အချစ်ထောင်ချောက်
lotaya.mpt.com.mm
|
2022-04-25

“ဟေ့ကောင် ခပ်မြန်မြန်တူးစမ်းပါဟ”

မိုးညိုရဲ့ ခပ်လောလောဆိုစကားကြောင့် တင်ထွန်းလည်း ပေါက်တူးကို ခပ်သွက်သွက်လေး ထပ်ပေါက်၏။ အချိန်က ည ၂နာရီထိုးခန့်ရှိပြီ။ မိုးညိုနှင့် တင်ထွန်းတို့ ဒီနေရာကိုရောက်နေတာ လွန်ခဲ့တဲ့တစ်နာရီလောက်က ဖြစ်ပြီး နေရာကတော့ ရွာဟောင်းရဲ့ သုဿန်မြေမှာ။ ရွာဟောင်းနဲ့ရွာသစ်ဆိုပြီး ရွာနှစ်ရွာရှိတဲ့ထဲမှာ ရွာဟောင်းက အိမ်ခြေပိုများပြီး ရွာသစ်ကတော့ အိမ်ခြေနည်းပါးသည်။ ဒီသုဿန်က ရွာဟောင်းနဲ့ ရွာသစ်ကြားထဲမှာရှိပြီး မိုးညိုနဲ့တင်ထွန်းတို့က ရွာဟောင်းသားတွေဖြစ်သည်။

နောက်တစ်နေ့မနက်မိုးလင်းတော့ .. ရွာသစ်ရွာထဲမှာ သတင်းတစ်ခုက လူပြောအများဆုံးဖြစ်သည်။

“ဟဲ့ .. ဖြူအေးတစ်ယောက် ယောကျ်ားနောက်လိုက်သွားလို့တဲ့”

“သေချာလို့လား ..အေ”

“သူ့ အမေကိုယ်တိုင်ပြောတာ”

“ကလေးမလေးက ရည်းစားရှိတယ်ဘာညာလည်း မကြားမိပါဘူး .. ဒါနဲ့ ကောင်မလေးက အသက်ရောပြည့်သေးရဲ့လား”

“ပြည့်ပြီထင်ပါရဲ့ .. “

ရွာသစ်ရွာတစ်ရွာလုံး ဖြူအေး ယောကျ်ားနောက်လိုက်သွားတဲ့ ကိစ္စကိုပဲ ပြောနေကြပြီး .. ရွာလူကြီးကတော့ ဖြူအေး အမေဆီကိုသွားကာ ..

“ဟဲ့ ... အေးငွေ .. နင့်သမီးက ဘယ်သူနဲ့လိုက်ပြေးတာတုန်း”

“သူကြီးရယ် .. ဘယ်သူနဲ့မှန်းမသိပါဘူး .. ဒီမှာ .. စာတစ်စောင်ပဲ ထားခဲ့တာ”

သူကြီးက စာကို ကောက်ဖတ်လိုက်တော့ ..

“အမေ .. သမီး သမီးချစ်သူနောက် ခိုးရာလိုက်သွားပြီ ...လိုက်မရှာပါနဲ့”

ရွာလူကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ...

“အေးငွေရေ .. ဘယ်သူနဲ့မှန်းမသိဘူးဆိုပြီး ဒီအတိုင်းထိုင်နေလို့မရဘူး .. လိုက်စုံစမ်းရမှာပေါ့.. ပြီးရင် လူကြီးချင်းစကားပြောဖို့ ကိစ္စတွေဘာတွေလည်း လိုဦးမှာ”

“ကျွန်မလည်း ဘာလုပ်ရမှန်းကို မသိတော့ပါဘူး”

အဲဒီလိုနဲ့ ဖြူအေးရဲ့ သူငယ်ချင်းတွေကတဆင့် စုံစမ်းကြည့်တော့လည်း သူတို့ကိုယ်တိုင်တောင် ဖြူအေး ယောကျ်ားနောက်လိုက်သွားတော့မှ ရည်းစားရှိတယ်ဆိုကို သိတာဟု ဖြေကြသည်။ နှစ်ရက်လောက်ကြာတဲ့အထိ ဖြူအေးရဲ့ ကိစ္စက အစ ကို မပေါ်လာသေး။ ဖြူအေးအမေ မအေးငွေကလည်း တစ်နေ့တစ်နေ့ မှိုင်တွေတွေနဲ့။ ဒီသမီးလေးတစ်ယောက်တည်းရှိတော့တာဖြစ်ပြီး ယောကျ်ားဖြစ်သူကလည်း ဆုံးသွားတာ ၂နှစ်လောက်ပင်ရှိတော့မည်။ ဒါပေမဲ့ မအေးငွေက တောသူတောင်သားပီပီ ရိုးသည် အနေအေးသည်။ အခု ဖြူအေး ယောကျ်ားနောက်လိုက်သွားတော့ စိတ်ထဲ ခံစားနေရပုံရသည်။ ပြီးတော့ အခုထိ သတင်းမကြားသေးတော့ ပူပန်မှုတွေကလည်း ရှိနေသည်။

“ဒီကောင်မလေးကို ငါ အမြဲပြောတယ် .. ရည်းစားရှိရင်ပြော ... ဘယ်သူနဲ့ဖြစ်ဖြစ် ငါပေးစားပါမယ်လို့ ပြောထားရက်နဲ့”

မအေးငွေတစ်ယောက် ဂရုဏာဒေါသောနဲ့ တစ်ယောက်တည်း နှုတ်က ပြောနေမိသည်။ ရွာလူကြီးတွေကတော့ ...

“ကျွန်တော်ကတော့ မနက်ဖြန်မှ အကြောင်းမထူးရင် မြို့က ရဲစခန်းမှာ လူပျောက်သွားတိုင်စေချင်တယ်ဗျာ”

“အဲဒါတော့ အမှန်ပဲဗျ”

“ရွာထဲမှာလည်း ဘယ်ကာလသားမှ အနေအထိုင်မပျက်သလို ဟိုဘက်ရွာဟောင်းရွာမှာလည်း လူပျောက်နေတာမရှိဘူး”

“အေးကွာ .. ဒီကောင်မလေး ဘယ်သူနဲ့လိုက်ပြေးသွားလဲဆိုတာ စဉ်းစားစရာပဲ”                        

နောက်ရက်မှာလည်း မထူးခြားတာကြောင့် ရဲစခန်းမှာ လူပျောက်မှုနဲ့သွားတိုင်ကြ၏။ ဒါပေမဲ့လည်း ရက်အနည်းငယ်ကြာတဲ့အထိမထူးခြားပေ။ ဒီလိုနဲ့ အချိန်တွေက ကြာလာလိုက်တာ .. နှစ်လကြာတဲ့အထိ ဖြူအေးရဲ့ သတင်းအစအနကို လုံးဝမရခဲ့သလို သေသလား ရှင်သလားမသိဘဲတဲ့ သမီးကို မအေးငွေကတော့ ပြန်လာနိုးနိုးနဲ့ မျှော်လင့်နေတာပေါ့။

တစ်ရက်မှာတော့ ...

“ဟဲ့ .. ရွာဟောင်းက မိုးညိုဆိုတဲ့ ကောင်လေးကိုသိလား”

“အေး .. သိတယ်လေ .. “

“သူ့သတင်းကြားပြီးပြီလား”

“ဘာသတင်းတုန်း”

“ညနေဘက်တွေဆို အပမှီတာတဲ့ ... ‌လေးငါးရက်ဆက်တိုက်ဖြစ်နေပြီ ..”

“ဟယ် .. ဘယ်လိုဖြစ်တာလဲ”

“မသိဘူး .. ဆရာတွေလည်းစုံနေပြီတဲ့”

တစ်ညနေမှာတော့ မိုးညိုတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးပြီး သတ်သေသွားသည်။ ရွာဟောင်းရွာ တစ်ရွာလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ဒီလိုအဖြစ်မျိုးက ရွာမှာ ကြုံမှမကြုံဖူးဘဲကိုး။ မိုးညို က ကိုယ့်ကိုယ်ကိုယ် သတ်မသေခင် လေးငါးရက်လောက်မှာ .. သွေးရူးသွေးတန်းနဲ့ .. “ကျနော့်ကို .. ကယ်ကြပါ .. ကျနော် နောက်မလုပ်တော့ပါဘူး .. ကျနော့်ကို ကယ်ပါ ..ကယ်ပါ” ဆိုပြီး ခဏခဏပြောတယ်လို့လည်း ဆိုကြသည်။ မိုးညိုက ရွာမှာ အရက်ကလေးသောက်လိုက်၊ လောင်းကစားဝိုင်းလေးတွေသွားလိုက်နဲ့ အပူအပင်ကင်းကင်းနေတဲ့ လူတစ်ယောက်ဖြစ်ပြီး .. အခုလို ရုတ်တရက်ပြီး ဖြစ်သွားတဲ့အဖြစ်အပျက်က ရွာဟောင်းရွာတစ်ရွာလုံးကို ပဟေဠိဖြစ်သွားစေသည်။

မိုးညိုသေပြီး လေးငါးရက်လောက်နေတော့ .. မြို့နယ်ရဲစခန်းထဲကို လူတစ်ယောက်ဝင်လာသည်။

“ကျနော် .. ဝန်ခံစရာရှိလို့ ဖြောင့်ချက်လာပေးတာပါ”

“ဘာဖြောင့်ချက်လဲ”

“လွန်ခဲ့တဲ့ နှစ်လလောက်က ဖြူအေးဆိုတဲ့ကောင်မလေးကို သတ်ပစ်လိုက်တာ ကျနော်ပါ”

ရဲစခန်းက ရွာသစ်ရွာလူကြီးဆီ လှမ်းပြီး အကြောင်းကြားသည်။ ရွာလူကြီးတွေနဲ့ မအေးငွေကို ရဲစခန်းကို ရောက်လာကြသည်။ စခန်းမှူးက လွန်ခဲ့တဲ့နှစ်လကျော်လောက်က လူပျောက်မှုနဲ့တိုင်ချက်ဖွင့်ထားတဲ့ ဖြူအေးဆိုတဲ့ကောင်မလေးနဲ့ ပတ်သက်ပြီး လူတစ်‌‌ယောက်ဖြောင့်ချက်လာပေးတဲ့အကြောင်းပြောလိုက်သည်။

“ဒါ .. ဒါ ဆို သမီးလေးက ဆုံးပြီပေါ့”

“အဲဒါကိုတော့ ကျနော်တို့ သေချာအတည်မပြုရသေးပါဘူး”

အဲဒီလိုနဲ့ ဖြောင့်ချက်လာပေးတဲ့သူကို သေချာစစ်ဆေးကြည့်တော့ .. သူ့နာမည်က အောင်မိုး။ နေတာက မြို့ပေါ်မှာပဲဖြစ်ပြီး မိုးညို၊ တင်ထွန်းတို့နဲ့ သူငယ်ချင်းတွေဖြစ်သည်။ ရွာဟောင်းရွာကို မကြာခဏသွားလည်ရင်း ဖြူအေးဆိုတဲ့ ကောင်မ‌လေးနဲ့ ဆုံသည်။ အောင်သွယ်ပေးတာက မိုးညိုနဲ့တင်ထွန်း။ ရည်းစားသက်တမ်းသုံးလလောက်ကြာတော့ .. သူတို့ ငြိစွန်းကြသည်။ ပြီးတော့ ဖြူအေးမှာ ကိုယ်ဝန် နှစ်လဖြစ်လာသည်။ အဲဒီအကြောင်းကို မိုးညိုနဲ့တင်ထွန်းက သိတော့ .. ခိုးပြေးဖို့ အကြံပေးသည်။ အောင်မိုးက မယူချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ မြို့ပေါ်က ရည်းစားတစ်‌‌ယောက်ရှိသည်။ ဖြူအေးကလည်း သူရည်းစားထားတာ အရမ်းသိုသိပ်လွန်းတော့ ဘယ်သူမှမရိပ်မိကြ။ တစ်ရက်မှာတော့ သူတို့ သူငယ်ချင်းသုံးယောက် တိုင်ပင်ကြတဲ့အခါ စကားများကြသည်။ နောက်ဆုံးမှာ မိုးညိုနဲ့တင်ထွန်းတို့က ဓားကြိမ်းကြိမ်းတော့ အောင်မိုးက ခိုးပြေးဖို့ သ‌ဘောတူလိုက်သည်။

ခိုးပြေးတဲ့ ည ..

အချိန်က တစ်ရွာလုံးတိတ်ဆိတ်အိပ်မောကျနေတဲ့ ည ၁၂နာရီခွဲလောက်ဖြစ်သည်။ အောင်မိုး၊ မိုးညို၊ တင်ထွန်းတို့ ဖြူအေးတို့ အိမ်နားရောက်လာသည်။ ဖြူအေးကလည်း အဆင်သင့်ပြင်ထားပုံရသည်။ သားအမိနှစ်ယောက်တည်းရှိတဲ့အိမ်မို့လို့ မိန်းမခိုးရတာသိပ်မခက်။ ရွာနှစ်ရွာကြားက သုဿန်ရောက်တော့ သူတို့ခဏနားကြသည်။ မိုးညိုနဲ့တင်ထွန်းတို့က ခပ်လှမ်းလှမ်းမှာရှိပြီး .. အောင်မိုးနဲ့ဖြူအေးတို့က တီးတိုးစကားပြောနေကြသည်။

“ကျမ ကို နောက်နှစ်ရက်လောက်နေရင်တော့ ပြန်အပ်ပေးပါနော်”

“အာ .. ဘယ်ဖြစ်မလဲ .. အခု ခိုးပြေးမှာက နယ်စပ်ထိသွားမှာ”

အောင်မိုးကလည်း ပြဿနာတွေကို ရင်မဆိုင်ချင်တော့ နယ်စပ်အထိ ခြေရာဖျောက်ခိုးပြေးဖို့ ကြံရွယ်သည်။

“ဒီမှာ .. အမေတစ်ယောက်တည်းကျန်ခဲ့မှာ ဘယ်ဖြစ်မလဲ”

“ကိုယ့်မှာလည်း ကိုယ့်ပြဿနာနဲ့ကိုယ်မို့လို့ပါ”

“အတူတူဖြေရှင်းကြမယ်လေ”

“မရဘူး”

စကားဝိုင်းက နည်းနည်းတင်းမာလာသည်။ ဖြူအေးက လေသံပျော့ပျော့ဖြင့် ..

“ကိုရယ် .. ရွာမှာပဲ နေကြမယ်လေ .. ဒါမှမဟုတ် ကို့ မြို့ပေါ်မှာလိုက်နေဆိုလည်း လိုက်နေမယ် နယ်စပ်ထိတော့ မသွားပါနဲ့နော်”

“မရဘူး ဖြူ .. ဒီပြဿနာက နည်းနည်းကြီးတယ်”

“ဘာပြဿနာမို့လို့လဲ.”

အောင်မိုး သက်ပြင်းကို ချ လိုက်သည်။ ပြောသင့်မပြောသင့် စဉ်းစားနေသည်။ ပြီးတော့မှ

“တကယ်တော့ ကိုယ့်မှာ လက်ထက်ဖို့ရည်ရွယ်ထားတဲ့ ရည်းစားရှိတယ်”

“ဟင် .. “

ဖြူအေးရဲ့ မျက်နှာမှာ ဝမ်းနည်းခြင်း၊ မယုံကြည်နိုင်ခြင်းတို့ ဖြစ်ပေါ်သွားပြီး ..

“အဲဒါဆို ရှင်က ကျမ ကို ဘာလို့ .. ဘာလို့ .. “

ဆက်မပြောနိုင်။ ငိုချလိုက်သည်။ အောင်မိုးက နှစ်သိမ့်ပေးမလို့ ပခုံးကို သွားကိုင်တော့ ဖြူနှင်းက လက်ကိုပုတ်ချလိုက်ပြီး ..

“ရှင် ကျမ အသားကိုလာမထိနဲ့ .. ရည်းစားရှိလျက်နဲ့များ ကျမ ကို လာပတ်သက်တယ် ပြီးတော့ .. ကျမရဲ့ ဘဝကိုပါ ဖျက်ဆီးတယ်”

“ကိုယ် မင်းကို လက်ထက်မှာပါ”

“ဟင့်အင်း ... ရှင်က ကျမ ကို တာဝန်ဝတ္တရားအရ လက်ထက်မှာ။ ကျမကို တကယ်ချစ်လို့မှ မဟုတ်တာ။

သုဿန်ထဲက မိန်းကလေးတစ်ယောက်ရဲ့ ငိုရှိုက်သံက နည်းနည်းကျယ်လာသည်။ မိုးညိုနဲ့တင်ထွန်းတို့ရောက်လာပြီး ..

“တိုးတိုးလုပ်ကြလေဟာ ..ရွာထဲက ကြားသွားဦးမယ်”

ဖြူအေးက ..

“ငါ အိမ်ပြန်မယ်”

“ဟာ .. ဘာဖြစ်လို့လဲ”

တင်ထွန်းက အံ့ဩသွားပုံရသည်။

“ငါ့ကလေးကို ငါ့ဘာသာမွေးမယ် .. နယ်စပ်တော့မလိုက်နိုင်ဘူး”

“ဟ .. ဘယ်ဖြစ်မလဲဟ”

အခြေအတင်တွေစကားများကြသည်။ နောက်ဆုံးမှာ .. အောင်မိုးက ..

“နင်မလိုက်ချင်လည်း လိုက်ခဲ့ရမှာပဲ ဒီမှာဆက်နေရင် အားလုံးပြဿနာတွေ တက်ကုန်လိမ့်မယ်”

ဖြူအေးက ရွာဘက်ကို ပြန်သွားဖို့ ခြေလှမ်းတွေပြင်နေသည်။ အောင်မိုးက လက်ကို ဆွဲထားသည်။ ရုန်းရင်းဆန်ခက်တွေဖြစ်ပြီး ... ဖြူအေး ချော်လဲကျသွား၏။ ပြီးတော့ ပြန် ထ မလာတော့ ..

“ဖြူ .. ဖြူ .. “

“ဟာ ..ဟေ့ကောင်  .. ဘာဖြစ်သွားတာလဲ”

သူတို့တွေ ပွေ့ထူကြည့်လိုက်တော့ .. ဖြူအေးက အသက်မရှိတော့။ ချော်လဲတဲ့အချိန်မှာ အုတ်ဂူအစွန်းနဲ့ခေါင်းနဲ့ ရိုက်မိသွားပုံရပြီး .. သွေးကွက်တွေက ခေါင်းနောက်မှာ။ သူတို့ သုံးယောက်စလုံး ကြက်သေသေသွားကြသည်။

“ဖြူအေး .. သေပြီ ..”

“ငါ .. ငါ ..တို့ ထောင်ကျတော့မှာပေါ့”

သူတို့ သုံးယောက်ထဲမှာ မိုးညိုက သွေးနည်းနည်းအေးသည်။ .. တစ်ခုခုကို အပြင်းအထန်စဉ်းစားနေပြီး ..

“ဒီအလောင်းကို ဖျောက်ပစ်လိုက်မယ်”

“ဖြစ် .. ဖြစ်.. ဖြစ်ပါ့မလား”

“ဖြစ်တယ် .. အောင်မိုး .. မင်း မြို့ကို ပြန်တော့ .. ပြီးတော့ ဟန်မပျက်နေ။ တင်ထွန်း မင်းက ရွာထဲကို ဘယ်သူမှမသိအောင်သွားပြီး ပေါက်တူးယူလာခဲ့ ..ငါ ဒီက စောင့်နေမယ်”

အကုန်လုံးက မိုးညိုပြောတဲ့အတိုင်းလုပ်ကြပြီး မနက် ၃နာရီလောက်မှာ ကိစ္စအားလုံးပြီးစီးသွားသည်။ ဒါပေမဲ့ သူတို့သုံးယောက်ထဲပဲ သိတဲ့ ဒီကိစ္စက သူတို့ သုံးယောက်တည်းကိုပဲ .. တိတ်တဆိတ်ခြောက်လှန့်နေတော့သည်။ အဲဒီနေ့ ပြီးကတည်းက မိုးညိုတစ်ယောက် ညဘက်တွေ အိပ်လို့မပျော်တော့။ အိပ်ပျော်မယ် .. မှေးကနဲဖြစ်သွားတာနဲ့ .. အိပ်မက်ထဲမှာ ဖြူအေးက .. ကလေးလေးပိုက်ပြီး ... သူ့ကို မျက်ထောင့်နီနဲ့လာလာကြည့်နေတယ်လို့ အိပ်မက်တွေမက်သည်။ အောင်မိုးကလည်း အိပ်မက်မမက်ဘဲနဲ့တောင် သူ့မျက်လုံးထဲမှာ ဖြူအေး ကို ခဏခဏမြင်နေရသည်။ တင်ထွန်းကတော့ .. အဲဒါမျိုးတွေမဖြစ်။

ကြာလာတော့ .. မိုးညိုက အရက်ကို ဖိသောက်လာသည်။ ၂လကျော်လောက်ကြာတဲ့အထိ ညတိုင်းအိပ်မက်ဆိုးတွေမက်နေတဲ့ မိုးညိုတစ်ယောက် လုံးဝမခံစားနိုင်တော့တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အထိကို ဖြစ်သွားခဲ့သည်။ မိုးညို သတင်းကြားပြီး အောင်မိုးကလည်း အလွန်အမင်းတုန်လှုပ်လာသည်။ နောက်ဆုံး သူမနေရဲတော့ဘဲ ..အခုလိုမျိုး လာဝန်ခံခြင်းပင်ဖြစ်သည်။ တင်ထွန်းကတော့ .. ဟန်မပျက်ဖြစ်နေပေမဲ့ အောင်မိုးရဲ့ ဝန်ခံဖြောင့်ချက်ကြောင့် ကြံရာပါအဖြစ်အဖမ်းဆီး ခံလိုက်ရသည်။

ဖြူအေးအမေ မ‌အေးငွေကတော့ အဖြစ်ဆိုးလွန်းတဲ့ သူ့သမီးလေးကို .. သေတာတောင် ရက်လည်ဆွမ်းလေးမသွတ်ရတာကို တော်တော်စိတ်မကောင်းဖြစ်နေပုံရသည်။ အလောင်းကို ပြန်ဖော် .. သပ်သပ်ရပ်ရပ်လေးပြန်သဂြိုလ်ပြီး တရားနာအမျှဝေလိုက်သည်။ ရွာထဲက လူတွေက တီးတိုးဆိုကြသည်။

“ဖြူအေး က မကျွတ်မလွတ်ဘဲနဲ့ မိုးညို ကို နေ့တိုင်းလိုက်ခြောက်နေတာတဲ့”

“ဒါဆို .. သူက သရဲဖြစ်နေတာပေါ့”

“သူ့အမေကိုတော့ အိပ်မက်လာမပေးဘူးနော်”

လူတွေရဲ့ ထင်ရာမြင်ရာ ပြောဆိုမှုတွေက မအေးငွေကို ပိုပြီး ဝမ်းနည်းစေသည်။ အချို့ကလည်း ..

“အခု ဖြူအေး က သုဿန်မှာတဲ့ မကျွတ်သေးဘူးတဲ့.. ညညဆို ကလေးလေးပိုက်ပြီး လျှောက်သွားနေတာတဲ့”

နောက်ဆုံးမှာတော့ .. သုဿန်မှာပါ တရားနာအမျှဝေတာတွေ ပြုလုပ်ပြီး .. ရွာဘုန်းကြီးကျောင်းရဲ့ ဆရာတော်က ..

“အချို့အရာတွေက ..တကယ်မရှိဘဲနဲ့ .. ကိုယ့်စိတ်အစွဲအလမ်းကြောင့် တကယ်ရှိသ‌ယောင်တွေ ထင်တတ်တယ်။ တကယ်လို့ ဖြူအေးက မကျွတ်မလွတ်တဲ့ ဘုံဘဝမှာရောက်နေရင် .. ကောင်းမှုကုသိုလ်လေးလုပ် အမျှအတန်းတွေ ပေးဝေလိုက်ကြပါ။ ကိုယ်လုပ်တဲ့ ကုသိုလ်၊ အကုသိုလ်တွေက ကိုယ့်စိတ်နှလုံးမှာ လာထင်ဟပ်ပြီး အဲဒီအကျိုးကို ခံစားကြရမှာပါ။ ဒါကြောင့် .. သုဿန်မှာ ကွယ်လွန်မဖြူအေးက သရဲခြောက်တယ်ဆိုတာတွေကို မပြောကြပါနဲ့တော့။ ဒါကြီးက အစဉ်အလာဖြစ်သွားလိမ့်မယ်။ အကောင်းဆုံးက ကောင်းမှုကုသိုလ်လုပ်တိုင်း အမျှအတန်းပေးဝေပေးလိုက်ပါ။ သူ ကျွတ်ချိန်တန်တဲ့အခါ ကျွတ်သွားပါလိမ့်မယ်။”

ဆရာတော်ရဲ့ ပြောစကားကြောင့် ရွာသူရွာသားတွေကလည်း ဖြူအေး သရဲခြောက်တယ် ဆိုတာမျိုးကို မပြောကြတော့ပေ။ အဲဒီနောက်ပိုင်းမှာလည်း ရွာက ပုံမှန်အတိုင်းပဲ ဖြစ်သွားပြီး .. သုဿန်မှာတော့ .. “ဖြူအေး (၂၃နှစ်) ဆိုတဲ့ အုတ်ဂူလေးက အကြောင်းသိနေသူတိုင်းကို ဝမ်းနည်းစေတဲ့ မြင်ကွင်းလေးအဖြစ် ထင်ကျန်နေခဲ့တာပဲ ဖြစ်သည်။        ။

ခြူသစ်မောင်

#lotaya_shortstory




Some text some message..