ခွေးဟောင်သံ အပိုင်း (၄)
lotaya.mpt.com.mm
|
2022-03-12

မောင်ထက်ပိုင်၏ ကံကြမ္မာ



………………………………..

 ထိုနေ့က အိမ်သို့ ပြန်ရောက်လျှင် ထက်ပိုင်စိတ်ထဲတွင် မကြည်မသာကြီးဖြစ်နေခဲ့သည်။ ဦးသိဒ္ဓိ၏ တိုက်ခန်းအတွင်း သူတွေ့ခဲ့ရသည်များမှာ ထူးဆန်းလွန်းနေသည်။ ခွေးဟောင်သံထွက်သော ဧရာမ လင်းနို့ကြီး။ ကုတင်ပေါ်တွင် ငုတ်တုတ်ကြီး သတိမေ့နေသော ဘိုးတော် ဦးသိဒ္ဓိ။ ထို့နောက် ထိုဧည့်ခန်းအတွင်းမှ ရုပ်သေးရုပ်များ။

အမှန်တော့ သူတို့လူစုအတွက် အထူးဆန်းဆုံးမှာ ဧရာမ လင်းနို့ကြီးပင်ဖြစ်သည်။ ထိုလင်းနို့ကြီးသည် သဘာ၀အရွယ်အစားရှိပြီး ဒိုင်နိုဆောငှက်ကြီးတစ်ကောင်နှင့်ပင် တူနေသည်။ ထက်ပိုင်သည် လင်းနို့များ၏ မျက်နှာကို အနီးကပ်သေချာ မမြင်ဖူးသော်လည်း ထိုသတ္တ၀ါကြီး၏ ဦးခေါင်းမှာ ခွေးကြီးတစ်ကောင်နှင့် ပိုတူနေပြီး အစွယ်ကြီးများမှာလည်း ဖွေးဖွေးဖြူနေခဲ့သည်။ ထိုသတ္တ၀ါကြီးကို ထက်ပိုင်သည် မကြောက်မလန့်ပဲ ခြေထောက်ကိုပင် လိုက်ဖမ်းဆွဲခဲ့သေးလေသည်။ သူ့လက်များ အကိုက်မခံ၍သာ တော်တော့သည်။ ကံဆိုးသူ ဒေါက်တာဦးရေချမ်းခမျာမတော့ လက်ကို အကိုက်ခံလိုက်ရရှာသည်။

ထိုကဲ့သို့ ထူးဆန်းလှသော သတ္တ၀ါကြီးနှင့် ကြုံခဲ့ရသော်လည်း ထက်ပိုင်၏ စိတ်ထဲတွင် သိသိသာသာ စွဲထင်နေသည်မှာ အဆိုပါလင်းနို့မဟုတ်ချေ။ သူတို့လူစု ဦးသိဒ္ဓိ၏ တိုက်ခန်းအတွင်း ၀င်သွားခဲ့စဥ်က ထက်ပိုင်သည် ဘီလူးရုပ်တစ်ရုပ်ကို ပခုံးစောင်းနှင့် တိုက်မိပြီး ထိုဘီလူးရုပ်၏ မျက်လုံးများပေါ်တွင် ဖုံးထားခဲ့သော သင်္ကန်းစသည် ကြမ်းပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ လူငယ်၏ မျက်လုံးများနှင့် ဘီလူးရုပ်၏ မျက်လုံးတို့ ဆုံမိသွားခဲ့ကြသည်။ ထိုသို့ မျက်လုံးချင်း ဆုံစည်းသွားသည်မှာ စက္ကန့်ပိုင်းမျှလေးပင် ကြာလိုက်သော်လည်း ထက်ပိုင်၏ စိတ်ထဲတွင် အဆိုပါ ဘီလူးရုပ်သည် တကယ်အသက်ရှိသော ဘီလူးတစ်ကောင်ဟု အထင်ရောက်သွားလေသည်။ အခြားဘယ်သူမှ သတိမထားမိလိုက်မီ သူကပျာကယာ အဝတ်စကို ပြန်ကောက်ပြီး ဘီလူးရုပ်၏ မျက်နှာပေါ်တွင် အမြန်ပြန်အုပ်ပေးလိုက်မိသည်။

ထိုနေ့ အိမ်သို့ ပြန်ရောက်လျှင် ထက်ပိုင်၏ စိတ်ထဲတွင် ထိုဘီလူးရုပ်ကို မည်သို့မျှ မေ့ပျောက်လို့မရဘဲ ရှိနေတော့သည်။ သူ သတိရသလောက် ဘီလူးရုပ်သည် သစ်မဉ္ဇူသားနှင့် ထုလုပ်ထားခြင်းဖြစ်ပြီး တတောင်ကျော်မျှ အရွယ်ရှိသည်။ ရောင်းတမ်း လုပ်ထားသည့် ရုပ်သေးရုပ်မျိုးမဟုတ်ဘဲ တကယ့်ပွဲတက် ရုပ်သေးရုပ်အကောင်းစား ဖြစ်ပုံရသည်။ အဆက်အပေါက်များမှာ သဘာ၀နှင့် အလွန်နီးစပ်လှသည်။ ဘီလူးရုပ်၏ အစွယ်များမှာ အပြင်သို့ ငေါထွက်နေသည်။ မျက်လုံးကြီးနှစ်လုံးမှာ ပြူးထွက်နေပြီး နီရဲကာ ပက်ကြားအက်များပင် ထနေသည်။ ကြည့်ရသလောက် နှစ်ပေါင်းရာနှင့်ချီပင် ရှိပုံရမည့် ရှေးဟောင်း ဘီလူးရုပ်တစ်ရုပ်ပင်။ အယူလုံး၀မသည်းတတ်သော ထက်ပိုင်သည် မိမိကိုယ်ကို ပြန်လည် အံ့သြနေမိသည်။ သူသည် ထိုဘီလူးရုပ်အကြောင်းကို ပြန်စဥ်းစားမိလျှင် ကျောထဲတွင် ချမ်းစိမ့်ကာ ကြက်သီးများထမိလာလေတော့သည်။

‘ဒါဟာ ရုပ်သေးရုပ်တစ်ရုပ်ပဲ။ သက်ရှိသတ္တ၀ါမဟုတ်ဘူး။ မင်းကြောက်ချင်းကြောက်ရင် ခွေးဟောင်သံထွက်တဲ့ လင်းနို့အကောင်ကြီးကို ပိုကြောက်ရမှာလေ...’

ဟု ထက်ပိုင် ကိုယ့်ကိုယ်ကို ပြန်ပြောမိသည်။ သို့သော် ထိုနေ့ညက သူလုံး၀ အိပ်မပျော်ခဲ့။ မျက်စိပိတ်လိုက်တိုင်း သူ့ကို စိုက်ကြည့်နေသော ထိုဘီလူးရုပ်၏ နီရဲပက်ကြားအက်နေသည့် မျက်လုံးကြီးများကိုပင် အချိန်ပြည့် မြင်နေမိခဲ့တော့သည်။

………………………………….

နောက်တစ်နေ့မနက်တွင် သူ နည်းပြဆရာအဖြစ် အလုပ်လုပ်သော ရပ်ကွက် အလေးမရုံသို့ ထက်ပိုင် ရောက်သွားသည်။ မနက်စောစောဖြစ်သဖြင့် ကစားရုံတွင် လူရှင်းနေသည်။ သူသည် ကြမ်းပေါ်တွင် ပြန့်ကျဲနေသော အလေးတုံးများကို စည်းကမ်းတကျ နေရာချပေးလိုက်သည်။ ထက်ပိုင်သည် အသက်နှစ်ဆယ်ကျော်ရှိပြီး သူ၏ အရပ်အမောင်းမှာ ခြောက်ပေမျှရှိမည်။ သူ၏ ကိုယ်လုံးကိုယ်ထည်မှာ ယခုခေတ် ကမ္ဘာကျော် မော်ဒယ်မင်းသား ပိုင်တံခွန်နှင့်ပင် ဆင်တူလေသည်။

ထက်ပိုင်သည် လွန်ပြီးသော နှစ်အနည်းငယ်က မော်ဒယ်လောကသို့ ၀င်ရောက်ရန် ကြိုးစားလိုက်သေးသည်။ ထိုစဥ်က ခေတ်စားခဲ့သော ကာရာအိုကေ တေးသရုပ်ဖော်အချို့တွင် အနည်းငယ် ပါလိုက်ရသေးသည်။ သို့သော် သူသည် ရုပ်ချောပြီး ဘော်ဒီတောင့်သော်လည်း အမူအရာအားနည်းသဖြင့် မအောင်မြင်ခဲ့ချေ။ ထို့ကြောင့်လည်း မော်ဒယ်အလုပ်ကို လက်လျှော့ပြီး ပုံမှန်လစာရသော ကာယနည်းပြဆရာ အလုပ်ကိုသာ ၀င်လုပ်ခဲ့ခြင်းပင်။

‘မောင်ထက်ပိုင် - အလုပ်တွေ ကြိုးစားလှချည်လား’

ချွဲချွဲနွဲ့နွဲ့ပြောလိုက်သော မိန်းမသံကြောင့် ထက်ပိုင် လှည့်ကြည့်လိုက်သည်။ သူ့နောက်တွင် ဂျင်မ်စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီတို တို့ကို ၀တ်ဆင်ကာ ခါးထောက်ရပ်နေသော ဒေါ်စုလှိုင်ကို တွေ့လိုက်ရသည်။ အမျိုးသမီးသည် အသက်ငါးဆယ်နီးပါးရှိမည်ဖြစ်သော်လည်း အနေအထိုင် အစားအသောက် ဂရုစိုက်ပြီး အားကစားလိုက်စားသောကြောင့် ရှိရင်းစွဲအသက်ထက် ဆယ်နှစ်မျှ နုပျိုအရွယ်တင်လျက်ရှိသည်။

‘ဟာ အစ်မစုလှိုင် ဒီနေ့ တယ်စောပါလား’

‘ဟုတ်တယ် မောင်လေး။ နေ့လယ် အလုပ်ရှိလို့’

သူမသည် ရန်ကုန်မြို့ရှိ နာမည်ကြီးကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျင်းဒါရိုက်တာဖြစ်သည်။ ငွေကြေး ကျိကျိတက်ချမ်းသာသည်။ ကားသုံးလေးစီးကို ထည်လဲစီးနိုင်သည်။ လင်ယောကျ်ားမရှိ တစ်ကိုယ်တည်း အပျိုကြီးအဖြစ်နှင့် ဘ၀ကို ရပ်တည်နေသူ ဖြစ်လေသည်။

‘ရတယ်အစ်မ။ ဒီနေ့ ဘာကစားမှာလဲ’

‘ဒီနေ့ အောက်ပိုင်းနေ့လေ။ ငါ့မောင်ကလည်း ထူးထူးခြားခြား၊ ခါတိုင်းဆို အစ်မကို မြင်လိုက်တာနဲ့ ဘာလုပ် ဘာလုပ်ဆိုပြီး တန်းခိုင်းတာ မဟုတ်ဘူးလား’

‘.. ဟုတ်.. ဟုတ်ပါပြီ အစ်မရယ်။ လာ.. အကြောလျှော့ရအောင်’

ဒေါ်စုလှိုင်သည် မုန့်ဖိုးအပေး ရက်ရောသူဖြစ်သဖြင့် ထိုအချိန်က ပါဆန်နယ်ထရိန်နာများ ခေတ်မစားသေးသော်လည်း ထက်ပိုင်သည် သူမ၏ ပါဆန်နယ်ထရိန်နာ သဖွယ်ဖြစ်နေခဲ့သည်။ လူငယ်သည် ဖြူဖွေးတင်းရင်းနေသော ဒေါ်စုလှိုင်၏ ပေါင်တွင်းကြောများကို နှိပ်ချေပေးနေသော်လည်း  စိတ်ကမူ ဘီလူးရုပ်ထံသို့ ပျံ့လွင့်နေလေသည်။

‘မောင်ထက်ပိုင် ဘာတွေ တွေးနေတာလဲကွဲ့’

သူမ၏ အသံသည် ပျားရည်ထက်ပင် ချိုသာလွန်းနေတော့သည်။ ထိုအခါမှ ထက်ပိုင် သတိပြန်၀င်လာပြီး -

‘သြော် ဆောရီးအစ်မ။ ကျွန်‌တော် ညက နည်းနည်း အိပ်ရေးပျက်ထားလို့’

‘ဘာလဲ ငါ့မောင်လေးက ရည်းစားပူမိနေတာလား’

‘မဟုတ်ပါဘူး အစ်မရယ်။ ကျွန်တော့်မှာ ရည်းစားမရှိပါဘူး’

‘ဒီလောက်ချောတဲ့ မောင်ထက်ပိုင်က ရည်းစားမရှိတာကို အစ်မ မယုံဘူးကွယ်’

‘တကယ်ပါ အစ်မ။ ကျွန်တော်က အလုပ်တဘက်၊ ရပ်ကွက်ရုံးကိစ္စတွေ တဘက်နဲ့ ရည်းစားထားဖို့ကို အချိန်မရှိတာပါ’

‘အင်းပါ မောင်လေးရယ်။ ငါ့‌မောင်အကြောင်းကို အစ်မ သိပါတယ်။ တခါတလေတော့ စိတ်ပြေလက်ပျောက် အပန်းဖြေချင်စိတ်လေးများ မရှိဘူးလား မောင်လေး’

ထက်ပိုင် ခါတိုင်းဆိုလျှင် ငြင်းမိမည်ဖြစ်သော်လည်း ယမန်နေ့က အဖြစ်အပျက်များကြောင့် စိတ်အပြောင်းအလဲအလို့ငှာ ဒေါ်စုလှိုင်၏ ရေလာမြောင်းပေး ဖိတ်ခေါ်မှုများကို လက်ခံလိုက်မိလေသည်။ ထိုနေ့ညက သူ ဒေါ်စုလှိုင် ခေါ်ကျွေးသော ညစာကို ဟိုတယ်ကြီးတခုတွင် တက်စားခဲ့သည်။ စားပြီးလျှင် မသောက်စဖူးသော တန်ဖိုးကြီးအရက်များကို မူးအောင် သောက်ခဲ့မိ၏။ အမှန်တော့ ဒေါ်စုလှိုင်သည် အဆင်လေးဖြစ်သော ထက်ပိုင်ကို သဘောကျသဖြင့် အပျင်းပြေ တွဲနိုင်ရန် လမ်းစဖော်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထက်ပိုင်မှာ သူမကို ဖျော်ဖြေရန်မဆိုထားနှင့် လမ်းလျှောက်ဖို့ပင် မတတ်နိုင်ဘဲ ရှိလေပြီ။ ဒေါ်စုလှိုင် စိတ်ပျက်သွားမိသည်။

‘မောင်ထက်ပိုင်ရယ်။ ဘယ်လိုဖြစ်ရတာလဲ။ ဒီပုံနဲ့ အိမ်ပြန်လို့မရတော့ဘူး။ ကဲ - ဒီဟိုတယ်မှာပဲ အခန်းငှားလိုက်ရအောင်’

သူမ တစ်ယောက်တည်း မနိုင်သဖြင့် ဟိုတယ်၀န်ထမ်းကောင်လေးတစ်ယောက်ကို အကူအညီတောင်းကာ ငှားထားသော ဟိုတယ်ခန်းဆီသို့ ထက်ပိုင်ကို ၀ိုင်းတွဲခေါ်ခဲ့ကြသည်။ ထက်ပိုင်၏ ကိုယ်လုံးကြီး အိပ်ရာပေါ်တွင် ၀ုန်းကနဲ မှောက်လျက်သားကြီး ကျသွားသည်။ သူ တုတ်တုတ်မျှ မလှုပ်တော့ဘဲ ချက်ချင်း အိပ်ပျော်သွားလေသည်။ ဒေါ်စုလှိုင်သည်လည်း အရက်အနည်းငယ်မူးနေသဖြင့် အိမ်ပြန်ဖို့ မစဥ်းစားတော့ဘဲ ထက်ပိုင်၏ ဘေးတွင် ၀င်လှဲကာ အိပ်ချလိုက်သည်။

နောက်တစ်နာရီခန့်ကြာလျှင် သူမ ပြန်နိုးလာသည်။ ဘေးတွင် ထက်ပိုင်မရှိတော့။ နာရီကို ကြည့်လိုက်လျှင် မနက် လေးနာရီသာရှိသေးသည်။ ဒီကောင်လေး အိမ်ပြန်သွားပြီလား။ ဒေါ်စုလှိုင်၏ ဦးခေါင်းတစ်ခုလုံး တဒိန်းဒိန်းသွေးတိုးပြီး ကိုက်ခဲနေသည်။

‘အစ်… အစ်… အစ်...’

သူမ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ဟိုတယ်ခန်းထဲရှိ ရေချိုးခန်းမီးသည် လင်းနေ၏။ ရေချိုးခန်းထဲမှ တအစ်အစ်နှင့် အသံကြီးက ထွက်ပေါ်နေသည်။ ထက်ပိုင်များ အိမ်သာထဲရောက်နေသလား။ ဒီအသံကြီးက ဘာများပါလိမ့်။ သူမ တစုံတခုကို ထိတ်လန့်သွားမိသည်။

ဒေါ်စုလှိုင်သည် ကုတင်ပေါ်မှ အသာထပြီး ဟိုတယ်အခန်းမီးကို ဖွင့်လိုက်သည်။ သေချာသည်။ အခန်းထဲတွင် ထက်ပိုင်မရှိတော့။ သို့သော် သူ၏ အ၀တ်အစားများက ကုတင်ခြေရင်းတွင် ပြန့်ကျဲနေသည်။ ဒါဆိုရင်… သူ ရေချိုးခန်းထဲမှာ ရေချိုးနေတာပဲ ဖြစ်ရမယ်။ သူမ အထိတ်ထိတ် အလန့်လန့်နှင့် ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

‘.. အစ်… အစ်.. အစ်...’

ယခင်ကြားခဲ့ရသော အသံကြီးက ပိုကျယ်လာသည်။ ဒေါ်စုလှိုင် ရေချိုးခန်းထဲကို မရဲတရဲနှင့် ကြည့်လိုက်လျှင် ရေချိုးကြွေဇလုံကို လိုက်ကာနှင့် ပိတ်ပြီး ကာထားသည်ကို တွေ့လိုက်ရသည်။ တအစ်အစ် အသံသည် လိုက်ကာနောက်ကွယ်မှ ထွက်နေခြင်းဖြစ်သည်။ သူမ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီး - ရေချိုးဇလုံလိုက်ကာကို ဖျတ်ကနဲ ဆွဲဖွင့်လိုက်၏။ တစုံတရာဆိုလျှင် နောက်သို့ လှည့်ပြေးရန် ခြေလှမ်းပြင်ထားပြီးသား ဖြစ်နေလေသည်။

‘ဟဲ့ အမလေး...’

သူမ ထက်ပိုင်ရှိလိမ့်မည်ဟု ကြိုတွက်ထားသော်လည်း တကယ်တမ်း တွေ့လိုက်ရသောအခါတွင်မူ ကြောက်ပြီး လန့်အော်မိလိုက်သေးသည်။ ထက်ပိုင်သည် ရေချိုးကန်ထဲတွင် အ၀တ်မပါဘဲ ငုတ်တုတ်ထိုင်လျက်ရှိသည်။ သူ့ တစ်ကိုယ်လုံး ရေများစိုနေသည်။ ရေပန်းမှာပွင့်မနေသော်လည်း ထက်ပိုင်သည် ရေချိုးပြီး တဘက်နှင့် မသုတ်ဘဲ ရေကန်ထဲတွင် ငုတ်တုတ်ထိုင်နေခြင်းဖြစ်ပေမည်။ သူ၏ ကိုယ်လုံးသည် ပန်းပုရုပ်တစ်ရုပ်လို ကြွက်သားများနှင့် ဆွဲဆောင်မှုကောင်းစွာ လှပနေသော်လည်း သူ၏ ကိုယ်ဟန်မူရာသည် ဆောက်တည်ရာမရအောင် အားငယ်ထိတ်လန့်နေသော  ကလေးငယ်တစ်ယောက်နှင့် တူနေတော့သည်။ ဒေါ်စုလှိုင်သည် ထက်ပိုင်ကို ဤကဲ့သို့ တခါမျှ မမြင်ဖူးခဲ့ချေ။ သူမသိသော ထက်ပိုင်မှာ အမြဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပြီး သွက်လက်တက်ကြွနေသော လူငယ်တစ်ယောက်သာ။ ယခုမူ ထိုလူငယ်သည် မိမိ၏ ဒူးနှစ်လုံးပေါ်တွင် မျက်နှာအပ်ကာ တအစ်အစ်နှင့် ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။

‘မောင်လေး ထက်ပိုင်.. မောင်လေးရယ် ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်လို့လဲ...’

‘ဘ… ဘီလူးကြီး… ဘီလူးကြီး… ကျွန်တော့် အသားတွေကို ကိုက်စားနေတယ်… ဘီလူးကြီး ကျွန်တော့် အသားတွေကို ကိုက်စားနေတယ် အစ်မ… အီးး… ဟီး.. ဟီးးး… ဟီး… ကယ်ပါဦးဗျ… ဘီလူးကြီး...’

ထက်ပိုင်သည် ဒေါ်စုလှိုင်ကို မော့ကြည့်ပြီး ဗလုံးဗထွေးနှင့် အထက်ပါ စကားများကို ဆက်တိုက် ပြောနေလေတော့သည်။ ငိုထားသဖြင့် နီရဲနေသော သူ၏ မျက်လုံးများသည် ပြူးထွက်နေကြသည်။ သူမ အလွန်ပင် ကြောက်လန့်သွားမိလေသည်။

‘ဟဲ့.. ဘယ်က ဘီလူးကြီးလဲ…။ မောင်ထက်ပိုင်.. မင်းအိပ်မက်ဆိုးမက်တာဖြစ်ပါလိမ့်မယ်ကွယ်… ကဲ လာလာ’

အမျိုးသမီးသည် လူငယ်ကို ဆွဲထူကာ ပွေ့ဖက်လိုက်သည်။ ကြွက်သားအပြိုင်းပြိုင်းနှင့် တောင့်တင်းလှသော ထက်ပိုင်၏ ကိုယ်လုံးသည် တဆတ်ဆတ် တုန်ခါလျက်ရှိလေသည်။ ဤသည်ကား ထက်ပိုင်၏ ကြမ္မာငင်ခြင်း အစ နိဒါန်းပင် ဖြစ်တော့သည်။

ထိုနေ့မှစပြီး ထက်ပိုင်သည် ညရောက်၍ အိပ်ပျော်သွားတိုင်း ထိုအိပ်မက်ဆိုးကြီးကို မက်လေတော့သည်။ အိပ်မက်ထဲတွင် ဘီလူးကြီးတစ်ကောင်သည် ထက်ပိုင် ကုတင်ခြေရင်းသို့ ရောက်လာကာ သူ့ကိုယ်ပေါ်ရှိ ကြွက်သားများကို တမြှောင်းချင်းစီ အရှင်လတ်လတ် ဖဲ့ကာဖဲ့ကာ စားလေသည်။ ထိုသို့ဖဲ့စားလိုက်တိုင်း သူသည် တကယ့်ပြင်ပလောကတွင် ခံစားရသည့်အတိုင်း အသည်းခိုက်သည်အထိ နာကျင်ခဲ့ရသည်။ ထိုသို့ ဆိုးရွားပြင်းထန်လှသော ‌ေ၀ဒနာကို ခံစားပြီး ဘီလူးကြီးသည် သူ၏ တစ်ကိုယ်လုံးကို စားပြီးနောက် ဦးခေါင်းသာ ကျန်တော့သောအခါမှ ထက်ပိုင်သည် အိပ်မက်မှ လန့်နိုးနိုင်တော့သည်။ တခါတရံတွင်မူ သူသည် အိပ်မက်နေမှန်းသိသော်လည်း နိုးထခြင်းငှာ မစွမ်းနိုင်ချေ။

တကယ်တော့ အိပ်မက်ဟူသည် နိုးထ၍ ရခြင်း၊ လက်တွေ့ဘ၀လို မခံစားရခြင်းတို့ကြောင့် အိပ်မက်ဟု သတ်မှတ်ခြင်းသာဖြစ်သည်။ နိုးထ၍ မရနိုင်လျှင်မူ၊ သို့မဟုတ် အိပ်မက်ထဲတွင် အစစ်အမှန်အတိုင်း ခံစားကြုံတွေ့ရပါမူ - ထိုအတွေ့အကြုံကို အိပ်မက်ဟု ပြောနိုင်ပါဦးမည်လား။

ထို့ကြောင့်လည်း ရက်ပေါင်း ကြာလာသောအခါ ထက်ပိုင်သည် ညရောက်လျှင် အိပ်စက်ရမည်ကို ထိတ်လန့်လာလေတော့သည်။ အိပ်ပျော်သွားလျှင် ထိုအိပ်မက်ကြီးကို သူမက်ရတော့မည်။ ထိုအိပ်မက်ကြီးကို မက်လျှင် အဆိုပါ ဘီလူးကြီး၏ အစားကို သူခံရပေတော့မည်။ တစ်ကိုယ်လုံးကို အရှင်လတ်လတ် ခြေထောက်မှ စပြီး လည်ပင်းအထိ စားမျိုခြင်းကို ခံရသော အတွေ့အကြုံသည် လူတစ်ယောက်အတွက် အဆိုးဆုံးသော အတွေ့အကြုံသာ ဖြစ်ပေလိမ့်မည်။ ထက်ပိုင်သည် ထိုအတွေ့အကြုံကို တစ်ကြိမ်သာမဟုတ်ဘဲ အကြိမ်ကြိမ် ကြုံခဲ့ရလေပြီ။ ထို့ကြောင့်လည်း သူ၏စိတ်သည် ပုံမှန်မဟုတ်တော့ပေ။

‘ငါ့ကို ဆေးပြားတွေ ၀ယ်ပေးစမ်းပါ’

ထက်ပိုင်သည် သူ့တပည့် ထွန်းကျော်၏ လက်ထဲသို့ ပိုက်ဆံ အထပ်လိုက်ထည့်ပေးကာ ပြောလိုက်သည်။

‘ဟာ .. ကိုထက်ပိုင်။ မလုပ်စဖူး - မလုပ်ပါနဲ့ဗျာ။ အဲဒီဆေးတွေက မကောင်းဘူးဗျ။ ဦးနှောက်အရမ်းထိတယ်နော်’

သူသည် တပည့်လုပ်သူကို စိတ်ကြွဆေးပြားများ ၀ယ်ခိုင်းခြင်းဖြစ်သည်။ ထိုဆေးပြားများသည် မူးယစ်ဆေးသုံးသော လူငယ်များအကြားတွင် ခေတ်စားပြီး ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်စစ်သားများကို ညဘက်မအိပ်ဘဲ စစ်ချီနိုင်စေရန် တိုက်ခဲ့သော စိတ်ကြွဆေးများပင် ဖြစ်လေသည်။ ထက်ပိုင်၏ သြဇာကို မလွန်ဆန်နိုင်သော ထွန်းကျော်ခမျာ သူတို့ရပ်ကွက်ထဲရှိ ဆေးသမား လူငယ်တစ်ဦးကို မေးမြန်းပြီး ထိုဆေးပြားများကို ၀ယ်ပေးခဲ့ရသည်။ ဆေးပြားများ၏ အစွမ်းကြောင့် ထက်ပိုင်သည် နောက်ပိုင်းရက်များတွင် ညမအိပ်ဘဲ နေနိုင်လာခဲ့သည်။

‘ဟား ဟား ဟား… ဒီဘီလူး ဘာတတ်နိုင်သေးလဲ’

သူသည် ဆေးငွေ့များကို ရှိုက်သွင်းရင်း သဘောကျစွာ မျက်လုံးများကို မှိတ်လိုက်သည်။ သူမျက်လုံး မှိတ်လိုက်သည်နှင့် သူ့အမြင်အာရုံထဲတွင် အစွယ်ကြီးများ ငေါထွက်နေသော ဘီလူးကြီး၏ မျက်နှာကြီးက ဘွားကနဲ ပေါ်လာတော့သည်။

‘အား.. အမလေး။ ငါ မအိပ်ဘူးလေ။ ငါ မအိပ်ဘူးလေ။ ဒါကို ဒီဘီလူးကြီးက ဘာလို့ ….’

သူ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သူ့မျက်စိရှေ့တွင် သူအိမ်ခန်း၏ နံရံက ပြန်ပေါ်လာသည်။ သူ့ရင်တွေ တဒိန်းဒိန်းခုန်နေသည်။ ချွေးစေးတွေ ပြန်နေသည်။ ထက်ပိုင် ရင်တထိတ်ထိတ်နှင့် မျက်လုံးများကို ပြန်ပိတ်ကြည့်လိုက်ပြန်သည်။

‘အားးးးးး’

အမှန်ပင်။ သူမျက်လုံးများကို ပိတ်လိုက်သည်နှင့် ဘီလူးကြီးကို တွေ့နေရလေပြီ။ ယခုအခါ ထက်ပိုင်သည် အိပ်ပျော်ရန်ပင် မလိုတော့ဘဲ မျက်လုံး မှိတ်လိုက်သည်နှင့် ဘီလူးရုပ်ကြီးကို တွေ့နေရပြီ။

‘ငါ… ဦးသိဒ္ဓိအခန်းမှာ တွေ့ခဲ့ရတဲ့ ရုပ်သေးရုပ်ကြောင့်ပဲ ဖြစ်မယ်။’

ထက်ပိုင် ထိုခြောက်ထပ်အခန်းသို့ ပြန်သွားရန် ကြံစည်ခဲ့သည်။ သူ ဇီဇ၀ါလမ်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ကိုယ်လုံးရှိ ကြွက်သားများသည် တဆတ်ဆတ်တုန်လာသည်။ သူ့ကို ဘီလူးကြီး ကြွက်သားများ ဆွဲခွာပြီး စားတုန်းကလို ခံစားမှုမျိုး။ ခြေတစ်လှမ်း ရှေ့တိုးလိုက်တိုင်း ကြွက်သားတွေက ပိုမို နာကျင်လာခဲ့သည်။ သူ လက်လျှော့ပြီး လာလမ်းအတိုင်း ပြန်လှည့်ခဲ့ရသည်။

‘ကိုထက်ပိုင် စိတ်စွဲတာဖြစ်ပါလိမ့်မယ်’

ထွန်းကျော်က သူ့ဆရာ စိတ်ပြေအောင် ပြောပေးသည်။ ထွန်းကျော်သည် ထက်ပိုင်၏ အိမ်ခန်းကို ရောက်တုန်းရောက်ခိုက် ကူရှင်းပေးနေ၏။ ထက်ပိုင်သည် ယခုအခါ အိမ်ထဲမှ အိမ်ပြင်မထွက်တော့။ အလုပ်လည်း မသွားတော့။ ရပ်ကွက်ရုံးတွင်လည်း မကူညီတော့။ စိတ်ကြွဆေးများကိုသာ ဆက်တိုက်သုံးကာ အိမ်တွင်းအောင်းနေတော့သည်။ သူ၏ မျက်ခွံနှစ်ဘက်ကို တိတ်များနှင့် မပိတ်အောင် ဆွဲဖွင့်ထားလေသည်။ သူ့ကို ကြည့်ရသည်မှာ တကယ်ကို အရူးတစ်ယောက်နှင့် တူနေတော့သည်။

‘ငါ စိတ်စွဲတာမဟုတ်ဘူး ထွန်းကျော်။ အယူသည်းတာလည်း မဟုတ်ဘူး။ အဲဒီ ရုပ်သေးရုပ်ကြောင့် ဖြစ်တာ သေချာတယ်။ ငါ အဲဒီနေ့က ဒီ ဘီလူးရုပ်ရဲ့ မျက်နှာပေါ်မှာ အုပ်ထားတဲ့ သင်္ကန်းစကိုသာ မတိုက်ချခဲ့ရင် ခုလိုဖြစ်မှာ မဟုတ်ဘူးကွာ...။ တောက်’

‘ကိုထွန်းကျော် သိချင်ရင်တော့ ရုပ်သေးရုပ်နားလည်တဲ့ ကျွန်တော့်ဘကြီးတစ်ယောက်ရှိတယ်ဗျ’

‘ဟေ.. ဟုတ်လား။ ဘယ်မှာလဲ’

‘ဘကြီးက ရွှေတိဂုံဘုရားစောင်းတန်းမှာ ရုပ်သေးဆိုင် ဖွင့်ထားတယ်။ ကျွန်တော် လိုက်ပို့ပေးမယ်လေ’

ထိုနေ့ညနေစောင်းတွင်ပင် ထက်ပိုင်သည် ထွန်းကျော် ငှားပေးသော တက်စီနှင့် ရွှေတိဂုံဘုရားစောင်းတန်းရှိ ရုပ်သေးဆိုင်လေးတစ်ဆိုင်သို့ ရောက်လာကြသည်။ ဆိုင်ရှင် အဘိုးအိုတစ်ယောက်က သူတို့ကို ကြိုဆိုလေသည်။ အဘိုးအိုသည် ဆွတ်ဆွတ်ဖြူသော ဆံပင်များရှိပြီး မုတ်ဆိတ် နှုတ်ခမ်းမွေးများမှာ ကျိုးတိုးကျဲတဲပေါက်နေသည်။ သူ၏ အသက်မှာ ခန့်မှန်းရခက်လှပြီး အိုမင်းလှသော ရုပ်ရည်ကို ထောက်၍ အနည်းဆုံးတော့ ရှစ်ဆယ်ကျော် ကိုးဆယ်ပင် နီးမည်ဟု ခန့်မှန်းရလေသည်။

‘မောင်ထွန်းကျော်။ ကြားသားမိုးကြိုး၊ ဘုရားကို မလာစဖူး အလာထူးလို့။ ဘုရားများ ပွင့်ပြီလားကွဲ့’

ဘာသာတရားနှင့် ‌ ဝေးကွာသော လူငယ်များကို ကြည့်ပြီး အဘိုးအိုက ခနဲ့လိုက်သေးသည်။ ထို့နောက်မှ ထက်ပိုင်၏ အမူအရာကို ကြည့်ကာ သူ့အသံ လေးနက်သွားခဲ့သည်။

‘အေး - မင်းတို့ ဘာဒုက္ခရောက်လာကြသလဲ။ အဘ ဘာကူညီပေးရမလဲ။ ထိုင်ကြကွယ်။ ရေနွေးကြမ်းသောက်ကြ’

လူငယ်များသည် အဘိုးအိုထိုင်နေသော ကွပ်ပျစ်လေး၏ အစွန်းတွင် အသီးသီး ၀င်ထိုင်လိုက်ကြသည်။ ဆိုင်ထဲတွင်တော့ အရွယ်စုံ၊ ပုံစံစုံ ရုပ်‌သေးရုပ်များနှင့် ပြည့်နေလေသည်။ သူတို့သည် လောကွတ်စကားအနည်းငယ် ပြောကြပြီးလျှင် - အဘိုးအိုက ထပ်မေးလိုက်ပြန်သည်။

‘ကဲပါကွယ် လာရင်းကိုသာ ပြောကြပါ’

ဟု မေးလျှင် ထက်ပိုင်လည်း သူကြုံတွေ့ခဲ့ရသည်များကို အဘိုးအိုအား ပြောပြလိုက်သည်။ ရုပ်‌သေးဆိုင်ရှင် အဘိုးအိုသည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်ကာ ထက်ပိုင် စကားဆုံးလျှင် -

‘မောင်ထက်ပိုင် - မင်းကံဆိုးလှတယ်ကွယ်’

ထွန်းကျော်က သူ့ဘကြီး၏ စကားကို သဘောမတွေ့လှ။

‘ဟာ.. ဘကြီးကလည်း။ ဒီမှာ စိတ်ညစ်နေပါတယ်ဆို’

‘ဟဲ့ မောင်ထွန်းကျော်။ မင်းတို့က ငါ့ကို လိမ်ညာပြောစေချင်တာလား။ အမှန်ကို ပြောစေချင်တာလားကွဲ့’

‘အမှန်ပဲပြောပါ အဘ’

ထက်ပိုင်က ပြန်ပြောလိုက်သည်။

‘အေး မောင်ထက်ပိုင်။ မင်းတွေ့ခဲ့တဲ့ ဘီလူးရုပ်ဟာ အရုပ်မဟုတ်ဘူး။ အဲဒီ ရုပ်သေးရုပ်ဟာ တကယ့် ဘီလူးစင်စစ်ကို ပညာနဲ့ ချုပ်ထားတဲ့ အစီအမံပေပဲ။ ပညာသည်များဟာ ဒီလို အရုပ်တွေကြောင့် သာမန်လူတွေ ဒုက္ခမရောက်ရအောင် သူတို့ရဲ့ မျက်လုံးတွေကို သင်္ကန်းစတွေနဲ့ ဖုံးထားပေးလေ့ရှိကြတယ်။ မောင်ထက်ပိုင်က ကံကြမ္မာငင်ချင်တော့ ဒီအရုပ်ရဲ့ မျက်လုံးနဲ့မှ အကြည့်ချင်းသွားဆုံခဲ့ရပေတယ်’

ထွန်းကျော်သည် သူ့ဘကြီးဆိုင်ထဲမှ ဘီလူးရုပ်တချို့၏ မျက်လုံးများပေါ်တွင်လည်း သင်္ကန်းစများ လွှားထားသည်ကို တွေ့ရှိသွားခဲ့သည်။

‘ဘကြီး။ ဒီဘီလူးရုပ်တွေပေါ်မှာရော ဘာလို့ သင်္ကန်းစဖုံးထားသလဲ။ ဒီအရုပ်တွေကရော,,, အရုပ်မဟုတ်ဘူးလား’

‘အင်း.. မင်းမေးတော့လည်း ဖြေရတာပေါ့။ တကယ်တော့ ရုပ်သေးပညာဟာ အင်မတန် နက်နဲတယ်ကွဲ့။ ရုပ်သေးဆိုတာ အရုပ်တွေကို သုံးပြီး ပုံပြင်တွေကို ဖန်တီးပေးရတာပဲ။ ဒီလို ဇာတ်ကနေတဲ့အချိန်မှာတော့ ရုပ်သေးရုပ်တွေဟာ ရုပ်သေးဆရာရဲ့ လက်အောက်မှာသာ ရှိတယ်။ ဘယ်လိုအရုပ်မျိုးပဲဖြစ်ဖြစ် အဲဒီအချိန်မှာတော့ ရုပ်သေးဆရာရဲ့ ကြိုးကွက်ကျရာ ကရတော့တာပဲ။ ဒါပေမဲ့ အဲ့ဒီလို ကပြ အသုံးတော်မခံရတဲ့ အချိန်တွေမှာတော့ ရုပ်သေးရုပ်တွေကို အမှောင့်ပယောဂတွေ ၀င်မပူးအောင် အထူးဂရုပြုပြီး ထိန်းသိမ်းပေးရတယ်။ ငါ့ဆိုင်က အရုပ်တွေကို ဒီလို ကာကွယ်ထားတာက အပြင်ကနေ မကောင်းဆိုး၀ါးတွေက ဒီ ရုပ်သေးရုပ်တွေထဲကို ပူးမ၀င်နိုင်အောင်ပဲကွ။ တချို့ ရုပ်သေးဆရာတွေကတော့ ငါ့ကို အယူသည်းလွန်းတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ငါက ရုပ်သေးပညာကို ဘာသာတရားတစ်ခုလို ကိုးကွယ်တဲ့လူတစ်ယောက်ပဲ’

‘ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ အဘ’

‘တခုပဲရှိတယ် မောင်ထက်ပိုင်။ အဲဒါကတော့ ဒီ ဘီလူးကြီးကို ရုပ်သေးဖြစ်အောင် ချုပ်ခဲ့တဲ့ ပညာသည်ကို ရှာပြီး အဲဒီဘီလူးကို ပြန်လွှတ်ခိုင်းဖို့ပဲ။ အခု မင်းပြောသလောက် - ဒီဘီလူးဟာ ရုပ်သေးရုပ်ထဲမှာ အချုပ်ကျနေတဲ့အတွက် သူဟာ အင်မတန် ဆာလောင်နေတယ်။ ဒါပေမဲ့ မင်းနဲ့ သူ မျက်လုံးချင်း ဆုံမိသွားတဲ့အတွက် မင်းကို သူက အိပ်မက်ထဲမှာ လာလာစားနေတာပဲ။ သူ ပြန်မလွတ်မချင်း၊ အပြင်လောကမှာ အစားပြန်မစားရမချင်း… အင်း.. မင်း ဒီအိပ်မက်ဆိုးက လွတ်မှာမဟုတ်ဘူးကွယ်...’

ထက်ပိုင်သည် ရုပ်သေးဆိုင်ခန်းဆီမှ ခေါင်းငိုက်စိုက်ချကာ ပြန်ထွက်လာခဲ့သည်။ သူ ထွန်းကျော်ဆီမှ သိရသည့်အတိုင်းဆိုလျှင် ဦးသိဒ္ဓိသည် သတိလစ်လျက်ပင် ရှိသေးလေသည်။ ထို ဘိုးတော်ကြီးသည် ၀ိညာဥ်လွှင့်နေခြင်းဖြစ်ရမည်။ သူဘိုးတော်ကြီး ပြန်ရောက်လာအောင် သူမည်သို့ လုပ်ရမည်နည်း။

ယခုဆိုလျှင် ထက်ပိုင် မအိပ်သည်မှာ နှစ်ပတ်မျှလောက်ရှိပေပြီ။ သူ ထိုခွေးဟောင်သံထွက်ရာ အခန်းသို့ ‌ရောက်ခဲ့သည်မှာ တစ်လမျှ ရှိပြီဖြစ်သည်။ သူ စိတ်ပျက်လက်ပျက်နှင့် အိမ်သို့ ပြန်လာခဲ့သည်။ ထွန်းကျော်သည် သူ့ကို နှစ်သိမ့်ကာ ပြန်သွားရှာသည်။ ထက်ပိုင်ကို ကယ်တင်နိုင်သည် မည်သူမျှ မရှိတော့။ သူသည် ယခုအခါ မျက်လုံးများကိုပင် မပိတ်နိုင်တော့ချေ။ ထက်ပိုင် အိမ်သို့ ပြန်ရောက်လျှင် နံရံတွင် ကပ်ထားသော ကြည့်မှန်ထဲသို့ ကြည့်လိုက်သည်။

‘ဘုရား ဘုရား’

မှန်ထဲတွင် သူ့မျက်နှာကို မြင်ရမည့်အစား ထက်ပိုင်မြင်လိုက်ရသည်က သူ့ကို အိပ်မက်ထဲတွင် အရှင်လတ်လတ် ကိုက်ဖဲ့စားသောက်ခဲ့သော ဘီလူးကြီးပင်တည်း။ ဘီလူးကြီးသည် မှန်ထဲမှနေပြီး ထက်ပိုင်ကို သွားကြီးများ ဖြီးပြနေခဲ့သည်။

‘ငါ မအိပ်လည်း ဘာမှ မထူးဘူး။ တကယ့်လော့ကထဲမှာလည်း ဒီဘီလူးက ငါ့နောက်ကို အရိပ်လို လိုက်နေပြီပဲ’

ထိုနေ့ညက ထက်ပိုင် ဆေးမသုံးတော့ဘဲ အိပ်ရာသို့ ၀င်ကာ အိပ်ပစ်လိုက်သည်။ အိပ်မက်ထဲတွင် ဘီလူးကြီးသည် အရင်အတိုင်း ရောက်လာပြီး ထက်ပိုင်၏ တစ်ကိုယ်လုံးကို ကိုက်ဖဲ့စားသောက်ပြန်လေသည်။ ဤတစ်ကြိမ်တွင်တော့ လည်ပင်းတွင် ရပ်မနေတော့။ ထက်ပိုင်၏ မျက်နှာကိုပါ ကိုက်စားနေခဲ့သည်။ သူ၏ လျှာကို ဘီလူးကြီးသည် လက်သည်းချွန်ကြီးများနှင့် ထိုးဖောက်ကာ ဆွဲထုတ်လိုက်လျှင် လျှာကြီးသည် ရာဘာပြားတချပ်လို ရှည်ထွက်ကာ ဘတ်ကနဲ ပြတ်ပါသွားလေသည်။ ထို့နောက်တွင်မူ သူ၏ မျက်လုံးများ။ နှာခေါင်း၊ နားရွက်များ။

‘ဂွပ်...’

ဘီလူးကြီးသည် ထက်ပိုင်၏ ဦးခေါင်းခွံကို သူ၏ လက်သီးဆုပ်ကြီးများနှင့် ထုချေကာ ခွဲလိုက်ပြီး အတွင်းမှ ဦးနှောက်ဖတ် ဖြူဖြူများကို တမြုံ့မြုံ့ စိမ်ပြေနပြေ အရသာခံ စားနေလေတော့သည်။

…………………………….

ထက်ပိုင်သည် စိတ်ဓာတ်မာကျောလွန်းသူတစ်ဦးဖြစ်သည်။ သူသည် မိဘများရှိရာ နယ်ဘက်မှ ရန်ကုန်သို့ တကိုယ်တည်း တက်လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ မိဘများကိုပင် ပြန်လည် ပံ့ပိုး ထောက်ပံ့ပေးနေသူ လူငယ်တစ်ဦးဖြစ်လေသည်။ သူသည် အားလပ်ချိန်များတွင် သောက်စား ပျော်ပါးခြင်းမရှိ၊ မိန်းမ ရှုပ်ပွေခြင်းမရှိ၊ ရည်းစားသနာပင် မထားပဲ ပရဟိတ ရပ်ရေးရွာရေးအတွက်သာ အချိန်ကုန်တတ်သူ လူတော်လူကောင်းတစ်ဦးပင်။

သူသည် တစ်လတိတိ ထိုအိပ်မက်ဆိုးကြီး၏ ဒဏ်ကို တင်းခံခဲ့သည်။ အချို့ရက်များတွင် အလေးမရုံသို့ပင် ပြန်ကာ အလုပ်ပြန်၀င်ရန် ကြိုးစားခဲ့သေးသည်။ ရပ်ကွက်ဓမ္မာရုံတွင် နှစ်မနက်မျှ ဆွမ်းချက်ရာ၌ လုပ်အားပေးခဲ့သေးသည်။

တခါက ထက်ပိုင်၏ မိတ်ဆွေတစ်ဦးသည် သူ့အိမ်တွင် စလောင်းတပ်ရန် ထက်ပိုင်ကို အကူအညီတောင်းခဲ့ဖူးသည်။ ထိုစလောင်းကိုတက်ရန် ထိုခုနစ်ထပ်တိုက်၏ လူမနေသော အပေါ်ဆုံးထပ် တိုက်ခန်းသော့ကို ထက်ပိုင်အား ခေတ္တပေးထားခဲ့၏။ ထိုခုနစ်ထပ်တိုက်ခန်းလွတ်မှတက်လျှင် တိုက်ခေါင်မိုးပေါ်သို့ ရောက်ရှိနိုင်လေသည်။

တနင်္ဂနွေတစ်မနက်တွင် ထက်ပိုင်သည် အိပ်ရာမှနိုးလျှင် ထိုခုနစ်ထပ်တိုက် တိုက်ခန်းလွတ်မှတဆင့် တိုက်ခေါင်မိုးပေါ်သို့ ရောက်ရှိသွားသည်။ ပထမဆုံး တိုက်အောက်တွင် လူသွားလူလာရှိမရှိ သူငုံ့ကြည့်လိုက်သည်။ ပိတ်ရက်မနက် အစောကြီးဖြစ်သဖြင့် လမ်းထဲတွင် လူတစ်ယောက်မျှ မရှိချေ။ ထက်ပိုင်သည် သူ၏ မျက်ခွံနှစ်ဘက်ကို တိတ်နှင့် အပေါ်သို့ လှန်ကပ်လိုက်သည်။ သူ မျက်စိ ပိတ်သွား၍ မဖြစ်ချေ။ ထို့နောက်တွင်မူ သူသည် တိုက်ခေါင်မိုး၏ အစွန်းပေါ်တွင် ရပ်နေရာမှ ကိုယ်ကို ရှေ့သို့ စောင်းချလိုက်သည်။ တိုက်အောက်ရှိ ကတ္တရာလမ်းသည် သူ့မျက်နှာတည့်တည့်သို့ တဟုန်တိုး ပြေး၀င်လာခဲ့သည်။

ခွပ်ကနဲ ဦးခေါင်းခွံအက်ကွဲသွားသံကို သူနောက်ဆုံးကြားလိုက်ရသည်။

အားလုံးမှောင်မဲသွား၏။ ထက်ပိုင်သည် သေခြင်းတရားကို မကြောက်ခဲ့။ သူကြောက်ခဲ့သည်မှာ ထိုသို့ မှောင်မဲသွားသည့်အခါ အဆိုပါဘီလူးကြီးပေါ်လာပြီး သူ့ခန္ဓာကိုယ်အား ထာ၀ရအဆုံးမရှိ ကိုက်ဖြတ်စားသောက်မည်ကိုသာပင်။

………………………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..