
လွန်ခဲ့သောနှစ်ပေါင်း ( ၂၅ ) နှစ်ကျော်ခန့်က အညာတရလူငယ်လေးတစ်ဦးနှင့် တစ်ဦးတည်းသောသူဌေးသမီးလေးတစ်ယောက်တို့ ချစ်ခင်စုံမက်ကာ ခိုးပြေးကြလေသည်။
" ခွေးထက်မိုက်တဲ့သမီး ... "
" ကျွန်မရင်တွေကွဲပါပြီ... ကိုစိန်မောင်ရယ် ... အဟင့် ...ဟီး ... ဟီး .... ခုဘယ်နှယ့်လုပ်ကြမတုန်းရှင့် ... "
ဒေါ်မူယာနွယ်မှာ ရွှေရွှေချင်းထပ်ရန်စီစဉ်ထားသော်လည်းကြည်ပြာ၏လုပ်ရပ်ကြောင့်
နှမြောတသစွာ ရင်ဘတ်စည်းတီးပြီး ငိုယိုနေတော့သည်။
" ခွဲရမယ် ... မကွဲကွဲအောင်ခွဲရမယ်ကွ "
" ရှင်ကခွဲလည်း ကျွန်မသမီးကအပျိုပြန်မဖြစ်တော့ဘူးရှင့် ...
အဲ့ကြမှ တလင်ကွာဆိုပြီး မျက်နှာကငယ်ရအုံးမယ်...
ပတ်ဝန်းကျင်က ဘယ်လောက်မေးငေါ့ကြမလဲ "
" ဒီမှာ မူယာ ... အဲ့ဒီပါးစပ်ပေါက်တွေကို ပိုက်ဆံနဲ့သာပိတ်လိုက်စမ်းကွာ ...
ဘယ်ကောင်က လေသံဟရဲမှာလဲ ... တစ်လင်ပဲကွာကွာ ... နှစ်လင်ပဲကွာကွာ ...
ငွေနဲ့သာပိတ်ပစ်လိုက် ... "
" ရှင်က ဘယ်လိုလုပ်ချင်လို့တုန်း ... "
" သူတို့ဘယ်မှာနေလဲစုံစမ်းပြီး ပြန်ခေါ်ရမယ် ... ကလေးမရှိခင် ခေါ်မှရမှာ ... "
သို့သော်လည်း ဦးစိန်မောင်၏ဆုတောင်းကား မပြည့်။
ကြည်ပြာမှာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်လေသည်။
ထို့ကြောင့် ကြည်ပြာ၏မိဘများသည် မတတ်သာသည့်အဆုံး သမီးဖြစ်သူစိတ်တိုင်းကျ သဘောတူပေးရသလို နှင့် အပျော့ဆွဲကာ ပြန်ခေါ် ခဲ့၏။ ၎င်းတို့၌မူ အစီအစဉ်ရှိပြီးဖြစ်လေသည်။
မည်သည့်မှမသိရှာသော အောင်မင်းရှိန်မှာ ချစ်ရသူဇနီးချောလေးအလိုကျ ယောက္ခမအိမ်၌ လိုက်နေပေးဖို့ ခေါင်းညိမ့်သဘောတူလိုက်ရသည်။
ကြည်ပြာက ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်ပြည့်စုံကြွယ်ဝစွာနေထိုင်ခဲ့ရသူဖြစ်၍
ဆင်းရဲမှုကို ကြာရှည်မခံနိုင်မှန်း အောင်မင်းရှိန်ကလည်း ရိပ်မိသည်။
သို့သော်လည်း ကြည်ပြာက အလွန်သည်းခံသူဖြစ်၏။ ရှာ၍ရလာသောငွေကြေးအပေါ်
နည်းသည်များသည်ဟူ၍ မည်သည့်အခါမှ ရန်မစောင်တတ်ချေ။
ဇနီးဖြစ်သူ၏ မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်သော အောင်မင်းရှိန်မှာမူ ကြည်ပြာတစ်ယောက်အနေအစား အဆင်မပြေခြင်းအား ဖွင့်ပြောပြစရာမလိုဘဲ
နားလည်နေသဖြင့်လည်း ဦးစိန်မောင်တို့ အချိုသပ်ထားသည်ကို
သတိမမူ ဂူမမြင်သကဲ့သို့ ဖြစ်သွားလေသည်။
ကြည်ပြာမှာ မာနဂုဏ်ရှိန် ကြီးမားလှသည့် မိဘနှစ်ပါးမှမဖြစ်မနေသဘောတူလိုက်ရသည်ကိုပင်
ဝမ်းသာမဆုံးနေပေ။ မိဘအိမ်သို့ အောင်မင်းရှိန်လက်ကိုဆွဲပြီး တက်လာခဲ့သည်။
" မူယာ ... ဒီကိစ္စ သူတို့လုံးဝမရိပ်မိစေနဲ့ ကြားလား "
" စိတ်ချပါ ကိုစိန်မောင်ရယ် "
ကြည်ပြာကိုယ်ဝန် သုံးလအရောက်တွင် ဦးစိန်မောင်တို့က မြေးဦးလေးကို
စိုးရိမ်သည်ဆိုကာ သူနာပြုတစ်ယောက်ကို အိမ်သို့ခေါ်လာခဲ့လေသည်။
သူနာပြုလေးမှာ အတော်ချောမောလှပပြီး ကိုယ်ခန္ဓာကလည်း အတော်လှသည်။
သူမမှာ သူနာပြုအစစ် မဟုတ်မှန်း ဦးစိန်မောင်တို့မှလွဲ၍ မည်သူမှ သိကြမည်တော့မဟုတ်။
သူနာပြုအယောင်ဆောင် နှင်းအိဖြူမှာ အစီအစဉ်ချထားသည့်အတိုင်းကြည်ပြာ မမြင် မြင်အောင်
အောင်မင်းရှိန်ကို အလေးပေးလေတော့သည်။
မိန်းမတို့၏မာယာကို ကျွမ်းကျင်လိမ္မာမှုမရှိသော အောင်မင်းရှိန်က သဘောရိုးဖြင့်
ပြောဆိုဆက်ဆံသော်လည်း ကြည်ပြာ၏ အမြင်၌မူ အထင်အမြင်လွဲစရာ ဖြစ်လာရသည်။
" အိုး ... ကန်တော့နော်အစ်ကို ... နှင်းမမြင်လိုက်လို့ပါ "
တမင်တကာဝင်တိုက်ကာ အောင်မင်းရှိန်၏ ဝမ်းဗိုက်ပေါ် ဖိတ်စင်သွားသည့်
ရေစက်များအား ပုဝါနှင့် သုတ်ပေးသည်။
တခါတရံ ထမင်းလက်ဆုံအတူစားရသည့်အခါမျိုး၌ လူကြီးကို ဦးချသလိုလိုနှင့်
အောင်မင်းရှိန်၏ ပန်းကန်ထဲသို့ အသားဟင်းများကို ခူးခပ်ထည့်ပေးတတ်သည်။
ထိုအခါမျိုး၌ ကြည်ပြာကို ကျော်သွားတတ်လေသည်။ကြည်ပြာကလည်း မိန်းမသားပီပီ
စိတ်ထဲမတင်မကျတော့ဖြစ်ခဲ့မိ၏။ သို့သော် ထုတ်ဖော်၍ မပြခဲ့ချေ။ မသိကျိုးကျွံသာ နေခဲ့သည်။
မနက်ခင်းအချိန် အောင်မင်းရှိန် ဘုရားရှိခိုးချိန်ကို တမင်စောင့်နေပြီး
တိုက်ဆိုင်သလိုလိုပြုလုပ်ကာ အတူရှိခိုးပြန်သည်။
အောင်မင်းရှိန်အပြင်မှပြန်လာလျှင်လည်း ရေအေးအေး ( သို့မဟုတ် ) အအေးခွက်ကို
ကမ်းပေးတတ်၏။ အောင်မင်းရှိန်ကလည်း အားနာတတ်သူပီပီ ပြုံးပြနှုတ်ဆက်လေရာ
ကြည်ပြာ၏ရင်ထဲ ဆင်ရိုင်းဝင်မွေသွားသကဲ့သို့ ဖြစ်သွားရစမြဲ။
ထိုကဲ့သို့ အသေးအဖွဲများက တဖြည်းဖြည်းများပြားလာရာ ကိုယ်ဝန်လွယ်ထားရသည့်အတွက်
အားငယ်စိတ်ပိုတတ်သည့်အချိန်လည်း ဖြစ်နေသဖြင့် ကြည်ပြာမှာ
စိတ်လက်မကြည်သာလာတော့ပေ။
" မေမေ ... သမီးခုလည်းနေသာပါတယ် ... သူနာပြုမလိုပါဘူး ... ပြန်လွှတ်လိုက်ပါနော် "
ကြည်ပြာ၏စကားကြားလျှင် ဦးစိန်မောင်နှင့် ဒေါ်မူယာနွယ်တို့မှာ ရင်ထဲကြိတ်ကာ
ဝမ်းမြောက်သွားကြလေသည်။ ၎င်းတို့၏ အစီအစဉ်မှာ ရုပ်လုံးပေါ်လာပြီဟုဆိုပြီး ပျော်နေကြ၏။
" သမီးရယ် ... နှင်းအိဖြူလေးက တော်ရှာသားပဲ ... သမီးကိုလည်း ဂရုစိုက်တယ် "
" အဲ့ဒါတော့ဟုတ်ပေမယ့် ... "
ကြည်ပြာမှာ ပြောမည့်ဟန်ပြင်ပြီးမှ မိမိပြောလိုက်လျှင် ခင်ပွန်းသည်ကို
မိဘများမုန်းတီးသွားမည်လားဟု ပြန်လည်တွေးမိလိုက်သဖြင့် စကားလုံးများအား
မြိုချပစ်လိုက်တော့သည်။
" ဒါက သူတို့နှစ်ယောက်ပုံ ... နောက်ခံကို အန်တီတို့အိမ်ထဲမှာလိုပုံစံလေးလုပ်ပေး "
ဒေါ်မူယာနွယ်က ပြောပြောဆိုဆိုနှင့် စားပွဲပေါ်သို့ တစ်ထောင်တန်အုပ်ကြီးသုံးအုပ်ကို တင်ပေးလိုက်သည်။
" ဟုတ်ကဲ့ "
ဓာတ်ပုံဆရာမှာ ပိုက်ဆံများမြင်သည်နှင့် ရမ္မက်ခိုးများ
ဆူကျလာပြီး မျက်လုံးတလက်လက် ကြည့်နေလေသည်။
အောင်မင်းရှိန်၏လှုပ်ရှားမှုကို ခိုးရိုက်ထားပြီး ဖြည့်ရန်လိုအပ်သော ဟန်ပန်အမူအရာကို
နှင်းအိဖြူက သဏ္ဍာန်လုပ်ပြီး ရိုက်ပေးခဲ့သည်။
" ဒါဆိုအဆင်ပြေမလား "
ဓာတ်ပုံဆရာက ပုံများကိုကြည့်ရင်း ပြန်ဖြေလိုက်၏။
" ပြေတယ်အန်တီ "
ထိုနေ့ကရာသီဥတုမှာ သာယာလှသော်လည်း ကြည်ပြာ့ ရင်ထဲ မသာယာနိုင်ခဲ့ပါ။
မိခင်ကမ်းပေးလာသည့် ဓါတ်ပုံများကိုကြည့်ရင်း ဇဝေဇဝါဖြစ်၍နေသည်။
" မေမေလည်း ရိပ်မိနေတာကြာပါပြီ ... သေချာအောင်လို့ မောင်ထက်ခိုင် ဆီအကူအညီတောင်းပြီး
သက်သေယူခိုင်းလိုက်တာ ... နှုတ်နဲ့ပြောတာထက် လက်တွေ့ကပိုကောင်းတယ်မဟုတ်လားသမီးရဲ့ "
" ကိုထက်ခိုင်က ဘယ်တုန်းက လာရိုက်သွားတာလဲ "
ကြည်ပြာက မယုံသင်္ကာနှင့်မေးလိုက်သည်။
" သူ့ကိုမေမေက အိမ်မှာတစ်ညလာအိပ်ပေးဖို့ခေါ်လိုက်တာ ...
သူစိမ်းလူရှိမှန်းသိရင် သူတို့ငြိမ်နေမှာစိုးလို့ သိုသိုသိပ်သိပ် လုပ်ခိုင်းလိုက်ရတယ် "
ကြည်ပြာမှာ ထိုပုံများကို စေ့စပ်သေချာစွာကြည့်နေလေသည်။
ပြီးနောက်မိခင်ကို နားမလည်စွာပြန်ကြည့်နေ၏။
" မေမေတို့ကတော့လေ ဒီလို သစ္စာမရှိတဲ့ဟာမျိုးနဲ့ သမီးလေးကို ပေးမပေါင်းချင်တော့ဘူး ...
ကွဲလိုက်ပါတော့သမီးလေးရယ် ... သမီးလေးမှာ ဖေဖေနဲ့မေမေရှိသားပဲ ...
လင်မရှိလို့ ဘာမှမဖြစ်သွားသလို... သမီးက မေမေတို့အတွက် ဘာမှမပြောင်းလဲသွားပါဘူးသမီးရယ် ... မြေးလေးကိုလည်း မေမေတို့က တာဝန်ယူမှာပေါ့ "
ကြည်ပြာကမည်သည်မှပြန်မဖြေဘဲ အခန်းနံရံဆီသို့သာငေးကြည့်နေခဲ့သည်။
နောက်တစ်နေ့ မနက်တွင် ကြည်ပြာက အောင်မင်းရှိန်နှင့်တရားရုံး၌ ကွာရှင်းမည်ဟုဆိုကာ အိမ်မှကသိုက်ကရိုက်ထွက်ခဲ့၏။
ရုတ်တရက်ပြောဆိုကာထွက်သွားသောကြည်ပြာ၏ နောက်ကျောကိုကြည့်ကာ ဒေါ်မူယာနွယ် က အနောက်မှလိုက်ရန် အော်ခေါ်သော်လည်း မမီတော့ပေ။
ဦးစိန်မောင်ကမူ သူကြံစည်ထားသည့်အတိုင်း အထမြောက်ချေပြီဟုဆိုကာ
ရွှင်လန်းဝမ်းမြောက်နေတော့သည်။
မနက်ကတည်းကထွက်သွားသော သမီးဖြစ်သူက နေ့လည်လည်းပြန်မရောက်လာ၊
ညနေလည်းမပေါ်လာဖြစ်နေသဖြင့် စိတ်အပူကြီးပူလာခဲ့သည်။
" မူယာ ... မင့်သမီးကို ရှာစမ်းပါအုံး ... ဘာလို့ဒီလောက်ကြာနေရသလဲမသိဘူး "
" ကျွန်မလည်း သူ့သူငယ်ချင်းတွေဆီဖုန်းဆက်မေးကြည့်ပြီးပြီ ... မလာဘူးပဲပြောကြတယ်ရှင့် ...
တနေရာရာမှာများမူးလဲနေသလားမသိပါဘူးတော် ... ဒါကြောင့် ဒီအမေကလိုက်ခဲ့ပါ့မယ်ဆိုတာကို
ရှင့်သမီးကိုက စိတ်မြန်လက်မြန်နဲ့ သိပ်ခေါင်းမာတာပဲ "
၎င်းတို့နှစ်ဦးငြင်းခုန်နေကြစဉ်မှာပင် ဦးစိန်မောင်၏ CDMA ဖုန်းသို့ ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာလေသည်။
" ဖေဖေ ... "
" သမီး ... ဘာလို့ဒီလောက်ကြာနေတာလဲ ... ဖေဖေလာခေါ်မယ် ... ခုဘယ်မှာလဲ "
" သမီးကိုခွင့်လွတ်ပါဖေဖေ ... သမီးနဲ့ ကိုအောင်နဲ့ ဖေဖေတို့ဆီကနေအပြီးထွက်လာလိုက်တာပါ ... "
" ဘာ "
" နှင်းအိဖြူအိမ်ရောက်လာကတည်းက ဖေဖေမေမေတို့ရဲ့ အကြံကို သမီးရိပ်မိပါတယ် ... မနေ့ကမေမေပြတဲ့ပုံကလည်း ပြင်ထားတဲ့ပုံမှန်း သမီးသိတယ် ... သမီးကခေတ်လူငယ်ပါဖေဖေ ...
သမီးကြောင့် ဖေဖေမေမေတို့ စိတ်ညစ်စေရတာအတွက် ဒီကနေ ရှိခိုးကန်တော့ပါတယ် ... "
" သမီး ... အဲ့လိုမလုပ်ပါနဲ့သမီးရယ် ... အိမ်ကိုပြန်လာခဲ့ပါ ...
ဖေဖေတို့ ညှိညှိနှိုင်းနှိုင်း လုပ်လို့ရပါတယ်သမီးရဲ့ "
" လောလောဆည်တော့ မပြန်လာဖြစ်သေးဘူးဖေဖေ ...
ကလေးလေးမွေးပြီးမှ ဖေဖေနဲ့မေမေကို မြေးလေးလာပြရင်း လာကန်တော့ပါ့မယ် ... "
" ဟာ ... အဲ့လိုမလုပ်ရဘူးလေ သမီး "
ကြည်ပြာမှာ ဖခင်ဖြစ်သူ၏ ရင်ကွဲပက်လက်ဖြစ်နေမှုကို ခံစားမိသဖြင့် မျက်ရည်များက
စီးကျလာကာ အသံပင်တုန်ယင်လာလေသည်။
" သမီးမကြာမကြာဆက်ပါ့မယ် ... မေမေ့ကိုလည်း တောင်းပန်ပါတယ်လို့ပြောပေးပါနော် ... "
ထို့သို့ပြောပြီး ဖုန်းအမြန်ချလိုက်တော့၏။
" ဘာတဲ့လဲ ... ဘာဖြစ်တာလဲ "
ဒေါ်မူယာနွယ်သည် ရင်တုန်ပန်းတုန်ရှိလှသဖြင့် မျက်လုံးကြီးပြူးကာ လှမ်းမေးနေလေသည်။
ဦးစိန်မောင်မှာမူ ဆိုဖာခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချရင်း တောက် တခေါက်ခေါက် လုပ်နေတော့၏။
" မိဘကကောင်းစေချင်လို့ ချော့မော့ပြီး အပေါ်ကိုတင်ပေးနေတာ မြင့်တယ်ဆိုပြီးခုန်ချချင်နေမှတော့
အမွေသာဖြတ်ပလိုက်တော့ကွာ ... "
ဦးစိန်မောင်၏ ရာဇသံကြောင့် ဒေါ်မူယာနွယ်မှာ ဒူးနှစ်ဖက်ပင် ညွှန့်ကျသွားမိလေသည်။
" ကိုအောင် ... ကြည်ပြာရဲ့ဖေဖေနဲ့မေမေကို စိတ်မခုပါနဲ့နော် ... ကြည်ပြာတောင်းပန်ပါတယ် "
မျက်နှာလေးငယ်ကာ ပြောဆိုနေသော ဇနီးသည်ကိုကြည့်ပြီး အောင်မင်းရှိန်ရင်ထဲ ဖော်မပြတတ်လောက်အောင် ကြေကွဲနေမိတော့၏။
" စိတ်ထဲမထားပါဘူးအချစ်ရယ် ... "
ကြည်ပြာ၏နဖူးကို ခပ်ဖွဖွနမ်းကာ နှစ်သိမ့်ပေးလိုက်သော်လည်း ရင်ထဲ၌မူ ဒေါသအစိုင်အခဲကြီးက တော်တော်နှင့်မကျဘဲရှိနေခဲ့သည်။
သူသည် ထိုအိမ်၌ ကျွန်တစ်ယောက်ပမာ လုပ်ပေးခဲ့သည်။ ယောက္ခမဆိုသော်ငြား ချစ်ရသူ ဇနီးသည်၏ မိဘနှစ်ပါးလည်းဖြစ်သဖြင့် အရာရာခေါင်းငုံ့နေပေးရင်း
ကိုယ့်မိဘအရင်းကဲ့သို့ သဘောထားခဲ့၏။
ကြည်ပြာမသိသော ကိစ္စများလည်းရှိသည်။ ထိုအိမ်၌နေစဉ် ဒေါ်မူယာနွယ်က
အောင်မင်းရှိန်အား အနုနည်းနှင့် စိတ်ဒုက္ခပေးတတ်သေးသည်။
၎င်းတို့နှင့်ဂုဏ်ရှိန်တူသောသူများ၏ သားများနှင့် မကြာခဏခိုင်းနှိုင်းတတ်၏။
" ဟိုသူငယ်လေးဆို တစ်လဝင်ငွေ သိန်းနှစ်ဆယ်လောက်ရတာလေ ... ဒါတောင် တခြားစီးပွားရေး
တွေမပါသေးဘူး ... ခုဈေးမြင့်နေတဲ့ GSM ဖုန်းဆို နှစ်လတစ်လုံးဝယ်ကိုင်လို့ရတယ်ကွဲ့ ...
မင်းသာဆိုရင် တစ်နှစ်လုံးရှာရင်တောင် ဖုန်းတစ်လုံးကိုင်နိုင်ဖို့မလွယ်ဘူးမလား ... ဒါကြောင့်လည်း
ငါ့သမီးကိုစိတ်မချလို့ ပြန်ခေါ်ရတာ ... သမီးလေးအိမ်ကိုပြန်လာတော့ အမလေးလေး ...
ငါ့သမီးလေးခမျာ ... ပိန်ချုံးကျနေတာပဲ ... လူရုပ်တောင်မပေါ်ချင်တော့ဘူး ... အိမ်မှာပြန်ခေါ်ထားလို့သာပဲ ... မဟုတ်ရင်တော့ ခုလောက်ဆို အရိုးပေါ်အရည်တင်ပြီး
ဗိုက်ကြီးတကားကားနဲ့ ဘယ်လောက်ငတ်ပြတ်နေရမလဲမသိဘူး ... မင့်လည်း ဒီအိမ်ရောက်မှ အသားလေးတစိုစိုဖြစ်လာတာမဟုတ်လား "
နှိမ်သလိုလို၊ ဟုတ်တည်းမှန်ရာကို ထောက်ပြသလိုလိုအမြဲတစေပြုမူတတ်သည်။
" ဒီနေ့ဈေးထဲမှာ ပုဇွန်တုတ်ကြီးတွေ လတ်မှလတ်ဟေ့ ...ဈေးကလည်း ဘာကြီးသလဲမမေးနဲ့ ...
အိမ်ကလူတွေကပုဇွန်တုတ်သိပ်ကြိုက်တာ ... စားကောင်းကောင်းနဲ့စားလိုက်လို့ ဟင်းမကျန်တော့ဘူး ...
ဒီညတော့ရှိတာလေးနဲ့သာစားလိုက်တော့မောင်အောင်မင်းရှိန်ရေ "
ဟုဆိုကာ ငပိရည်ကျဲတစ်ခွက်၊ အရွက်ကြော်တစ်ခွက်နှင့် စားစေတတ်သေးသည်။
ထိုအခါမျိုး၌လည်း အောင်မင်းရှိန်က ခေါင်းငုံ့ရင်း ကျေနပ်နေပေးရပြန်သည်။
သူက ကားပွဲစားအလုပ်လုပ်သဖြင့် ညအိမ်ပြန်ချိန်က မမှန်။ ကြည်ပြာက ကိုယ်ဝန်ဆောင်ဖြစ်၍
ဆာလျှင်စားမှရသည်။ ထို့ကြောင့် ယခင်လို အောင်မင်းရှိန်ကိုညစာစားရန်မစောင့်နိုင်ခဲ့။
အိပ်ခန်းထဲတွင်လှဲနေရင်း အညောင်းဆန့်နေပြီဖြစ်သည့်အခါ အောင်မင်းရှိန်ကြုံတွေ့ရသည်များကို
ကြည်ပြာ မသိခဲ့ရပေ။
" တလက်စတည်း ပန်းကန်လေးဆေးခဲ့ပါအုံး ... မခင်သန်းကို အနှိပ်ခိုင်းချင်လို့ "
ဘေစင်၌ တစ်အိမ်လုံးစားထားသည့်ပန်းကန်များကအပုံလိုက်၊
အောင်မင်းရှိန်ပြန်အလာကို စောင့်ကြိုနေသည့်အလား။
အောင်မင်းရှိန်ကလည်း သူသာစိတ်ညစ်ရပါစေ၊ ကြည်ပြာ ခမျာကိုယ်ဝန်လွယ်ထားရသဖြင့်
စိတ်မဆင်းရဲစေလို။ ထို့ကြောင့် မည်သည်မှပြောမနေတော့ဘဲ ဆေးကြောသန့်စင်
ပေးလိုက်သည်။ ဒေါ်မူယာနွယ်က ထိုလောက်နှင့်မပြီးခဲ့။
" မောင်မင်းရှိန်ရေ ... လက်ရေစိုနေလက်စနဲ့ ဘိုထိုင်လေးပါ ဆေးခဲ့လိုက်အုံး "
အိမ်တွင် အိမ်အကူမိန်းကလေးနှစ်ယောက်ရှိသော်လည်း၎င်းတို့ကိုမခိုင်းချေ။
အစစအရာရာ အောင်မင်းရှိန်ကိုသာ ခိုင်းစေတတ်သည်။
ထိုသို့ဖြစ်ရခြင်းမှာ မိမိသည် ငွေများများ မရှာနိုင်သည့် အပြင်
ချို့တဲ့သောသူဖြစ်သောကြောင့် ဟု သိနေသော်လည်း ပြန်လည်ချေပလိုစိတ်မရှိချေ။
နေစရာ၊ စားစရာ မပူပန်ရအောင် စောင့်ရှောက်ပေးသည်ကိုပဲ ကျေးဇူးတင်ကာ နေမိနေသည်။
အိမ်မှမထွက်မီနှင့် အလုပ်မှပြန်လာလျှင် နေ့တဓူဝ ခိုင်းစေမှုများက မရိုးပေ။ အစစအရာရာသည်းခံရင်းသာ နှုတ်ဆိတ်နေခဲ့၏။
ငွေကလေးများများစားစားရလာလျှင် အောင်မင်းရှိန်က အိမ်စရိတ်ဟုဆိုကာ တတ်နိုင်သလောက်
ပေးတတ်သည်။ထိုအခါမျိုး၌မူ သူဌေးကတော်ကြီးဒေါ်မူယာနွယ်မှာ ရသမျှအကုန် ယူတတ်သည်။ ၎င်းတို့မည်မျှချမ်းသာပါစေ ရသလောက်တော့ အရယူကြသည်။
ငွေပေးသောတစ်ရက်သာ အလုပ်သိပ်မခိုင်းသော်လည်း နောက်တစ်နေ့ရောက်လျှင် ခါတိုင်းကဲ့သို့ပင်၊ ပုံစံကမပြောင်းသွား။
ထိုသို့ မိမိဘက်မှကောင်းပေးပါလျက် အခြားမိန်းမတစ်ယောက်နှင့်ဇာတ်လမ်းဆင်ကာ
အိမ်ထောင်ကွဲရန်ကြံစည်ခြင်းအား အသည်းနာမိသည်တော့အမှန်။
ကြည်ပြာက ဓာတ်ပုံကိစ္စကိုပြောပြပြီး အိမ်ပြောင်းနေဖို့တိုင်ပင်လာသည့်အခါ
အောင်မင်းရှိန်မှာ အလွန်ပင်ပျော်သွားခဲ့သည်။
အနေအစားကြပ်တည်းသဖြင့် စိတ်ကျဉ်းကြပ်နေရခြင်းမှ လွတ်မြောက်ရပေမည်ဟုတွေးရင်း ဝမ်းသာနေမိသည်။ကြည်ပြာကလည်း ယခုကဲ့သို့ လိုလိုလားလားဖြစ်နေသောကြောင့် ပို၍ ကျေနပ်မိသည်။
ကြည်ပြာ၏မိဘများ ထပ်မံခွဲမည်စိုးသဖြင့် အောင်မင်းရှိန်ကအခြားမြို့သို့
ပြောင်းနေဖို့ရွေးချယ်လိုက်သည်။ ထိုအခါ ထပ်ရုန်းရပြန်၏။အောင်မင်းရှိန်က ၎င်း၏
သူငယ်ချင်းရှိရာ မြို့ငယ်လေးကို အားကိုးတကြီး ပြောင်းရွေ့လာခဲ့သည်။
ယခုအခါ၌မူ အမှီအခိုမရှိတော့သဖြင့် သူအလုပ်ပိုလုပ်မှရမည်ကိုတော့ တွေးဆမိလိုက်လေသည်။
သူငယ်ချင်းဖြစ်သူ ကျော်ကျော်၏အကူအညီနှင့် သစ်စက်၌ ယာဉ်မောင်းအလုပ်ရရှိခဲ့သည်။
၎င်းသစ်စက်မှာ သစ်စက်ဟုဆိုသော်လည်း တကယ့်တကယ်တွင်မူ သစ်များကို အခြားမြို့များသို့ ကူးသန်းရောင်းဝယ်သော နေရာဖြစ်သည်။
သူ့အဆက်အသွယ်နှင့်သူ ချိတ်ဆက်ပြီးသွားလာရ၏။ကံမကောင်းပါက အဖွဲ့စုံအစစ်အဆေးနှင့်ကြုံကြိုက်တတ်သည်။
ထိုအခါမျိုး၌ လျှောက်လဲချက်တင်ရန်မှာ တရားရုံးသာဖြစ်လေသည်။ သို့သော်လည်း ထိုသစ်ကားများမောင်းရခြင်းမှာ မြိုးမြိုးမြက်မြက်ကလေးရသဖြင့် မက်မောစရာအလုပ်ကြီးပင်။
တစ်ခေါက်လောက်အဆင်ပြေပါက သုံးလေးလ ထိုင်စား၍ရသည်။ ငွေကြောင့် မျက်နှာငယ်ခဲ့ရသော အောင်မင်းရှိန်မှာ များများစားစားတွေးမနေတော့ဘဲ ထိုအလုပ်ကိုအရဲစွန့်ကာ လုပ်လိုက်လေတော့၏။
စစချင်းတစ်ကြိမ်၊ နှစ်ကြိမ်တွင်မူ အောင်မင်းရှိန်အတွက် ကံကောင်းသည်ဟုဆိုရမည်။ အတားအဆီးကြီးကြီးမားမားမရှိခဲ့ဘဲ လိုရာခရီးသို့ ဆိုက်ရောက်ခဲ့သည်။
လက်ထဲ၌ ငွေမြောက်မြောက်များများ ရခဲ့သဖြင့်ကြည်ပြာကို ရွှေတိုရွှေစလေးပါဆင်နိုင်ခဲ့လေသည်။ ကြည်ပြာကမူ ခင်ပွန်းသည်၏ စွန့်စားရသော အလုပ်အတွက် ရတက်မအေးနေပေ။
" ခုဆိုမီးဖွားဖို့လည်းလုံလောက်နေပါပြီကိုအောင်ရယ် ....မသွားပါတော့နဲ့လား "
ကြည်ပြာကတားသော်ငြား ငွေရှိမှဖြစ်မည်ဟု စိတ်ထဲအမြဲတွေးနေမိသော အောင်မင်းရှိန်မှာ ရလေလိုလေ အိုတစ္ဆေကဲ့သို့ဖြစ်နေပြီး အတောမသတ်နိုင်ခဲ့ချေ။
" ဘာမှမဖြစ်ပါဘူး မိန်းမရာ ... အခွင့်အရေးဆိုတာ နှစ်ခါရတာမှမဟုတ်တာ ... အလုပ်လေးဂွင်တည့်တုန်းလုပ်ရတာလေ ... သိပ်လည်းစိတ်ပူမနေပါနဲ့ကွာ ...
ကိုအောင်က လူရည်နပ်ပါတယ် "
ထိုသို့ချော့မြူကာ နှစ်သိမ့်ပြီး ခေါက်တိုတစ်ခေါက် လိုက်သွားခဲ့လေသည်။ ကြည်ပြာမှာ ယခုတစ်ခေါက်တွင် စိတ်ထဲမလန်းနေပေ။
တစ်ခုခုကို စိုးထိတ်လျက်ရှိ၏။ သူမထင်ထားသလိုပင်အောင်မင်းရှိန်မှာ အဖွဲ့စုံစစ်ဆေးရေးနှင့် ရုတ်တရက်ဆုံပြီး အဖမ်းခံရလေတော့သည်။
ထိုအခါ ကြည်ပြာခမျာ ဗိုက်ကလည်း အတော်ပေါ်နေပြီဖြစ်ပြီး ခါတိုင်းကဲ့သို့မသွက်လက်နိုင်တော့ပေ။ ဘယ်ကိုလိုက်၍လိုက်ရမှန်းမသိ ယောင်တောင်တောင်ဖြစ်နေရတော့သည်။
စုထားသည့်လက်ဝတ်လက်စားများထုခွဲရောင်းချကာအောင်မင်းရှိန်အမှုကို လိုက်ပေးသော်လည်း ပစ္စည်းသာကုန်သွားပြီး အရာမထင်ခဲ့ချေ။
အသိအကျွမ်းရင်းနှီးသူကလည်း သိပ်မရှိ၊ မိမိမှာ မကြာခင် လအနည်းငယ်အတွင်း မီးဖွားပေတော့မည်။ နောက်ဆုံးကြံရာမရသည့်အဆုံး မိဘအိမ်သို့သာ မျက်နှာပူပူနှင့်ပြန်တက်ခဲ့ရတော့၏။
ဦးစိန်မောင်မှာမူ ၎င်း၏အကွက်ထဲ တည့်တည့်ကြီးဝင်ချလာသော ကြည်ပြာအား လက်သင့်မခံသေးဘဲ အောင်မင်းရှိန်နှင့် ကွာရှင်းမှသာ ပြန်လက်ခံမည်ဟု ပြောလေသည်။
ခင်ပွန်းဖြစ်သူကအမှုရင်ဆိုင်နေရပြီး အထဲမှာ မည်မျှကြာမည်လည်းမသိ၊
အပြင်၌စောင့်နေဖို့ကလည်း အလုပ်ကမရှိ၊ ဝင်ငွေကမရှိ၊ မကြာခင်မှာပင် မီးဖွားရမည့်အရေးကို
တွေးမိသည့်အခါ သားသမီးဇောနှင့် စိတ်ပူလာမိသဖြင့်ဖခင်၏ တောင်းဆိုချက်ကို လက်ခံလိုက်ရတော့သည်။
အောင်မင်းရှိန်ထံစာတိုလေးတစ်စောင်ပို့ခိုင်းလိုက်သည်။စာထဲတွင် ရှေ့နေကြီးဦးမြတင် လာတွေ့မည့်အကြောင်းနှင့် ၎င်းပြောသည်များမှာ မိမိကစေခိုင်းခဲ့ခြင်းဖြစ်၍
လက်ခံပေးရန် ရေးပို့လိုက်သည်။
အောင်မင်းရှိန်ထံသို့ ဦးမြတင်လာတွေ့သည့်အခါ မိမိ၏အမှုအတွက်မဟုတ်ဘဲ ကွာရှင်းပေးရန်ဖြစ်နေသည့်အတွက် အချုပ်ခန်းထဲမှာပင် မျက်ရည်ကျခဲ့ရ၏။
ထိုမှတဖန်ပြန်လည်ဆန်းစစ်သုံးသပ်ကြည့်သည့်အခါ ဇနီးဖြစ်သူက သူ့အလိုဆန္ဒကြောင့်မဟုတ်ဘဲ သားသမီးအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းကို သိရှိနားလည်လာခဲ့သည်။
ထိုအခါ ကြည်ပြာအဆင်ပြေစေရန်အတွက် ကွာရှင်းစာချုပ်ပေါ်လက်မှတ်ထိုးပေးလိုက်တော့လေသည်။ ကြည်ပြာမှာ ကွာရှင်းစာချုပ်ရပြီဖြစ်ကြောင်း ဖခင်ထံပြကာ၎င်းတို့သားအမိကိုကြည်ဖြူစေရန် ဖားခဲ့ရသည်။
ဦးစိန်မောင်မှာမူ တော်ရုံလက်လျော့တတ်သူမဟုတ်ခဲ့။သမီးဖြစ်သူ မီးဖွားပြီးချိန်ကိုသာ စောင့်ရင်း အကွက်ကျကျစီစဉ်နေတော့၏။
မြေးကလေးကို ၎င်းတို့ကခေါ်ထားကာ ကြည်ပြာအားစိန်ကုန်သည်တစ်ဦးနှင့် လက်ဆက်ပေးရန် ကြံစည်ထားလေသည်။ ထိုအကြံအစည်အား ကြည်ပြာကို ဖွင့်ဟမပြောခဲ့ချေ။
" မွေးပြီးဖွားပြီးရင် မင့်သမီးကို ကြည့်ကောင်းနေအောင်ပြင်ဆင်ပေးထားအုံး "
" စိတ်ချစမ်းပါရှင် ... မူယာက ဒီအလုပ်တော့ ကျွမ်းကျင်ပြီးသားမဟုတ်လား "
" ဒီတစ်ခါလွဲလို့မဖြစ်ဘူးကွ ... ထပ်လွဲမယ်ဆို မင်းပါခေါင်းနဲ့ဆင်းရမယ်မှတ် "
ဦးစိန်မောင်၏ကျိန်းမောင်းသံကြောင့် မူယာနွယ်မှာ ခေါင်းကျိန်းသွားမိ၏။ ခင်ပွန်းသည်မှာ ပြောသည့်အတိုင်းလုပ်တတ်သူမှန်း သိပြီးသားဖြစ်၍ ရင်ထိတ်နေမိတော့သည်။
အောင်မင်းရှိန်သည် အချုပ်ခန်းတံခါးရှေ့၌ လာရပ်စောင့်နေသော ဆင်ပေါက်လေးနှစ်ကောင်ကို ကြည့်မဝ ချစ်မဝ ဖြစ်မိပြီး ရင်ထဲလည်းအေးချမ်းနေသည်။
ဆင်ကလေးနှစ်ကောင်မှာ နှာမောင်းလေးကို မြှောက်ကာမြှောက်ကာနှင့် သူ့ကိုအပြင်ထွက်လာခိုင်းနေရှာ၏။ အိပ်မက်မှလန့်နိုးလာသည့်အခါ မနက် လေးနာရီအတိ သံ
ချောင်းခေါက်သံကို ကြားလိုက်ရလေသည်။
ထိုအိပ်မက်အား အချုပ်ခန်းထဲမှ မိတ်ဆွေအချို့ကို ပြော
ပြလေရာ မိတ်ဆွေများက အတိတ်နိမိတ်ကောက်ပေးကြသည်။
တစ်ယောက်တစ်ပေါက် ပြောနေကြသဖြင့် အောင်မင်းရှိန်မှာ မည်သည်ကိုအတိတ်နိမိတ်ဟု
လက်ခံရမှန်း မတွေးတတ်တော့ချေ။
" ဆင်ဆိုတာ ကောင်းချီးမင်္ဂလာအကောင်ဗျ ... ခင်ဗျားလွတ်တော့မှာ ကိုမင်းရှိန်ရ ... "
တချို့ကလည်း ...
" ဘယ်ကလာ ... ဆင်ကရတနာကောင်ပါဟ ... ကိုမင်းရှိန်
သားသမီးရတော့မယ့်နိမိတ် ... ဒါပေမယ့် မိန်းမက ကိုယ်ဝန်နဲ့ဆို ... "
" ဟုတ် ... ကိုယ်ဝန်နဲ့ပါ "
" ဒါဆိုရင်တော့ သားသမီးအတွက် အိပ်မက်ပေးတာပဲ ... "
" ဆင်နှစ်ကောင်ဆိုတာကရောဗျာ "
" အမွှာများလားမပြောနိုင်ဘူးဗျ ... အိမ်ကိုဆက်သွယ်ကြည့်ပါအုံး ...
ခင်ဗျားအိပ်မက်မက်တာဆိုတော့ ... မွေးများမွေးပြီလားမသိဘူး ... "
အခြားသူများကလည်း အချုပ်ထဲအလုပ်မရှိကြသဖြင့် အောင်မင်းရှိန်၏
အိပ်မက်ကို ပုရောဟိတ်ကဲ့သို့ နိမိတ်ကောက်ပေးနေကြသည်။
အောင်မင်းရှိန်ကလည်း ဗိုက်ထဲကလေး ဘယ်နှလရောက်ပြီကို ရေတွက်ကြည့်ရာ ...
" ဟုတ်မယ်ဗျ ... ကိုးလ ပြည့်နေပြီ "
ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာဖြင့် ပြောဆိုနေလေတော့၏။
အောင်မင်းရှိန်လည်း မိဘများကိုဆက်သွယ်ပြောဆိုရန်စဉ်းစားသေးသော်လည်း ကြည်ပြာ၏ မိဘများ အကြောင်းကို နောကြေနေပြီဖြစ်၍ သွားခိုင်းရန်မသင့်ဟု သတိချပ်မိလိုက်သည်။
ထို့ကြောင့် လည်လည်ဝယ်ဝယ်ရှိလှသော ငယ်ပေါင်းသူငယ်ချင်း မြသွေးထံ အကူအညီ လှမ်းတောင်းဖို့ ရွေးချယ်လိုက်လေသည်။
" မမြသွေးလားခင်ဗျ "
" ဟုတ်ပါတယ် ကျွန်မပါ "
" ကိုအောင်မင်းရှိန်က စကားပါးလိုက်လို့ပါ "
" ရှင် ... "
ကုန်ပစ္စည်းများကို ထုပ်ပိုးရင်း မျက်လုံးလေးပြူးကာကြည့်လာသော မြသွေးမှာ ရင်ထဲထိတ်ခနဲ ဖြစ်ပေါ်သွားခဲ့သည်။
အောင်မင်းရှိန်ဟူသောအမည်သည် သူမဘဝကို အလွန်ကြီးစိုးသော အမည်ပင်။ အပျိုပေါက်ကတည်းက ခိုးကြောင်ခိုးဝှက်နှင့် တဖက်သတ်ချစ်ခဲ့ရသူဖြစ်၍လည်း
ရင်တုန်ပန်းတုန် ဖြစ်ပေါ်သွားမိ၏။
သို့သော်အောင်မင်းရှိန်က မိမိကို မရွေးချယ်ခဲ့။ နှမလေးတစ်ယောက်လိုသာ ချစ်ခင်ကြောင်း
သိလိုက်ရ၍ သူမ၏နှလုံးသားက နာကျင်ခဲ့ရသည်။
အဆက်အသွယ်မလုပ်သည်မှာ နှစ်နှစ် သုံးနှစ်ခန့်ရှိခဲ့ပြီးယခုအခါမှ ဗြုန်းစားကြီး ပေါ်လာသော
တချိန်က ချစ်ရသူကြောင့် နားမလည်နိုင်ဘဲ ဖြစ်နေမိတော့လေ၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory