ခွေးဟောင်သံ အပိုင်း (၈) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2022-03-29

နိဂုံး



……………..

ဂေါန၏ မျက်နှာကြီးသည် ရှည်လျားပြီး လူရုပ်မပေါက်ဘဲ ရှိနေခဲ့သည်။ သိဒ္ဓိသည် မိမိ သူငယ်ချင်းကိုပင် ရုတ်တရက် မမှတ်မိဘဲ ပြောင်းလဲသွားသော ဂေါန၏ ခန္ဓာကိုယ်ကြီးကို ငေးကြည့်နေခဲ့မိ၏။ ဂေါန၏ ပါးစပ်မှ လူစကားသံ မထွက်နိုင်တော့ဘဲ တဂီးဂီးနှင့်သာ ခွေးကြီးတစ်ကောင် မာန်ဖီသလို အသံမျိုး ထွက်နေလေသည်။

‘အဆွေတော် ဂေါန။ ကျွန်ုပ် သိဒ္ဓိလေ… မှတ်မိပါရဲ့လား’

လူတပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တ၀ါကြီးက သိဒ္ဓိကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးကြီးများထဲတွင် မိတ်ဆွေကို မှတ်မိသေးသည့် အရိပ်အယောင်ကိုတော့ တွေ့ရသေး၏။ ထိုနေ့မှစပြီး သိဒ္ဓိသည် ၀ိညာဥ်လွှင့်ခြင်း အတတ်ကို အမြန်ဆုံး တတ်မြောက်အောင် အပြင်းအထန် အားထုတ်လေတော့သည်။

‘အသင် အားထုတ်နည်းမှားနေပြီ သိဒ္ဓိ’

သူ၏ ဆရာ ရသေ့ကြီး ရှင်ဒိဗ္ဗသည် အိပ်ရာထဲတွင် လဲလျောင်းနေရင်းမှ အားယူပြီး ပြောလိုက်သည်။

‘အရှင် သင်ပေးခဲ့တဲ့အတိုင်း တပည့်တော် ကျင့်ကြံတာပဲဘုရား၊ ဘာများမှားယွင်းနေလို့ပါလဲ’

‘အိမ်း။ ကျင့်နည်းကတော့ မမှားဘူး။ ဒါပေမဲ့ အသင့် စိတ်ထားပုံထားနည်းက မှားနေတာပဲ’

‘ဘယ်လိုများပါလဲ အရှင်ဘုရား’

‘လိုချင်စိတ်နဲ့ မကျင့်ရဘူး။ လောဘနဲ့ မကျင့်ရဘူး။ ချိန်ခွင်လျှာညီမျှတဲ့ ဥပေက္ခာစိတ်နဲ့ ကျင့်မှသာ ရနိုင်ပေလိမ့်မယ်’

ထိုစကားသည် ရသေ့ကြီးထံမှ နောက်ဆုံးရခဲ့သော ပညာပင် ဖြစ်လေတော့သည်။ နောက်တစ်နေ့တွင် ရသေ့ကြီး အရှင်ဒိဗ္ဗသည် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားခဲ့လေသည်။ သိဒ္ဓိသည် စိတ်မကောင်းစွာနှင့် ဆရာဖြစ်သူ၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။ ထို့နောက်တွင်မူ သူသည် ရသေ့ကြီး၏ ကျောင်းသင်္ခမ်းထဲသို့ ပြောင်းရွှေ့နေထိုင်ကာ ရသေ့ကြီး သင်ကြားပေးခဲ့သည့်အတိုင်း ၀ိညာဥ်လွှင့်နည်းကို အပြင်းအထန် လေ့ကျင့်လေတော့သည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်။ သိဒ္ဓိသည် နှစ်တွေကို ရေတွက်ခြင်းမရှိတော့။ တခါတရံ ရက်ပေါင်းများစွာ မလှုပ်မရှားဘဲ တရားထိုင်နေတတ်သည်။ သူ၏ သမာဓိသည် အသွားထက်သော မြှားတစ်လက်လို စူးရှထက်မြက်နေ၏။ သူသည် တဖြည်းဖြည်းနှင့် စိတ်အာရုံကို ဖြန့်ကျက်နိုင်လာသည်။ ဟိုးကောင်းကင် အမြင့်တွင် ပျံ၀ဲနေသော စွန်ရဲတစ်ကောင်၏ အတောင်ပံခတ်သံကိုပင် အာရုံပြုလိုက်လျှင် ကြားယောင်နိုင်လာသည်။ သူသည် တဖြည်းဖြည်းနှင့် အခြားသော တိရစ္ဆာန်များ၏ စိတ်များကိုပင် လွှမ်းမိုးလာနိုင်လေသည်။ အန္တရာယ်ပြုရန် ချဥ်းကပ်လာသော ကျားကြီးတစ်ကောင်ကို စိတ်ညှို့ပြီး လမ်းကြောင်း ပြောင်းလဲလိုက်နိုင်သည်။ မြွေများ ကင်းများကို ကျောင်းအနီးသို့ မကပ်စေရန် တားမြစ်ထားနိုင်လာသည်။

‘ငါ ဂေါနဆီ မရောက်ဖြစ်တာတောင် တော်တော်ကြာပြီပဲ’

နှစ်ပေါင်းမည်မျှကြာသွားသည်မသိ။ တစ်ညနေတွင် သိဒ္ဓိသည် ဂေါနရှိရာ ဂူကြီးဆီသို့ ပြန်သွားခဲ့သည်။ နေ၀င်သွားသည်နှင့် ထွက်လာမည့် မိတ်ဆွေဖြစ်သူကို သူထိုင်စောင့်နေခဲ့သည်။

‘ဖရူး.. ၀ူးးးး’

‘အလို’

သူသည် သမာဓိကောင်းလွန်းလှသူဖြစ်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် သတိလက်လွတ် အံ့အားသင့်သွားခဲ့ရသည်။

ဧရာမ လင်းနို့ကြီးတစ်ကောင်သည် လိုဏ်ဂူကြီးထဲမှ အပြင်သို့ အတောင်ကြီးဖြန့်ပြီး ၀ရူးကနဲ ပျံသန်းထွက်သွားသောကြောင့်ပင်။ ဂေါနသည် လူစင်စစ်မှ ဧရာမ လင်းနို့ကြီးအဖြစ်သို့ လုံးလုံး ပြောင်းလဲသွားခဲ့လေပြီ။ လရောင်နောက်ခံနှင့် ကောင်းကင်ပြင်တွင် လင်းနို့ကြီးသည် အတောင်ကြီးများကို ဖြန့်ကာ ပျံ၀ဲရင်း မြေပြင်ရှိ သားကောင်ကို ချောင်းနေခဲ့သည်။

‘၀ုတ် ၀ုတ် ၀ုတ်….’

ထိုလင်းနို့ကြီး၏ ခေါင်းသည် ခွေးခေါင်းပုံရှိပြီး ပါးစပ်မှ လင်းနို့သံမထွက်ဘဲ ခွေးဟောင်သံကြီး ထွက်ပေါ်လာလေသည်။

‘ဂရား….’

လင်းခွေးကြီးသည် မြေပြင်ပေါ်သို့ ၀ှီးကနဲ ထိုးဆင်းကာ ချုံပုတ်ကြားမှ ယုန်ကလေးတစ်ကောင်ကို ထိုးသုတ်လိုက်သည်။ ထို့နောက် လေထဲမှာပင် ထိုယုန်ငယ်၏ လည်ပင်းသွေးကို အစွယ်ကြီးများနှင့် ဖောက်ကာ အငမ်းမရ စုပ်သောက်လေတော့သည်။

‘ငါ… ဂေါနကို ရောဂါပျောက်အောင် အမြန်ကုမှ ဖြစ်တော့မယ်။ ကြာရင် ဒီကျိန်စာက ဖျောက်ရခက်မယ်။ သူ ငါ့စကားကို နားထောင်ပြီး အခုထိ လူမသတ်သေးဘူး။ ဒါပေမဲ့ ဒါဟာ ဘယ်လောက်ခံမလဲဆိုတာ မသိနိုင်ပေဘူး’

ထိုညမှ စပြီး သိဒ္ဓိသည် ဂေါနထံသို့ ယခင်ကထက် ခပ်စိပ်စိပ်သွားကာ စောင့်ကြည့်ခဲ့သည်။ တစ်ရက်တွင် နေမ၀င်မီမှာပင် ဂေါနသည် မှိန်ဖျော့ဖျော့ အလင်းရောင်အောက်သို့ မရဲတရဲထွက်လာသည်ကို တွေ့လိုက်ရသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ထိုသတ္တ၀ါကြီး၏ အရေခွံကြီးသည် နေရောင်ကို တဖြည်းဖြည်း ခံနိုင်ရည် ရှိလာပုံရလေသည်။

‘မကောင်းဆိုး၀ါးကြီးကို သတ်ကြဟေ့’

သိဒ္ဓိနားမလည်သော ဘာသာတစ်မျိုးနှင့် အော်လိုက်သံ။ သိဒ္ဓိသည် သူ့တန်ခိုးများကို သုံးပြီး ထိုစကားသံကို နားလည်အောင် ကြိုးစားလိုက်ရသည်။ မီးတုတ်များ၊ လှံများ၊ ဒူးလေးများကို ကိုင်စွဲထားသော လူတစ်စုသည် တောနင်းပြီး ထိုနေရာသို့ ရောက်လာကြလေသည်။ သိဒ္ဓိကိုတွေ့လျှင် သူတို့သည် ရပ်တန့်သွားကြသည်။

‘ဟေး။ ရသေ့ကြီး...။ ဒီမှာ လင်းနို့ကြီးတစ်ကောင် ပျံသွားတာတွေ့လိုက်လား’

‘မတွေ့မိဘူး ငါ့ဆွေတို့။ နေပါဦး။ ကျွန်ုပ် ဒီတောထဲမှာ တရားအားထုတ်တာ ကြာမြင့်လွန်းနေလို့၊ ဘယ်နှစ်ခုနှစ် သက္ကရာဇ်ရောက်ပြီဆိုတာ ပြောပြကြပါဦး’

‘…..’

ကိန်းဂဏန်းတစ်ခုကို လူတစ်ယောက်က ပြောပြလိုက်သည်။ သိဒ္ဓိ ထိုကိန်းဂဏန်းကို မည်သို့ နားလည်ရမည်မသိ။ ထို့ကြောင့် သူနားလည်မည့်နည်းနှင့် မေးလိုက်သည်။

‘ဂေါတမ ဗုဒ္ဓပွင့်တော်မူပြီးတာ ဘယ်နှစ်နှစ်ရှိပြီလဲကွဲ့’

‘အလို ဗုဒ္ဓပွင့်ခဲ့တာ အနှစ်နှစ်ထောင်နီးပါး ရှိပါပြီကော...’

လူစုထဲမှ အသက်အကြီးဆုံး လူကြီးတစ်ယောက်က ပြန်ဖြေလိုက်သည်။ သိဒ္ဓိ မူးမေ့လဲမလိုပင် ဖြစ်သွားလေသည်။

‘… ငါ… ငါ ကျင့်ကြံနေခဲ့တာ အနှစ်တစ်ထောင်ကျော်သွားပါပကော’

သူမယုံနိုင်ခဲ့ချေ။ သူသည် သမာဓိကောင်းလွန်းသဖြင့် အချိန်များ ကုန်လွန်သွားသည်ကိုပင် မသိလိုက်။ သူ ထင်ခဲ့သော ရက်ပေါင်းများစွာကြာအောင် တရားထိုင်နေခဲ့ခြင်းသည် ရက်များမဟုတ်ဘဲ ရာစုနှစ်များပင် ဖြစ်နေခဲ့ချေပြီ။ အချိန်ဟူသော သဘောတရားသည် သူ့အတွက် ပညတ်တစ်ခုလို ဖြစ်သွားခဲ့သည်။ သူသည် အရွယ်အိုမင်းခြင်းလည်း မရှိခဲ့ချေ။ သူ၏ ခန္ဓာကိုယ်ဖြစ်စဥ်များသည် သမာဓိအားကြောင့် အင်မတန်နှေးကွေးသွားခဲ့ခြင်းပင်။

‘ရသေ့ကြီး။ အရှင် ဒီအကောင်ကြီးကို မတွေ့ရင်လည်း ဒီနေရာမှာ မနေသင့်တော့ဘူး။ ဒီမကောင်းဆိုး၀ါးကြီး မနေ့ညကပဲ ကျွန်တော်မျိုးတို့ ရွာထဲ၀င်ပြီး လူတစ်ယောက်ကို ကိုက်သတ်သွားတယ်။ ဒင်းကို အသေသတ်ရမယ်’

သိဒ္ဓိ ခေါင်းနားပန်းကြီးသွားခဲ့သည်။ သူ့ မိတ်ဆွေသည် လူသတ်မိလေပြီ။ ငရဲပြည်သို့ သွားရပေတော့မည်။ လူပေါင်းများစွာကို သတ်ပြီး အင်မတန်ကြီးလေးသော အပြစ်ကြီးများ မကျရောက်မီ သူအချိန်မီ ကယ်တင်ရပေတော့မည်။

‘ငါ ၀ိညာဥ်လွှင့်နိုင်တဲ့အထိ စောင့်နေလို့ မဖြစ်တော့ဘူး’

သိဒ္ဓိသည် ၀ိညာဥ်မလွှင့်နိုင်သေးသော်လည်း အခြားသော လူများ၊ တိရစ္ဆာန်များ၏ စိတ်ကိုတော့ လွှမ်းမိုးနေနိုင်ပြီဖြစ်သည်။ သူသည် လူအုပ်ကြီးကို ထိုနေရာမှ ပြန်သွားအောင် စိတ်ညှို့ခိုင်းစေခဲ့သည်။ ညနက်ပိုင်းရောက်လျှင် ဂေါနတဖြစ်လဲ လင်းခွေးကြီးသည် ဂူထဲသို့ ပြန်လာခဲ့သည်။

‘အိပ်လေတော့ အဆွေတော် ဂေါန’

သိဒ္ဓိသည် လင်းခွေးကြီးကို အိပ်မွေ့ချလိုက်လျှင် ဂေါနသည် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။ သူသည် နောက်တစ်နေ့မနက်လင်းလျှင် သစ်ပင်၀ါးပင်များကို ခုတ်ပြီး သေတ္တာကြီးတစ်လုံးကို ဆောက်လုပ်ကာ သတ္တ၀ါကြီး၏ ကိုယ်လုံးကြီးကို ထို သေတ္တာကြီးထဲသို့ ထည့်လိုက်သည်။

……………………….

‘ရသေ့ကြီးရဲ့ သေတ္တာကြီးကလည်း လေးပါဘိဗျာ’

လှေထိုးသားများသည် ကြီးမားလေးလံလှသော သေတ္တာကြီးကို လှေသင်္ဘောပေါ်တင်ရင်း ညည်းညူကြလေသည်။ သိဒ္ဓိသည် ထိုနေ့မှစပြီး အိပ်မွေ့ချခံထားရသော လင်းခွေးကြီး၏ ကိုယ်လုံးကြီးကို သေတ္တာထဲတွင် ထည့်ကာ တစ်ကမ္ဘာလုံးပတ်ပြီး သွားလာနေခဲ့သည်။ သူသည် တောထဲတွင် တရားကျင့်ကြံသည်ထက် မြို့ကြီးပြကြီးများပေါ်တွင် ကျင့်ကြံရသည်ကို ပိုမိုသဘောကျလာသည်။ သူသည် စိတ်ကို ဖြန့်ကျက်ရန် နည်းသစ်တမျိုးကို ရှာတွေ့ခဲ့သည်။ လူအများ၏ စိတ်များကို အသုံးပြုပြီး စိတ်တစ်ခုမှ တစ်ခုဆီသို့ ခုန်ကူးကာ ဖြန့်ကျက်ရသည်မှာ ပိုမိုလွယ်ကူလေသည်။

သူသည် ကမ္ဘာအနှံ့ရှိ မြို့ကြီးများကို ပတ်ပြီး သွားလာရင်းနှင့် သစ်သားသေတ္တာကြီးအဖြစ်မှ သံသေတ္တာကြီးအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ သိဒ္ဓိသည် သံသေတ္တာကြီးနှင့် ဝေး‌ကွာပြီး နေလေ့မရှိ။ သူ အနားတွင် ရှိနေမှ အိပ်မွေ့ချခြင်းက အကျိုးပြုနိုင်မည်။ တခါတရံတော့ သိဒ္ဓိသည် လင်းခွေးကြီးကို ပြန်နိုးစေကာ တိရစ္ဆာန်သွေးများကို တိုက်ကျွေးပြီး အသက်ဆက်စေခဲ့သည်။ နောက်ဆုံး တစ်ရက်တွင်မူ ရသေ့ကြီး သိဒ္ဓိသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဇီဇ၀ါလမ်းရှိ ခြောက်ထပ်တိုက်ခန်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။

ထိုတိုက်ခန်းတွင် မြေပိုင်ရှင် မစိုးစိုးမေနှင့် သူတွေ့ဆုံခဲ့သည်။ သီလပြည့်စုံပြီး စိတ်စေတနာကောင်းမွန်လှသော ထိုအမျိုးသမီးကို တွေ့လိုက်ရသည်နှင့် ဦးသိဒ္ဓိသည် နှစ်ထောင်ပေါင်းများစွာ မခံစားခဲ့ဖူးသော အေးချမ်းမှုတစ်မျိုးကို ခံစားလိုက်ရလေသည်။ ထိုခံစားမှုသည် ပူလောင်သော ထောင့်ငါးရာ ကိလေသာ မဟုတ်ခဲ့ချေ။

ထိုနေ့ညတွင်ပင် ဦးသိဒ္ဓိသည် ထိုအေးချမ်းသော ခံစားမှုကို အာရုံပြုပြီး သူ့၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

‘အလို.. ငါ ကောင်းကင်ပေါ် ရောက်နေပါပေါ့လား’

ဦးသိဒ္ဓိ၏ စိတ်အာရုံသည် သူ၏ ကိုယ်လုံးကြီးထဲမှ ခွာထွက်ပြီး အထက်မိုးကောင်းကင်သို့ ရောက်ရှိသွားသည်။ သူသည် ကောင်းကင်ပေါ်မှ နေပြီး ကမ္ဘာမြေကြီးကို ပြန်လည် မြင်တွေ့နေလေသည်။ သို့သော် သူ့ထံတွင် အစိုင်အခဲ ကိုယ်လုံးကြီးမရှိဘဲ ဟိုလိုဂရမ်ကဲ့သို့သော ထွင်းဖောက်မြင်ရသည့် စိတ်၀ိညာဥ်ပုံရိပ်သာ ရှိနေခဲ့သည်။

‘ငါ တတ်သွားပြီ။ နှစ်ထောင်နဲ့ချီ ကျင့်ခဲ့တဲ့ ၀ိညာဥ်လွှင့်ပညာကို ငါတတ်သွားပြီ။ ကျေးဇူးတော်ရှင် ရသေ့ကြီး အရှင်ဒိဗ္ဗကို ရှိခိုးဦးချပါတယ်ဘုရား’

သူသည် သင်ဆရာ ရသေ့ကြီးကို ကျေးဇူးတင်စွာနှင့် စိတ်ထဲမှ ရည်မှန်းပြီး ဦးချကန်တော့လိုက်သည်။

…………………………..

‘ကျွန်တော် ခရီးရှည်ကြီးတစ်ခု ထွက်စရာရှိတယ် မစိုးစိုးမေ’

သူမဧည့်ခန်းရှိ ထိုင်ခုံတွင် ထိုင်ရင်း ဘိုးတော်လို အပေါ်ဖြူအောက်ဖြူ ၀တ်ဆင်ထားသော ဦးသိဒ္ဓိက တည်ငြိမ်သော လေသံနှင့်ပြောလိုက်သည်။

‘မစိုးစိုးမေတို့ မိသားစုကို ကျွန်တော် ခရီးက ပြန်ရောက်လာရင် ကျေးဇူးဆပ်ပါမယ်’

‘ရပါတယ် အဘဦးသိဒ္ဓိရှင့်။ ခရီးက ဘယ်လောက်ကြာမှာလဲရှင့်’

‘မြန်ရင်တော့ ရက်ပိုင်းပဲ။ ဒါပေမဲ့ နှစ်ပေါက်အောင်လည်း ကြာသွားနိုင်တယ်။’

‘ဟုတ်ကဲ့ပါ အဘဦးသိဒ္ဓိ။ အဘ ခရီးသွားနေတုန်း တိုက်ခန်းကို ကျွန်မ ကြည့်ပေးထားပါ့မယ်’

‘အင်း။ မစိုးစိုးမေ တိုက်ခန်းထဲတော့ ၀င်ကြည့်ဖို့လိုမယ်မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လေ’

………………………………………………….

ထို့နောက်တွင်မူ ဦးသိဒ္ဓိသည် တာ၀တိံသာနတ်ပြည်ကို စိတ်ညွှတ်ကာ သူ၏ ၀ိညာဥ်ကို လွှင့်ခဲ့လေသည်။ သူ၏ စိတ်ပုံရိပ်သည် နတ်ပြည်ကြီး၏ ပြောင်လက်တောက်ပသော နတ်ဘုံနတ်နန်းကြီးများကြားသို့ တမဟုတ်ချင်းရောက်ရှိသွားသည်။ သူထိုနေရာသို့ ရောက်သွားသည်နှင့် ကြီးမားခမ်းနားသော ခန္ဓာကိုယ်ရှိသည့် နတ်သားကြီးတစ်ပါးက သူ့ဘေးသို့ ရောက်ရှိလာသည်။

‘လုလင် အမောင်သိဒ္ဓိ။ သင် နောက်ဆုံးတော့ ငါသင်ပေးတဲ့ ပညာကို တတ်သွားချေပြီပဲ’

‘အလို အရှင်ဒိဗ္ဗပါလား’

ရုပ်သွင်မတူသော်လည်း ဦးသိဒ္ဓိသည် သူ၏ ဆရာ‌ဟောင်းကို ချက်ချင်းမှတ်မိသွားပြီး ဦးချကန်တော့လေသည်။

‘အိမ်း ဟုတ်ပကွယ်။ လာ လိုက်ခဲ့။ အသင် တွေ့လိုတဲ့ နတ်သားဆီကို ငါခေါ်သွားပေးမယ်’

ကျိန်စာမျိုးစုံကို ချေဖျောက်ပေးနိုင်သည့် ဂါထာမန္တာန်များအားလုံးကို တတ်မြောက်သည့် နတ်သားသည် နတ်ရေကန်ကြီးထဲတွင် နတ်သမီးများနှင့် ရေကစားနေခဲ့သည်။

‘ကဲ အမောင် သိဒ္ဓိ။ သင် သိလိုတဲ့ဂါထာကို အမြန်ဆုံး သင်ယူပေတော့’

‘မှန်ပါ့ဘုရား။ ဘာလို့များ အရှင်ဘုရားက ဒီလောက် အလျင်လိုနေရပါလိမ့်’

‘အမောင်သိဒ္ဓိ။ ငါ ရှင်းပြမယ်။ ဒီတာ၀တိံသာနတ်ပြည်မှာ နတ်သက် တစ်ရက်က လူ့ပြည်မှာ အနှစ်တစ်ရာနဲ့ ညီမျှတယ်ကွဲ့’

‘အလို...’

‘အမှန်ပဲ အမောင် သိဒ္ဓိ။ အသင် ယခု ရောက်နေတာပဲ လူ့သက်တမ်းနဲ့ သုံးလေးနှစ်လောက် ရှိရော့မယ်ကွယ်’

ဦးသိဒ္ဓိ အလျင်အမြန် သူ၏ တန်ခိုးအစွမ်းကို သုံးပြီး သူ့ကိုယ်ခန္ဓာကြီးရှိနေရာ လူ့ပြည်သို့ ပြန်ကြည့်လိုက်လျှင် -

‘ငါမရှိတာနဲ့ ဂေါန အိပ်မွေ့ချခံထားရာက နိုးပြီး ထွက်ပြေးပါပကောလား။ အလို.. ငါ့ကို စောင့်ရှောက်ပေးနေတာ ဘယ်သူပါလိမ့်’

သူ၏ မလှုပ်မယှက်ကိုယ်လုံးကြီးကို ပြုစုစောင့်ရှောက်ပေးနေသော မစိုးစိုးမေကို ဦးသိဒ္ဓိ တန်ခိုးနှင့် တွေ့မြင်လိုက်သည်။

‘အင်မတန်မှ စိတ်ကောင်းစေတနာကောင်း ရှိလှတဲ့ အမျိုးသမီးပေပဲ။ ဒီအမျိုးသမီးကို ငါစောင့်ရှောက်ရမယ်။’

ဟု စဥ်းစားပြီး မစိုးစိုးမေ အတွက် အိပ်မက်ကောင်းများကို တန်းစီပြီး ပေးအပ်လိုက်သည်။

‘အခုပြန်သင့်ပေမဲ့ လာရင်းကိစ္စဖြစ်တဲ့ ကျိန်စာဖြေ ဂါထာကို ရအောင်သင်ရမယ်’

ဦးသိဒ္ဓိသည် နတ်သား ရေချိုးပြီးသည်အထိ မစောင့်တော့ဘဲ နတ်ရေကန် အလယ်အထိလိုက်သွားကာ နတ်သားကို အလျင်စလို တောင်းဆိုခဲ့သည်။

‘ကောင်းပြီ လူ့ပြည်ကလာတဲ့ သိဒ္ဓိလူသား။ အသင် ဒီလောက် ကြိုးစားအားထုတ်ခဲ့တာ - ငါသင်ပေးပါ့မယ်’

ဟုပြောပြီး ဦးသိဒ္ဓိ သိလိုသော ဂါထာကို တစ်လုံးတစ်ပါဒမကျန် သင်ပေးခဲ့လေသည်။ ဂါထာအစအဆုံး တတ်ကျွမ်းအောင် တာ၀တိံသာနတ်ပြည်၏ နေ့တစ်၀က်မျှကြာသည်အထိ သင်ယူခဲ့ရသည်။

‘ငါ တကယ်ပဲ နောက်ကျသွားပြီလား။ လူ့ပြည်မှာ နှစ်ပေါင်းများစွာ ကုန်သွားခဲ့ပြီ’

…………………………………………….

ဦးသိဒ္ဓိ လူ့ပြည်သို့ ပြန်လည်ရောက်ရှိလာလျှင် ပထမဆုံး ပြုလုပ်သည်မှာ လွတ်မြောက်သွားသော လင်းခွေးကြီးကို လိုက်လံရှာဖွေခြင်းပင်။ သို့သော် သူ ကြာကြာ မရှာလိုက်ရပါချေ။ ဟိမ၀န္တာတောနက်ကြီးထဲရှိ မူလပထမ လိုဏ်ဂူကြီးထဲတွင် ပုန်းအောင်းနေသော ဂေါနကို ဦးသိဒ္ဓိ၏ စိတ်၀ိညာဥ်ပုံရိပ်က တွေ့ရှိသွားခဲ့သည်။

‘ကဲ..  မိတ်ဆွေကြီး ဂေါန….။ ကျုပ်နောက်ကို လိုက်ခဲ့ချေတော့။ သင့် ကျိန်စာက ကျွတ်ချိန်တန်ပြီ မိတ်ဆွေကြီး’

……………………………………………..

မစိုးစိုးမေ ကွယ်လွန်သွားပြီးနောက် သူမ၏ တိုက်ခန်းတွင် သားဖြစ်သူ လူပျိုကြီး ကိုအောင်ခန့်သည် ဆက်လက်နေထိုင်ခဲ့သည်။ တစ်ညတွင်မူ ကိုအောင်ခန့် အိပ်ရာမှ လန့်နိုးလာသည်။ နာရီကို ကြည့်လိုက်လျှင် ညသန်းခေါင်ကျော်ပြီး မနက် နှစ်နာရီခန့် ရှိပြီဖြစ်၏။ ပထမတွင် အိပ်မက်မက်နေသည်ထင်သော်လည်း တဖြည်းဖြည်းနှင့် အိပ်မက်မဟုတ်ကြောင်း သူသိလာခဲ့သည်။ သူ့နားထဲတွင် အသံတစ်ခုကို ကြားနေရ၏။ နားထောင်နေရင်းမှ ထိုအသံမှာ တဖြည်းဖြည်း ကျယ်လာသည်။ ဟုတ်သည်။ ခွေးဟောင်သံ။ ခွေးဟောင်သံမှ ခွေးဟောင်သံ စစ်စစ်။

 သို့သော် ထိုခွေးဟောင်သံကား လမ်းပေါ်မှ လာခြင်းမဟုတ်။ တိုက်၏ အပေါ်ဆုံးလွှာ ခြောက်ထပ် ဦးသိဒ္ဓိ နေထိုင်ရာ အခန်းဆီမှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။

‘၀ုတ် ၀ုတ် ၀ုတ် ၀ုတ် …...’

ကိုအောင်ခန့် ကမန်းကတန်း ခြောက်ထပ်တိုက်သို့ တက်သွားမိသည်။ သူ့လက်ထဲရှိ သော့တွဲမှ သော့တံကို တုန်ရီသော လက်များနှင့် ရွေးပြီး ခြောက်ထပ်တိုက် အခန်းတံခါးကို ဖွင့်လိုက်သည်။ သူမုန်းတီးသော အမွှေးနံ့ကြီးက ကိုအောင်ခန့်၏ နှာခေါင်းထဲသို့ တိုး၀င်လာသည်။

‘၀ုတ် ၀ုတ် ၀ုတ်….’

ဆက်တိုက်ထွက်နေသော ခွေးဟောင်သံကြီး….

‘ဗာဟုကလီ,,, ဓာတု ဒေ၀… ဂေါန… ဓာတု ဇီ၀.. ခပ္ပ...’

ခွေးဟောင်သံကြီးနှင့်အတူ ဆက်တိုက်ထွက်နေသော ဂါထာမန္တာန်ရွတ်ဖတ်သံ။ ကိုအောင်ခန့် အရဲစွန့်ပြီး အတွင်းခန်းထဲသို့ ၀င်သွားလိုက်သည်။ သူ နှစ်ပေါင်းများစွာ ၀င်ပြီး ဦးသိဒ္ဓိ၏ ကိုယ်လုံးကြီးကို စောင့်ရှောက်ပေးနေခဲ့သော နေရာ။

‘အလိ ဘုရား ဘုရား….’

ကိုအောင်ခန့် သူ့မျက်စိကို သူမယုံနိုင်ခဲ့။ သူ လူမှန်းသိတတ်စကတည်းက အလောင်းကောင်ကြီးပမာ ကုတင်ပေါ်တွင် မလှုပ်မယှက်ကြီး လဲလျောင်းနေခဲ့သည့် ဘိုးတော်ကြီး ဦးသိဒ္ဓိသည် ယခုအခါ အသက်ပြန်၀င်ကာ မတ်တတ်ကြီး ရပ်လျက်ရှိလေသည်။ သူသည် မျက်လုံးမှိတ်လျက်က လက်များကို ရှေ့သို့ ဆန့်တန်းကာ ပါးစပ်မှ ကိုအောင်ခန့်နားမလည်သော ဂါထာများကို ရွတ်ဆိုလျက်ရှိသည်။ သူ၏ ရှေ့တည့်တည့်တွင်ကား -

ကြောက်လန့်စရာ ဧရာမ လင်းနို့ကြီးသည် အတောင်ကြီးများကို တဖျတ်ဖျတ်ခပ်ကာ အခန်းထဲရှိ လေထုထဲတွင် မြောက်တက်နေသည်။ လင်းနို့ကြီး၏ ခေါင်းသည် ခွေးကြီးတစ်ကောင်၏ ခေါင်းနှင့် တူလှပြီး အစွယ်ကြီးများကို ဖြဲကာ ဦးသိဒ္ဓိကို ဒေါသတကြီးနှင့် တ၀ုတ်၀ုတ် ဟောင်ကာ ပြန်မာန်ဖီနေလေသည်။ သို့သော် ဦးသိဒ္ဓိ၏ တန်ခိုးကြောင့် ဘိုးတော်ကြီးကို တိုက်ခိုက်ခြင်းငှာမူ မစွမ်းနိုင်ခဲ့ချေ။

‘၀ုတ် ၀ုတ် … ၀ု...’

ထိုစဥ်မှာပင် ထူးဆန်းသည်ထက် ထူးဆန်းသော အခြင်းအရာကို တွေ့လိုက်ရသည်။ အဆက်မပြတ် ရွတ်ဆိုနေသော ဦးသိဒ္ဓိ၏ ဂါထာအောက်တွင် ခွေးဟောင်သံကြီးသည် တဖြည်းဖြည်း တိုး၍သွားသည်။ လင်းခွေးကြီး၏ အတောင်ပံကြီးများသည်လည်း တဖြည်းဖြည်း ကျုံ့၀င်သွားခဲ့သည်။ ခွေးခေါင်းကြီးသည် တဖြည်းဖြည်း လုံး၀န်းလာပြီး လူတစ်ယောက်၏ ဦးခေါင်းအသွင် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင်မူ လင်းခွေးကြီးသည် သတ္တ၀ါကြီးတစ်ကောင်အဖြစ်မှ လူသားစစ်စစ်တစ်ဦးအသွင်သို့ လုံး၀ ပြောင်းလဲသွားတော့သည်။

‘အဆွေ… အဆွေတော်ကြီး...’

ထိုလူသည် အ၀တ်မပါဘဲ ကြမ်းပေါ်သို့ ယိုင်တိယိုင်ထိုးပြုတ်ကျသွားရာမှ သူ့ရှေ့ရှိ ၀တ်ဖြူစင်ကြယ်နှင့် ဘိုးတော်ကြီးကို ၀မ်းသာအားရ ပြေးဖက်ခဲ့လေသည်။ မိတ်ဆွေနှစ်ဦးသည် တစ်ဦးကို တစ်ဦး အတန်ကြာအောင် ဖက်ထားပြီးမှ ဦးသိဒ္ဓိသည် အခန်း၀တွင် ရပ်ကြည့်နေသော ကိုအောင်ခန့်ကို တွေ့မြင်သွားသည်။

‘လူကလေး မောင်အောင်ခန့်’

ဘိုးတော်ကြီး၏ နှုတ်ဆက်သံကို ကြားလျှင် ကိုအောင်ခန့်သည် ယောကျ်ားရင့်မာကြီးတစ်ဦးဖြစ်လင့်ကစား စိတ်မထိန်းနိုင်တော့ဘဲ ထိုနေရာတွင်ပင် ခွေပျော့ကျသွားကာ ရှိုက်ကြီးတငင် ငိုကြွေးမိလေသည်။ ဦးသိဒ္ဓိသည် သူ့ထံသို့ အမြန်လာပြီး ကိုအောင်ခန့်၏ ဦးခေါင်းကို သူ့လက်နှစ်ဘက်နှင့် အသာအုပ်ကိုင်ပေးကာ အားပေးနှစ်သိမ့်ပေးခဲ့သည်။

……………………………………….

‘မောင်အောင်ခန့်တို့ သားအမိကျေးဇူးဟာ ငါ့အပေါ် အင်မတန် ကြီးမားလှပေတယ်’

ယခုအခါ အ၀တ်အစား၀တ်ဆင်ပြီးဖြစ်သော ဂေါနသည် ထိုင်ခုံတွင် ထိုင်လျက်ရှိသည်။ ဦးသိဒ္ဓိသည် ကုတင်ပေါ်တွင် ထိုင်လျက်၊ ကိုအောင်ခန့်သည် အခန်းထဲရှိ သစ်သားကုလားထိုင်တစ်လုံးတွင် ထိုင်လျက် - ကျန်သည့်လူများကို အူကြောင်ကြောင် ငေးကြည့်နေသည်။ ဦးသိဒ္ဓိသည် သူ့အား ဖြစ်ကြောင်းကုန်စင်ကို အကျဥ်းရုံးရှင်းပြပြီး ဖြစ်သော်လည်း မယုံကြည်နိုင်သေးဘဲ ကြောင်စီစီဖြစ်နေရှာသည်။

‘မစိုးစိုးမေဟာ အင်မတန်မှ မေတ္တာတရားကြီးမားလှတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူ အခုဆို ကောင်းရာမွန်ရာမှာ စံစားနေရမှာ သေချာလှပါတယ်’

‘အမေသာ ရှိရင် ဘယ်လောက်၀မ်းသာလိုက်မလဲ’

ဟု ပြောကာ ကိုအောင်ခန့်သည် ထပ်ပြီး ငိုကြွေးမိပြန်လေသည်။ ဦးသိဒ္ဓိသည် ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောတူလိုက်သည်။

‘ဘာပဲပြောပြော ငါ့ပယောဂကြောင့် ဒုက္ခရောက်ခဲ့ရတဲ့လူတွေ မနည်းပေဘူး။ ဖြစ်ပြီးတာတွေတော့လည်း မတတ်နိုင်ဘူးပေါ့။ ပြင်လို့ရတာတွေတော့ ငါ ပြင်ပေးလို့ရပါတယ်။ ငါ့မိတ်ဆွေကြီး ဂေါနလည်း ငရဲဘုံကနေလွတ်အောင် တရားဓမ္မတွေ ကုသိုလ်ကောင်းမှုတွေ အများကြီး ပြန်လုပ်ရမယ်။ မကောင်းမှုက ကျေတာတော့ မဟုတ်ဘူးပေါ့။ အချိန်တန်ရင်တော့ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကို ပြန်ခံရမှာပဲ။ ဒါပေမဲ့ နောင်ဘ၀တစ်ခု ကောင်းဖို့အတွက်တော့ အချိန်မီပါသေးတယ်’

ဂေါနသည် ယခင် လူရွယ်ဘ၀သို့ ပြန်ရောက်သွားခြင်းဖြစ်သည်။ သူ့ကြည့်ရသည်မှာ အသက်သုံးဆယ်အရွယ်မျှ နုပျိုနေသည်။

‘ကျွန်ုပ်ကို ကျိန်စာက လွတ်အောင် နှစ်ထောင်နဲ့ချီကြိုးစားခဲ့တဲ့ အဆွေတော်ကြီးရဲ့ သစ္စာရှိမှုကတော့ ဘာနဲ့မှ နှိုင်းမရနိုင်အောင်ပါပဲ။ အဆွေတော်ကြီးအတွက်ဆို ဘာပဲ လုပ်ပေးရ လုပ်ပေးရ လုပ်ပေးပါတော့မယ်’

ဦးသိဒ္ဓိသည် တစုံတခုကို စဥ်းစားမိဟန်နှင့် အလေးအနက်ပြောလိုက်သည်။

‘အဆွေတော် ဂေါနလို ကျိန်စာသင့်နေသေးတဲ့ အမှောင်ဘုံသားတွေ အများကြီးရှိလိမ့်ဦးမယ်။ အသင့်ကို ပထမဆုံး ဒီလိုဖြစ်အောင် ကိုက်သွားတဲ့သူက စပြီး - အသင့်ကြောင့် ဘ၀ပျက်သွားရတဲ့ ဒေါက်တာရေချမ်း အဆုံးပဲ။ ကျွန်ုပ်တို့ အဲဒီ အမှောင်ဘုံသားတွေကို ဒီဂါထာသုံးပြီး လိုက်ကယ်တင်ရလိမ့်မယ်’

‘ဒါဆိုရင် အဘဦးသိဒ္ဓိတို့က ဒီမှာ မနေကြတော့ဘူးလား’

‘အမှန်ပဲ မောင်အောင်ခန့်။ ဒါပေမဲ့ ဒီ အိမ်ခန်းကိုတော့ မောင်အောင်ခန့်ပဲ ဆက်ပြီး စောင့်ရှောက်ထားပေးပါ။ အဘနဲ့ ဂေါနတို့က ကမ္ဘာပတ်ပြီး ကျိန်စာတွေ လိုက်ဖြေရလိမ့်မယ်။ ဒေါက်တာရေချမ်းဟာ လောလောဆယ် အာဖရိကမှာ ဒုက္ခရောက်နေရှာတယ်’

‘ဟုတ်ကဲ့။ စိတ်ချပါ အဘဦးသိဒ္ဓိ။ ကျွန်တော့်အတွက် ဒီတိုက်ခန်းကို ထိန်းသိမ်းစောင့်ရှောက်ပေးရတာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ’

‘အဘအပေါ်ရှိတဲ့ကျေးဇူးအထူးတင်ကြောင်း ထပ်ပြီး ပြောပါရစေ မောင်အောင်ခန့်။ ဒါပေမဲ့ တစ်ခုပဲ သတိပေးချင်တယ်ကွယ်’

‘ပြောပါ အဘ’

‘အေးကွယ်… ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် - ဧည့်ခန်းထဲက ဘီလူးရုပ်ရဲ့ မျက်နှာပေါ်က သင်္ကန်းစကိုတော့ ယောင်လို့တောင် မဖယ်မိစေနဲ့ကွဲ့’

ကိုအောင်ခန့်သည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်မိသည်။ သူသည် ထိုဘီလူးရုပ်အပါအ၀င် ဧည့်ခန်းထဲရှိ ပန်းချီကားများ၊ အမွှေးတိုင်အနံ့များ အားလုံးအကြောင်းကို ဦးသိဒ္ဓိအား မေးလိုပါသော်လည်း သိချင်စိတ်ကို မြိုသိပ်ထားလိုက်လေသည်။

တခါတရံ လောကကြီးထဲရှိ အချို့သော အကြောင်းအရာများမှာ မသိဘဲ ဤအတိုင်းထားသည်က ပို၍ သင့်တော်‌သည် မဟုတ်ပါလား။

………………………………….

(ပြီးပါပြီ)

ကိုချမ်း။

#lotaya_shortstory




Some text some message..