ခွေးဟောင်သံ အပိုင်း (၁)
lotaya.mpt.com.mm
|
2022-03-04

နိဒါန်း

 ‘၀ုတ် ၀ုတ် ၀ုတ်’

 စမ်းချောင်းမြို့နယ် ဇီဇဝါလမ်းအတွင်းရှိ ခြောက်ထပ်တိုက်တစ်လုံး၏ အပေါ်ဆုံးထပ်မှ ခွေးဟောင်သံ ထွက်ပေါ်လာခဲ့သည်။ ပထမတွင် လမ်းသူလမ်းသားများမှာ ထို ခွေးဟောင်သံကို အမှုမဲ့အမှတ်မဲ့ဆိုသလို သတိမပြုမိခဲ့ကြချေ။ ရန်ကုန်မြို့တွင် ခွေးဟောင်သံကြားရသည်မှာ အဆန်းမဟုတ်သောကြောင့် ဖြစ်လေသည်။ သို့သော်လည်း ယခု ခွေးဟောင်သံမှာ လမ်းပေါ်မှ လာခြင်းမဟုတ်။ ခြောက်ထပ်တိုက် အပေါ်ဆုံးမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး တဖြည်းဖြည်းနှင့် တနေ့တခြား ပိုပိုပြီး ကျယ်လောင်လာလေသည်။ လမ်းထဲရှိ အိမ်အချို့မှစပြီး သတိထားမိချိန်တွင်မူ ခွေးဟောင်သံမှာ တစ်ချိန်လုံး အဆက်မပြတ် ထွက်ပေါ်နေလေတော့၏။

            ထိုခွေးဟောင်သံ ထွက်ပေါ်လာရာ တိုက်ခန်း၏ အိမ်နီးချင်းများ အထူးသဖြင့် တစ်တိုက်တည်းနေ မိသားစုများခမျာ ကျယ်လောင်ဆိုးဝါးလှသော ခွေးဟောင်သံကြီးကြောင့် အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရပဲ ဒုက္ခခံနေရလေတော့သည်။ နောက်ဆုံး သည်းမခံနိုင်တော့သည့်အဆုံးတွင် ထိုအခန်း၏ အောက်တည့်တည့်တွင် နေထိုင်သော အထက်တန်းပြ ကျောင်းဆရာကြီး ဦးမောင်သင်သည် အဆိုပါ ခွေးဟောင်သံ ထွက်ပေါ်လာရာအခန်းသို့ တက်ပြီး တံခါးခေါက်ခဲ့လေသည်။

‘ဒေါက် ဒေါက် ဒေါက်’

ဦးမောင်သင်သည် သံဗန်းတံခါးနောက်မှ သစ်သားတံခါးကို သူ့ဒုတ်ကောက်လက်ကိုင်နှင့် ခပ်ဆတ်ဆတ် ခေါက်လိုက်သည်။

‘၀ုတ် ၀ုတ် ၀ုတ် ….’

အခန်းတွင်းမှ လူသံ လှုပ်ရှားသံမကြားရဘဲ တ၀ုတ်၀ုတ်နှင့် ခွေးဟောင်သံကြီးသာ ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။ ကျောင်းဆရာကြီးသည် လက်ကိုင်တုတ်နှင့် တံခါးကို ခပ်ပြင်းပြင်း ထုရိုက်လိုက်ပြန်သည်။ သူသည် အစပိုင်းတွင် အိမ်ရှင်ကို အားနာသဖြင့် ခပ်ဆတ်ဆတ်သာ တံခါးခေါက်သော်လည်း ယခုအခါ စိတ်ကလည်းတိုလာသဖြင့် တဒုန်းဒုန်းနှင့် ဆက်လက် ထုနှက်နေတော့သည်။ ထိုသို့ ခွေးဟောင်သံကြီးနှင့် အပြိုင် စိတ်လိုက်မာန်ပါ တဒုန်းဒုန်း ထုနှက်နေရာ ဆယ်မိနစ်မျှကြာလျှင် -

‘ဗျို့ ဆရာဦးမောင်သင်... ဘာဖြစ်လို့လဲဗျ’

အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သည့် ဦးမောင်သင်သည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ သူ၏ ဆံပင်များသည် တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီဖြစ်ပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများက ထင်ရှားနေသည်။ ပိန်ပါးသော သူ့ခန္ဓာကိုယ်သည် ရှေ့သို့ အနည်းငယ်ကိုင်းနေသဖြင့် လမ်းလျှောက်လျှင် တုတ်ကောက်ကို အားယူရသည်။ ဦးမောင်သင်၏ အိုမင်းစပြုနေသော မျက်နှာတွင် ဒေါသက ထင်ဟပ်နေသည်။ သူ့အနောက်မှ အသံပိုင်ရှင်ကို ရှုသိုးသိုးပြန်ကြည့်လိုက်သည်။

အနောက်ဘက် လှေကားဆီမှ တက်လာသူမှာ အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့်နှင့် အသက်သုံးဆယ်ခန့်ရှိ ကိုကျော်သစ်ပင်။ သူသည် တတိယထပ်တွင် နေထိုင်သူဖြစ်သည်။ ကုန်သည်တစ်ဦးဖြစ်၏။ ဤတိုက်တွင် နေထိုင်သည်မှာ ခြောက်နှစ်ကျော်မျှရှိပြီ။ ဦးမောင်သင်က ဤကန်ထရိုက်တိုက်မဆောက်မီ ယခင်တိုက်ဟောင်းမှာကတည်းက နေထိုင်ခဲ့သော်လည်း ကိုကျော်သစ်က တိုက်သစ်ဆောက်ပြီးမှ ပြောင်းရွှေ့လာခဲ့သည်။

‘ဘာဖြစ်ရမလဲဗျ… ဒီခွေးဟောင်သံကြီးနဲ့ နေ့လည်းမအိပ်ရ ညလည်း မအိပ်ရ။ ဘယ်နှရက်ရှိပြီလဲဗျ။ ဒီအိမ်ရှင်တော့ တစ်ခုခု လုပ်မှ ဖြစ်မှာပေါ့ဗျ’

ကျောင်းဆရာကြီးသည် ဒေါသလည်းထွက် ခွေးဟောင်သံကိုလည်း လွှမ်းအောင် အော်ဟစ်ပြီး ပြန်ဖြေလိုက်သည်။ ကိုကျော်သစ်သည် လက်နှစ်ဘက်ကို မြှောက်ပြရင်း -

‘ဟုတ်ပါပြီဗျာ။ ကျွန်တော်တို့လည်း ဒီခွေးဟောင်သံကြီးကို ကြားပါတယ်။ တစ်တိုက်လုံးလည်း ကြားတယ်။ ဒါပေမဲ့ ဆရာဦးမောင်သင် တံခါးကို ခုလို ထုနေတာက ပိုဆိုးမနေဘူးလားဗျာ။ ခုတော့ ဆူသထက် ဆူနေပြီပေါ့’

ကိုကျော်သစ်၏ စကားက ဦးမောင်သင်၏ စိတ်ကို ပိုပြီးဆွပေးလိုက်သလိုဖြစ်သွားကာ ကျောင်းဆရာကြီးသည် ဒေါသအိုးပေါက်ကွဲလေတော့သည်။

‘မင်းတို့က ဒီခွေးဟောင်သံကျတော့ တစ်ပတ်လုံးနီးပါး ငြိမ်ခံနေပြီး ငါတံခါးလေး သုံးလေးချက် ခေါက်တာကို လာရန်လုပ်နေတာလားဟ’

‘ဒီမယ်ရှင့် ကျောင်းဆရာကြီး စကားကို ကောင်းကောင်းပြောပါရှင့်’

ကိုကျော်သစ်နောက်မှ သူ့မိန်းမ မသန္တာလိုက်တက်လာရင်း ပြန်ရန်တွေ့လိုက်သည်။ မသန္တာသည် ကိုကျော်သစ်ကဲ့သို့ပင် ဖြူဖြူလုံးလုံးဖြစ်သည်။ သူတို့လင်မယားနှစ်ယောက်မှာ အလုံးအထည် တူရုံမက မျက်နှာထားချင်းပါဆင်သဖြင့် မသိလျှင် အမြွာမောင်နှမဟုပင် ထင်ရလောက်သည်။ အသွင်တူ၍ပဲ အိမ်သူဖြစ်သလော၊ သို့မဟုတ် ယူပြီးနောက် စားအတူ သောက်အတူဖြစ်သဖြင့် တစ်ရုပ်ထဲ ပုံစံ၀င်သွားသလော မပြောနိုင်ချေ။

‘ဟေ့ မိန်းမ စိတ်ထိန်းကွ၊ လူကြီးကို အဲလို မပြောရဘူး’ ယောကျ်ားဖြစ်သူက သူ့မိန်းမကို လှည့်ကာ ထိန်းပေးလိုက်ရ၏။

ထိုအခါမှ ဦးမောင်သင်သည် မိန်းမသားတစ်ဦးနှင့် အပြိုင် ရန်မတွေ့လိုသည်ကတကြောင်း၊ မိမိဘက်က အနည်းငယ်လွန်နေသည်ကို ပြန်လည်ရိပ်စားမိသွားသည်က တကြောင်းတို့ကြောင့် သိက္ခာရှိသော ကျောင်းဆရာတစ်ဦးလည်း ဖြစ်သည့်အားလျော်စွာ စိတ်ကို ပြန်လည်လျှော့ချလိုက်လေသည်။

‘အေး၊ ဟုတ်ပြီ။ ငါ စကားကို ကောင်းကောင်း ပြောမယ်။ ကဲ - တံခါး မခေါက်ရဘူးဆိုတော့ မင်းတို့ လင်မယားက ဒီခွေးဟောင်သံပြဿနာကို ဘယ်လိုဖြေရှင်းမယ် စဥ်းစားထားလဲ’

ကိုကျော်သစ်သည် စီးပွားရေးသမားပီပီ လျင်မြန်စွာ စဥ်းစားလိုက်ပြီး -

‘မစိုးစိုးမေဆီ သွားမေးရမယ်။ သူက မြေပိုင်ရှင်ဆိုတော့ ဒီအခန်းမှာ ဘယ်သူနေတယ်ဆိုတာ သိမှာပဲ။ ဒီအခန်းက ပိတ်ထားတာ တော်တော်ကြာပြီ။ ဘယ်သူနေသလဲ၊ အထဲမှာ ဘာရှိသလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ဆရာဦးမောင်သင်လည်း သိပုံမရဘူး။ ဒီတော့ အကောင်းဆုံးက ဒုတိယထပ်က မြေပိုင်ရှင် မစိုးစိုးမေဆီ သွားဖို့ပဲ’

‘အေး ဟုတ်တယ်။ ငါလည်း အဲဒါ သဘောတူတယ်’

သူတို့ သုံးယောက်သား ဒုတိယထပ်သို့ ပြန်ဆင်းသွားကြလျှင် မစိုးစိုးမေသည် ဆူဆူညံညံအသံများကြောင့် တိုက်ခန်းရှေ့တံခါးပေါက်တွင် ထွက်ကာ အသင့်စောင့်နေပြီး ဖြစ်လေသည်။ သူမသည် အသက် လေးဆယ်မျှရှိပြီး ဖြူဖြူချောချော အမျိုးသမီးတစ်ဦးဖြစ်သည်။ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော်လည်း အမြဲလိုလို ရိုးစင်းစွာ ၀တ်စားဆင်ယင်တတ်သည်။ ရိုးစင်းပြီး ရှေးဆန်လွန်းသောကြောင့် လူတိုင်းက သူမကို ရှိရင်းစွဲအသက်ထက် ပိုကြီးသည်ဟု မှတ်ထင်ကြလေသည်။ သူမ၏ နက်မှောင်သော ဆံပင်ရှည်ကြီးမှာ တင်ပါးပင်ဖုံး၍နေသည်။ သူမသည် အပြင်ထွက်လျှင် ဆံထုံးကို သပ်ရပ်စွာ ထုံးလေ့ရှိသော်လည်း ယခုအခါ အိမ်နေရင်းဖြစ်သဖြင့် ဆံပင်ရှည်ကြီးကို စုစည်းကာ အနောက်တွင် ချထားသည်။ သူမ၏ ပါးနှစ်ဘက်ပေါ်တွင် သနပ်ခါးနှင့် ပါးကွက်လေးနှစ်ကွက် ကွက်ထား၏။ မစိုးစိုးမေသည် မိတ်ကပ် အလှပြင်လေ့မရှိချေ။

ထိုသို့ ရိုးရိုးစင်းစင်း နေထိုင်၀တ်စားရသည်မှာ အကြောင်းရှိလေသည်။ မစိုးစိုးမေ၏ ခင်ပွန်းသည် လွန်ခဲ့သော သုံးနှစ်ခန့်က ကွယ်လွန်သွားခဲ့သည်။ မကွယ်လွန်မီက ခင်ပွန်းဖြစ်သူသည် အ‌ဝေးပြေးကုန်ကားမောင်းခဲ့ပြီး ရန်ကုန် မန္တလေး ဟိုင်း‌ဝေးလမ်းမကြီးပေါ်တွင် ကားတိမ်းမှောက်ပြီး ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူမတို့တွင် မောင်အောင်ခန့်ဟု အမည်ရသော သားယောကျ်ားလေးတစ်ဦး ထွန်းကားခဲ့ပြီး ယခုအခါ ထိုကလေးသည်ပင် အသက်ခုနစ်နှစ်ခန့် ရှိလေပြီ။ မစိုးစိုးမေသည် ရုပ်ရည်ချောမောသော မုဆိုးမတစ်ဦးဖြစ်သဖြင့် အနေအထိုင်ကို ပိုပြီး ဆင်ခြင်ရသည်။ သူမကို လာရောက်ပိုးပန်းကြသော အရာရှိများ၊ သူဌေးများ ပေါများလှသော်လည်း မစိုးစိုးမေသည် သားလေး မောင်အောင်ခန့်၏ နောင်ရေးကိုသာ စိတ်ထဲထားပြီး နောက်အိမ်ထောင်ထူထောင်ရန် စိတ်ပင်မကူးခဲ့ချေ။ ထို့ပြင် ပတ်၀န်းကျင်၏ မေးငေါ့ခြင်း၊ အတင်းပြောခြင်း ရန်တို့မှ ကင်း‌ဝေးအောင်လည်း အတတ်နိုင်ဆုံး ဗိုင်းကောင်းကျောက်ဖိ ဣန္ဒြေသိက္ခာ ရှိစွာ နေထိုင်နေခြင်း ဖြစ်လေသည်။

‘ဆရာဦးမောင်သင်တို့ ဘာဖြစ်ကြတာတုန်း’

‘ဘာဖြစ်ရမလဲ မစိုးစိုးမေရ။ ကျုပ် အပေါ်ထပ်တည့်တည့်က ဒီခွေးဟောင်သံကြီးပေါ့။ ဒီခွေးဟောင်သံကြီးကြောင့် အိပ်မရတာ တစ်ပတ်လောက်တောင် ရှိတော့မယ်ဗျ။ တစ်တိုက်လုံးကရော၊ တစ်လမ်းလုံးကရော ဘာမှ မလုပ်ကြလို့ ကျုပ်ကပဲ လူကြမ်းလုပ်ပြီး သွားပြောရတာ။ ဟော - တံခါး သွားခေါက်တော့လည်း ဘယ်သူမှ လာမဖွင့်ပေးဘူး။ အထဲက တ၀ုတ်၀ုတ်နဲ့ ခွေးဟောင်သံကြီးပဲ တရစပ်ကြားနေရတယ်။ ဒီခွေးကလည်း တော်တော်ကို ဟောင်နိုင်တဲ့ခွေးပဲ။ တစ်မိနစ်လေးမှတောင် မနားဘူးဗျာ။ ရေလည်း မသောက် အစားလည်းမစား တချိန်လုံးကို ဟောင်နေတော့တာပဲလား’

‘ဆရာတို့ကို ဘယ်ဖွင့်ပေးမလဲရှင့် အဲဒီ့ ခြောက်ထပ်မှာ ဘယ်သူမှမှ မရှိတာ။ အဲဒီအခန်းမှာ လူမနေဘူးရှင့်’

‘ဟင် - အစ်မ။ ဒါဆို ဒီခွေးဟောင်သံကြီးက ဘယ်လိုထွက်နေတာလဲ။ လူမနေဘူးဆိုရင်’ မသန္တာက တအံ့တသြ ၀င်မေးလိုက်သည်။ ဒေါ်စိုးစိုးမေ စဥ်းစားလိုက်ပြီး -

‘အဲဒါတော့ အစ်မလည်း မသိဘူး ညီမ မသန္တာ။ မဟုတ်မှ လွဲရော - လမ်းဘေးခွေး တစ်ကောင်တလေများ မျက်စိလည်လမ်းမှားပြီး အဲဒီအခန်းမှာ ပိတ်မိနေသလားပဲ။ ဒါပေမဲ့ ခက်တာက – ခွေးဆိုတာမျိုးက ကြောင်တွေလို ခြောက်ထပ် ခုနစ်ထပ် အမြင့်ကြီးအထိ တက်တတ်တဲ့ သတ္တ၀ါမျိုးမှ မဟုတ်တာ။ ဒါကြောင့်လည်း အစ်မစိတ်ထဲမှာ တော်တော်ကို ထူးဆန်းနေတာပဲ’

‘ဒါဆိုလည်း အစ်မရယ်။ အစောကတည်းက ဒီကိစ္စကို ရှင်းပါလားဗျာ။ ဒီလောက် ရက်ကြာအောင်များ စောင့်နေရသလားဗျ’ ကိုကျော်သစ်က အားမလို အားမရပြောလိုက်သည်။ မစိုးစိုးမေ မျက်နှာ ကွက်ကနဲ ပျက်သွားရှာ၏။ သူမသည် အားကိုးရာမရှိသော မုဆိုးမတစ်ဦးသာဖြစ်သည်။ သူမ ပိုင်သော နောက်အိမ်ခန်းတစ်ခန်းဖြစ်သည့် မြေညီထပ်အခန်းကို အိမ်ငှားတင်ထားသော ပိုက်ဆံလေးနှင့်သာ ရပ်တည်နေရခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူမသည် သူများအိမ်ခန်းဖြစ်သော ခြောက်ထပ်သို့ တက်ပြီး စုံစမ်းဖို့ကို ၀န်လေးနေခြင်းဖြစ်ပေလိမ့်မည်။ ဤသည်ကို ရိပ်မိသော ဦးမောင်သင်က -

‘မင်းကလည်းကွာ အခု ငါတို့ အားလုံး ဆုံပြီပဲ။ ရှေ့ဆက်ဘာလုပ်မလဲပဲ စဥ်းစားကြတာပေါ့။ ကဲ မစိုးစိုးမေ။ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီခွေးဟောင်သံကြီးကြောင့် ကျုပ်တို့ အားလုံးလည်း ရူးချင်နေကြပြီ။ ဒီအိမ်မှာ လူမနေဘူးဆိုတော့ အိမ်ရှင်က ဘယ်မှာလဲဗျ။ သူ့ဖုန်းနံပါတ်တွေ ဘာတွေ ရှိသလား။ ရှိရင်လည်း ဖုန်းဆက်ပြီး အိမ်တံခါးလာဖွင့်ခိုင်းဗျာ။ ဒီခွေးကို မောင်းထုတ်ရအောင်’

‘တိုက်ခန်းပိုင်ရှင်ဖုန်းနံပါတ်တော့ မသိဘူးရှင့်။ သူ့နာမည်ကတော့ ဦးသိဒ္ဓိလို့ ခေါ်တာပဲ။ အသက်ကြီးကြီး - ဘိုးတော်လိုလို အထက်လမ်းဆရာလိုလိုရှင့်။ တိုက်ခန်းက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၀ယ်သွားတာ။ သူပြောတာကတော့ သူက အချိန်ပြည့်ခရီးသွားနေရလို့ ဒီတိုက်ခန်းမှာ သူ့ ပစ္စည်းတွေ ထားဖို့ အဓိကပဲတဲ့။ လူနေဖို့ မဟုတ်ဘူးတဲ့ရှင့်’

‘ဖုန်းနံပါတ်မသိရင်တော့ ခက်ပြီဗျ’

‘အစ်မဆီမှာ ဒီတိုက်က အခန်းတိုင်းရဲ့ သော့ပိုတစ်စုံစီရှိတယ်မဟုတ်လားဗျ။ ရေဘေး မီးဘေး အရေးအကြောင်းဆို သုံးလို့ရအောင်လေဗျာ’

ကိုကျော်သစ်က ၀င်သတိပေးမှ မစိုးစိုးမေ သတိရသွားသည်။

‘ဟုတ်ပါ့ရှင်။ မေ့နေလိုက်တာ။ ရှိတယ်ရှိတယ်။ ကျေးဇူးပဲ ကိုကျော်သစ်ရယ်။ ကျွန်မလည်း တစ်ယောက်တည်း ထူပူပြီး အရေးအကြောင်းဆို သတိတွေက မရဘူးရှင့်’

သူမသည် အခန်းထဲပြန်၀င်ပြီး သော့တွဲကို သွားယူလိုက်သည်။ ဘောင်းဘီတိုနှင့် ခုနစ်နှစ်သား မောင်အောင်ခန့်သည် သူတို့ကို တယ်လီဗေးရှင်းနောက်မှ ပုန်းကာ ချောင်းကြည့်နေသည်။

‘သားလေး နေကောင်းလား’

ဦးမောင်သင်က ပြုံးပြကာ လှမ်းနှုတ်ဆက်လိုက်၏။ ကလေးက ခေါင်းလေးပြန်ပု၀င်သွားသည်။ အဖေမရှိသော ကလေးဖြစ်သဖြင့် မောင်အောင်ခန့်သည် အားငယ်စိတ်၀င်ကာ သူများကလေးတွေထက် ပိုပြီး ရှက်တတ် ကြောက်တတ်နေတတ်သည်။ သော့တွဲကို ကိုင်ကာ မစိုးစိုးမေ ပြန်ထွက်လာလျှင် အပြင်ရှိ လူစုသည် စိတ်အားတက်သွားကြသည်။ သူတို့အားလုံး ဤခွေးဟောင်သံကြီး ရပ်တန့်သွားမည့်အချိန်ကို မစောင့်ဆိုင်းနိုင်ကြတော့ချေ။ အားလုံး တိုင်ပင်စရာမလိုဘဲ ခြောက်ထပ်ဆီသို့ ပြန်တက်သွားကြလေသည်။

‘ဟင်.. ဒုက္ခပါပဲ’

တံခါးရှေ့ရောက်သည်နှင့် မစိုးစိုးမေ စိတ်ပျက်လက်ပျက် ညည်းညူမိလိုက်သည်။ သူမတွင် ရှိသည်မှာ အခန်း၏ သစ်သားတံခါးကိုဖွင့်သော သော့တံဖြစ်ပြီး ထိုတံခါးအပြင်ရှိ သံဗန်းတံခါးပေါ်တွင် အထက်အောက် ခတ်ထားသော ရှေးဟောင်း ကြေးသော့ခလောက်ကြီး နှစ်လုံးကို တွေ့လိုက်ရလေသည်။

‘ဒီသော့ခလောက်ကြီးတွေကို ဖွင့်တဲ့ သော့မရှိဘူးလား အစ်မ’

‘မရှိဘူးရှင့်။ သစ်သားတံခါးဖွင့်တဲ့သော့ပဲ ကျွန်မဆီမှာရှိတယ်’

‘ဟာ ခက်တော့တာပဲ ဒါဆို ဘယ်လိုလုပ်ကြမလဲ’

‘၀ုတ် ၀ုတ် ၀ုတ် ၀ုတ်’

အခန်းထဲမှ ခွေးဟောင်သံကြီးမှာ ယခင်ကထက်ပင် ပိုပြီး ဆူညံကျယ်လောင်လာသလို။ အားလုံး နားများကိုပင် ပိတ်ထားရလုမတတ် ခွေးဟောင်သံကြီးက ဆက်တိုက်ထွက်ပေါ်နေသည်။

‘တံခါးဖျက်ပြီး ၀င်ဗျာ’ ကိုကျော်သစ် အကြံပေးသည်။ သူလည်း သည်ထက်ပို သည်းမခံနိုင်တော့။

‘ဟုတ်တယ်ရှင်။ တံခါးဖျက်ပြီး၀င်’ သူ့မိန်းမက ဘေးမှ သံယောင်လိုက်ကာ ထောက်ခံသည်။

‘နေဦး။ တံခါးဖျက်၀င်တာက ငါတို့ချည်းလုပ်လို့မရဘူး။ ဒါက သူများရဲ့ ပိုင်နက်။ နို့မို့ဆို ပိုင်နက်ကျူးလွန်မှုဖြစ်မယ်။ မစိုးစိုးမေ။ ကျုပ်တို့ ရပ်ကွက်ရုံးကို သွားပြောရအောင်။ တံခါးကတော့ ဖျက်၀င်ရမှာပဲ။ ဒါပေမဲ့ သက်ဆိုင်ရာကို အရင်အကြောင်းကြားပြီးလုပ်မှတော်မယ်’

ဦးမောင်သင်သည် လူကြီးပီသစွာ စဥ်းစဥ်းစားစား အကြံပေးလိုက်သည်။ သူ၏ အကြံကို အားလုံး သဘောတူကြသဖြင့် လမ်းထိပ်ရှိ ရပ်ကွက်ရုံးသို့ အုပ်စုလိုက်ကြီး ချီတက်ကြလေသည်။ ရပ်ကွက်ရုံးသို့ရောက်လျှင် ရုံးရှိ ရပ်ကွက်လူကြီးများမှာ မစိုးစိုးမေတို့ကို ဝမ်းသာအားရ ဆီးကြိုကြ၏။ အကြောင်းမှာ ထိုနေ့ညတွင်ပင် လူကြီးများ စုရုံးကာ ထိုအခန်းကို လာရောက်စစ်ဆေးရန် မစိုးစိုးမေထံ လာရောက်ခွင့်တောင်းဖို့ သူတို့ စီစဉ်ထားပြီး ဖြစ်သောကြောင့်ပင်။

 ထို့နောက်တွင်မူ ရပ်ကွက်ကောင်စီဥက္ကဋ္ဌ ဒေါက်တာဦးရေချမ်း ဦးဆောင်သည့် ရပ်ကွက်လူကြီးအဖွဲ့နှင့်အတူ လမ်းထဲမှ ရပ်ရေးရွာရေး စိတ်အားထက်သန်သည့် လူငယ်အချို့ပါ သော့ခလောက်ဖျက်ရန် ကိရိယာတန်ဆာပလာများနှင့် မစိုးစိုးမေတို့၏ ခြောက်ထပ်တိုက်ဆီသို့ လိုက်ပါ ချီတက်ခဲ့ကြလေသည်။ လမ်းတွင် ဒေါက်တာရေချမ်းက မစိုးစိုးမေကို တိုက်ခန်းအကြောင်း မေးမြန်းခဲ့သည်။ ဒေါက်တာရေချမ်းသည် အသက်ငါးဆယ်ခန့် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး အသားညိုညို တုတ်တုတ်ခိုင်ခိုင်နှင့် ဗမာပီသသော ရုပ်ရည်ရှိသည်။ သူသည် ရပ်ကွက်ထဲတွင် လူအများ အားထားရသော အထွေထွေ ရောဂါကု ဆရာ၀န်တစ်ဦးဖြစ်ပြီး ဆေးခန်းမထိုင်သည့် အချိန်များတွင် ရပ်ကွက်ရုံးထိုင်ကာ ဥက္ကဋ္ဌတာ၀န်ကို ထမ်းဆောင်ပေးသဖြင့် ထိုခေတ်ထိုအခါ ရပ်ကွက်သားအားလုံးက ချစ်ခင်လေးစားကြရလေသည်။

‘မစိုးစိုးမေ။ ဒီအိမ်ရှင်နဲ့ သိလားဗျ’

မစိုးစိုးမေလည်း အိမ်ပိုင်ရှင် ဦးသိဒ္ဓိအကြောင်းကို ထပ်ပြီး ပြောပြရသည်။ ဒေါက်တာရေချမ်းက ဆက်မေးပြန်သည်။

‘သူ့ပစ္စည်းတွေ ထားမယ်ဆိုတော့ သူပစ္စည်းတွေက ဘယ်လိုပစ္စည်းမျိုးတွေလဲ။ တော်ကြာ ဥပဒေနဲ့ မလွတ်တဲ့ ပစ္စည်းတွေဖြစ်နေမှဖြင့်’

‘အဲလိုတော့ ဟုတ်ဟန်မတူဘူးဆရာ။ ကျွန်မတွေ့သလောက်ကတော့ အထက်လမ်းပညာနဲ့ ဆိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေပဲ။ အဲ - အခုမှ သတိရတယ်။ အဲဒီတုန်းက သူပြောင်းလာတော့ အဲဒီလို ရှေးဟောင်းပစ္စည်းတွေ ရုပ်သေးရုပ်တွေ ပန်းချီကားတွေအပြင် - သံသေတ္တာကြီးတစ်လုံးလည်း ပါလာတယ်ရှင့်’

ဒေါက်တာရေချမ်း စိတ်၀င်စားသွားသည်။ သူ လမ်းလျှောက်နေရင်းမှ မစိုးစိုးမေရှိရာဆီသို့ ခေါင်းငဲ့ကာ လှမ်းကြည့်လိုက်သည်။

‘သံသေတ္တာကြီးဟုတ်လား။ အထဲမှာ ဘာတွေပါလဲဗျ’

‘ဘာတွေပါသလဲတော့ ကျွန်မလည်း မသိဘူးရှင့်။ ဒါပေမဲ့ အရမ်းလေးတာတော့သိတယ်’

‘မစိုးစိုးမေက အဲဒီ့ သံသေတ္တာကြီး ဘယ်လောက်လေးမှန်း ဘယ်လို သိခဲ့တာလဲ။ ကိုယ်တိုင် ၀င်မပေးခဲ့လို့လား’

‘ကိုယ်တိုင်တော့ ၀င်မ’မပေးခဲ့ပါဘူး။ ဒါပေမဲ့ သူ့တပည့် သန်သန်မာမာ ယောကျ်ားကြီးလေးယောက်လောက် အဲဒီသေတ္တာကြီးကို မနည်းမပြီး ခြောက်ထပ်ရောက်အောင် သယ်ခဲ့တာတော့ မှတ်မိတယ်။ ပြီးလည်း ပြီးရော အဲဒီ့ တပည့်တွေဆိုတာ ချွေးတလုံးလုံးနဲ့ ကျွန်မအိမ်ရှေ့က ရေသန့်ဘူးကြီးတစ်အိုးလုံးတောင် ပြောင်တယ်ရှင်။ သောက်လိုက်ကြတာ။’

‘မစိုးစိုးမေက မမေးကြည့်ဘူးလား။ အဲဒီ သံသေတ္တာကြီးထဲမှာ ဘာတွေပါသလဲဆိုတာ… ဟို.. ဗျာ။ ကျွန်တော်က မစိုးစိုးမေကို တရားခံစစ် စစ်နေတာ မဟုတ်ပါဘူး။ အခု သူများအိမ်ထဲ တံခါးဖျက်၀င်ရမယ်ဆိုတော့ အထဲမှာ ဘာတွေ ရှိသလဲဆိုတာ သိထားဖို့လိုတယ်လေ။ အန္တရာယ်ဆိုတာ ပြောမရဘူးမဟုတ်လား’

‘ဟို… ကျွန်မ မေးတော့ မေးကြည့်တယ်ရှင့်။ သေတ္တာကြီးက အတော်လေးတာပဲ အထဲမှာ ဘာတွေများ ပါမလဲဆိုပြီး။ ဒါပေမဲ့ ဦးသိဒ္ဓိက ခပ်ပြုံးပြုံးနဲ့ … ရှေးဟောင်းပစ္စည်းတစ်မျိုး လို့ ပြန်ဖြေတာပဲ မှတ်မိပါတယ်ရှင်…။ သြော် ဒါနဲ့ ဆရာဦးရေချမ်း - ဆရာပြောတဲ့ အန္တရာယ်ဆိုတာ ဘယ်လိုများလဲ။ ဘယ်လို အန္တရာယ်တွေ့ရမယ်များ ထင်လို့လဲရှင့်။ ကျွန်မတို့က ခွေးတစ်ကောင် ပိတ်မိနေတယ်ပဲ ထင်တာ’

ဒေါက်တာရေချမ်း ခေါင်းတညိတ်ညိတ်နှင့် ပြန်ဖြေသည်။

‘အထဲမှာ ဘာမှန်းမသိတဲ့ အခန်းတွေထဲ ၀င်ရတာ အမြဲ အန္တရာယ်ရှိတယ် မစိုးစိုးမေ။ ကျွန်တော့် မိတ်ဆွေ ဆရာ၀န်တစ်ယောက်၊ သူ့လူနာဆီ ဖုန်းဆက်မရလို့ စိတ်ပူပြီး သွားမေးတာ။ လူနာက တံခါး ဖွင့်မပေးတော့ အခုလိုပဲ တံခါးဖျက်ပြီး၀င်တာ။ အထဲရောက်တော့ သူ့လူနာက ကြမ်းပေါ်မှာ လဲကျပြီး သေနေပြီ။ ဒါပေမဲ့ တစ်ခန်းလုံး အဆိပ်ငွေ့တွေအပြည့်ဖြစ်နေတာ။ ဖြစ်ပုံက လူနာက ဓာတုဗေဒ ကျောင်းဆရာ။ သူက ကင်ဆာရောဂါနဲ့ စိတ်ဓာတ်ကျပြီး အဆိပ်ငွေ့ကို သူ့ဘာသာ ဖော်ပြီး သတ်သေသွားတာ။ အဲဒါကို ကျွန်တော့် သူငယ်ချင်းက မသိဘဲ တံခါးဖျက်၀င်သွားတော့ သူပါ အဆိပ်ငွေ့တွေ ရှူမိပြီး သေပါလေရောဗျာ’

‘အို.. ဆရာ့သူငယ်ချင်းအတွက် စိတ်မကောင်းလိုက်တာရှင်’

‘ရပါတယ်ဗျာ။ ဖြစ်တာကတော့ ကြာပါပြီ။ မစိုးစိုးမေ သိပ်လည်း စိတ်မပူပါနဲ့။ ဒါကြောင့်လည်း ကျွန်တော်က သေချာအောင် မေးနေရတာပါ’

‘အင်း… အဲဒီအတွက်တော့ မပူရဘူးရှင့်။ ဒီအခန်းက ၀ရန်တာဘက်က အိမ်ရှေ့ပြတင်းတံခါးတွေ ဖွင့်ထားတာတော့ ကျွန်မတွေ့ရတယ်’

ထိုစကားကို ကြားလျှင် ဦးမောင်သင်က ၀င်ပြောသည်။

‘ဟုတ်ပါ့ဗျာ။ အိမ်ရှေ့ပြတင်းတံခါးတွေ ဖွင့်ထားလို့ ခွေးဟောင်သံကြီးက ပိုကျယ်နေတာဗျ။ ညဘက်ဆို ဟိန်းနေတော့တာပဲ’

‘ဟုတ်ပါတယ်ဗျာ။ ကျွန်တော်တို့ ရုံးကတောင် ကြားပါတယ်။ ကဲပါ။ စိတ်မပူကြပါနဲ့ ခဏနေရင် ကျွန်တော်တို့ တွေ့ကြတော့မှာပဲ။ ပြီးတော့ ကျွန်တော်တို့ထဲမှာ အားကိုးရတဲ့ ထက်ပိုင်တို့ လူငယ်အုပ်စုလည်း ပါတာပဲဟာ။ ပူစရာမလိုဘူး’

ဦးရေချမ်း သူတို့ ရှေ့မလှမ်းမကမ်းမှ အုပ်စုလိုက် ချီတက်သွားနေကြသော လူငယ်အုပ်စုကို လက်ညှိုးညွှန်ပြလိုက်သည်။ လူငယ်အုပ်စုခေါင်းဆောင်မှာ အရပ်မြင့်မြင့် ဗလကောင်းကောင်းနှင့် ထက်ပိုင် ဆိုသူဖြစ်သည်။ သူ့ဘေးတွင် အခြား လူငယ်သုံးယောက်ပါသေးသည်။ လူအင်အားတောင့်သဖြင့် မစိုးစိုးမေ အနည်းငယ် စိတ်သက်သာရာရမိသည်။ သူမသည် တော်ရုံအကြောင်းနှင့် အပြင် ထွက်ဖြစ်သူမဟုတ်။ ယခုတောင်မှ အရေးကြီးသဖြင့် သားငယ်လေးကို ထားခဲ့ပြီး ထွက်လာခဲ့ရသော်လည်း မောင်အောင်ခန့်ကို အိမ်တွင် တစ်ယောက်ထဲ ထားခဲ့ရသည်မှာ စိတ်မချချေ။ … ဦးသိဒ္ဓိအခန်းထဲကများ အဆိပ်ငွေ့တွေ ထွက်လာပြီး တစ်တိုက်လုံး ဒုက္ခရောက်သွားမလား… ဒေါက်တာရေချမ်း၏ စကားများကို ပြန်ကြားယောင်ပြီး စိတ်ပူမိပြန်သေးလေသည်။

 ထက်ပိုင် ဦးဆောင်သော လူငယ်အုပ်စုမှာ ရှေ့မှ သွားရသော်လည်း မစိုးစိုးမေမှ လမ်းပြစရာပင်မလိုဘဲ သူမတို့ ခြောက်ထပ်တိုက်ရှိရာသို့ တည့်တည့်မတ်မတ်ပင် ရောက်သွားကြ၏။ ကျယ်လောင်ပြီး အဆက်မပြတ် ထွက်ပေါ်နေသော ခွေးဟောင်သံကြီးရှိရာအခန်းမှာ မည်သို့မျှ လွဲစရာအကြောင်းမရှိသောကြောင့်ပင်။

သူတို့လူစုသည် လှေကားအတိုင်းတက်သွားကြရာ ဦးသိဒ္ဓိ၏ အခန်းရှေ့သို့ ရောက်ရှိသွားကြသည်။

‘ဟူး… ဒီသော့ခလောက်ကြီးတွေက တော်တော်ခိုင်တာပဲ’

ကြေးနီသော့ခလောက်ကြီးများကို ကြည့်ပြီး သန်မာထွားကြိုင်းလှသော လူငယ်ခေါင်း‌ဆောင်ကပင် ထိုသို့ မှတ်ချက်ချလေသည်။

‘မင်းတို့ ဖျက်နိုင်ရဲ့လား။ မရရင်တော့ မီးသတ်ခေါ်ရမှာ’ ဒေါက်တာရေချမ်းက မေးလိုက်သည်။

ထက်ပိုင် သော့ခလောက်ကြီးများကို အနီးကပ် ကိုင်တွယ်စစ်ဆေး ကြည့်ရှုနေသည်။

‘ရတော့ ရလောက်တယ်။ မသေချာဘူး။ ကျွန်တော်တို့ ကြိုးစားကြည့်မယ်။ မရမှ မီးသတ်ခေါ်တာပေါ့’

ဟုပြောပြီး လူငယ်လေးဦးတို့သည် တူများ၊ ဂွများ၊ သံညှပ်ပလိုင်ယာကြီးများကို သုံးကာ သော့ခလောက်ကြီးနှစ်လုံးကို အားကုန် ချိုးဖျက်ဖို့ ကြိုးစားကြလေသည်။ ထက်ပိုင်သည် ရပ်ကွက် အလေးမရုံတွင် နည်းပြဆရာတစ်ဦးဖြစ်သည့်အလျောက် သူ၏ ကြီးမားသော ကြွက်သားအပြိုင်းပြိုင်းနှင့် လက်မောင်းကြီးများမှာ သံညှပ်ပလိုင်ယာကြီးကို ဆွဲဖျစ်လိုက်တိုင်း စွပ်ကျယ်အဖြူအောက်မှ အလုံးလိုက် ဖောင်းကားတက်ကြွလာတော့သည်။ ထိုစဥ်မှာပင် -

‘၀ုတ် ၀ုတ် ၀ုတ် ၀ုတ်….’

‘ဒုန်း ဒုန်း ဒုန်း ဒုန်း’

သူတို့ အားလုံး ရပ်တန့်သွားကြသည်။ အဆက်မပြတ်ထွက်နေသော ခွေးဟောင်သံကြီးအပြင် တစုံတခုကို တဒုန်းဒုန်း ရိုက်နှက်နေသံ။

‘ဘာသံလဲ...’

ဦးမောင်သင်က လှေကားလက်ရမ်းကို ကိုင်ပြီး ရပ်နေရာမှ မေးလိုက်သည်။

‘ဒုန်း ဒုန်း ဒုန်း ဒုန်း’

သတ္တုသားတစ်မျိုးမျိုးကို ထုရိုက်နေသံကြီး။ ခွေးဟောင်သံကြီးက တ၀ုတ်၀ုတ် ဆူညံနေသဖြင့် ထို တဒုန်းဒုန်း အသံမှာ ဘယ်ကလာမှန်း သူတို့ အသေအချာမပြောနိုင်ကြ။

‘ဒီနားမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရှိလား။ တိုက်ဆောက်နေတာ’

ဒေါက်တာရေချမ်းက သူ့လူတွေကို လှမ်းမေး၏။ သို့သော် ရပ်ကွက်လူကြီးဖြစ်သော သူကိုယ်တိုင်ပင် ထိုမေးခွန်း၏ အဖြေကို ကြိုသိနေလေသည်။ ဤလမ်းထဲတွင် ဤအနီးပတ်၀န်းကျင်တွင် ဆောက်လုပ်ရေး လုပ်နေသော တိုက်အိမ်တစ်အိမ်မျှ မရှိပေ။ ထို တဒုန်းဒုန်းအသံကြီးမှာ ဦးသိဒ္ဓိ၏ အိမ်ခန်းအတွင်းမှပင် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

‘… သံသေတ္တာကြီး...’

မစိုးစိုးမေ နှုတ်မှ ရေရွတ်လိုက်မိသည်။ သူ့ဘေးတွင် ရပ်နေသော ဒေါက်တာရေချမ်း သူမ စကားကို ကြားသွား၏။

‘မစိုးစိုးမေ။ ခွေးက သံသေတ္တာကြီးထဲမှာ ပိတ်မိနေတယ်လို့ ထင်တာလား။’

...ဒုန်း ဒုန်း ဒုန်း…

… ၀ုတ် ၀ုတ် ၀ုတ်….

ယခုအခါ ခွေးဟောင်သံကြီးပင် မကတော့ဘဲ သံပြားချပ်ကို တဒုန်းဒုန်း ထုရိုက်နေသော အသံကြီးကပါ ပိုလာလေပြီ။ အင်မတန်မှ ဆူညံနေသဖြင့် အပြင်ရှိလူများမှာ နားမခံနိုင်အောင် ရှိတော့သည်။

‘ဦး.. ဦးသိဒ္ဓိပြောင်းလာတုန်းကတော့ အဲဒီ့ သေတ္တာကြီးထဲက ဘာသံမှ မထွက်ဘူးရှင့်။ အဲဒီကတည်းက ခွေးတစ်ကောင်ပါလာရင် ကျွန်မတို့ သိမှာပေါ့။ ပြီးတော့ ဒီခွေးက နှစ်နှစ်လုံးလုံး ငြိမ်နေပြီး အခုမှ ဘယ်လို ထဟောင်ပါ့မလဲရှင့်။ ဘယ်လိုများ ဖြစ်နိုင်ပါ့မလဲရှင်...’

သူတို့ လူစုထဲရှိ လူများအားလုံး၏ မျက်နှာများပေါ်တွင် ကြောက်လန့်သည့် အရိပ်အယောင်များ ထင်ဟပ်စ ပြုလာလေတော့သည်။ သို့သော် ထက်ပိုင်က ခေတ်လူငယ်ပီပီ…

‘အိုဗျာ။ အဲဒါတွေ တွေးပူမနေပါနဲ့။ လောလောဆယ် ဒီ သော့ခလောက်ကြီးတွေကို ဖျက်နိုင်ဖို့က အရေးကြီးတယ်။ ပြီးတော့ အခုဟာက နေ့လယ်ခင်းကြီး။ လူအုပ်ကလည်း အများကြီးရယ်။ ဘာမှ ကြောက်မနေကြနဲ့’

ဟုပြောပြီး သူ၏ သန်မာသော လက်မောင်းကြီးများနှင့် သံညှပ်ပလိုင်ယာကြီးကို အားကုန် ဖျစ်ညှစ်လိုက်ရာ သော့ခလောက်ကြီးမှ သံချောင်းအထူကြီးသည် ဂလောက်ကနဲ ကျိုးကာ ပွင့်ထွက်သွားလေသည်။

‘ကဲ သော့တစ်လုံးတော့ ပွင့်သွားပြီ။ နောက်တစ်လုံးပဲ ကျန်တယ်’

ဤတစ်ကြိမ်တွင်မူ ထက်ပိုင်သည် သူတစ်ဦးတည်း မတတ်နိုင်တော့ဘဲ အခြား လူငယ်နှစ်ယောက်က သူ၏ တံတောင်နှစ်ဘက်ကို နံဘေးမှ အားကူ တွန်းပေးလိုက်ပါမှ ဂျလောက်ကနဲ အသံကြီး မြည်ဟိန်းကာ ဒုတိယမြောက်သော့ခလောက်ကြီးလည်း သွင်သွင်ကျိုးပြီး ပွင့်ထွက်သွားတော့သည်။ သံဗန်းတံခါးပွင့်သွားလျှင် မစိုးစိုးမေလည်း လက်ထဲတွင်ပါလာသော သော့တွဲနှင့် သစ်သားတံခါးကို ဖွင့်လိုက်ရာ တံခါးမှာ အလွယ်တကူပင် ပွင့်သွားလေသည်။

မစိုးစိုးမေသည် တံခါးပွင့်သွားသည်နှင့် ဒေါက်တာဦးရေချမ်းပြောခဲ့သော အဆိပ်ငွေ့အကြောင်းကို သတိရသဖြင့် အသက်ပင်ပြင်းပြင်းမရှူရဲဘဲ ၀င်လေထွက်လေကို အသာမျှင်းကာ ရှူနေမိသည်။ ထိုသို့ရှူနေရင်းမှ တစုံတရာကို သတိထားမိသွား၏။

‘ဟင်.. ဘာနံ့ကြီးလဲ...’

သူတို့အားလုံး၏ နှာခေါင်းများထဲသို့ ချိုအီမွှေးကြိုင်သော အနံ့တမျိုးက တိုး၀င်လာသည်။ အိန္ဒိယ အမွှေးတိုင် အနံ့မျိုး။ သို့သော် ဘုရားစေတီများပေါ်တွင် ထွန်းလေ့ရှိသည့် အမွှေးတိုင်အနံ့မျိုးတော့မဟုတ်ချေ။ ဖော်ပြရခက်သည့် ရနံ့တစ်မျိုးဖြစ်လေသည်။ ထိုအနံ့သည် သူတို့အားလုံးကို အခန်းတွင်းသို့ ၀င်လာရန် ညှို့ယူဆွဲဆောင်နေသည့်နှယ်ရှိတော့၏။

တချိန်တည်းမှာပင် တံခါးပွင့်သွားသဖြင့် တိုက်ခန်းထဲမှ ခွေးဟောင်သံကြီးနှင့် သံပြားများကို ထုရိုက်နေသည့် အသံကြီးများက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာနေလေတော့သည်။

‘.. ၀ုတ် ၀ုတ် ၀ုတ်….’

‘ဒုန်း ဒုန်း ဒုန်း… ဂျိန်း ဂျိန်း ဂျိန်း….’

……………………………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..