
လစာတိုးပြီဆိုတဲ့ အသိက မန်နေဂျာအသစ်စက်စက် ထွန်းအောင်သိန်းအတွက် ပျော်စရာပင်။ ပြီးတော့ တလက်စတည်း ..သူဌေးက ..
“မင်းအခု ရုံးကို သွားရလာရတာ အဆင်မပြေလောက်ဘူးထင်တယ် .. အဲဒါကြောင့် ငါ ကားတစ်စီးဝယ်ပေးဖို့ စဉ်းစားထားတယ်”
အချိုပေါ်သကာလောင်းသည့် သတင်းစကားကို ကြားလိုက်ရခြင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် ထွန်းအောင်သိန်းစိတ်ထဲ တွေးနေတာကတော့ .. ငါသာ ကားတစ်စီးရရင် အရင်ဆုံးရပ်ကွက်ထဲက လှောင်ပြောင်နေသူတွေရှေ့မှာ ကားကို ဝေါကနဲမောင်းပြီး အံ့အားသင့်အောင် လုပ်ပြဦးမည်ဟု တွေးထားသည်။
အိမ်ပြန်ရောက်တော့ .. လစာအိတ်ကို ခုံပေါ်ခပ်တင်းတင်းပစ်တင်လိုက်ပြီး ..
“ငါအရမ်း ပင်ပန်းလာတယ်”
မိန်းမဖြစ်သူက မျက်စောင်းထိုးကာ ..
“ဗော်လန်တီယာမန်နေဂျာကြီး ပြန်လာပါပြီ”
ဒီမိန်းမ တယ်ခက်တာပဲ လစာအိတ်ကို မကြည့်ဘဲနဲ့ ဟု တွေးကာ ..
“ဒီလ ငါတရားဝင်လစာတိုးပြီဟ”
“တကယ်လား .,”
“ဟုတ်တယ် ... ပြီးတော့ ဒီအပတ်ထဲမှာပဲ ရုံးသွားရုံးပြန်အတွက် ကားတစ်စီး ပေးမယ်ပြောသေးတယ်”
မိန်းမလုပ်သူက အံ့အားသင့်သွားတဲ့မျက်နှာပေးနဲ့ ထွန်းအောင်သိန်းကို အထင်ကြီးသလို အကြည့်နဲ့ကြည့်၏။ အဲဒီလိုကျတော့လည်း ထွန်းအောင်သိန်းက မနေတတ်တော့။ ဘာဖြစ်လို့လည်းဆိုတော့ ဘဝမှာ တစ်ခါမှ အဲဒီလိုအကြည့်မခံခဲ့ရဖူးတာကိုး။ ထွန်းအောင်သိန်းက ရေမိုးချိုးထမင်းစားပြီး ညနေခင်း ဘီယာဆိုင်ဘက်ခဏထွက်သည်။ ခါတိုင်းဆိုရင် ရုံးကပြန်လာရင် အိမ်အလုပ်ကူလုပ်ပေးရပေမဲ့ ဒီနေ့က လစာထုတ်ရက်ဖြစ်တာရယ်၊ လစာတိုးထားတာရယ်တွေကြောင့် ခွင့်ပြုချက်ရထားတာပဲ ဖြစ်သည်။ ဒါတောင် မိန်းမဖြစ်သူက ဈေးဆစ်ချင်သေးသည်။ ကလေးခေါ်သွားပါလားဆိုပြီး ကလေးကိုထည့်ပေးလိုက်ချင်သေးသည်။ ဒါပေမဲ့ ပါဝါအာဏာလေးရှိတုန်းက ထွန်းအောင်သိန်းကလည်း လုံးဝအလျှော့မပေး။ ရှုပ်တယ်မခေါ်နိုင်ဘူးဆိုပြီး ခပ်တင်းတင်းပြောပြီး ထွက်လာခဲ့တာပဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကတော့ ပျော်စရာကောင်းလွန်းသည်ဟု တွေးမိသည်။
နောက်လေးငါးရက်လောက်ကြာတော့ .. ကားတစ်စီးရလာသည်။ ဒါပေမဲ့ ထွန်းအောင်သိန်း နားမလည်နိုင်အောင်ဖြစ်မိသည်။ ဘာဖြစ်လို့လည်းဆိုတော့ ကားက လူဆယ့်တစ်ယောက်စီးကားဖြစ်နေလို့ပင်။
“သူဌေး ဒါကျနော့်အတွက် ဝယ်ပေးထားတာလား”
“အေးလေ “
“မကြီးလွန်းဘူးလား ဆရာရယ်”
“အေးကွ .. ပထမတုန်းကတော့ ခပ်သေးသေးဝယ်ပေးမလို့ပဲ .. နောက်တော့မှ ငါစဉ်းစားမိတာက မင်းရုံးကိုလာတဲ့ လမ်းတလျှောက်မှာ အခြားဝန်ထမ်းတွေလည်းရှိတော့ သူတို့ကိုပါ လမ်းကြုံဝင်ခေါ်လို့ရအောင်လို့”
ထွန်းအောင်သိန်း အောင့်သီးအောင့်သက်တော့ ဖြစ်သွား၏။ ဒါပေမဲ့ကားကလည်း ဝယ်ပြီးသွားပြီဆိုတော့ ဘာမှဆက်မပြောချင်တော့တာနဲ့ ကားသော့ကို ယူပြီး ကားပေါ်လှမ်းတက်လိုက်သည်။
“ဟာ .. “
“ဘာဖြစ်တာတုန်း”
“ရုံးဆင်းချိန်ရောက်ပြီလေ”
“မြန်မြန်သွားတော့”
ကားပေါ်မှာ ဝန်ထမ်းတွေ ပြည့်နေပြီ။ ထွန်းအောင်သိန်း တောင် ကားပေါ်မရောက်သေးဘဲ ရုံးဝန်ထမ်းတွေက ကားပေါ်ကြိုရောက်နေခြင်းဖြစ်၏။ ထွန်းအောင်သိန်း သူ့ကိုယ်သူ မန်နေဂျာဆိုတာတောင် မေ့သွားသည်။ အိမ်ပြန်ရောက်တော့ .. ည ၇နာရီခွဲပြီ။ ခါတိုင်း ၆နာရီခွဲလောက်ဆို ရောက်နေကြဖြစ်ပြီး ကား စ ရတဲ့နေ့မှ ရုံးနောက်ကျခြင်းဖြစ်သည်။ အိမ်ရောက်တော့ မိန်းမဖြစ်သူက ..
“ရှင်ဘာလို့ နောက်ကျနေတာလဲ”
ထွန်းအောင်သိန်းက ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
“ဒါဆိုရှင်က ရုံးချိန်မှာ မန်နေဂျာ၊ ရုံးဆင်းချိန်နဲ့ရုံးတက်ချိန်တွေမှာ ဒရိုင်ဘာပေါ့”
ထွန်းအောင်သိန်း ဘာမှပြန်မပြောတော့ဘဲ ရေချိုးခန်းဆီကိုသာ ထွက်လာခဲ့တော့သည်။ နောက်တစ်နေ့မနက်မိုးလင်းတော့ ပုံမှန်အချိန်အတိုင်း ရုံးသွားဖို့ ပြင်ဆင်နေ၏။ အဲဒီအချိန်မှာ ဖုန်းဝင်လာသည်။
“ဟဲလို .. “
“ထွက်မလာသေးဘူးလား”
“ဟင် .. ခင်ဗျားက ဘယ်သူတုန်း”
“ကျနော်က လုံခြုံရေးဝန်ထမ်းလေ ..”
ထွန်းအောင်သိန်း တင်းကနဲဖြစ်သွားသည်။ သူ့လို မန်နေဂျာလယ်ဗယ်ကို လုံခြုံရေးဝန်ထမ်းလိုလယ်ဗယ်မျိုးကို အခုလို လေသံမာမာနဲ့လာပြောတာကို မခံချင်ဖြစ်သွားပုံရသည်။ ပြီးတော့ ပညာပြလိုက်ဦးမည်ဟုတွေးကာ ..
“အေး .. လမ်းထိပ်ထွက်စောင့်နေ .. ထွက်လာခဲ့မယ်”
ပုံမှန်အတိုင်းဆိုရင် ၈နာရီခွဲလောက်ဆိုရင် အိမ်ကထွက်နေကြဖြစ်ပေမဲ့ ဒီနေ့တော့ လုံခြုံရေးဝန်ထမ်းကို ပညာပေးချင်တာနဲ့ ၉နာရီ၁၅မိနစ်လောက်မှ အိမ်ကထွက်လာခဲ့သည်။ ပြီးတော့ လမ်းမှာရှိတဲ့ အခြားဝန်ထမ်းတွေကိုပါ ပတ်ကြိုလိုက်သည်။ လူတွေအားလုံးကားပေါ်ရောက်တော့ ..
“ဒီမှာ ခင်ဗျားတို့အားလုံးကို တစ်ခုပြောထားမယ်။ ကျနော်က ဒရိုင်ဘာမဟုတ်ဘူး မန်နေဂျာ ခင်ဗျားတို့ကို လမ်းကြုံခေါ်တာ။ အဲဒီတော့ ကျနော်ရုံးလာတဲ့အချိန်အတိုင်း လာနိုင်မှ လိုက်၊ အပြန်ဆိုရင်လည်း ကျနော်ပြန်တဲ့အချိန်ပြန်နိုင်မှ လိုက်ပြန်”
အားလုံးဘာမှမပြောကြ။ ဖုန်းကိုယ်စီပွတ်နေကြသည်။ သူ့စကားကိုအားလုံးက ဂရုမစိုက်ဟန်မျိုးရှိပေမဲ့ သူ့အနေနဲ့တော့ ပြောသင့်ပြောထိုက်တာကို ပြောထားဖို့လိုတာကြောင့် စိတ်ထဲတော့ ပေါ့သွားသည်။
နေ့ခင်းကော်ဖီသောက်ချိန်ရောက်တော့ သူဌေးက သူ့ကို ခေါ်တွေ့သည်။
“မနက်က ဘာလို့ နောက်ကျတာလဲ”
“ညက လုပ်စရာလေးတွေ အပြတ်ဖြတ်နေရလို့ပါ”
သူဌေးက ခေါင်းကို ခါရမ်းလိုက်သည်။ ပြီးတော့ .
“ကားပေးထားတယ်ဆိုတာ အဲဒီလို နောက်မကျစေချင်လို့လေ”
“ကျနော်က လူတွေကို ပတ်ကြိုပေးရသေးတယ်လေ”
“အင်း .. အဲဒါကိုပဲ ပြောချင်တာ .. ခါတိုင်း မင်းရုံးနောက်ကျတာက မင်းတစ်ယောက်တည်းကိစ္စဆိုပေမဲ့ အခုနောက်ကျတာက အခြားအလုပ်တွေကိုပါထိခိုက်လာတယ်လေ”
“လူတွေအများကြီးကို ပတ်ကြိုနေရတော့ အချိန်က ထောက်တယ်လေ”
“ငါ့ဆီကိုတော့ .. မင်းကားကြုံလိုက်စီးတဲ့သူတွေက မနက်က ၈ခွဲကတည်းက သူတို့လမ်းထိပ်မှာ ရယ်ဒီဖြစ်နေကြောင်း စာလည်းပို့ထားတယ် ပုံလည်းပုံ့ထားတယ် ဒီမှာကြည့်”
ထွန်းအောင်သိန်း စိတ်ထဲကနေ တောက်ခေါက်လိုက်သည်။ လစာတိုးထားတာလည်း မကြာသေးတာကြောင့် သည်းခံဖို့တော့ လိုဦးမည်။
“အဲဒါ နောက်ဆိုရင် စောစောလေး ထွက်ပေးပါ”
“ဟုတ်ကဲ့ပါ”
ဒီလိုနှင့် ထွန်းအောင်သိန်းတစ်ယောက် ကားလေးတစ်စီးတော့ ရပါရဲ့ ရုံးဆင်းရုံးတက်ချိန်တွေတိုင်း ဝန်ထမ်းကြိုပို့တာဝန်ပါ ပိုလာတော့သည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ညသန်းခေါင်ကျော်ကြီး .. ဖုန်းဝင်လာသည်။
“ဟဲလို .. ကိုထွန်းအောင်သိန်းလား”
“အေးပြော”
“ကျနော့် မိန်းမ မွေးခါနီးနေလို့ ဆေးရုံတချက်လောက်လိုက်ပို့စမ်းပါ”
“ငါက အငှားကားဒရိုင်ဘာမဟုတ်ဘူးကွ”
“သူဌေးက အစ်ကို့ဆီဖုန်းဆက်လိုက်ဆိုလို့ပါ”
သူဌေးက ပြောတာဆိုတော့လည်း ထွန်းအောင်သိန်း မငြင်းသာပြန်။
နောက်ထပ်လည်းရှိသေးသည်။ သူ့ကားပေါ်က ကောင်မလေးတစ်ယောက်က တစ်ဖက်က သူ့ရည်းစားနှင့် ဖုန်းပြောရင်း စကားများနေသည်။
ကောင်မလေးက ..
“နင်ငါ့ကို နည်းနည်းလေးတော့ စောင့်ပေးပေါ့ဟ .. ဒီမှာစီးလာတဲ့ ဖယ်ရီက လိပ်ထက်တောင်နှေးနေသေးတယ်မောင်းတာ”
တစ်ဖက်က ဘာပြန်ပြောသည်မသိ .. ကောင်မလေးက ဒေါသတကြီးနဲ့ ..
“ဟဲ့ .. ကားမောင်းတဲ့လူက နင့်အဖေအရွယ်လောက်ရှိတယ် မဟုတ်တာတွေလာမစွပ်စွဲနဲ့”
ထွန်းအောင်သိန်း စိတ်နာနာနဲ့ လီဗာကို ဖိနင်းပစ်လိုက်သည်။ သွားပြောပြန်ရင်လည်း သမီးရည်းစားပြဿနာတက်နေချိန် မီးလောင်ရာလေပင့်သလိုဖြစ်မှာစိုးလို့ အသာငြိမ်နေလိုက်ရသည်။
ထွန်းအောင်သိန်းနဲ့ ထိပ်တိုက်တွေ့တဲ့ထဲမှာ အဆိုးဆုံးက Finance က အမျိုးသမီးနှင့်ပင်။ သူ ဆီဖိုးသွားထုတ်တိုင်း ...
“ကားက ဆီအဲဒီလောက်ကုန်လို့လား ပိတ်ရက်တွေမှာ အသုံးပြုသေးလား”
“ရှင် အမျိုးတွေကိုခေါ်ပြီး ဘုရားဖူးထွက်တယ်လို့ သတင်းကြားတယ်”
“ဟိုနေ့ကလည်း ဘီယာဆိုင်ရှေ့မှာ ရုံးကားကို တွေ့လိုက်တယ်တဲ့”
“ကားရေဆေးတာပဲ ကိုယ့်ဘာဆေးလိုက်ပါလား”
အဆိုးဆုံးကတော့ ရပ်ကွက်ထဲကလူတွေပင်။ သူ့ကားဝင်လာတာနဲ့ ..
“ရုံးဖယ်ရီကြီး ပြန်လာပြီဟေ့”
“ဟဲ့ .. ဟဲ့ စကားပြောဆင်ခြင်ကြ ဖယ်ရီဒရိုင်ဘာမျက်နှာမကောင်းဘူး”
“ပြောတော့ မန်နေဂျာတဲ့ .. ငါတို့မှာတော့ အထင်ကြီးလိုက်ရတာ ..အခုတော့ ရုံးကားမောင်းတဲ့ မန်နေဂျာတဲ့”
မိန်းမဖြစ်သူကတော့ အားပေးရှာပါသည်။
“ရှင်က အခုမှ အသားလေးနည်းနည်းလတ်လာတာ ရုံးကို အဲကွန်းကားလေးနဲ့ အသွားအပြန်သွားရတော့ နေမထိလေမထိတော့ ငါ့ယောကျ်ားအသားလေးတောင် နည်းနည်းဖြူလာသလိုပဲ”
အခုဆိုရင် သူဌေးက သူ့ကို ရိုးရိုးမန်နေဂျာဘဝကနေ စပါယ်ရှယ်မန်နေဂျာရာထူးကို တိုးပေးလိုက်သည်။ စပါယ်ရှယ်မန်နေဂျာဖြစ်သွားတဲ့အတွက် သူဟာ ဖေ့ဘွတ်မက်ဆင်ဂျာဂရုတစ်ခုရဲ့ အက်မင်ဖြစ်သွားသည်။ အဲဒီမက်ဆင်ဂျာဂရုနာမည်က “ရုံးဖယ်ရီကား” ဆိုတာဖြစ်ပြီး .. အရင်လို ဖုန်းတွေ တဂွမ်ဂွမ်ဆက်စရာမလိုတော့ဘဲ ..
“အိမ်က ထွက်လာပါပြီ”
“လမ်းဆုံကို ရောက်ပါပြီ”
“ဟိုလမ်းထိပ်ရောက်ပါပြီ ဒီလမ်းထိပ်ရောက်ပါပြီ”
အစရှိသဖြင့် ကားရောက်နေတဲ့နေရာကို မက်ဆင်ဂျာဂရုထဲကနေ အချိန်နဲ့တပြေးညီ သတင်းပို့ရတာပင်ဖြစ်တော့သည်။
ခြူသစ်မောင်
#lotaya_shortstory