
ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်းတို့မှာ နဖူး၌ချွေး
များပျံလာကြလေသည်။
" ဒါ ... ဒါဆို ... သူ့ကိုပူးနေတာ ဘယ် ... ဘယ်သူဖြစ်
မလဲ "
" ကျုပ်လည်း မသိဘူးလေ ... သူ့ကိုမြင်မှ ပြောနိုင်မှာ ... "
" ဒါဆို အခုဘယ်လိုဆက်လုပ်ကြမလဲ ဆရာ ... သူ့ကို
ခေါ်ဖို့ နောက်တစ်နည်း မရှိတော့ဘူးလား "
ဆရာမြိုင်က အိမ်ရှေ့၌ ခေါက်တုံ့ခေါက်ပြန် လျှောက်
ကာ စဉ်းစားနေလေသည်။ ပြီးနောက်
" ကျုပ်စဉ်းစားကြည့်ပြီးပြီ ... ပညာနဲ့တော့ ခေါ်လို့ မရ
နိုင်ဘူး ... ခင်ဗျားတို့ကိုယ်တိုင် ခေါ်လာမှပဲ ဖြစ်တော့
မှာ "
" ကိုယ်တိုင်ခေါ်ဖို့က ... သူအခုဘယ်မှာမှန်း မသိဘူးဗျ "
" ဟာ ... တင်အောင်မြင့် ... "
" ဘာတုန်း "
" မင်းရှေ့နေဆီဖုန်းဆက်မေးလိုက်လေ ... သူတို့ ရုံးမှာ
ပြောကြဆိုကြတော့ သူတို့ကို ဆက်သွယ်ရမယ့် ဖုန်း
နံပါတ်တွေ တည်းမယ့်နေရာတွေ ရေးထားခဲ့ရမှာပဲ "
" ဟုတ်သားပဲ ... ငါမေးကြည့်လိုက်မယ် "
ဦးတင်အောင်မြင့်ကလည်း ဦးအောင်ဝင်းထံ ဆက်မေး
ကြည့်လိုက်လေသည်။
" ကျွန်တော့်ဆီတော့ ဒေါ်သူဇာနွယ်ဆိုလား ... သူ့ဖုန်း
နံပါတ်ရှိတယ် ... message ပို့ပေးလိုက်မယ် ကိုတင်
အောင်မြင့် "
" ကျေးဇူးပဲ ကိုအောင်ဝင်းရေ ... "
" နံပါတ်ရပြီ ... ဘယ်လိုစပြောရင်ကောင်းမလဲ "
" ငါ့ဖုန်းသူတို့ဆီပါသွားတာ ... ပြန်တောင်းလိုက်ကွာ "
" ဟုတ်ပြီ "
သို့နှင့် ဒေါ်သူဇာနွယ်၏ ဖုန်းကို ခေါ်ဆိုလိုက် လေတော့
သည်။
" ဘယ်သူပါလိမ့် "
ဒေါ်သူဇာနွယ်မှာ အစ်မဖြစ်သူကိစ္စအား ပြောဆိုနေစဉ်
မသိသော ဖုန်းစိမ်း ဝင်လာသဖြင့် စိတ်ရှုပ်သွားမိသည်။
" ဟဲလို "
" သူဇာနွယ်လား "
" ဟုတ်ပါတယ် ... ဘယ်သူပါလဲရှင် "
" ကျော်မျိုးသိန်းရဲ့ ဖုန်းကို နင်ယူသွားတယ်ဆို ...
ဖုန်းပြန်လိုချင်တယ် ... ဘယ်မှာလာယူရမလဲ "
" ဟဲ့အကောင် ... ငါနင်တို့နဲ့ တွေ့လည်းမတွေ့ချင်ဘူး...
ရွံလွန်းလို့ ... ဟိုမသာကောင်ရဲ့ ဖုန်းကို ပြန်လည်းမပေး
နိုင်ဘူး ... ငါ့တူကို နင်တို့ဖမ်းထားတဲ့ သက်သေအနေနဲ့
ရုံးကို တင်ပြမှာ ... တိရိစ္ဆာန်ကောင်တွေရဲ့ "
" သူဇာနွယ် ... နင့်အစ်မကို ဖုန်းပေးလိုက်စမ်း ... ငါသူ
နဲ့ပြောစရာရှိတယ် ... "
" မပေးနိုင်ဘူး ... ပြောစရာရှိတာ ငါနဲ့ပြော "
ဒေါ်သူဇာနွယ်၏ ဒေါသတကြီး ရန်တွေ့နေသံကြောင့်
သူမထံ ခင်ယုမော်မှလွဲပြီး အားလုံး၏အကြည့်ကရောက်သွားခဲ့သည်။
" နင့်အစ်မကိုဝင်ပူးနေတဲ့ တင်တင်မော်ကိုပြောလိုက် ...
မီးလောင်တဲ့အရသာကို သဘောကျလို့ ခုလို လုပ်နေ
တာလား မေးလိုက်စမ်းပါ "
" နင်ခြိမ်းခြောက်နေတာလား ... နင်သိအောင်ပြောပြ
လိုက်အုံးမယ် ... နင်တို့ကို ငါ့အစ်မက ကလဲ့စားချေနေ
တာမဟုတ်ဘူး ... နင်တို့ယုတ်မာခဲ့တဲ့ မိန်းမတစ်ယောက်
က မကျွတ်နိုင်ဘဲ နင်တို့နောက်လိုက်နေတာ "
ဦးကျော်မျိုးသိန်း က ဆက်ပြောဟူသည့် အထာနှင့် ဘေး
မှ လက်ဟန်ပြပေးနေသည်။
" ငါတို့ဘယ်သူ့အပေါ်မှ မယုတ်မာခဲ့ဘူး "
" ချေးစားပြီး ပြောစမ်းပါ ... ချိုလဲ့ရီကိုတော့ မှတ်မိတယ်
မဟုတ်လား ... "
ဒေါ်သူဇာနွယ်၏စကားကြောင့် ဦးတင်အောင်မြင့် ထိတ်
လန့်သွားလေတော့သည်။
" ဘယ်သူ "
" မသိသလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်မနေစမ်းပါနဲ့ ...
နင်တို့တွေ ချိုလဲ့ရီကို အုပ်စုလိုက် စော်ကားခဲ့ကြတယ်
လေ ... ခုမှ သူတော်ကောင်းလိုလို ဘာလိုလို လာလုပ်
မနေကြနဲ့ "
ဦးတင်အောင်မြင့်မှာ အလွန်ပင် လန့်သွားပြီး ဖုန်းအမြန်
ချပစ်လိုက်လေသည်။
" ဘယ်သူရယ် တင်အောင်မြင့် "
ဦးကျော်မျိုးသိန်းအမေးကို ပြန်မဖြေနိုင်ဘဲ တုန်လှုပ်နေ
ခဲ့သည်။
" ဟေ့ကောင် ပြောအုံးလေ ... ဘယ်သူပူးနေတာလဲ ...
သိရပြီလား "
" ချို ... ချိုလဲ့ ... ချိုလဲ့ရီ တဲ့ "
" ဘာ ... မဖြစ်နိုင်တာ ... ချိုလဲ့ရီက ဘယ်လိုဖြစ်ပြီး
ခင်ယုမော်ဆီ ပူးမှာလဲ ... ပြောရရင် မယားပြိုင်တွေ
ပဲဟာ ... "
" အဲ့ဒါပြောတာလေ ... နောက်ပြီး ချိုလဲ့ရီမှ ကားမမောင်း
တတ်တာ ... ဘယ်လိုတွေးတွေး မဖြစ်နိုင်ဘူး "
" ဆရာမြိုင် ... တင်တင်မော် နေရာမှာ ချိုလဲ့ရီ နာမည်
နဲ့ ပြန်ခေါ်ကြည့်လိုက် "
ဆရာမြိုင်ကလည်း အကုန်မလောင်ကျွမ်းသေးသော
ရှပ်အင်္ကျီကို မီးအရင်ငြိမ်းလိုက်ပြီး နောက်ထပ်တစ်ဖန်
ဆင့်ခေါ်ရန် ပြင်ဆင်နေလိုက်၏။
" ချိုလဲ့ရီ ဆုံးသွားတာ ကြာနေပြီပဲ ... ဆယ်နှစ်ကျော်
လောက်ရှိပြီ မဟုတ်လား "
" အေးလေကွာ ... "
" တင်တင်မော်လို့ ထင်နေတာ ချိုလဲ့ရီ ဖြစ်နေတယ်တဲ့
လား "
ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်း တို့နှစ်ယောက်မှာ အံ့အားသင့်ပြီး ချောက်ချားနေကြတော့သည်။ ချိုလဲ့ရီအပေါ် ၎င်းတို့မည်မျှ အနိုင်ကျင့်ခဲ့ကြသည်ကို ၎င်းတို့
အသိဆုံးပင်။
" ဒီတစ်ခါ မှန်သွားပြီဟေ့ "
ဆရာမြိုင်အသံကြောင့် နှစ်ယောက်လုံး တုန်လှုပ်သွား
ကြလေသည်။
" တကယ်ကြီးလားဆရာမြိုင် "
" သူဒီကိုရောက်လာလိမ့်မယ် ... စောင့်ကြည့်လိုက် "
" ဘယ်သူပဲပူးပူး ပြောထားတဲ့အတိုင်းသာဆက်လုပ်လိုက်ဆရာ ... "
" ဟေ့ကောင် ... တကယ်လုပ်မှာလား "
" လုပ်ရမှာပေါ့ ... "
အနောက်ဘက်သို့ ယွန်းနေပြီဖြစ်သော ဝါကျင်ကျင်နေလုံးကြီးအောက်ရှိ ဦးတင်အောင်မြင့်၏ အဆီတဝင်းဝင်းမျက်နှာကြီးပေါ်တွင် စိုးရိမ်ပူပန်နေမှုများ အတိုင်းသားပေါ်လွင် နေလေသည်။
" ငါ့ကိုခေါ်နေပြီ "
ဒေါ်ခင်ယုမော်သည် ထိုင်ရာမှ ထလိုက်ပြီး သွားရန်ပြင်
နေ၏။
" အန်ကယ်လ် ...လုပ်ပါအုံး "
ဇေယျက မိခင်ဖြစ်သူကို ဆွဲထားရင်း ကိုသိန်းထိုက်ထံ
အကူအညီ လှမ်းတောင်းလိုက်သည်။
ကိုသိန်းထိုက်ကလည်း ဒေါ်ခင်ယုမော်ကို စူးစိုက်ကြည့်
လိုက်ပြီး ဆေးနီအချို့အား နဖူးပေါ်မှတ်ပေးလိုက်၏။
ဒေါ်ခင်ယုမော်မှာ ဆေးနီများကြောင့် သွားချင်တိုင်းသွား
မရဖြစ်နေပြီး တစ်ဘက်မှလည်း အဆက်မပြတ်ခေါ်ငင်
နေသောကြောင့် ထိုနေရာ၌ပင် လူးလှိမ့်နေရတော့သည်။
" ဟိုလူတွေ ဖုန်းဆက်တာ အကြောင်းမဲ့မဟုတ်ဘူး ...
ပူးနေတဲ့သူနာမည်သိချင်လို့ ဆက်တာဖြစ်မယ် "
" ရှင် "
" သူတို့လည်း ဆရာတစ်ယောက်ယောက် ခေါ်ထားပုံရ
တယ်ဗျ "
" ဒါဆို ဘယ်လိုဖြစ်ကုန်မှာလဲ ကိုသိန်းထိုက် "
" ပေးသွားလို့မဖြစ်ဘူး ... သူတို့ခေါ်တာ ကောင်းတဲ့ခေါ်ခြင်းမဟုတ်ဘူးအစ်မ ... "
" မမကို ကြိုးချည်ထားရမလား "
" အဲ့လောက်တော့ မလုပ်ပါနဲ့ ... ကျွန်တော်ထိန်းထား
ကြည့်ပါ့မယ် "
" ဟုတ် ဟုတ် "
ကိုသိန်းထိုက်ကလည်း သူတတ်ထားသော ပညာရပ်ဖြင့်
အတတ်နိုင်ဆုံး စည်းချထားလိုက်သည်။
ဒေါ်ခင်ယုမော်မှာ သွား၍မရသဖြင့် ဒေါသတကြီး အော်
ဟစ်နေလေ၏။
" ငါ့ကိုပေးသွား ... "
" နင့်ကိုမျှားခေါ်နေတာလေ ... နင်မသိဘူးလား "
ကိုသိန်းထိုက်ဘယ်လောက်ပြောပြော ဒေါ်ခင်ယုမော်၏
မျက်လုံးထဲတွင် ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်း
တို့ ရှိရာ နေရာကိုသာ မြင်နေမိနေသည်။
" သတ်ရမယ် ... သူတို့ကိုသတ်ရမယ် "
" နင်သွားမှရမယ်ဆိုရင် မခင်ယုမော်ကို ထားခဲ့ပြီး ...
နင့်တစ်ယောက်ထဲသွား ... ဒီလိပ်ပြာရှင်ကို အသုံးချနေ
တာ ငါတို့ခွင့်မပေးနိုင်တော့ဘူး "
" နင်တို့ကငါပြောတာ မယုံကြဘူးပေါ့ ... ဟုတ်လား ...
သူကိုယ်တိုင် ငါ့ကိုခွင့်ပေးထားတယ်ဆိုတာ နင်တို့သိ
အောင် ပြရတာပေါ့ "
ထိုသို့ပြောပြီးသည်နှင့် ဒေါ်ခင်ယုမော်မှာ မေ့မျောကျ
သွားလေသည်။
" မေမေ "
ဇေယျက မိခင်ဖြစ်သူကို ထူပေးရင်း ပွေ့ဖက်ထား၏။
ဒေါ်ခင်ယုမော်မှာ အချိန်အတော်ကြာ ပူးကပ်ခံထားရ
သဖြင့် မျော့မျော့လေးသာကျန်ရှိနေတော့သည်။
" သတိရလာပြီလား "
မှိတ်ထားသော မျက်လုံးက တဖြည်းဖြည်း ပွင့်လာခဲ့
သည်။
" ဘယ်လို ကိုသိန်းထိုက် ... "
" ဟိုတစ်ယောက် ထွက်သွားပြီ ... ခုကျန်နေတာ အစ်မရဲ့
အစ်မခင်ယုမော်အစစ်ပဲ "
" ဟယ် ... ဝမ်းသာလိုက်တာ ... မမ ... မမ ... ညီမလေး
ကို မှတ်မိသေးရဲ့လား "
ဒေါ်ခင်ယုမော်မှာ နှုတ်ခမ်းများ ဖြူလျော့နေပြီး အားအင်
မရှိသည့်ကြားမှ ခေါင်းညိမ့်ပြလာသည်။
" သူ့ကို ဆေးခန်းအရင်ပို့မှ ဖြစ်မယ်ဗျ ... အတော်အား
နည်းနေတယ် "
" ပို့မယ် ပို့မယ် ... သား ဇေယျ ... သားအမေကို မ အုံး "
ပြဿနာများကြားသိပြီး ယခုအခါမှ ပထမဆုံးအကြိမ်
ယခင်လိုစကားပြန်ပြောလာသော အဒေါ်ဖြစ်သူကြောင့်
ဇေယျမှာ အနည်းငယ်တော့ စိတ်အေးချမ်းသွားမိသည်။
ဒေါ်ခင်ယုမော်ကို သူကခေါင်းရင်းဘက်မှ ချီ မ ပြီး
ဒေါ်သူဇာနွယ်က ခြေထောက်ဘက်မှ မ ချီကာ ကား
ဆီသို့ခေါ်လာခဲ့ကြသည်။
ထို့နောက် ကားနှစ်စီးနှင့် ဆေးခန်းဆီသို့ထွက်လာလိုက်
ကြ၏။
ဆရာမြိုင်မှာ ခြံအပြင်ဘက်သို့ စူးစိုက်ကာ ကြည့်နေမိ
သည်။ ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်းတို့လည်း
ဆရာမြိုင်ကြည့်နေရာသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြ
လေသည်။
ခြံအပြင်ဘက်တွင်မူ ရုပ်ဆင်းအင်္ဂါယိုယွင်းပျက်စီးနေ
သော ချိုလဲ့ရီမှာ ခြံတံခါးရှေ့ ခေါက်တုံ့ခေါက်ပြန်
လျှောက်ပြနေခဲ့သည်။
သူမကိုမြင်လိုက်ရသည့် ဦးတင်အောင်မြင့်နှင့် ဦးကျော်
မျိုးသိန်း တို့မှာ ဒူးနှစ်ဖက်က အားမရှိတော့သလို နွဲ့ကျ
သွားကြသည်။
" သူ ... သူပဲ ဆရာ "
ဆရာမြိုင်က ချိုလဲ့ရီကို အထဲဝင်လာခိုင်းလိုက်၏။
" ပူးထားတဲ့မိန်းမကိုဘယ်မှာထားခဲ့သလဲ "
" ငါ့ကိုဖမ်းတာနဲ့ နင့်ကိုသတ်ဖို့ သူနေခဲ့တယ် ... "
ဆရာမြိုင်က တစ်ချက်တွန့်သွားလေသည်။
" နင်ကမာယာများခဲ့တာပေါ့ ... ဟင်း ဟင်း "
ချိုလဲ့ရီသည် ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်း
တို့လည်ပင်း၌ ဆွဲထားသော ဆွဲကြိုးကို ကြည့်ရင်း
ပြောလာသည်။
" တင်အောင်မြင့် .... ကျော်မျိုးသိန်း ... ငါ့ကို နှိပ်စက်
ခဲ့တဲ့ကောင်တွေ ... ခုတော့သေမှာကြောက်လို့ သူ့ကို
ခေါ်ပြီး အကာအကွယ်ယူထားတယ်ပေါ့ "
" နင်နဲ့ငါတို့က ဘဝခြားနေပြီ ... နင်ကလည်း တစ္ဆေသရဲဖြစ်နေပြီ မိချို ... ငါတို့ကို ထပ်မနှောင့်ယှက်နဲ့ "
ချိုလဲ့ရီထံမှ ချောက်ချားဖွယ်ရယ်သံအချို့ ထွက်ပေါ်
လာပြီး ၎င်းတို့ရှေ့မှ ကွယ်ပျောက်သွားခဲ့၏။
" သူဘယ်ရောက်သွားတာလဲ ... ဆရာမြိုင်ကို ကြောက်
ပြီး ပြေးသွားတာလား "
ဦးကျော်မျိုးသိန်းက ဆရာမြိုင်ကို မေးလိုက်သည်။
" ဒီခြံထဲမှာရှိတယ် ... ကျုပ်တို့ကို ကိုယ်ထင်မပြဘူး "
" ဟမ် "
ဆရာမြိုင်ပြောမှ ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်း
မှာ ထိတ်လန့်သွားကြပြီး နှစ်ယောက်သား တိုးကပ်နေ
ကြတော့သည်။
" ခုဘယ်လိုလုပ်ချင်လဲ "
" ဘာကို ဘယ်လိုလဲ ဆရာ "
" အစတုန်းက ခင်ယုမော် ခန္ဓာကိုယ်နဲ့ လာမယ်ထင်လို့
သူ့ကိုချုပ်ပြီး ချောင်းထဲခုန်ချသေအောင် စီရင်ပေးမလို့
ပဲ ... ဒီကောင်မက ကျုပ်တို့အကြံ သိနေတာလား မသိဘူး ...ဝိဉာဉ်ပဲ ရောက်လာတယ် ... "
" သူ့ကိုဖမ်းထားပြီး ခင်ယုမော်ကိုယ်ထဲ ပြန်ပူးခိုင်း
ရင်မရဘူးလား ဆရာ "
" ရတယ် ... ဒါပေမယ့် ခင်ယုမော်ကို ကျုပ်မှမမြင်ဖူး
ဘဲ ... လူချင်းမြင်ဖူးမှ လုပ်လိုရမယ် "
" ကျွန်တော်တို့ လိုက်ပြမှာပေါ့ ဆရာ "
" ဒါဆိုလည်း ဒီကောင်မကို ဖမ်းကြတာပေါ့ "
ဆရာမြိုင်က ဘယ်ဘက်လက်ညိုးနှင့် လက်ခလယ်ကြား
တွင် တစ်မတ်စေ့ကို ညှပ်လိုက်ပြီး ညာဘက်၌ ကောက်
ရိုးအရုပ်ကို ကိုင်ထားလေသည်။
ထို့နောက် ဂါထာများ ရွတ်ဆိုလိုက်ပြီး ခြံထဲသို့ စူးစမ်း
နေလိုက်၏။
ဆရာမြိုင်၏ နောက်တွင်မူ ဦးတင်အောင်မြင့်နှင့် ဦးကျော်
မျိုးသိန်းတို့က ထပ်ချပ်မခွာစတမ်း ကပ်လိုက်နေကြသည်။
" ခင်ဗျားတို့ကို အဆောင်ကြိုးတွေပေးထားတာ အလကား
မဟုတ်ဘူး ... ကျုပ်နောက် ကပ်လိုက်မနေကြနဲ့ "
ထိုအခါမှ ၎င်းတို့နှစ်ယောက်လည်း ခပ်ခွာခွာသာ လိုက်
ဝံ့ကြတော့သည်။
" တင်အောင်မြင့် ...
တင်အောင်မြင့် ... "
ဦးတင်အောင်မြင့်နားထဲတွင် သူ၏အမည်ခေါ်သံကိုကြား
လိုက်သဖြင့် ကျောချမ်းသွားမိသည်။ ခေါ်နေသူက ချို
လဲ့ရီမှန်း သူသိနေခဲ့၏။
" တင်အောင်မြင့် ... နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြ
မယ် ... နင့်သားအငယ်က နင်နဲ့ရတာမဟုတ်ဘူး ...ဘယ်
သူနဲ့ရလဲ နင်မသိဘူးလား ... ဟက် ဟက် "
ဦးတင်အောင်မြင့်က ထိုစကားကြောင့် ရုတ်တရက်ထူပူ
သွားတော့သည်။ ပြီးမှ မကြားသလိုဟန်ပြုရင်း ငြိမ်နေ
လိုက်၏။
" နင့်သားအငယ်က ငါးပိငါးခြောက်နဲ့ မတည့်ဘူးလေ...
ကျော်မျိုးသိန်းလိုပဲ ... "
ထိုအခါ ဦးတင်အောင်မြင့်သည် အနည်းငယ် ရှုးရှုးရှဲရှဲ
ဖြစ်လာခဲ့သည်။
" ဆရာမြိုင် ... ဟိုကောင်မ ကျွန်တော့်နားထဲ စကားတွေ
လာပြောနေတယ် "
ဦးကျော်မျိုးသိန်းလည်း ဦးတင်အောင်မြင့်နား မကပ်ရဲ
ဘဲ အနည်းငယ်ခွာလိုက်တော့သည်။ ဆရာမြိုင်က ဦးတင်အောင်မြင့်ကို လှည့်ကြည့်လာပြီး
" သူက ဟိုခြံထောင့်မှာကွ ... ခင်ဗျားဘေးမှာ မရှိဘူး "
သူပြောသည်ကို မယုံသဖြင့် ဦးတင်အောင်မြင့်လည်း
ဆက်မပြောတော့ပေ။
" ကျော်မျိုးသိန်းက ဝက်သားအကြွပ်ကြော် ကြိုက်
တာ နင့်သားအငယ်နဲ့ တထပ်ထဲပဲ "
" ငါ့ကိုဘာမှလာမပြောနဲ့ မိချို ... "
ချိုလဲ့ရီ၏ရယ်သံကို ဦးတင်အောင်မြင့်တစ်ယောက်သာ
ကြားနေရသည်။
" နင့်သားအူတက်ပေါက်လို့ ဆေးရုံတက်ရတုန်းက သူ
ညကြီးမိုးချုပ် ချက်ချင်းလိုက်လာတာ မှတ်မိလား "
ထိုအခါ ဦးတင်အောင်မြင့်လည်း တွေဝေသွားခဲ့သည်။
" နင်ကပိုက်ဆံပဲကုန်းရုန်းရှာနေတာ အင်ကြင်းငယ်ကို
အချိန်မပေးဘူးလေ ... နင်ခရီးထွက်သွားပြီဆို နင်တို့
နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ ကျော်မျိုးသိန်းနဲ့
အင်ကြင်းငယ်က ချစ်ရည်တွေလူးပြီး ... "
ချိုလဲ့ရီ၏ စကားများကို ဦးတင်အောင်မြင့် နားထောင်
နိုင်စွမ်းမရှိတော့ပေ။
" ငါ့နားကထွက်သွား "
ဒေါသစွက်နေသော အသံကျယ်ကြီးဖြင့် အော်ကာ သူ၏
နားနှစ်ဖက်ကို ပိတ်ထားလိုက်လေသည်။ သို့သော် ချို
လဲ့ရီအသံက အတိုင်းသားကြားနေရစမြဲ။
" နင်တို့က မိန်းမတစ်ယောက်နဲ့ အုပ်စုလိုက်အတူတူအိပ်ဖို့ ဝန်လေးကြတာမှမဟုတ်တာ ... နင့်မိန်းမနဲ့ ကျော်မျိုးသိန်း အတူအိပ်တာ ဘာဆန်းလို့လဲ "
ထိုအခါမှာတော့ ဦးတင်အောင်မြင့်၏ ဒေါသများသည်
ဦးကျော်မျိုးသိန်း အပေါ်ကျရောက်သွားလေတော့သည်။
" ခွေးကောင် ... "
ဦးကျော်မျိုးသိန်းကို ဆဲဆိုရင်း ပြေးထိုးတော့၏။
" မင်းနဲ့ အင်ကြင်းငယ် အတူအိပ်ခဲ့တယ်ဆို ... ခွေးသား "
ဦးတင်အောင်မြင့်ထံမှ ရုတ်တရက်ပြောထွက်လာသော
စကားကြောင့် ဦးကျော်မျိုးသိန်းမှာ ကြောင်အမ်းအမ်း
ဖြစ်သွားမိလေသည်။
ဦးတင်အောင်မြင့်ကလည်း ဦးကျော်မျိုးသိန်းကို အဆက်
မပြတ် ထိုးကြိတ်ရင်း တရစပ်မေးတော့သည်။
" ဖြေလေ ... သူတောင်းစား "
" မင်း ဘာတွေပြောနေတာလဲ တင်အောင်မြင့် ... စိတ်
ထိန်းပါကွ "
" ငါ့ကိုအမှန်အတိုင်းပြောစမ်း "
" ဟေ့လူတွေ ခင်ဗျားတို့ဘာဖြစ်နေကြတာလဲ ... သရဲမ
လွတ်သွားမှဖြင့် "
" လွတ် လွတ်ဗျာ ... ဒီခွေးသူတောင်းစားက ကျွန်တော့်
မိန်းမနဲ့ ဖောက်ပြန်နေသတဲ့ဗျ "
" မင်းကို ဘယ်သူပြောလဲ ... ဖောက်ပြန်တယ်ဆိုတဲ့
သက်သေဘယ်မှာလဲ "
" ချိုလဲ့ရီ လာပြောတာ "
" မင်းကွာ ... အဲ့ကောင်မ ပြောတာကို ယုံပြီး သူငယ်ချင်း
အရင်းခေါက်ခေါက်ကို ထိုးရလားကွ "
" ချိုလဲ့ရီက မသေခင်ကလည်း လိမ်မပြောတတ်ဘူး ...
သရဲဖြစ်နေလဲ လိမ်မှာမဟုတ်ဘူး ... ငါ့ကိုအမှန်အတိုင်း
ဖြေစမ်းပါ "
" မဟုတ်ဘူး ... မင်းမိန်းမနဲ့ ငါနဲ့ ဘာမှမပတ်သက်ဘူး "
ဦးတင်အောင်မြင့်က ဦးကျော်မျိုးသိန်းကို တစ်ချက်
ဆောင့်ဆွဲပြီး လွှတ်ပေးလိုက်သည်။
" ဟုတ်မဟုတ် ငါခုပဲ ဖုန်းဆက်မေးမယ် "
" မေးစမ်းပါ ... ဘယ်သူ့ကိုမေးမှာလဲ ... မေးလိုက် "
ဦးတင်အောင်မြင့် လည်း ဒေါ်သူဇာနွယ်ကို ဖုန်းခေါ်လိုက်
လေတော့သည်။
" သူဇာနွယ် ... "
" ငါ့ကို ဖုန်းထပ်မဆက်နဲ့ လူယုတ်မာကောင် "
" ငါပြောတာအရင်နားထောင်အုံး ... နင်တို့ဖြစ်စေချင်တဲ့
အတိုင်း ငါအကုန်လုပ်ပေးမယ် ... နင်ငါ့ကို တစ်ခုပြန်
လုပ်ပေး "
" ဟေ့ကောင် ... မင်းဒါဘာလုပ်နေတာလဲ "
ဦးတင်အောင်မြင့်မှာ ဦးကျော်မျိုးသိန်းကို ဆောင့်တွန်း
လိုက်ပြီး သူ့ကားကို ယူကာ မောင်းထွက်သွားခဲ့သည်။
" ငါပြောမယ် သူဇာနွယ် ... နင်ယူထားတဲ့ ကျော်မျိုးသိန်း
ဖုန်းကိုဖွင့်လိုက် ... သူနဲ့ ဖုန်းပြောထားတာတွေ ဖုန်း message ပို့ထားတာတွေထဲမှာ အင်ကြင်းငယ်ဆိုတာ
ရှိလား ရှာပေး "
" ငါ့ကိုအမိန့်ပေးနေတာလား ... ငါကဘာကိစ္စလုပ်ပေး
ရမှာလဲ "
" နင်မလုပ်ရင် နင့်အစ်မက အောင်ရှိန်ဦးနဲ့ မြသောင်း
ကို သတ်ခဲ့တယ်ဆိုတာ ရဲစခန်းမှာ ငါဖွင့်ပြောလိုက်
မယ် ... ငါအခု ရဲစခန်းသွားတဲ့ လမ်းမှာနော် ... "
ဦးတင်အောင်မြင့်၏စကားကြောင့် ဒေါ်သူဇာနွယ်မှာ
ရင်ထဲထိတ်သွားလေတော့သည်။
" နင်သိချင်တာရှာပေးရင် ငါတို့ဖြစ်ချင်တာ တကယ်
လုပ်ပေးမှာလား "
" လုပ်ပေးမယ် ... ခုရှာပြီး ဖုန်းပြန်ဆက် "
ဦးတင်အောင်မြင့်က ထိုသို့ပြောပြီး သူ့အိမ်ဆီသို့ မောင်း
လာခဲ့လိုက်သည်။
" အင်ကြင်းငယ် ... အင်ကြင်းငယ် ... ဒင်းကငါ့ကို
သစ္စာဖောက်တာပေါ့ ... ဟုတ်လား ... တောက်စ် "
ဒေါသတကြီးနှင့် ဆဲဆိုကြိမ်းမောင်း လိုက်လေသည်။
" ဆရာ ... ကျွန်တော်တို့ပြန်ဖို့ ကားမရှိတော့ဘူး ... ဒီည
ဒီမှာပဲ အိပ်ရတော့မယ်ထင်တယ် "
" ခင်းဗျားတို့ ဘာဖြစ်ကြတာလဲ "
" မသိပါဘူးဆရာရာ ... ဒီကောင်ဘာတွေထဖောက်လဲ
မသိဘူး "
" သူ့မိန်းမနဲ့ ခင်ဗျား တကယ်အိပ်ခဲ့တာလား "
" ဟာ ... မဟုတ်ပါဘူးဆရာ "
" သရဲတစ္ဆေတွေက လိမ်မပြောဘူး ကိုကျော်မျိုးသိန်း ... "
" ဗျာ "
" ခင်ဗျားတို့ပြဿနာတော့ ခင်ဗျားတို့ဘာသာရှင်းကြ...
ကျုပ်အလုပ်က ဒီသရဲမကို ဖမ်းမိဖို့ပဲ "
သို့နှင့် ဆရာမြိုင်မှာ ချိုလဲ့ရီကို ဖမ်းရန် ဂါထာများရွတ်
ဆိုရင်း စည်းချနေလေတော့သည်။ ဦးကျော်မျိုးသိန်း
မှာမူ ထိုခြံထဲလည်း မနေရဲ၊ အိမ်ပြန်၍လည်းမရနှင့်
ဘေးကြပ်နံကြပ် ဖြစ်နေလေသည်။
ဒေါ်သူဇာနွယ်မှာ ဒေါ်ခင်ယုမော် drip ချိတ်နေသည့် အခန်းထဲမှ အပြင်ဘက်ထွက်လာပြီး ဦးကျော်မျိုးသိန်း၏
ဖုန်းကို ဝင်ရောက်မွှေနှောက်ကြည့်လိုက်သည်။
" ဟင် ... ဒီတစ်ယောက်က ခုနက ရုံးမှာတွေ့ခဲ့တဲ့တစ်
ယောက်ပဲ "
ဒေါ်အင်ကြင်းငယ်၏ အပေါ်ပိုင်းဗလာကျင်းနေသည့်
ဓါတ်ပုံအချို့ကို ဖုန်းထဲ တွေ့မြင်လိုက်ရသဖြင့် ဦးတင်
အောင်မြင့်ထံ ဖုနါးပြန်ဆက်လိုက်တော့သည်။
" အင်ကြင်းငယ်ဆိုတာ နင့်မိန်းမ မဟုတ်လား ... "
" နင်ဘာရှာတွေ့လဲ "
" အင်္ကျီမပါတဲ့ပုံတွေ တွေ့တယ် "
" ဘာကွ ... တောက်စ် ... ဒီခွေးကောင် "
" ငါပြောလို့မပြီးသေးဘူး ... ဒါတွေလိုချင်ရင် ငါ့ဆီ
လာပြီး လာညှိလိုက် "
ဒေါ်သူဇာနွယ်လည်း ထိုသို့ပြောပြီး ဖုန်းချလိုက်တော့
သည်။
" မမအတွက် ကံကောင်းတာပဲ "
" ဘယ်လိုညှိကြမလဲ နွယ် "
" ဒီကိစ္စတွေမှာ မမ မပါအောင် လွတ်အောင် ညှိရမှာပေါ့ "
တံခါးထောင့်၌ ရပ်ပြီး နားထောင်နေသော ဇေယျမှာ
မိခင်ဖြစ်သူအတွက် ဝမ်းသာရမလိုလို၊ ဖခင်ဖြစ်သူအ
တွက် ကြေကွဲရမလိုလို တပြိုင်နက်ခံစားနေရလေသည်။
ဦးတင်အောင်မြင့်မှာ အိမ်ထဲဝင်ဝင်ချင်း အင်ကြင်းငယ်
ကို လည်ပင်းညှစ်ထား၏။
" အ ... ရှင် ဘာ လုပ် တာလဲ ... အ့ "
" ခွေးမ ... နင်နဲ့ကျော်မျိုးသိန်းနဲ့ အတူအိပ်ကြတယ်ဆို "
ဦးတင်အောင်မြင့်စကားကြားပြီး ဒေါ်အင်ကြင်းငယ်မှာ
အလွန်ထိတ်လန့်သွားခဲ့သည်။
" ဒီညနင့်ကို သတ်မှာ "
ဦးတင်အောင်မြင့်က သူ၏လက်ကိုမလွှတ်ပေ။ ဒေါ်အင်ကြင်းငယ်မှာ အသက်ရှုမဝသလိုပင် ဖြစ်လာခဲ့လေ
ပြီ။
၎င်းတို့အဖြစ်ကို အခန်းတံခါးဝ၌ ရပ်ကာ ကြောင်ပြီး
ကြည့်နေသည့် သားအရင်းဖြစ်သူကို တွေ့လိုက်သဖြင့်
ဉီးတင်အောင်မြင့်လည်း သတိပြန်ဝင်လာတော့သည်။
ထို့နောက် သူ့သားကိုခေါ်ကာ အိမ်မှထွက်ရန် ပြင်လိုက်
သည်။
" အဖေဘာတွေလုပ်နေတာလဲ ... "
" လိုက်မှာသာ လိုက်ခဲ့စမ်းပါ ... "
သားဖြစ်သူကလည်း မိခင်ကို စိတ်မချစွာကြည့်ပြီး ဖခင်
ခေါ်ဆောင်ရာသို့ ယက်ကန်ယက်ကန်နှင့် ပါလာတော့၏။
" သူဇာနွယ် ... ငါ အဲ့ဒီဖုန်းအခုလိုချင်တယ် "
" ဒီလိုရမလား ... "
" မရမှန်းသိတယ် ... နင်တို့ဆီလာပြီး ငါညှိနှိုင်းချင်မလို့
နင်တို့ဘယ်မှာလဲ "
ထိုအချိန်တွင် ဒေါ်ခင်ယုမော် drip ချိတ်ပြီးသွားပြီဖြစ်၍ ပြန်ရန် ဆေးခန်းမှ ထွက်လာနေကြပြီဖြစ်သည်။
ဒေါ်သူဇာနွယ်ကလည်း ကိုသိန်းထိုက်အိမ်ကိုသာ လိုက်
လာရန် ညွှန်ပြခဲ့လိုက်၏။
" ဟိုတိရိစ္ဆာန်ကောင် လာမယ်ပြောတယ် ... ကိုသိန်းထိုက်
အိမ်မှာပဲ တွေ့ဖို့ ချိန်းလိုက်မိတယ်ရှင် "
" ရပါတယ် ... တစ်ခုခုဆို ကျွန်တော်လည်း သက်သေ
ရှိတာပေါ့ "
သို့နှင့်အိမ်သို့ပြန်ရောက်လာခဲ့ကြတော့၏။
" ဆရာ ... ဟိုကောင်မကို မိတော့မှာလား "
" သရဲမက ပျောက်ပျောက်သွားလို့ ဖမ်းလို့မမိဘူးဖြစ်
နေတယ် ... "
" သူ့ကိုမမိရင် အိပ်လို့ပျော်မှာမဟုတ်ဘူး "
" မနက်ရောက်လို့ ပြန်မယ်ဆို ဘယ်လိုပြန်ကြမလဲ "
" ဆရာ့ဆီဖုန်းပါတယ်မလား ... "
" ပါတယ်လေ ... "
" အဲ့ဒါဆို ရပြီလေဆရာ "
၎င်းတို့ပြောနေစဉ် ဘေးမှ လေတိုးသံကဲ့သို့ ဖြတ်ပြေး
သွားလေသည်။
" သရဲမ ဒီနားမှာရှိတယ် "
ဦးကျော်မျိုးသိန်းကပြောရင်း ဆရာမြိုင်ဘေးသို့ တိုးကပ်လိုက်တော့၏။
" ကျော်မျိုးသိန်း ... "
" ငါ့နားမလာနဲ့ "
ချိုလဲ့ရီအသံကြားရုံနှင့် ကြောက်လန့်တကြား အော်ဟစ်
လိုက်လေသည်။
" တင်အောင်မြင့်က သူဇာနွယ်ဆီ သွားနေပြီ ... နင်တို့ပုံ
တွေ သူတွေ့သွားတော့မယ် "
ထိုစကားကြောင့် ကျော်မျိုးသိန်းမှာ အလွန်ပင် စိတ်
ပူသွားတော့သည်။ သက်သေမရှိလျှင် ဗြောင်ငြင်း၍ရ
သေးသော်လည်း ဓါတ်ပုံများကို တွေ့သွားပါက ငြင်း
နိုင်တော့မည်မဟုတ်ပေ။
ဦးတင်အောင်မြင့်ကလည်း အလွတ်ပေးလိမ့်မည်မဟုတ်။
ချိုလဲ့ရီကြောင့် သေလျှင်သေ၊ သို့တည်းမဟုတ် ဦးတင်
အောင်မြင့်ကြောင့် သေပေလိမ့်မည်။
" မဖြစ်ဘူး "
တကိုယ်တည်းစကားပြောနေသော ဦးကျော်မျိုးသိန်းကို
ဆရာမြိုင်က စူးစမ်းသလို ကြည့်နေသည်။
" မဖြစ်ဘူး "
ထို့နောက် ရင်ထဲအပူလုံးကြီး လှိုက်တက်လာပြီး ဆရာမြိုင်ကို ထားခဲ့ကာ ထိုခြံထဲမှ ပြေးထွက်သွားတော့၏။
" ဟေ့လူ ... "
ဆရာမြိုင်လည်း ဦးကျော်မျိုးသိန်းကို လိုက်ဆွဲရင်း
လက်ထဲမှ မတ်စေ့မှာ လွတ်ကျသွားခဲ့သည်။
ထိုအခါ ဆရာမြိုင်သည် ရုတ်တရက် ကိုင်မြှောက်ခြင်း
ခံလိုက်ရပြီး သစ်ပင်ကြီးတစ်ပင်သို့ လွင့်သွားခဲ့လေသည်။
ပင်စည်နှင့် ခေါင်းနှင့် ဆောင့်မိကာ ထိုနေရာမှာပင် မေ့
မျောသွားတော့၏။
ဦးကျော်မျိုးသိန်းလည်း ဆရာမြိုင်ကို လှည့်ကြည့်လိုက်
သည့်အခါ သူ၏ဘေးတွင် ရပ်ကာ စိမ်းစိမ်းကြီး စိုက်
ကြည့်နေသော ချိုလဲ့ရီကို တွေ့သဖြင့် ကြောက်အား
လန့်အားနှင့် ခြေဦးတည့်ရာ ထွက်ပြေးတော့လေသည်။
သူအနောက်သို့ လှည့်ကြည့်လိုက်တိုင်း ချိုလဲ့ရီမှာ အတူ
ကပ်လိုက်လာနေသည်ကို တွေ့မြင်နေရသည်။
" မလာနဲ့ ... သွား ... "
ဦးကျော်မျိုးသိန်းသည် ချိုလဲ့ရီကို ကြည့်မိလိုက်တိုင်း
သွေးပျက်လာသည်။ နှုတ်မှလည်း မျိုးစုံအော်ဟစ်ရင်း
တချိုးတည်း ပြေးတော့၏။
ချိုလဲ့ရီကလည်း အဆောင်ကြိုးကြောင့် အနားကပ်မရ
သဖြင့် နောက်မှ ထပ်ချပ်မကွာ လိုက်၍ နေသည်။
" ငါ့နားမလာနဲ့ ... မိချို "
အချိန်အတော်ကြာသည်အထိ သွေးရူးသွေးတန်းပြေးနေ
ခဲ့သည်။ ချိုလဲ့ရီ၏ ခြောက်ကပ်ကပ်ရယ်သံက သူ့နားထဲ
မထွက်နေပေ။
" အား "
ဦးကျော်မျိုးသိန်းမှာ ငယ်သံပါအောင် အသံရှည်ဆွဲကာ
အော်ရင်း တံတားအောက် သို့ ပြုတ်ကျသွားခဲ့သည်။
တံတားအောက်တွင် ငေါထွက်နေသော သံချည်သံကွေး
ချောင်းက ဦးကျော်မျိုးသိန်း၏ ရင်ဝတည့်တည့်သို့ စိုက်
ဝင်သွားတော့၏။
ချိုလဲ့ရီမှာ ဦးကျော်မျိုးသိန်းအလောင်းကို မုန်းတီးရွံရှာ
စွာကြည့်ရင်း ထိုနေရာ၌ ပျောက်ကွယ်သွားလေသည်။
" ငါ လမ်းထိပ်ရောက်နေပြီ ... "
" ဇေယျ အိမ်ရှေ့မှာ ထွက်စောင့်ပေးလိမ့်မယ် ... "
ဦးတင်အောင်မြင့်မှာ ကိုသိန်းထိုက်အိမ်ရှေ့၌ရပ်နေ
သော ဇေယျကိုမြင်သည်နှင့် ကားရပ်လိုက်သည်။ သူ့
သားကို ကားပေါ်၌သာနေစေပြီး ကားပေါ်မှဆင်းလိုက်စဉ်
" အဖေ ... သားရောလိုက်မယ်လေ "
" ဒီမှာပဲ ခဏစောင့်ပါကွာ ... အဖေမကြာဘူး "
" အဲ့တစ်ယောက်က အိမ်မှာလာတည်းသွားတဲ့ အဖေ့သူ
ငယ်ချင်းရဲ့သားဆိုတဲ့တစ်ယောက် မဟုတ်လား "
" အင်း ... "
" မကြာနဲ့နော် "
" ဘယ်မှမသွားနဲ့ ... ဒီမှာပဲစောင့် ... ပြီးတာနဲ့ အဖေလာ
ခဲ့မယ် ... ဘာတွေဖြစ်နေလဲဆိုတာလည်း ပြောပြမယ် ...
ဟုတ်လား "
" ဟုတ်ကဲ့ "
ဦးတင်အောင်မြင့်က ဇေယျကို ကြည့်ပြီး
" သူဇာနွယ်ရော "
ဇေယျကလည်း စကားမပြောလိုသဖြင့် ဆိတ်ဆိတ်နေပြီး အိမ်ထဲသို့ ညွှန်ပြပေးလိုက်၏။ အိမ်လည်ဧည့်ခန်းတွင်မူ ဒေါ်သူဇာနွယ်တို့ဇနီးမောင်နှံနှင့်ကိုသိန်းထိုက်တို့က စောင့်ကြိုနေကြလေသည်။
" ဒီမှာနင်လိုချင်တဲ့ဖုန်း "
ဒေါ်သူဇာနွယ်က ပြောရင်း ဓါတ်ပုံအချို့ကို ဖွင့်ပြလိုက်
သည်။ ဦးတင်အောင်မြင့်က လှမ်းယူသည့်အခါ ဒေါ်သူ
ဇာနွယ်လည်း ဖုန်းကို ပြန်သိမ်းထားလိုက်တော့သည်။
" နင့်အပေးအယူကဘာလဲ "
ဦးတင်အောင်မြင့်လည်း ဆုံးဖြတ်ထားသည့်အတိုင်း
ပြောချလာလေ၏။
" ဒီလူသတ်မှုတွေကို ငါသတ်တာလို့ ဖြောင့်ချက်ပေး
လိုက်မယ် ... "
" နင်သတ်တယ်လို့ ဘယ်သူကယုံမှာလဲ ... "
" နင့်လက်ထဲကသက်သေနဲ့ဆို မယုံစရာအကြောင်း
မရှိဘူး "
" ဒါက ကျော်မျိုးသိန်းဖုန်းလေ ... သူ့ကိုသတ်ကြောင်း
သက်သေတော့ နင်ပြလို့ရမှာပေါ့ ... အောင်ရှိန်ဦးနဲ့ ဟို
အကောင်မြသောင်းကိုကြတော့ နင်ဘယ်လိုဖြေရှင်း
မလဲ ... "
" သူတို့က ကျော်မျိုးသိန်းဖောက်ပြန်တာကို လျှို့ဝှက်
ပေးပြီး အားပေးအားမြောက်လုပ်လို့ သတ်တယ်ပေါ့
ကွာ "
" နင်ဆိုလိုတာက ငါ့အစ်မသေခဲ့ကိစ္စ ... နင်တို့အနုကြမ်း
စီးခဲ့တဲ့ကိစ္စကို ချန်ထားမယ်ဆိုတဲ့ သဘောလား "
" အဲ့ဒါတွေတော့ ငါဝန်မခံချင်ဘူး "
" ငါ့အစ်မ မသေသင့်ဘဲသေခဲ့ရတာကို ချန်ထားမယ်
ဆိုရင် ... ညှိနှိုင်းဖို့မဖြစ်နိုင်ဘူး "
" ငါအဲ့ဒီကိစ္စထပ်မဖော်ချင်ဘူးသူဇာနွယ် ... အခုနင့်အစ်မသတ်ခဲ့တဲ့ကိစ္စကို ငါကကိုယ်စားဝင်ခံပေးရမှာ ... အဖြစ်
အပျက်အကုန်လုံးကြတော့ အမှန်အတိုင်း ဖြောင့်ချက်
ပေးရမယ် ... နင့်အစ်မလူသတ်တာကြ ထိန်ချန်ထားရ
မယ်ဆို မလွန်ဘူးလား ... ဖော်မယ့်ဖော်အကုန်ဖော်လေ "
" ငါ့အစ်မကို ဆွဲခေါ်မှာဆိုရင်ဘာမှ ညှိစရာအကြောင်း
မရှိတော့ဘူး ...တကယ်တော့ နင်ဝန်ခံမယ်ဆိုတာကလည်း
ချိုလဲ့ရီက နင့်ကိုသတ်မှာစိုးလို့ မဟုတ်လား ... "
ထိုသို့ပြောနေစဉ်မှာပင် ကိုသိန်းထိုက်၏ အိမ်တံခါးကြီး
မှာ လေမတိုက်၊ လူမတွန်းပါဘဲ သူ့အလိုလို ပွင့်လာခဲ့
လေသည်။
ဇာတ်သိမ်းပိုင်းအားဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory