" သရဲမက မျက်စိကျသော ကလေးငယ် "
lotaya.mpt.com.mm
|
2022-05-03

  " အဲမီးလေးရေ ...  ပါးပါးအသဲလေးရေ  "

       ကိုတင်မောင်ဝင်းက အိမ်ရောက်တာနဲ့ သူ့သမီး ဟာဂျဒါ ကို ကောက်ယူပွေ့ချီ၍ တရှုံ့ရှုံ့နမ်း၏။ တနေကုန် ကျောက်ဝိုင်းထဲမှာ လှုပ်ရှားရုန်းကန်ခဲ့ရသည့် ပင်ပန်းမှု မှန်သမျှတို့မှာ အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားကြသည်။ ရင်သွေးဟူက ချစ်မဝဟုဆိုကြသည်မဟုတ်လား။

       ၂နှစ်သားအရွယ် ကလေးလေးကလည်း သူ့အဖေလက်ပေါ်မှာ တခစ်ခစ်နဲ့ သဘောကျ ပျော်မြူးနေရှာ၏။

       ပါးဖောင်းဖောင်းလေးနဲ့ ဟာဂျဒါက သူတို့ရဲ့သမီးဦး။သူတို့ အိမ်ထောင်သက် တနှစ်မှာ ဘုရားသခင်က ပေးခဲ့တာလို့ ယုံကြည်ကြ၏။ 

       ဟာဂျဒါမွေးပြီးမှ သူတို့လင်မယားရဲ့ စီးပွားရေးကလည်း ပိုမိုတိုးတက်လာခဲ့သည်ဟု ကိုတင်မောင်ဝင်းရော၊ သူ့ဇနီး မတင်မာမျိုးပါ ယုံကြည်ခဲ့ကြသည်။အမှန်တကယ်လည်း တိုးတက်ပါ၏။ 

         မတင်မာမျိုးက သားအဖနှစ်ယောက် ကျီစယ်ကလူနေကြသည်ကို ကြည့်၍ အပျော်များကူးစက်လာ၏။ 

" အစ်ကိုရယ်  ခဏလောက်နားပါအုံးတော့လား။ နေပူကြီးထဲကနေ စက်ဘီးနင်းလာရတာကို ...၊ ရော့  ရော့  ရေအေးလေး သောက်လိုက်ပါအုံး "

     မတင်မာမျိုး ကမ်းပေးလာတဲ့ ရေဖန်ခွက်ကို ယူရင်း ၊ ကိုတင်မောင်ဝင်းက  ...

  " ရေကို မဆာတာ မျိုးမျိုးရဲ့၊ သမီးလေးက  အစ်ကို့ကို တနေကုန်အောင် မျှော်နေရှာတာဆိုပြီး၊ ဝိုင်းကနေ အိမ်တန်းပြန်လာတာလေ "

ရေမဆာဘူးဟုသာ ခပ်ပြုံးပြုံး ပြောပေမယ့် ဖန်ခွက်ထဲက ရေတို့က ကုန်သွားလေပြီ။ 

     မန္တလေးနေက ပြင်း၏။ ညနေ ၅နာရီ နေကျချိန်တောင် ချွေးပြိုက်ပြိုက်ကျအောင် ပူလေ၏။ ထိုသို့သော ပူပြင်းသောအချိန်မှာ ဖီးဆင့်စက်ဘီးလေးနှင့် ၂မိုင်လောက်ခရီးကို တချောက်ချောက် စီးနင်း၍ ပြန်လာရသော ကိုတင်မောင်ဝင်းအဖို့ ဘယ်လောက်ပင်ပန်းလိုက်မည်လဲ။ ဒါကို မတင်မာမျိုးက ကိုယ်ချင်းစာ နားလည်ပေး၏။

     သို့သော် ဇနီးနှင့်သမီးအပေါ် ချစ်မြတ်နိုးတတ်သူ ကိုတင်မောင်ဝင်းအဖို့က မန္တလေးနေသည် ပူပြင်းသည်ဟုမထင်။ မိသားစုကို အများနဲ့တန်းတူထားလိုသောကြောင့် ကျောက်ဝိုင်းမှာ တနေကုန်အောင် စီးပွားရှာတတ်၏။ နေပူပူ မိုးရွာရွာ သူကတော့ အလုပ်ကိုသာ တစိုက်မတ်မတ် လုပ်လေ့ရှိသည်။ ရိုးသားပြီး ဖြောင့်မတ်၏။ သူတပါးအပေါ် သူတတ်နိုင်သလောက် အမြဲတစေ ကူညီလေ့ရှိသည်။ ကူညီရာ၌လည်း အမြဲ စိတ်သန့်သန့်ထား ကူညီတတ်သည်။ ထို့ကြောင့် ကိုတင်မောင်ဝင်းအား အမျိုးဇာတ်ကွဲသူများကပင် လေးစားချစ်ခင်ကြလေ၏။

ကိုတင်မောင်ဝင်းက သူ့အလုပ်ပြီးစီးလျင်လည်း ဘယ်ကိုမှ သဝေမထိုးတတ် ၊ အိမ်ကိုသာ တန်းပြန်တတ်သည်။

      အိမ်ပြန်ရောက်လျင် သူ့အတွက် အမောပြေဆေးလေးက အရန်သင့် ဆီးကြိုနေတတ်သည်မဟုတ်လား။ ယခုလည်း ကြည့်လေ သမီးငယ် ဟာဂျလာက သူ့အား အတင်းကုတ်တွယ်တက်၍ အပြင်သို့ထွက်ပေးရန် ပူဆာနေ၏။ ကလေးက နှစ်နှစ်နီးပါး ရပြီ။ သို့ပေမယ့် စကားကို ရေလည်အောင် မပြောတတ်သေး။ "ပါးပါး" ၊ "အမေ" ၊  "မန်မန်" ဒါလောက်သာ ပြောတတ်သေး၏။ 

       သူ .. မရှိလျင်၊ သူ့မိန်းမနှင့်ကလေးက အိမ်အလည်မထွက်ဘဲ တနေကုန် တံခါးပိတ်၍ အိမ်ထဲ၌သာ နေလေ့ရှိကြသည်။ သူတို့နေရသည်က ဗလီဝင်းကြီးထဲက အငှါးချထားသော သွပ်မိုးထရံကာ လုံးချင်းနှစ်ထပ်အိမ်ကလေးတလုံး ဖြစ်၏။

      ဗလီဝင်းထဲတွင် တိုက်ခန်းတွေ၊ အိမ်လေးတွေက ပြွတ်စီခတ်နေ၏။ သူတို့လင်မယားသည် အိမ်အငှါးနေထိုင်ကြသူများ ဖြစ်ကြသည်။ ဒီဗလီဝင်းထဲ နေထိုင်သည်မှာ ၄လခန့်သာ ရှိသေး၏။ အဲဒီတော့ ပတ်ဝန်းကျင်နှင့် သိပ်မရင်းနှီးသေးချေ။ ခေါင်းရင်းအိမ်နှင့် ခြေရင်းအိမ်လောက်သာ ရင်းနှီးကြွမ်းဝင်စ ရှိသေး၏။

        မတင်မာမျိုးသည် အိမ်ထောင်မှု နိုင်နင်းသူ ဖြစ်၏။ သူ့အတွက် အားနေသည်ဟု မရှိတတ်။ တခုမဟုတ် တခုတော့ လုပ်နေတတ်၏။ ထို့ကြောင့် သူတို့နေထိုင်ရသည့် အိမ်လေးသည် အမြဲသန့်ရှင်းသပ်ရပ်နေလေ့ရှိ၏။

     မိန်းမဆိုတာကလည်း အားနေလို့  လူစုံလျင် စကားတင်းဆိုချင်လှသည်မဟုတ်လား။ မတင်မာမျိုးကတော့ ထိုသို့မဟုတ်၊ ထမင်းဟင်းချက်ပြုတ်ပြီးသည်နှင့် အဝတ်လျော်၏။ ကလေးကို ကျောပိုးပြီး အိမ်သန့်ရှင်းရေးလုပ်၏။ ကလေး အိပ်ချိန်တွင် စက်ချုပ်ခုံပေါ်၌ တကုပ်ကုပ်နဲ့ စက်ချုပ်နေတတ်၏။

     ဟာဂျဒါလေးသည် ငယ်သေးသော်လည်း အင်မတန်လိမ်မာ၏။ ငိုယို ပူဆာတတ်သည်မဟုတ်။ အရုပ်ကလေးများနှင့် တဦးတည်း ဆော့ကစားနေတတ်သည်။ ဆော့ကစား၍ အားရပြီ ဗိုက်ဆာလာပြီဆိုရင်တော့ "မေမေ မန်မန်ချားမယ် " ဟု ပြောတတ်နေပြီ ဖြစ်သည်။ 

       ကိုတင်မောင်ဝင်းသည် ဘာသာတရားကိုင်းရှိုင်းသူပီပီ၊ညနေတိုင်း ဗလီတက် ဝတ်ပြုလေ့ရှိသည်။ 

      ညနေတိုင်း ဗလီတက်ပြီး အိမ်ပြန်ရောက်ပါက၊ သမီးငယ်အား ချီပိုး၍ လမ်းလျှောက်ထွက်လေ့ရှိသည်။  တခါတရံ သူ့ဇနီး မတင်မာမျိုးပါ လိုက်ပါတတ်ပြီး၊ တခါတရံတော့ အိမ်၌သာ ကျန်နေရစ်တတ်သည်။ 

      ကိုတင်မောင်ဝင်းသည် များသောအားဖြင့် ကလေးကို ချီပိုး၍ ဗလီ၏ အနောက်ဖက်အပေါက်သို့ လမ်းလျှောက်သွားလေ့ရှိသည်။ ဗလီဝင်းက လေးထောင့်စပ်စပ်ဖြစ်၍ လေးဘက်စလုံး၌ ထွက်ပေါက်များရှိလေ၏။

         မြောက်ဘက်သို့ထွက်လျင် ၃၅ အေ လမ်းမကြီးသို့ရောက်၏။ သို့သော် ကားအသွားအလာများလွန်း၍ မျက်စိရှုပ်သည်။ ထို့ကြောင့် ကိုတင်မောင်ဝင်းသည် အနောက်ဘက်ပေါက်ကသာ ထွက်လေ့ရှိသည်။ ထိုသို့ ညနေတိုင်း ကလေးကို လည်ထိန်းရာမှ သူတို့မိသားစုအတွက် ပြဿနာတခုသည် မဖိတ်ခေါ်ပဲ အလည်ရောက်လာတော့ပါတော့လေသည်။ 

     တည၌  ကိုတင်မောင်ဝင်း၏ သမီးငယ် ညဉ့်အလယ်၌ အလန့်တကြား ထ၍ ငိုပါတော့လေသည်။ 

    ကလေး၏ ပုံသဏ္ဍာန်မှာ လေထိုးလေနာ၍ ငိုခြင်းလည်းမဟုတ်။ မိခင်ရင်ခွင်ထဲ အတင်းတိုးဝင်၍ ကြောက်လန့်တကြား ငိုနေခြင်းဖြစ်သည်။ 

    " ဟာဂျဒါ သမီး ၊ ဘာဖြစ်လို့လဲ ၊ ဗိုက်နာတာလား သမီးလေး"

     ကလေးက မဖြေ။ အတင်းပဲ မိခင်ရင်ခွင်ထဲ တွယ်ကပ်ရင်း ငိုနေပါ၏။ ကိုတင်မောင်ဝင်းက အသင့်ဆောင်ထားသော လေနာပျောက်ဆေးရည်ပုလင်းကို ယူ၍ ကလေးအား တဇွန်းတိုက်သည်။

      ကလေးက အတင်း ခေါင်းခါရမ်း၍ မသောက်ဟု ငြင်းသည်။ မတင်မာမျိူးက ပါးစပ်ထဲ အတင်းထည့်တိုက်သည်။ ဆေးရည်မှာ ကလေး ဝမ်းထဲ ရောက်သွား၏။ သို့သော် ကလေးမှာ ငိုနေမြဲသာ။ 

       ကလေးငိုသံမှာ ဆူညံလှသည်ဖြစ်ရာ ခေါင်းရင်းအိမ်မှ ခါလာကြီးက ...

   " မျိုးမျိုးရေ ... ကလေးက ငိုလှချီလား ၊ လေနာလို့များလား"

ဟု အသံပြုလေ၏။ မတင်မာမျိုးက လေနာပျောက်ဆေးရည်တိုက်ထားသည်ဟု ပြန်ဖြေလိုက်သည်။ ခါလာကြီးအိမ်ဘက်မှ အသံတိတ်သွားသည်။ 

ခဏအကြာ ခါလာကြီးတို့ အိမ်ဘက်မှ တံခါးဖွင့်သံ၊ လမ်းလျှောက်သံကြားရပြန်သည်။ ခါလာကြီးမှာ မနေနိုင်၍ သူတို့အိမ်ဘက်သို့ ကူးလာဟန်တူ၏။ 

အပြင်ဘက်က ခွေးတချို့ တဝုတ်ဝုတ်နဲ့ ဟောင်နေကြ၏။

ထိုအခိုက် တံခါးကို တဒုန်းဒုန်း ထုရိုက်သံနှင့်အတူ ခါလာကြီး အသံကို ကြားလိုက်ရသည်။

" ဒုန်း ဒုန်း  ဒုန်း "

" မျိုးမျိုး   မျိုးမျိုးရေ ၊ တံခါးဖွင့်ပါအုံး ၊ ခါလာကြီး ဆေးလာပေးတာပါ "

ကိုတင်မောင်ဝင်းက ခါလာကြီးကို အိမ်တံခါး သွားဖွင့်၍ ကြိုသည်။ ခါလာကြီးလက်ထဲတွင် ပုလင်းသေးသေးတလုံး ကိုင်လာသည်ကို တွေ့ရသည်။

တံခါး ဖွင့်လျင် ဖွင့်ချင်း ခါလာကြီးမှာ တစုံတခုကို စိုးရိမ်မကင်းဟန်ဖြင့် အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်လိုက်ပြီး ...

" တံခါးကို ပြန်ပိတ်ထားလိုက် မောင်တင်မောင်ဝင်း "

ကိုတင်မောင်ဝင်းမှာ ဘာမှန်းမသိပေမယ့် ခါလာကြီးက ပိတ်ဆို၍ ပြန်ပိတ်ထားလိုက်ရသည်။ 

တံခါးကိုပိတ်ရင်း  အပြင်သို့ တချက်မျှ လှမ်းကြည့်လိုက်ရာ ...

သူတို့ အိမ်ရှေ့တည့်တည့်၌ ခွေးတချို့ စူးစူးဝါးဝါး လာဟောင်နေကြသည်ကို မြင်တွေ့လိုက်ရပြန်၏။ ကိုတင်မောင်ဝင်းလည်း စိတ်ထဲ မသိုးမသန့် ခံစားလာရ၍ တံခါးကို စေ့ပိတ်လိုက်လေ၏။ သူ ဒါမျိုး တခါမှ မဖြစ်ဖူးခဲ့ချေ။

ခါလာကြီးက ကလေးချီပွေ့ထားသော မတင်မာမျိုး အနီး ဝင်ထိုင်လိုက်သည်။ 

" ကလေး လေနာရင် အဲ့သလိုပဲ တူမရဲ့။ ဒါ ခါလာကြီးကို လာရှိုးက ပို့ပေးတဲ့ မုန်ညင်းဆီလေ၊ ကလေးရဲ့ ဝမ်းပြင်ပေါ် အသာလေး ဆွဲချလိမ်းပေးလိုက်၊ လေနာတာဆိုရင်တော့ ချက်ချင်းသက်သာတယ် ... "

ခါလာကြီးက မြေးတောင်ရပြီလေ။ ကလေးတွေ ဘာဖြစ်ရင် ဘာဆေးလိမ်းရမယ် သိနေတာပေါ့။ ဒါကြောင့် မုန်ညင်းဆီကို တကူတက ယူလာပေးတာ။

မတင်မာမျိုးက သူ့သမီးရဲ့ အင်္ကျီကို အပေါ်လှန်တင်ပြီး၊ ခါလာကြီးပေးတဲ့ မုန်ညင်းဆီကို လက်ဖဝါးနှစ်ဖက်မှာထည့်ပြီး ကလေးရဲ့ဗိုက်ပေါ် အသာအယာ ဆွဲချလိမ်းပေး၏။ 

ဒါပေမဲ့ ကလေးက မသက်သာပါဘူး။ ငိုမြဲ ငိုနေရှာ၏။ တချက်တချက်ဆို ကြောက်အားလန့်အားနဲ့ စူးစူးခြစ်ခြစ် အော်ငိုနေသည်။

ခါလာကြီးက မျက်နှာမကောင်း။ သူမ တခုခုကို သိနေသလိုလို။ ပါးစပ်ကနေ ထုတ်၍ ပြောရကောင်းနိုးနိုး ၊ ချီတုံချတုံ ဖြစ်နေ၏။ 

ကလေးငိုလိုက်တိုင်း အပြင်ဘက်က ခွေးတွေကလည်း အငြိမ်မနေကြဘူး။ ဟောင်လိုက် အူလိုက်နဲ့။ 

ကိုတင်မောင်ဝင်းက ခါလာကြီး မျက်နှာရိပ်ကို ဖမ်းမိပုံရ၏။ ခါလာကြီး တခုခု ပြောချင်နေတာကို ရိပ်စားမိလေတော့ ...

" ခါလာကြီး  ... ကလေးကို ဆေးခန်း သွားပြလိုက်ရင် ကောင်းမလားဟင် "

ကိုတင်မောင်ဝင်းက ထိုသို့ တိုင်ပင်သလို ပြောလာတဲ့ စကားကြောင့် ခါလာကြီးက ခေါင်းခါပြသည်။ 

" အရမ်း ညဉ့်နက်နေပြီ။ ခုချိန်ဆို ဆေးခန်းတွေလည်း ပိတ်ရောပေါ့ ငါ့တူ။ ပြီးတော့ ဆေးခန်းပြလည်း  ထူးမယ်မထင်ဘူး ... "

"ဟင် "

ခါလာကြီးစကားက လင်မယားနှစ်ယောက်စလုံးကို ဟင်ခနဲ ဖြစ်သွားကြသည်။ 

" ခါလာကြီး စကားက တမျိုးပါလား ၊ ဘာဖြစ်လို့လဲ ... ကျွန်တော်တို့သမီးက ဘာဖြစ်လို့လဲ ခါလာကြီး ၊ ပွင့်ပွင့်လင်းလင်း ပြောပါဗျာ ၊ ကျွန်တော် အရမ်းစိုးရိမ်လာပြီ ... "

ခါလာကြီးက ဟူးခနဲ သက်ပြင်းချလိုက်ပြီး ၊ 

" ခါလာကြီးလည်း တတ်နိုင်သမျှ ကူပါ့မယ်။ဒါပေမယ့် ငါ့ပြောစကားကိုတော့ ယုံပေးကြပါလို့ ကြိုတောင်းပန်ပါရစေ။ ခါလာကြီး စိတ်အထင်တော့ ကလေးနောက်ကို သရဲပါလာတယ်ထင်တာပဲ"

မတင်မာမျိုးက ထိတ်လန့်သွားသည်။

" ရှင် ... သရဲ ! အလ္လာ ကယ်တော်မူပါ "

ကိုတင်မောင်ဝင်းက ခေါင်းခါ၏။

" မဖြစ်နိုင်ပါဘူး ခါလာကြီးရယ်၊ ကလေးက ငယ်ငယ်လေး။ ဘယ်မှလည်း သွားတတ်လာတတ်တာမဟုတ်ဘူး ၊နောက်ပြီး သရဲဆိုတာ ကျွန်တော် မယုံဘူး"

ခါလာကြီးက ကိုတင်မောင်ဝင်း ထိုသို့ မယုံကြည်ဘူးဆိုတာကို ကြိုသိနေဟန်တူ၏။ 

" ငါ့တူ မယုံဘူးဆိုတာ ခါလာကြီး သိတယ်။ ဒါဆိုရင် ခုနက အပြင်ဘက်မှာ ဘာလို့ ခွေးတွေက အူနေတာလဲ ။ 

    ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ကလေးကရော ဘာကြောင့် ကြောက်လန့်တကြားငိုနေတာလဲ ။ 

       တိုက်ဆိုင်တာပါလို့ ငါ့တူက ပြောချင်ပြောလိမ့်မယ်။ ဒါပေမဲ့ ခုနတုန်းက ငါ့တူကိုယ်တိုင် တံခါးထပိတ်တုန်းက ဘယ်လိုခံစားရလဲ ။ ခံစားချက် မကောင်းဘူးမဟုတ်လား။

      အေး ... ခါလာကြီး မင်းတို့အိမ်ဘက် ကူးလာတော့ ခါလာကြီးလည်း အရမ်း လန့်သွားတယ်။ ဘာကြောင့် လန့်လဲဆို မင်းတို့အိမ်ရှေ့မှာ ဆံပင်ဖါးလျားနဲ့ မိန်းမတယောက်ကို မြင်လိုက်ရလိုပဲ။ 

     အဲ့ဒီမိန်းမက မင်းတို့အိမ်ထဲကို စူးစူးစိုက်စိုက် ကြည့်နေတာကွဲ့။ ခါလာကြီးကို မြင်တော့မှ အရှေ့ထဲကို တရွေ့ရွေ့ ထွက်သွားတာ ၊ ခါလာကြီး လိုက်ကြည့်နေရင်းနဲ့ကို အဲ့ဒီမိန်းမက အမှောင်ထဲတိုးဝင်ပြီး ပျောက်သွားတယ်... "

ကိုတင်မောင်ဝင်းသည် ခါလာကြီးကို ငေးကြည့်ရင်း ဘာပြောရမှန်းမသိ ဖြစ်သွား၏။ သူကိုယ်တိုင်က ထိုမိန်းမ၏ နောက်ကျောပြင်ကို ရိပ်ခနဲ မြင်လိုက်ရသည်မဟုတ်လား။ 

ကိုတင်မောင်ဝင်းသည် သက်ပြင်း ကို လေးလံစွာ ချလိုက်ပြီး၊

   " ကျွန်တော့ သမီးက ငယ်ငယ်လေး ရှိသေးတာ၊ သူက ဘာလုပ်ချင်လို့လဲ ၊ ဘာလို့ ကျွန်တော့သမီးကိုမှ ရွေးပြီး ခြောက်ရတာလဲ "

    " ဒါတော့ ခါလာကြီးလည်း မသိဘူး။ ခါလာကြီး တခုတော့ ပြောနိုင်တယ် ငါ့တူ "

" ဟုတ်ကဲ့ ပြောပါ ခါလာကြီး၊ ကျွန်တော်တို့မိသားစုက ဒီဗလီဝင်းကို ရောက်တာ မကြာသေးတော့ ၊ ဒီက အခြေအနေ အကြောင်းအရင်းတချို့ကို မသိသေးပါဘူး ။ကျွန်တော်တို့ဘက်က အမှားအယွင်း လုပ်မိထားတာရှိရင်လည်း ပြောပြပါ ခါလာကြီး ၊ ပြင်သင့်တာ ပြင်ရတာပေါ့"

" ငါ့တူတို့က ဘာအမှားအယွင်းမှ လုပ်မထားပါဘူး ၊ တခုပဲ ရှိတယ်။ ငါ့တူက မဂ္ဂရဗ်ချိန် (နေဝင်ချိန်) မှာ ကလေးကို ဗလီအနောက်ပေါက် လမ်းကို ချီသွားလေ့ရှိတယ်မဟုတ်လား "

မဂ္ဂရဗ်ချိန်ဆိုတာက နမာဇ်ဖတ်ချိန် ၅ကြိမ်မှာ ၄ကြိမ်မြောက်ကို ခေါ်ဆိုခြင်းဖြစ်သည်။ 

ကိုတင်မောင်ဝင်းက ခါလာကြီး ပြောသည့်စကားကို နားမလည်သေးပေမယ့် ...

" ဟုတ်ကဲ့  ကျွန်တော် အဲ့ဒီအချိန်ဆို ကလေးနဲ့အတူ ဗလီအနောက်ပေါက်လမ်းကို သွားလေ့ရှိပါတယ် ခါလာကြီး၊ အဲ့ဒါ ဘာဖြစ်လို့လဲ "

" အင်း   ပြောရမှာတော့ ခပ်ခက်ခက်ပဲ ငါ့တူ ။ ဗလီအနောက်ပေါက်က ပျဥ်ထောင်အိမ်မည်းကြီးကို မင်း သတိထားမိလား "

" အော် ... ဟို လမ်းမြောက်ဘက်က သော့ခတ်ထားတဲ့ အိမ်မည်းကြီးလား ခါလာကြီး "

" အေး ... ဟုတ်တယ်။ အဲ့ဒီအိမ်က လူမနေကြဘူး။ ဒါကြောင့် အမြဲ သော့ခတ်ထားတာလေ ၊ 

ဘာလို့ လူမနေလဲဆိုတော့ အဲ့ဒီအိမ်မှာ လွန်ခဲ့တဲ့ ၆လလောက်က ၁၉နှစ်အရွယ် မိန်းကလေးတယောက် အိမ်အပေါ်ထပ်မှာ ကြိုးဆွဲချ သတ်သေသွားလို့ပဲ ။ အဲ့ဒီမိန်းကလေး သေပြီးနောက် ၊ အဲ့ဒီအိမ်က လူတွေလည်း အကုန်ပြောင်းပြေးကြရတယ်။ ကောင်မလေးက တစ္ဆေဖြစ်ပြီး ခြောက်လှန့်လွန်းလို့ ပြောင်းပြေးကြတယ်လို့ ပြောတယ် "

" ခင်မျာ ... "

ကိုတင်မောင်ဝင်း အံဩသွားသည်။ ပြီးတော့ ညနေက သူ့သမီးဟာဂျဒါနဲ့ သူ အဲ့ဒီအိမ်ရှေ့က စိန်ပန်းပင်အောက်မှာ စိန်ပန်းပွင့်တွေ ကောက်ယူနေခဲ့ကြသည်မဟုတ်လား။ 

အဲ့ဒီတုန်းက ဟာဂျဒါလေးသည် စိန်ပန်းပွင့်ကလေးများကို ခြံစည်းရိုးအနားထိ သွားကောက်ခဲ့သည်။ 

" ဟာ ... ခါလာကြီး ပြောသလိုဆို၊ ကျွန်တော့သမီးကို ခြောက်တာ အဲ့ဒီ အိမ်က တစ္ဆေပဲ ဖြစ်မယ်။

     ဘာလို့လဲဆိုတော့ စိန်ပန်းပွင့်တွေ ကောက်တုန်းက ဟာဂျဒါက အဲ့ဒီအိမ်မည်းကြီး အပေါ်ထပ်ကို လက်ညှိုးထိုးပြီး ' မမ ... မမ ' လို့ မပီကလာပီကလာ အော်နေတာ။ 

      ကျွန်တော်က  ဟာဂျဒါ လက်ညှိုးထိုးပြတဲ့ဆီ လှမ်းကြည့်တော့ ဘာမှ မတွေ့ရဘူး ။ အဲ့တုန်းက သမီးက ဘာကိုပြတယ်ဆိုတာ မသိခဲ့ဘူး ။ ဒါဆိုရင် သမီးလေးက  တစ္ဆေကို မြင်ရတာနေလိမ့်မယ်ထင်တယ် "

" သေချာတာပေါ့ ၊ မင်းရဲ့ သမီးက ကလေးဆိုတော့ သရဲကို မြင်ရတာဖြစ်လိမ့်မယ်။ သရဲက  သူ့ကို မြင်ရတဲ့သူနောက် လိုက်လာတာ ဖြစ်လိမ့်မယ် "

" ဒါဆိုရင်  ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ခါလာကြီး၊ ကလေးကို သူက အမြဲ ခြောက်လှန့်နေရင် အခက်ပဲ "

" အဲ့ဒီအတွက် မပူပါနဲ့ ငါ့တူရယ် ။ ဘာသာရေး ဆရာ တယောက်က အဲ့ဒီလိုကိစ္စတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အရင်ကလည်း ဒါမျိုးကိစ္စတွေ ကြုံတွေ့လာရင် သူ့ဆီပဲ အကူအညီတောင်း ဖြေရှင်းရတာလေ ... "

     ခါလာကြီး ပြောမှပဲ ကိုတင်မောင်ဝင်းတို့ လင်မယားမှာ ဟင်းချနိုင်တော့သည်။ ယခုလောလောဆယ်တော့ သမီးအငိုတိတ်စေရန် ဒိုအာဖတ်၍ ချော့သိပ်လိုက်ရလေသည်။

      နောက်တနေ့ နံနက်စောစောတွင် ခါလာကြီး လမ်းညွှန်မှုဖြင့် ကိုတင်မောင်ဝင်းတို့လင်မယားနှစ်ယောက်သည် ဘာသာရေးဆရာကို သွားပင့်သည်။ ဘာသာရေးဆရာက အိမ်သို့လိုက်လာပြီး ကလေး၏ အခြေအနေကို အကဲခတ်လေ့လာသည်။ 

     ၎င်းဘာသာရေးဆရာမှာ  အလွန်စွမ်း၏။ ကလေးများ အပေါ် နဇရ် ထိပါက၊ ကျောက်ချဥ်ဖြင့်  ဒိုအာ(ဆုတောင်း) ပြု၍ နဇရ် ထုတ်ပေး၏။

     နဇရ် ဆိုသည်မှာ မျက်စိကျခြင်း ဟုဆို၏။ ယခု  ဟာဂျဒါလေးအပေါ်  မျက်စိကျနေသူမှာကြိုးဆွဲချသေသွားပြီး သရဲဖြစ်နေသော ကောင်မလေး ဖြစ်သည်။ 

       ဘာသာရေးဆရာသည်  အစွဲထိနေသော ကလေး၏ ဦးခေါင်းပေါ် ကျောက်ချဥ်ဖြင့် ဒိုအာပြု၍ ၇ ပတ် ပတ်ပေးသည်။

       ထိုအခါ ကျောက်ချဥ်ပေါ်၌ မည်သူက မျက်စိကျနေသည်ကို ထင်ရှားစွာ  ပေါ်လွင်စေ၏။ ခွေးက မျက်စိကျနေလျင် ခွေးရုပ်ပေါ်၏။ နွားက မျက်စိကျနေလျင် နွားရုပ်ပေါ်လေ၏။

     ဘာသာရေးဆရာက ဒိုအာ ရွတ်ဖတ်ပေးရင်း ဟာဂျဒါ၏  ဦးခေါင်းပေါ် ကျောက်ချဥ်ဖြင့် ၇ပတ် ရစ်ပတ်ပေးပြီးနောက် ...

" ကဲ ... ဒီမှာကြည့်ကြ ၊ ခင်များတို့သမီးအပေါ် ဘယ်သူက နဇရ် ကျနေတယ်ဆိုတာကို ..."

"ဟင်! "

"ဟာ! "

ကိုတင်မောင်ဝင်းရော မတင်မာမျိုးပါ ကျောက်ချဥ်ပေါ်၌ ပေါ်နေသော အရုပ်ကို ကြည့်၍ ထိတ်လန့်အံဩသွားကြသည်။ 

ကျောက်ချဥ်ပေါ်၌ ပေါ်နေသော အရုပ်သဏ္ဍာန်မှာ မကောင်းဆိုးဝါးတကောင်၏ အရိပ်သဏ္ဍာန် တခု ဖြစ်နေသည်။

       ယခု ဟာဂျဒါလေးအပေါ် ဘယ်သူက မျက်စိကျနေသည်ကို ဘာသာရေးဆရာမှ ထင်ရှားစွာ ပေါ်လွင်စေလိုက်ပြီဖြစ်သည်။

   "  အဲ့ဒါ  ဟိုမိန်းမပဲ  "

   " ဟုတ်တယ် အဲ့ဒါ ကြိုးဆွဲချပြီး သေသွားတဲ့ မိန်းကလေးပဲ "

ဘာသာရေးဆရာက တည်ငြိမ်အေးချမ်းစွာ ...

     " ကဲ ... အားလုံးပဲ စိတ်ချမ်းသားစွာ နေလို့ရပါပြီ။ ဆရာ ... ကလေးအပေါ်က နဇရ်ကို ထုတ်ပေးပြီးပါပြီ ။ နောက်တခါ သရဲမက ထပ် မနှောက်ယှက်တော့ပါဘူး။ ဘုရားသခင်က သူ့သားသမီးတွေကို အမြဲကြည့်ရှုပါတယ်။ စိတ်ချမ်းသာစွာ နေကြပါတော့ "

      ကိုတင်မောင်ဝင်းရော ၊ မတင်မာမျိုးပါ သမီးငယ်လေး ဟာဂျဒါကို ကြည့်၍ ကြည်နူးဝမ်းသာနေကြသည်။ 

      ဟာဂျဒါ၏ မျက်နှာလေးက တိမ်ပုပ်ဖမ်းခြင်းမှ ကင်းစင်သော လမင်းပမာ ကြည်လင်ဝင်းပနေသောကြောင့်ပင်။

      ဘာသာရေးဆရာပြောသလိုပင် အဲ့ဒီနောက်တော့ ... ဟာဂျဒါလေးသည် ထိတ်လန့်ကြောက်ရွံခြင်း မရှိဘဲ၊ ကလေးသဘာဝ ပျော်ရွှင်စွာ ကစားလေတော့၏။ 

      ယခုအခါ  ထိုပျဥ်ထောင်အိမ်မည်းကြီးမှာ ဖျက်သည့်အထဲ ပါသွားလေ၏။ ထိုနေရာ၌ အစိမ်းနုရောင် ဆေးသုတ်ထားသော တိုက်သစ်တလုံးကို သစ်လွင်စွာ မြင်တွေ့ရလေသည်။ သရဲမမှာ ဘာသာရေးဆရာ၏ အဆုံးအမကြောင့် ထွက်ခွာသွားလေပြီဖြစ်လေသည်။

ပြီးပါပြီ။

ပီပီ၊မန္တလေး၊

၂၈၊၄၊၂၀၂၂

#lotaya_shortstory




Some text some message..