ခွေးဟောင်သံ အပိုင်း (၇)
lotaya.mpt.com.mm
|
2022-03-25

ဦးသိဒ္ဓိ



……………..

အသက်နှစ်ဆယ်ကျော် လူငယ်နှစ်ဦးသည် ဟိမ၀န္တာတောနက်ကြီး၏ တစ်နေရာတွင် ခရီးသွားလျက်ရှိကြသည်။ သူတို့နှစ်ဦး၏ အမည်များမှာ သိဒ္ဓိနှင့် ဂေါန ဟူ၍ပင်။ လူငယ်နှစ်ဦးစလုံးသည် အိန္ဒိယနိုင်ငံတောင်ပိုင်း ဗာရာဏသီပြည်ကြီးရှိ ပုဏ္ဏားအမျိုးအနွယ်မှ ဆင်းသက်လာသူများဖြစ်ကြပြီး ဤလောကကြီးထဲရှိ တရားဓမ္မအစစ်အမှန်ကို ရှာဖွေရန် ဤဟိမ၀န္တာတောကြီးထဲသို့ ခရီးထွက်လာခဲ့ကြခြင်း ဖြစ်လေသည်။

အချိန်မှာ ဂေါတမ မြတ်စွာဘုရားပွင့်တော်မူပြီး နှစ်ပေါင်း ငါးရာခန့်ရှိပေလိမ့်မည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က ဖြစ်ပေ၏။ ထိုစဥ်က ဗုဒ္ဓဘာသာသည် စတင်ပြန့်ပွားကာစဖြစ်ပြီး အဓိကနည်းလမ်းမှာ သံဃာတော်များ၏ အာဂုံဆောင် ရွတ်ဆို ဟောပြောခြင်းဖြစ်ခဲ့သည်။ သိဒ္ဓိနှင့် ဂေါနတို့သည် သူငယ်ချင်းမိတ်ဆွေဟု ဆိုသော်လည်း ဂေါနသည် သူ့သူငယ်ချင်း သိဒ္ဓိကို ဆရာတစ်ဆူလို ကိုးကွယ်ခဲ့သည်။ သူတို့နှစ်ဦးသည် တောကြီးမျက်မည်းထဲတွင် ဓမ္မအစစ်အမှန်ကို ပြပေးနိုင်မည့် ရဟန်းတစ်ပါးပါးကို တွေ့ဆုံဖူးမြော်နိုင်ရန် လာခဲ့ကြခြင်းဖြစ်လေသည်။

‘ဂေါနရေ။ တို့တတွေ ဒီနေ့တော့ ဒီနေရာမှာပဲ နားလိုက်ကြရအောင်။ စားစရာကတော့ တွေ့တဲ့ မှို၊ သစ်ဥ သစ်ဖုတွေပဲ ချက်ပြုတ်စားကြတာပေါ့ကွယ်’

‘ကောင်းပါပြီ အဆွေသိဒ္ဓိ။ စားသောက်စရာရှာဖို့က အကျွန်ုပ်တာ၀န်ထားလိုက်ပါ’

‘ဟုတ်ပြီ။ အသင် သစ်ဥ သွားရှာနေတုန်း ကျွန်ုပ် မီးမွှေးထားလိုက်မယ်’

သိဒ္ဓိသည် တောအုပ်ကြီးထဲတွင် လုံး၀ အမှောင်အတိကျမသွားခင် သစ်ကိုင်းခြောက် နှစ်ကိုင်းကို ပွတ်တိုက်ပြီး ကျင်လည်စွာနှင့် မီးမွှေးလိုက်နိုင်သည်။ ထို့နောက် သူသည် သစ်ကိုင်းအချို့ကို ချွန်မြနေအောင်သွေးပြီး ဂေါန ရှာယူလာမည့် သစ်ဥ သစ်ဖု မှိုပွင့်များကို ထိုးကင်နိုင်ရန် အသင့်ပြင်ထားတော့သည်။ ထိုစဥ်မှာပင် တောကြီး မျက်မည်းထဲမှ ခြေသံတရှပ်ရှပ်နှင့် အဆောတလျင် ပြေးလာသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သိဒ္ဓိသည် မျက်မှောင်ကို ကြုတ်၍ ထိုအပြေးလာသော သူကို ကြည့်လိုက်လျှင် တခြားလူမဟုတ်ဘဲ သူ၏ သူငယ်ချင်း ဂေါန ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

‘အလို… အဆွေ ဂေါန။ ဘာများ ဖြစ်လာပါလိမ့်။’

‘အား… အဆွေ‌တော်.. ကယ်ပါဦး။ ကျွန်ုပ်ကို ကယ်ပါဦး အဆွေတော်ကြီး...’

ဂေါနသည် မီးဖိုဘေးတွင် အရုပ်ကြိုးပြတ်လဲကျသွားသည်။ ထိုအခါမှ တွေ့ရသည်မှာ သူ၏ ညာဘက် လည်မျိုပေါ်တွင် အစွယ်ရာကြီးနှစ်ပေါက်ရှိနေပြီး ထိုအစွယ်ရာကြီးများမှ သွေးများသည် ပွက်ကနဲ ပွက်ကနဲ ပန်းထွက်လျက်ရှိလေတော့သည်။

… ငါ့မိတ်ဆွေ ဂေါနတော့ တောကောင် အကိုက်ခံရပြီ...။

သိဒ္ဓိသည် အတတ်ပညာများစွာကို တတ်ကျွမ်းသော ပုဏ္ဏားမျိုးနွယ်၀င်တစ်ဦးပီပီ ဒေါန၏ အ၀တ်စတစ်စကို ဆွဲဆုတ်ပြီး သူ၏ လည်ပင်းပေါ်တွင် အမြန်ဖိထားလိုက်၏။

‘အဆွေတော် .. ဘာမှ မပူလေနှင့်။ ဒီ အ၀တ်စကိုသာ နာနာဖိထားပါလေ။ အကျွန်ုပ်အခုပဲ ပြန်လာမယ်။’

ဟုပြောပြီး နီးစပ်ရာ ချုံများကြားထဲသို့တိုးကာ ဆေးဖက်၀င်မည့် အပင်များကို အမြန်ရှာဖွေလေသည်။ ကွမ်းတယာမညက်မီအချိန်အတွင်းတွင် သိဒ္ဓိသည် ဆေးရွက်အနည်းငယ်ကို ကိုင်ပြီး မီးပုံကြီးဘေးသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် ဂေါန လည်ပင်းမှ အစွယ်ရာကြီးနှစ်ခုအပေါ်တွင် ထိုဆေးရွက်များကို မံပေးလိုက်လျှင် အနာသည် ချက်ချင်းပင် သွေးတိတ်သွားလေသည်။ သို့‌သော်လည်း ဂေါနကို ကြည့်ရသည်မှာ အသက်မရှိတော့သော အလောင်းကောင်တစ်ကောင်ပမာ ဖြူဖျော့နေလေတော့သည်။ သိဒ္ဓိ၏ အတွေ့အကြုံအရမူ ဂေါနသည် အသက်ရှင်နိုင်မည် မဟုတ်တော့ချေ။

‘သူငယ်ချင်း။ မကြောက်လေနှင့်။ ဒီဘ၀မှာ အသင်ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတို့ကိုသာ အာရုံပြုပါလေ’

ဂေါနသည် နောက်တခဏမျှကြာလျှင် အသက်မရှူ နှလုံးမခုန်တော့ဘဲ သေဆုံးသွားခဲ့သည်။ သိဒ္ဓိလည်း စိတ်မကောင်းခြင်းကြီးစွာနှင့် သူငယ်ချင်းဖြစ်သူအတွက် ကြေကွဲရပြီးလျှင် ခရီးကလည်းပန်းသဖြင့် မနက် အာရုံတက်ခါနီးတွင် မှေးကနဲ အိပ်ပျော်သွားလေသည်။ သူအိပ်ရာမှ နိုးလာလျှင် မိုးစင်စင် လင်းနေပြီဖြစ်သည်။ သူဖိုထားသော မီးဖိုကြီးလည်း ငြိမ်းလေပြီ။ သို့သော် သိဒ္ဓိကို အံ့သြသွားစေသော အရာမှာ -

‘ဟင်… အဆွေတော် ဂေါန...ရဲ့ ရုပ်အလောင်း ပျောက်သွားပါပကော...’

ပထမဆုံးစဥ်းစားမိသည်မှာ မိတ်ဆွေဖြစ်သူ၏ အလောင်းကို သားရဲတိရစ္ဆာန် တစ်ကောင်ကောင်များ ဆွဲယူသွားလေသလောဟူ၍ပင်။ သို့သော် သိဒ္ဓိသည် အနီးပတ်၀န်းကျင်ကို အကဲခတ်ကြည့်ရှုလေလျှင် အလောင်းကို ဆွဲသွားသော ဆွဲကြောင်းအရာကို မတွေ့ရဘဲ ဤအတိုင်း လမ်းလျှောက်ထွက်သွားပုံရသော လူခြေရာများကိုသာ တွေ့လိုက်ရသည်။

‘ငါ ညက သေချာ စစ်ဆေးကြည့်ပါတယ်။ ဂေါန သေသွားပြီဆိုတာ အမှန်ပါပဲ။ ဘယ်လိုများ ဖြစ်ရတာပါလိမ့်’

သိဒ္ဓိသည် အံ့သြစွာနှင့် ထိုခြေရာများနောက်ကို နောက်ယောင်ခံလိုက်လာမိသည်။ ခြေရာများသည် တောနက်ကြီးထဲသို့ တဖြည်းဖြည်း၀င်သွားပြီးလျှင် ကျောက်တောင်ကြီးတစ်ခု၏ အောက်ခြေ၌ အဆုံးသတ်သွားခဲ့သည်။

‘ဒီတောင်ကြီးပေါ် တက်သွားတာပဲ ဖြစ်ရမယ်’

သူသည် ထိုသို့စဥ်းစားပြီး မတ်စောက်လှသော ကျောက်တောင်ကြီးပေါ်သို့ တဖြည်းဖြည်း တွယ်တက်ခဲ့လေသည်။ ‘ဒီလောက် မတ်တဲ့တောင်ကြီးကို သေကောင်ပေါင်းလဲ လူနာတစ်ယောက်ဟာ ဘယ်လိုများ တွယ်တက်နိုင်မှာပါလိမ့်’

သိဒ္ဓိသည် ကျောက်တောင်ကြီးအပေါ်သို့ တခဏမျှ တွယ်တက်ပြီးလျှင် တောင်နံရံတွင် နက်ရှိုင်းစွာ ဖောက်၀င်နေသော လိုဏ်ဂူကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုလိုဏ်ဂူ၏ အ၀သည် ခါးတ၀က်မျှသာ ရှိသော်လည်း အတွင်းတွင်မူ လူတစ်ရပ်စာမျှ မြင့်မားလေသည်။ လိုဏ်ဂူအထဲတွင် မှောင်မဲနေ၏။

‘အဆွေတော် ဂေါန။ အထဲမှာ ဘယ်သူများရှိသလဲ… အဆွေတော်...’

လုလင်သည် ပေါင်းထားသော ခေါင်းပေါင်းကို ဖြုတ်၍ မျက်နှာမှ ချွေးများကို သုတ်လိုက်ရသည်။ နံနက်ခင်း၏ နေရောင်သည် သူ့ခေါင်းပေါ်သို့ သစ်ရွက်များကြားမှ ကျိုးတိုးကျဲတဲထိုးကျနေသည်။ ထိုစဥ်မှာပင် လိုဏ်ဂူထဲမှ အရိပ်တခု လှစ်ကနဲ ဖြတ်ပြေးသွားသည်ကို သိဒ္ဓိ တွေ့မြင်လိုက်ရသည်။

‘အထဲမှာ ဘယ်သူလဲ...’

သူသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူဖြစ်သော်လည်း ယခုအခါ အနည်းငယ် စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။ ဂူအထဲမှ အရာသည် သူ့မိတ်ဆွေ ဂေါနလော။ သို့မဟုတ် အခြား အန္တရာယ်ပြုနိုင်မည့် အကောင် တစ်ကောင်လော။ သူ အတပ်မပြောနိုင်ခဲ့။

‘အဆွေတော်ကြီး..’

သူတစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားမိသည်။ လိုဏ်ဂူကြီးအတွင်းမှ အက်ကွဲကွဲ အသံကြီးကို သူကြားလိုက်ရ၏။ ထိုအသံသည် ဂေါန၏ အသံနှင့် ဆင်တူနေသည်။ ထိုအသံသည် သူ့မိတ်ဆွေ၏ ခန္ဓာကိုယ်မှ ထွက်လာပုံရသော်လည်း ထိုစကားကို ပြောလိုက်သူမှာ ဂေါန ဟုတ်မဟုတ် မသေချာခဲ့။

‘ဂေါန.. အဆွေ ဂေါန… ကျွန်ုပ် ၀င်လာခဲ့မယ်။’ လုလင်သိဒ္ဓိသည် ပြောပြောဆိုဆိုနှင့် လိုဏ်ဂူအတွင်းသို့ ၀င်ချသွားလိုက်သည်။ ဂူအတွင်းတွင် ပုပ်အဲ့သော အောက်သိုးသိုးအနံ့ကြီးကို သူရလိုက်၏။ အထဲရောက်လျှင် အလွန်မှောင်မဲနေသဖြင့် ရုတ်တရက် ဘာမှ မမြင်ရ။ ခဏကြာမှ မျက်စိကျင့်သားရပြီး ရေးတေးတေး မြင်နိုင်လာသည်။ ဂေါနသည် လိုဏ်ဂူကြီး၏ တဘက်စွန်းတွင် နံရံကိုမီပြီး ငုတ်တုတ်ထိုင်လျက်ရှိလေသည်။

‘အဆွေတော် ဒီထဲမှာ ဘာလုပ်နေတာလဲ။ ကျွန်ုပ်နဲ့ ပြန်လိုက်ခဲ့ပါ။ အနာကို ဆေးထည့်ပြီး မနက်စာ စားရအောင်ပါ’

‘မဖြစ်ဘူး မဖြစ်ဘူး အဆွေတော် သိဒ္ဓိ။ ကျွန်ုပ် ဒီဂူထဲက ထွက်လို့ မဖြစ်နိုင်ဘူး’

‘လာသာ လာပါ အဆွေတော်။ ဒီဂူထဲမှာ အန္တရာယ်များလှပါတယ်။’ ဟု ပြောပြီး သိဒ္ဓိသည် မိတ်ဆွေဖြစ်သူ၏ လက်ကို ဆွဲကာ ဂူ၀သို့ ခေါ်လာလိုက်သည်။ ဂေါနသည် ကြောက်လန့်သော်လည်း သူ ကြည်ညိုလေးစားသော သိဒ္ဓိ၏ စကားကို မလွန်ဆန်နိုင်ဘဲ ဂူပေါက်၀သို့ လိုက်ပါလာခဲ့လေသည်။

‘.. ရှဲ… ရှဲ...’

‘အား.. အမလေးဗျ’

ဂူ၀သို့ရောက်သည်နှင့် နေရောင်ခြည်တန်းအချို့သည် ဂေါန၏ လက်ပေါ်သို့ တန်းတန်းကျလေရာ သူ၏ လက်များသည် မီးနှင့် အမြှိုက်ခံရသလို ရှဲကနဲ အငွေ့များထကာ လောင်ကျွမ်းလေတော့သည်။

‘ဟင်.. ဘယ်လိုဖြစ်ရတာတုန်း’

‘အဲ.. အဲဒါကြောင့်ပဲ အဆွေတော်။ အဲဒါကြောင့် ကျွန်ုပ် ဒီဂူထဲမှာ လာပုန်းနေရတာပဲ’

သိဒ္ဓိသည် သူ့မိတ်ဆွေ၏ မျက်နှာကို အမှောင်ထဲတွင် ကြိုးစားပြီး ကြည့်လိုက်သည်။ ဂေါန၏ မျက်လုံးများသည် ပြုးကျယ်ပြီး ထိတ်လန့်ခြောက်ခြားနေလေသည်။

‘ဒါဆိုလည်း ဒီဂူထဲမှာပဲ ခဏနေပါ အဆွေတော်။ ကျွန်ုပ်တို့ ရှေ့ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဖြည်းဖြည်း စဥ်းစားကြတာပေါ့။ ဒါနဲ့ အဆွေတော် - ညတုန်းက အဆွေတော့်ကို ဘာကောင်များ ကိုက်သွားခဲ့တာလဲ’

ဂေါနသည် ဂူအတွင်းပိုင်းသို့ တဖြည်းဖြည်း ပြန်၀င်သွားကာ နံရံတွင် ကုပ်ကပ်ပြီး ရပ်နေရှာသည်။

‘ကျွန်ုပ်ပြောရင် အသင်ယုံမယ်မဟုတ်ပေဘူး အဆွေတော်ကြီး သိဒ္ဓိ။ ကျွန်ုပ်ကို ကိုက်သွားတာဟာ လူလည်းမဟုတ်ဘူး။ တိရစ္ဆာန်လည်း မဟုတ်ဘူး။ မကောင်းဆိုး၀ါးကြီး တစ်ကောင်ပေပဲ’

‘အလို၊ ဘယ်လို မကောင်းဆိုး၀ါးမျိုးပါလိမ့်။ ဘီလူးလား။ ဂုမ္ဘာန်လား။ ပြောပါလေ’

‘ဧရာမ လင်းနို့ကြီးတစ်ကောင်ပဲ အဆွေတော်၊ ဒါပေမဲ့ လင်းနို့ကြီးရဲ့ ခေါင်းကြီးကတော့ ခွေးကြီးတစ်ကောင်လို့ပဲ’

သိဒ္ဓိသည် သူငယ်ချင်း၏ စကားကို အသေအချာ စဥ်းစားနေမိသည်။

‘လင်းနို့တွေဟာ ညမှာထွက်တာ။ အခု အဆွေတော်ဟာ နေရောင်အထိခံလို့မရဘူး။ အင်း.. မဟုတ်မှလွဲရော။ အဆွေတော် ကျိန်စာတစ်မျိုးမျိုး သင့်ပြီထင်တယ်’

‘ကျွန်ုပ် အင်မတန်မှ ဆာလောင်နေတယ် အဆွေတော် သိဒ္ဓိ’

‘ဒီအတွက် မပူလေနှင့်။ ကျွန်ုပ် ယခုပဲ မနက်စာ သွားယူပေးခဲ့မယ်’

‘မဟုတ်ဘူး အဆွေတော်။ ကျွန်ုပ် မနက်စာ မစားချင်ဘူး။ ကျွန်ုပ် … လိုချင်တာ...’

သိဒ္ဓိသည် အမှောင်ထဲမှ သူငယ်ချင်းကို စူးစိုက်ကြည့်နေမိသည်။

‘အဆွေတော် သိဒ္ဓိ။ အသင် ထွက်သွားရင် ကောင်းလိမ့်မယ်။ အသင် အခု ထွက်သွားရင် ကောင်းလိမ့်မယ်’

‘အလို ဘာကြောင့်ပါလိမ့် အဆွေ။ ကျွန်ုပ် အသင့်ကို ထားပြီး ထွက်မသွားနိုင်ဘူး’

စကားမဆုံးမီမှာပင် ဂေါနသည် တိရစ္ဆာန်တစ်ကောင်ပမာ လေးဘက်ထောက်ပြေးလာပြီး ခုန်အုပ်လိုက်လေသည်။

‘၀ုန်း...’

‘အား...’

ယောကျ်ားသားတို့ တတ်အပ်သမျှ ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ထားသော သိဒ္ဓိသည် ကျင်လည်စွာ ရှောင်တိမ်းပြီး ဂေါန၏ ကိုယ်လုံးကို နံရံတစ်ဘက်သို့ ပြန်လည် ကိုင်ပေါက်လိုက်သည်။ ထို့နောက်တွင်မူ သူသည် လျင်မြန်စွာပင် လိုဏ်ဂူ၀သို့ ပြန်လည် ဆုတ်ခွာထွက်ခဲ့လေသည်။

‘အဆွေတော် - အသင် အထဲမှာ စောင့်နေပါ။ ကျွန်ုပ် အကူအညီ သွားရှာပြီး ပြန်လာခဲ့မယ်’

သိဒ္ဓိသည် ထို ကျောက်တောင်ကြီးမှ ပြန်လည် ဆင်းသက်လာပြီး အနီးပတ်၀န်းကျင်တွင် ရသေ့ ရဟန်းကျောင်းများ ရှိမရှိ အပူတပြင်း လိုက်လံရှာဖွေတော့သည်။ ယခုအခါ သူ့အတွက် တရားဓမ္မ ရှာဖွေဖို့သည် အဓိက မဟုတ်တော့ဘဲ မိတ်ဆွေဖြစ်သူကို ကယ်တင်ရန်သာ အရေးကြီးလေတော့သည်။ တောနက်ကြီးထဲတွင် အတန်ကြာအောင် ရှာဖွေပြီးသော် ရသေ့ကြီးတစ်ပါး၏ ကျောင်းသင်္ခမ်းတစ်လုံးကို တွေ့လိုက်ရသည်။

‘အရှင်ဘုရား.. အရှင်ဘုရား။ တပည့်တော်ကို ကယ်မတော်မူပါဘုရား’

ရသေ့ကြီးသည် ဒေါက်ချာကြီးကို ဆောင်း။ အညိုရောင် သင်္ကန်းကြီးကို ရုံလျက် ကျောင်းသင်္ခမ်းထဲမှ ထွက်လာသည်။

‘ဟေ လုလင်။ ဘာများ ဖြစ်သတုန်းကွဲ့’

ဟု ပြောလျှင် သိဒ္ဓိလည်း ရသေ့ကြီးအား အကြောင်းစုံကို ရှင်းပြလိုက်လေသည်။ ရသေ့ကြီး၏ အမည်မှာ ရှင်ဒိဗ္ဗဖြစ်သည်။

‘အိမ်း။ မောင်မင်းရဲ့ သူငယ်ချင်းအဖြစ်ကတော့ အတော်ဆိုးတာပဲ။ သူ့ကို ကိုက်သွားတဲ့ သတ္တ၀ါကို ငါသိတယ်ကွဲ့။ ဒီသတ္တ၀ါတွေဟာ ကမ္ဘာမြေရဲ့ အမှောင်ကမ္ဘာတွေထဲမှာ နေလေ့ရှိတယ်။ ကျိန်စာသင့်နေတဲ့ ငရဲသားတွေ ဆိုပါတော့။’

‘သူတို့က ငရဲသားတွေဆို ဘာလို့ ငရဲဘုံမှာ မရှိရသလဲ ဘုရား’

‘အင်း တကယ်တော့ တိရစ္ဆာန်ဆိုတာလဲ ငရဲဘုံသားတွေပဲ မဟုတ်လား။ ငရဲဆိုတာ ဆီပူအိုးထဲ ထည့်ကြော်ခံရမှ ငရဲမဟုတ်ဘူးကွဲ့။ အသူရကာယ်ဟာလည်း တကယ်တော့ နတ်သာဆိုတယ် ငရဲသားပဲ မဟုတ်လား။ အခု အသင့် သူငယ်ချင်းကို ကိုက်သွားတဲ့ မိစ္ဆာကောင်ကြီးဟာ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဆိုတဲ့ ငရဲဘုံလေးဘုံမှာ မျှခံရတဲ့ သဘောပဲ။ သူတို့ဟာ အသူရကာယ်လိုလည်း တန်ခိုးရှိတယ်။ တိရစ္ဆာန်တွေလိုလည်း ကိုက်ဖြတ်စားသောက်တယ်။ ပြိတ္တာတွေလိုလည်း နေ့ခံညစံ သဘောမျိုးရှိတယ်။ နောက်ပြီး သူတို့ရဲ့ သွားရာလမ်းဟာဖြင့် ငရဲအိုးထဲကိုပဲ အမောင်လုလင်’

‘တပည့်တော် သူငယ်ချင်းကို ကယ်တင်ပါရစေဘုရား။ သူ့ကို ကယ်တင်ဖို့ တပည့်တော်ကို ကူညီပါဘုရား’

‘အိမ်း ကျိန်စာဆိုတဲ့အတိုင်း ကျိန်စာတိုင်းမှာ ဖြေဆေးရှိသကွဲ့’

မောင်သိဒ္ဓိ၏ မျက်လုံးများ အရောင်တောက်ပသွားကြသည်။ ‘တပည့်တော် သူငယ်ချင်းကို ကယ်တင်ဖို့ ဘာပဲဖြစ်ဖြစ် လုပ်ပါ့မယ်ဘုရား’

ရသေ့ကြီး ရှင်ဒိဗ္ဗသည် စိတ်ဓာတ်ပြင်းထန်လှသော လုလင်ကို ကြည့်ရင်း သဘောကျစွာနှင့် သူ၏ မုတ်ဆိတ်ကြီးများကို ပင့်သပ်လိုက်သည်။

‘အိမ်း။ အသင့်ကို ကြည့်ရတာ ဘာမဆိုကို ဖြစ်အောင်လုပ်နိုင်စွမ်းရှိတဲ့ လုလင်တစ်ယောက်ပဲ။ ကျွန်ုပ်လည်း ကျွန်ုပ်တတ်ထားသမျှ လောကီ ပညာတွေကို ပြန်လည်သင်ကြားပေးဖို့ တပည့်လိုနေတာနဲ့ အတော်ပေပဲ။ ဒီပညာတွေ သင်ပေးပြီးတာနဲ့ ဒီလောကီရေးရာတွေကို စွန့်လွှတ်ချင်လှပါပြီ’

‘သင်ပေးပါဘုရား။ တပည့်တော် သူငယ်ချင်းကို ကယ်တင်ဖို့အတွက် ဘာပညာတွေပဲ သင်ရ သင်ရ။ သင်ယူဖို့ အဆင်သင့်ပါပဲ’

ထိုနေ့မှ စပြီး ရသေ့ကြီး ရှင်ဒိဗ္ဗသည် လုလင်သိဒ္ဓိကို သူတတ်ထားသမျှ လောကီပညာရပ်များ အားလုံးကို သင်ပေးလေတော့သည်။ ထိုအတောအတွင်းတွင် သိဒ္ဓိသည် သူ့မိတ်ဆွေ ဂေါန၏ ကျိန်စာ အကြောင်းကို တဖြည်းဖြည်းနှင့် ပိုမိုသိရှိလာလေသည်။ ဂေါနသည် နေ့ဘက်တွင် ဂူအပြင်သို့ မထွက်နိုင်သော်လည်း ညရောက်လျှင် အပြင်သို့ ထွက်နိုင်ခဲ့သည်။ သူ အဓိက ဆာလောင်သည်မှာ သွေးပင်ဖြစ်သည်။ သူအလိုချင်ဆုံးမှာ လူသား၏ သွေးပင်တည်း။ သို့သော် သိဒ္ဓိသည် ဂေါနကို မေတ္တာရပ်ခံခဲ့သည်။

‘အဆွေ ဂေါန။ အသင် လူသတ်လို့ မဖြစ်ဘူး။ အသင် လူသတ်ခဲ့ရင် ဒီငရဲဘုံက လွတ်မှာ မဟုတ်တော့ဘူး။ အသင့်ကို ကျွန်ုပ် ကယ်တင်ပါ့မယ်။ ဒီအတောအတွင်း အသင် ဆာလောင်ရင် တိရစ္ဆာန်များရဲ့ သွေးကိုသာ သောက်ပါလေ’

ဂေါနသည် မကောင်းဆိုး၀ါးဘ၀သို့ ရောက်သည့်တိုင် သူ့မိတ်ဆွေ သိဒ္ဓိ၏ စကားကို မြေ၀ယ်မကျ နားထောင်ခဲ့သည်။ သိဒ္ဓိသည် ရသေ့ကြီး ရှင်ဒိဗ္ဗ သင်ပေးသမျှကို အမြန်ဆုံး တတ်မြောက်အောင် အစွမ်းကုန်ကြိုးစားလေသည်။ တစ်ရက်တွင် -

‘ဒီမယ် လုလင် အမောင်သိဒ္ဓိ။ အသင့်ရဲ့ အစွမ်းကို  ငါ စမ်းသပ်ရလိမ့်မယ်’

‘ဘယ်လိုများ စမ်းသပ်မှာလည်း ရသေ့ကြီးဘုရား’

‘ဒီတောနဲ့ မလှမ်းမကမ်းက ရွာတစ်ရွာမှာ ဘီလူးကြီးတစ်ကောင် ၀င်ပြီး သောင်းကျန်းနေတယ်။ အဲဒီဘီလူးကို အသင် သွားနှိမ်နင်းပေးရလိမ့်မယ် အမောင်သိဒ္ဓိ’

‘ဒီဘီလူးကြီးကို နှိမ်နင်းရတာတော့ ဟုတ်ပါပြီဘုရား။ တပည့်တော် သူငယ်ချင်းအတွက် ကျိန်စာပျောက်အောင် လုပ်ပေးဖို့ကရော ဘယ်တော့များမှ အချိန်ကျမှာပါလဲ။’

‘အိမ်း။ အမောင်လုလင် သိထားဖို့က လောကကြီးမှာ ဘယ်အရာမှ အလကားမရဘူးကွဲ့။ ဒီကျိန်စာဟာ နှယ်နှယ်ရရ ကျိန်စာမဟုတ်ဘူး။ အသင်ဟာ အဲဒီအဆင့်ကို မရောက်သေးဘူးလေကွယ်’

သိဒ္ဓိသည် မကျေမချမ်းနှင့် ဘာမှပြန်မပြောတော့ဘဲ ရသေ့ကြီး ညွန်ပြရာ ကျေးရွာလေးသို့ ဘီလူးကြီးကို နှိမ်နင်းရန် ခရီးနှင်ခဲ့တော့သည်။ ထိုရွာလေးသို့ ရောက်လေလျှင် ရွာသားများသည် သူ့ကို ၀မ်းသာအားရ ခရီးဦးကြိုပြုကြလေသည်။

‘ဆရာသမား ရောက်လာတာ ၀မ်းသာလိုက်တာကွယ်။ ဒီဘီလူးကြီးဟာဖြင့် လကွယ်နေ့ညရောက်တိုင်း ရွာထဲကို၀င်ပြီး နွားတွေဆွဲလိုဆွဲ ၀က်တွေ ဆွဲလိုဆွဲနဲ့။ အခုနောက်ပိုင်းဆိုရင်ဖြင့် လူတွေကိုပါဆွဲပြီး လူသားအရသာပါ တွေ့နေပါပကောကွယ်ရို့’

ဟု ရွာလူကြီးများက လုလင်ကို ပြောဆိုကြလေသည်။

‘ဒါဆို အဆင်သင့်လိုက်လေ ဦးရီးတို့။ ဒီနေ့ဟာဖြင့် လကွယ်နေ့ပေပဲ။ ဒီညရောက်တာနဲ့ ကျွန်ုပ် ဒီဘီလူးဆိုးကို နှိမ်နင်းပေးပါ့မယ်’

ဟု ယုံကြည်မှု အပြည့်နှင့် ပြောလေလျှင် ရွာသားများသည် သိဒ္ဓိအား ကျေးဇူးတင်သဖြင့် စားကောင်း သောက်ဖွယ်များနှင့် ကောင်းမွန်စွာ တည်ခင်းဧည့်ခံကြလေသည်။

‘ရွာအ၀င်တုန်းက ရွာထိပ်မှာ ကင်းတဲတစ်တဲ ကျွန်ုပ်တွေ့ခဲ့တယ်။ အဲဒီ ကင်းတဲမှာ ဒီည အိပ်ခွင့်ပြုပါ’

ဟု ခွင့်တောင်းပြီးလျှင် သိဒ္ဓိသည် ရွာအ၀င်၀ရှိ ကင်းတဲထဲ၌ စောင့်အိပ်နေခဲ့သည်။ ညသန်းခေါင် ၀န်းကျင်တွင် တောအုပ်ထဲမှ တော်လဲသံကဲ့သို့ အသံကြီးကို ကြားရပြီးလျှင် မဟာပထ၀ီမြေကြီးသည် ငလျင်လှုပ်သလို တဒုန်ုးဒုန်း တုန်ခါလာတော့သည်။ သိဒ္ဓိသည် ကင်းတဲထဲမှ ချောင်းကြည့်လိုက်လျှင် တောအုပ်ကြီးထဲမှ သစ်ပင်များလှုပ်ရှားလာပြီး သစ်ပင်များထက်ပင် အနည်းငယ်မြင့်ပုံရသည့် ဧရာမဘီလူးကြီးတစ်ကောင်သည် ရွာဆီသို့ ဦးတည်ပြီး လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ သူသည် ဘီလူး၏ ရုပ်လက္ခဏာကို တဲတွင်းမှ လှမ်းကြည့်လိုက်ရာ ဘီလူးသည် အင်မတန်ရု့န်ရင်းကြမ်းတမ်းသော ကိုယ်ဟန်အမူအရာရှိပြီး အစွယ်ကြီးများမှာ ပါးစပ်ထဲမှ တတောင်ခန့်စီ ထိုးထွက်လျက်ရှိလေသည်။

လုလင်သည် သူ့အိတ်ထဲတွင် အသင့်ထည့်လာသော ဘီလူးရုပ်သေးရုပ်ကို ထုတ်ယူလိုက်သည်။ သူလုပ်ရမည့်အလုပ်မှာ တစ်ခုသာရှိလေသည်။ ယင်းကား ဘီလူးကြီးနှင့် ထိုရုပ်သေးရုပ်တို့ မျက်လုံးချင်း ဆုံသွားစေရန်ပင်။ သိဒ္ဓိသည် ရသေ့ကြီး ရှင်ဒိဗ္ဗစီရင်ပေးလိုက်သော ဘီလူးရုပ်သေးရုပ်ကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ရင်း ကင်းတဲထဲမှ ပြေးထွက်သွားလိုက်သည်။

‘ဟေ့ ဘီလူးယုတ်… ဒီမှာကြည့်စမ်း’

ဟု အသံနက်ကြီးနှင့် ကြိမ်း၀ါးရင်း ဘီလူးရုပ်သေးရုပ်ကို သူ့ရှေ့တွင် ကိုင်မြှောက်လိုက်၏။

‘ဂါးးးး ဂရားးး’

လူသားစား ဘီလူးကြီးသည် သူ့ဘေးမှ သစ်ပင်ကြီးတစ်ပင်ကို ဆွဲနှုတ်ပြီး သိဒ္ဓိကို ပစ်ပေါက်လိုက်သည်။

‘အုန်း’

သူရပ်နေသော နေရာအနီးမှ ကင်းတဲသည် သစ်ပင်ကြီးပိမိပြီး အမှုန့်ဖြစ်သွားသည်။ .. ဟင်.. ဘာမှလည်း မဖြစ်ပါလား...။ သူ စိတ်ပူသွားပြီး အရုပ်ကို ကြည့်လိုက်လျှင် ဘီလူးရုပ်၏ မျက်နှာပေါ်တွင် စည်းကာထားသော သင်္ကန်းစကို တွေ့လိုက်ရလေသည်။

‘တောက်.. ဖြစ်ရမယ်။ ငါ့နှယ်’

သူသည် တောက်ခေါက်လိုက်ပြီး လူးလဲထကာ ဘီလူးရုပ်သေးရုပ် မျက်နှာပေါ်မှ သင်္ကန်းစကို ဖယ်ပြီး ဘီလူးကြီးကို ပြန်ခေါ်လိုက်သည်။

‘ဟေ့ ဘီလူးယုတ်…..’

ဤတကြိမ်တွင်မူ ဘီလူးကြီးသည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။ သိဒ္ဓိလက်တွင် ကိုင်ထားသော ဘီလူးရုပ်သေးရုပ်ကို သူတွေ့သွားသည်။ ရုပ်သေးရုပ်၏ မျက်လုံးများနှင့် ဘီလူးကြီး အကြည့်ချင်း ဆုံသွားခဲ့သည်။

‘အူးးးး ၀ါးးးး.. ဂူးးးးး ရားးးး’

အသံနက်ကြီးနှင့် အော်ဟစ်ရင်း ဘီလူးကြီး၏ ဧရာမကိုယ်လုံးကြီးသည် တဖြည်းဖြည်း ရေငွေ့များလို ပြောင်းလဲသွားလေတော့သည်။ ထိုအငွေ့များသည် လေဆင်နှာမောင်းလို စုစည်းသွားပြီး ‘ဟုတ်’ကနဲ အသံပြုကာ သိဒ္ဓိလက်ထဲတွင် ကိုင်ထားသော ဘီလူးရုပ်အတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်။ လုလင်သည် လျင်မြန်စွာပင် ဘီလူးရုပ်သေးရုပ်၏ မျက်နှာ‌ပေါ်သို့ သင်္ကန်းစကို ပြန်တင်ကာ ခိုင်အောင် စည်းပေးထားလိုက်လေသည်။ ပတ်၀န်းကျင်တစ်ခုလုံးသည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ ထိုအခါမှ ရွာသူရွာသားများသည် ပုန်းအောင်းနေရာမှ ထွက်လာကြပြီး သိဒ္ဓိကို ကျေးဇူးတင်စကားများ တဖွဖွ ပြောဆိုကြလေတော့သည်။

…………………………………

သိဒ္ဓိသည် ရသေ့ကြီး ရှင်ဒိဗ္ဗ၏ကျောင်းအနီးတွင် တဲအိမ်လေးထိုးပြီး ရသေ့ကြီး လက်အောက်တွင် ရိုကျိုးစွာ ပညာသင်ယူခဲ့သည်မှာ ဆယ်နှစ်ဆယ်မိုးပင် ကြာမြင့်ခဲ့လေပြီ။ ထိုအချိန်အတွင်းတွင် သိဒ္ဓိသည် လောကီ ပညာပေါင်း မြောက်မြားစွာကို လေ့လာတတ်မြောက်ခဲ့သည်။ သို့သော် လူငယ်မကျေနပ်သည့် အကြောင်းတခု ရှိနေသည်။ ယင်းမှာကား ရသေ့ကြီးသည် ဂေါနကို ကယ်တင်ရန် စကားပင် မစခဲ့ခြင်းပင်။ သိဒ္ဓိသည်လည်း သူ၏ လိုအင်ကို အစကတည်းက ပြောထားပြီး ဖြစ်ရကား ဆရာသမားကို ထပ်ကာထပ်ကာ ပူဆာရန် ဆန္ဒမရှိသဖြင့် ထပ်မမေးခဲ့သော်လည်း စိတ်ထဲတွင်မူ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။ လုလင်သိဒ္ဓိသည် အလုပ်တစ်ခုကို လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် ဆုံးခန်းတိုင်အောင် လုပ်တတ်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း ဆယ်နှစ်ဆယ်မိုးတိုင်အောင် သူသည် မဆုတ်မနစ်သော ဇွဲလုံ့လနှင့် သွေးမတော် သားမစပ်သော သူငယ်ချင်းဖြစ်သူကို ကယ်တင်ရန် အားထုတ်ခဲ့ခြင်းပင်။ သူ့အတွက် ဆယ်နှစ်မကဘဲ နှစ်တစ်ရာ နှစ်တစ်ထောင်တိုင်အောင် အားထုတ်ရသော်လည်း စိတ်ပျက်အားလျော့မည့်သူမျိုး မဟုတ်ချေ။

‘အမောင် သိဒ္ဓိ’

တစ်ရက်တွင်မူ ရသေ့ကြီးသည် တပည့်လုပ်သူကို သူ၏ ကျောင်းသင်္ခမ်းထဲသို့ ခေါ်ကာ ပြောခဲ့သည်။

‘အမောင်လုလင် မေးချင်နေတာကို ငါသိပါပေတယ်။ ဒါပေမဲ့ အချိန်မကျသေးတဲ့အတွက် စောင့်နေရခြင်းဖြစ်တယ်’

‘မှန်လှပါဘုရား။ အခု အချိန်ကျပါပြီလားဘုရား’

‘အိမ်း။ ဆယ်နှစ်ဆိုတဲ့ အချိန်ဟာ လူတစ်ယောက်ကို ယုံကြည်ဖို့တော့ လုံလောက်လှပါပြီ အမောင်လုလင်’

‘မှန်လှပါ။ တပည့်တော်ကို ယုံကြည်ပြီဆိုတဲ့အတွက် ၀မ်းသာမိပါတယ်ဘုရား’

‘အင်း။ အမောင်သိဒ္ဓိကို ယုံကြည်မှလည်း အခု ဒီပညာကို ငါ သင်ပေးနိုင်မယ်။ ဒီပညာဟာ အင်မတန်မှ သိမ်မွေ့တယ်။ အသုံးမတတ်ရင် အန္တရာယ် အကြီးကြီး ရောက်သွားနိုင်တယ် အမောင်လုလင်’

သိဒ္ဓိသည် လက်အုပ်ချီကာ ပုဆစ်တုပ်ထိုင်ရင်း ဆိတ်ဆိတ်နေကာ နားထောင်နေ၏။ ရသေ့ကြီးက ဆက်မိန့်သည်။

‘ဒီပညာကို ၀ိညာဥ်လွှင့် တယ်လို့ ခေါ်တယ် အမောင်လုလင်။ အသင့် မိတ်ဆွေကို ကယ်တင်ဖို့ အသင် ဒီပညာကို တတ်မြောက်ဖို့လိုတယ်’

‘ထပ်ပြီး ရှင်းပြပေးပါဘုရား။’

‘အိမ်း ရှင်းပြမယ်။ အမောင်လုလင်ရဲ့ သူငယ်ချင်းမှာ စွဲကပ်နေတဲ့ ကျိန်စာဆိုးကို ပျောက်ကင်းဖို့ အင်းအိုင်ဂါထာကို တတ်ကျွမ်းတဲ့သူတစ်ဦးရှိတယ်။ ဒီ ၃၁ ဘုံမှာ တစ်ဦးတည်းသာရှိပေတယ်။’

‘မှန်လှပါဘုရား။ ဒါဆိုလည်း အဲဒီလူဆီ တပည့်တော်ကို သွားခွင့်ပြုပါဘုရား’

‘အေးကွယ်။ ဒီလိုလုပ်ဖို့ဟာ ထင်သလောက် မလွယ်လှဘူး။ သူဟာ ယခုအခါမှာ တာ၀တိံသာနတ်ပြည်မှာ နတ်သားတစ်ပါးဖြစ်နေတယ်ကွဲ့’

သိဒ္ဓိသည် ရသေ့ကြီးပြောစကားများကို အာရုံစိုက်ကာ နားထောင်နေသည်။

‘ဒီတော့ တာ၀တိံသာကိုသွားဖို့ အသင်ဟာ ၀ိညာဥ်လွှင့်တဲ့နည်းနဲ့ ကိုယ်ကို ဒီကမ္ဘာမှာ ထားခဲ့ပြီး စိတ်နဲ့ ခရီးထွက်ရလိမ့်မယ်’

‘အဲဒါက ဘယ်လိုလုပ်ရမှာပါလဲဘုရား’

‘ငါ ရှေးကျမ်းတွေထဲမှာ ဖတ်ဖူးလို့ ဒီ ၀ိညာဥ်လွှင့်နည်းကို ဘယ်လိုကျင့်ရမလဲဆိုတာ သိတယ်။ သို့သော်...’

ရသေ့ကြီး ရှင်ဒိဗ္ဗ စကား‌ခေတ္တရပ်ဆိုင်းသွားသည်။

‘သို့သော် ငါကိုယ်တိုင်ပင် ဒီ၀ိညာဥ်လွှင့် ပညာကို မတတ်မြောက်သေးဘူး အမောင်သိဒ္ဓိ’

လုလင် အံ့သြသွားမိသည်။ ရသေ့ကြီးသည် သူသိသလောက် လောကီ ပညာများကို အလုံးစုံတတ်ကျွမ်းသူတစ်ဦး ဖြစ်သော်လည်း ယခုမူ ၀ိညာဥ်လွှင့်ပညာကို မတတ်ကျွမ်းဟု ပြောနေလေသည်။

‘အသင့်ကို ငါ ဒီပညာကို သင်ပေးလို့ပဲ ရမယ် အမောင်သိဒ္ဓိ။ တတ်မြောက် အောင်မြင်အောင် ကျင့်ကြံဖို့ကတော့ အသင့်စွမ်းရည်ပေါ်မှာ မူတည်တယ်။’

‘ဒီပညာကို တတ်ကျွမ်းဖို့ ဘယ်လောက်ကြာအောင် ကျင့်ကြံရမလဲဘုရား’

‘အိမ်း ပြောရခက်တယ်ကွယ်။ အချို့လူများမှာတော့ အသက်သာ သေဆုံးသွားကြတယ် ဒီပညာကို တတ်သွားတယ်လို့ မရှိကြပေဘူး’

ထိုနေ့မှစပြီး ရသေ့ကြီးသည် သိဒ္ဓိအား ၀ိညာဥ်လွှင့်ခြင်းပညာကို အလေးအနက် သင်ကြားပေးလေတော့သည်။ ထိုပညာတတ်ရန်မှာ တစ်ရက်လျှင် နာရီပေါင်းများစွာ သမာဓိကို ထူထောင်ရသည်။ စိတ်ကို နားလည်အောင် လေ့ကျင့်ရသည်။ စိတ်ကို ကိုယ်ထဲမှ တစချင်းစီ ထွက်နိုင်အောင် ကြိုးစားရလေသည်။ ပထမဆုံး လက်တကမ်းအကွာမှ ရုပ်၀တ္ထုပစ္စည်းများကို စိတ်နှင့် ချုပ်ကိုင်နိုင်အောင် ကြိုးစားရသည်။

‘ဟိုး တာ၀တိံသာအထိအောင် စိတ်ကို လွှင့်ရမှာ အမောင်လုလင်။ အခု အသင့်စိတ်က ကိုယ်ခန္ဓာကြီးရဲ့ ပြင်ပ လက်တကမ်းကိုတောင် မထွက်နိုင်သေးဘူး’

နောက်ဆုံးတွင်မူ သိဒ္ဓိသည် ၀ိညာဥ်လွှင့်နည်း ကျင့်ကြံပုံကို အသေးစိတ် သိရှိနားလည်သွားခဲ့သော်လည်း ကျင့်ကြံမှုမှာ အဆုံးသတ်မရောက်နိုင်ဘဲ ရှိခဲ့သည်။ ယခုအခါတွင်မူ သူ၏ အသက်သည် ငါးဆယ်နားနီးလေပြီ။ ကျင့်ကြံခဲ့သည်မှာ အနှစ်သုံးဆယ်မျှရှိပြီ။ ရသေ့ကြီး ရှင်ဒိဗ္ဗသည် တဖြည်းဖြည်း အိုမင်းလာပြီး နာမကျန်းဖြစ်လာခဲ့သည်။ ယခုအခါ ရသေ့ကြီးသည် အိပ်ရာထဲမှပင် မထနိုင်တော့ချေ။

တရက်တွင် အသက်အရွယ်ကြီးပြင်းပြီဖြစ်သော သိဒ္ဓိသည် သူမရောက်သည်မှာ ဆယ်နှစ်မျှ ကြာပြီဖြစ်သော အဆွေတော်ဂေါန ရှိနေခဲ့ရာ လိုဏ်ဂူကြီးဆီသို့ ရောက်သွားခဲ့သည်။ သူသည် မိတ်ဆွေ အပြင်သို့ ထွက်လို့ရစေရန် ညအခါတွင် သွားရောက်ခဲ့၏။ သူရောက်လာသည်ကို လိုဏ်ဂူထဲမှ မိတ်ဆွေသည် သိရှိပုံရလေသည်။

‘ဂီး… ဂီးးး… ဂီးးး’

အတွင်းမှ အသံကြီးတစ်သံထွက်ပေါ်လာသည်။ လူသံလည်းမဟုတ်။ စကားပြောသံလည်းမဟုတ်။ ဘာဆိုလိုသည်ကို သိဒ္ဓိနားမလည်ခဲ့။ ထိုစဥ်မှာပင် ဂူထဲမှ အရိပ်ကြီးသည် တဖြည်းဖြည်းနှင့် ဂူ၀ဆီသို့ ရွေ့လျားလာခဲ့သည်။

‘အလို ဘုရား ဘုရား...’

သိဒ္ဓိသည် လိုဏ်ဂူကြီးထဲမှ ထွက်လာသော သူ၏ မိတ်ဆွေကြီးကို တွေ့လိုက်လျှင် အံ့သြထိတ်လန့်သွားမိလေသည်။

အဆွေတော်ကြီး ဂေါန၏ ရုပ်သွင်မှာ နှစ်ပေါင်းများစွာအတွင်း အလွန်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ၏ အသားအရေသည် မွဲခြောက်နေသည်။ ဆံပင်များမှာလည်း ကျိုးတိုးကျဲတဲသာ ကျန်တော့၏။ ခြေထောက်နှစ်ချောင်းမှာ ယိုင်နဲ့နေသည်။ လမ်းလျှောက်လျှင် ရှေ့လက်များကို အားယူပြီး တဖြည်းဖြည်း လျှောက်နေရလေသည်။ ပိန်လှီသွားသော ကိုယ်လုံးကြီး၏ တဘက်တချက်စီတွင် အရေခွံကြီးများသည် ချိုင်းနှစ်ဘက်မှ လျော့တိလျော့ရဲကြီး တွဲကျနေလေသည်။ ထိုတွဲကျနေသော အရေပြားကြီးသည် သူ့လက်နှစ်ဘက်နှင့် နံရိုးများအကြားတွင် ရှိနေသည်မှာ အတောင်ပံကြီးများနှင့်ပင် တူနေတော့သည်။ အဆွေတော် ဂေါနသည် သိဒ္ဓိကို ရှက်ရွံ့စွာ မော့ကြည့်လိုက်လျှင် သူ၏ မျက်နှာကြီးမှာလည်း ယခင်နှင့် မတူတော့ဘဲ ရှည်ရှည်လျားလျားကြီး ‌ငေါထွက်နေသည်ကို တွေ့လိုက်ရလေသည်။

…………………………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory




Some text some message..