"" လျှို့ဝှက်အပ်သော "" အပိုင်း ( ၅ )
lotaya.mpt.com.mm
|
2022-04-15

ဦးတင်အောင်မြင့်တို့မောင်းနှင်သွားသောကားက မြို့

တွင်းလမ်းမကြီးမှတစ်ဆင့် မြို့ပြင်ဘက်နားသို့ ရောက်

လာခဲ့ချေပြီ။

ဒေါ်ခင်ယုမော်မှာမူ ထိုကားနောက်သာ သဲကြီးမဲကြီးလိုက်

နေပြီး ဇေယျဘာပြောပြော စိတ်ဝင်စားဟန်မရပေ။ သူမ

၏မျက်နှာက သွေးမရှိသကဲ့သို့ဖြစ်နေပြီး အသားအရောင်

မှာ နဂိုရှိရင်းစွဲ ညိုလွင်လွင်အရောင်မှ ဝါထိန်ထိန် ဖြစ်ပေါ်နေသည်ဟု ဇေယျတွေးနေမိသည်။

" မေမေ ... နေမကောင်းဘူးလား "

သူဘာပြောပြော၊ ဘာမေးမေး ပြန်ဖြေမည်မဟုတ်မှန်း

သိသော်လည်း ဆက်မေးကြည့်လိုက်သည်။ သူတွက်

ထားသည့်အတိုင်း မိခင်ဖြစ်သူက တုံဏိဘာဝေ တုတ်

တုတ်မလှုပ်ခဲ့။

ထိုစဉ် ဦးတင်အောင်မြင့်တို့၏ကားမှာ မြို့အစွန်ရှိ ခြံ

ကြီးတစ်ခြံဆီသို့ မောင်းဝင်သွားသည်ကို တွေ့မြင်လိုက်

ရလေတော့သည်။

ဇေယျလည်း ထိုနေရာ၏ ထင်ရှားသောအရာများကိုမှတ်

သားပြီး အဒေါ်ဖြစ်သူထံ ဖုန်း message တစ်စောင်လှမ်း

ပို့ထားလိုက်သည်။

ဒေါ်ခင်ယုမော်က ခြံကြီးအနီးတွင် ကားရပ်ကာ နောက်

ခန်းဆီသို့ ဆင်းလျှောက်သွား၏။ ကားနောက်ခန်းထဲထည့်ယူလာသော အသွား ဆယ်လက်မရှိ ဓါးကြီးတစ်ချောင်း

ကို ထုတ်ယူကာ ခြံကြီးဆီသို့ သွားရန် ပြင်လိုက်သည်။

" သူတို့ကို... သတ်မလို့လား "

ဇေယျက အလန့်တကြားမေးလိုက်လေသည်။ ဒေါ်ခင်ယု

မော်က ဇေယျကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ကာ မျက်

နှာလွှဲသွား၏။ ထို့နောက် ခြံကြီးထဲသို့ဝင်သွားတော့သည်။

" ဒုက္ခပဲ ... "

" မေမေ ... မေမေ "

ဇေယျက လေသံခပ်နိမ့်နိမ့်ဖြင့် အော်ခေါ်ရင်း ပတ်ဝန်း

ကျင်ကို တစ်ချက်အကဲခတ်ကာ အနောက်မှ လိုက်သွား

ခဲ့လေသည်။

ထိုခြံကြီးထဲတွင် ဆေးသားအရောင်များ မှေးမှိန်လျက်ရှိ

သော နှစ်ထပ်တိုက်တစ်လုံးက ထီးထီးကြီး တည်ရှိနေ

သည်။

ပြူတင်းပေါက်မှန်အချို့က ကွဲအက်နေပြီး အချို့မှာ

မှန်ပင်မရှိတော့ချေ။ တံခါးကျည်းခွေများကလည်း

ဆေးသားများ ပွန်းပဲ့နေရှာ၏။

ဦးတင်အောင်မြင့်တို့၏ကားမှာ အိမ်ရှေ့၌ရပ်ထားပြီး

သူတို့နှစ်ယောက်ကိုမူ မတွေ့ရတော့ပေ။

ဒေါ်ခင်ယုမော်က ညာဘက်လက်ထဲ ဓားကိုကိုင်ဆောင်

ရင်း ဖြောင့်ဖြောင့်တန်းတန်းသွားနေလေသည်။ ဇေယျ

က မိခင်နောက်မှ ပုန်းလျှိုးကွယ်လျှိုး လိုက်နေရသည်။

ဇေယျက ကြောက်လန့်နေသလောက် ဒေါ်ခင်ယုမော်က

ရဲတင်းလှသည်။ အိမ်တံခါးကို ဆွဲဖွင့်ပြီး အိမ်ထဲဝင်

သွား၏။

ထိုအိမ်ထဲ လိုက်မဝင်၍မဖြစ်တော့သော အခြေအနေနှင့်

မည်သည်မျှနားမလည်နိုင်ဘဲဖြစ်နေသောအခြေအနေကြား တစ်ချက်တွေဝေနေမိစဉ်မှာပင် အိမ်ထဲမှ ' ဒုတ်ခနဲ '

မြည်သံကို ကြားမိလိုက်‌ေတာ့သည်။

မိခင်ကိုစိတ်ပူသွားသဖြင့် သူသည်လည်း ထိုအိမ်ထဲသို့

အမြန်ပြေးဝင်ကြည့်လိုက်သည်။ သူဝင်လိုက်သည်နှင့်

ဇက်ပိုးကို ရိုက်ချက်ပြင်းပြင်းတစ်ချက်ကျလာပြီး သတိ

မေ့မျော သွားတော့သည်။

ဇေယျသတိရလာသည့်အခါ သူ့တကိုယ်လုံးကိုကြိုးတုပ်

ထားမှန်း သိလိုက်ရ၏။ အင်္ဂတေပေါ်အထိုင်လိုက်၊ အုတ်

နံရံကိုအမှီလိုက်နှင့် သူ့အဖြစ်ကို နားမလည်နိုင်တော့ချေ။

သူ၏ဘေးတွင်မူ ဦးကျော်မျိုးသိန်းက ကုလားထိုင်တစ်

လုံးပေါ်ထိုင်နေပြီး သူ့အားကြည့်နေလေသည်။ မိခင်ကိုမူ

မတွေ့ရပေ။

အိမ်အောက်ထပ်၌ သူနှင့် ဦးကျော်မျိုးသိန်း နှစ်ယောက်

သာရှိလေသည်။

" ကျွန်တော့်အမေ ဘယ်မှာလဲ "

" ဖြည်းဖြည်းပေါ့ ... ဘာလို့လောနေတာလဲကွ "

" ခင်ဗျားတို့ ကျွန်တော့်အမေကို ဘာလုပ်လိုက်တာလဲ ...

မေမေတစ်ခုခုဖြစ်ရင် ခင်ဗျားတို့ကို အရှင်မထားဘူး "

" အိုး ... တအားဖြဲမခြောက်ပါနဲ့ကွာ ... စိတ်အေးအေးထား

... ဟုတ်လား "

ဇေယျမှာ ရှုးရှုးရှဲရှဲဖြစ်နေပြီး မိခင်ဖြစ်သူကြောင့် ရင်ထဲ

အပူလုံးကြီး ကြွတက်လာနေ၏။

" ကျွန်တော့်ကို ဘာလို့ကြိုးတုပ်ထားတာလဲ ... ဖြည်ပေး

ပါအန်ကယ်လ် "

" ဖြည်ပေးရမှာပေါ့ ... ခုတော့မဟုတ်သေးဘူး "

" ဘာလို့လဲ ... ခုဖြည်ဗျာ "

" မင်းတို့သားအမိတွေ ဇာတ်တိုက်ထားကြတာ ငါမသိ

ဘူးထင်နေလားဟေ့ကောင် ... "

" ဘာဇာတ်မှမတိုက်ဘူး ... ကျွန်တော့်အမေကို ကျွန်တော်

လိုက်ရှာနေတာ ... ခုနကအိမ်ရှေ့မှာ မေမေ့ကားရပ်ထား

တာတွေ့လို့ အိမ်ပြန်ဖို့ လိုက်ခေါ်တာပဲရှိတယ် "

" ယုံအောင်လိမ်စမ်းပါကွာ ... ငါတို့ကို သူငယ်နှပ်စားများ

မှတ်နေလားကွ ... ဟမ် "

" ကျွန်တော်အမှန်အတိုင်းပြောနေတာ ... မယုံလည်း

မတတ်နိုင်ဘူး "

သူတို့ငြင်းနေစဉ်မှာပင် ဦးတင်အောင်မြင့်က မျက်နှာချင်း

ဆိုင်အခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ပုခုံး‌၌ ဒဏ်ရာ

ရထားသဖြင့် အဝတ်ဖြင့်စည်းထားသည်ကို တွေ့မြင်နေ

ရ၏။

" အန်ကယ်လ် ... ကျွန်တော်ဘာမှမလုပ်ရဘဲ ဘာလို့ချည်ထားတာလဲ ...ကျွန်တော့်ကို ကြိုးဖြည်ပေးပါ ..."

" မင်းအဲ့လိုပဲ နေလိုက်အုံး "

" ဘာတွေဖြစ်ကုန်ကြတာလဲဗျာ ... ခင်ဗျားတို့ရူးနေကြ

ပြီလား ... ကျွန်တော့်အမေရော ... အမေဘယ်မှာလဲ "

ဇေယျက ဆက်တိုက်ဆိုသလို တတွတ်တွတ်ပြောနေ

သော်လည်း ကြိုးဖြည်မပေးချေ။

" သူ့ကို ဘယ်လိုလုပ်မလဲ "

" အဲ့အတိုင်းပဲထားလိုက် ... ငါဆေးခန်းသွားမှရမယ် ...

သွေးမတိတ်ဘူးကွ "

" ငါ့တစ်ယောက်ထဲ စောင့်ရမှာလား "

" အေးလေကွာ ... ဒီကောင်ကပိန်သေးသေးနဲ့ ကြိုးလည်း

ချည်ထားတာပဲ ... ဘာမှပြန်မလုပ်နိုင်ပါဘူး ... "

" သူကပြန်မလုပ်ပေမယ့် ဟိုမိန်းမပြန်လာမှာစိုးရတယ် "

" မင်းကလဲ ... မိန်းမတစ်ယောက်များကြောက်နေသေး

တယ် ... လာရင် အရေခွံသာဆုပ်ပစ်လိုက် ... ငါမကြာဘူး

ပြန်လာခဲ့မယ် "

ဦးတင်အောင်မြင့်က ထိုသို့ပြောပြီး ကားမောင်းကာ ထွက်

သွားလေသည်။ ဤသို့ဆိုလျှင် မိခင်ဖြစ်သူက ထိုအိမ်၌

မရှိတော့ကြောင်း ဇေယျသိရှိလိုက်လေပြီ။

သို့နှင့် သိလိုသမျှကို အသံကုန်ထုတ်ကာ အော်‌‌မေးရင်း ကျန်ခဲ့တော့၏။

" ဟေ့ကောင် ... မင်းပါးစပ်ပိတ်မလား ... ငါပိတ်ပေးရ

မလား "

" ကျွန်တော့်ကိုဘာလို့ဖမ်းထားတာလဲ ... ခင်ဗျားတို့က

ဘာတွေလဲ "

" ဘာလို့လဲဆို မင်းအမေနဲ့မင်းနဲ့ ပေါင်းကြံပြီး ငါတို့ကို

သတ်ဖို့လုပ်လို့လေ ... ခုမှအတိတ်မေ့သလိုလို လာလုပ်

မနေနဲ့ကွ ... "

" ကျွန်တော်ကဘာလို့ ခင်ဗျားတို့ကိုသတ်ရမှာလဲ ... ခင်

ဗျားတို့နှစ်ယောက်ကိုတောင် ခုမှသိတာဗျာ ... "

" တော်ပြီ ဟေ့ကောင် ... ပါးစပ်ပိတ်ထား ... မပိတ်ရင်

ဆက်မပြောနိုင်အောင် ငါလုပ်မိမယ် "

" ကောင်းပြီ ... ဒါဆိုလည်း ကျွန်တော်ပါးစပ်ပိတ်မယ် ...

ခင်ဗျားပြော ... မေမေကခင်ဗျားတို့ကိုဘာလို့လိုက်သတ်နေတာလဲ ... "

ဇေယျ၏စကားကိုကြားသည့်အခါ ဦးကျော်မျိုးသိန်းက

မျက်မှောင်ကြုတ်ပြီး တစ်ချက်ကြည့်လာလေသည်။

" ဘာဂွင်‌တွေလာဆင်နေတာလဲ... "

" ကျွန်တော်တကယ်ပြောနေတာ ... "

" မင်းအမေက မြသောင်းကိုသတ်ပြီး ငါတို့ကိုသတ်ဖို့

လုပ်တာ ... နေအုံး ... ဒီအကြံထဲမှာ မင်းအဖေရောပါ

တာလား ... မင်းအဖေအခုဘယ်မှာလဲ "

ဇေယျက အံကိုတင်းတင်းကြိတ်ရင်း တစ်လုံးချင်းပြန်

ဖြေလိုက်၏။

" အဖေမရှိတော့ဘူး ... ဆုံးသွားပြီ "

" ဘာ ... ဘယ်တုန်းကလဲ "

" မနေ့ရှေ့ညကပဲ ... အသတ်ခံရတာ "

ဇေယျ၏စကားကြားသည့်အခါ ဦးကျော်မျိုးသိန်းလည်း

မျက်လုံးပြူးသွား‌‌တော့သည်။

" အသတ်ခံရတယ်ဟုတ်လား ... ဘယ်သူသတ်သွားတာ

လဲ "

ဇေယျက ပြန်‌မဖြေဘဲ ဦးကျော်မျိုးသိန်းမျက်နှာကို စေ့

စေ့ပြန်ကြည့်နေသည်။

" မဟုတ်မှလွဲရော ... "

ဦးကျော်မျိုးသိန်းက အသံတိတ်သွားပြီး ဇေယျက ခေါင်း

ငုံ့သွားခဲ့၏။

" ဘာတွေဖြစ်ကုန်တာလဲ ... "

ဇေယျကိုမေးရင်း သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့်

အုပ်ကာ ပွတ်သပ်နေတော့သည်။

" ကျွန်တော်လည်း သိချင်လို့ လိုက်စုံစမ်းရင်း ခင်ဗျားတို့

ဆီရောက်လာခဲ့တာ ... ခင်ဗျားတို့နဲ့ ကျွန်တော့်အမေနဲ့

ဘာရန်ငြိုးတွေ ရှိခဲ့ကြတာလဲ "

ဦးကျော်မျိုးသိန်းကလည်း အကြောင်းအရာအချို့ကို ပြောပြရန်သင့်ပြီဟု တွေးမိသွားလေသည်။

" ကြာတော့ကြာပါပြီ ... မင်းအဖေပထမအိမ်ထောင်နဲ့

မကွဲခင်ပေါ့ ... အဲ့ဒီတုန်းက ငါတို့သူငယ်ချင်း‌‌လေးယောက်

လုံး ဝင်ငွေမရှိ ... အလုပ်မရှိ ... မွဲနေချိန် ... ဖဲကြွေးတွေကလည်းပေးရတော့မယ် ... မပေးရင်အသတ်ခံရတော့မှာ ... ငါတို့လည်းကြံရာမရဖြစ်ပြီး အိမ်တစ်အိမ်ကို ဝင်စီးဖို့ စီ

စဉ်လိုက်ကြတယ် .... "

" အနုကြမ်းစီးတာကိုပြောတာလား "

" ဟုတ်တယ် ... အဲ့ဒီအိမ်က သူဌေးအိမ် ... သူဌေးအိမ်ပီပီ ခြံကအကျယ်ကြီး ... တော်တော်ချမ်းသာတယ် ... အဲ့ဒီခေတ်တုန်းကတောင် ကားနှစ်စီး သုံးစီးရှိတယ်ဆို စဉ်းစားသာကြည့်လိုက်တော့ ... အဲ့ဒီညကငါတို့လည်း တော်တော်ရလိုက်ပါတယ် ... ဒါပေမယ့် အဲ့ဒီအိမ်က အလုပ်သမားတစ်ယောက်က ငါတို့ကိုပြန်ဝင်လုံးပါရော ... သူ့ကိုထိန်းရင်းနဲ့ ရေနံဆီမီးအိမ်ကြီးကို တိုက်မိသွားခဲ့တယ် ... မီးအိမ်

က နံရံနဲ့ရိုက်မိပြီး ဖန်ပြောင်းကွဲသွားတာပေါ့ ... ရေနံချေးအပြည့်နဲ့ နံရံကို မီးက ဟုန်းခနဲပဲ ထတောက်တော့ ငါတို့

လည်း အဲ့ဒီအလုပ်သမားကို ရိုက်နှက်ခဲ့ပြီးအမြန်ထွက်

ပြေးရတော့တာ ... "

ဦးကျော်မျိုးသိန်းက ပြောရင်း ခေတ္တရပ်သွားလေသည်။

" ကျွန်တော့်အဖေက အဲ့လိုလူမဟုတ်ဘူး ... ခင်ဗျားလိမ်

နေတာ ... "

ဇေယျကို အသက်မပါသောအကြည့်ဖြင့်ပြန်ကြည့်ရင်း

ဆက်ပြောပြသည်။

" မင်းမယုံရင်လည်း လေကုန်ခံပြီး ပြောမနေတော့ဘူး "

ထိုအခါ ဇေယျမှာ ဆက်မပြောမှာလည်း စိုးသွားမိ၏။

" ပြောပါ ... ဖြစ်နိုင် မဖြစ်နိုင်ကတော့ ကျွန်တော့်ဘာသာ

ဆုံးဖြတ်ပါ့မယ် ... "

" ကောင်းပြီလေ ... ခုမှအရေးကြီးတဲ့အပိုင်းလာမှာ ... "

ဦးကျော်မျိုးသိန်းစကားကြောင့် ဇေယျ သိချင်သွားတော့

သည်။ အဘယ်ကဲ့သို့သော အကြောင်းအရာများနည်း။

" ငါတို့ကထွက်ပြေးရင်း လွတ်ခဲ့ပေမယ့် ... သူတို့အကုန်

လုံးကို ကြိုးတုပ်ခဲ့လို့ မပြေးနိုင်ခဲ့ဘူး ... အရိုက်ခံရတဲ့

တစ်ယောက်ကလည်း မေ့မျောသွားတယ်ထင်တာပဲ ...

ဒါကြောင့်မလို့ သေသွားတဲ့အထဲမှာ သူရောပါသွားတာ ...

သူတို့အိမ်မီးလောင်တော့ သူဌေးအိမ်ဆိုတဲ့အခါ လူတွေ

ကချက်ချင်း မဝင်ရဲဘဲ နောက်မှ ဝင်ပြီးမီးငြိမ်းတော့ နောက်ကျသွားပြီ ... အကုန်လုံး မီးထဲပါသွားကြတယ် "

ဇေယျမှာ ထိုစကားကြောင့် ရင်ထဲနင့်သွားရတော့သည်။

ဖခင်ဖြစ်သူက ထိုသို့ မကောင်းသောလူဖြစ်နေသည်လား။

သူ လက်မခံနိုင်နေပေ။

" ဒါပေမယ့် မီးကျွမ်းနေတဲ့အလောင်းတွေကို ကြည့်ပြီး

အနုကြမ်းစီးခံရမှန်း လူတွေသိသွားကြရော ... လုယက်

ပြီး အိမ်မီးရှို့ခဲ့တယ်ပေါ့ ... ငါတို့မှန်းတော့ ဘယ်သူမှမသိ

ကြပါဘူး ... ငါတို့လည်း ရလာတာတွေ ခွဲခြမ်းပြီး ခြေရာ

ဖျောက်ဖို့ စဉ်းစားလိုက်ကြတယ် ...တကယ့်တကယ် လက်

ထဲ ငွေရှိလာတဲ့အခါ ဖဲကြွေးဆပ်ဖို့လည်း စိတ်ကူးမရှိကြ

တော့ဘူး ... ခြေရာဖျောက်ကြဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်

... ဒီလိုနဲ့  လေးယောက်သားလမ်းခွဲလိုက်ကြတယ်... ဒီ

နေရာမှာ မင်းသိဖို့ပြောချင်တာက အောင်ရှိန်ဦးဟာ ငွေ

ထုပ်ပိုက်ရပြီဆိုတာနဲ့ ချိုလဲ့ရီကို ထားခဲ့ပြီး ထွက်သွားခဲ့

တာ ... "

" ဘာလို့လဲ ... အဲ့ဒီအန်တီက ခုကိစ္စတွေ သိတယ်မဟုတ်

လား ... ပြန်ဖော်မှာ မစိုးရိမ်ကြဘူးလား "

" ဒါတွေသူဘယ်သိပါ့မလဲ ... သူသိတာက သူသားယော

ကျာ်းမမွေးနိုင်လို့ ထားခဲ့ခံရတာပဲ သိတာ ... "

" တကယ်အဲ့လိုလား ... သားမမွေးနိုင်လို့ ထားခဲ့တာလား...

ဒါမှမဟုတ် အနုကြမ်းစီးခဲ့လို့ ရှောင်ပုန်းခဲ့တာလား "

" နှစ်ခုလုံးပဲ ... အောင်ရှိန်ဦးက ချိုလဲ့ရီကို ထားခဲ့ပေမယ့်

ငါတို့ကိုတော့ အဆက်အသွယ်လုပ်ပါသေးတယ် "

" ခင်ဗျားဒီမနက်ပြောတော့ မိန်းမကိုထားခဲ့ပြီးကတည်းက

အဆက်အသွယ်မရဘူးဆိုဗျ "

" အဲ့တုန်းက ဒါတွေမပြောပြချင်လို့ ပြီး ပြီးရောပြောလိုက်

တာဟ "

" လိမ်တာပေါ့ "

ဦးကျော်မျိုးသိန်းက ဇေယျကို သဘောမကျသည့်အမူ

အရာဖြင့် ပြန်ကြည့်လာသည်။ ထို့နောက် ဆက်ပြော၏။

" ငါတို့တွေတစ်ယောက်တစ်မြို့စီ ရှောင်နေရပေမယ့် အဆက်အသွယ်တော့ မပြတ်ဘူး ... ရလာတဲ့ဟာတွေကို ထုခွဲရောင်းချပြီး ဘဝသစ်စလိုက်ကြတယ် ... နာမည်အသစ်လည်းပြောင်းခဲ့ကြတာပေါ့ ... မြသောင်းနဲ့ တင်အောင်မြင့်တို့ကလုပ်ငန်းကြီးချိတ်မိပြီး သူဌေးဖြစ်သွားကြပေမယ့် ငါနဲ့မင်းအဖေကတော့ သူတို့လောက် မဖြစ်

ထွန်းခဲ့ဘူး ... ဘဝအသစ်ဘယ်လောက်စပစေ ...ကိုယ်လုပ်ခဲ့တဲ့ အရိပ်ကတော့ ခြောက်လှန့်နေတာပါပဲ ... အကုန်လုံး

က မီးလောင်သွားတဲ့အိမ်သတင်းကို အမြဲမပြတ် နားစွင့်နေမိကြတယ် ... "

" တစ်ရက်ကြတော့ ဘယ်သူတွေမီးထဲပါသွားတယ်ဆို

တာကို အတိအကျသိလာတာပေါ့ ... အဲ့ဒီမှာ အောင်ရှိန်

ဦးတစ်ယောက် ချောက်ချားသွားပြီ ... ဘာလို့လဲဆို မီးထဲ

ပါသွားတဲ့ကောင်မလေး တစ်ယောက်ဟာ မင်းအမေရဲ့

ညီမဖြစ်နေလို့ပဲ ... "

" ဗျာ ... "

ဇေယျမှာ အလွန်အံ့အားသင့်သွားသလို မယုံနိုင်ခြင်းများ

ကလည်း ကြီးစိုးလာတော့သည်။

" ဘယ် ... ဘယ်လို ... ဖြစ်ပြီး ... မေမေ့ဘက်က အဲ့လိုဖြစ်

ခဲ့ကြတယ်လို့ မကြားဖူးပါဘူး ... သေသွားတာ ကျွန်တော့်

အဘိုး အဘွားတွေလား "

" ဘယ်ကလာ ... မင်းအမေရဲ့ ညီမ တင်တင်မော်နဲ့ အဲ့ဒီ

အိမ်က သူဌေးသမီးက သူငယ်ချင်းအရင်းကြီးဖြစ်နေတာ

... အဲ့ဒီညမှာ သူကလည်းကံဆိုးချင်တော့ သူငယ်ချင်းအိမ်

မှာ အတူသွားအိပ်မိတာဖြစ်နေတယ် ... မင်းအဒေါ် အ

ကြောင်း တစ်စွန်းတစ်စ မကြားခဲ့ဖူးဘူးလား ... "

" ကြားတော့ကြားဖူးပါတယ် ... ငယ်ငယ်လေးနဲ့ ဆုံးသွား

တယ်ဆိုတာပဲ သိခဲ့တာ ... မီးလောင်ပြီးဆုံးသွားတာတော့

မသိခဲ့ဘူး "

" အေ ... မင်းအဖေကလည်းဘာရေစက်လဲမသိဘူး ...

အဲ့ဒီကိစ္စသိပြီး တင်တင်မော်အကြောင်းစုံစမ်းရင်းနဲ့

မင်းအမေကိုတွေ့တော့ မေတ္တာသက်ဝင်သွားမိတယ်တဲ့

ကွာ ... ငါတို့အားလုံး အောင်ရှိန်ဦးနဲ့ မင်းအမေကို သဘော

မတူကြဘူး ... မပတ်သက်ဖို့တားခဲ့ကြတယ် ... အောင်ရှိန်ဦးက မပတ်သက်တော့ပါဘူးဆိုပြီး သူတစ်ယောက်ထဲ

ခဏနေပါရစေလို့ပြောတယ် ... ပြီးတာနဲ့ အဆက်အသွယ်

ဖြတ်သွားတာ သတင်းအစအနတောင် မရတော့ဘူး ...

တင်တင်မော်အစ်မ ခင်ယုမော် အိမ်ထောင်ကျသွားတာ

တော့ ကြားမိပါရဲ့ ... အောင်ရှိန်ဦးလို့ကို မထင်ထားဘူး

ကွာ ... ဒီကောင်ခြေရာဖျောက်တာတော့ လက်လန်တယ် "

" ဒါ ... ဒါဆို ... ကျွန်တော့်အမေက ဒီကိစ္စတွေသိသွားလို့

ခင်ဗျားတို့ကို လိုက်သတ်နေတာလား "

" ဟုတ်မှာပေါ့ ... သူ့ညီမအတွက် ကလဲ့စားချေပေးတာ

လားမပြောတတ်ပါဘူးကွာ ... သူ့ညီမကို သတ်ခဲ့တဲ့သူကို ယူမိလို့ မခံနိုင်တာလဲ ပါမှာပေါ့ ... အောင်ရှိန်ဦးကွာ ...ဒီ

ကောင် ... တောက် ... ငါတို့တားနေရဲ့နဲ့ ... "

" ကျွန်တော်နားလည်ပြီ ... ဒါကြောင့်မေမေက ဖေဖေ့ကို

သတ်ခဲ့တာ ... ဖေဖေ့ကို မုန်းတီးခဲ့တာ ... ဖေဖေကသူ့ကို

လိမ်ညာပြီးယူခဲ့လို့ ခံပြင်းဒေါသထွက်တာ ... "

" အခုတော့ မင်းအမေက အကုန်လုံးကိုသတ်ပြီး ကလဲ့စား

ချေတော့မယ် ... ဘယ်လိုလုပ်ကြမလဲ ... မင်းအမေကိုသတ်ပြီး လက်စဖျောက်ရမလား ... မင်းက မင်းအမေကို

ဆက်မလုပ်ဖို့တားမလား "

ဇေယျမှာ ပြန်မဖြေနိုင်သေးချေ။

" ကျွန်တော် သိချင်တာက ဒီအကြောင်းတွေကို ခင်ဗျား

တို့ လေးယောက်ပဲသိတာဆို ... ခုချိန်မှ မေမေက ဘယ်က

နေ ဘယ်လို သိသွားခဲ့တာလဲ "

" အောင်ရှိန်ဦး မူးမူးနဲ့ ပြောမိသလားမှမသိဘဲ ... သူ မပြော

ဘဲ ခင်ယုမော် ဘယ်လိုမှ မသိနိုင်ဘူး ... "

ဦးကျော်မျိုးသိန်းစကားကြောင့် ဇေယျမျက်လုံးပြူးကျယ်သွားကာ ခေါင်းရမ်းလိုက်မိသည်။

" ဖေဖေ အရက်မသောက်တာ ဆယ်နှစ်ကျော်နေပြီဗျ ...

ဖေဖေပြောတာမဖြစ်နိုင်ဘူး "

" ဟေ ... ဒါမှမဟုတ် အိမ်ထောင်သက်ကြာနေပြီဆိုတော့

ခင်ယုမော် ခွင့်လွတ်လိမ့်မယ်ထင်ပြီး ဝန်ခံသလားမှ မ

ပြောတတ်ဘဲကွာ "

" အဲ့လိုတော့ ဖြစ်နိုင်ပါတယ် ... ဒါပေမယ့်လည်း မဖြစ်

နိုင်ဘူး ... ဒီအတောအတွင်း ဖေဖေနဲ့ မေမေက ပုံမှန်ပဲ ...

ဝန်ခံရင်တောင် နည်းနည်းတော့စကားများကြမှာမဟုတ်

လား ... "

" မင်းအမေ မူပြောင်းနေတယ်လို့ သတိမထားမိဘူး

လား ... "

ဦးကျော်မျိုးသိန်းပြောမှ သူပြန်တွေးကြည့်မိသည်။ လွန်ခဲ့

သောနှစ်ပတ်ကျော်ခန့်က မိခင်ဖြစ်သူသည် မွေးရပ်ဇာတိ

သို့ နှစ်ညအိပ် အလည်ပြန်ခဲ့သည်။ ထိုမှပြန်လာပြီး ယခုကိစ္စဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" မီးလောင်တဲ့အိမ်က ဘယ်မြို့မှာလဲ "

" စံကားမြို့မှာ ..."

" အဲ့ဒီမြို့ ကျွန်တော်သိတယ် ... မေမေတို့ဇာတိနဲ့ သိပ်

မဝေးဘူး ... "

" အေးလေကွာ ... ဆက်သွားပြီး ရွာ သုံးလေးရွာ ကျော်

တာနဲ့ မင်းအမေ နေတဲ့နေရာရောက်ပြီ ... အဲ့ကြောင့်

လည်း တင်တင်မော်က သွားအိပ်တာပေါ့ကွ "

" ဒါဆို ပင်ညောင်နဲ့လည်း မဝေးဘူးပေါ့ ... "

" နည်းနည်းတော့ လှမ်းသေးတယ် ... ကြားထဲမှာ မြို့သစ်

နဲ့ ရွာတွေ ရှိသေးတယ် "

သူတို့စကားပြောနေစဉ်မှာပင် ကားသံကြားလိုက်ရသဖြင့်

ကြည့်လိုက်သည့်အခါ အဒေါ်ဖြစ်သူ ဒေါ်သူဇာနွယ်နှင့်

ဦးလေးဖြစ်သူတို့ကို တွေ့လိုက်ကြရတော့သည်။

ဇေယျမှာ ရင်ထဲဝမ်းသာလုံးဆို့သွားပြီး ဦးကျော်မျိုးသိန်း

မှာမူ အတော်တုန်လှုပ်သွားခဲ့သည်။

" ဟယ် ... ဒါဘယ်လိုဖြစ်ကြတာလဲ "

အဒေါ်ဖြစ်သူ၏ စကားမဆုံးသေးခင်မှာပင် သူဇာနွယ်၏

ခင်ပွန်းက ဦးကျော်မျိုးသိန်းကို ခြေထောက်နှင့် ဝင်ကန်

ပစ်တော့သည်။

ဒေါ်သူဇာနွယ်ကလည်း ဇေယျကို ကြိုးအမြန်ဖြည်ပေး

ရင်း နှုတ်မှလည်း ဦးကျော်မျိုးသိန်းကို ဆဲဆိုနေ၏။

" အဲ့ သူတောင်းစားကို လုပ်ပစ် ... ချ ... ရဲစခန်းကို ဖုန်း

ဆက်ရမယ် "

ဇေယျက ကြိုးပြေသွားသည်နှင့် ဦးကျော်မျိုးသိန်းကို

ဝိုင်းကူဖမ်းတော့သည်။

" အန်တီလေး ... ဖုန်းဆက်လို့မရသေးဘူး ... နေအုံး ...

မဆက်သေးနဲ့ "

" ဟဲ့ ... ဘာဖြစ်လို့လဲ ... ဒီလောက်မတရားလုပ်နေတာ

ကို ဖမ်းခိုင်းရမှာပေါ့ ... "

" မဆက်နဲ့လို့ ... သားပြောတာအရင်နားထောင် ... ခဏ

စောင့်အုံး "

ဒေါ်သူဇာနွယ်မှာ မတင်မကျဖြစ်သွားပြီး ဖုန်းကိုပြန်

ထည့်လိုက်ရသည်။

ဦးကျော်မျိုးသိန်းကို ကြိုးချည်ပြီး အင်္ဂတေပေါ် ဆောင့်

ကြောင့်ထိုင်ခိုင်းထား၏။ ဒေါ်သူဇာနွယ်၏ခင်ပွန်း ဦးစိုး

လွင်က အခန်း‌‌ထောင့်၌ကျနေသော သစ်သားတုတ်ကြီး

ကို ကောက်ကိုင်ပြီး ဦးကျော်မျိုးသိန်းပေါ် မိုးထားလေ

သည်။

သူ၏ခေါင်းပေါ်၌ ဝဲနေသော တုတ်ကိုကြည့်ကာ ဦးကျော်

မျိုးသိန်းလည်း မလှုပ်သာတော့ချေ။

" နောက်တစ်ယောက်ကျန်သေးတယ် ... ဆေးခန်းသွား

တာ ... ခဏနေပြန်လာတော့မယ် ... "

" ဒို့တွေတံခါးပိတ်ပြီး စောင့်နေလိုက်မယ် ... သူဝင်လာ

တာနဲ့ ဖမ်းကြတာပေါ့ "

" သူကအော်အုံးမယ် ... သူ့ပါးစပ်အရင်ပိတ် "

ဒေါ်သူဇာလွင်က ဦးကျော်မျိုးသိန်းကို ညွှန်ပြကာ ပြော

နေသည်။ ထို့ကြောင့် ဇေယျ၏အပြင် အင်္ကျီကို ချွတ်

ပြီး ပါးစပ်ကို စည်းနှောင်ထားလိုက်ရ၏။

" မမရော ... မမဘယ်မှာလဲ "

" မသိဘူးအန်တီလေး ... သားဒီရောက်တော့ သူတို့ရိုက်

လို့မေ့သွားတာ ... သတိရလာတော့ မေမေမရှိတော့ဘူး "

" ဘယ်ထပ်ရောက်သွားတာပါလိမ့် ... ဒါနဲ့သူတို့က ဘယ်

သူတွေလဲ ... "

ဇေယျက ဦးကျော်မျိုးသိန်းကို စူးစူးရဲရဲကြည့်ကာ သိခဲ့ရ

သမျှအလုံးစုံအား အဒေါ်ဖြစ်သူလင်မယားထံ ပြောပြ

လိုက်လေတော့သည်။

‌ထိုအကြောင်းအရာများကို သိရှိလိုက်သည်နှင့် ဒေါ်သူဇာ

နွယ်မှာ ဦးကျော်မျိုးသိန်း၏ ကျောကို တဘုံးဘုံး ထုရိုက်

တော့သည်။

" တိရိစ္ဆာန်ကောင်တွေ... နင်တို့ ငါ့အစ်မကို သတ်ခဲ့တဲ့အပြင် နောက်တစ်ယောက်ကိုပါ လိမ်ပြီးပေါင်းသင်းခဲ့

တာပေါ့ ... ယုတ်မာလိုက်ကြတာ ... နင်တို့အကုန်လုံးကို သတ်ရမှကျေနပ်မယ် ... "

ပြောလည်းပြော လက်ကလည်းအဆက်မပြတ်ထုရိုက်

နေသည်။

" ဒါကြောင့် မမက နင်တို့ကို ပြန်သတ်တာ ... မမတစ်

ယောက်ထဲ လုပ်စရာမလိုအောင် ... ငါပါသတ်ကူရ

မယ် "

" အန်တီလေး ... မလုပ်သေးနဲ့ ... "

" ဘာလဲ ... နင်ကပါ အဖေဘက်ပါပြီး သူတို့ကိုကာကွယ်

ပေးနေတာလား "

ထိုစကားကြားသည်နှင့် ဇေယျမှာ အလွန်ပင် ဝမ်းနည်း

နာကျင်သွားမိသည်။ ဖခင်ကို ချစ်ခဲ့သည်၊ အထင်ကြီး

ခဲ့သည်၊ လက်တွေ့တွင်မူ ဖခင်ဖြစ်သူက သူသိထား

သလို လူကောင်းတစ်ယောက် မဟုတ်ခဲ့။

ဤသို့အခြေအနေမှန်းသိသော်လည်း ဖခင်ကို မုန်းတီး

၍ မရနိုင်ဘဲဖြစ်နေရသည်။ ထိုအစား ရင်တစ်ခုလုံး ကျွမ်း

လောင်ပျက်စီးသွားသလိုမျိုး ပူလောင်နေတော့၏။

တူဖြစ်သူ မျက်နှာပျက်ယွင်းသွားသည်ကို သတိပြုမိ

လိုက်သော ဦးစိုးလွင်က ဒေါ်သူဇာနွယ်ကို ဟန့်တား

လိုက်လေသည်။

" ဇေယျပြောတာမှန်တယ် မိန်းမရ ... ငါတို့သိထားတာ

အကြမ်းဖျင်းပဲရှိသေးတယ်လေကွာ ... စိတ်အေးအေး

ထားစမ်းပါ ... မယု ဘာတွေလုပ်နေလဲဆိုတာ သိပြီးမှ

ဆုံးဖြတ် ... ဟုတ်လား "

" အို ... လူသတ်သမားက ဝန်ခံနေပြီပဲ ... ဘာတွေဆုံး

ဖြတ်ဖို့ ကျန်သေးလို့လဲ "

" ခဏလေးစိတ်ထိန်းပါဟ ... ခဏလေးပဲ ... စိတ်ကို

လျော့ ... ဟိုတစ်ကောင် မိပြီးမှ လုပ်ချင်တာလုပ် "

ထိုအခါမှ ဒေါ်သူဇာနွယ်လည်း ဦးကျော်မျိုးသိန်းကို

ရိုက်နေရာမှ ရပ်တန့်သွားတော့သည်။ ပြီးနောက် ဖုန်း

ဆက်နေ၏။

ဆက်နေသောဖုန်းမှာ ဖုန်းဝင်သော်လည်း မကိုင်ပေ။

ထို့ကြောင့် message ပို့လိုက်သည်။

" မမ ... ငါ လူသတ်ကောင်မိထားပြီ ... ခြံပျက်ကြီးထဲ

လာခဲ့ "

ထိုသို့ပို့ပြီး ဇေယျကို တစ်ချက်ကြည့်နေသည်။ ဇေယျ

ကလည်း မျက်နှာငယ်လေးနှင့် ပြန်ကြည့်နေလေသည်။

" အန်တီလေး "

ဇေယျခေါ်သံမဆုံးခင်မှာပင် ဒေါ်သူဇာနွယ်က ဇေယျကို

အကြည့်လွဲကာ တစ်ဘက်သို့ လှည့်သွားခဲ့သည်။

" သားမှာအပြစ်မရှိပေမယ့် လူသတ်သမားရဲ့ သွေးသား

မလို့ အန်တီလေး စကားမပြောချင်သေးဘူး "

ထိုစကားကြားလိုက်သည့် ဇေယျမှာ လွန်စွာ နာကျင်သွားခဲ့သည်။ မျက်ရည်များက ထိန်းထားသည့်ကြားမှ ဝဲတက်

လာခဲ့၏။

" ဟုတ်ပါတယ်လေ ... ကျွန်တော်က လူသတ်သမားရဲ့

သား ... ဓါးပြကြီးရဲ့သား ... လူလိမ်ရဲ့သားကိုးဗျ ... "

ဆို့နစ်ကြေကွဲစွာပြောနေသည့် ဇေယျစကားများအား

ဒေါ်သူဇာနွယ် ခံနိုင်ရည်မရှိချေ။ ဇေယျငယ်စဉ်က

သူထိန်းခဲ့ဖူးသည်။ တူဖြစ်သူကို အချစ်ပိုခဲ့သည်။

ဒေါ်သူဇာနွယ်လည်း ဒေါသအလျောက် စိမ်းစိမ်းကား

ကားပြောနေမိသော်လည်း နာကျင်နေမိ၏။

ထိုစဉ် ဦးကျော်မျိုးသိန်း၏ ဖုန်းဝင်လာသဖြင့် အားလုံး

အကြည့်ဆုံသွားကြတော့သည်။ ဖုန်းကို ဒေါ်သူဇာနွယ်က

ယူကြည့်လိုက်သည်။

" တင်အောင်မြင့် တဲ့ ... အဲ့ဒါ ဟိုအကောင်လား "

ဦးကျော်မျိုးသိန်းက ခေါင်းညိမ့်ပြလာသည်။

" ပြောလိုက် ... စကားအမှားပါတာနဲ့ နင်အသေပဲနော် ...

ငါတို့အကြောင်း တစ်ခွန်းမှမဟနဲ့ ... "

ထိုသို့ပြောပြီး ဦးကျော်မျိုးသိန်း၏ပါးစပ်၌ စည်းထား

သော အင်္ကျီကို ဖြည်ပေးလိုက်သည်။ ပြီးနောက် ဖုန်း

စပီကာဖွင့်ပြီး အနားတိုးပေးလိုက်၏။

" အေ ... ပြော ... "

" ဒီဖုန်းပိုင်ရှင်နဲ့ ဘာတော်ပါလဲရှင် "

တစ်ဖက်မှအသံမှာ မိန်းကလေးတစ်ယောက်ဖြစ်နေသ

ဖြင့် ဦးကျော်မျိုးသိန်း မှင်သက်သွားခဲ့သည်။

" ခင်ဗျာ ... ခုပြောနေတာဘယ်သူပါလဲခင်ဗျ ... ကျွန်‌

တော်က ခုဖုန်းပိုင်ရှင်ရဲ့ မိတ်ဆွေပါ ... "

" အော် ... ဒီဖုန်းကို နောက်ဆုံးခေါ်ထားလို့ ဆက်လိုက်

တာပါရှင့် ... ဒီဦးလေးကြီး ကားအက်ဆီးဒင့် ဖြစ်ပြီး

ဆေးရုံကို ပို့နေတာပါ ... "

" ဗျာ "

" ဟုတ်ကဲ့ ... သူ့မိသားစုကို ဘယ်လိုဆက်သွယ်ပေးရ

မလဲ သိလားရှင့် ... "

" ဖုန်း contact ထဲမှာ သူ့မိန်းမနာမည်ရှာကြည့်ပြီး ဆက်

သွယ်ပေးလိုက်ပါလား ... ဘယ်လိုမှတ်ထားလဲတော့မသိ

ဘူး ... သူ့မိန်းမနာမည်က မအင်ကြင်းငယ် လို့ခေါ်ပါတယ်

... ရှာကြည့်ပြီး ဆက်ကြည့်လိုက်သမီး "

" ဟုတ် ... မတွေ့ရင် ဦးလေးပဲ ခဏလာခဲ့ပေးမလားရှင် "

" ဦးလေးက လာလို့အဆင်မပြေလို့ပါ ... "

" ဟုတ်ကဲ့ ... သူ့မိန်းမဖုန်းနံပါတ်ရော သိလားရှင့် ... သိ

ရင် ပြောပေးလို့ရမလား ... ဒီကနေလည်း ရှာပြီးဆက်

ကြည့်ပါ့မယ် ... "

" သူ့မိန်းမဖုန်းနံပါတ်လည်း မသိလို့ပါ "

" အော် ဟုတ်ကဲ့ ... ကျေးဇူးပါနော်ဦးလေး "

ဖုန်းချသွားပြီး ဦးကျော်မျိုးသိန်းက ခွင့်တောင်းလာ

သည်။

" ကျွန်တော်တို့ ညှိနှိုင်းဖို့လိုပြီထင်တယ် ... ဒီဖက်ကဖြစ်

စေချင်တာအားလုံး လုပ်ပေးပါ့မယ် ... ခုဆို နှစ်ယောက်

က သေပြီ ... တစ်ယောက်က ဆေးရုံရောက်နေပြီ ... ဘယ်

လိုဖြစ်မလဲ မသိဘူး ... ကျွန်တော်တစ်ယောက်ပဲ ကျန်

တော့တာ ... ကျွန်တော်တို့ ညှိနှိုင်းကြရအောင်ဗျာ ... တောင်းပန်ပါတယ် "

" ဘာလို့ညှိနှိုင်းရမှာလဲ ... ဘာမှညှိနေစရာအကြောင်း

မရှိဘူး "

" သေချာစဉ်းစားကြည့်ပါဗျ ... ကျွန်တော့်ကိုသတ်လိုက်

ပြီးရင် အားလုံးပြီးသွားပြီလို့ထင်နေတာလား ... ခင်ဗျား

အစ်မ ခင်ယုမော် ... လူသတ်မှုနဲ့ ထောင်ကျမှာနော် ...

ကျွန်တော်တို့အပြစ်ကသပ်သပ် ... လူသတ်မှုကသပ်သပ်

ပဲ ... ရောချလို့မရဘူးဆိုတာတော့ နားလည်မှာပါ "

" ရှင်က ပြန်ခြိမ်းခြောက်နေတာလား "

" ခြိမ်းခြောက်နေတာမဟုတ်ပါဘူး ... ရှင်းပြနေတာပါ ...

ကျွန်တော်တို့ညှိနှိုင်းပြီး ဒီကိစ္စကို ဖြေရှင်းလိုက်ရင် အား

လုံးအတွက် အကောင်းဆုံးဖြစ်မယ်ထင်တယ် "

ဦးကျော်မျိုးသိန်းပြောသည်ကို ဒေါ်သူဇာနွယ်က လက်

မခံလိုပေ။ သို့သော်လည်း အစ်မဖြစ်သူကို ထောင်နန်း

မစံစေချင်ခဲ့။

" ကျွန်တော်ထင်တာမမှားဘူးဆိုရင် ခုဖြစ်တဲ့ အက်ဆီးဒင့်

က ခင်ယုမော်လက်ချက် ဖြစ်ပုံရတယ် ... "

ထိုအခါ ဒေါ်သူဇာနွယ်မှာ မျက်လုံးပင့်ကြည့်ပြီး နှုတ်

ဆိတ်သွားလေသည်။

" ဒီအတိုင်းဆက်သွားရင် ခင်ယုမော် ဒုက္ခရောက်သွား

လိမ့်မယ် ... "

" ရှင်လည်း သေမယ်မဟုတ်လား "

ဒေါ်သူဇာနွယ်က ဦးကျော်မျိုးသိန်းကို မုန်းတီးရွံရှာ

သော အကြည့်ဖြင့်ကြည့်ပြီး ပြောလိုက်၏။

" ဟုတ်ပါတယ် ... သေမှာပါ ... ဒါကြောင့် နှစ်ဖက်လုံး

မနစ်နာခင် ညှိနှိုင်းဖို့ ပြောတာပေါ့ဗျာ "

" ဘယ်လိုညှိမှာလဲ ... ပြောကြည့်လေ "

" ဒီလိုဗျာ ... ခုလူသတ်မှုတွေကို ခင်ယုမော် မပါကြောင်း

ကျွန်တော်သက်သေလုပ်ပေးမယ် ... ခင်ဗျားတို့နားလည်

ထားရမှာက အဲ့လိုလုပ်ပေးနိုင်တာ ကျွန်တော်တစ်ယောက်

ပဲရှိတယ်ဆိုတာပဲ ... နောက်ပြီးခင်ဗျားတို့ဘက်ကလည်း ကျွန်တော့်အသက်ကို အာမခံပေးရလိမ့်မယ် ... "

ဇေယျနှင့် ဦးစိုးလွင်က ဒေါ်သူဇာနွယ်ကို လှမ်းကြည့်

လိုက်ကြသည်။ ဒေါ်သူဇာနွယ်မှာမူ သက်ပြင်းမှုတ်ထုတ်

ရင်း အကြံအစည်ထုတ်နေတော့လေ၏။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..