? ချစ်ခြင်းထက်သာလွန်၍ ? အပိုင်း(၃)
lotaya.mpt.com.mm
|
2022-05-08

လရိပ် စာကြည့်စားပွဲတွင်ထိုင်ကာ ချစ်ချစ် နေမကောင်းတာမို့ ပျက်ထားသည့်စာတွေကို ကူးရေးပေးနေခြင်းဖြစ်သည်။ အိပ်ယာလေးထက် အဖျားရှိန်ဖြင့် အိပ်မောကျနေသည့် ချစ်ချစ်ကို စိတ်မချစွာလှမ်းကြည့်မိတော့ ရင်ထဲနွမ်းသွားရသလို ဒီလိုဖြူဖျော့နေသည့် ပုံစံလေးကို သူဘယ်လိုမှ မကြည့်ရက်နိုင်။

" ကိုကို........"

အိပ်နေသည်ထင်ပေမယ့် မျက်လုံးလေးပွင့်လာကာ အသံတိုးတိုးလေးဖြင့် လှမ်းခေါ်တာမို့ လရိပ်စာကြည့်စားပွဲမှာ ထိုင်နေရာမှ ကပျာကယာ ထလာရင်း ချစ်ချစ်အိပ်နေသည့်အနားဝင်ထိုင်၏။

" အင်း.....ပြောလေ ညီမလေး ။ ဘာလုပ်ချင်လို့လဲ..... ကိုကို ဘာလုပ်ပေးရမလဲ။ "

" မေမေ ပြန်မလာသေးဘူးလားဟင်။ "

လရိပ် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားသလို စကားတို့က နှုတ်ခမ်းမှ ထွက်မလာပဲ ဆွံ့အကုန်၏။ အန်တီခင်မက စီးပွားရေးလောဘကြီးသလို အိမ်မှာမနေနိုင်သည့် လူစား။ လောင်းကစားမက်သည့်လူမို့ ဖဲဝိုင်း ဂျင်ဝိုင်းတွေမှာသာ ရှိတတ်သည်။ လရိပ် သူ့ကို မျှော်လင့်တကြီး ကြည့်နေသည့် မျက်ဝန်းလေးကို ကရုဏာပိုစွာ ငေးကြည့်ရင်း ဟန်ဆောင်ပြုံးလိုက်၏။

" လာမှာပေါ့ ညီမလေးရဲ့။ ကိုကို ဖုန်းထပ်ဆက်ပေးမယ်နော်......ညီမလေးက နေကောင်းအောင်နေရမယ် ကြားလား။ "

ချစ်ချစ် မျက်နှာလေးက ဝင်းပသွားရင်းမှ အားတက်သရောလေး ခေါင်းငြိမ့်ပြလာ၏။ ကိုကိုက ချစ်ချစ်ဆံပင်လေးတွေ ခပ်ဖွဖွသပ်တင်ပေးရင်း ထုံးစံအတိုင်း အနားရှိနေပေးရှာသည်။ ကြီးမားကျယ်ဝန်းလှသော အိမ်ကြီးထဲ အထီးကျန်မှုဟာ တိတ်ဆိတ်စွာ ခမ်းနားလွန်းသည်။ ကိုကို့ကြောင့်သာ,.....ကိုကိုရှိ၍သာ ချစ်ချစ် နေပျော်ခြင်းပင်။ အခုလဲ ကိုကို့အခန်းလာအိပ်နေခြင်းဖြစ်သလို ကိုကိုအနားမှာရှိတော့ ဘာပဲဖြစ်ဖြစ် အားရှိသည်ဟု ခံစားရသည်။

လရိပ် မျက်စိလေးမှိတ်ကာ ပြန်အိပ်ပျော်သွားသည့် ချစ်ချစ်ကို ကြည့်ပြီး ရင်ပူစွာ သက်ပြင်းမောကြီးချမိသည်။ ကိုကို ဖုန်းဆက်ပြီးပါပြီ ညီမလေးရယ်......ကိုကို ထပ်ဆက်ရမှာပေါ့။

လရိပ်အောက်ထပ်ဆင်းလာကာ အန်တီခင်မဆီ ဖုန်းခေါ်လိုက်သည်။ နှစ်ခါလောက်ခေါ်ပြီးမှ ဖုန်းဝင်သွားတာမို့ သူ အားတက်သရောဖြင့်....

" အန်တီ.... ညီမလေး နေမကောင်းတာ အန်တီ့ကို တဖွဖွမေးနေတယ်။ ချစ်ချစ် အရမ်းမျှော်နေတာ။ အဲ့ဒါ.....အန်တီ ပြန်လာ..."

" နေဦး လရိပ်။ ဒီမှာ အန်တီ ချိန်းဝိုင်းက အချီကြီးမို့ မင်းပဲ ကြည့်ထားလိုက်ပါ။ ချစ်ချစ်က မင်းရှိရင် ရပါတယ်ကွာ.........ဒါပဲနော်။ "

" ဟယ်လို.....အန်တီ....အန်တီ့"

လရိပ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသလို ချစ်ချစ်မျက်နှာလေးကို ပြေးမြင်တော့ ရင်မောသွားရ၏။ အနားရောက်လာသည့် ဒေါ်ကြီးက ဆန်ပြုတ်ပန်းကန်လေးကိုင်လာရင်းမှ.....

" သားရယ်......ချစ်နှင်းဆီလေးကို ဒေါ်ကြီး သိပ်သနားတာပဲ။ သားရောက်မလာခင်ကဆို သူ့မှာ အမြဲတစ်ယောက်ထဲ အထီးကျန်နေရရှာတာ။ မခင်မကလေ ဘယ်လိုမိခင်မျိုးလဲ မသိတော့ပါဘူး......."

" ညီမလေး က အန်တီ့ကို မျှော်နေတာ။ "

လရိပ်စကားကြောင့် ဒေါ်ကြီးက သက်ပြင်းချကာ ခေါင်းကိုအသာယမ်း၏။

" ကြည့်ပြောကြတာပေါ့ကွယ်။ ဆန်ပြုတ်ရပြီ.....ဒေါ်ကြီးတိုက်ပေးမယ်နော်။ "

" ကျွန်တော်ပဲ တိုက်လိုက်ပါ့မယ်။ "

ဆန်ပြုတ်ပန်းကန်ကို လက်လွှဲယူကာ အပေါ်ထပ်တက်သွားသည့် လရိပ်ကိုကြည့်ရင်း ဒေါ်ကြီးငွေ သဘောကျစွာ ပြုံးမိသည်။ လရိပ်လေးက ကလေးပေမယ့် သူ့အရွယ်က အကုန်နားလည်နေပြီဖြစ်သလို လူပျိုပေါက်ဖြစ်နေပြီမို့ အရိပ်အကဲသိသည်။ လရိပ်အဖေကတော့ အချိန်တန်အိမ်ပြန်လာသလို တစ်ခါတစ်လေ သုံးရက်ခန့်ပြန်မလာပဲ အပြင်မှာ အိပ်တတ်၏။ မခင်မ နောက်အိမ်ထောင်ထပ်ပြုမည်ဆိုတုန်းက ချစ်နှင်းဆီလေးအတွက် စိတ်ပူမိခဲ့ပေမယ့် အခုကျ ကိုမင်းရိပ်ရော လရိပ်လေးရောက ဟော့ဟော့ရမ်းရမ်းမဟုတ်သည့်အပြင် လရိပ်လေးက ချစ်နှင်းဆီလေးကို အရမ်းအနွံတာခံကာ ချစ်ရှာသည်။

လရိပ် ဆန်ပြုတ်ပန်းကန်ကို ယူကာ စားပွဲပေါ်တင်ထားလိုက်ရင်းမှ စာကြည့်စားပွဲတွင် ပြန်ဝင်ထိုင်ကာ ချစ်ချစ်ကူးရမည့် စာတွေကို အပြီးထိထိုင်ကူးပေးသည်။ ဘာသာစုံလိုက်ကူးပေးရတာမို့ လက်တွေညောင်းနေသည့်တိုင် စာမစုံလို့ အရိုက်ခံရမှာကို သူပိုစိုးရိမ်သည်။

ညရှစ်နာရီ....။

လရိပ် မျက်နှာပျက်နေရသလို တရှူံ့ရှူံ့ငိုနေသည့် ချစ်ချစ်ကြောင့် ဘေးမှာရပ်နေသည့် ဒေါ်ကြီးလဲ စိတ်မကောင်းဖြစ်ရသည်။ နိုးလာသည်နှင့် သူ့အမေကို မတွေ့တော့ ဝမ်းနည်းအားငယ်ကာ ငိုယိုနေသလို ဘာမှလဲမစား။

" မငိုပါနဲ့ ညီမလေးရယ်.....အဖျားပြန်တက်လာပါ့မယ်။ ကိုကို တောင်းပန်ပါတယ် မငိုနဲ့နော်။ "

" အဟင့်....အီးးးးဟီးးးးချစ်ချစ်ကို မေမေက မချစ်ဘူး။ "

လရိပ် ရင်ထဲမကောင်းဖြစ်သွားရသလို မျက်နှာလဲ ညှိုးကျသွားရသည်။ ပါးပြင်ထက်မှ မျက်ရည်တွေကို လိုက်သုတ်ပေးရင်း.....

" တိတ်ပါ ညီမလေးရယ်။ ငါ့ညီမလေးက ဒီလောက်ချစ်စရာကောင်းတာ ချစ်တာပေါ့။ အန်တီရော ကိုကိုရော ဒေါ်ကြီးရော အကုန်လုံးက ချစ်လိုက်တာမှ တုန်လို့။ "

" ဟင့်အင်း....ဟင့်အင်း....ကိုကိုညာနေတာ။ မေမေ့ကို ခေါ်ပေး.......ကိုကို့ မေမေ့ကို ခေါ်ပေးဆို။ "

လရိပ် အိပ်ယာထက် တရှုံ့ရှုံ့ငိုနေသည့် ချစ်ချစ်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူဘာလုပ်ပေးရပါ့မလဲ။ သူ ဘာတတ်နိုင်ပါ့မလဲ။ ခေတ္တမျှ ငေးစိုက်ကြည့်နေရင်း လရိပ် ဘာမှမပြောပဲ အခန်းအပြင်ထွက်သွား၏။ ဒေါ်ကြီးငွေလဲ ချစ်နှင်းဆီလေးကို ထွေးဖက်ထားပေးရင်းမှ ဘာလုပ်ပေးရမှန်းမသိတော့။

@@@@@@@@@@@

" သမီးရေ.....မေမေ့သမီးလေး....မေမေပြန်လာပြီ။ "

ဟင်.....။

ငိုရှိုက်နေရာမှ ကြားလိုက်ရသည့် အသံကြောင့် ချစ်ချစ်သာမက ဒေါ်ကြီးငွေပါ တအံ့တသြ ဖြစ်သွားရသည်။ ဒါ ကိုကို့ အသံမဟုတ်လား.....ဘယ်လောက်ပဲ အသံဖျက်ကာ ပြောနေသည့်တိုင် ချစ်ချစ် ကိုကို့အသံကို သိသည်။

" အို.....သားလရိပ် "

ဘုရားရေ......ကိုကို့ပုံစံက။

မေမေ့ ဂါဝန်ရှည်ကြီးဝတ်ကာ မေမေ့လိုပြင်ဆင်၍ မိန်းမဆန်ဆန်လျှောက်လာသည့် ကိုကို။ ချစ်ချစ် ဟီးခနဲ ထရယ်လိုက်မိသလို အနားရောက်လာသည့် ကိုကိုက ချစ်ချစ်လက်ကို ဆွဲ၍......

" သမီးက မေမေ့ကိုမျှော်နေတယ်ဆို။ လာ..... မေမေလာပြီဆိုတော့ ဆန်ပြုတ်သောက်ရမယ်နော်။ "

ချစ်ချစ် ပြုံးစိစိဖြင့် ကိုကို ခွံ့တိုက်နေသည့် ဆန်ပြုတ်ကိုသောက်ကာ အပူအပင်တွေ ခေတ္တမျှ မေ့ကုန်သည်။ ကြီးငွေလဲ မိန်းမကြီးလို မိတ်ကပ်နှုတ်ခမ်းနီတွေ ပြင်ဆင်ရင်း ချစ်ချစ်လေးကို ဆန်ပြုတ်တိုက်နေသည့် သားလရိပ်အား ငေးမောနေမိ၏။ သံယောဇဥ်တွေ ထင်ပါရဲ့လေ။

ဦးမင်းရိပ် ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လာစဥ် အပေါ်ထပ်မှ ဆင်းလာသည့် သားဖြစ်သူပုံစံကြောင့် ဒေါသက ထောင်းခနဲ ထွက်သွားရသည်။ ကြည့်ပါဦး......မိတ်ကပ်တွေ နှုတ်ခမ်းနီတွေဖြင့် ခြယ်သထားရုံမက ခင်မ၏ ဂါဝန်ကြီးပါ ယူဝတ်ထားသေးသည်။

" လရိပ်......မင်း အခုလာစမ်း။ "

အသံကျယ်ကျယ်ဖြင့် ထငေါက်သော အဖေ့ပုံစံကို ကြည့်ကာ လရိပ်အနည်းငယ် လန့်သွားရပေမယ့် အနားလျှောက်လာခဲ့သည်။ အဖေ့မျက်နှာက ဒေါသရှိန်ဖြင့် ခက်ထန်တင်းမာနေကာ ကြောက်စရာကောင်းလှသည်။

" မင်း ဘာတွေလျှောက်လုပ်ထားတာလဲ။ မင်းက မိန်းမလား......."

ဦးမင်းရိပ် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည့် သားဖြစ်သူ၏ ပုံစံကိုပင် မကြည့်ချင်လောက်အောင် ဒေါသထွက်ရတာ ဆိုးဆိုးရွားရွားမို့ လက်ပြန်ရိုက်ချလိုက်၏။ ဖောင်းခနဲ အသံထွက်လာကာ ယိုင်ကျသွားပေမယ့် လရိပ်အသံတစ်ချက်မထွက်ပဲ တောင့်ခံသည်။

" နောက်တစ်ခါ လုပ်ရဲလုပ်ကြည့်။ "

အိမ်ပြန်လာသည့် အဖေက သူ့ကို စိတ်ဆိုး၍ထင်သည်.....တစ်ဖန် အပြင်သို့ပြန်ထွက်သွားပြန်၏။ ထိုညနေက ချစ်ချစ်အမေ အိမ်ပြန်လာခဲ့ပါသည်......သို့ပေမယ့် အခြားလူတွေပါ ပါလာကာ အိမ်အောက်ထပ်တွင် အရက်ဝိုင်းထောင်ကြ၏။

ချစ်ချစ် မေမေပြန်လာပြီဆိုတာမို့ အောက်ထပ်ဆင်းလာကာ လှေကားတစ်ဝက်မှာတင် ဆူညံသံတွေ တဟားဟား တခစ်ခစ်ရယ်သံတွေ ကြားလိုက်ရသဖြင့် ဘာလုပ်နေမှန်း ကျင့်သားရစွာ သိလိုက်သည်။ ချစ်ချစ် ဂရုမစိုက်ပါ......မေမေ ပြန်ရောက်နေရင်ကို ချစ်ချစ် စိတ်ချမ်းသာသည်။

" မေမေ......."

" ဟော.....သမီးလေး....လာလေ ".

ချစ်ချစ် မေမေ့ပေါင်ပေါ် တက်ထိုင်လိုက်ရင်းမှ ပြုံးလိုက်မိသလို မလှမ်းမကမ်းတွင် ထိုင်ကာ စာဖတ်နေသည့် ကိုကို့ကိုလဲ တွေ့ရ၏။

" ခင်မ သမီးက ချစ်စရာလေးပဲ...."

" ဟုတ်တယ် အမေတူသမီးထင်တယ်.....လာပါဦး....ဦးဆီလာ။ "

မေမေ့ ဘေးထိုင်နေသည့် ဦးလေးကြီးတစ်ယောက်က ချစ်ချစ်လက်ကို လှမ်းဆွဲခေါ်သလို မေမေကလဲ မေးဆတ်ပြသည်မို့ အရက်နံ့တွေကြား ချစ်ချစ် မျက်နှာလေးပျက်သွားရသည်။ လရိပ် စာမဖတ်နိုင်ပဲ မြင်ကွင်းကို ရင်တထိတ်ထိတ်လှမ်းကြည့်ရင်း စိတ်ထဲက ပူပန်နေရသည်။

" အန်ကယ့်ပေါင်ပေါ်ထိုင် သမီး...."

ချစ််ချစ် ခေါင်းလေးယမ်းခါပေမယ့် လူက စွေ့ခနဲ ထိုလူ့ပေါင်ပေါ်ရောက်သွားရသည်။ လရိပ် စာအုပ်ကို ချကာ အနားလျှောက်လာခဲ့ရင်း ထိုလူ့ပေါင်ပေါ်မှ ချစ်ချစ်ကို အသာဆွဲခေါ်လိုက်သည်။ အန်တီခင်မဘက်လှည့်ရင်းမှ......

" ညီမလေး ဆေးသောက်ချိန်ရောက်ပြီ အန်တီ။ ကျွန်တော် ဆေးတိုက်ပြီး သိိပ်လိုက်တော့မယ်။ လာ ညီမလေး။ "

ဒေါ်ကြီးမေ ခုမှ ဟင်းချနိုင်သွားကာ ကိုယ်လဲ မနှစ်မြို့စွာ လှမ်းကြည့်နေခဲ့ခြင်းပင်။ သားလရိပ် ဥာဏ်ကောင်း၍သာ တော်တော့သည်။ မခင်မက ကိုယ်တိုင်လဲ အနေအထိုင်ရဲတင်းသလို ကိုယ်မွေးထားတာ သမီးမိန်းကလေးဆိုတာ သတိထားမိပုံမပေါ်။

------------------------

! ခွမ်း.....ဝုန်း!

ညသန်းခေါင်ကြီး ကျကွဲသံ ဆူညံသံတွေကြောင့် လရိပ်နိုးလာရရင်းမှ မျက်မှောင်ကျူံ့လိုက်မိသည်။

" မင်း လွန်လွန်းနေပြီ ခင်မ......ငါ မပြောချင်လို့ကြည့်နေတာ။ အဲ့ကောင် နဲ့ မင်းကဘာလဲ။ "

" ရှင်ထင်ချင်သလိုထင်.... ရှင့်လို မယားငယ်ထားနေတာမဟုတ်ဘူးနော်။ ခင်မတို့က စိတ်ပြတ်တယ်။ "

! ဝုန်းးးးးဒုန်းးးး!

အဖေ နဲ့ အန်တီခင်မတို့ ရန်ဖြစ်နေကြတာပဲ။ လရိပ် သက်ပြင်းချလိုက်မိရင်းမှ ရင်ထဲက ထိတ်ခနဲ ဖြစ်သွားရသည် ။ သူတောင် နိုးသည်ဆိုတော့.....။

" ညီမလေး....."

လရိပ် အခန်းအပြင် ကပျာကယာထွက်လာကာ ချစ်ချစ် အခန်းဆီ လျှောက်လာခဲ့၏။ အခန်းထဲ အိပ်မောကျနေသည့် ချစ်ချစ်လဲ နိုးလာကာ တံခါးလေးဖွင့်၍ ခေါင်းပြူကြည့်လာသည်မို့ လရိပ် ကပျာကယာ အနားပြေးသွားရင်း......

" ညီမလေး မအိပ်ဘူးလား,.."

သူ့အမေးကြောင့် ချစ်ချစ်ပုံစံလေးက ယောင်တိယောင်နဖြင့် ငေးကြည့်လာရင်းမှ အဖေတို့အခန်းဘက် လက်ညှိုးလေးထိုးကာ.......

" မေမေတို့ ရန်ဖြစ်နေကြတာလားဟင်။ "

" သြော် ညီမလေးရယ် သူတို့က လင်မယားပဲဟာ။ ဘာမှ စိုးရိမ်မနေနဲ့....လာ ပြန်အိပ်။ ကိုကို စောင့်ပေးမယ်နော်။ "

ချစ်ချစ် လက်မောင်းလေးကို ဆွဲခေါ်လာရင်းမှ အိပ်ယာထက်လှဲစေကာ စောင်ခြုံပေးရင်း ဘေးမှထိုင်စောင့်ပေးနေသည့် ကိုကို။ ချစ်ချစ်ဆံနွယ်စလေးတွေအား ဖွဖွပွတ်သပ်ပေးနေသည်မို့ တဖြည်းဖြည်း အိပ်မောကျသွားရသည်။

@@@@@@@@@@

တနေ့ထက် တနေ့ အဖေ နဲ့ အန်တီခင်မ၏ ဆက်ဆံရေးက ပိုဆိုးလာသလို ရန်ဖြစ်တာလဲ နေ့စဥ်လိုလို ဖြစ်လာ၏။ အစပထမကတော့ ချစ်ချစ်ကို သူလှည့်ပတ်ပြောနိုင်ပေမယ့် ကြာလာတော့ ချစ်ချစ်လဲ ရိပ်မိလာ၏။ မျက်နှာလေးမကောင်းစွာ ညှိုးငယ်နေရင် မနေတတ်သူက သူမို့ ပြုံးရယ်အောင် လိုက်စရင်းကို သူ့ရင်ထဲလဲ စိုးရိမ်ရတာတွေ ရှိလာသည်။

ပြဿနာတွေကြားကပင် သူနဲ့ ချစ်ချစ် ဆယ်တန်းရောက်လာခဲ့သလို တဖြည်းဖြည်းနှင့် ချစ်ချစ်လဲ အပျိုဖော်ဝင်လာခဲ့သည်။ ပန်းလေးတစ်ပွင့်ပမာ လှသွေးကြွယ်လာသလို ပျားပိတုန်းတွေလဲ ဝဲလာခဲ့၏။

" ကိုကိုရေ.,....ကိုကို့ "

စာသင်ခန်းအပြင်ကနေ သူ့အား အော်ခေါ်ရင်း ပြုံးရယ်လျက် လက်ကလေးလှမ်းပြနေသည့် ချစ်ချစ်ကို မြင်လိုက်ရသဖြင့် လရိပ် ပြုံးလိုက်မိသလို ကပျာကယာ အခန်းအပြင်ထွက်လာခဲ့၏။

" ညီမလေး......"

" ကိုကို့ကို လာချောင်းတာ ဟီးးး။ "

" ဟမ်....ဘာဖြစ်လို့လဲ ။ "

ချစ်ချစ် ဇက်ကလေးပုသွားကာ နှာခေါင်းလေးရှူံ့ရင်းမှ သူ့အခန်းထဲကျော်ကြည့်နေသေးသည်။ ချစ်ချစ်ကို စူးစမ်းသလို ကြည့်နေသော ကိုကို့အား မျက်စောင်းထိုးရင်းမှ....

" ချစ်ချစ်သူငယ်ချင်းကပြောတယ် ကိုကို့ကို သဘောကျနေတဲ့ အစ်မကြီးတွေရှိတယ်တဲ့။ ကိုကိုနော် ချစ်ချစ်မကြိုက်ဘူး....ဝေးဝေးနေရမယ် ကြားလား။ "

လရိပ် ပြုံးမိသွားရသလို သူ့စာသင်ခန်းဆီ အပြေးရောက်လာရခြင်းအကြောင်းကိုလဲ နားလည်သွား၏။

" အောင်မလေးဗျာ.....ကိုကိုက ဘာများလဲလို့။ ကိုကို့မှာ ချစ်စရာ ဒီညီမလေးပဲရှိတာ....လာ အခန်းပြန်လိုက်ပို့ပေးမယ်။ "

ချစ်ချစ်ဟာ ကလေးဆန်ပါသည်။ တစ်ခါတစ်လေကျလဲ သူ့အပေါ်ဆိုးလွန်း အနိုင်ယူလွန်းပေမယ့် သူကိုယ်တိုင်တစ်ခါမှ ငြူစူစိတ်ကွက်ခြင်းဆိုတာပင် မရှိဖူးခဲ့။ သူမလေးဟာ သူ အခြားလူအပေါ် ပိုခင်တွယ် ပိုဂရုစိုက်မှာကို မကြိုက်သလို စိတ်လဲကောက်တတ်၏။ အမြဲချော့ရသူက သူဖြစ်သလို အမြဲအလျှော့ပေးရသူကလဲ သူသာလျှင်ပဲ ဖြစ်ပြန်၏။

---------------------------

ကျောင်းမုန့်စားစျေးတန်းထဲတွင် ချစ်ချစ် ကြိုက်တတ်သည့် မုန့်တွေရွေးယူနေရင်းမှ သူ့ဘေးကပါလာသည့် ကျော်စွာက သူ့အားကြည့်ရင်း.....

" လရိပ် မင်း စားဖို့မုန့်ဖိုးချန်ဦးလေ။ "

" ငါက ဘာစားစားရတယ်။ ညီမလေးက ဗိုက်ဆာလွယ်တယ်ကွ.....များများလေးဝယ်ပေးမှ ဖြစ်မယ်။ "

" မင်း ညီမကို မင်းချစ်တာကလွန်ပါတယ်။ "

လရိပ် ပြုံးမိသည်။ မလွန်ပါဘူး......သူ ချစ်တာ မလွန်ပါဘူးလေ။ သူ့ဘဝမှာ သူမလေးဟာ အရာရာဖြစ်လာခဲ့ပြီးသား မဟုတ်လား။ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာ ထောင့်ငါးရာအချစ် နှစ်ခုလုံးပေါင်းသည်ထက် သာလွန်အေးမြသော ချစ်ခြင်းကို သူပေးချင်သည်။

ခုနောက်ပိုင်း ချစ်ချစ် သူ့အနား အရမ်းကပ်နေတတ်သည်။ သူ့ကိုလဲ မျက်စိဒေါက်ထောက် ကြည့်သည်။ အကြောင်းအရင်းကို သူသိတာပေါ့လေ။ ဒီရက်ပိုင်း အဖေနဲ့ အန်တီခင်မတို့၏ ရန်ပွဲတွေကြား ချစ်ချစ် မျက်နှာမကောင်းလာတတ်ပေမယ့် သူ့ရှေ့ဆို သူမလေး မသိဟန်ဆောင်ကာ ပျော်ချင်ဟန် မသိဟန်ဆောင်နေတတ်သည်။ သူ စိတ်မကောင်းဖြစ်မှာစိုး၍ ထင်ပါရဲ့။

ထို့အတူ.......

" ကျွန်မတို့ကွာရှင်းကြရအောင်။ "

ဦးမင်းရာ ခင်မ၏ စကားကြောင့် ကြိုရိပ်မိပြီးသားလို ခပ်မဲ့မဲ့ပြုံးမိသွားသည်။ သူ သိပါသည်။ ခင်မ ကောင်လေးတစ်ကောင်နဲ့ တွဲနေသလို သူ့နောက်ကွယ်မှာ ဇာတ်ရှုပ်နေ၏။

" မင်း ဆုံးဖြတ်ပြီးပြီလား။ "

တိတ်ဆိတ်နေသည့် ခင်မကို ကြည့်ကာ ဦးမင်းရာ ခေါင်းငြိမ့်လိုက်ရင်းမှ.....

" ကောင်းပြီ.....ကွာရှင်းကြတာပေါ့။ "

@@@@@@@@@@@@@@@@@@@@@@

To be continue P - 3

Author - အနမ်းခြွေ

#lotaya_shortstory




Some text some message..