ခွေးဟောင်သံ အပိုင်း (၆)
lotaya.mpt.com.mm
|
2022-03-19

မစိုးစိုးမေ



……………..

 မစိုးစိုးမေသည် ဦးသိဒ္ဓိ၏ ကုတင်ဘေးတွင် ထိုင်ကာ မလှုပ်မယှက် လဲလျောင်းနေသော ပုဂ္ဂိုလ်ကြီးကို စိုက်ကြည့်နေမိသည်။ ဦးသိဒ္ဓိသည် သူမ၏ ဘ၀တွင် တွေ့ဖူးသမျှ အထူးဆန်းဆုံးသော လူသားတစ်ဦးဖြစ်လေသည်။ သူမ လွန်ခဲ့သော နှစ်နှစ်ကျော်က ဦးသိဒ္ဓိနှင့် စတင်တွေ့ဆုံခဲ့သည်ကို ယခုထိ မှတ်မိနေသည်။

‘ကျွန်တော် ခရီးရှည်ကြီးတစ်ခု ထွက်စရာရှိတယ် မစိုးစိုးမေ’

သူမဧည့်ခန်းရှိ ထိုင်ခုံတွင် ထိုင်ရင်း ဘိုးတော်ကြီးက တည်ငြိမ်သော လေသံနှင့်ပြောလိုက်သည်။

‘မစိုးစိုးမေတို့ မိသားစုကို ကျွန်တော် ခရီးက ပြန်ရောက်လာရင် ကျေးဇူးဆပ်ပါမယ်’

‘ရပါတယ် အဘဦးသိဒ္ဓိရှင့်။ ခရီးက ဘယ်လောက်ကြာမှာလဲရှင့်’

‘မြန်ရင်တော့ ရက်ပိုင်းပဲ။ ဒါပေမဲ့ နှစ်ပေါက်အောင်လည်း ကြာသွားနိုင်တယ်။’

‘ဟုတ်ကဲ့ပါ အဘဦးသိဒ္ဓိ။ အဘ ခရီးသွားနေတုန်း တိုက်ခန်းကို ကျွန်မ ကြည့်ပေးထားပါ့မယ်’

‘အင်း။ မစိုးစိုးမေ တိုက်ခန်းထဲတော့ ၀င်ကြည့်ဖို့လိုမယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လေ’

…………………………………….

ယခုဆိုလျှင် သူမ ဦးသိဒ္ဓိ၏ တိုက်ခန်းသို့လာကာ ပုဂ္ဂိုလ်ကြီးအား ပြုစုစောင့်ရှောက်ပေးနေသည်မှာ နှစ်နှစ်ကျော်၍ သုံးနှစ်နီးပါးမျှ ရှိလေပြီ။ သားလေး မောင်အောင်ခန့်ပင် ဆယ်နှစ်သားကြီးဖြစ်နေလေပြီ။ ထိုနေ့ညတွင် မစိုးစိုးမေသည် အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ၀တ်ဖြူစင်ကြယ်၀တ်ထားသော ဦးသိဒ္ဓိသည် မစိုးစိုးမေ၏ မျက်နှာရှေ့တွင် ထီလက်မှတ်တစ်စောင်ကို ကိုင်ပြီး မြှောက်ပြလေသည်။ သူမသည် နံပါတ်များကို ကြည့်လိုက်သည်နှင့် သူမ၏ စိတ်ထဲတွင် ထီနံပါတ်များအားလုံးက ချက်ချင်းစွဲထင်သွားသည်။ သူမ နောက်တစ်နေ့မနက် အိပ်ရာမှ နိုးလာလျှင် ဘောပင်နှင့် စာရွက်တစ်ရွက်ကို ယူပြီး ထို ထီနံပါတ်ကို မမေ့ရအောင် ချရေးထားလိုက်သည်။ တကယ်တော့ ထိုမျှ များသည့် နံပါတ်များကို သူမ မှတ်မိနေသည်မှာလည်း ထူးဆန်း၍ နေသည်။ ထိုနေ့တွင်ပင် မစိုးစိုးမေသည် သူတို့လမ်းထိပ်ရှိ ထီဆိုင်သို့သွားကာ ထိုနံပါတ်ပါသော ထီလက်မှတ်ကို ရှာဖွေလေတော့သည်။ ကံအားလျော်စွာပင် မစိုးစိုးမေ ရှာနေသော ထီနံပါတ်ကို ထိုထီဆိုင်မှာပင် ရှာတွေ့လေသည်။ သူမ ထိုထီလက်မှတ်ကို ထိုးခဲ့၏။

နောက်တစ်ပတ် ထီဖွင့်လျှင် ထီဆိုင်မှ သူမအိမ်သို့ လူလွှတ်ပြီး အကြောင်းကြားခဲ့သည်။ သူမ၏ ထီလက်မှတ်က ဆယ်သိန်းဆု ပေါက်သွားသောကြောင့်ပင်။ ထိုခေတ်အခါက ငွေဆယ်သိန်းသည် နည်းလှသည်မဟုတ်ချေ။ မစိုးစိုးမေသည် ၀မ်းသာအားရနှင့် ဦးသိဒ္ဓိရှိရာ ခြောက်ထပ်အခန်းသို့ ပြန်သွားကာ ကုတင်ပေါ်တွင် ပက်လက်ကြီး လဲလျောင်းနေသော ပုဂ္ဂိုလ်ကြီးကို ကြမ်းပေါ်တွင် ပုဆစ်တုပ်ထိုင်လျက်က ဦးချ ကန်တော့မိလေသည်။

ထိုနေ့မှစပြီး မစိုးစိုးမေအတွက် ကံကောင်းခြင်းများက ရံဖန်ရံခါ ပေါ်ပေါ်လာတတ်သည်။ ထိုခေတ်က ကုန်ပစ္စည်းများထဲတွင် ကံစမ်းမဲများထည့်ပေးသော ခေတ်ဖြစ်လေရာ မစိုးစိုးမေသည် အသေးအမွှား ပစ္စည်းကလေးများကို ၀ယ်သုံးလျှင်ပင် တီဗီ၊ ရေခဲသေတ္တာ စသည့် တန်ဖိုးကြီး ကံစမ်းမဲများကို မကြာခဏ ပေါက်တတ်လာလေသည်။ ထိုသို့ မစိုးစိုးမေ ကံကောင်းနေသည်ကို တတိယထပ်တွင် နေထိုင်သော ကိုကျော်သစ်၏ ဇနီး မသန္တာက တဖြည်းဖြည်း သတိထားမိလာလေတော့သည်။

‘အစ်မ နေကောင်းရဲ့လား’

တစ်ရက် မစိုးစိုးမေ စျေးသွားစဥ် လမ်း၌ မသန္တာက အနောက်မှ လိုက်လာပြီး နှုတ်ဆက်လိုက်သည်။

‘ဟုတ်ကဲ့ မသန္တာ။ မသန္တာတို့ရော အဆင်ပြေရဲ့လား’

‘ဒီလိုပါပဲ အစ်မရယ်။ ကျွန်မတို့လည်း ရုန်းကန်နေရတာပဲ။ သြော် ကျွန်မ ပြောစရာရှိလို့။ အစ်မက ဦးသိဒ္ဓိကို ခြောက်ထပ် တက်ပြီး ကြည့်ပေးနေရတာ။ အဲဒါကလေးကလည်းတဘက်နဲ့ဆိုတော့ ကျွန်မတို့ လင်မယားလည်း ၀ိုင်းကူ‌ပေးမယ်လေ’

သွက်လက်သော မသန္တာသည် သူမလိုချင်သည်ကို စွပ်ပြောလေသည်။ နှုတ်နည်းသော မစိုးစိုးမေက ရုတ်တရက် ဘာပြန်ပြောရမည်မသိဖြစ်နေခဲ့သည်။ အမှန်တော့ သူမသည် ဦးသိဒ္ဓိ၏ တိုက်ခန်းကို မည်သူမျှ မ၀င်စေလို။ ထိုတိုက်ခန်းတွင်းသို့ ၀င်မိသဖြင့် တိုက်ပေါ်မှ ခုန်ချကာ သတ်သေသွားသော မောင်ထက်ပိုင်နှင့် နာတာရှည် နေမကောင်းဖြစ်ပြီး အာဖရိကတိုက်တွင် ဇာတ်မြှုပ်သွားသော ဒေါက်တာရေချမ်းတို့၏ ကံကြမ္မာများကို မျက်၀ါးထင်ထင် မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့် အခြား မည်သူ့ကိုမျှ ထိုသို့ ကြမ္မာမငင်စေလို သောကြောင့် ဖြစ်လေသည်။ သို့သော် ဤအကြောင်းပြချက်ကား မစိုးစိုးမေ၏ စိတ်ထဲရှိသည့်အတိုင်း မဟုတ်ချေ။ ဤအကြောင်းပြချက်သည် သာမန် လူသားတစ်ယောက်အတွက် ဟုတ်မှန်နိုင်သော်လည်း မစိုးစိုးမေအတွက် မဟုတ်မှန်ခဲ့ချေ။ မစိုးစိုးမေသည် မသန္တာ၏ တောင်းဆိုချက်ကို ဤအကြောင်းပြချက် သုံးပြီး ငြင်းဆန်လျှင် ရနိုင်ပေလိမ့်မည်။ သို့သော် အမှန်တော့ မစိုးစိုးမေ ဦးသိဒ္ဓိ၏ တိုက်ခန်းအတွင်းသို့ သူမမှလွဲပြီး အခြား လူစိမ်းများကို ပေးမ၀င်လိုခြင်းမှာ ထိုလူစိမ်းများက ဦးသိဒ္ဓိကို အနှောင့်အယှက် ပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူမသည် ဤ သုံးနှစ်တာကာလအတွင်း ဦးသိဒ္ဓိကို စောင့်ရှောက်ပေးနေရင်း ထိုပုဂ္ဂိုလ်ကြီး အပေါ် သံယောဇဥ်တွယ်လာခဲ့မိသည်။ သူမသည် ဦးသိဒ္ဓိကို ကြည့်ရှုပေးနေသော်လည်း သူမ၏ မသိစိတ်ထဲတွင်မူ ဦးသိဒ္ဓိက သူမတို့ သားအမိအပေါ် စောင့်ရှောက်ပေးနေသည်ဟု ထင်နေမိခဲ့သည်။ ယောကျ်ားသား မရှိသော သူမတို့ မိသားစုလေးသည် ဦးသိဒ္ဓိကြောင့် လုံခြုံနေသလို ခံစားနေခဲ့မိသည်။

‘အစ်မ.. အဲဒါ ကျွန်မတို့ လင်မယားက တပတ်ခြားတခါ ကြည့်ပေးမယ်လေ။ အစ်မလည်း နားရတာပေါ့ မဟုတ်ဘူးလားရှင့်’

‘သြော်… ဟုတ်.. ဟုတ်ကဲ့’

မည်သည့် ကိစ္စကိုမျှ ငြင်းခုံလေ့ သဘောထားကွဲလွဲလေ့မရှိသော မစိုးစိုးမေသည် မိန်းမလည်တစ်ဦးဖြစ်သော မသန္တာ၏ စကားကို မပယ်ချနိုင်ခဲ့။ သို့နှင့် သူမသည် မသန္တာတို့ လင်မယားကို ခြောက်ထပ်သို့ တပတ်ခြားတခါ ၀င်ပြီး ‌ ဝေယျာဝစ္စ ပြုရန် အခွင့်ပေးလိုက်လေတော့သည်။

ကိုကျော်သစ်နှင့် မသန္တာတို့သည် ဦးသိဒ္ဓိ၏ အခန်းသို့ တက်ကာ မစိုးစိုးမေ ညွှန်ကြားသည့်အတိုင်း ဖုန်ခါခြင်း၊ တံမြက်စည်းလှဲခြင်း အမှုကိစ္စတို့ကို ပြုလုပ်ပေးကြသည်။

‘ရုပ်သေးရုပ်တွေကို သတိထား မသန္တာ။ သူတို့ကို မထိမိ မတိုက်မိစေနဲ့’

ဘာကြောင့်မှန်းမသိဘဲ မစိုးစိုးမေသည် ထိုရုပ်သေးရုပ်များအပေါ်တွင် စိတ်မသန့်ဘဲ ရှိနေခဲ့သည်။ သူမသည် ထို အရုပ်များကို ရံဖန်ရံခါ ဖုန်သုတ်ပေးသည်မှလွဲ၍ ထိကိုင်လေ့မရှိ။ အထူးသဖြင့် ထိုအရုပ်များ၏ မျက်နှာများပေါ်တွင် ဖုံးထားသည့် သင်္ကန်းစများကို ဘယ်တော့မှ ဖယ်ရှားလေ့မရှိချေ။

‘ဦးသိဒ္ဓိကို အစာကျွေး ရေတိုက် အညစ်အကြေးဆေးပေးတာတွေ ဘယ်လိုလုပ်ရမလဲ အစ်မ’

‘အဲဒါတွေ လုပ်ဖို့မလိုဘူး မသန္တာ။ အဲလိုလုပ်မှ ပိုပြီး ညစ်ပတ်ကုန်မှာ’

‘ဒါဆို ဦးသိဒ္ဓိက တန်ခိုးရှိတာ သေချာတာပေါ့’

ကိုကျော်သစ် ၀င်ပြောပြီးမှ ပါးစပ်ပိတ်လိုက်ရသည်။ မစိုးစိုးမေသည် ထိုလင်မယားအား ဦးသိဒ္ဓိအခန်းသို့ ၀င်ရန် ခွင့်ပြုမိသည့်အတွက် နောင်တရမိလေသည်။ ကိုကျော်သစ်တို့ လင်မယားသည် သူတို့ ကတိပေးထားသည့်အတိုင်း တပတ်ခြားတခါ ခြောက်ထပ်သို့ တက်ပြီး သန့်ရှင်းရေး လုပ်ပေးခဲ့သည်။ နှစ်လခန့်ကြာသည်အထိ ဘာမှ ထူးခြားမှုမရှိလျှင် လင်မယားနှစ်ယောက်သည် မကျေမနပ်ဖြစ်လာခဲ့သည်။

‘မစိုးစိုးမေကျတော့ ထီပေါက်လိုက်။ ကံစမ်းမဲတွေ ပေါက်လိုက်နဲ့ ငါတို့ကျတော့ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဘာမှလည်း ပြန်မရပါလား’

မစိုးစိုးမေသည် တပတ်ခြားတခါ အလုပ်သက်သာသော်လည်း စိတ်မှာမူ မဖြောင့်ဘဲ ရှိခဲ့သည်။ ထို့ကြောင့် တရက်တွင် ကိုကျော်သစ်တို့ လင်မယား သန့်ရှင်းရေးလုပ်ရန် အလှည့်ကျသော နေ့၌ ခြောက်ထပ်သို့ တက်ကြည့်ခဲ့လေသည်။ ဦးသိဒ္ဓိ အိမ်ရှေ့သို့ ရောက်သည်နှင့် သူမ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားသည်။ အကြောင်းမှာ တိုက်ခန်းတံခါးရှေ့တွင် ချွတ်ထားသော ဖိနပ်အရံအတော်များများကို သူမ တွေ့လိုက်ရသောကြောင့်ပင်။ အခန်းထဲတွင် လူပရိသတ် အတော်များများ ရောက်ရှိနေကြလေပြီ။ မစိုးစိုးမေ မဖြစ်စဖူး စိတ်ထဲတွင် အမျက်ချောင်းချောင်း ထမိသွားသည်။

သူမ တံခါးကို တွန်းဖွင့်ကာ အိမ်ခန်းတွင်းသို့ တိုက်ရိုက်၀င်ချသွားလိုက်၏။

‘ဒါက ဘာတွေလုပ်နေကြတာလဲ’

ဦးသိဒ္ဓိ၏ ကုတင်ခေါင်းရင်းတွင် ရပ်နေသော ကိုကျော်သစ်က အူကြောင်ကြောင်နှင့် မစိုးစိုးမေကို ပြန်ကြည့်သည်။ သူ့လက်ထဲတွင် ကတ်ကြေးတစ်ချောင်း။ ကုတင်ဘေးတွင် ပုဆစ်တုပ်ထိုင်ကာ လက်အုပ်များ ချီနေကြသော ဆယ်ယောက်မျှ ရှိမည့် အရွယ်စုံ ကျားမစုံ လူပရိသတ်။ သူတို့အားလုံး၏ရှေ့ ကော်ပုံးထဲတွင် အလှူခံပိုက်ဆံများ။

ကိုကျော်သစ်နှင့် မသန္တာတို့သည် ပြင်ပမှ လူများကို ခေါ်သွင်းပြီး ဘိုးတော်ကြီး၏ ဆံစ လက်သည်း ခြေသည်းများကို ဖြတ်တောက် ရောင်းချကာ စီးပွားရှာနေခြင်းပင်။

‘ရှင်တို့ တော်တော် ရိုင်းစိုင်းတဲ့လူတွေပါလား။ အားလုံးပဲ အခုထွက်သွားကြ။ အခုထွက်သွားကြစမ်း’

မစိုးစိုးမေသည် သူမ၏ ဘ၀တွင် တခါမှ မဖြစ်စဖူး ဒေါသများအလိပ်လိုက်ထွက်လာပြီး ကျားမတစ်ကောင်လို အခန်းတွင်းရှိလူများအားလုံးအား အော်ဟစ်ကြိမ်းမောင်းကာ မောင်းထုတ်လေတော့သည်။

‘‌ဟေ့ ဘာဖြစ်နေကြတာလဲ’

အခန်းတံခါး၀မှ လူကြီးသံတစ်သံ ထွက်လာသည်။ အောက်ထပ်မှ ကျောင်းဆရာကြီး ဦးမောင်သင်။ ဦးမောင်သင်သည် မစိုးစိုးမေ၏ အော်သံကြားသဖြင့် တက်လာခြင်းပင်။ ဦးမောင်သင်သည် ချက်ချင်းပင် မစိုးစိုးမေ၏ နံဘေးသို့ရောက်လာခဲ့သည်။

‘ဟေ့လူတွေ မင်းတို့ ဒီမိန်းကလေးပြောတာ ကြားတယ်မလား။ အခုထွက်သွားကြစမ်း။ နောက် ဒီတိုက်ခန်းကို ဘယ်တော့မှ ပြန်မလာကြနဲ့’

ဟု သူ့လက်ထဲမှ တုတ်ကောက်ကြီးကို မြှောက်ရမ်းကာ ခြောက်လှန့်ပြီး မစိုးစိုးမေနှင့်အတူ ထိုလူစုအား အခန်းထဲမှ မောင်းထုတ်လိုက်လေတော့သည်။ ထိုနောက်ပိုင်းတွင် မစိုးစိုးမေသည် ဦးသိဒ္ဓိ၏ အခန်းထဲသို့ သူမမှလွဲပြီး မည်သူတဦးတယောက်ကိုမျှ အ၀င်မခံတော့ချေ။

‘အဘဦးသိဒ္ဓိ။ ကျွန်မအတွက် လာဘ်လာဘတွေ မလိုပါဘူး။ ကျွန်မသားလေး မောင်အောင်ခန့်ကိုသာ ဘေးရန်ကင်းအောင် စောင့်ရှောက်ပေးပါရှင့်’

မစိုးစိုးမေသည် တရက်တွင် ဦးသိဒ္ဓိ၏ အခန်းကို ရှင်းလင်းပေးနေရင်း ဘိုးတော်ကြီးကို လက်အုပ်ချီရင်းပြောလိုက်လေသည်။

…………………………………..

နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ သားငယ်မောင်အောင်ခန့်သည် ယခုအခါ အသက်နှစ်ဆယ်ပင် ပြည့်လေပြီ။ မောင်အောင်ခန့်သည် ယခုအခါ မြန်မာစာမေဂျာ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားကြီးပင် ဖြစ်နေပြီဖြစ်သည်။

‘သား မောင်အောင်ခန့်’

‘ဟုတ်ကဲ့ မေမေ’

‘သားဒီနေ့ အသက်နှစ်ဆယ်ပြည့်ပြီ။ သားကို မေမေ ဒီနေ့ အရေးကြီးတာတစ်ခု ပြောစရာရှိတယ်’

‘ဟုတ်ကဲ့ ပြောပါ မေမေ’

‘မေမေ ဦးသိဒ္ဓိရှိတဲ့ ခြောက်ထပ်ကို အမြဲတက်ပြီး ကြည့်ရှုပေးနေတာ အခုဆို ဆယ်သုံးနှစ်ရှိပြီသား။ အမေလည်း အသက် ငါးဆယ်ကျော်ပြီ။ မကြာခင်မှာ လူအိုဖြစ်တော့မယ်။ သားကို အရင်က အဲဒီအခန်းကို မေမေ ပေးမ၀င်ခဲ့ဘူး။ သားက ငယ်သေးတော့ လူတွေအသိဥာဏ်နဲ့ နားမလည်နိုင်တဲ့ ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရမှာစိုးလို့ မေမေ ပေးမသွားခဲ့တာပါ။’

‘သားနားလည်ပါတယ်’

‘ဒီနေ့တော့ သား လူကြီးဖြစ်ပြီလို့ မေမေ ယူဆတဲ့အတွက် မေမေနဲ့အတူ ခြောက်ထပ်ကို လိုက်ခဲ့လို့ရပြီသား’

ထိုနေ့သည် မောင်အောင်ခန့်အတွက် ဦးသိဒ္ဓိ၏ အခန်းသို့ ပထမဆုံး ရောက်ဖူးခဲ့ခြင်းပင်။ ထိုအခန်းသည် လွန်ခဲ့သော ဆယ့်သုံးနှစ် - ခွေးဟောင်သံကြီး ထွက်ပေါ်ခဲ့ချိန်ကတည်းကအတိုင်း တထေရာထဲပင် ပုံစံမပျက် ဆက်လက်ရှိနေလေသည်။ ဧည့်ခန်းရှိ ရုပ်သေးရုပ်များ၊ ပန်းချီကားများ။ အထူးဆန်းဆုံးမှာ တခန်းလုံးတွင် ပျံ့နှံ့နေသော အိန္ဒိယ အမွှေးတိုင်ရနံ့။ ထိုအနံ့သည် ဘယ်နေရာက ထွက်နေမှန်းမသိ။ ဆယ့်သုံးနှစ်လုံးလုံး ပျောက်သွားသည် ပျယ်သွားသည်မရှိပဲ အချိန်ပြည့် မွှေးအီလျက်ရှိနေသည်။ ထိုအနံ့သည် လူများကို အခန်းတွင်းသို့ ၀င်လာအောင် ညှို့ယူနိုင်သည့် အစွမ်းရှိသော်လည်း မောင်အောင်ခန့်အတွက်မူ ထိုအနံ့သည် မနှစ်မြို့စရာဖြစ်နေလေသည်။

‘ဒါ ဘာအနံ့ကြီးလည်း မေမေ’

‘မေမေလည်း မသိဘူးသား။ မေမေတို့ ဒီအခန်းကို စရောက်ကတည်းက ဒီအနံ့ကြီးရှိနေတာပဲ။ ဘယ်အမွှေးတိုင်မှ ထွန်းထားတာလည်း မတွေ့ရဘူး’

‘ထူးဆန်းလိုက်တာနော်’

‘ထူးဆန်းတာတွေမှ အများကြီးပဲသား။ အခန်းထဲရောက်ရင် ဒီထက် ထူးဆန်းတာတွေ တွေ့ရလိမ့်မယ်’

သူတို့သားအမိသည် အတွင်းခန်းသို့ ၀င်လိုက်လျှင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဦးသိဒ္ဓိ၏ ကိုယ်ခန္ဓာကြီးကို တွေ့လိုက်ရသည်။ ဦးသိဒ္ဓိသည် ၀တ်ဖြူစင်ကြယ်ကိုပင် ၀တ်ဆင်ထားပြီး သူ၏ မုတ်ဆိတ်ပါးမြိုင်းမွေးများမှာလည်း ဆွတ်ဆွတ်ဖြူလျက်ရှိသည်။

‘ဒါ.. ဦးသိဒ္ဓိလား မေမေ’

‘ဟုတ်တယ်သား’

‘သူက အသက်သိပ်မကြီးသေးဘူးပဲနော်။ သားက အဘိုးကြီးဖြစ်လောက်ပြီထင်နေတာ’

ဦးသိဒ္ဓိသည် မစိုးစိုးမေ စတင်တွေ့ဆုံခဲ့သော လွန်ခဲ့သည့် ၁၅ နှစ်လောက်က အတိုင်းပင် အရွယ်တင်နေဆဲရှိနေသည်။ ဤနှစ်ပေါင်းများစွာအတွင်း အနည်းငယ်လေးပင် အိုစာသွားခြင်းမရှိခဲ့ချေ။

‘ဟုတ်တယ်သား။ အဘဦးသိဒ္ဓိက မေ‌မေ စတွေ့ကတည်းကအတိုင်းပဲ။ ဘာမှ မပြောင်းလဲသွားဘူး။ ဆံပင်လည်း ရှည်မလာဘူး။ မုတ်ဆိတ်လည်း ရှည်မလာဘူး။ လက်သည်းခြေသည်းကအစ ဘာတစ်ခုမှ ပြောင်းသွားတာ မရှိဘူးသား’

မောင်အောင်ခန့်သည် သူ၏ ဘ၀တွင် အထူးဆန်းဆုံးသော အခြင်းအရာတစ်ခုကို မျက်၀ါးထင်ထင်မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့သြမဆုံးနိုင်အောင် ရှိနေတော့သည်။

……………………………………………..

ဆယ်စုနှစ် နှစ်စု ကုန်လွန်သွားသည်။ မစိုးစိုးမေသည် ဒေါ်စိုးစိုးမေ အဖြစ်ပြောင်းလဲသွားသလို၊ မောင်အောင်ခန့်သည်လည်း ကိုအောင်ခန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ငါးထပ်ရှိ ကျောင်းဆရာကြီး ဦးမောင်သင် ကွယ်လွန်သည်မှာပင် နှစ်အတော်ကြာသွားခဲ့လေပြီ။ သူတို့တိုက်တွင် နေထိုင်ခဲ့သော ကုန်သည် ကိုကျော်သစ်တို့ လင်မယားလည်း ပြောင်းရွှေ့သွားကြလေပြီ။

ဒေါ်စိုးစိုးမေသည် လောကဓံ၏ အထုအထောင်းကို ခါးစည်းခံခဲ့ရသဖြင့် အသက် ခုနစ်ဆယ်ခန့်တွင် နှလုံးအားနည်းသော ရောဂါ စတင်စွဲကပ်ခဲ့သည်။ သူမသည် တဖြည်းဖြည်းနှင့် ဦးသိဒ္ဓိရှိရာ ခြောက်ထပ်တိုက်သို့ မတက်နိုင်တော့။ လှေကားတ၀က်တွင် နားနားပြီး အသက်ရှူရသည်။ နောက်ဆုံးတွင်တော့ ကိုအောင်ခန့်သည် သူမ၏ မိခင် ခြောက်ထပ်သို့ မတက်တော့စေရန် အကြိမ်ကြိမ် နားချခဲ့ရလေသည်။

ကိုအောင်ခန့်သည် မိခင်ဖြစ်သည် နှလုံးရောဂါမထစေရန် ဦးသိဒ္ဓိ၏ ‌ ဝေယျာဝစ္စ များကို တာ၀န်ယူပေးခဲ့ရလေသည်။ ကိုအောင်ခန့်အတွက် အခက်ခဲဆုံးမှာ ဦးသိဒ္ဓိအား အင်္ကျီလဲပေးရခြင်းပင်။ ဘိုးတော်ကြီး၏ ခန္ဓာကိုယ်သည် အညစ်အကြေးမထွက်သဖြင့် ညစ်ပေမှုမရှိအောင် လဲလှယ်ပေးရခြင်းမဟုတ်ဘဲ အ၀တ်အစားများ အချိန်ကြာမြင့်လွန်းသဖြင့် ဆွေးမြည့်ဟောင်းနွမ်းလာသောကြောင့်သာ လဲလှယ်ပေးရခြင်း ဖြစ်သည်။ ထိုသို့လဲပေးရသည့်အခါ တစ်ယောက်တည်းဖြစ်သဖြင့် ဦးသိဒ္ဓိ၏ ကိုယ်လုံးကြီးကို ဟိုဘက် တွန်းလှိမ့် သည်ဘက်တွန်းလှိမ့်နှင့် မသက်သာလှပေ။

ရိုးအေးလွန်းသော ကိုအောင်ခန့်သည် အရွယ်ရောက်ပြီဖြစ်သော်လည်း အိမ်ထောင်သားမွေးပြုရန် စိတ်မကူးဘဲ မိခင်ကြီးကိုသာ ဆက်လက်ပြုစုစောင့်ရှောက်ခဲ့သည်။ ဒေါ်စိုးစိုးမေ၏ နက်မှောင် သန်စွမ်းသော ဆံနွယ်တို့သည် ဆံပင်ဖြူများနှင့် ကြိုးတိုးကြဲတဲ ဖြစ်နေလေပြီ။ တချိန်က ပြည့်ဖြိုးခဲ့သော သူမ၏ ကိုယ်လုံးသည် ယခုအခါ အရိုးပေါ် အရေတင်ဟု ပြောရလောက်အောင် ချိနဲ့၍နေသည်။ နှလုံးရောဂါကြောင့် လူက အနည်းငယ်လေး လှုပ်လိုက်လျှင်ပင် သောင်ပြင်ပေါ်တင်နေသော ငါးပမာ ပါးစပ်မှ ဟစိဟစိနှင့် လေကို မနည်းရှူနေရတော့သည်။

တစ်ရက်တွင်မူ ဒေါ်စိုးစိုးမေသည် ကိုအောင်ခန့်ကို သူမ၏ အိပ်ရာနံဘေးသို့ ခေါ်ပြီး အရေးတကြီးပြောခဲ့သည် -

‘သား.. ဦးသိဒ္ဓိကို ဆက်ပြီးစောင့်ရှောက်ပေးပါနော်’

‘ဟုတ်ကဲ့ပါ မေမေ။ သား စောင့်ရှောက်ပေးပါ့မယ်။ မေမေ စိတ်မပူပါနဲ့’

‘မေမေ တခါတလေ စဥ်းစားမိတယ်သား။ ဦးသိဒ္ဓိဟာ ပြန်ရောနိုးပါ့ဦးမလားလို့’

‘အဲဒါတွေ မစဥ်းစားပါနဲ့ မေမေ။ သားတို့ လုပ်စရာရှိတာကို လုပ်နိုင်သလောက် လုပ်ပေးနေကြတာပဲလေ။ ကျန်တာတွေ တွေးပူနေလို့လည်း အလကားပဲ မဟုတ်လားး

ဒေါ်စိုးစိုးမေသည် နှစ်ပေါင်းများစွာ ကြည့်ရှုစောင့်ရှောက်ပေးခဲ့သော ဦးသိဒ္ဓိအပေါ် သံယောဇဥ် တစ်မျိုး တွယ်မိခဲ့ပြီဖြစ်သည်။ ထိုသံယောဇဥ်သည် ရာဂပါသော ကိလေသာစိတ်မျိုးလည်း မဟုတ်။ မျှော်လင့်ချက် ပါသော ပေးဆပ်ခြင်းမျိုးလည်း မဟုတ်ချေ။ သူမဘက်က ဘာမှ မတောင်းဆိုခဲ့သော်လည်း ဦးသိဒ္ဓိသည် မမြင်နိုင်သော စွမ်းအင်များနှင့် ဒေါ်စိုးစိုးမေတို့ သားအမိကို စောင့်ရှောက်ပေးခဲ့သလိုပင်။ တခါတရံ သူမအတွက် အထီးကျန်ဆန်လွန်းသည့် အချိန်များတွင် ဦးသိဒ္ဓိ ခြောက်ထပ်တွင် ရှိနေသည်ဆိုသည့်အတွေးက သူမကို ခွန်အားများပြည့်သွားစေလေသည်။

ယခုမူ သူမ နေမကောင်းလွန်းသဖြင့် အိပ်ရာထဲမှပင် မထနိုင်တော့ပေ။ ဒေါ်စိုးစိုးမေသည် သူမ ဘ၀တွင် ပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှုများကို အာရုံပြုပြီး ‌ဝေဒနာသက်သာအောင် ကြိုးစားနေရရှာသည်။ သူမ သေဆုံးသွားလျှင် သားဖြစ်သူသည် တစ်ဦးတည်း ကျန်ရစ်တော့မည်။ ကိုအောင်ခန့်မှာ ရိုးဖြောင့်သော လူကောင်းတစ်ယောက်ဖြစ်သဖြင့် သူမသည် သားအတွက်တော့ စိတ်မပူရချေ။ အမှန် သူမ စိတ်ပူသည်မှာ ဦးသိဒ္ဓိအတွက်ပင် ဖြစ်သည်။ ဒေါ်စိုးစိုးမေစိတ်ထဲတွင် ဦးသိဒ္ဓိသည် ပြဿနာတစ်ခုခုနှင့် တွေ့ကြုံပြီး ဒုက္ခဖြစ်နေလိမ့်မည်ဟု ယုံကြည်နေမိသည်။

‘မြန်ရင်တော့ ရက်ပိုင်းပဲ။ ဒါပေမဲ့ နှစ်ပေါက်အောင်လည်း ကြာသွားနိုင်တယ်။’

ဟု ဘိုးတော်ကြီး ပြောခဲ့သောစကား။

ဦးသိဒ္ဓိသည် စိတ်၀ိညာဥ်ကို ကိုယ်မှခွာပြီး ခရီးထွက်ခွာသွားခြင်းပင် ဖြစ်လိမ့်မည်။ သေတ္တာကြီးထဲတွင် ထိုမကောင်းဆိုး၀ါးသတ္တ၀ါကြီးကို ထားခဲ့ပြီး ထွက်သွားခြင်းဖြစ်သဖြင့် ထိုအကောင်ကြီး၏ ပြဿနာကို ဖြေရှင်းရန် အဖြေသွားရှာခြင်း ဖြစ်ရမည်ဟု သူမ တွက်ခဲ့မိသည်။ ရက်ပိုင်းပြန်ရောက်မည်ဟု မျှော်လင့်ခဲ့ရာမှ ယခုအခါ အနှစ်သုံးဆယ်ပင် ကျော်လွန်ခဲ့လေပြီ။ မည်သို့သော ခရီးရှည်ကြီးကို ထွက်သွားပြီး မည်သို့သော အခက်အခဲတွေနှင့် ရင်ဆိုင်နေရပါသနည်း။ ကိုအောင်ခန့်သည် ဦးသိဒ္ဓိ၏ ရုပ်ခန္ဓာကြီးကို နောင်နှစ်ပေါင်း မည်မျှကြာအောင် ဆက်လက်စောင့်ရှောက်ထားနိုင်ပါမည်နည်း။ သားသမီး မရှိသော ကိုအောင်ခန့် မရှိတော့သည့်နောက်တွင် ဦးသိဒ္ဓိ၏ ကိုယ်လုံးကြီးသည် လူအများအတွက် အံ့သြစဖွယ်၊ အသုံးချစရာ၊ စမ်းသပ်စရာကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ သူမ ထိုအတွေးကိုတွေးမိလျှင် အလွန်ပင် ဆောက်တည်ရာမရ ခြောက်ခြားမိလေသည်။ သို့သော် သူမအတွက် ဘာမှ မတတ်နိုင်ခဲ့ချေ။

‘အဘ ဦးသိဒ္ဓိအတွက် ကျွန်မ ဘ၀မှာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု၊ စောင့်ထိန်းခဲ့တဲ့ သီလတွေကို တိုင်တည်ပြီး ဆုတောင်းပါတယ်။ သား မောင်အောင်ခန့်ရော၊ အဘ ဦးသိဒ္ဓိပါ ဘေးရန်အပေါင်းမှ ကင်း‌ေ၀းကြပါစေ’

……………………………

နောက်တစ်နေ့မနက် ဒေါ်စိုးစိုးမေ အိပ်ရာမထသဖြင့် ကိုအောင်ခန့်က သွားနှိုးသောအခါ မိခင်ဖြစ်သူ အသက်မရှိတော့ကြောင်းကို တွေ့ခဲ့ရသည်။ ဒေါ်စိုးစိုးမေသည် အိပ်ပျော်နေစဥ်အတွင်း ချမ်းသာစွာ အနိစ္စ ရောက်သွားခဲ့လေသည်။ ကိုအောင်ခန့်သည် မိခင်ကြီး၏ ရုပ်အလောင်းကို တင်းတင်းဖက်ပြီး မျက်ရည်များ ကျခဲ့မိသည်။

………………………………………………

နောက်ဆယ်နှစ်အတွင်းတွင် လူပျိုကြီး ကိုအောင်ခန့်သည် မိခင်ပေးအပ်ခဲ့သော တာ၀န်ကို ကျေပွန်အောင် ထမ်းရွက်နိုင်ခဲ့သည်။ သူသည် ခြောက်ထပ်သို့ တက်ပြီး ဦးသိဒ္ဓိကို မိခင် ဆန္ဒရှိခဲ့သည့်အတိုင်း ကြည့်ရှုပေးနိုင်ခဲ့သည်။ သို့သော် ယခုအခါ သူ၏ ဘ၀သည် ဒေါ်စိုးစိုးမေ မရှိတော့သဖြင့် ပိုပြီး အထီးကျန်ဆန်လာသည်။ တခါကတော့ သူတို့နှင့် ကျောင်းတွင် အလုပ်အတူတူလုပ်သည့် ဆရာမတစ်ဦးကို သူ စိတ်၀င်စားမိခဲ့သည်။ သို့သော်လည်း အရှက်အကြောက်ကြီးလွန်းသော ကိုအောင်ခန့်သည် ထိုဆရာမကို ဖွင့်ပြောဖို့ရန် မ၀ံ့ရဲခဲ့ချေ။ ဆရာမသည် သူ့ကို ပြန်လည်နှစ်သက်သော်လည်း အချိန်အတိုင်းအတာတစ်ခုလွန်သောအခါ စကားမစနိုင်သော လူပျိုကြီးကို မစောင့်နိုင်တော့ဘဲ သူမကို လာရောက်ပိုးပန်းကြသော အခြားအမျိုးသားများထဲမှ တစ်ယောက်နှင့်သာ အိမ်ထောင်ပြုသွားခဲ့တော့သည်။

‘အဘဦးသိဒ္ဓိရေ။ လောကကြီးမှာ အချစ်ဆိုတာ အတော်ဆန်းကြယ်တာပဲဗျာ’

ကိုအောင်ခန့်သည် ဦးသိဒ္ဓိ၏ အခန်းကို တံမြက်စည်းလှည်းရင်းမှ ကုတင်ပေါ်မှ ပုဂ္ဂိုလ်ကြီးကို လှမ်းကြည့်ကာ စကားပြောခဲ့သည်။ ယခုအခါ ဘိုးတော်ကြီး၏ ကိုယ်လုံးကြီးသည် တစ်ကိုယ်တည်းသမား ကိုအောင်ခန့်အတွက် စကားပြောဖော်ဖြစ်မှန်းမသိ ဖြစ်လာလေသည်။

‘လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်တော့လည်း ချစ်လိုက်ကြတာ။ မချစ်ချင်ရင်တော့လည်း ဖြစ်နေတာပါပဲ။ ကျွန်တော်ဆို ဆရာမ မမြရီကို ချစ်တုန်းကတော့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်လို့။ အခု သူ တခြားယောကျ်ားနဲ့ ယူသွားတော့လည်း ဒီလိုပဲ ပြီးပျောက်သွားတာပါပဲလေ’

ဦးသိဒ္ဓိသည် သူ့အတွက် အကောင်းဆုံး စကားပြောဖော်ပင်။ အကြောင်းမှာ သူပြောသမျှကို ဘယ်တော့မှ မကန့်ကွက်၊ ငြင်းခုန်လေ့မရှိသောကြောင့် ဖြစ်လေသည်။

‘အမေက အဘကို တအား ပြန်နိုးလာစေချင်တာဗျ။ ကျွန်တော်ကတော့ အဘအခုလို အေးအေးချမ်းချမ်း အိပ်မောကျနေတာကို ပိုပြီးတောင် သဘောကျသလိုပဲဗျာ။ ကျွန်တော် ပြောချင်တာတွေ ပြောလို့ရတာပေါ့ မဟုတ်ဘူးလား အဘရာ - ဟား ဟား ဟား’

ကိုအောင်ခန့်သည် ရယ်မောနေရင်းမှ မိခင်ကြီး ဒေါ်စိုးစိုးမေကို သတိရသဖြင့် မျက်လုံးထဲတွင် မျက်ရည်များ ၀ဲလာခဲ့လေသည်။

……………………………………….

တစ်ညတွင်မူ ကိုအောင်ခန့် အိပ်ရာမှ လန့်နိုးလာခဲ့သည်။ နာရီကို ကြည့်လိုက်လျှင် ညသန်းခေါင်ကျော်ပြီး မနက် နှစ်နာရီခန့် ရှိပြီဖြစ်၏။ ပထမတွင် အိပ်မက်မက်နေသည်ထင်သော်လည်း တဖြည်းဖြည်းနှင့် အိပ်မက်မဟုတ်ကြောင်း သူသိလာခဲ့သည်။ သူ့နားထဲတွင် အသံတစ်ခုကို ကြားနေရ၏။ နားထောင်နေရင်းမှ ထိုအသံမှာ တဖြည်းဖြည်း ကျယ်လာသည်။ ဟုတ်သည်။ ခွေးဟောင်သံ။ ခွေးဟောင်သံမှ ခွေးဟောင်သံ စစ်စစ်။

 သို့သော် ထိုခွေးဟောင်သံကား လမ်းပေါ်မှ လာခြင်းမဟုတ်။ တိုက်၏ အပေါ်ဆုံးလွှာ ခြောက်ထပ် ဦးသိဒ္ဓိ နေထိုင်ရာ အခန်းဆီမှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေတော့သည်။

‘၀ုတ် ၀ုတ် ၀ုတ် ၀ုတ် …...’

…………………………………….

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..