ရွာအပြင် သာလာယံဇရပ်ပေါ်က တစ္ဆေများ အပိုင်း (၂)
lotaya.mpt.com.mm
|
2022-04-19

အခန်း၄။

ရွာတောင်ထိပ် သာလာယံဇရပ် ပြသနာက နောက်တရက် ညမှာ စပါပြီ။

ဖြစ်ပုံက အဆန်း။ကိုဆောင်းတို့လင်မယားက စတာပေါ့။ အဲ့ဒီနေ့ မနက်က ကိုဆောင်းတယောက် လှည်းကပြီးတောင်ဘက်ရွာ ဇီးဖြူကုန်းက မိဘများအိမ်ကို ညအိပ်ညဉ့်နေ အလည်သွားနေတဲ့ သူ့မိန်းမ မခင်စန်း ကို သွားခေါ်တယ်လေ။

မခင်စန်းကလည်း အဲ့ဒီမှာ နေနေလိုက်တာက တပတ်လောက်ကြာပြီဆိုတော့ ကိုဆောင်းတယောက် မယားကို လွမ်းပြီထင်ပါရဲ့။

ဒီလိုနဲ့  ကိုဆောင်းတို့လင်မယားဟာ ညနေပိုင်းမှာ ကံမရွာကို လှည်းနဲ့ ပြန်လာခဲ့တယ်။ ညနေပိုင်းဆိုပေမဲ့ နေရောင်က ဖျိုးဖျိုးးဖြဖြ လင်းနေတုန်းပဲ။

သူတို့လင်မယား ရွာတောင်ထိပ် သာလာယံဇရပ် မရောက်ခင်၊ တဖါလုံနီးနီးလောက်အရောက်မှာ တီးသံမှုတ်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားရပါသတဲ့။ 

ရွာနဲ့ ရက်တပတ်လောက် ကင်းကွာနေတဲ့ မခင်စန်းက၊ ရွာမှာ အလှုပွဲများ ရှိနေသလားဆိုပြီး ၊

" ကိုဆောင်း ... တော်တို့ရွာမှာ ဘာပွဲများ ရှိလို့တုန်း ၊ တီးသံမှုတ်သံ တူရိယာသံတွေကလည်း စုံလှချီလား "

ကိုဆောင် ဇဝေဇဝါ ဖြစ်နေရှာတယ်။ သူလည်း ဒီမနက်အထိ ရွာထဲမှာ ဘာပွဲမှ ရှိတယ်လို့ ကြားမထားပါဘူးပေါ့။ 

အခု ဘယ့်နှယ် ဖြစ်လို့ ရွာဘက်ဆီက တီးသံမှုတ်သံတွေကို ကြားနေရသလဲဆိုတာ စဥ်းစားမရနိုင်ဘူး ဖြစ်နေရှာတယ်။ 

"  အလှုရှိတယ်လို့တော့ ငါဖြင့် မကြားပါဘူး ခင်စန်းရယ်။ တို့ရွာဦးကျောင်း ဆရာတော်ကြီးလည်း ကျန်းမာပါရဲ့ ၊ ဘာပွဲများပါလိမ့် ၊ ပြီးတော့ ဒါ ပွဲထွက်ချိန်မှ မဟုတ်တာ"

ရွာဆိုတာက အလှုရယ် ၊ဘုန်းကြီးပျံရယ်ကလွဲရင် တခြားပွဲသဘင်က ရှာမှရှားမဟုတ်လား။ 

ဗမာလူမျိုးဓလေ့ တီးသံမှုတ်သံကြားရရင် ရင်ထဲက ရိုးတိုးရွတ ဖြစ်တတ်တာ ဆန်းသလား။ အခု မခင်စန်းလည်း တီးသံမှုတ်သံတွေကြားရုံမျှနဲ့ ကချင်ခုန်ချင်လာတယ်။ 

နားနဲ့ကြားရရုံမျှနဲ့ မကျေနပ်နိုင်တော့ဘူး။ ဘာပွဲလဲဆိုတာ ကြည့်ချင်မြင်ချင်လာပြီလေ။ အဲ့ဒီတော့ သူ့ယောက်ကျား ကိုဖိုးဆောင်းကို လှည်းကို ခပ်မြန်မြန် မောင်းခိုင်းတော့တာပေါ့။

" ကိုဆောင်း လှည့်ကို ခပ်မြန်မြန်လေး မောင်းစမ်းပါတော်၊ တော် လှည်းမောင်းတာက ခရီးဖင့်လိုက်တာကိုပဲ "

" အေးပါဟ ၊ ခုပဲ ရွာတောင်ထိပ် ရောက်တော့မှာပဲဟာ ၊ ညည်းဟာ လောသကိုး"

သာလာယံဇရပ် ရောက်ခါနီးမှာ၊အာကာတခွင်လုံးက ရုတ်တရက်ကြီး မိုးမှောင်ကြီး ကျလာတယ်။ 

ဝန်းကျင်ဟာ ချက်ချင်း ညဦးဘက်ကို ရောက်သွားသလိုပါပဲ။ 

လှည်းပေါ်ကနေ သူတို့လင်မယား မြင်ရတာက၊ သာလာယံဇရပ်ပေါ်က တီးမှုတ်ကခုန်သီဆိုနေကြတဲ့လူတစု။

ဇရပ်ပေါ်က သူတို့တတွေဟာ နှဲ၊ဗုံ၊ပတ္တလား၊ကြေးနောင် စတဲ့ မြန်မာတူရိယာတွေကို တီးမှုတ်နေကြတာများ မြိုင်ဆိုင်နေကြတာပဲ။

ဘယ်လိုပွဲတခုကို သီဆို၊ ကပြနေသလဲ မသိရသေးဘူး။ လှည်းက ဇရပ်နဲ့ အတော်နီးလာပြီ။ ကိုဆောင်းက လှည်းကို ရပ်ပေးလိုက်တော့၊ မခင်စန်းက လှည်းနောက်မြီးကနေ ပေါ့ပေါ့ပါးပါးပဲ ခုန်ချလိုက်တယ်။

ဇရပ်အရှေ့မှာ လူတချို့ ဇရပ်ပေါ်က ဖျော်ဖြေတီးမှုတ်နေကြသူများကို စိတ်ဝင်တစားနဲ့ ရပ်ကြည့်နေကြတာပေါ့။

သူတို့လင်မယား တယောက်က်လက်တယောက်ဆွဲပြီး၊ အဲ့ဒီလူအုပ်ကြား ဝင်တိုးကြည့်ကြတယ်။

နီးမှ ကွဲကွဲပြားပြား သိရတယ်။ဇာတ်ရယ်တော့မဟုတ်ဘူး။ မြန်မာတီးဝိုင်းလို့ ပြောရမယ်ထင်တယ်။ သူတို့ရောက်မှပဲ တီးသံမှုတ်သံတွေက သာယာညှင်းပျောင်းလာလိုက်တာ။ လူတောင် ဆွေးချင်သလိုလို၊ ငေးချင်သလိုလိုနဲ့။ ဘယ်လို ဖြစ်တယ်မသိပါဘူး။ 

ဗုံတိုလေးတွေ စီကာပတ်ကာချထားတဲ့အလယ်က တီးဝိုင်းခေါင်းဆောင်ထင်ရဲ့။ လူကြီးက မြန်မာဆန်ဆန် ယောင်တစောင်းကို ပုဝါပေါင်းပြီး အစွန်းတဖက်အမြိတ်ချထားတယ်။လူက နုတ်ခမ်းမွှေးကားကားကြီးနဲ့။မျက်လုံးမျက်ဖန်ကလည်း ကောင်းပါ့။ 

နှဲမှုတ်နေသူလည်း ထို့နည်းတူပါပဲ။ ခေါင်းမှာ အရောင်တူ ပဝါကို ပေါင်းထားတယ်။ ကျန်တဲ့ စည်းဝါးဆရာတို့ ကြေးနောင်ဆရာတို့လည်း ပိုးပဝါတွေ ကိုယ်စီပေါင်းလို့ပေါ့။ 

" ကိုဆောင်း ... တီးဝိုင်းကလူတွေ ကြည့်စမ်း "

" အေး  ကြည့်နေတယ်လေ၊ ဘာဖြစ်လို့လဲ "

" ဘာဖြစ်ရမလဲတော့ သူတို့ခေါင်းပေါ်က ပဝါတွေကတော့ သစ်လွင်နေပြီး၊ သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေက ဟောင်းနွမ်းလွန်းမနေဘူးလား "

မျက်စိ စူးရှတဲ့ မခင်စန်း ပြောမှ ကိုဆောင်းက သတိထားမိသွားတယ်။

 ဟုတ်သား။ ဒီလူတွေရဲ့ အဝတ်တွေကလည်း နွမ်းလိုက်တာ ။ လဲစရာ မပါလို့များလားဟု ကိုဆောင်း တွေးမိသွားတယ်။ 

    အဲ့ဒီအချိန် ... တီးလုံးသံက တိခနဲ ရပ်ပစ်လိုက်တယ်။ ဗုံတိုတွေ တီးတဲ့ ဆရာက ...

"  ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ကာယသုခ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံကြပါစေခင်မျာ ။

    အခု  ရွှေပွဲလာ ပရိတ်သတ်ကို တေးသံရှင် နွဲ့နွဲ့နှောင်းကနေ 'ရွှေဗဟိုစည်သံကို လွမ်းလှပြီရှင့်' ဆိုတဲ့ ပတ်ပျိုးနဲ့ ဧည့်ခံပါမယ်ခင်မျာ။

      နားသောတပန်ဆင်တော်မူကြပါစို့လားခင်မျာ "

ကိုဆောင်းရဲ့ခါးကို မခင်စန်းက အသာတို့တယ်။ ပြီးတော့ စကားသံတိုးတိုးနဲ့ ၊

" ကိုဆောင်း  ... ဒီသီချင်းက ဟိုးရှေးရှေး ဗမာဘုရင်တွေခေတ်က သီချင်းမို့လား ။ အခုခေတ် လူတွေ  ကြားတောင် ကြားဖူးမယ်မထင်ဘူးနော် "

ကိုဆောင်းက ယောင်ယမ်းပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ မခင်စန်းကသာ ရှေးခေတ်က သီချင်းဆိုတယ်။သူက ကြားတောင် မကြားဖူးဘူးလေ။ 

ဟော   အဆိုတော် နွဲ့နွဲ့နှောင်းဆိုတာ ဆိုင်းဝိုင်းအနောက်ကနေ ထွက်လာပါပြီ။ 

နာမည်နဲ့လိုက်အောင် တကယ်ကို နွဲ့နွဲ့နှောင်းနှောင်းပါပဲ။ ကိုယ်လုံး ခပ်သေးသေးနဲ့ ဆံပင်ကို ဘီးစပတ်ကြီးနဲ့ ထုံးဖွဲ့ထားတယ်။ ပါးပြင်ပေါ်မှာ သနပ်ခါးက ညီညီညာညာ လိမ်းကျံထားတယ်။ ကြည့်ပျော်ရှု့ပျော် ရုပ်ရည်လေးနဲ့ပါ။ 

အင်း ... သူလည်း ဘာထူးလဲ။ အဝတ်အစားတွေက ဟောင်းနွမ်းလို့ပါလား။ ဘယ့်နှယ် ဆိုင်းအဖွဲ့ပါလိမ့်နော်။ မျက်စိပသာဒ ဖြစ်အောင်တော့ သစ်သစ်လွင်လွင်လေး ဝတ်ကြမှပေါ့ ။ 

အဆိုရှင်က သီချင်းကို ဂရုဏာရသပေါ်လွင် ဆိုပြသွားတယ်။ အဓိပ္ပါယ်ကို ကိုဆောင်းတို့ လင်မယား လုံးစေ့ပတ်စေ့ နားမလည်ပေမယ့်၊ ရွှေနန်းတော်ကြီးက ဘယ်လိုသာယာကြောင်း၊ နတ်ဘုံနတ်နန်းပမာ တင်စားသွားတယ်။ ပြီးတော့မှ၊မင်းပြစ်မင်းဒဏ်ကြောင့် မြိုင်အရပ်ကို ရောက်နေရှာတဲ့ မင်းသမီးလေးက အဲ့ဒီနန်းတော်ကြီးကို လွမ်းဆွတ်နေကြောင်း စီကာပတ်ကုံး သီဆိုသွားတာ ဖြစ်တယ်။

တကယ့်ကို လွမ်းလွမ်းဆွေးဆွေး တေးတပုဒ်ပါပဲ။ နားထောင်နေသူအချို့ မျက်ရည်တောင် ဝဲကြရတယ်။

ကိုဆောင်းက သူ့အနီးက ပွဲလာကြည့်သူအချို့ကို အခုမှ စပ်စပ်စုစု ကြည့်မိတယ်။

တချို့ဆို ပခုန်းပေါ်လွှားထားတဲ့ တဘက်နဲ့ မျက်ရည်သုတ်နေကြတယ်။ 

ဟင်!  အခုမှ  ကိုဆောင်း သတိထားမိလေတယ်။ ပွဲကြည့်ပရိတ်သတ်ထဲမှာ သူတို့ရွာက လူတွေလည်း တယောက်က်မှ မပါပါလား။ ဘယ်အရပ်သူတွေပါလိမ့်။

ကိုဆောင်း သူ့မိန်းမ မခင်စန်းကို ပြောမယ်လုပ်တော့၊ မခင်စန်းကလည်း သူ့ကို ကြည့်နေတာနဲ့တွေ့လိုက်ရတယ်။

သဘောကတော့ မခင်စန်းလည်း အဲ့ဒါကို ပြောမလို့ပဲပေါ့။

မခင်စန်းက၊

"  ကိုဆောင်း ... ပွဲကြည့်လာကြသူတွေကြည့်စမ်း ရှင်တို့  ကံမရွာထဲက လူတယောက်မှ မပါဘူးတော်ရဲ့ ၊ ဘယ်အရပ်က လူတွေလဲ ရှင်သိလား "

" ငါလဲ  အဲ့ဒါပြောမလို့ မိန်းမရဲ့၊ သူတို့ကို ငါလဲ မမြင်ဖူးဘူးကွ "

" အင်း   ပြီးတော့ သူတို့ ဝတ်ထားတဲ့ အဝတ်တွေလည်း ကြည့်ပါအုံးတော်။

       အဝတ်တွေက မစုတ်မပြဲတာသာရှိတယ်၊ လက်နှီးဝတ်လောက်တောင် အရောင်မထွက်ဘူး။ နွမ်းဖတ် ညစ်ထေးနေတာပဲ။ 

    ပြီးတော့လဲ သူတို့မျက်နှာတွေက အရယ်အပြုံးလဲမရှိဘူး။ မျက်နှာသေကြီးတွေနဲ့ ။

     ကျွန်မတော့   ပွဲဆက်မကြည့်ချင်တော့ဘူး ကိုဆောင်း ။

ပြန်ကြစို့လား "

      သူတို့လင်မယားက တယောက်နဲ့တယောက် ကြားလောက်ရုံသာ ပြောနေကြပေမယ့် ၊ သူတို့နားက ပွဲကြည့်လာသူတွေက ကြားသွားသလား မသိပါဘူး။

       သူတို့လင်မယား ပြန်ထွက်လို့မရအောင် အနောက်ကနေ မျက်နှာထား တင်းတင်းကြီးတွေနဲ့ ပိတ်ထားလိုက်ကြတယ်။ သူတို့ ထွက်ချင်ရင် အဲ့ဒီလူတွေကို တိုးထွက်ရမယ့် အနေအထား ဖြစ်နေတယ်။

        မိန်းမသားပီပီ မခင်စန်းက ထိတ်လန့်သွားရှာတယ်။ ကိုဆောင်း လက်မောင်းကို အတင်းဆွဲထားလိုက်တယ်။ 

       ကိုဆောင်း လက်ထဲမှာ နွားရိုက်တဲ့ ကြိမ်တချောင်းကလွဲပြီး ဘာလက်နက်မှ မပါဘူး။ သူတို့ကို ဝိုင်းထားတဲ့သူတွေကို အဲ့ဒီ ကြိမ်တံတချောင်းနဲ့တော့ ခုခံနိုင်မယ် မထင်ဘူး။ 

     ကိုဆောင်း  အတတ်နိုင်ဆုံး စိတ်ကို လျော့ချထားပြီး၊ မျက်နှာထားချိုချိုနဲ့

" နောင်ကြီးတို့ ကျုပ်တို့ ပြန်တော့မှာမို့ လမ်းလေး နည်းနည်းလောက် ဖယ်ပေးပါလားဗျ "

      ကိုဆောင်းက ယဥ်ကျေးစွာ လမ်းတောင်းပေမယ့်၊ ဟိုလူတွေ မကြားယောင်ပြုပြီး၊ ဆိုင်းဝိုင်းကိုပဲ ကြည့်နေကြတယ်။ နည်းနည်းလေးမှ အဖက်မလုပ်ကြဘူး။ 

      ကိုဆောင်း  စဥ်းစားတယ်။ ခုနေများ ရွာထဲက လူတယောက်လောက် တွေ့ရရင် ကောင်းမယ်ပေါ့။ ရွာကလူတွေ့ရင် အကူအညီတောင်းပြီး ရွာထဲက သူ့အမျိုးတွေ အကြောင်းကြားခိုင်းမယ် စိတ်ကူးနဲ့။ 

     အဲ့ဒီအချိန်  ကိုဆောင်း ဆန္ဒပြည့်ဝတယ်ပြောရမလား။ ရွာတောင်ထိပ်ကို လူနှစ်ယောက် အတူလာနေတာ မြင်လိုက်ရတယ်။ 

       မှောင်နေပြီဆိုတော့ လာနေတဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာ မကွဲပြားဘူး။ ဒါပေမဲ့ အဲ့ဒီ လူနှစ်ယောက်ကလည်း တူရိယာသံတွေကြောင့် ပွဲလာကြည့်ကြတာနဲ့ တူပါတယ်။ သူတို့ရှိရာကို တန်းတန်းကြီး လာနေကြတယ်။

     အနားရောက်လာမှ ကိုဆောင်း အဲ့ဒီ လူနှစ်ယောက်ကို မှတ်မိတော့တယ်။ 

   " ဟာ ဦးကြီးစံလှဘော်နဲ့ဘဒွေး ကြီးမြင့်ပါလား ၊ အတော် ဖြစ်သွားတာပေါ့ ၊ ခင်စန်း ငါတို့တော့ အကူရပြီဟေ့ "

     ကိုဆောင်းက မခင်စန်းကို အဲ့သလို ပြောလိုက်တယ်ဆိုရင်ပဲ မခင်စန်းခမျာ ကြက်သီးဖျန်းဖျန်းထပြီး ငုတ်တုတ်ထိုင်ချလိုက်ပါတော့တယ်။ ကိုဆောင်းက ဦးစံလှဘော်တို့ကို အော်ခေါ် အကူတောင်းမလို့ဟာကို မခင်စန်းက အဲ့သလို ထိုင်ချလိုက်တော့ ၊ သူပါ ရောထိုင်ပြီး၊

" ဟဲ့  ခင်စန်း  ဘာဖြစ်တာလဲ မိန်းမရဲ့ "

အဲ့တော့မှ မခင်စန်းက အသံတုန်တုန်နဲ့  ကိုဆောင်းကို သတိပေးလိုက်ပါတော့တယ်။

" ကိုဆောင်း ... တော် ရူးနေသလား။ ဦးကြီးစံလှဘော်ရော၊ ဘဒွေးကြီးမြင့်ရော မနှစ်က ဆုံးသွားကြပြီလေတော် ၊ အံမယ်လေး  ကျွန်မတို့တော့   သရဲတစ္ဆေတွေကြား ဒုက္ခရောက်ပါပြီတော် "

အဲ့ဒီတော့မှ  ကိုဆောင်းလည်း ဟေခနဲ အသံထွက် ၊မျက်လုံးပြူးသွားတာပေါ့။ ဟုတ်တယ်လေ ။ပြီးခဲ့တဲ့ တနှစ်က  ဦးစံလှဘော် ဆုံးပြီး ဘာကြာလို့လဲ ။ နောက်တလလောက်ကြာတော့ ဦးကြီးမြင့်လည်း လူကြီးရောဂါနဲ့ ဆုံးသွားတာဥစ္စာ။ 

ကိုဆောင်း မြင်လိုက်ရတဲ့ ကံမရွာသားဆိုတာတွေက တစ္ဆေတွေ။ ကိုဆောင်း အခုမှ ကြောက်ရကောင်းမှန်းသိပြီး၊ ရင်တွေ တဒိတ်ဒိတ် ခုန်နေရှာတယ်။ 

       ဆိုင်းဝိုင်းက ဒီတခါ အလွမ်းသီချင်း မဟုတ်တော့ဘူး။ ခပ်မြူမြူး ကောက်စိုက်တေးကို သီဆိုတီးမှုတ်နေကြပြန်တယ်။ 

       ဆိုင်းသံက မြိုင်လေ၊ တစ္ဆေတွေကလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာလေပဲ။

      ဒါပေမဲ့ လူသားနှစ်ယောက်ဖြစ်တဲ့၊ ကိုဆောင်းနဲ့မခင်စန်းကို သူတို့က ဘာအန္တရာယ်မှ မပေးကြသေးဘူး။ သူတို့က သူတို့ကို မနှောက်ယှက်ရင် ဘာမှ အန္တရာယ်မပြုတဲ့သဘောနေလိမ့်မယ်။ 

      အဓိက က သူတို့ ပွဲ မပြီးမချင်း ကိုဆောင်းတို့ လင်မယားကို ရွာထဲ မပြန်စေချင်တာ ဖြစ်လိမ့်မယ်။ အကယ်၍ ကိုဆောင်းတို့ကိုသာ ရွာထဲ ပြန်ခွင့်ပြုလိုက်ရင် မနက်က သံချောင်းလိုပဲ ရွာထဲက လူတွေ ခေါ်လာမှာကို စိုးရိမ်နေကြတာ ဖြစ်မယ်။

     အကယ်၍သာ ကိုဆောင်းတို့ လင်မယားက ရွာရဲ့ တောင်ဘက် ထွက်ပေါက်လမ်းထိပ်ကို မျှော်ကြည့်လိုက်မယ်ဆိုရင် ...

    ရွာထဲကနေ  တစ္ဆေတွေ တီးနေတဲ့ တီးဝိုင်းကို လာကြည့်ဖို့ ထွက်လာကြတဲ့ ရွာထဲက မကျွတ်မလွတ်သေးတဲ့ တစ္ဆေသရဲတွေကို မြင်ရမှာ အသေအချာပဲ။ 

     ကြည့်လိုက်လေ ရွာတောင်ထိပ်ကို။ လှုပ်လှုပ်   လှုပ်လှုပ်နဲ့  ဖြည်းညှင်းစွာ ထွက်လာနေကြတဲ့ တစ္ဆေတွေဆိုတာ အနည်းဆုံး ဆယ့်လေးငါးကောင်လောက် ရှိလိမ့်မယ်။ 

      သူတို့တွေ  တစ္ဆေတွေရဲ တူရိယာတီးဝိုင်းကို အားပေးဖို့ လာကြတာပဲ ဖြစ်မယ်လေ။

အဲ့ဒါကလွဲရင် သူတို့တတွေ ဘာကိစ္စ စုရုံးစရာ ရှိတာမှတ်လို့။

     ဆိုင်းဝိုင်းက တီးလိုက်ကြ ဆိုလိုက်ကြပါပဲ။ ကိုဆောင်းကတော့ အသာကြိတ်ငိုနေတဲ့ မခင်စန်းကို ပွေ့ဖက်ရင်း သူပါရောကြောက်နေရှာပါတယ်။

      ဒါပေမဲ့ နာရီဝက်လောက်အကြာမှာ ဆိုင်းဝိုင်းဟာ ရုတ်ခြည်း ရပ်တန့်သွားပါတော့တယ်။ ချက်ချင်းပဲ ပွဲကြည့်သူတွေရော၊ ဆိုင်းဝိုင်းထဲက တူရိယာတီးမှုတ်ကြသူတွေပါ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ်။ 

     ဘာကြောင့်လဲဆိုတော့၊ သူတို့ဆိုင်းဝိုင်းရှိရာ သာလာယံဇရပ်ကို ကိုရင်လူထွက် သံချောင်းနဲ့အတူ သူ့ရဲ့ဆရာ ရွာဦးကျောင်းက ကပ္ပိယကြီး ဦးသူတော်တို့ ရောက်လာလို့ပါပဲ။ 

     ဦးသူတော်ဆိုက လောကီအစီအရင်တွေ တတ်ကြွမ်းတဲ့ ရွာဦးကျောင်းက ကပ္ပိယကြီးပါ။ အရင်က ဦးဇင်းတစ်ပါး။ဒါပေမဲ့ သူဝါသနာပါရာ လိုက်စားနေတဲ့ လောကီပညာတွေက သင်္ကန်းနဲ့ မအပ်စပ်လို့ဆိုပြီး လူဝတ်လဲပြီး၊ ကံမရွာဦးကျောင်းမှာပဲ ကျောင်းထိုင် ဆရာတော်ကြီးကို အလုပ်အကျွေးပြုပေးရင်း မှီခိုနေထိုင်သူတယောက်ပေါ့။ 

      သံချောင်းက မနက်က အဖြစ်အပျက်ကို ဦးသူတော်ကို ပြောပြတော့ ၊ 

"   ဒါဆိုရင်  မင်း မြင်တွေ့ခဲ့တာ နာနာဘာဝတစ္ဆေသရဲတွေပဲ ဖြစ်မယ် သံချောင်း ၊ မင်းနဲ့ ပြသနာဖြစ်ပြီး မနက်မိုးလင်းသွားပြီဆိုရင် ညအထိ အဲ့ဒီနေရာကနေ မခွါလောက်သေးဘူး၊ ဒီကောင်တွေ ညဘက် တီးကြမှုတ်ကြ ဆိုကြ ကကြလိမ့်အုံးမယ်ကွ။ ကံမသင့်တဲ့ကောင်တွေကတော့ လူတွေ တီးမှုတ်နေကြတယ်ဆိုပြီး ဝင်ကြည့်လိမ့်မယ်။ 

        အဲ့သလို ဝင်ကြည့်ရင်၊ သူတို့ ပွဲ မသိမ်းမချင်း ပြန်ခွင့်မရဘူးကွ။ ပြန်မယ်ဆိုရင် သူတို့က သေချာပေါက် ခြောက်လှန့်ကြလိမ့်မယ်။ အသည်းငယ်သူဆိုရင် လိပ်ပြာလွင့်တတ်တယ်။ 

       ကဲ  သံချောင်း မင်း သတ္တိရှိရင် ညဘက် ငါနဲ့ အဲ့ဒီ သာလာယံဇရပ် လိုက်ခဲ့။ ငါ  အဲ့ဒီအကောင်တွေကို မောင်းထုတ်ပစ်လိုက်မယ် "

ဦးသူတော်က သေချာရှင်းပြတော့မှ သံချောင်းလည်း နားလည်သွားတယ်။ ဒါပေမဲ့ သံချောင်း သိချင်သေးတာက ဖျာလိပ်ထဲက လူသေအလောင်းအကြောင်းကိုပါ။ 

" ဦးသူတော်  သူတို့ ထမ်းလာတဲ့ လူသေအလောင်းကရော ဘာလဲဗျ ၊ သိရင် ရှင်းပြပါအုံး"

"      အဲ့ဒါက  အတော် သက်တမ်းရင့်နေတဲ့ ပရလောကသားကွ။ လူလိုပြောရမယ်ဆိုရင် စီနီယာ သရဲသဘက်ကြီးပေါ့ကွာ။ ဒီကောင်က ပရလောကမှာ သက်တမ်းရင့်နေပြီဆိုတော့ ကမ္မဇိဒ္ဓိတန်ခိုးကလည်း အတော် ပေါက်ရောက်နေပြီကွ။ လူကိုတောင် သေအောင် ပြုနိုင်စွမ်းတဲ့ တန်ခိုးရှိတယ်။ 

      ဒါကြောင့် အဲ့သလို သရဲဆိုရင် ၊ ရွာတော်ရှင်နတ်တွေက အဝင်မခံကြဘူး။ ရွာအနီးအပါးတောင် အကပ်မခံဘူးကွ။ 

       ဒါကြောင့် အသွင်ပြောင်းပြီး ပုန်းအောင်းနေတတ်ကြတယ်။ အခုလည်း  မင်း တွေ့ခဲ့ရတဲ့ ဖျာလိပ်ထဲက အလောင်းကောင်က သူတို့ရဲ့ ခေါင်းဆောင် သရဲသဘက်ကြီး ဖြစ်လိမ့်မယ် ။ ဒါပေမဲ့ အဲ့သလိုအကောင်က ညဘက်ဆို အစာရှာ ထွက်လာစမြဲပါ။ ဒင်းကို နိုင်ရင် ကျနါတဲ့အကောင်တွေက ပမွှားဖြစ်ကုန်တာပဲကွာ "

" ဆို  အဲ့ဒီသရဲသဘက်ကြီးကို ဦးသူတော်က နိုင်ပါ့မလား"

" ဟကောင်ရ ... ငါက သူ့ထက်ကြီးတဲ့အကောင်တောင် ၊ ခေါင်းမွှေး  တပင်ချင်းနုတ်ပြီး ကြောက်ပြီလား မေးလာတဲ့ ဆရာပါဟ၊ မယုံရင် မင်း ညဘက်ကျရင် မြင်ရပါလိမ့်မယ်ကွာ ၊ဟားဟားဟား "

                _________

အခန်း၅။

   ဦးသူတော်က ရေခွက်ကို လက်တဖက်မှာကိုင်ထားပြီး၊ကျန်လက်တဖက်က သားမြီးယပ်ကို ကိုင်ထားတယ်။ ရေခွက်ကို အနည်းငယ်မြှောက်ကိုင်ပြီး သူ့ပါးစပ်ကနေ ၊

 " ဥုံ ဝဿာကာရော၊ ရက္ခေါဒေဝ " အစရှိသော ဂါထာကို ဦးသူတော်က ခုနှစ်အုပ်မန်းလိုက်တယ်။ 

    ပြီးရင် ဇရပ်ဝန်းကျင်မှာ နေနေကြတဲ့ ခုနက တစ္ဆေသရဲတွေဆီကို မန်းထားတဲ့ ရေခွက်ထဲ သားမြီးယပ်ကို နှစ်ပြီး ပက်ဖျန်းလိုက်တယ်။ 

     အံဩစရာ။တစ္ဆေတွေအကုန်လုံး ပူစပ်ပူလောင် ဖြစ်ကုန်ကြတယ်နဲ့တူပါတယ်။ မြေပေါ်လဲကျပြီး ထွန့်ထွန့်လူးကုန်ကြတယ်။ လူတွေကို အက်ဆစ်နဲ့ ပက်လိုက်သလို လောင်ကြွမ်းကုန်တယ်ထင်တယ်။

      ဦးသူတော်က သူ့လက်ထဲက သားမြီးယပ်ကို အဲ့ဒီရေခွက်ထဲ နှစ်ပြီး၊ သားမြီးယပ်နဲ့ နေရာအနှံ့လိုက် ပက်တယ်။ တစ္ဆေတွေ တကောင်မှ မလွတ်ဘူး။ အကုန် ရေမန်းနဲ့ထိပြီး အတုံးအရုန်း လဲကျကုန်ကြတယ်။ 

     ဒါကို သံချောင်းအပြင်၊ ကိုဆောင်းတို့လင်မယားပါ မြင်ကြရတယ်။ 

      တစ္ဆေတွေ အကုန်အတုန်းအရုံး လဲကျကုန်မှ ဦးသူတော်က ဇရပ်ပေါ် တက်သွားတယ်။ သံချောင်းလည်း နောက်ကျန ကပ်ပါသွားတာပေါ့။ 

     ဇရပ် တဖက်စွန်းမှာ သူတို့ကို ကျောပေးအနေအထားနဲ့ ကြီးမားတဲ့ ကိုယ်ထည်ရှိတဲ့ လူတယောက် ကျောပြောင်ကြီးနဲ့ ငုတ်တုတ်ထိုင်နေတယ်။ သူ့အနီးမှာ မနက်က သံချောင်းတွေ့ခဲ့ရတဲ့ ဖျာလိပ်ကြီး ရှိတယ်။

       အဲ့ဒီလူက နောက်လှည့်မကြည့်ပဲ 

" နင်တို့  ငါ့ဆီက ဘာလိုချင်လို့  ဒီလို လုပ်တာလဲ ။ ငါတို့က နင်တို့ကို ဘာနှောက်ယှက်မိလို့လဲ "

အဲ့သလိုပြောပြီး မတ်တတ်ထလာတယ်။ 

" ဟာ   အရပ်က အမြင့်ကြီးပဲ"

ဟုတ်တယ်။ အဲ့ဒီလူ မတ်တတ် ထရပ်လေမှ အရပ်က ၇ပေကျော်မြင့်တဲ့ လူမှန်း သိလိုက်ရတယ်။ ဆံပင်ကလည်း အရှည်ကြီး။ ခုထိ သူ့မျက်နှာကို မမြင်ရသေးဘူး။

ဦးသူတော်က လေသံမှန်မှန်နဲ့

" မင်းတို့ ဘာအကြံနဲ့ ငါတို့ကံမရွာအနီး ချည်းကပ်လာတာလဲ "

" ငါတို့ မင်းတို့ရွာထဲ မဝင်ပါဘူး၊ ရွာပြင်သာလာယံဇရပ်မှာပဲ ခဏ နားခိုတာပါ "

" ဒါဆို ဘာလို့ ဟောဟိုက င့ါရွာသားနှစ်ယောက်ကို အိမ်ပြန်လို့ မရအောင် တားဆီးထားကြတာလဲ ၊ မှန်မှန်ပြောစမ်း "

" အဲ့ဒါ  ငါ့လူတွေ အမှားပါ။ သူတို့က ငါ့အတွက် ဆိုပြီး အစာရှာပေးကြတဲ့သဘော"

" လက်စသတ်တော့ မင်းက ဒီတစ္တေတွေရဲ့ ခေါင်းဆောင် သဘက်ကြီးကိုး "

"  အား  "

သဘက်ကြီးက သူ့ကိုသဘက်ကြီးလို့ ခေါ်လိုက်လို့လား၊ ရေမန်းထိသောကြောင့်လား မသိပါဘူး။နာကျင်စွာ အော်လိုက်ပြီး ဇရပ်ပေါ်က ခုန်ဆင်းသွားတယ်။ 

သံချောင်းရော၊ ကိုဆောင်းတို့လင်မယားပါ ဘုရားတလိုက်မိကြတယ်။

မြေပေါ်ရောက်လေမှ သဘက်ကြီးရဲ့ အရပ်က ဇရပ်ခေါင်မိုးလောက် မြင့်မားလာတာကိုး။ 

ဒါပေမယ့်  သဘက်ကြီးခမျာ ဝေးဝေး မပြေးနိုင်ရှာပါဘူး။

ဇရပ်အပြင်ဘက်မှာလည်း ဆရာဦးသူတော်က ကြိုတင်ပြီး အစီအရင် လုပ်ထားခဲ့တာကိုး။

ဦးသူတော်က  

"ဥုံ နယေပရံယုတ္တေ၊ နယေပရံယုတ္တေ "

 ဂါထာကို ရွတ်တယ်။ ခုနက မြေမှာ မြုပ်ထားခဲ့ အစီအရင်တွေကို နှိုးတာနဲ့ တူပါတယ်။ 

    သဘက်ကြီး ရပ်နေတဲ့ မြေကြောက လှုပ်ရှားလာတယ်။ ဖွာခနဲ  ဖွာခနဲ မြေစာတွေက လေပေါ် ပျံကြွကုန်တယ်။ သဘက်ကြီးဟာ ကြည့်နေရင်း ထိတ်လန့်လာတယ်။ မလန့်ပဲ ခံနိုင်ရိုးလား။ ဦးသူတော်က မြေဘုတ်ဘီလူးနှစ်ကောင်ကို အခိုင်းအစေအဖြစ်နဲ့ သဘက်ကြီးကို ချုပ်ခိုင်းထားလိုက်တာကိုး ။

   နောက်ဆုံး သဘက်ကြီးဟာ ဆရာဦးသူတော်ကို အန်တုဖက်ပြိုင်ဖို့ မဝန့်တော့ပါဘူး။ တခါတည်း ဒူးထောက် အညံ့ခံရရှာတယ်။

       ဦးသူတော်က သဘက်ကြီး ကျောပေါ် ခြေထောက်တင်ပြီး ၊ နောက်နောင် သူနေတဲ့ ကံမရွာသားတွေကို မနှောက်ယှက်ဖို့နဲ့ ပြုစားဖမ်းစားထားတာရှိရင် အခုချက်ချင်း လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။

   သဘက်ကြီးလည်း ချက်ချင်းပဲ  ရွာတောင်ဘက် ကုက္ကိုတန်းမှာ လွှတ်ကျောင်းထားတဲ့ နွားနှစ်ကောင်ကို သူ စားဖို့ ဖမ်းထားကြောင်း၊ အဲ့ဒီနွားကျောင်းသားကို မျက်စိမှောက်အောင်လုပ်၍ အိမ်မပြန်နိုင်အောင် ပြုစားထားကြောင်း ဖွင့်ပြောတယ်။ 

    ဦးသူတော်က လွှတ်ပေးလိုက်ဆိုတော့မှ  နွားကျောင်းသားကိုရော နွားကိုရော လွှတ်ပေးလိုက်ပါတယ်။ 

     ဦးသူတော်လည်း  ကျေနပ်လောက်တဲ့အထိ စစ်ဆေးပြီးမှ သရဲသဘက်ကြီးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

     ဦးသူတော်လက်က လွတ်ပြီဆိုတာနဲ့ သဘက်ကြီးခမျာ လှစ်ခနဲ ပြေးထွက်ပျောက်ကွယ်သွားတယ်။

    ဦးသူတော်က  ကိုဆောင်းတို့လင်မယားထံ ကတိတခု တောင်းတယ်။ 

 အဲ့ဒါကတော့ အခု သူတို့ မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောကြဖို့ပါပဲ။ ဘာလို့  ဒီလို တားမြစ်ရပါဆိုတဲ့အကြောင်းကတော့

ဦးသူတော်အား လောကီအစီအရင်ကိစ္စများကို မပြုလုပ်ရန် ကံမရွာဦးကျောင်းဆရာတော်က တားမြစ်ထားလို့ပါတဲ့လေ။

အားလုံး ပြီးသွားတဲ့အခါ၊ ဦးသူတော်က သဘက်ကြီး ပုန်းအောင်းနေတဲ့ ဖျာလိပ်ကြီးကို သူနေတဲ့ ဘုန်းကြီးကျောင်းကို ယူသွားပါတယ်။

အဲ့ဒီဖျာလိပ်နဲ့  ရှိန်းဆာယာ ဆေးတဖုံ ဖေါ်မယ့်အကြောင်း သူ့တပည့်ကျော် ကိုရင်လူထွက် သံချောင်းကို အပြန်လမ်းမှာ အာဘောင်အာရင်းသန်သန်နဲ့  တလမ်းလုံး နားညီးလာခဲ့ပါတယ်ဆိုရင်ဖြင့် ...

ပြီးပါပြီ။

ပီပီ(မန္တလေး)

#lotaya_shortstory




Some text some message..