
သံသေတ္တာကြီး
တံခါးပွင့်သွားလျှင် တိုက်ခန်းထဲမှ ခွေးဟောင်သံကြီးနှင့် သံပြားများကို ထုရိုက်နေသည့် အသံကြီးများက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာနေသည်။
‘.. ၀ုတ် ၀ုတ် ၀ုတ်….’
‘ဒုန်း ဒုန်း ဒုန်း… ဂျိန်း ဂျိန်း ဂျိန်း….’
တချိန်တည်းမှာပင် အခန်းတွင်းမှ စူးရှပြီး ချိုအီမွှေးကြိုင်သော အိန္ဒိယ အမွှေးနံ့သည် သူတို့အားလုံးကို အခန်းတွင်းသို့ ၀င်လာရန် ဆွဲဆောင်နေခဲ့သည်။ အားလုံးထဲတွင် သတ္တိကောင်းသော ထက်ပိုင်က သော့ခလောက်ဖျက်ခဲ့သော သံခွကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှေ့ဆုံးမှာ ၀င်သွားလိုက်၏။ သူ့နောက်မှ အခြားလူငယ်သုံးယောက်က ကပ်လျက်လိုက်ပါသွားသည်။ လူကြီးအုပ်စုက နောက်ဆုံးမှ လိုက်၀င်လာခဲ့လေသည်။
အခန်းထဲတွင် မှောင်မနေဘဲ အိမ်ရှေ့ပြတင်းပေါက်မှ ထိုးကျနေသော နေရောင်ကြောင့် အလင်းရောင် ကောင်းစွာရနေသည်။ တိုက်ခန်းမှာ ဆယ့်ငါးပေ ပေခုနစ်ဆယ် အခန်းမျိုး ဖြစ်သောကြောင့် အတော်အသင့် ကျယ်ဝန်းပြီး အရှေ့အနောက်လည်း အတော်ပင် ရှည်လျားလေသည်။ တိုက်ခန်းအတွင်းသို့ ဝင်လိုက်လျှင် ဧည့်ခန်းသို့ ရောက်သွားကြသည်။ တိုက်ခန်းကြမ်းပြင်ကို မွေးပွ ကော်ဇောကြီးများ ခင်းထား၏။ နံရံများပေါ်တွင်မူ ထူးဆန်းသော ပစ္စည်းများကို အပြည့်ချိတ်ဆွဲထားသည်။ သစ်သား သစ်ခက်များဖြင့် လုပ်ထားသော အိပ်မက်ဖမ်းသည့် အဆောင်လက်ဖွဲ့ပစ္စည်း နှစ်ခု သုံးခု တွေ့ရသည်။ ပန်းချီကားများမှာမူ ကိုးကား ဆယ်ကားလောက်ပင် ရှိလိမ့်မည်။ အရွယ်စုံ ပုံစံစုံနှင့် ပန်းချီကားများ။ နတ်သား နတ်သမီးပုံများ၊ စေတီပုထိုးအချို့၏ ပုံများ၊ တချို့ပန်းချီကားများတွင်မူ ရှေးဟောင်း ကုန်းဘောင်ခေတ်ဦးပိုင်းမှ မိသားစုများ၏ ပုံများ စသည်ဖြင့် စုံလင်လှလေသည်။ အိမ်ဦးပိုင်း အခန်းထောင့်တွင်မူ ဘုရားစင် ရှိသည်။ ဘုရားစင်ပေါ်တွင် နတ်ရုပ်များ၊ ၀ိဇ္ဇာဓိုရ်တို့၏ ဓာတ်ပုံများကို အစီအရီထောင်ထားလေသည်။ ထက်ပိုင် ဦးဆောင်သော အဖွဲ့ထဲမှ လူငယ်အချို့မှာ အခန်း၏ ပြင်ဆင်ထားပုံကို တွေ့ရလျှင် ကြောက်ဒူးများ တုန်လာကြသည်။ နေ့ခင်းကြောင်တောင် လူအများကြီးနှင့် ဖြစ်သော်လည်း သူတို့မှာ ကျောထဲတွင် စိမ့်နေအောင် ကြောက်နေကြလေသည်။
ထက်ပိုင်သည် ရှေ့ဆုံးမှ နေပြီး ဧည့်ခန်းပတ်ပတ်လည်ကို အမြန်ကြည့်လိုက်သည်။ ထိုစဉ်မှာပင် အခန်းမျက်နှာကျက်မှ တွဲလောင်းချိတ်ထားသော ရုပ်သေးရုပ်များကို သူ့ပခုံးစောင်းနှင့် တိုက်မိသွား၏။ ထူးဆန်းသည်မှာ ထိုရုပ်သေးရုပ်များ၏ မျက်နှာများပေါ်တွင် သင်္ကန်းစကဲ့သို့သော အညိုရောင်အ၀တ်စ လေးများဖြင့် ဖုံးကွယ်ပေးထားခြင်းပင်။ ထက်ပိုင်၏ ပခုံးနှင့် ဝင်တိုက်မိလျှင် ဘီလူးရုပ်တစ်ရုပ်၏ မျက်နှာပေါ်မှ အဝတ်စမှာ အောက်သို့ လျှောကျသွားသည်။ ထက်ပိုင် လှည့်ကြည့်လိုက်လျှင် ဘီလူးရုပ်သေးရုပ်၏ မျက်လုံးများက သူ့ကို ပြန်လည် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ဘီလူးရုပ်သည် သစ်မဉ္ဇူသားနှင့် ထုလုပ်ထားခြင်းဖြစ်ပြီး တတောင်ကျော်မျှ အရွယ်ရှိသည်။ ရောင်းတမ်း လုပ်ထားသည့် ရုပ်သေးရုပ်မျိုးမဟုတ်ဘဲ တကယ့်ပွဲတက် ရုပ်သေးရုပ်အကောင်းစား ဖြစ်ပုံရလေသည်။ အဆက်အပေါက်များမှာ သဘာ၀နှင့် အလွန်နီးစပ်လှသည်။ ဘီလူးရုပ်၏ အစွယ်များမှာ အပြင်သို့ ငေါထွက်နေသည်။ မျက်လုံးကြီးနှစ်လုံးမှာ ပြူးထွက်နေပြီး နီရဲကာ ပက်ကြားအက်များပင် ထနေသည်။ ကြည့်ရသလောက် နှစ်ပေါင်းရာနှင့်ချီပင် ရှိပုံရမည့် ရှေးဟောင်း ဘီလူးရုပ်တစ်ရုပ်ပင်။ လူငယ်၏ မျက်လုံးများနှင့် ဘီလူးရုပ်၏ မျက်လုံးတို့ ဆုံမိသွားကြသည်။ ထိုသို့ မျက်လုံးချင်း ဆုံစည်းသွားသည်မှာ စက္ကန့်ပိုင်းမျှလေးပင် ကြာလိုက်သော်လည်း ထက်ပိုင်၏ စိတ်ထဲတွင် အဆိုပါ ဘီလူးရုပ်သည် တကယ်အသက်ရှိသော ဘီလူးတစ်ကောင်ဟု အထင်ရောက်သွားလေသည်။ အယူလုံး၀မသည်းတတ်သော ထက်ပိုင်သည်ပင် ကိုယ့်ကိုယ်ကို ပြန်အံ့သြမိသွားသည်။ ထို့နောက် သူသည် ကပျာကယာ အဝတ်စကို ပြန်ကောက်ပြီး ဘီလူးရုပ်၏ မျက်နှာပေါ်တွင် အမြန်ပြန်အုပ်ပေးလိုက်မိသည်။ ထိုသင်္ကန်းစသည် ဘီလူးရုပ်နှင့် အခြားအရုပ်များ၏ မျက်လုံးများပေါ်တွင် အဘယ်ကြောင့် ဖုံးအုပ်ထားရသည်ကို ထိုအချိန်က ထက်ပိုင် မသိခဲ့ချေ။ နောက်ပိုင်း သူသိခဲ့ရသောအချိန်တွင်မူ အလွန်ပင် နောက်ကျသွားခဲ့လေပြီ။
ရှေ့မှ ဦးဆောင်ကာ ၀င်လာကြသော လူငယ်များ၏ လက်ထဲတွင် သော့ဖျက်စဉ်က သုံးခဲ့သော တူများ၊ သံခွများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့ကြလေသည်။ ခွေးဟောင်သံသည် အဆက်မပြတ်ထွက်ပေါ်နေသဖြင့် အဆိုပါခွေးသည် အစာငတ်ပြီး ကြမ်းတမ်းခက်ထန်နေမှာ သေချာပေသည်။ ထို့ထက်ဆိုးသည်မှာ ခွေးရူးပြန်နေသော ခွေးဖြစ်ခဲ့လျှင် သူတို့အားလုံးကို အကြောင်းမဲ့ ကိုက်ဖဲ့ပေလိမ့်မည်။
‘ငါ့လူတို့ ခွေးတော့ အကိုက်မခံကြနဲ့ဟေ့နော်။ ခွေးရူးရောဂါက ဖြစ်ပြီဆိုရင် ကုဖို့ ဆေးမရှိဘူး။ ကာကွယ်ဆေးတော့ ရှိတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်လို့မရှိဘူးကွ’
ဒေါက်တာရေချမ်းက နောက်မှနေပြီး သတိပေးလိုက်သည်။
‘ဝုတ် ဝုတ် ဝုတ် ဝုတ်’
တရစပ်ထွက်ပေါ်နေသော ခွေးဟောင်သံကြီးမှာ တိုက်ခန်း၏ နောက်ဖေးဘက်မှ လာခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ ဧည့်ခန်းနှင့် အိမ်နောက်ဖေးကို အိန္ဒိယအဆင်လိုက်ကာများဖြင့် ကာရန်ထားလေရာ အိမ်ရှေ့ဧည့်ခန်းမှ လှမ်းကြည့်လျှင် တိုက်ခန်းတစ်ခန်းလုံးကို တောက်လျှောက် မမြင်နိုင်ဘဲ ရှိလေသည်။
လူငယ်ခေါင်းဆောင် ထက်ပိုင်မှာ တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ လိုက်ကာစများကို ဘေးသို့ဆွဲဖယ်ကာ တိုက်ခန်း နောက်ဘက်သို့ ဝင်သွားလိုက်သည်။ တစ်ယောက်ပြီး တစ်ယောက် ထက်ပိုင်၏ နောက်သို့ လိုက်သွားကြလျှင် ခဏအတွင်းမှာပင် အဖွဲ့သားများအားလုံး လိုက်ကာတစ်ဘက်ခြမ်းသို့ ရောက်လာကြလေသည်။
နောက်ဆုံးမှ လိုက်ကာကိုဖယ်ပြီး တိုက်ခန်းအတွင်းပိုင်း ရောက်လာသူ ဦးမောင်သင်မှာ သူ့ရှေ့မှ ဝင်သွားကြသော လူအားလုံး ကျောက်ရုပ်ကြီးများလို တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်ကို တွေ့လိုက်ရလေ၏။ ထိုသူများအားလုံးမှာ အခန်းတွင်းရှိ နေရာတစ်နေရာကို စိုက်ကြည့်နေကြသည်။ နောက်ဆုံးဝင်လာသော ကျောင်းဆရာကြီးမှာလည်း တစ်ဖွဲ့လုံး စိုက်ကြည့်နေကြသော နေရာသို့ လှမ်းကြည့်လိုက်လျှင် -
ဧည့်ခန်းလိုက်ကာ၏ နောက်ဘက် တိုက်ခန်းအတွင်းပိုင်းတွင် နေရောင် တိုက်ရိုက်မရသောကြောင့် အတန်ငယ် မှောင်မဲနေသည်။ ခေါင်းရင်းခြမ်း နံရံနှင့် ကပ်လျက်တွင် သစ်သားကုတင်တစ်လုံးကို တွေ့ရသည်။ ထိုကုတင်ပေါ်တွင်ကား အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီး ယောကျ်ားကြီးတစ်ဦးသည် တင်ပျဉ်ခွေလျက် ငုတ်တုတ်ကြီး ထိုင်နေလေသည်။ ထိုလူကြီး၏ မျက်လုံးများမှာ ပိတ်နေကြပြီး သူ့ကိုကြည့်ရသည်မှာ တရားထိုင်နေသည့်နှယ် ရှိလေသည်။
သူ့ကုတင်ခြေရင်း ကြမ်းပေါ်တွင်မူ သံသေတ္တာကြီးတစ်လုံးရှိပြီး ခွေးဟောင်သံမှာ ထိုသေတ္တာကြီးထဲမှ ထွက်ပေါ်နေခြင်းပင် ဖြစ်လေ၏။ ဒေါက်တာဦးရေချမ်းမှာ သတိကြီးစွာထားပြီးလျှင် ကုတင်ပေါ်ရှိ ပုဂ္ဂိုလ်ကြီးကို လှမ်းအော်ပြောလိုက်သည်။
‘ဗျို့ အစ်ကိုကြီး၊ အစ်ကိုကြီး။ ကျွန်တော်တို့ ပြောတာ ကြားသလားဗျ’ ဟု ခွေးဟောင်သံကြီးကို ဖုံးလွှမ်းအောင် မနည်းအော်ပြောရလေသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ တုတ်တုတ်မျှမလှုပ်လျှင် ဦးရေချမ်းလည်း မစိုးစိုးမေကို လှည့်ကြည့်လိုက်သည်။
‘ဆရာ။ ဒါ ကျွန်မပြောတဲ့ ဦးသိဒ္ဓိဆိုတာပဲ’
‘ဦးသိဒ္ဓိ။ ဗျို့ ဦးသိဒ္ဓိ’ ဒေါက်တာ ဦးရေချမ်း ထိုလူကြီး၏ နာမည်ကိုခေါ်ပြီး သူ့အနားသို့ ချဉ်းကပ်သွားကာ ဦးသိဒ္ဓိ၏ ပခုံးတစ်ဘက်ကို အသာလှုပ်ပြီး အသိပေးလိုက်သည်။ သို့သော် ဦးသိဒ္ဓိကား ကျောက်ဆစ်ရုပ်ထုကြီးလို ငြိမ်သက်စွာ ရှိမြဲရှိနေသည်။ ထိုအခါ ဒေါက်တာဦးရေချမ်းက သူ့လူများကို လှည့်ပြီး ပြောလေသည်။
'နှိုးမရဘူးဆိုတော့ တရားထိုင်နေတာ ဟုတ်ပုံမရဘူး။ ဆေးတစ်မျိုးမျိုး မိနေတာထင်တယ်။ ဆေးရုံပို့ရလိမ့်မယ်။ လောလောဆယ်တော့ လာရင်းကိစ္စဖြစ်တဲ့ ဒီ သံသေတ္တာထဲက ခွေးကို အရင်ထုတ်ရအောင်'
‘သေတ္တာကြီးက သော့ခတ်ထားတယ်ဆရာ’
သူတို့အားလုံးကြည့်လိုက်ကြရာ သံသေတ္တာကြီးမှာ ယခင်သံဗန်းတံခါးကို ခတ်ထားသော ကြေးနီသော့ခလောက်ကြီးမျိုးနှင့် ခတ်ထားသည်ကို တွေ့လိုက်ရပြန်သည်။
‘ဘယ်လိုလူမျိုးကများ ခွေးကို သံသေတ္တာထဲ သော့ထည့်ခတ်ထားပါလိမ့်’
ဦးမောင်သင်က မေးခွန်းထုတ်လိုက်သည်။
‘ဖွင့်လို့ဖြစ်ပါ့မလား။ တော်ကြာ အန္တရာယ်ရှိတဲ့ ခွေးရူးမျိုး ဖြစ်နေမှဖြင့်’ ကိုကျော်သစ်က ၀င်ထောက်သည်။ သူတို့အားလုံးသည် ရပ်ကွက်လူကြီး ဒေါက်တာဦးရေချမ်းကို ၀ိုင်းကြည့်လိုက်ကြသည်။ ဦးရေချမ်း ဆုံးဖြတ်ရပေတော့မည်။
‘ကျွန်တော်တို့မှာ လူစုတော့ တောင့်တာပဲ။ ဟေ့ မောင်ထက်ပိုင်နဲ့ ကောင်လေးတွေ၊ မင်းတို့ ခွေးတစ်ကောင်လောက်တော့ ထိန်းနိုင်တယ်မဟုတ်လား’
သူတို့လေးယောက် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။ သူတို့လက်ထဲတွင်တော့ လက်နက်ကိုယ်စီကိုင်ထားကြလေသည်။
‘ခွေးက ထိန်းမရရင်တော့ ၀ိုင်းရိုက်ရမှာပဲ။ ယောကျ်ားလေး လေးယောက်တောင် ရှိနေတော့ နိုင်လောက်တယ်။ ကြိုးကွင်းတစ်ခုတော့ လိုမယ်။ ခွေးလည်ပင်းကို စွပ်ဖမ်းရအောင်။ ဟေ့ ထွန်းကျော်။ မင်းခွေးရူးဖမ်းဖူးတယ်မဟုတ်လား’
ထက်ပိုင် သူ့နောက်လိုက် လူငယ်တစ်ယောက်ကို မေးလိုက်သည်။ အသားညိုညို ဂင်တိုတို ဗလကောင်းကောင်းနှင့် ထွန်းကျော်က ခေါင်းညိတ်ပြသည်။
‘ကိုထက်ပိုင်၊ ခဏလေး ကျွန်တော် မီးဖိုချောင်ထဲမှာ ကြိုးခွေသွားရှာလိုက်ဦးမယ်။’
‘အေး သွားရှာ၊ ငါတို့ ဒီသော့ခလောက်ကို ဖျက်ထားနှင့်မယ်’
ထက်ပိုင်တို့ ကြေးနီသော့ခလောက်ကြီးကို ကြိုးစားဖွင့်နေကြစဉ် ထွန်းကျော်က မီးဖိုချောင်ထဲသို့ ၀င်သွားပြီး ကြိုးခွေလုပ်ရန် ပစ္စည်းသွားရှာနေသည်။ မစိုးစိုးမေမှာ အားလုံး၏ နောက်တွင် ပုန်းကာ ချောင်းကြည့်နေရ၏။
‘မစိုးစိုးမေ။ အောက်ထပ်ပြန်ဆင်းပြီး စောင့်ချင်စောင့်လေ။ ကျွန်တော်တို့ ဒီမှာ လူစုံနေပြီပဲ’
ဦးမောင်သင်က ပြောလိုက်လျှင် မစိုးစိုးမေသည် ခေါင်းရင်းတွင် ငုတ်တုတ်ကြီးထိုင်နေသော ဦးသိဒ္ဓိကို လှမ်းကြည့်လိုက်ပြီး -
‘ကျွန်မ သွားလို့မဖြစ်သေးဘူး။ ဦးသိဒ္ဓိနိုးလာရင် သူနဲ့ ပြောဖို့ဆိုဖို့ လိုချင်လိုမှာ။ သူက တကယ်တော့ ကျွန်မကို ဒီအခန်း အပ်သွားတာပဲ’
‘အစ်မရယ် - ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ။ သူက အပြင်သွားတာလဲမဟုတ်ဘူးလေ။ ဒီမှာ ငုတ်တုတ်ကြီးထိုင်နေတာ။ အစ်မမှာ ဘာမှတာ၀န်မရှိဘူး။ သူ့ပြဿနာ သူရှင်းရမှာပဲ’
ကိုကျော်သစ်က ၀င်ပြောလိုက်သည်။
‘ဟုတ်ကဲ့ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကိစ္စပြတ်တဲ့အထိ စောင့်ပါ့မယ်။ ခုနက ဆရာဦးရေချမ်းပြောတော့ ဦးသိဒ္ဓိကို ဆေးရုံပို့ချင်ပို့ရမယ်ဆိုတယ်မဟုတ်လား။ အဲဒါတော့ ကျွန်မ ပါမှဖြစ်မယ်ရှင့်’
‘ကောင်းပါပြီ မစိုးစိုးမေ။ ဒါဆိုလည်း ခပ်လှမ်းလှမ်းက စောင့်ပါ။ ခွေးက လွတ်ထွက်လာရင် ပြောလို့မရဘူးဗျ’
‘ဟုတ်ကဲ့ ဆရာဦးမောင်သင်။ ကျေးဇူးတင်ပါတယ်ရှင့်’
ထိုစဥ်မှာပင် မီးဖိုချောင်ထဲမှ ထွန်းကျော် ပြန်ထွက်လာသည်။
‘ကိုထက်ပိုင်။ ဒီမှာ ဂုန်နီကြိုးတွေကို ကျွန်တော် ကြိုးထူထူ ထုံးပြီး အမြန်ကျစ်လာလိုက်တယ်။ ဒီလောက်ဆိုရင်တော့ ခိုင်မယ်ထင်တယ်’
ထက်ပိုင် သော့ဖျက်နေရာမှ ရပ်ပြီး ကြိုးကွင်းကို စစ်ဆေးသည်။
‘အင်း ရလောက်ပါတယ်။ ခွေးရူးတာ သေချာရင်တော့ ငါတို့ ဒီမှာပဲ ရိုက်သတ်ရမှာနော်’
ဦးမောင်သင်က မစိုးစိုးမေကို ဖြစ်ပါ့မလား ဟူသော အမူအရာနှင့် လှမ်းကြည့်သည်။ မစိုးစိုးမေက လက်ကာပြကာ ခေါင်းညိတ်ပြ၏။ ဖြစ်ပါတယ် ဟူသည့်သဘော။
ထို့နောက် လူငယ်များသည် တူများ ခွများဖြင့် ငါးမိနစ်မျှကြာအောင် ကြိုးစားလိုက်လျှင် သော့ခလောက်ကြီးမှာ ပြုတ်ထွက်သွား၏။ အတွင်းမှ တိရစ္ဆာန်မှာ ပို၍ ဟောင်သံပြင်းလာပြီး သံသေတ္တာကို အတွင်းမှ တဒုန်းဒုန်း ဆောင့်ကာ တိုက်ကာနှင့် ရုန်းကန်နေလေတော့သည်။
‘နေဦး သေတ္တာကို ဖြည်းဖြည်းဖွင့်။ တော်ကြာ အကိုက်ခံရနေရဦးမယ်’ ဦးရေချမ်းက ထပ်မံပြီး သတိပေးလိုက်ပြန်သည်။
ထက်ပိုင်က သံသေတ္တာအဖုံးကိုမပြီး ဖွင့်မည်ပြုလျှင် ကျန်လူငယ်နှစ်ယောက်က လက်ထဲရှိ တူ၊ ခွတံ၊ ပလိုင်ယာတို့ကို တင်းတင်းဆုပ်ကာ အသင့်အနေအထားနှင့် စောင့်နေကြသည်။
ခေါင်းဆောင်လူငယ် သေတ္တာအဖုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ယခုလေးတင် ခုန်ပေါက်ရုန်းကန်သောင်းကျန်းနေခဲ့သော တိရစ္ဆာန်မှာ သံသေတ္တာအဖုံး ပွင့်သွားလျှင်မူ လှုပ်ရှားမှု တစ်စုံတရာ မပြုတော့ဘဲ ရုတ်တရက် ငြိမ်သက်သွားပြီး တချိန်လုံး အဆက်မပြတ်ထွက်နေခဲ့သော ခွေးဟောင်သံကြီးသည်ပင်လျှင် ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တိတ်ဆိတ်ရပ်တန့် သွားလေ၏။ သေတ္တာအဖုံးကို ကိုင်လျက်ဖွင့်ထားသော ထက်ပိုင် ခေါင်းကိုရှေ့တိုးပြီး သေတ္တာအတွင်းပိုင်းသို့ လှမ်းငုံ့ကြည့်လိုက်လျှင် -
‘ဖရူး’
‘အား’
သေတ္တာအတွင်းမှ မည်းနက်သောအရောင်အဆင်းရှိသည့် သတ္တဝါတစ်မျိုး ဝုန်းကနဲ ခုန်ထွက်လာ၏။ ထက်ပိုင် ကိုင်ထားသော သေတ္တာဖုံးကို လွှတ်ပြီး အနောက်သို့ ခုန်ရှောင်လိုက်သည်။ ဂုန်နီကြိုးကွင်းကို ကိုင်ထားသော ထွန်းကျော်လည်း သတ္တ၀ါကို ကြိုးကွင်းစွပ်မဖမ်းနိုင်လိုက်ဘဲ ပါးစပ်အဟောင်းသားနှင့် ကြောင်ပြီးသာ ကြည့်နေနိုင်တော့သည်။
‘အလို ဘုရားဘုရား’
မစိုးစိုးမေ ခြောက်ခြားစွာနှင့် ဘုရားတမိလေသည်။ ထိုအကောင်မှာ သေတ္တာထဲမှ ခုန်ထွက်ပြီး မျက်နှာကျက်ပေါ်တွင် သွားကပ်နေသည်။ သေချာကြည့်လိုက်လျှင်မူ ထိုသတ္တဝါမှာ အခြားမဟုတ်ဘဲ အရွယ်ပမာဏ အလွန်ကြီးမားလှသော လင်းနို့ကြီးတစ်ကောင် ဖြစ်နေလေသည်။ ဧရာမ လင်းနို့ကြီး၏ ကိုယ်လုံးမှာ နွားပေါက်တစ်ကောင်လောက် ရှိနေပြီး တောင်ပံကြီးနှစ်ဘက်မှာ ဖြန့်လိုက်ပါက တဘက်လျှင် အနည်းဆုံး သုံးလေးပေမျှပင် အလျားရှိပေလိမ့်မည်။
လင်းနို့ကြီးသည် မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးကြီးရှိနေရာမှ ကြီးမားလှသော ပါးစပ်ကြီးကို ဟလိုက်လျှင် ဖြူဖွေးချွန်ထက်သော အစွယ်ကြီးများကို တွေ့လိုက်ရသည်။ ၄င်း၏ နှုတ်သီးမှာ ခွေးမျက်နှာကဲ့သို့ ရှည်လျားပြီး ထိပ်ပိုင်းမှာမူ ၀က်နှာနုကဲ့သို့ အပေါ်လန်တက်နေသည်မှာ ကြောက်လန့်ဖွယ်ကောင်းသည့်အပြင် အော်ဂလီဆန်စရာကြီး ဖြစ်နေတော့သည်။ ထို့နောက်တွင်မူ မစိုးစိုးမေတို့ အားလုံး ရက်အတော်ကြာအောင် ကြားခဲ့ရသော ‘ဝုတ် ၀ုတ် ဝုတ်’ ဟူသည့် ခွေးဟောင်သံကြီးမှာ ထိုလင်းနို့ကြီး၏ ပါးစပ်တွင်းမှ ပေါ်ထွက်လာခဲ့လေသည်။
ထိုစဉ်မှာပင် ထက်ပိုင်သည် အံ့သြထိတ်လန့်နေသည့်ကြားမှ မျက်နှာကျက်တွင် တွယ်နေသော လင်းနို့သတ္တဝါကြီးကို လက်ထဲရှိသံခွနှင့် ကောက်ပေါက်လိုက်လေသည်။ သံခွက လင်းနို့ကြီး၏ ဦးခေါင်းတည့်တည့်ကို ဒုတ်ကနဲ ထိမှန်လေလျှင် ပါးစပ်မှ ခွေးဟောင်သံ ထွက်သော လင်းနို့ကြီးလည်း မျက်နှာကျက်မှ ကြမ်းပြင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားလေ၏။
ဧရာမ လင်းနို့ကြီးမှာ စက္ကန့်အနည်းငယ်မျှကြာအောင် ကြမ်းပေါ်တွင် လူးလှိမ့်နေရာမှ အတောင်တဖျတ်ဖျတ်ခတ်ပြီး မျက်နှာကျက်ဆီသို့ ပျံတက်ပြန်လေသည်။ နောက်လူငယ်တစ်ယောက်က လက်ထဲတွင် ကိုင်ထားသော တူကြီးနှင့် လှမ်းပစ်ပေါက်ပြန်သည်။ သို့သော ဤတစ်ကြိမ်တွင်မူ လင်းနို့ကို မထိမှန်ပဲ ပစ်ချက် လွဲချော်သွားခဲ့သည်။
‘ဝုတ် ဝုတ် ဝုတ်’
လင်းနို့ကြီးမှာ တဝုတ်ဝုတ် ဟောင်ရင်း အခန်းလိုက်ကာကို ဖြတ်ကာ ဧည့်ခန်းသို့ ရောက်သွားသည်။
‘လိုက်ဖမ်း လိုက်ဖမ်း’
ဒေါက်တာဦးရေချမ်း အော်ဟစ်ပြီး ဧည့်ခန်းသို့ အပြေးလိုက်၏။ လူအုပ်၏ နောက်ဆုံးတွင် ရှိနေသော မစိုးစိုးမေမှာ ဧည့်ခန်းနှင့် အနီးဆုံးနေရာတွင် ရှိနေလေသည်။ သူမသည် ခါးကို ကုန်းကာ ခေါင်းပေါ်တွင် လက်နှစ်ဘက်ကို အုပ်ထားရင်းမှ တိုက်ခန်းအိမ်ရှေ့ ပြတင်းပေါက်များ ပွင့်နေသည်ကို မြင်လိုက်ရသည်။
‘မလွတ်စေနဲ့’ ဒေါက်တာဦးရေချမ်း၏ အသံနက်ကြီးမှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ ဤလင်းနို့ကြီး လွတ်သွား၍ မဖြစ်ချေ။ ဤအကောင်ကြီးသည် ဘာကောင်ကြီးမှန်း သူတို့အားလုံး မသိကြ။ ဘာကြောင့် သံသေတ္တာကြီးထဲတွင် ထည့်ပြီး လှောင်ပိတ်ထားမှန်းလည်း သူတို့အားလုံးမသိကြချေ။ ခွေးရူးဖြစ်လျှင်ပင် လွတ်သွားမည်ကို စိုးရိမ်ခဲ့ကြသော ဦးရေချမ်းတို့ လူစုသည် ယခုအခါ ဘာသတ္တ၀ါမှန်း သေချာမသိသော လင်းနို့သတ္တ၀ါကြီး လူ့လောကထဲ လွတ်မြောက်သွားမည့်အဖြစ်ကို လုံး၀အလိုမရှိကြချေ။ အဆိုးဆုံးမှာ ထိုအကောင်ကြီးသည် ကောင်းကင်ထဲတွင် ပျံသန်းနိုင်ခြင်းပင်။ ယခု မမိပါက နောင် ဖမ်းမိဖို့မှာ မလွယ်တော့ချေ။ ဖမ်းမမိရုံမက ဤအခန်းထဲမှ ထွက်ပြီးလျှင် မည်သည့်နေရာသို့ ရောက်သွားမည်ကိုလည်း ဘယ်သူမျှ အတတ်မပြောနိုင်ချေ။ ကမ္ဘာပေါ်ရှိ ဘယ်နေရာကိုမဆို ပျံသန်းသွားပြီး အန္တရာယ်များ ပေးကောင်း ပေးနိုင်ပေလိမ့်မည်- မည်သည့် အန္တရာယ် မည်သည့်ရောဂါများကို ဖြန့်ဖြူးပေးနိုင်မည် ဆိုသည်ကိုကား ဘုရားသာလျှင် သိပေလိမ့်မည်တည်း။
မစိုးစိုးမေ ပြတင်းပေါက်တစ်ပေါက်ကို ပြေးပိတ်လိုက်သည်။ လင်းနို့ကြီးမှာ အစွယ်ကြီးများကို ဖြဲပြီး ခေါင်းကြီးမှာ ချာချာလည်နေ၏။ အကောင်ကြီးသည် ဧည့်ခန်းထဲတွင် တဖျတ်ဖျတ် ပျံသန်းနေသည်။ ခေါင်းကို သံခွကြီးနှင့် အပစ်ခံထားရသဖြင့်လည်း အနည်းငယ် မူးဝေနေပုံရသည်။ဒေါက်တာရေချမ်း ကျန်သေးသော ပြတင်းပေါက်နှစ်ပေါက်ကို ပိတ်ရန် ပြေးသွားစဉ် ဧည့်ခန်းထိုင်ခုံတစ်လုံးနှင့် တိုက်မိပြီး ဟပ်ထိုးလဲကျသွားသည်။ ခေါင်းပြန်မော့ကြည့်လိုက်လျှင် သူ့ခေါင်းပေါ်မှ ဖြတ်ပျံသွားသော လင်းနို့ကြီးကို မြင်လိုက်သည်။ သူ့ကိုယ်သူ အမြန်ပြန်ထူပြီး လင်းနို့ကြီး၏ အတောင်တစ်ဘက်ကို လက်နှင့် လှမ်းဆွဲသည်။ အတောင်တစ်ဘက် နိမ့်ကျပြီး လင်းနို့ကြီး အောက်သို့ ထိုးဆင်းလာသည်။ အတောင်ပံကြီးများမှာ သားရေပြားအချပ်ကြီးများနှင့် ဆင်တူနေသည်။ အတောင်ပံကြီးများ၏ ထိပ်တွင် သေးငယ်သော်လည်း ရှည်လျားသော လက်ချောင်းကြီးများရှိနေ၏။ ထိုလက်ချောင်းကြီးများမှ အရွတ်ကြောကြီးများသည် အပြားလိုက်ရှိသော တောင်ပံကြီးများတလျှောက် သစ်မြစ်ကြီးများလို အကိုင်းအခက်များဖြာပြီး ပြန့်ထွက်နေကြသည်။
‘အား’
ဒေါက်တာဦးရေချမ်း၏ အသည်းခိုက်အောင် နာကျင်စွာ အော်ဟစ်လိုက်သံကြီး။ ရပ်ကွက်လူကြီး ဆရာဝန်၏ လက်ချောင်းများ အလွန်နာကျင်သွားသဖြင့် လင်းနို့ အတောင်ပံကြီးကို လွှတ်ပေးလိုက်ရ၏။ လင်းနို့ကြီးက သူ့အတောင်ပံကို ဖမ်းဆုပ်ထားသော ဦးရေချမ်း၏ လက်ချောင်းများကို ကိုက်သွားသောကြောင့်ပင်။ ကံကောင်းသဖြင့် လက်ချောင်းများ ပြတ်ထွက်မသွားဘဲ လက်ဖမိုးပေါ်တွင်သာ အပေါက်ရာများ ကျန်ရစ်လေသည်။ ထိုဒဏ်ရာက ဒေါက်တာဦးရေချမ်း၏ ဘ၀ကို ပြောင်းလဲပစ်လိုက်မည်ဟူ၍ကား ထိုစဥ်က မည်သူမျှ မထင်မိခဲ့ကြချေ။ ထိုဒဏ်ရာကြောင့် တည်ငြိမ်အေးဆေးနေခဲ့သော ဦးရေချမ်း၏ ဘ၀တစ်ခုလုံး ကပြောင်းကပြန် ပျက်စီးသွားလိမ့်မည်ဟုလည်း မည်သူမျှ မသိခဲ့ကြပါချေ။ ဆရာ၀န်သည် သူ၏ လက်ကို ဆုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်တွင် ခွေကျသွားရှာသည်။
‘ကောင်လေးတွေ လိုက်ဖမ်းပါဟ… ဒီကောင်ကြီး လွတ်သွားလို့မဖြစ်ဘူး’
ထက်ပိုင်နှင့် လူငယ်များသည် အတွင်းခန်းထဲမှ လျင်မြန်စွာ ခုန်ပျံကျော်လွှားပြီး ထွက်လာကြသော်လည်း နောက်ကျသွားခဲ့ချေပြီ။ လင်းနို့ကြီးသည် ယခုအခါ ပွင့်နေသော ပြတင်းဘောင်တစ်ခုပေါ်သို့ ရောက်သွားပြီဖြစ်သည်။ သူ၏ အတောင်ပံထိပ်ရှိ လက်သည်းချွန်များပေါက်နေသော လက်နှစ်ဘက်က ပြတင်းဘောင် တဘက်တချက်စီကို ဆုပ်ကိုင်ထားလျက်ရှိပြီ။ ခွေးဟောင်သံထွက်သော လင်းနို့ကြီးသည် သူ၏ ဦးခေါင်းကြီးကို လူငယ်များဘက်သို့ လည်ပြန်လှည့်ကာ အစွယ်ကြီးများကို ဖွေးတက်သွားအောင် မာန်ဖီပြလိုက်၏။
ခေါင်းဆောင်ဖြစ်သူ ထက်ပိုင်မှ လွဲပြီး ကျန်သော လူငယ်များသည် ကြောက်လန့်သဖြင့် ဆက်မလိုက်၀ံ့တော့ပဲ ရပ်တန့်လိုက်ကြသည်။ ထက်ပိုင်တစ်ယောက်သာ လဲကျနေသော ဦးရေချမ်းကို ခုန်ကျော်ကာ လင်းနို့ကြီး၏ နောက်ခြေတဘက်ကို လှမ်းဆွဲလိုက်သည်။ သို့သော် လင်းနို့ကြီး၏ ကိုယ်လုံးကြီးသည် ဘယ်က ထွက်နေမှန်းမသိသော အရိအချွဲများနှင့် ပြောင်ချော်ကြီးဖြစ်နေရာ လှမ်းဆွဲသော ထက်ပိုင်၏ လက်မှာ နောက်ခြေထောက်တစ်ဘက်ကို ဖမ်းမိသော်လည်း ချော်ထွက်ကာသွားလေသည်။ အရှိန်လွန်ပြီး ထက်ပိုင်မှာ ဘိုင်းကနဲ ကြမ်းပြင်သို့ မှောက်လျက်ပြုတ်ကျသွားခဲ့သည်။
‘၀ုတ် ၀ုတ် ၀ုတ်….’
‘ဖရူး ဖရူး...’
ဧရာမလင်းနို့ကြီးသည် နောက်ဆုံးအကြိမ်အဖြစ် ခွေးဟောင်သံကြီးကို မြည်ဟိန်းလိုက်ပြီး ပြတင်းပေါင်ပေါ်တွင် နားနေရာမှ အပြင်လောကသို့ ဖရူးကနဲ ပျံထွက်သွားလေတော့သည်။
‘အမလေးးးး’
‘အားးး’
‘ဟာ ဘုရားရေ ဘာကြီးလဲဟ’
တိုက်အောက်နှင့် ဘေးတိုက်များမှ ရပ်ကြည့် ထွက်ကြည့်နေကြသော ရပ်ကွက်သူ ရပ်ကွက်သားအပေါင်းတို့၏ ကြောက်လန့်စွာ အော်ဟစ်လိုက်သံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။ မစိုးစိုးမေ ပြတင်းပေါက်ဆီသို့သွားကာ အပြင်သို့ ကိုယ်တပိုင်းထွက်ပြီး သတ္တ၀ါကြီးကို တွေ့လိုတွေ့ငြား လှမ်းမျှော်ကြည့်လေသည်။ သူမသည် ခေါင်းကို ဘေးဘယ်ညာလှည့်ပြီး ကြည့်လျှင် မြောက်ဘက်စူးစူး အရပ်ဆီသို့ ကောင်းကင်ထဲမှ ပျံထွက်သွားနေသော မည်းနက်နက် အရောင်ရှိသည့် သတ္တ၀ါကြီးကို တွေ့လိုက်ရသည်။ မြေပြင်ရှိလူများအားလုံးသည်လည်း အံ့သြထိတ်လန့်စွာနှင့် ထိုအကောင်ကြီးကို လက်ညှိုးထိုးသူထိုး မော့ကြည့်သူကြည့်နှင့် - ထိုခေတ်က ဖုန်းများမပေါ်သေးသဖြင့်သာ မှတ်တမ်းမတင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုခေတ်ဆိုလျှင်မူ ထိုလင်းနို့ကြီး၏ ပုံရိပ်များသည် တစ်ကမ္ဘာလုံးသို့ စက္ကန့်ပိုင်းအတွင်း ပြန့်နှံ့သွားမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှပေ၏။ မစိုးစိုးမေ ကြည့်နေရင်းမှာပင် ထိုသတ္တ၀ါကြီးသည် သူတို့အားလုံး မြင်နိုင်စွမ်းသော မြင်ကွင်းမှ တဖြည်းဖြည်း သေးငယ်ပျောက်ကွယ်သွားလေတော့သည်။
‘ဆရာ - ဆရာ ဘာဖြစ်သွားသေးလဲ’
မစိုးစိုးမေ အခန်းထဲပြန်၀င်ပြီး ကြမ်းပေါ်တွင် လဲကျနေသော ဒေါက်တာဦးရေချမ်းကို ထူမကာ မေးလိုက်သည်။ ဦးရေချမ်းသည် သူ၏ ညာလက်ကို ဘယ်လက်နှင့် ဆုပ်ကိုင်ရင်း မစိုးစိုးမေကို မော့ကြည့်သည်။ သူ့နဖူးတွင် ချွေးစေးများနှင့် စိုထိုင်းနေသည်။
‘လက်.. လက်ကို ကိုက်သွားတာ မစိုးစိုးမေ။ ဘယ်လောက် နက်သွားသလဲတော့မသိဘူး။ သေချာ ပြန်ကြည့်ရမှာပဲ။’
‘ဆရာ ဆေးခန်းပြန်ပြီး အနာကို ပတ်တီးစီးဖို့လိုမယ်ထင်တယ်။ အခု လမ်းလျှောက်နိုင်လားဆရာ’
ထက်ပိုင်က မေးလိုက်သည်။ သူတို့အားလုံးသည် စကားများပြောနေကြသော်လည်း အိပ်မက်မှ ယခုပင် နိုးလာကြသူများလို ကြောင်တောင်တောင် ဖြစ်နေကြလေသည်။
‘အဲဒါ ဘာကောင်ကြီးလဲ...’
ထွန်းကျော်က အတုန်တုန် အရီရီ မေးလိုက်၏။
‘ငါလည်း မသိဘူး။ လင်းနို့ကြီးထင်တာပဲ’ ထက်ပိုင်က ပြန်ဖြေသည်။
‘လင်းနို့က အဲ့လောက်ကြီးလား။ ပြီးတော့ ပါးစပ်က ခွေးဟောင်သံကြီး ထွက်နေတာ။ လင်းနို့တွေက အဲလိုမှ မအော်တာ...’
‘ငါလည်း မသိပါဘူးဆိုနေကွာ။ အဲဒါက အခု အရေးမကြီးဘူး။ ဆရာဦးရေချမ်းလက်ထိသွားတာ ပတ်တီးစီးရမယ်’
‘ရပါတယ်။ ဒဏ်ရာက သွေးဒီလောက်ထွက်မနေဘူး။ ရတယ်။ အရေးပေါ်မဟုတ်ဘူး။ ငါတို့ လုပ်စရာတွေ ရှိသေးတယ်’
ဒေါက်တာရေချမ်း ကြမ်းပေါ်မှ ကုန်းထကာ ပြောလိုက်သည်။ ထက်ပိုင်က သူ့ကို ဘေးမှ ကိုင်ကာ ထိန်းပေးထားရ၏။
‘ဘာလုပ်ရမှာလဲဆရာ။ လွတ်သွားတဲ့လင်းနို့ကြီးကို လိုက်ဖမ်းရမှာလား’
‘အေး.. အဲဒါကိုတော့ ဆိုင်ရာကို သတင်းပို့ရမှာပဲ။ လွတ်သွားမှတော့ ငါတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ အခုလောလောဆယ် လုပ်စရာက အဲဒါမဟုတ်ဘူး’
သူတို့အားလုံး ဦးရေချမ်းကို ၀ိုင်းကြည့်လိုက်ကြပြန်သည်။ မစိုးစိုးမေသည် ဦးရေချမ်း ဘာပြောမည်ကို ကြိုသိနေခဲ့လေသည်။ သူမစိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။
….ဦးသိဒ္ဓိ….
ယခုမှပင် သူတို့အားလုံး ဦးသိဒ္ဓိကို သတိရသွားကြသည်။ သူတို့လူတစုလုံး ဧရာမလင်းနို့ကြီးနှင့် ဆူညံစွာ လုံးထွေးတိုက်ခိုက်နေခဲ့စဥ် တုတ်တုတ်မျှပင် မလှုပ်ခဲ့သော ထိုလူကြီး။ ထိုပုဂ္ဂိုလ်ကြီးသည် အိပ်ရာထက်တွင် လဲလျောင်းနေသည်လည်း မဟုတ်ချေ။ တင်ပျဥ်ခွေကာ တည့်တည့်မတ်မတ်ကြီး ထိုင်နေခြင်း ဖြစ်လေသည်။
‘သူ ဦးသိဒ္ဓိ ဆိုတာ သေချာလား မစိုးစိုးမေ’
ဒေါက်တာဦးရေချမ်းက မေးလိုက်သည်။ ထိုအခါမှ မစိုးစိုးမေ အသိ၀င်လာပြီး -
‘ဟုတ်.. ဟုတ် သေချာပါတယ် ဆရာ။ ကျွန်မ သူ့ကို နောက်ဆုံးတွေ့တာ နှစ်နှစ်လောက် ရှိပြီဆိုပေမဲ့ သူ၀တ်ထားတဲ့ အပေါ်ဖြူအောက်ဖြူ ယောဂီ၀တ်စုံနဲ့ ပေါင်းထားတဲ့ ခေါင်းပေါင်းအဖြူကြီးကို ကြည့်ရတာတော့ ဦးသိဒ္ဓိမှ ဦးသိဒ္ဓိပါပဲ’
‘ဒါဆိုရင် လာဗျာ။ ကျွန်တော်တို့ သူ့ကို သွားနှိုးရအောင်’
ဦးရေချမ်းသည် နာကျင်ထားသော သူ၏ လက်ကို ဆုပ်ကိုင်ရင်း တိုက်ခန်းအတွင်းပိုင်းထဲသို့ ပြန်၀င်သွားလိုက်သည်။ အတွင်းခန်းထဲတွင် ဦးသိဒ္ဓိအမည်ရသည့် အထက်လမ်းဆရာ ဘိုးတော်ကြီးသည် ယခင်အတိုင်းပင် ကုတင်အပေါ်၌ မလှုပ်မရှက်ကြီး တင်ပျဥ်ခွေထိုင်လျက်ပင် ရှိနေလေတော့သည်။
…………………………
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
#lotaya_shortstory