသစ်ဖြစ်၍ ဘီးပေါက်သည့် ဒုက္ခကို ပူစရာမလိုတော့ချေ။ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ဘရီတ်ဆီ၊ပါဝါဆီ အကုန်စစ်ဆေးပြီး လဲသင့်တာလဲ၊ ဖြည့်သင့်တာ ဖြည့်၏။
ကားရှေ့မီးကြီးအပြင် အပိုဆောင်း နှင်းကွဲမီးတလုံးလည်း ထပ်မံ တပ်ဆင်ထားလေ၏။ ဝါယာရိမ်းပိုင်းကိုလည်း ဆိုင်မှာ စိတ်တိုင်းကျ စစ်ဆေးပြီး ဖြစ်သည်။ သို့အတွက်ကြောင့် ကားနှင့်ပတ်သက်၍ ပူစရာမလိုတော့ချေ။
သူတို့ ဘုရားဖူးကားသည် ညနေ ၆နာရီခန့်တွင် မန္တလေးမြို့မှ စတင် ထွက်လာခဲ့တော့လေ၏။
________
အခန်း၄။
မိတ္ထီလာ တိုးဂိတ်ကို ရောက်တော့ ည ၈နာရီ၄၀မိနစ် ရှိပြီ ဖြစ်သည်။
မိုင်တိုင်အမှတ် ၂၈၅ ၊တိုးဂိတ်ကို ဖြတ်ပြီး၊ ယာဥ်ရပ်နားစခန်းသို့ ဝင်၏။ ကားပေါ်ပါလာသူများက စားသောက်ဆိုင်များထဲ ဝင်ကြသည်။
အပူအအေး သောက်ကြသည်။ အပေါ့အပါးသွားကြသည်။ ခါးညောင်းလက်ဆန့်ဖြင့် အကြောအချဥ်များ ပြေလျော့သွားအောင် လမ်းလျှောက်ကြသည်။
ကားနောက်ခန်းက စီးလာသူတွေက အချင်းချင်း တဟေးဟေးတဟားဟားနဲ့ စကားတွေကို အော်ကြီးဟစ်ကျယ်တွေ ပြောနေကြသည်။
ကိုသန်းထွဋ်က ယာဥ်ရပ်နားစခန်း အထွက်ပေါက်က၊ ဆီဆိုင်မှာ ဆီဖြည့်သည်။ ရေတိုင်ကီထဲ ရေဖြည့်သည်။
ဒီလိုနဲ့ နာရီဝက်နီးပါးလောက် ကြာသွား၏။ သူတို့ မိတ္ထီလာ ယာဥ်ရပ်နားစခန်းက ပြန်ထွက်တော့ ည ၉နာရီ ၂၀မိနစ် ရှိပြီ ဖြစ်၏။
ဘုရားဖူး လိုက်ထရပ်ယာဥ်လေးက အမြန်လမ်းမပေါ်တွင် သတ်မှတ် မိုင်နှုန်းအတိုင်း ဖြည်းဖြည်း မှန်မှန် မောင်းနှင်လာ၏။
မန္တလေးမှ ရန်ကုန်သို့ သွားရာ၌ မိုင်တိုင်အမှတ်သည် တဖြည်းဖြည်း လျော့လာသည်ဖြစ်ရာ ၊ မိုင်တိုင်အမှတ် ၂၁၀ သို့ ရောက်သည့်အခါ ည၁၁နာရီ ထိုးလုပြီ ဖြစ်၏။
အသက် ၄၅နှစ်ရှိပြီ ဖြစ်သော ကိုသန်းထွဋ်သည် ကားကို အာရုံစိုက် မောင်းနှင်နေရသည်ဖြစ်ရာ မျက်လုံးများက ဖန်စပ်လာ၏။
တချက်တချက် အိပ်ငိုက်ချင်လာသည်။
" အစ်ကို ... အိပ်ချင်ရင် ပြောနော် ၊ ဇွတ်အတင်း ပေမမောင်းနဲ့။ အန္တရာယ်များတယ်။ လမ်းဘေးတနေရာ ထိုးပြီး ၊ တရေးလောက် အိပ်လိုက် "
မသီတာက သူ့ယောက်ကျား အိပ်ချင်နေမည်စိုး၍ အကြံပေးလိုက်သည်။
" အင်း ... တချက်တချက် လူက ငိုက်ချင်သလိုပဲ ၊ ကော်ဖီလေးတခွက်လောက် သောက်လိုက်ရင်တော့ အိပ်ချင် ပြေသွားမှာပါ "
" ဟယ် ... ကျွန်မ ကော်ဖီဓာတ်ဘူးပါတဲ့ ဆွဲခြင်းကို အနောက်ခန်းမှာ ထားလိုက်မိတယ် ။ ရှေ့နားကျ ရပ်လိုက်အစ်ကို ၊ ကျွန်မ ဆင်းယူလိုက်မယ် "
ကိုသန်းထွဋ်လည်း သူ့ဇနီး ပြောသည့်အတိုင်း လမ်းနံဘေး မြေသားညီညာသည့် နေရာအရောက်တွင် ကားကို လမ်းနံဘေး ချရပ်လိုက်သည်။
သူတို့ ကားရပ်သည့်နေရာနှင့် ခပ်လှမ်းလှမ်းတွင် တဲအိမ်အချို့မှ မီးရောင်ကို မြင်နေရ၏။
ထို့ကြောင့်လည်း ကိုသန်းထွဋ်က ကားကို ရပ်လိုက်ခြင်း ဖြစ်သည်။ လူပြတ်သည့်နေရာတွင် မရပ်လိုပေ။
မသီတာက ကားအနောက်ခန်းဘက်က ဆွဲခြင်းကို ထုတ်ယူနေချိန် ၊ အပျိုကြီး မချိုပြုံးက တစခန်းထလာ၏။
" ဟဲ့ သီတာ၊ ငါ ဗိုက်နာတာအေ၊ ဒီနား အလေးစွန့်လို့ ရမလား "
" ဟာ မမကြီးကလည်း ဒီနားတော့ မလုပ်ပါနဲ့ ၊ နေပြည်တော် တိုးဂိတ်ရောက်မှ တွိုင်းလက်(ရေအိမ်) ရှာပြီး အတူတူ သွားကြမယ်လေ "
မချိုပြုံးကို သူတို့က မမကြီးဟုသာ ခေါ်ကြသည်။
မချိုပြုံးက မအီမလည် မျက်နှာဖြင့် ...
" ညီမရယ် ... ငါ မရတော့ဘူးအေ့ ၊ မိတ္ထီလာတုန်းက ငါ ငတ်ကြီးကျပြီး မုန့်ဟင်းခါး ၂ပွဲတောင် စားလာတာ ၊ အဲ့ဒါ အခု ..."
မသီတာ သဘောပေါက်သွားပြီ။ ထို့ကြောင့် မချိုပြုံးတို့ ညီအစ်မကို လက်နှိပ်ဓာတ်မီးပေး၍ ခြုံတိုးခိုင်းရလေတော့၏။
မသီတာလည်း ကိုသန်းထွဋ်အတွက် ကော်ဖီငှဲ့ပေးကာ ၊ ဆွဲခြင်းထဲက ကြက်သွန်ဖြူ ပုစွန်ခြောက်တို့ဖြင့် နှပ်ထားသော လ္ဘက်ကို စားနေလိုက်သည်။
လ္ဘက်နှပ်နံ့လေးက မွှေးနေတော့ ကော်ဖီသောက်ပြီးသည့် ကိုသန်းထွဋ်ကပါ ယူစားသည်။
တအောင့်ခန့်အကြာ အလေးစွန့်လာသော မချိုပြုံး ပြန်ရောက်လာပြီး ၊
" ဟီး ... အခုမှပဲ ဗိုက်ထဲ ပေါ့သွားတော့တယ် ၊ နေသာထိုင်သာကို ရှိသွားတာပဲဟေ့"
ကားပေါ်ပါလာသူများက ဝဝတုတ်တုတ် မချိုပြုံးကို ကြည့်၍ ရယ်ကြသည်။
ဒေါ်သန်းသန်းက မကြာခဏ ဗိုက်ဆာတတ်သူမို့ ၊ မိတ္ထီလာက ဝယ်လာသော ကြက်ဥပလာတာကို အပီအပြင် ဆွဲနေ၏။
ဒါကို မချိုပြုံးက မြင်တော့ ဗိုက်က ဆာသလိုလို ဖြစ်လာပြန်သည်။
လ္ဘက်နှပ်စားနေကြသော မသီတာတို့ လင်မယားကို ကြည့်၍ ၊
" ညည်းတို့လည်း နားတုန်း ၊ ငါ မန္တလေးက ယူလာတဲ့ ပေါက်ဆီလေး စားအုံးမယ်အေ ၊ ကော်ဖီ ပိုသေးရင် တခွက်လောက် ပေးအုံး "
ခရီးထွက်လျင် ဤသို့ပင် တယောက်တပေါက်။ စားတဲ့သူကစား၊ နားတဲ့သူက နား၊ အိပ်တဲ့သူက အိပ်ပေါ့။
အခုလည်း ကားခဏရပ်သည်နှင့် ကားပေါ်ပါလာသူများက ကိုယ်စီ ကိုယ်စီ ယူလာကြသော ရိက္ခာများကို အထုပ်ဖြည်၍ စားတတ်ကြလေ၏။
ကားမောင်းသည့် ကိုသန်းထွဋ်က မချိုပြုံးကို သဘောကျစွာ ...
" ရှိပါသေးတယ်ဗျာ ၊ ယူသောက်ပါ ။ ဒါမှ မဝသေးရင် နေပြည်တော် ယာဥ်ရပ်နားစခန်းကျရင် မမကြီး အကြိုက် ရှမ်းခေါက်ဆွဲ ဝယ်ကျွေးပါအုံးမယ်ဗျာ ဟားဟားဟား "
သို့ဖြင့် မကြာခဏ ဆာတတ်သော ဒေါ်သန်းသန်း ၊ ဘာစားစား မဝနိုင်သော မချိုပြုံး ၊ သူများစားတာမြင်ရင် ပါးစပ်လေး လှုပ်လိုက်ရမှ ကျေနပ်သည့် ဒေါ်ကြင်တို့ သုံးဦးသားသည် အစားအစာမျိုးစုံကို ထုတ်၍ အားပါးတရ စားကြပြန်လေ၏။
ညဥ့်လေအေးအေးက အမြန်လမ်းမလွင်ပြင်ကျယ်ကြီးကို ဖြတ်သန်း၍ တသုန်သုန် ဖြူးနေတော့သည်။
ကားဘော်ဒီလိုက်ကို ဖွင့်၍ ကားပေါ်ပါလာသူများသည် ချိုင့်ကိုယ်စီဖွင့်ကာ ဝမ်းအပူမီးကို အစာစားခြင်းဖြင့် ငြိမ်းသတ်ကြလေ၏။ သမုဒ္ဒရာ ဝမ်းတထွာမို့သာတော်တော့သည်။
ထိုအထဲတွင် ဘုန်းကြီးလူထွက် ၊ လူသူတော် ဦးတင်မြင့်ကတော့ ဘာမှ မစားချေ။
ကားပေါ်ကဆင်း၍ အညောင်းအညာပြေစေရန် လမ်းလျှောက်နေ၏။
အစားအသောက်များမှာ စတီးချိုင့်ဖြင့် ထည့်လာသည်လည်းပါ၏။ ပလပ်စတစ်အိတ်ဖြင့် ထုပ်လာသည်လည်း ပါလေသည်။
စားသောက်ပြီးကြသည့်အခါ စားကျွင်းစားကျန်များကို ပလပ်စတစ်အိတ်ထဲ စုထည့်ပြီး လမ်းဘေးသို့ ပစ်ကြသည်။
ကားဆရာကိုသန်းထွဋ်က ...
" ကဲ ကျွန်တော်လည်း အိပ်ချင်ပြေပြီ။ ခင်များတို့ နောက်ကလူတွေလည်း စားသောက်လို့ ဝရင် ခရီးဆက်ကြရအောင် "
မသီတာက ဝင်ပြောပြန်သည်။
" ဒီတခါ ၃၉မိုင် လမ်းခွဲအထိ တခါတည်း ဆက်တိုက်မောင်းမှာဆိုတော့ အပေါ့အပါးလေး တခါတည်းသွားထားကြနော် "
မသီတာရဲ့ သတိပေးစကားကြောင့် အပျိုမ ၃ယောက်ဖြစ်တဲ့ မလဲ့၊ သန္တာ၊ သေးသေးတို့က လမ်းဘေး မှောင်ရိပ်ကျရာ ခြုံတောဘက်ဆီ အပေါ့စွန့်ရန် ထွက်သွားကြသည်။
ဤသည်ကို ဦးတင်မြင့်က မြင်၍ ...
" ကောင်မလေးတွေ သိပ်ဝေးဝေး မသွားကြနဲ့နော် ၊ ဓာတ်မီးနဲ့ အောက်ကို အသေအချာ ကြည့်ကြအုံး "
ဟူ၍ သတိပေးလေသည်။
ကျန်လူကြီးများကတော့ ကားနှင့် မနီးမဝေးမှာပဲ အပေါ့စွန့်ကြသည်။
မကြာမီ ဘုရားဖူးကားသည် ကားပေါ် လူစုံသည်နှင့် ခရီးကို ဆက်လက် ထွက်ခွာခဲ့လေတော့၏။
ကော်ဖီသောက်၊ လက်ဘက်နှပ် စားထားသော ကိုသန်းထွဋ်လည်း အိပ်ချင်စိတ် ပျယ်သွားပြီမို့ ကားကို ခပ်သွက်သွက်လေး မောင်းနှင်လေတော့သည်။
________
အခန်း၅။
ကားထွက်လာပြီး မိနစ်နှစ်ဆယ်လောက်ပဲ ရှိသေးသည်။ ကားနောက်ခန်းက ဆူဆူညံညံအသံတွေ ထွက်ပေါ်လာ၍ ကိုသန်းထွဋ်သည် ကားကို ရပ်တန့်ရပြန်၏။
လင်မယားနှစ်ယောက်စလုံး နောက်ဆင်းကြည့်တော့ ၊ သေးသေးဆိုသော အသက်၂၃နှစ်အရွယ် အပျိုမသည် မူမမှန်ဘဲ ရှိနေသည်ကို မြင်တွေ့လိုက်ကြသည်။
ဘွင်းဘွင်းဆိုရသော် သေးသေး၌ တစ္ဆေပူးကပ်နေခြင်း ဖြစ်သည်။ တဟင်းဟင်းနဲ့ လက်သီးကို ကျစ်ကျစ်ဆုပ်လျက် ခြေဆင်းထိုင်ကာ ပါးစပ်က တခုခုကို ပြောလိုဟန်တူသည်။
" ဟဲ့သေးသေး သတိထားလေဟယ် ။ ဘာဖြစ်တာလဲ "
မချိုပြုံးက သေးသေးကိုယ်အား လှုပ်၍ မေးသည်။ သေးသေးက မူမမှန်သော မျက်လုံးဖြင့် မချိုပြုံးကို ကြည့်ကာ၊
" ဘာ သေးသေးလဲ ၊ ငါ သေးသေးမဟုတ်ဘူး ဟီးဟီး"
မချိုပြုံး အံသြထိတ်လန့်သွားသည်။
" ဟင် "
ဘေးနားက ဒေါ်ကြင်က...
" ဟာ ... ကောင်မလေး မိုက်ရိုင်းလိုက်တာ "
သေးသေးက အသက်အားဖြင့် ၂၃ / ၂၄ ။ မချိုပြုံးက သူ့အဒေါ်အရွယ် အသက်၅၀ကျော်။ ထို့ကြောင့် ဒေါ်ကြင်က ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
ကိုတင်မြင့်က လောကီရေးရာတွေ တတ်ပွန်သူမို့ သေးသေးကိုယ်၌ တစ္ဆေပူးကပ်နေကြောင်း ရိပ်စားမိကာ၊
" ခုပြောနေတာ သေးသေး မဟုတ်ဘူး ။ သေးသေးကိုယ်ထဲ ဝင်ပူးနေတဲ့ ပရလောကသားက ပြောနေတာဗျ ၊ ဖယ် ဖယ် ကျုပ် မေးစမ်းမယ် "
ကိုတင်မြင့်က ထိုသို့ပြောပြီး၊ သေးသေးအနီးတိုးကပ်သွားကာ
"ဟဲ့ နင် ဘယ်သူလဲ၊
ဘာလို့ ငါ့တူမ သေးသေးကိုယ်ထဲ ဝင်ပြီး နှောက်ယှက်နေတာလဲ "
ကိုတင်မြင့်မှ ထိုသို့ မေးမြန်းတုန်းရှိသေး ... နောက်တယောက်ကပါ တစခန်း ထလာ၏။ သန္တာဖြစ်လေ၏။
သန္တာဆိုသည့်ကောင်မလေးက တအီးအီးတအင်းအင်းနဲ့ ခေါင်းကို ငိုက်စိုက်ချကာ ငိုရှိုက်ခြင်းပင် ဖြစ်လေ၏။
သန္တာကတမျိုး ၊ သေးသေးလို ရန်လိုဟန်မရှိ။ ဆာလောင်လွန်း၍ တောင်းခံနေ၏။
" ဟီးအီးအီး ဆာလိုက်တာ၊ ဆာလိုက်တာ ၊ ငါ့ကို တခုခု ကျွေးကြစမ်းပါ "
" ဟင် ခုနကမှ စားထားတာမဟုတ်လား "
ထိုအခါ ဒေါသကြီးနေသော သေးသေးက အသံအောအောကြီးနှင့် ဝင်ပြောလေ၏။
" အဲ့တာ နင်တို့စားကြတာလေ ၊ ငါတို့ကို ဘာများ ချကျွေးလို့တုန်း "
သေးသေးအသံက သူမ၏ မူလအသံမဟုတ်။ ယောက်ကျားသံအောအောကြီးဆိုတော့ ဘေးနားက လူတွေ ထိတ်လန့်ကြောက်ရွံကုန်ကြသည်။
မကြာပါဘူး။ ကားပေါ်ကနေ မချိုပြုံးတို့ညီအစ်မရယ် ၊ ဒေါ်ကြင်တို့ ဝရုန်းသုန်းကား ဆင်းပြေးကြသည်။
ကားပေါ်မှာ အခုဆိုရင် ဦးတင်မြင့်နှင့် တစ္ဆေပူးကပ်နေကြသော သေးသေးရယ် သန္တာရယ် ၊ ဒူးပေါ်လက်နှစ်ပိုက်ထားပြီး ခေါင်းမှောက်တင် အိပ်နေတဲ့ မလဲ့ရယ်ပဲ ကျန်ခဲ့တော့၏။
အိပ်နေတဲ့ မလဲရဲ့ဆံပင်တွေက ဖို့ယို့ဖါးယား။ အခုဆို မလဲ့လည်း ခေါင်းထောင်ထလာပြီ။ မလဲ့ထံမှ မပီမသနိုင်လှသော စကားလုံးများ ထွက်ပေါ်နေပါ၏။ အသံမှာ မလဲ့၏ အသံမဟုတ်။ ခပ်ဝဲဝဲလေသံ ဖြစ်သည်။
ဦးတင်မြင့်သည် ထိုသုံးယောက်နှင့် အနည်းငယ်လှမ်းသွားအောင် နောက်ဆုတ်ပေးလိုက်ပြီး ...
" နင်တို့ ဘာလိုချင်လို့ အခုလို နှောက်ယှက်နေကြတာလဲ "
" ဟားဟားဟား ... ဟီးဟီး ...
ဟဲ့အကောင် နင်က ဘာလဲ ။ ဆရာယောင်ယောင် ဘာယောင်ယောင် လာမလုပ်နဲ့။ နင့်ပါ အသေသတ်ပစ်လိုက်မယ် "
ဒီတခါ ရယ်သံနှင့်အတူ အသံက ပို၍ ကျယ်၏။သေးသေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဦးတင်မြင့်သည် သူ့ ဘေးအိတ်ထဲက စိပ်နေကျ စိပ်ပုတီးကို ယူ၍ ထိုသုံးယောက်ဘက်ကို ထောင်ပြကာ ...
" နင်တို့ကို မေတ္တာနဲ့ မေးလို့မရရင်တော့ ... ဒီမှာ မြင်လား သူတော်စင် သူတော်မြတ်တို့ရဲ့ သိမ်ဝင်စိပ်ပုတီး ၊ ခေါင်းကနေ စွပ်ချလိုက်မယ်။ ငါ့ကို ဘာမှတ်လဲ "
ထိုအခါ သေးသေးသည် အသံတိမ်ဝင်သွားပြီး ခုနလို ဒေါသသံနဲ့မဟုတ်တော့ဘဲ၊ သနားစဖွယ်အမူအယာဖြင့်
" အောင်မယ်လေး မလုပ်ပါနဲ့ ဆရာရယ် ၊ ကျွန်တော်တို့ ကြောက်လွန်းလို့ပါ " ဟု ပြောပြီး ခေါင်းကို ငုံ့ချပစ်လိုက်၏။
ဦးတင်မြင့်လည်း စိတ်အားတက်သွားပြီး ၊
" ဒါဆိုရင် နင်တို့ ဘာလိုချင်လဲ ၊ ငါ့ကို ပြော။ကုသိုလ် အမျှအတန်း ရချင်လို့ လုပ်တာလား ၊ အစား စားချင်လို့ လုပ်တာလား ၊ နင်တို့ လိုရာ ငါ ဖြည့်ဆည်းပေးခဲ့မယ်။ ငါတို့ကို အေးအေးချမ်းချမ်း သွားခွင့်ပြုပါ ။ မဟုတ်လို့ကတော့ ... ဒီသိမ်ဝင်ပုတီးနဲ့ နင်တို့ကို ရိုက်ပစ်မယ် "
" ခစ် "
ရယ်သံက ခေါင်းကို ငုံ့လျိုးထားသော သေးသေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သေးသေးသည် တဖြည်းဖြည်း ခေါင်းကို မော့လာပြီး ...
"ဟင်းဟင်း ဟဲ့အကောင် ... ငါက နင့်ကို ကြောက်မယ် ထင်နေတာလား ။ ငါ ကြောက်ရင် နင် ဒီလို ဖြဲချောက်မယ်မှန်း ငါ အသိသား ၊ လုပ်ကြည့်လေ နင့် သိမ်ဝင်ပုတီး ဘယ်လောက်စွမ်းလဲ ဆိုတာ ကြည့်တာပေါ့"
ဦးတင်မြင့် အံဩသွားသည်။ သို့ဖြင့် ဦးတင်မြင့်သည် ဒီသရဲမကို ဘုရားစာရွတ်ပြီး နှင်လေမှဟု အကြံရသဖြင့် ပရိတ်ကြီး ၁၁သုတ်ကို အသံကျယ်ကျယ် ဖြင့်ရွတ်ဖတ်လေတော့၏။
ကားအောက်ရောက်နေကြသော မချိုပြုံးတို့ ဒေါ်ကြင်တို့ မြင့်မြင့်ဝင်းတို့လည်း ကားဘေးနားကနေ သူတို့ ရသမျှကို ရွတ်ဖတ်ပေးကြသည်။
တစ္ဆေပူးနေသော သူတို့သည် ပရိတ် စရွတ်ပြီ ဆိုကတည်းက မူပျက်သွားကြသည်။
ခေါင်းတလှုပ်လှုပ် ကိုယ်တခါခါ ဖြစ်ကုန်ကြ၏။
" မရွတ်နဲ့ ... အဲ့ဒါတွေ မရွတ်ကြနဲ့ ... "
အသံကြီးက ကားနံဘေး တုန်ဟီးသွားသည်။ တဆက်တည်း သေးသေးသည် ဆတ်ခနဲ ခုန်ထကာ ဦးတင်မြင့်လည်ပင်းအား အတင်းညှစ်လေတော့သည်။
" အ .. အ .. လုပ်ကြပါအုံး "
ဦးတင်မြင့်ခမျာ ပရိတ် ဆက်မရွတ်နိုင်။ သူ့လည်ပင်းကို ဖျစ်ညှစ်နေသော သေးသေး၏ လက်နှစ်ဖက်ကို အတင်းဖယ်ရှားနေရလေ၏။
ထိုအခါ ဦးသန်းထွဋ်သည် မနေသာတော့ပဲ၊ ဦးတင်မြင့်ကို လည်ပင်းညှစ်နေသည့် သေးသေးအား ဝင်ဆွဲရလေ၏။
လိုက်ထရပ်ကား၏ နောက်ခန်းတွင် ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ ဘေးက မိန်းမကြီးများကလည်း မလုပ်ပါနဲ့အော်ဟစ်တားမြစ်ကြ၏။
သေးသေးလက်မှ လွတ်သည့်အခါ ဦးတင်မြင့်မှာ
" အဟွတ် ဟွတ် ဟွတ် "
ချောင်းတဟွတ်ဟွတ်ဆိုးရင်း မောနေရှာ၏။ ကားပေါ်က သန္တာနှင့် မလဲ့မှာလည်း သောင်းကျန်းကုန်၏။ ကားအမိုးကိုင်း သံတိုင်ကို သူတို့ခေါင်းတွေနဲ့ တဒုန်းဒုန်း တိုက်နေကြသည်။ နာကျင်ဟန်လည်းမတူ။
သို့သော်လည်း ကြာလာလျင် သွေးထွက်သံယို ဖြစ်လာလိမ့်မည် ဖြစ်သည်။ မချိုပြုံးနဲ့ ဒေါ်ကြင်က ထိုနှစ်ယောက်ကို မလုပ်ကြရန် ဝင်ဆွဲသော်လည်း မနိုင်ပေ။ ကောင်မလေးနှစ်ယောက်မှာ အလွန် သန်ကြလေ၏။ အဆွဲမခံကြ။ ထိုနှစ်ယောက်ကို တွန်းလွှတ်ကြသည်။
ကားပေါ်ပါလာသူတို့မှာ တစ္ဆေအပူးခံရသူတို့ကို ဘယ်လို ကူညီရမှန်း မသိတော့ချေ။
ဤသို့ဆိုလျင် တစ္ဆေအပူးခံသည့် ကောင်မလေး ၃ယောက်၏ ကံကြမ္မာမှာ တွေးဝန့်စရာပင် မရှိတော့ချေ။
သို့သော် ထိုသို့ ဖြစ်နေစဥ် သူတို့ ကားအနီးသို့ သာသနာအလံထောင်ထားသော အဖြူရောင် ကားတစ်စီး ထိုးဆိုက်လာ၏။
လှမ်းကြည့်လိုက်တော့ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ မန္တလေးမြို့ ဟု ကားမှန်တွင် စတစ်ကာကပ်ထားသည်ကို တွေ့လိုက်ကြရသည်။
ကားပေါ်မှ ကားဒရိုင်ဘာနှင့်အတူ ဘုန်းကြီးတပါးနှင့်ဦးဇင်းတပါး ဆင်းလာကြသည်။
ဘာဖြစ်တာလဲ ၊ ဘာ ကူညီရမလဲ ဒကာကြီးဟု မေး၏။ အကျိုးအကြောင်း လျှောက်ထားသည့်အခါ ၊ ဆရာတော်က ဦးဇင်းအား ကားထဲမှ ပရိတ်ရေ ယူခဲ့ရန် မှာလိုက်ပြီး လိုက်ထရပ်ကားအနီး သွား၍ ကြည့်သည်။
ဆရာတော်က အခြေအနေကို သုံးသပ်မိသည့်အခါ ၊
ဦးဇင်း ကမ်းပေးသော ပရိတ်ရေဖြင့် တစ္ဆေပူးကပ်နေသူကိုယ်ပေါ် ဖျန်းပက်ပေး၏။ ဆရာတော်၏ ပါးစပ်က တိုးဖွဖွဖြင့် ဂါထာတပုတ်ကိုလည်း ရွတ်ဖတ်နေသည်ကို သတိထားမိကြလေသည်။
ထိုအခါ သန္တာနှင့် မလဲ့မှာ အရင် လဲကျသွားပြီး ငြိမ်သက်သွား၏။
ဒေါသကြီးသော သေးသေးမှာ ဆရာတော်အား အယုနတ္တနိုင်လှသော အဆဲများဖြင့် ရင့်ရင့်သီးသီး ဆဲရေးနေဆဲ ဖြစ်သည်။
ဆရာတော်သည် အပြုံးမပျက် ၊ သူ့လက်က စိပ်ပုတီးဖြင့် သေးသေး၏ ခေါင်းပေါ်ကနေ စွပ်ချလိုက်သည်။
သေးသေးသည် ထိုအခါမှ အဆဲရပ်သွားပြီး ၊
" အံမယ်လေး ပူလိုက်တာ ပူလိုက်တာ ကြောက်ပါပြီ ကြောက်ပါပြီ ငါ့ကို လွှတ်ပေးပါတော့ ၊ ငါ့လည်ပင်းက စိပ်ပုတီးကို ချွတ်ပေးပါတော့ "
ဟု ထပ်ကာ ထပ်ကာ အော်ဟစ်နေတော့သည်။ သူမကိုယ်ကိုယ်လည်း တဖုန်းဖုန်းနဲ့ ထုရိုက်နေလေ၏။
ဆရာတော်က ...
" နင်က ဘယ်သူလဲ ၊ ဘာလို့ ဒီဒကာမလေးကို ဒုက္ခပေးနေတာလဲ "
" အံမယ်လေး ပြောပါ့မယ် ဘုန်းကြီးရဲ့ ၊ ကျုပ် လည်ပင်းက စိပ်ပုတီးကိုသာ အမြန်ဖြုတ်ပေးပါတော့ ၊ ကျုပ်တကိုယ်လုံး မီးတောက်တော့မယ်ဗျ ၊ အမြန် ချွတ်ပေးစမ်းပါ "
ဆရာတော်က အေးအေးလူလူပင် စိပ်ပုတီးကို ချွတ်ယူလိုက်ပြီး ၊ လက်မှ ပြန်ပတ်ထား၏။
" ကျုပ်တို့က သူတို့ ကားရပ်နားပြီး ထမင်းစားကြတဲ့နားက ထိန်ပင်မှာ အမှီသဟဲ ပြုပြီး နေကြတဲ့ တစ္ဆေတွေပါ ။ သုတို့ဆီက ထမင်းဟင်းနံ့တွေ ရပြီး ဆာလောင်လွန်းလို့ သူတို့နောက်ဘယ်လို လိုက်ရမလဲ ကြံနေတုန်း ဒီမိန်းခလေး ၃ ယောက်က ကျုပ်တို့ရှိတဲ့ အပင်အောက်မှာ အပေါ့လာစွန့်ကြပါတယ်။ အဲ့ဒီမှာ သူတို့သုံးယောက်နောက်ကနေလိုက်လာပြီး ပူးကပ်မိပါတယ်။
အခု ပြန်ထွက်ပေးပါတော့မယ် "
အဲ့ဒီမှာ ဦးတင်မြင့်က ဆရာတော်ကို ဝင်လျှောက်၏။
" သူတို့ လိမ်နေတာပါဘုရား၊ တပည့်တော်က သူတို့ကို အစာလိုသလား ကုသိုလ်အမျှ လိုချင်သလား မေးပါတယ်။ ဒါကို မဖြေပဲ ကားပေါ်က မိန်းကလေး၃ယောက်ကို အသက်သေသည်အထိ လုပ်ကြံကြပါတယ်။ မယုံရင် ကလေးမလေးတွေရဲ့ နဖူးကိုကြည့်ပါ ဘုရား ။ သံတိုင်နဲ့ ဆောင့်ထားတဲ့ ဒဏ်ရာတွေ ရှိပါတယ်ဘုရား "
ဆရာတော်က တစ္ဆေပူးကပ်နေဆဲ ဖြစ်သော သေးသေးကို လှမ်းကြည့်သည်။ တစ္ဆေသည် လိမ်ဝန့်ဟန်မတူ။
" မှန်ပါတယ် ၊ ကျုပ်တို့ မိုက်မိပါတယ်။ အဲ့ဒီသုံးယောက်နဲ့ လူစားလဲချင်လို့ ကြံမိတာပါ"
မချိုပြုံးတို့ ဒေါ်ကြင်တို့ ဘုရားတကုန်ကြသည်။ အသေလုပ်တာဆိုတာ သိသာထင်ရှားလေပြီ။
ဆရာတော်လည်း နောက်နောင် ဤကဲ့သို့သော အကုသိုလ်ကို ဆက်မလုပ်ရန် ဆုံးမပြီး ၊ သေးသေးကိုယ်မှ ထွက်သွားရန် အမိန့်ပေးလိုက်သည်။
သေးသေးမှာ ဝါးတချက်သမ်းဝေရင်း ဝုန်းခနဲ လဲကျသွားလေ၏။
ဆရာတော်သည် တစ္ဆေများ ထွက်သွားသည့်အခါ ၊ ကားရှေ့ခန်းသို့ တချက်မျှ လှမ်းကြည့်ပြီး၊
" ကားရှေ့ခန်းက ကလေးလေးက ဒကာတို့ ခေါ်လာတာလား ၊ အင်း သူပါလို့ ဒကာတို့ ကံကောင်းတယ်မှတ် "
" ဗျာ "
" ရှင် "
ဆရာတော်က ဆက်မိန့်သည်။
" ဟုတ်တယ် ၊ ဒီမရောက်ခင် တပြလောက်အလိုကတည်းက အဲ့ဒီကလေးက ဘုန်းကြီးတို့ကားကို လှမ်းတားနေလို့ အရှိန်လျော့မောင်းလာရင်း ခုလို ကူညီခွင့် ရတာပါ ။ ကဲ ကဲ ကလေးမလေးတွေ နှိုးလာရင် ဟောဒီပရိတ်ရေလေးပဲ တိုက်လိုက်။ အားလုံးကောင်းသွားလိမ့်မယ်။ ဘုန်းကြီးတို့လည်း ခရီးဆက်တော့မယ် "
ဘုန်းကြီးက နှုတ်ဆက်ပြီး ကားပေါ်တက် ထွက်သွား၏။
ကိုသန်းထွဋ်နှင့်မသီတာက တယောက်မျက်နှာ တယောက်ကြည့်လိုက်၊ ကားရှေ့ခေါင်းခန်းကို လှမ်းကြည့်လိုက်နဲ့
" ငါ့သားလေးက ငါတို့ကို ကူညီနေတာပါလား " ဟူ၍ သဘောပေါက်သွားကြလေတော့သည်။
ပြီးပါပြီ
ပီပီ(မန္တလေး)
#lotaya_shortstory