
“ဖြောင်း ... ဖြောင်း .. “
“ဗြန်း .. ဗြန်း .. ဖုတ် .. “
“ရှုး .. ရှုး .. ရှုး .. ပုကျု .. ပုကျု .. “
တိုက်ပွဲကား အလွန်တရာပြင်းထန်သည်။ ကိုယ့်ဘက်မှာလည်း အမာခံခွက်စောင်းခုတ်သမားတွေ၊ အဝေးပစ်စတီးရေပြွတ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တက်ညီလက်ညီ သည်းကြီးမဲကြီးကို ဆော်နေကြသလို တစ်ဖက်ကလည်း လုံးဝအရှုံးမပေး။ လမ်းမထက်မှာ ရေတွေက ဖွေးကနဲ။ တိုက်ပွဲက မထင်မှတ်ဘဲ လမ်းမှာဆုံကြတဲ့ တိုက်ပွဲဖြစ်ပြီး ကျနော်ကတော့ .. အမာခံခွက်စောင်းသမားဖြစ်သည်။ ဒီပွဲမှာ ကျနော်လည်း တော်တော်အထိနာသည်။ နားအုံတွေတစ်ခုလုံးကျိန်းစက်နေပြီး ကျောပြင်တွေကလည်း နာကျင်နေသည်။ သို့သော် ကျနော်တို့မှာ ရေတွေများစွာ ကျန်သေးတာကြောင့် အားသာချက်ရှိသည်။ တစ်ဖက်အဖွဲ့မှာက ရေပူဖောင်းတွေပါတာကိုတော့ သတိထားရမည်။ တိုက်ပွဲကား အရှိန်အမြင့်ဆုံးကိုရောက်လာသည်။ တစ်ဖက်အဖွဲ့က ရေကုန်သွားပြီ။ ဒါပေမဲ့ သူတို့မှာ တရားမဝင်လက်နက်တစ်ခုပါလာတာကို ကျနော်တို့အဖွဲ့သတိမထားမိ။ ရေကုန်သွားတာနဲ့ သူတို့တစ်ဖွဲ့လုံးဟာ ကျနော်တို့အဖွဲ့ဆီပြေးဝင်လာပြီး လူချင်းလုံးကာ အိုးမည်းသုတ်တော့သည်။ ကျနော်တို့အဖွဲ့မှာက လူစုံသည် မိန်းကလေးတွေလည်း ပါတာကြောင့် ..
“ဟေ့ရောင်တွေ မင်းတို့မယုတ်မာနဲ့”
“ဘာဖြစ်လဲ .. ဟိုကောင်မလေး အသားဖြူတယ် .. အဲဒီကောင်မလေးကို သုတ်”
ကျနော်တို့ ပြေးရပြီ။ အိုးမည်းတော့ အသုတ်မခံနိုင်။ ကျနော်တို့ အဖွဲ့ထဲမှာ အသားအဖြူဆုံးကောင်မလေးကတော့ သူတို့လက်အောက်ရောက်သွားသည်။ မျက်နှာတစ်ခုလုံး အိုးမည်းတွေနဲ့။
“ဟီး ... ဟီး .. ငါ့အဖေနဲ့ သွားတိုင်ပြောမယ်”
“ဟာ .. အဲလိုတော့ သွားမတိုင်နဲ့လေ”
“အေးအေး .. ငါတို့ ပြန်ဖျက်ပေးမယ်”
ကျနော်တို့အဖွဲ့ရဲ့ ရေလက်ကျန်အနည်းငယ်နဲ့ အိုးမည်းတွေကို ကူဖျက်ပေးလိုက်ရပြီး တိုက်ပွဲလည်း ပြီးဆုံးသွားတော့သည်။
ကလေးဘဝမှာတော့ .. အိမ်မပိုင်တဲ့ကလေးတွေက ကိုယ့်အိမ်ရှေ့လေးမှာတင် ရေပုံးလေးချ၊ လမ်းသွားလမ်းလာတွေကို ရေလောင်းပြီး ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းကြရသည်။ ကျနော်တို့လို မနိုင်စိန်တွေကတော့ .. ကျောင်းလွယ်အိတ်ထဲကို ရေဗူးထည့်၊ နို့ဆီခွက်ကိုလက်မှာ သရေကြိုးနဲ့ပတ်ပြီး ရပ်ကွက်ပတ်ကာ သင်္ကြန်တိုက်ပွဲကို ဆင်နွှဲလေ့ရှိသည်။ ဒီနေရာမှာ ကျနော်တို့လို ခွက်စောင်းဘုရင်တွေအတွက် အရေးကြီးဆုံးက “ဖြောင်း ..ကနဲ ..” နေအောင် ပက်နိုင်မှ ဘုရင်လို့ အမည်တွင်သည်။ ခွက်စောင်းသမားတွေက အနာခံပြီး ရှေ့ကနေ သွားရသည်။ စတီးရေပြွတ်သမားတွေကတော့ အနောက်ကနေ ခွက်စောင်းသမားတွေရဲ့ မျက်နှာကို ထိမိအောင်ထိုးရသည်။ ဒါမှ ခွက်စောင်းသမားတွေ အာရုံများပြီး တိုက်ပွဲမှာ အသာစီးရမှာဖြစ်သည်။ ဒါတွေက .. ကျနော်တို့ ကလေးဘဝသင်္ကြန်ဖြတ်သန်းမှုရဲ့ အနှစ်သာရပင်။
လူပျိုပေါက်အရွယ် .. ၁၄၊ ၁၅နှစ်လောက်ရောက်လာတော့ .. ကျနော်တို့တွေ ခွက်စောင်းမခုတ်ကြတော့ပေ။ ကားလမ်းမတန်းတွေပေါ်ထွက်ပြီး အုန်းလက်မဏ္ဍပ်ဆောက်တဲ့ အချိန်ဖြစ်သွားသည်။ ကိုယ့်အဖွဲ့ထဲမှာ ပိုက်ဆံတတ်နိုင်တဲ့သူပါရင် .. ဆောင်းဘောက်ကလေးတွေနဲ့ က လို့ရသည်။ ကျနော်တို့က အဲဒီလောက်ထိ မချမ်းသာ။ အဲဒီတော့ .. ကိုယ်ဆောက်မယ့် အုန်းလက်မဏ္ဍပ်နေရာကို ရွေးရသည်။ များသောအားဖြင့် ဆောင်းဘောက်ကြီးကြီးရှိတဲ့ မဏ္ဍပ်တွေနားမှာ ကပ်ဆောက်ဖို့ကြိုးစားရ၏။ ဒါမှ သူတို့ဖွင့်တဲ့သီချင်းသံတွေနဲ့ ကျနော်တို့ လိုက် က လို့ရပြီ။ လူပျိုပေါက်အရွယ်ဆိုတော့ .. အရက်လေးကလည်း နည်းနည်းသောက်တတ်သလို ဖွန်လေးကလည်း ကြောင်တတ်ကာစဆိုတော့ .. သင်္ကြန်ဖက်ရှင်က အလွန်အရေးကြီးသည်။ အရင်ဆုံးခေါင်းပိုင်းက စ ပြင်ရသည်။ အဲဒီခေတ်တုန်းကတော့ ဆေးမဆိုးတဲ့ လူငယ်ဆိုတာ မရှိသလောက်ရှားသည်။ ကျနော့်ဘော်ဒါတစ်ယောက်က သူ့အိမ်က သင်္ကြန်ပေးမဆော့ဘူးဆိုတာကြောင့် အကြိုနေ့ရောက်တဲ့အထိ ဆံပင်ဆေးမဆိုးရသေးဘူး။ နောက်တစ်နေ့ အကျနေ့ရောက်တော့ .. ကျနော့်အိမ်အောက်က ကြက်ခြံဘေးမှာ ဒီကောင်ခွေခွေလေးအိပ်နေတာကို သွားတွေ့သည်။
“ဟေ့ကောင် .. ဘာလုပ်နေတာလဲ”
“သင်္ကြန်ဆော့ချင်လို့”
“ဟာ .. အစောကြီးရှိသေးတာကို”
“ငါ .. ညကတည်းက မင်းအိမ်အောက်ရောက်နေတာ”
“ဘာလာလုပ်တာတုန်းက .. “
“ငါ .. အိမ်ပေါ်က ဆင်းလာတာ”
သင်္ကြန်ဆော့ချင်လွန်းသဖြင့် အိမ်ပေါ်က ဆင်းလာတဲ့ ကျနော့်ဘော်ဒါကို ကျနော်က သူငယ်ချင်းကောင်းပီသစွာဖြင့် .. သူ့တစ်ခေါင်းလုံးကို ဆေးအဝါရောင်ဆိုးပေးလိုက်သည်။
“ရော့ ... ဂျင်းဘောင်ဘီအရှည်တော့မရှိတော့ဘူး .. ငါ့ ကျောင်းစိမ်းဘောင်းဘီအရှည်နဲ့ ဆော့တော့”
“အင်္ကျီကရော.. “
“ငါ့ အစ်ကို မန်ယူအင်္ကျီရှိတယ် .. ဝတ်ကြည့်”
ဆိုဒ်မတူတော့ အင်္ကျီက ဒူးဖုံးကာနီးလောက်ဖြစ်နေသည်။ ကိစ္စမရှိ။ အဓိက ကဲ ရဖို့ပင်။
“မင်းမှာ ပိုက်ဆံဘယ်လောက်ပါလဲ”
“ဘယ်လိုလုပ်ပါမှာလဲကွာ”
“ပိုက်ဆံမပါရင်တော့ မင်းရေစည်တွန်းရလိမ့်မယ် .. ငါလည်း ငါ့အတွက်ပဲ ရှိတာ”
“အေးပါကွာ.. “
ကျနော်တို့ မဏ္ဍပ်မှာက စည်ပိုင်းသုံးခုရှိသည်။ ပိုက်ဆံရှိတဲ့သူတွေက ပိုက်ဆံစိုက်၊ ပိုက်ဆံမရှိတဲ့သူတွေကတော့ ဒီစည်ပိုင်းမှာ ရေအပြည့်ဖြည့်ဖို့ ရေစည်တွန်းပြီး လုပ်အားပေးရသည်။ ဒီလိုနဲ့ ရွယ်တူကောင်မလေးတွေကိုရေပက်လိုက်၊ က လိုက်နဲ့ .. အကျနေ့ ညနေခင်းထိ ရောက်လာသည်။ အရက်ကတော့ .. ကျနော်တို့ ရတဲ့မုန့်ဖိုးလေးတွေနဲ့ စု ဝယ်ကြရတာဖြစ်၏။ အရက်အကောင်းစားတွေမဝယ်နိုင်။ မူးရင်ပြီးရောဆိုပြီး ဘီအီးအရက်ဆီ တွေ ဝယ်သည်။ ပြီးတော့ ရေနဲ့ရောပြီး ကစ်ကြတာပဲ ဖြစ်၏။ ကျနော့်ဘော်ဒါလည်း တော်တော်လေး မူးနေပြီ။ အချိန်က ညနေစောင်းလာတော့ လူတွေကလည်း ပိုစည်းကားလာသည်။ ကျနော့် ဘော်ဒါရဲ့ ကကွက်တွေကလည်း ပိုပြီး ဆန်းကျယ်လာသည်။ မြေကြီးပေါ်မှာတင်လူးလှိမ့်နေပြီး လူက မတ်တပ်ကိုမရပ်တော့။ တွဲထူပေးလည်း မထတော့ဘူး။ ဒီအတိုင်း က ရတာကို ကြိုက်တယ်တောင် လုပ်လိုက်သေးသည်။ ကျနော်ကတော့ စိတ်ညစ်သည်။ ဒီကောင် ဒီလောက်မူးနေရင် အိမ်ကို ဘယ်လို ပြန်ခေါ်ရမလဲပင်မသိ။ အဲဒီအချိန်မှာ သူ့အဖေ ရောက်လာသည်။ လက်ထဲမှာလည်း ခါးပတ်ကိုင်လို့။
“မျိုးဦး .. “
ကျနော့် ဘော်ဒါ သူ့အဖေအသံကို ကြားတော့ လူးလှိမ့်နေရာကနေ ချက်ချင်းမတ်တပ်ထရပ်တာ .. အားလုံးအံ့အားသင့်သွားကြသည်။
“မင်းအခုချက်ချင်းလာခဲ့စမ်း”
လမ်းလျှောက်သွားတာများ ဘယ်ညာခြေလှမ်းကို မှန်လို့။
“ဟာ .. ဒီကောင်အမူးလွန်နေတာမဟုတ်လား”
“အေး . အခုတော့လည်း အရက်မသောက်ထားတဲ့အတိုင်းပဲ”
ဖအေကို အရမ်းကြောက်တော့ ကျနော့်ဘော်ဒါခမျာ အရက်မူးနေတာတွေ ပျောက်သွားပုံရသည်။ နောက်နေ့ကျတော့ .. အိမ်ကို ရောက်လာပြီး...
“ငါ့ကို ဆံပင်အမည်းပြန်ဆိုးပေးပါကွာ”
ခြေသလုံးမှာလည်း အရှိုးရာအထပ်ထပ်နဲ့သူ့ကို ကြည့်ပြီး ကျနော်သနားသွားသည်။
“မင်း . ရေမဆော့တော့ဘူးလား”
“မဆော့တော့ပါဘူးကွာ ..”
အဲဒါနဲ့ကျနော်လည်း ဆံပင်အမည်းပြန်ဆိုးပေးလိုက်ပြီး ..
“ဟေ့ကောင် .. အတက်နေ့ မင်းကြိုက်နေတဲ့ ကောင်မလေး ငါတို့ မဏ္ဍပ်မှာ လာဆော့မှာနော်”
“ဟေ .. “
သူ့မျက်နှာ အရောင်တွေ လက်သွားတာကို တွေ့လိုက်သည်။ သို့သော် .. အတက်နေ့မှာလည်း သူရောက်မလာခဲ့သလို နှစ်ဆန်းနှစ်ရက်နေ့ အောင်စာရင်းသွားကြည့်တော့လည်း သူ့ကိုမတွေ့ရတော့ပါ။ အဲဒါနဲ့ အိမ်ကို လိုက်သွားတော့မှ .. သူ့အမေက ..
“ဒီနှစ်က ကြာသာပတေးသားတွေ အတာစားလို့ သူ့ကို မဆော့စေချင်တာ။ အဲဒါကို ပြောမရဘူးလေ .. အခုတော့ ရွာက ဘုန်းကြီးကျောင်းမှာ ကိုရင် ဝတ်ပေးထားတယ် .. ကျောင်းဖွင့်တော့မှ ပြန်လာမှာ”
အချို့ မိဘတွေရဲ့ စိုးရိမ်မှုတွေဟာ လူငယ်တွေရဲ့ လွတ်လပ်ခွင့်တွေကို ဆုံးရှုံစေခဲ့တာပဲ။ အခုတော့ ကျနော့်ဘော်ဒါခမျာ သင်္ကြန်တစ်ရက်သာ ဆော့လိုက်ရပြီး ရက်ပေါင်းများစွာ သာသနာ့ဘောင်ထဲ ရောက်ရှိသွားတော့တာပါပဲ။
အဲဒီလိုနဲ့ .. အသက် ၂၀ပတ်ချာလည်ကို ရောက်လာတော့ .. ရည်းစားလေးဘာလေးနဲ့ သင်္ကြန်ကို ဖြတ်သန်းတတ်လာသည်။ ရည်းစားဆိုလို့ အရမ်းကြီးနှစ်နှစ်ကာကာချစ်တဲ့ ရည်းစားမျိုးမဟုတ်ဘူး။ သင်္ကြန်နားနီးမှ တွဲစရာကောင်မလေးတစ်ယောက်လောက်ရှိမှသင့်လျော်မယ်ဆိုပြီး အပူတပြင်းရှာထားရတဲ့ ရည်းစားလေးပင်။ ဆိုတော့ . ဟိုဘက်လမ်းက ကောင်မလေးဖြစ်ပြီး တစ်ယောက်အကြောင်းတစ်ယောက် အရမ်းကြီးသိတာမျိုးမဟုတ်။ စိတ်ကူးထဲမှာတော့ ကားလေးနဲ့လည်မယ် ရေတွေပက်လို့ ချမ်းလာရင် ကောင်မလေးကို ဖက်ထားမယ်ပေါ့။ ဒါပေမဲ့ ... တကယ်တမ်းမှာတော့ ...
“ကို ဗိုက်ဆာတယ်”
အချိန်က နေ့ခင်း ၁၁နာရီ ခွဲနေပြီ။ နေရာက .. ပြည်လမ်းမပေါ်မှာ .. ကားက တစ်မိနစ်နေမှ တစ်လက်မလောက်ပဲ ရွေ့နေတာ။ အပေါ်က နေကပူ၊ ဗိုက်ကဆာ .. ရေပက်တဲ့မဏ္ဍပ်ကို ရောက်ဖို့ ဒီနှုန်းအတိုင်းဆို ညနေလောက်မှ ရောက်ဖို့များသည်။ နေပူကြီးထဲ စားဖို့သွားဝယ်ပေးရပြန်သည်။
“ကို .. ရှူးပေါက်ချင်တယ်”
ဒါတော့ ခက်ပြီ။ မဏ္ဍပ်အောက်ရောက်နေတဲ့အချိန်ဆိုရင်လည်း ရေတွေနဲ့ရောပြီး လွှတ်လို့ရမည်။ အခုတော့ .. အနီးအနားမျက်လုံးဝေ့ကြည့်တော့လည်း ဘာဆိုင်မှမတွေ့။
“ချစ် .. အနီးအနားမှာ ဘာဆိုင်မှ မတွေ့ဘူး”
“မရတော့ဘူး.. မထိန်းနိုင်တော့ဘူး”
ဒုက္ခတော့များပြီ။ နောက်ဆုံးတော့ .. အကြံတစ်ခုရသွားသည်။ ကိုကာကိုလာဗူးကြီးကို ခေါင်းကနေ ဖြတ်လိုက်သည်။ ပြီးတော့ .. ကျနော့်ကောင်မလေးကို ကားခေါင်းခန်းထဲ ထည့်လိုက်သည်။ ကားဆရာကိုတော့ မနည်းတောင်းပန်လိုက်ရသည်။ ပြီးတော့ ကားမှန်ပတ်ပတ်လည်ကို ပါလာတဲ့ သဘက်တွေနဲ့ ကာလိုက်သည်။ ကားကိုလည်း လော့ချရသေးသည်။
ငါးမိနစ်ခန့်ကြာပြီးနောက် ... ကျနော့်ကောင်မလေးက ကားခေါင်းခန်းထဲက ခေါင်းဖြတ်ထားတဲ့ကိုကာကိုလာဗူးကြီးကို ကိုင်ပြီးဆင်းလာသည်။ ဗူးထဲမှာလည်း အမြုပ်တစီစီနဲ့အရည်တွေ ရုတ်တရက်ကြည့်လိုက်ရင် ဘီယာလို့တောင် ထင်မှတ်စရာ။ အဲဒီအချိန်မှာပဲ ... မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။ ကျနော်တို့ ကားဘေးနားကို မျက်နှာမှာအိုးမည်းတွေသုတ်ထားပြီး အမူးလွန်နေတဲ့ ယောကျ်ားလေးသုံးယောက်ရောက်လာသည်။ ပြီးတော့ .. ကျနော်တို့ကို ရန်စသလိုလိုနဲ့ကြည့်ပြီး ကျနော့်ကောင်မလေးကိုင်ထားတဲ့ ကိုကာကိုလာဗူးကြီးကို မြင်ပြီး ..
“ဟာ .. မိန်းကလေးနဲ့ ဘီယာနဲ့ ဘာဆိုင်လို့လဲ .”
“အေး .. ဟုတ်တယ် .. ပေးစမ်း .. ငါတို့ကို .. “
ကျနော့်ကောင်မလေးက ..
“ဟို .. ဟို .. အဲဒါ .. က .. “
ကျနော်က .. လျင်လျင်မြန်မြန်ဝင်ပြီး ...
“ပေးလိုက် ...ချစ် ..ပေးလိုက် .. “
အဆိုပါ အမူးသမားတွေက ကျနော့်ကောင်မလေးလက်ထဲက ကိုကာကိုလာဗူးကြီးကို လု ယူသွားပြီး ..
“ဟား ... ဟား .. ငါတို့ ဘီယာသောက်ရပြီကွ”
ကျနော့်မှာတော့ ဗိုက်ကိုနှိပ်ပြီး ရီမိတော့သည်။ သူတို့တွေ သောက်ဖြစ်လား မသောက်ဖြစ်လားတော့ ကျနော်တို့လည်း မမြင်ရပါ။ အဲဒီနေ့က .. ရေစိုဖို့ကို နေပူကြီးထဲမှာ ငါးနာရီလောက် နေလှန်းခံလိုက်ရသည်။ အဲဒီနောက်ပိုင်းကတည်းက သင်္ကြန်ဆိုရင် ဘယ်တော့မှ ကားနဲ့မလည်ဖို့ ဆုံးဖြတ်လိုက်၏။ အခုတော့ .. သင်္ကြန်ရောက်ပြီဆိုတာနဲ့ .. လေထိုးရေကူးကန်ဝယ်၊ ကလေးတွေဆော့ဖို့ကိုပဲ ဦးစားပေးလုပ်နေရပြီး ... မိန်းမမသိအောင် အရက်လေးခိုးသောက်ပြီး သင်္ကြန်ကို ဖြတ်သန်းရတော့မှာပဲ ဖြစ်သည်။ အရင်တုန်းက စိတ်လွတ်ကိုယ်လွတ် ကဲ ခဲ့ဖူးတဲ့ သင်္ကြန်ကို လွမ်းမိတာတော့အမှန်ပင်။ ။
ခြူသစ်မောင်
#lotaya_shortstory