မောင့်လက်ကိုဆွဲ မောင်နဲ့မခွဲ _ အပိုင်း ( ၁၂ ) ( ဇာတ်သိမ်းပိုင်း)
lotaya.mpt.com.mm
|
2022-04-24

တံခွန်သွေး နွားနို့ခွက်လေးယူကာ အပေါ်ထပ်တက်လာခဲ့ရင်းမှ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ ဝရန်တာတွင် မေးလေးထောက်ကာ ရပ်နေရင်း ငေးကြည့်နေသည့် မုန်းကိုတွေ့လိုက်ရသဖြင့် သဘောကျစွာ ပြုံးမိသွားရသည်။ နွားနို့ခွက်ကို စားပွဲပေါ်တင်လိုက်ရင်းမှ မုန်းဆီလျှောက်လာခဲ့ကာ အနားတွင် ဝင်ရပ်လိုက်ရင်း မျက်နှာလေးကို ငေးကြည့်မိသည်။

" မုန်း....... "

ပြန်မထူးသလို ငဲ့ပင်ကြည့်မလာပေမယ့် သူ့ဆီ ပြန်လာပေးတာတင် ကျေနပ်မဆုံး ပျော်မဆုံးပင်။ 

" မောင် အရမ်းပျော်တာပဲ မုန်းရယ်။ မုန်း မောင့်ကို ခွင့်လွှတ်ပြီပေါ့နော်။ "

မောင့်စကားကြောင့် မုန်း ဖျတ်ခနဲ မကျေမနပ် ငဲ့ကြည့်မိသွားသလို မျက်မှောင်လေးကျူံ့မိ၏။ မောင့်မေမေဟာ မုန်းကို အတော်တောင်းပန်ခဲ့သလို မောင့်စိတ်ဒဏ်ရာတွေကို တစ်စိတ်တစ်ဒေသ ပြောပြခဲ့၏။ ခေါင်းမာတတ်သည့် မုန်းအကျင့်ကို မောင့်မေမေ၏ မိခင်မေတ္တာက ချေဖျက်နိုင်ခဲ့သလို တတွတ်တွတ်ဖျောင်းဖျခဲ့သည့် မောင့်မေမေစကားအရ မုန်းဟာ မုန်း ရင်သွေးကို မုန်း၏ မာန အတ္တကြောင့် မောင့်လိုမဖြစ်စေချင်သော မိခင်မေတ္တာဖြင့်သာ ပြန်လက်ခံခဲ့ခြင်းပင်။ 

" မင်းဆီပြန်လာတာ မင်းကိုခွင့်လွှတ်တယ်လို့ မဆိုဘူး တံခွန်သွေး။ မင်းအမေကို သနားလို့ ပြီးတော့ မုန်းရဲ့ကလေးကို မိဘအစုံအလင်ရှိပါလျက်နဲ့ မိတကွဲ ဖတကွဲ ဖြစ်မှာစိုးလို့ဆိုတာ သိထားပါ။ "

မုန်းစကားကို ခပ်ပြုံးပြုံး နားထောင်နေရင်းမှ မုန်းလက်ကို အသာလှမ်းကိုင်လိုက်သည့် မောင့်ကြောင့် မုန်း ရုန်းရန်ပြင်လိုက်ပေမယ့် မောင်ကအတင်းဆွဲကိုင်ထားရင်း မုန်းလက်ကလေးကိုဆွဲယူကာ နမ်းရှိုက်လာသဖြင့် မုန်း မနေတတ်သလို မျက်နှာလွှဲမိ၏။ 

" ဘယ်လိုပဲဖြစ်ဖြစ်ပါ.....မောင်ကတော့ အရမ်းပျော်တယ်။ ကျေးဇူးတင်ပါတယ် မုန်းရယ်....မောင် နောက်ဆို မုန်းစိတ်ဆင်းရဲအောင် ဘယ်တော့မှမလုပ်ဘူးလို့ ကတိပေးတယ်။ မောင် လိမ္မာပါ့မယ်နော်။ "

မုန်း မသိဟန်ဆောင်ကာ အခန်းထဲပြန်ဝင်လာခဲ့သလို မောင်က အနောက်မှလိုက်လာရင်း စားပွဲပေါ်မှ နွားနို့ခွက်ကို လှမ်းယူကာ မုန်းဆီ ကမ်းပေးလာသည်။ 

" အားရှိအောင် နွားနို့လေး သောက်လိုက်ဦးနော်။ "

မုန်း သူ့လက်ထဲမှ နွားနို့ခွက်ကို ယူကာ မော့သောက်ရင်း ပြန်ကမ်းပေးလိုက်တော့ စားပွဲပေါ် သွားတင်ပြီး အနားလာပြန်ဝင်ထိုင်သည်မို့ မုန်းထရပ်ရန် ပြင်လိုက်သည်။

" ထိုင်နေပါ မုန်းရယ်.....မုန်း ဗိုက်က သိပ်မထွက်ဘူးနော်။ ကလေးများ အားနည်းနေလို့လားဟင်။ "

အပျိုဗိုက်မို့ သိပ်မထွက်ခြင်းကို မသိပဲ ကြံဖန်ပူနေသည့် မောင့်ပုံစံကြောင့် မုန်း မျက်စောင်းထိုးလိုက်မိသည်။ နေ့လည်ခင်း တရေးအိပ်နေကျမို့ အိပ်ယာထက် အသာလှဲရန်ပြင်တော့ တံခွန်သွေး ကပျာကယာ ထကာ ကူတွဲရင်း ဖြည်းဖြည်းချင်းလှဲချစေ၏။ စောင်လေးခြုံပေးရင်းမှ တခဏအတွင်း မုန်းအိပ်ပျော်သွားသည်ကို စောင့်နေကာ အိပ်သွားမှန်း သေချာတော့ လက်လေးဖြင့် မုန်း၏ ဗိုက်လေးကို မရဲတရဲ စမ်းကြည့်မိသည်။.

မုန်း သိပေမယ့် မသိသလို အိပ်ချင်ယောင်သာဆောင်နေလိုက်သည်။ မောင့် ဆီမှ သဘောကျစွာ တဟွန်းဟွန်းရယ်သံထွက်လာလိုက် ဗိုက်ထဲက ကလေးကို နှုတ်ဆက်လိုက် စကားပြောလိုက် အသံတွေနားထောင်ရင်း မုန်းလဲ တဖြည်းဖြည်း အိပ်မောကျသွားရသည်။ 

--------------------------

ဝေါ့.....အော့....အော့

ဘေစင်တွင် ထိုးအန်နေသည့် မုန်းကို အနောက်မှကျောလေးပွတ်ပေးရင်း တံခွန်သွေး စိတ်ပူစွာ မျက်စိမျက်နှာ ပျက်နေရသည်။ မုန်းက အကြော်ဟင်းတွေ ဘယ်လိုမှ အနံ့မခံနိုင်သလို အနံ့ရသည်နှင့် အန်တော့သည်။ အန်ပြီးတိုင်းလဲ ရင်ဘတ်လေး ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် မောပြီး ကျန်နေခဲ့တာမို့ သူဘယ်လိုမှ မကြည့်ရက်နိုင်။ 

" မုန်း သက်သာရဲ့လားဟင်.....ရေလေးသောက်လိုက်နော်။ "

ကမ်းပေးလာသည့် ရေခွက်ကို အနည်းငယ် ယူသောက်လိုက်ရင်းမှ မောပန်းစွာ ခုံလေးတွင်ထိုင်ချမိသည်။ မောင် အော်ထုတ်ပစ်တာမို့ ဟင်းပွဲတွေသိမ်းလိုက်ရသလို အန်ထားသည့်အရှိန်ဖြင့် မျက်ရည်စလေးတွေပင် ဝဲနေတော့ တစ်ရှူးယူကာ မောင်က သုတ်ပေးလာ၏။

.

" မုန်း အရမ်းပင်ပန်းနေပြီ။ အိုဂျီနဲ့ပြရင် သေချာပြောရမယ်။ မုန်း ခု ဘာစားချင်လဲ မောင်ဝယ်ပေးမယ်လေ။ "

မုန်းခေါင်းလေးခါယမ်းလိုက်မိရင်းမှ စားပွဲပေါ်ခေါင်းလေးမှောက်ချမိသည်။ 

" မုန်း အိပ်ချင်ရင် အခန်းထဲသွားမယ်လေ.....ဒီမှာ မအိပ်နဲ့။ "

မုန်းကိုယ်လေးကို အသာအယာဆွဲထူရင်းမှ အပေါ်တက်လာခဲ့သလို အိပ်ယာထက် ပင်ပန်းစွာလှဲနေသည့် မုန်း၏ လက်လေးတွေကို ဆုပ်ကိုင်ထားရင်း ဘေးမှ စောင့်နေပေးမိသည်။ သူ့ရင်သွေးကို မွေးပေးဖို့ရာ မုန်းအရမ်းပင်ပန်းလှပါလားဟု တွေးမိသလို တစ်ချက်မညည်းညူတာမို့ ပိုချစ်ရပြန်သည်။ 

အိမ်ပြန်လာပေမယ့် မုန်းဟာ ခုထိ သူ့ကို စကားကောင်းကောင်းမပြောသေးသလို အဖက်မလုပ်ပါ။ သူပဲ စကားမရှိ စကားရှာလိုက်ပြောရသလို မုန်းကတော့ တစ်နေကုန်နေလို့ စကားသုံးခွန်းပြည့်အောင်မပြော။ အမြဲတမ်း မျက်နှာလေးတည်တင်းနေကာ သူ့ကို ကလန်ကဆန် လုပ်တတ်သလို အခြားသူတွေနဲ့ဆိုလျှင်တော့ ခပ်အေးအေးလေး ပြုံးနေတတ်သည်။

@@@@@@@@@@@

တံခွန်သွေး ကားပေါ်မှဆင်းလိုက်သည်နှင့် တစ်ဖက်ကားတံခါးကို အပြေးလေး သွားဖွင့်ပေးလိုက်သလို ကားပေါ်မှ မုန်းလက်ကလေးကိုဆွဲကာ အသာဆင်းစေ၏။ ကားတံခါးပြန်ပိတ်ရင်း ဆေးရုံထဲအတူဝင်လာခဲ့သလို မုန်းကို အိုဂျီရက်ချိန်းလာပြခြင်းပင်။ 

" မုန်း ခေါင်းမူးနေသေးလား။ "

ခေါင်းလေးယမ်းပြမှ သူစိတ်အေးသွားရရင်း မုန်းနဲ့အတူ အလှည့်မရောက်သေးသဖြင့် ထိုင်ခုံတွင် စောင့်နေလိုက်သည်။ မုန်းမျက်နှာလေးကို မျက်တောင်မခတ်တမ်း အရိပ်တကြည့်ကြည့် ကြည့်နေရင်းမှ ဘာများလိုမလဲဟု မျက်ခြည်မပြတ် စောင့်ကြည့်သည်။ 

" ဟာ....ဟေ့ ဟေ့ ကလေးတွေ ဒီနားလာမဆော့နဲ့လေ။ ခိုက်မိကုန်မယ်။ "

မုန်းတို့အနား ပြေးလွှားရင်း အရုပ်ဓားလေးတွေကိုင်ကာ ဆော့နေသည့် ကလေးနှစ်ယောက်က မောင့်ဆီမှ ဆူပူသံကြောင့် ခပ်မဲ့မဲ့လေးဖြစ်သွားကြသည်။ မောင်က မျက်နှာကြီးတည်ရင်း ဖြဲခြေုက်လိုက်တာမို့ ကလေးနှစ်ယောက်က ဗြဲခနဲငိုကာ ပြေးထွက်သွားကြတာမို့ မုန်း မောင့်လက်ကိုလှမ်းရိုက်ကာ ရန်တွေ့မိသည်။

" ကလေးတွေကို ဘာလို့ခြောက်ရတာလဲ....ငိုသွားပြီ။ "

သူ့ကို မကျေနပ်သလို ကြည့်ကာ ရန်တွေ့လာသည့် မုန်းကြောင့် .....

" မဟုတ်ဘူးလေမုန်းရယ်။ မတော်တဆ အဲ့ဒါတွေနဲ့ မုန်းဗိုက်ကို ခိုက်မိရင် ဘယ်လိုလုပ်မလဲဗျ။ ကလေးဆိုတာ အဆော့အရမ်းမက်တာ. ...ဘာမှမြင်တာမဟုတ်ဘူး။ "

" ဒါလောက်တော့ ငါလဲသိပါတယ်.....မင်းက လွန်လွန်းတယ် ။ 

သူ့အားမျက်စောင်းလေးထိုးရင်းမှ တစ်ဖက်လှည့်ထိုင်ပစ်သည့် မုန်းကြောင့် တံခွန်သွေး ဟင်းခနဲ သက်မချမိသည်။ လွန်ပါစေပေါ့...ကိုယ့်ဗိုက်မို့ကိုယ်သဲတာပဲ ဘယ်သူ့ဂရုစိုက်မှာမို့လဲ။ တစ်ခုခုဆို သူပဲ ရင်ကျိုးရမှာ။ 

" ဂမုန်းနွယ်....

" ရှိတယ်....ရှိတယ် လာ မုန်း ဖြည်းဖြည်းချင်း ထ။"

မုန်းကိုယ်လေးကို လက်တစ်ဖက်ဖြင့် ပခုံးမှသိုင်းဖက်ကာ တစ်ဖက်ကမုန်းလက်လေးဆွဲ၍ ဆရာဝန်အခန်းထဲ ဝင်လာခဲ့သည်။ ဆရာဝန်ပြတော့လဲ မုန်းပြောရသည်မရှိပဲ သူသာတတွတ်တွတ်ပြောနေသလို အစုံအလင်မေးလွန်းသဖြင့် အိုဂျီဆရာဝန်မကြီးတောင် ခပ်ပြုံးပြုံး။ 

---------------------------

" သမီး မုန်းတို့ လာပြီလား။ "

အိမ်ထဲဝင်လိုက်သည်နှင့် ပြုံးရယ်ကာ ထွက်လာသည့် ဒေါ်ကြည်ပြာအား တံခွန်သွေး ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သလို ဝယ်လာသည့် အသီးတွေအား ကမ်းပေးရင်း....

" အန်တီလေးအတွက် ဝယ်လာတာ...."

" ကျေးဇူးပါ သားရယ်။ လာ လာ...."

တံခွန်သွေး မုန်းလက်လေးကို ဆွဲကာ ထမင်းစားခန်းထဲ လိုက်ဝင်လာရင်းမှ ထမင်းစားခန်းတွင် ထိုင်နေသည့် ထွဋ်ခေါင်သျှင် ကို မြင်တော့ မျက်နှာက ကွက်ခနဲပျက်သွားရသည်။

" ကိုကိုရောက်နေတာပဲ....."

" ဟုတ်တယ်.....နွယ်လေးရော ဆေးခန်းပြခဲ့တာ ဘာတဲ့လဲ။ "

" မုန်း နဲ့ ကျွန်တော့်ကလေးက ကျန်းမာတယ်တဲ့။ အနေအထားလဲ အဆင်ပြေတယ် နော် မိန်းမ ။ "

အူတိုကာ မဏ္ဍပ်တိုင်ထတက်ပြနေသည့် တံခွန်သွေးကြောင့် ထွဋ်ခေါင်သျှင် ပြုံးမိသလို ဒေါ်ကြည်ပြာလဲ မုန်းကို မျက်စလေးပင့်ပြ၏။ မုန်းကတော့ မသိသလိုလေးလုပ်ကာ ခုံတွင်ဝင်ထိုင်ရင်းမှ ဟင်းချိုတစ်ဇွန်းခပ်သောက်နေတာ မထုံတက်တေး။ 

" ထည့်စားနော် ကိုကို.....ရော့ ဟင်းတွေစား။ "

ထမင်းစားနေရင်းမှ ထွဋ်ခေါင်သျှင်၏ ထမင်းပန်းကန်ထဲ ဝက်သားဟင်းခပ်ထည့်ပေးလိုက်သည့် မုန်းကြောင့် တံခွန်သွေး ရင်ထဲခံရခက်သွားသလို ထွဋ်ခေါင်သျှင်လဲ ပြုံးစိစိဖြင့် သူ့ကို လှမ်းကြည့်လာသည်။

" မုန်း မောင့်ကိုလဲ ထည့်ပေး။ "

" မင်းဘာသာထည့်စားပါလား.....လက်မပါတာကျနေတာပဲ။ "

" သမီးမုန်း....."

အန်တီလေးက မကြိုက်သလို လှမ်းဟန့်တာမို့ မုန်း စူပုတ်ပုတ်လေးဖြစ်သွားရသည်။ မောင့်ကို ငဲ့ကြည့်မိတော့ စိတ်မကောင်းဖြစ်သွားပုံရကာ ခပ်ဆိတ်ဆိတ်သာ ခေါင်းငုံ့ရင်း စားနေတာမို့ ဝက်သားတစ်တုံးခပ်ထည့်ပေးတော့ မုန်းအား ငဲ့ကြည့်လာသည်။

" မင်းနဲ့တည့်တာမဟုတ်ဘူး......အာသာပြေတစ်တုံးပဲစား။ "

သူ ပြုံးမိသွားသလို ရင်ထဲလှိုက်ခနဲ ကြည်နူးသွားရ၏။ စောနကအထိ ဝမ်းနည်းနေသည့်စိတ်ဟာ မုန်း ဟင်းခပ်ထည့်ပေးတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။ ပြီးတော့ ဝက်သားစားလျှင် သူခေါင်းမူးတတ်တာလဲ မုန်း မမေ့ဘူးမဟုတ်လား။ 

" မုန်း စားလေ.....ဘာလို့လဲ စားမကောင်းဘူးလား။ "

" ငါးဟင်းစားချင်တယ်။ "

တံခွန်သွေး ငါးဟင်းကို ခပ်ယူလိုက်ရင်း သေချာအရိုးနွှင်ကာ မုန်းစားလို့ရအောင် ပြင်ပေး၏။ ဒေါ်ကြည်ပြာရော ထွဋ်ခေါင်သျှင်ပါ အချင်းချင်း ကြည့်လိုက်မိရင်း ပြိုင်တူပြုံးမိ၏။ အစထဲက ဒီလိုသာ မြင်ချင်ခဲ့သည် မဟုတ်ပါလား။

@@@@@@@@@@

တူ......တူ.....တူ...

ဖုန်းမြည်သံကြောင့် မုန်း ဖုန်းကိုင်လိုက်သလို တစ်ဖက်မှ ကိုမြတ်သူအသံက အလောတကြီး ထွက်လာ၏။

" ဂမုန်းနွယ်.....ခွန်သွေး ကားတိုက်လို့။ "

" ရှင်....."

မုန်းအလန့်တကြားဖြစ်သွားရသလို ရင်ထဲထိတ်သွားရရင်းမှ မောင့်မျက်နှာကို ပြေးမြင်မိ၏။ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရင်း ရှိုက်သံလေးထွက်လာတော့....

" အခု အာရှတော်ဝင်မှာ.....အမြန်လာခဲ့ပေးပါ။ "

မုန်း ဖုန်းချလိုက်ပေမယ့် ကတုန်ကယင် ​ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။ ကြီးမေက အနားရောက်လာရင်း မုန်းပုံစံကို ကြည့်ကာ.....

" မမလေး.....ဘာဖြစ်လို့လဲ ။ "

" ကြီး.....ကြီးမေ မောင် မောင်ကားတိုက်လို့တဲ့..အဟင့်.....ဟင့်..."

" ဟယ်.....ဒုက္ခပါပဲ။ ဘုရားရေ.........လိုက်သွားမှရမှာပေါ့......ဘယ်ဆေးရုံမှာတဲ့လဲ။ "

ကြီးမေက မုန်းကို ဆွဲခေါ်လာသည့်တိုင် မုန်းက စိတ်နဲ့လူနဲ့မကပ်တော့။ ဆေးရုံမေးသည်ကို ဖြေလိုက်လား မဖြေလိုက်လားမသိတော့သလို ကားပေါ်ဘယ်လိုရောက်လာမှန်းလဲမသိ။ မောင့်ကို မုန်း ခုချိန်ထိ ခွင့်လွှတ်ကြောင်းပင်မပြောရသေးသလို အမြဲ စိတ်တိုနေသည်က များသည်။ ဆေးရုံထဲဝင်လာရင်း မုန်း မျက်ဝန်းမှာ မျက်ရည်တွေပြည့်လျှံနေတာမို့ ဘာမှ သဲသဲကွဲကွဲပင် မမြင်ရပဲ ကြီးမေဆွဲခေါ်ရာသာပါလာ၏။

" ဟယ်.....ဟိုမှာ မောင်ခွန်သွေး မဟုတ်လား။ "

"ဟင်!"

မုန်း ကြည့်လိုက်မိတော့ ခေါင်းမှာပတ်တီးအဖွေးသားနှင့် မုန်းဆီလျှောက်လာသည့် မောင့်ကို မြင်လိုက်ရသဖြင့် မုန်း အပြေးလေးလျှောက်လာမိသည်။

" ဟာ.....မုန်းရယ် ဘာလို့ အမြန်လျှောက်ရတာလဲ။"

" မောင် ဘာမှမဖြစ်ဘူး နော်....ကားတိုက်လို့ဆို။"

သူ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း မျက်ရည်တွေဖြင့် မေးနေသည့် မုန်းပုံစံကြောင့် သူ အံ့အားသင့်သွားရရင်းမှ မျက်ရည်စတွေသုတ်ပေး ကာ ရယ်ကျဲကျဲလုပ်နေသည့် မြတ်သူကြောင့် ရိပ်မိသွားရ၏။

" မင်း မုန်းကိုပြောလိုက်တာလား။ မပြောပါနဲ့ ဆို။ "

" ငါလဲ မင်းမိန်းမ ဒီလောက်စိုးရိမ်တတ်မှန်းမသိလို့ပေါ့.....အဟင်းးးးမဂမုန်းနွယ်က မင်းကိုအတော်ချစ်ပုံရတယ်။ "

အို.....ခုမှ မုန်းမျက်နှာလေးနီရဲသွားရရင်း ကိုမြတ်သူ ဟိုတစ်ခါကလို လိမ်ပြန်ပြီမှန်း သိလိုက်၏။ တံခွန်သွေး မုန်းပုံစံလေးကိုကြည့်ကာ ပြုံးလိုက်မိရင်းမှ....

" နောက်တစ်ခါ မုန်းလန့်အောင် မစစမ်းပါနဲ့။ မောင်တို့ပြန်ရအောင်။ "

" ဟင်.....မောင်က.... "

" ဘာမှမဖြစ်ပါဘူး.....ပွတ်မိရုံလေး။ ခေါင်းက ကွဲသွားလို့တစ်ချက်ပဲချုပ်ရတယ်။ စိတ်ပူဖို့မလိုဘူး။ "

မုန်းလက်လေးကိုဆွဲကာ ပြန်ခေါ်လာသည့် မောင့်ဘေးမှ အသာလိုက်လာရင်း ခုချိန်ထိ မုန်းဟာ မောင့်ကို မမုန်းခဲ့ဖူးတာ အမှန်ပင်။ မောင့်လက်ကိုစဆွဲလိုက်မိသည့်အချိန်ကစ မောင်နဲ့တစ်သက်မခွဲပဲ နေသွားမည်ဟု ဆုံးဖြတ်ခဲ့တာမို့ စိတ်ဆိုးတာတောင် မောင့်ရှေ့ရောက်သည်နှင့် စိတ်ပျော့ရစမြဲ။ 

----------------------

ကိုးလကြာပြီးနောက်.......

ဒေါ်ပန်းငုံ ဧည့်သည် ရောက်နေသည်ဆိုတာမို့ အောက်ထပ်ဆင်းလာကာ ဧည့်ခန်းထဲ ဝင်လာ၏။ ဧည့်ခန်းအဝမှာတင် ခြေလှမ်းတို့က ရပ်တန့်သွားရသလို မယုံကြည်နိုင်စွာ ငေးကြည့်နေမိ၏။ 

တံခွန်သွေး မနေတတ်သလို မျက်နှာပူစွာ မျက်နှာလွှဲလိုက်မိစဥ် သူ့ဘေးမှာရပ်နေသည့် မုန်းက သမီးကိုချီထားရာမှ ပြုံးလိုက်ကာ.....

" သီတင်းကျွတ်ခါနီးပြီမို့ မုန်းတို့ မေမေ့ကို လာကန်တော့တာပါ။ "

ဟင်.....ဒေါ်ပန်းငုံရင်ထဲ သိမ့်ခနဲ ဖြစ်သွားရသလို သားကိုကြည့်မိတော့ မသိသလို မျက်နှာလွှဲနေ၏။ ဒါဟာ ပထမဆုံးအကြိမ် သူမ၏ အိမ်ကို သားခြေချခြင်းပင်။ မုန်း သမီးလေးအား မောင့်ဆီလွှဲပေးတော့ မောင်က သူ့သမီးသူချီကာ ငြိမ်နေတာမို့ မုန်း မောင့်ခါးကို အသာဆွဲဆိတ်ကာ မေးဆတ်ပြလိုက်၏။

တံခွန်သွေး မုန်းပုံစံလေးကြောင့် သက်ပြင်းချရင်းမှ သမီးကိုချီကာ မေမေ့ဆီလျှောက်လာခဲ့သည်။ မျက်နှာချင်းဆိုင်ရပ်လိုက်မိရင်းမှ သူ့ကို မျက်ရည်စတွေ ဝဲကာ ငေးကြည့်နေသည့် မေမေ့ထံ သမီးကိုကမ်းပေးရင်း.....

" အမေ့မြေးလဲ မျက်နှာလာပြတာ။ "

ဒေါ်ပန်းငုံ ကလေးကို ကပျာကယာ ပွေ့ချီလိုက်ရင်းမှ ကြည့်မိတော့ သားနဲ့ပိုတူသည်။ ကိုယ့်ချွေးမ ကလေးမွေးတာ သိသလို  ကိုယ့်မြေးဦးလေးအား သွားကြည့်ချင်ပေမယ့် သား စိတ်ဆိုးမှာကြောက်၍ အဝေးမှခိုးကြည့်ခဲ့ရသည့်အဖြစ်။ 

ဆိုဖာပေါ်ထိုင်ကာ ကန်တော့ခံနေရင်း ရင်းထဲတသိမ့်သိမ့်ဖြင့် ကြည်နူးမှုကြောင့် မျက်ရည်တွေပင်ကျလာရသည်။ ရင်ခွင်ထဲ ပွေ့ထားသည့်မြေးလေးကို ကြည့်ရင်း ပြုံးမိသလို အငိုမျက်လုံး အပြုံးမျက်နှာဆိုတာ ဤကဲ့သို့အခြေအနေ သည်ခံစားချက်မျိုးထင်ပါရဲ့။

" အမေ တောင်းပန်ပါတယ် သားရယ်။ အမေ့ကြောင့်....."

" ကျွန်တော် တကယ်တောင်းပန်ပါတယ် ။ ကျွန်တော့် ဒဏ်ရာမှန်သမျှ အမေ့ပေါ်ပုံချမိတာ ကျွန်တော် မတရားမှန်း သိပါတယ်။ ဒါပေမယ့်......"

" အတိတ်က ဘာအရေးကြီးလို့လဲ မောင်ရယ်။ လက်ရှိ ကိုယ့်ဘေးရှိနေတဲ့ လူကို တန်ဖိုးထားရမှာပေါ့။ ဘယ်လောက်နာကြည်းနာကြည်း ဘယ်လောက်မုန်းမုန်း ခွင့်လွှတ်ပေးရတာ မိသားစုပဲ မဟုတ်လား။ ကိုယ့်မိသားစုနွေးထွေးအောင် မုန်းတို့ကြိုးစားကြရအောင်နော်။ "

သူ့လက်ကိုဆုပ်ကိုင်ရင်း ခပ်အေးအေးလေးပြုံးကာ နှစ်သိမ့်လာသည့် မုန်းကြောင့် တံခွန်သွေး ခေါင်းငြိမ့်ပြလိုက်မိသည်။ မေမေ့ကို ဆက်မပစ်ထားဖို့ ၊ နောင်အခါ မရှိမှ နောင်တရမှာမျိုး သူ့ကို မဖြစ်စေချင်ဘူးဆိုကာ အတင်းနားချခဲ့ခြင်းပင်။ သမီးလေးရလာတော့ မိဘနေရာရောက်လာသည်မို့ သူလဲ နားလည်လာနိုင်၏။ သူ့ကို ငေးကြည့်ရင်း ခုချိန်ထိ ငိုနေသည့် အမေ့ခြေဖမိုးပေါ် မျက်နှာအပ်ကာ ကန်တော့လိုက်ရင်းမှ စိတ်ကိုလျှော့ချမိတော့ ရင်ထဲလေးပင်နေသမျှက လွှတ်ချလိုက်သလို ပေါ့ပါးသွားရ၏။ 

မုန်း မှန်ပါသည်။ မိသားစုဆိုတာ ပစ်ပယ်ထားလို့မှ မရနိုင်ပဲလေ။ အမေ မရှိမှ သူတမ်းတမနေချင်....ရှိတုန်း ကောင်းပေးနိုင်ဖို့သာ ကြိုးစားတော့မည်ဟု တွေးလိုက်တော့ သူ့စိတ်ဟာ အေးချမ်းခဲ့ပါသည်။ 

@@@@@@@@@@@@@@@@@@@@@

Broken Family မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ စိတ်ဒဏ်ရာ ကိုယ်စီရှိတတ်ကြသလို အနည်းအများသာကွာပါလိမ့်မယ်။ အားငယ်မယ် ၊ သိမ်ငယ်မယ် ၊ စိတ်ခဏခဏကောက်မယ် ၊ သူတို့ကို စွန့်ပစ်မှာ ကြောက်ကြမယ်။ ခြွေတို့ပတ်ဝန်းကျင်မှာ တံခွန်သွေးကဲ့သို့သော လူမျိုးတွေ အနည်းအများရှိနိုင်ပါတယ်။ တစ်ခု မေတ္တာရပ်ခံချင်တာက ထိုကဲ့သို့သော ဒဏ်ရာနဲ့ လူတွေကို ဘယ်တော့မှ မစွန့်ပစ်ပါနဲ့။ အချင်းချင်း ဖေးမကူညီရင်း ပိုကောင်း ပိုနွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခု ပေးနိုင်အောင် အတူကြိုးစားကြရအောင်။

The End.

ပြီးပါပြီ။

Author - အနမ်းခြွေ

#lotaya_shortstory




Some text some message..