
ခြံထဲကားဝင်လာသည့်အသံကြားလိုက်ရလို ဒန်းပေါ်ထိုင်နေရာမှ ထွဋ်ခေါင်သျှင် လှမ်းကြည့်မိတော့ တံခွန်သွေးကို မြင်လိုက်ရသဖြင့် သူ့ဘေးတွင်ထိုင်နေသည့် နွယ်လေးကို ငဲ့ကြည့်လိုက်ကာ....
" တံခွန်သွေး ရောက်လာပြီ......ကိုကို အိမ်ထဲမှာရှိမယ်။ တစ်ခုခုဆို လှမ်းခေါ်လိုက်။ "
မုန်းခေါင်းလေး ငြိမ့်ပြလိုက်သည်နှင့် မုန်းအနားထိုင်နေရာမှ ထသွားသည့်ခြေသံကို ကြားလိုက်ရသည်။ တံခွန်သွေး ကားပေါ်မှဆင်းရင်း ဒန်းပေါ်ထိုင်နေသည့် မုန်းအား လှမ်းကြည့်လိုက်မိသည်။ နှင်းဆီပန်းစည်းကြီးနှင့် အရုပ်ကြီးကိုပွေ့ပိုက်ကာ အနားလျှောက်လာကာ တည်တင်းနေသည့် မျက်နှာလေးက အေးဆေးနေတာမို့ သူသာ ရင်တထိတ်ထိတ်။
" မုန်း......."
" ပြောစရာရှိတယ်ဆို.....မြန်မြန်ပြောပါ။ "
ခါတိုင်းလိုမဟုတ်ပဲ မျက်နှာလေးက တင်းချီနေတာမို့ သူ့လက်ထဲက မုန်းဆီကမ်းပေးကာ အရုပ်ကြီးအား လက်ထဲထိုးပေးမိ၏။
" မုန်းအတွက်......မောင် တောင်းပန်ပါတယ် ။ "
နှင်းဆီပန်းရနံ့နဲ့အတူ လက်ထဲအိစက်နေသည့် အထိအတွေ့ကြောင့် အရုပ်တစ်ရုပ်မှန်းလဲ သိနေသလို ပန်းစည်းပါမှန်းလဲ သိသည်။ လက်ကိုရုန်းကာ အရုပ်ကြီးအား လွှတ်ချပစ်လိုက်တော့ တံခွန်သွေး မြက်ခင်းပေါ်ကျသွားသည့် အရုပ်ကြီးကို ငေးကြည့်မိသွားရသည်။ ပန်းစည်းကိုလဲ မယူတာမို့ မျက်နှာပျက်သွားရရင်း.....
" မောင်တောင်းပန်ပါတယ် မုန်းရယ်.....မောင် တကယ်။ "
" ဟင့်အင်း......မတောင်းပန်ပါနဲ့ ။ မင်းက အမြဲမှန်တဲ့လူမဟုတ်လား.....မှားနေတာက ငါမို့ မင်းတောင်းပန်စရာမလိုဘူး။ "
တံခွန်သွေး မချိတင်ကဲဖြစ်သွားရရင်း မုန်းမျက်နှာလေးကို ငေးသွားရ၏။ ခေါင်းကိုခါယမ်းလိုက်ရင်းမှ.....
" မောင် မှားပါတယ်.....မုန်း ဘာမှမမှားဘူး။ မောင် မုန်းကို ခံစားရအောင်ပဲ လုပ်မိနေတာ။ မောင် တကယ်မကောင်းတဲ့ကောင်ပါ။ "
မုန်း ခပ်မဲ့မဲ့လေးပြုံးမိသလို ထိုင်နေရာမှ ထရပ်လိုက်မိသည်။
" မဟုတ်ဘူး......ငါမှားတာ။ အစထဲက ငါမှားခဲ့တာ။ ချစ်တဲ့စိတ်တစ်ခုထဲနဲ့ မင်းဆီဘဝပါပုံပေးမိတာလဲ ငါ့အမှားပဲ။ မိန်းကလေးဖြစ်ပြီး အညှာလွယ်မိတော့ မင်းလက်ခုပ်ထဲကရေဖြစ်ခဲ့ရတာ။ မင်းကို ပြောင်းလဲနိုင်မယ်ထင်မိတာလဲ ငါမှားခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မင်းနဲ့လက်ထပ်ခဲ့မိတာ ငါ့အမှား။ မင်းကို ခဏခဏခွင့်လွှတ်ပေးနေမိတာလဲ ငါ့အမှား....မင်းပြောသမျှ ယုံလွယ်နေခဲ့တာ ငါ့အမှား။ "
သူနဲ့လက်ထပ်ခဲ့သမျှ နောင်တရနေဟန်ပုံပေါ်သည့် မုန်းကိုကြည့်ပြီး တံခွန်သွေး ဝမ်းပန်းတနည်းဖြစ်သွားရသည်။ မျက်နှာကြီး ပျက်ယွင်းနေရင်းမှ မုန်းလက်လေးကိုလှမ်းကိုင်လိုက်တော့ အတင်းပြန်ရုန်းသည်မို့ သူမရမကဆွဲကိုင်ကာ သူ့ရင်ဘတ်ပေါ် ဆွဲအပ်ထားလိုက်သည်။
" တော်ပါတော့ မုန်းရယ်.....အဲ့လိုတွေမပြောပါနဲ့ ။ မောင်...မောင် ရှင်းပြပါရစေ ။ မုန်း ဖုန်းဆက်တာ မောင်မသိဘူး.....ကြာရိုးဖြူ အူအတက်ပေါက်လို့ ဆေးရုံတင်ပေးပေမယ့် မောင့်ဘက်က ရိုးသားတယ်။ မုန်း ဖုန်းဆက်တဲ့အချိန် မောင်မရှိဘူး.... မောင့်ကို မပြောပဲ...."
မုန်း ခေါင်းလေးခါယမ်းလိုက်မိရင်းမှ......
" ရှင်းပြဖို့မလိုဘူး တံခွန်သွေး.....။ ကြာရိုးဖြူမင်းအပေါ် မရိုးသားရင် မင်းကိုယ်တိုင်က အနေအထိုင်မဆင်ခြင်ခဲ့တာလဲအမှန်ပဲ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာမို့ သူ့ကိုပဲ မင်းအပြစ်ပုံမချချင်နဲ့။ ပြီးတော့ ကြာရိုးဖြူထက် မင်းကိုယ်တိုင်က ငါ့ကို နာကြင်စေတာမို့ ကွာရှင်းချင်တာ။ ရှင်းပြဖို့မလိုဘူး တံခွန်သွေး .....မင်းကိစ္စတွေ ငါစိတ်မဝင်စားတော့ဘူး။ "
သူစိမ်းဆန်သည့် အသုံးအနှုန်း အခေါ်အဝေါ်တွေကြောင့် သူ့ရင်ထဲ ဖျတ်ဖျတ်လူးသွားရသလို ကွာရှင်းမည်ဆိုတာမို့ ဘယ်လိုမှ လက်မခံနိုင်စွာ ခေါင်းတယမ်းယမ်း။
" မပြောပါနဲ့မုန်းရယ်....မောင့်ကို အဲ့လိုတွေမခေါ်ပါနဲ့။ မကွာရှင်းနိုင်ဘူး......မောင် လုံးဝ ကွာရှင်းပေးမှာ မဟုတ်ဘူး။ မောင် မုန်းမရှိပဲ မနေနိုင်ဘူး....."
မုန်း သူ့လက်ထဲမှလက်ကို ပြန်ဆောင့်ဆွဲယူကာ အံလေးတင်းခနဲ ကြိတ်မိ၏။
" အဲ့ဒါ မင်းကိစ္စ.....ငါကတော့ ကွာရှင်းချင်တယ်။ နစ်နာကြေး ဘာညာယူဖို့ စိတ်ကူးမရှိတာမို့ မင်းပူစရာလဲမလိုဘူး။ "
" မုန်း..... မောင်ပိုင်သမျှက မုန်းအတွက်ချည်းပါပဲ။ ဒါပေမယ့် ကွာပေးမယ်တော့မထင်နဲ့ ခု ပြန်လိုက်ခဲ့......လာ။ "
ချော့ခေါ်၍ မရသည်မို့ မုန်းကိုယ်လေးကို အတင်းပွေ့ချီရန်ကြိုးစားကာ မရမက ဆွဲချီတော့ မုန်းမရမကရုန်းရင်း လက်ထဲအသင့်ဆောင်ထားသည့် မောင်းချဓားလေးကို ဆွဲထုတ်ကာ လည်ပင်းတွင် ထိုးစိုက်ရန်ပြင်လိုက်၏။
" ဟာ....မုန်း ဘာလုပ်တာလဲ "
" နွယ်လေး...."
" လာမထိနဲ့နော်......ချက်ချင်းထိုးစိုက်ပြီး သေပစ်မှာ။ မင်း ပြန်တော့....."
တံခွန်သွေး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသလို ထွဋ်ခေါင်သျှင် လဲ ပျာပျာသလဲ ဖြင့် ရှေ့တိုးရန်ကြံလိုက်ပေမယ့် အသံကြားလိုက်သည်နှင့် မုန်းက ဓားကိုပိုစိုက်ချတာမို့ သွေးစလေးတွေ စီးကျလာရသလို တံခွန်သွေး ရူးမတတ်ဖြစ်သွားရ၏။
" မလုပ်နဲ့.....မလုပ်ပါနဲ့ မုန်းရယ် မောင်တောင်းပန်ပါတယ်...... မောင် တောင်းပန်တယ်..... အဲ့ဓားကိုချထားလိုက်နော်။ "
" ပြန်.....မင်းပြန်တော့.....ထွက်သွား....."
တံခွန်သွေး ပါးပြင်ပေါ် မျက်ရည်စတွေ စီးကျလာရရင်းမှ ရင်နာလွန်းသဖြင့် မထွေးနိုင် မအန်နိုင်ဖြစ်ရသည်။ ပြတ်ပြတ်သားသား မောင်းထုတ်ကာ ခါးသီးနေသည့် ပုံစံက သူ့နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးခွဲနေသလိုပင်။
" မောင် သွားပါ့မယ်.....မုန်း ဓားကိုချလိုက်နော်။ မောင့်ကို မောင့်ကို အဲ့လောက်ခါးသီးတာလား မုန်းရယ်....မောင် ရူးသွားတာမြင်ချင်လို့လား။ "
မချိတင်ကဲဖြင့် ကြေကြေကွဲကွဲအသံကြီး ကြားပေမယ့် မုန်းနှုတ်ခမ်းလေးကိုဖိကိုက်မိသည်။ မျက်နှာလေးမဲ့ချမိရင်းမှ ကျလာသည့် မျက်ရည်စတွေကြားမှ နာနာကြည်းကြည်း ထပ်နှင်ထုတ်သည်။ မုန်း ပင်ပန်းလွန်းလှပါပြီ။ သူ့ကိုချစ်ရတာ ပင်ပန်းလွန်းလှပြီ။
" မင်းက ခုမှ ရူးချင်တာပါ.....ငါက မင်းကြောင့် ရူးခဲ့ရတာကြာပြီ။ ထပ်မရူးနိုင်တော့ဘူး....သွား....ထွက်သွား ငါ့ဆီမလာခဲ့နဲ့။ ဘယ်တော့မှ မလာနဲ့။ "
တံခွန်သွေး မျက်ရည်တွေစီးကျနေရင်းမှ ကိုယ့်မျက်နှာကိုယ် ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း နောက်ကိုဆုတ်ကာ နေရာမှ ချာခနဲ လှည့်ထွက်လာခဲ့သည်။ ရင်ထဲ တနင့်တပိုး နာကြင်မှုတို့က မရှူနိုင်မကယ်နိုင်ဖြစ်ရကာ ကားပေါ်တက်ကာ ဒရောသောပါး မောင်းထွက်လာပေမယ့် သူ့အမြင်တွေပင် မသဲကွဲနိုင်သည်အထိ ယူကြုံးမရငိုကြွေးမိသည်။
စွန့်ပစ်လိုက်ပြီ......သူ့ကို မုန်းကလဲ ထပ်ပြီးစွန့်ပစ်လိုက်ပြန်ပြီ။ ဘာလို့လဲ.....ဘာလို့သူကပဲ အမြဲထားခဲ့ခံနေရတာလဲ။ သူ့ကိုပဲ ဘာလို့တစ်ယောက်ပြီးတစ်ယောက်စွန့်ပစ်ရက်ကြတာလဲ။ သူ့မှာ ဘာအပြစ်တွေရှိလို့လဲ။ ဒီလောက်ကြိုးစားခဲ့တာတောင်.....အမြဲ စွန့်ပစ်မခံရအောင် ကြိုးစားနေထိုင်ခဲ့သလို ဘယ်သူမှမလုနိုင်အောင် သတိထားခဲ့တာတောင် နောက်ဆုံး သူပဲအစွန့်ပစ်ခံရပြန်ပြီ။
မုန်းမှာလဲ နေရာတွင် ခွေခွေလေး ထိုင်ကျကျန်ခဲ့ရင်း အခုမှ နာနာကြင်ကြင်ငိုကြွေးမိ၏။ ဟင့်အင်း......မုန်း သူ့ကို ကြောက်နေပြီ။
@@@@@@@@@@@
မြတ်သူ အိမ်ပေါ်ထပ်ပြေးတက်လာရင်းမှ ကျကွဲသံတွေကြောင့် ဒရောသောပါး အခန်းထဲဝင်ရန်ပြင်ပေမယ့် အခန်းတံခါးပိတ်ထားသည်မို့ တဒုန်းဒုန်း ထုမိသည်။
" ဒုန်းးးးဒုန်းးးးး"
" ခွန်သွေး.....သူငယ်ချင်း.... တံခါးဖွင့်စမ်း......"
! ဝုန်းးးးခွမ်း.....ဂလွမ်းး!
ကျကွဲသံတွေ ရိုက်ချိုးဖျက်ဆီးသံတွေက မရပ်တာမို့ မြတ်သူ အခန်းတံခါးကို ကိုယ်ဖြင့်တွန်းတိုက်ကာ အတင်းတွန်းဖွင့်ရန်ကြိုးစား၏။ မရပ်မနားတိုက်ဖွင့်ကာ အတော်ကြာမှ တံခါးပွင့်ထွက်သွားသည်မို့ အခန်းထဲဝင်ချလာတော့ ခုတင်ထက် ထိုင်ချရင်း ခေါင်းငိုက်စိုက်ကျနေသည့် ခွန်သွေး။ မလှုပ်မယှက်ငြိမ်ကျနေသလို တစ်ခန်းလုံး ရိုက်ချိုးဖျက်ဆီးထားသည့် ထိုင်ခုံအကျိုးအပဲတွေ ပန်းအိုးအကွဲစတွေ မီးအိမ်တွေက ရှုပ်ပွနေ၏။
" ခွန်သွေး......."
" ငါ့ကို မုန်းက ထွက်သွားတဲ့......ငါ့ကို သူလဲ စွန့်ပစ်လိုက်ပြီ။ "
" မဟုတ်တာကွာ.....လင်နဲ့မယားပဲ။ အချိန်တန်စိတ်ပြေသွားမှာပါ။"
နှစ်သိမ့်သလို ပြောလာသည့် မြတ်သူစကားကြောင့် သူ ဟက်ခနဲ ရယ်မိကာ ခေါင်းကိုခပ်ဖြည်းဖြည်းယမ်းခါမိ၏။
" ငါအတင်းပြန်ခေါ်လာမလို့လုပ်လိုက်တာ မုန်းက သူ့လည်ပင်းသူဓားထောက်ပြီး သတ်သေမယ်တောင်လုပ်တယ်။ အဲ့လောက်ထိ ငါ့ကိုခါးသီးနေတာ......ငါ့ကို ဘယ်တော့မှ ပြန်မပေါင်းဘူး....ကွာရှင်းမှာတဲ့။ "
ခေါင်းငိုက်စိုက်ကျရင်းမှ လေသံတိုးတိုးဖြင့် မပွင့်တပွင့် ပြောနေသည့်ပုံစံက မျှော်လင့်ချက်ရိုက်ချိုးခံထားရသည့် လူတစ်ယောက်ပမာပင်။ မြတ်သူ သက်ပြင်းချလိုက်မိရင်းမှ ဂမုန်းနွယ်ကို အပြစ်တင်လို့မရမှန်းလဲ နားလည်သည်။
" ခွန်သွေး......"
သူ့ကို ဂရုဏာသက်သလို ငေးစိုက်ကြည့်ရင်း အနားလျှောက်လာကာ ပခုံးပေါ်လက်တင်လာငည့် မြတ်သူအား မော့ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးမိ၏။ နီရဲနေသော မျက်ဝန်းအစုံက မျက်ရည်တွေ ပြည့်လျှံနေသလို အံကိုတင်းတင်းကြိတ်ထားသည်မို့ မေးကြောကြီးတွေပင် ထောင်ထနေရသည်။
" ငါ့ကို သူခွင့်မလွှတ်တော့ဘူး......မုန်း ငါ့ကို တကယ် ထားသွားပြီ မြတ်သူ။ ငါ....ငါ မကွာပေးနိုင်ဘူး....."
" မင်းသဘောပဲ....မကွာပေးနဲ့။ မင်း လိုက်တောင်းပန်ပေါ့.....အားမလျှော့ပါနဲ့။ "
" ငါ တစ်ယောက်ထဲနေချင်တယ်ကွာ......ငါ တစ်ယောက်ထဲနေပါရစေ။ "
မြတ်သူ အခန်းဝမှာ ရပ်နေသည့် ကြီးမေတို့ကို မျက်ရိပ်ပြကာ အခန်းအပြင်ထွက်လာပေးလိုက်သည်။ ခွန်သွေး နဲ့ သူက ငယ်သူငယ်ချင်းမို့ ခွန်သွေး၏ စိတ်ဒဏ်ရာတွေကို သူအသိဆုံး။ တကယ်ဆို ခွန်သွေးဟာ အပြင်ပန်းမာကြောပေမယ့် တစ်ဖက်ခြမ်းရှိ ဖုံးကွယ်ထားသော မဖော်ပြတတ်သည့် စိတ်ဟာ နုနယ်သည်။
ငယ်ဘဝကို ပြန်မြင်မိတော့ ကျောင်းလာတိုင်း အများနဲ့မရောပဲ မှိုင်နေတတ်သည့် ခွန်သွေးပုံစံက တသမတ်ထဲရှိခဲ့သည်။ Broken Family ဖြစ််သွားသည့်အခါ ခွန်သွေး၏ စိတ်ဒဏ်ရာက ပိုကြီးမားခဲ့ခြင်းပင်။ သူ့ကိုယ်သူသိမ်ငယ်သည် ၊ အပြင်ပန်းမာထန်နေအောင် ကြိုးစားသလို အစွဲအလန်းကြီး၏။ သံသယဝင်တတ်သလို ခဏခဏစိတ်ကောက်လွယ်လာသည်။
ခွန်သွေး၏ စိတ်ထဲ သူ့အမေလိုပင် ဂမုန်းနွယ်လဲ သူ့ကိုထားခဲ့မည်ဟု ကြိုတွေးထားပုံရ၏။ အမေဖြစ်သူက ဆင်းရဲသည့်ဒဏ်မခံနိုင်၍ သူတို့မိသားစုကို စွန့်ပစ်ကာထွက်သွားသလို အဖေလဲ ရှေ့ဆင့်နောက်ဆင့် အရက်သမားကြီးဖြစ်ကာ ဆုံးပါးသွားသည်မို့ သူ့ညီမကို အမေဖြစ်သူက လာခေါ်သည်နှင့် ပိုက်ဆံရှိအောင်ကြိုးစား၏။ ချမ်းသာမှ ငွေရှိမှ အစွန့်ပစ်မခံရနိုင်ဟု အတွေးဝင်သည်။ သူ့အနားကလူတွေ သူ့ကို မစွန့်ပစ်နိုင်အောင် အရမ်းကြိုးစားနေထိုင်သည်။
" အကိုလေး ကြည့်ရတာ သနားပါတယ်....."
မိဝါစကားကြောင့် မြတ်သူ သက်ပြင်းချလိုက်မိရင်းမှ အပေါ်ထပ်ကိုလှမ်းကြည့်မိသည်။
" ခွန်သွေးကို မျက်ခြည်မပြတ် စောင့်ကြည့်ထားပါ။ သူ့ကို တစ်ယောက်ထဲ မလွှတ်ထားနဲ့......အရမ်းစိတ်ထိခိုက်နေပုံရတယ်။ ကျွန်တော် ဂမုန်းနွယ်ဆီ ခဏသွားဦးမယ်။ "
မြတ်သူ ထိုနေ့က ဂမုန်းနွယ်ဆီ သွားပေမယ့် တွေ့ခွင့်မရခဲ့ပါ။ တမင်ထွက်မတွေ့မှန်း သိပေမယ့် ခွန်သွေး တကယ်စိတ်ထိခိုက်နေရကြောင်း သေချာပြောခိုင်းခဲ့ပါသည်။ ဂမုန်းနွယ်ဟာ ခွန်သွေးကို နဂိုထဲက အရမ်းချစ်သူမို့ ပစ်မထားနိုင်ဟု သူထင်သည်။
@@@@@@@@@@
တံခွန်သွေး ဝရန်တာတွင် ရပ်ကာ ခြံထဲကို အကြောင်းမဲ့ငေးစိုက်ကြည့်နေမိသည်။ မုန်း မရှိသည့်အခါ တစ်အိမ်လုံးက အသက်မဝင်သလို ခံစားရသလို ညဖက်အိပ်တော့လဲ ခါတိုင်းလို့ သူ့အားကျောပေးအိပ်နေတတ်သည့် ပုံစံလေးကိုမြင်ယောင်ပြီး လွမ်းရသည်။
" ခွန်သွေး .....တရားရုံးသွားရမယ်လေ။ နောက်ကျနေမယ်။ "
အခန်းထဲဝင်လာကာ သတိပေးသည့် မြတ်သူအသံကြောင့် သူ ခေါင်းငြိမ့်လိုက်ရင်း အခန်းထဲပြန်ဝင်လာခဲ့၏။ မုန်းက ကွာရှင်းခွင့်ကို တရားရုံးမှာ ဦးတိုက်လျှောက်သဖြင့် ရုံးချိန်းဆင့်ခေါ်စာအရ ဒီနေ့ချိန်းထားသည် မဟုတ်လား။ အဝတ်အစားလဲရန် ဗီရိုကိုဆွဲဖွင့်လိုက်ရင်း လှစ်ဟနေသည့် နေရာလွတ်လေးကိုမြင်တော့ ရင်ထဲကျဥ်တက်သွားရသည်။ အရင်ကဆို သူ့ရှပ်အင်္ကျီတွေချိတ်ထားသည့်နေရာဘေးမှာ မုန်း၏ ပုဝါလေးတွေ လက်ကိုင်အိတ်လေးတွေရှိနေကျမဟုတ်လား။
အနက်ရောင်ရှပ်အင်္ကျီတစ်ထည် ဆွဲယူဝတ်ကာ ဂျင်းဘောင်းဘီဖြင့်ပင် ဖြစ်သလို ထွက်လာခဲ့ရင်း လူကဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ။ မအိပ်ဖြစ်တာမို့ မျက်တွင်းတွေကျနေသလို လူကလဲ ညှင်းသိုးသိုးဖြစ်နေ၏။ သို့ပေမယ့် မုန်း နဲ့ တွေ့ခွင့်ရမည်မို့ သူ တက်ကြွနေမိတာအမှန်ပင်။ မျက်နှာလေးပင် မမြင်ရတာ ဘယ်နှစ်ရက်ရှိပြီလဲတောင် မသိ။ လွမ်းလှပါပြီ.....မောင် မင်းကိုလွမ်းလှပါပြီ မုန်းရယ်။
မုန်း တရားရုံးမှာ ကြိုရောက်နေသလို အန်တီလေးမလိုက်ပေမယ့် ကိုကိုက မုန်းနဲ့အတူ လိုက်ပေးသည်။ ထွဋ်ခေါင်သျှင် ရောက်လာသည့် တံခွန်သွေး နှင့် မြတ်သူကို လှမ်းကြည့်မိသလို တံခွန်သွေး၏ အကြည့်တွေက မုန်းဆီသာ ငေးငေးလေး ရှိနေသည်။
မမြင်ရတာ ကြာပြီဖြစ်သည့် မျက်နှာလေးက ထုံးစံအတိုင်း အေးချမ်းနေသလို ငြိမ်ငြိမ်လေးထိုင်နေ၏။ ခြေလှမ်းတို့က မုန်းဆီသာ ဦးတည်လိုက်ရင်း ထိုင်နေသည့်ရှေ့ ခြေစုံရပ်မိတော့ မုန်းခေါင်းလေးက စောင်းသွားရင်း ရိပ်မိသွားပုံရ၏။
" ကို.....ကိုကို....."
" အင်း......ကိုကိုရှိတယ်။ ဘာမှမဖြစ်ဘူး....။ "
တံခွန်သွေးရင်ထဲ ပြင်းပြင်းထန်ထန် ထိခိုက်သွားရသလို ရင်ထဲ တနင့်တပိုးခံစားလိုက်ရ၏။ ထွဋ်ခေါင်သျှင် ဆိုတဲ့လူကို မုန်းက အားကိုးတကြီးခေါ်လိုက်သံက သူ့အသဲကို အစိမ်းလိုက်ခွဲချပစ်သလို မခံစားနိုင်စွာ မျက်နှာလွှဲမိသွားရင်း ဝဲတက်လာသည့် မျက်ရည်စတွေကို မာန်တင်းကာ ထိန်းထားလိုက်၏။
" မုန်း....မောင် "
" နွယ်လေးကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့တော့ တံခွန်သွေး။ နွယ်လေး နေကောင်းတာမဟုတ်ဘူး.....လာခါနီးမို့ ဆေးချိတ်ပြီးလာရတာ။ "
ထွဋ်ခေါင်သျှင်၏ စကားကြောင့် သူ ဒေါသထွက်မိပေမယ့် မုန်း နေမကောင်းဘူးဆိုတာမို့ သူ မုန်းပုံစံလေးကို ငေးကြည့်မိ၏။ အနည်းငယ်ပိန်သွားသလို ဖြူဖတ်ဖြူရော်လေးဖြစ်နေတာမို့ စိုးရိမ်သွားရကာ မြတ်သူက သူ့အားဆွဲခေါ်လာသည်မို့ ပြန်ပါလာရသည့်အဖြစ်။
ထိုနေ့က တရားရုံးမှာ နှစ်ဖက်စလုံး ဘယ်သူကမှ အလျှော့မပေးကြ။ မုန်းကလဲ ကွာရှင်းချင်သလို သူကလဲ ကွာမပေး။ တံခွန်သွေးဘက်ကလဲ သူ့ဘက်မှ လစ်ဟင်းမှု မရှိတာ ထောက်ပြသလို မုန်းဘက်မှလဲ မရမက အတင်းကွာရှင်းချင်သည်။ ခက်သည်က တံခွန်သွေးဟာ ငွေကြေးထောက်ပံ့မှုလဲ လစ်ဟင်းမှု မရှိသလို မရိုက်မနှက်ဖူးတာမို့ တရားသူကြီးက မုန်းတို့ကို သုံးလစောင့်စေသည်။ ထိုနေ့က သူ နိုင်ခဲ့ပါသည်.....သို့ပေမယ့်...။
မြတ်သူ ကားကိုထိုးရပ်ကာ အိမ်ထဲ ပြေးဝင်လာသည်နှင့် အလုပ်သွားရန် အိမ်အပေါ်ထပ်မှ ဆင်းလာသည့် တံခွန်သွေးဖြင့် တန်းတိုးသလို မြတ်သူ၏ အလောတကြီးပုံစံကြောင့် မျက်မှောင်ကျူံ့မိသွားရ၏။
" ဘာဖြစ်လာတာလဲ..... "
" ဂမုန်းနွယ်......ဂမုန်းနွယ်တို့ မရှိတော့ဘူး။ "
" ဘာ! ဘာမရှိတော့တာလဲ....."
" မသိဘူး......နိုင်ငံခြားထွက်သွားကြတယ်ပြောတယ်။ "
သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသလို မျက်စိထဲပါ ပြာထွက်သွားရ၏။ အိမ်ထဲမှ ဝရုန်းသုန်းကား ပြေးထွက်ကာ ကားပေါ်တက်လိုက်ရင်း ဝေါခနဲမောင်းထွက်လာသည်က လေဆိပ်သို့။
မရဘူး........မရဘူး မုန်း။
မင်း မောင့်ကို ဒီလိုထားခဲ့လို့ မရဘူး။ မောင့်ကို မင်းကပါ မစွန့်ပစ်ပါနဲ့ မုန်းရယ်။ မင်း အဲ့လောက် မရက်စက်ပါနဲ့။
သူ့ဆုတောင်း မပြည့်ခဲ့ပါ။
မနေ့ကအထိ အမှူအခြေအနေကောင်းသည်မို့ သူ စိတ်ထဲ ပျော်နေသမျှ ဒီနေ့အကုန်ရေစုန်မျောကုန်၏။ မြတ်သူက အမှုမပြီးသေးပဲ နိုင်ငံခြား ထွက်ခွင့်ပြုသည်အား ပြောပေမယ့် မုန်းက မျက်စိကုမည်ဆိုပြီး ထွက်သွားခြင်းမို့တဲ့လေ။ ပြီးတော့ ထွဋ်ခေါင်သျှင်က သူ့နောက်ခံနှင့် အခွင့်ရေးယူသွားခြင်းပင်။
မျက်စိသွားကုပေမယ့် ပြန်မလာလျှင်ရော.....။
သူ မုန်းကို တစ်သက်လုံး ဆုံးရှုံးလိုက်ရမည်လား။ ဘာကြောင့်လဲ.... သူ ဒီလောက်ကြိုးစားခဲ့တာတောင် ကာကွယ်ခဲ့တာတောင် အဖက်မတင်ရသည်လဲ။ ထိုနေ့က တနေကုန်လေဆိပ်မှာ ငေါင်ငေါင်ကြီး ထိုင်နေရင်း စိတ်နဲ့ကိုယ်ပင် မကပ်နိုင်သည်အထိ သူ ရင်ကွဲခဲ့ရသည်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 10
Author - အနမ်းခြွေ
#lotaya_shortstory