"" နှစ်ယောက်တစ်ဘဝ "" အပိုင်း ( ၃ )
lotaya.mpt.com.mm
|
2022-06-17

မြသွေးသည် ကိုဇော်မိုး ဆိုသူပြောလာသောစကားများ

အား ပါးစပ်လေးဟကာ နားထောင်နေရှာသည်။

" ကိုအောင်မင်းရှိန်က သူ့မိဘတွေခမျာ လူရည်မလည်

ရှာတဲ့အပြင် လူတွေနဲ့လည်း စကားအပြောအဆို အဆင်

မချောလှလို့ အခက်ကြီးခက်နေရပါတယ်တဲ့ ... "

မြသွေးလည်း ထိုအရာကိုတော့ သိထားပြီးဖြစ်၏။ အောင်

မင်းရှိန်၏မိဘနှစ်ပါးမှာ အတော်ပင်ရိုးကြသည်။ စကား

ပြောဆိုလျှင်လည်း အလိမ်အညာလှည့်ပတ်မှုမျိုး မလုပ်

တတ်ကြ။

အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းသာပြောဆို

တတ်ကြသည့်အပြင် လူလည်းကြောက်တတ်ကြသည်။

မည်သူနှင့်မှလည်း စကားမငြင်းခုန်ရဲကြပေ။

ထိုသို့ရိုးကြသောမိဘနှစ်ပါးက ဂျင်ပေါ်ကထုံးလိုလူစားများနှင့် ပနံသင့်မည်မဟုတ်နိုင်။ တဘက်က ပြောသမျှနားထောင်ပြီးသာ ပြန်လာကြရပေမည်။

" ကျွန်မကဘယ်လိုလုပ်ပြီး သူ့ညီမဟန်ဆောင်ရမှာလဲ

ရှင့် ... မတော်လို့ မိသွားမှမခက်ဘူးလား "

" ဝမ်းကွဲညီမလို့သာပြောပါတဲ့ ... အဲ့လောက်အထိတော့

လိုက်မစုံစမ်းလောက်ပါဘူးဗျာ ... "

" ဟင်း ... ခက်တော့ခက်နေပြီ ... "

" သူ့ကိုကူညီနိုင်မယ့်သူက မမြသွေးတစ်ယောက်ပဲရှိ

တယ်လို့ပြောတယ် ... သူ့မောင်နှမတွေဆိုလည်း အဆင်

ပြေမှာမဟုတ်မှန်းမမြသွေးသိပါတယ်တဲ့ ... "

အောင်မင်းရှိန်၏မောင်နှမများမှာ ရပ်ကွက်စရိုက်အနည်း

ငယ်ဆန်ကြသဖြင့် အဆင်မပြေနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ 

" အင်းပေါ့လေ ... ဒါနဲ့ အစ်ကိုနဲ့သူနဲ့က ဘယ်တုန်းက

ခင်မင်ကြတာလဲ ... ဒါတွေပြောဖို့ ဘယ်လိုလွှတ်လိုက်

တာလဲရှင့် "

မမြသွေးမှာ ကိုဇော်မိုးကိုတခါမှမမြင်ဖူး၊ မသိကျွမ်းဖူး

သဖြင့် မေးမြန်းကြည့်လိုက်သည်။

" ကျွန်တော်က သူနဲ့အတူတူ အထဲမှာနေခဲ့ရတာ‌လေမမြသွေး ... ရိုက်မှုဖြစ်လို့ အချုပ်ထဲ တစ်လနေလိုက်ရတယ် ... ကျွန်တော်ထွက်ရတော့ သူကအကူအညီတောင်းလာတာ...

ကျွန်တော်ပြန်လွတ်လာတာတောင် တစ်ပတ်လောက်ရှိနေပြီ ...

ခုမှမမြသွေးဆီရောက်လာခဲ့ရတာပေါ့ ... "

" အော် ... ဟုတ်ကဲ့ "

" သားသမီးအရေးဆိုတော့လည်းရင်ပူနေရှာတယ်ဗျာ ...သေသေချာချာလေး ကူညီပေးလိုက်ပါလို့

ကျွန်တော်ကလည်း ထပ်ပြီးအကူအညီတောင်းပါတယ် ... သားသမီး

အပူက ဘာနဲ့မှမတူဘူးမဟုတ်လားဗျ "

မမြသွေးမှာ ထိုသူစကားကြောင့် အနေရခက်သွားခဲ့သည်။

သူမလို အပျိုတစ်ယောက်က သားရေးသမီးရေး အကြောင်း လုံးစေ့ပတ်စေ့

နားလည်သည်‌တော့မဟုတ်ပေ။ သို့သော်လည်း ခံစားကြည့်၍ ရလေသည်။

" ကျွန်မသူ့အမေနဲ့အရင်တွေ့ကြည့်ပါအုံးမယ် ... "

" ဒါကတော့မမြသွေးတို့အဆင်ပြေသလိုကြည့်စီမံကြ

ပေါ့ဗျာ ... ကဲ ... ကျွန်တော့်တာဝန်လည်းပြီးပြီဆိုတော့

ပြန်လိုက်ပါအုံးမယ်ဗျ ... ခွင့်ပြုပါအုံး "

ထို့နောက် မြသွေးက အောင်မင်းရှိန်၏မိဘအိမ်သို့မေး

မြန်းစုံစမ်းဖို့ ရောက်သွားတော့သည်။

" ဟယ် ... သမီး ... မြသွေး ... အမလေး ပျောက်ချက်သားကောင်းလိုက်တာဟယ် ...

မတွေ့တာကြာလို့သတိရနေတာ ... "

" ဟုတ်ကဲ့ ဒေါ်ဒေါ် ... ဒေါ်ဒေါ်တို့ရော နေကောင်းရဲ့လား "

" အသက်ကြီးလာတော့လည်း အရင်လိုမဟုတ်ဘူးပေါ့ကွယ် ... ဒူးကနာတော့ သွားရလာရခက်တယ်သမီးရဲ့ ...လာ ... လာ ... အထဲဝင်သမီး ... " 

မြသွေးလည်းအိမ်ထဲဝင်ထိုင်ရင်း အခြေအနေကိုအကဲခတ်ကြည့်နေသည်။

အောင်မင်းရှိန် ညီမဖြစ်သူက ရေနွေးကြမ်းနှင့် လက်ဖက်ပန်းကန်လာချပေးရင်း ...

" မမမြသွေး ... ဘယ်တွေပျောက်နေတာလဲ ... ညီမတို့ကိုပစ်ထားတာနော် "

" မဟုတ်ပါဘူး သက်မာရေ ... မမလည်း အလုပ်တွေ

များနေတော့ ဒီဘက်ကိုမရောက်ဖြစ်တော့တာပါ "

" သမီးကိုမြင်တော့ သားလေးကို သတိရလိုက်တာသမီးရယ် ...

ဒေါ်ဒေါ်  သားလေးကို တွေ့ချင်လိုက်တာ ... ဟီး ...အီး ... "

ဒေါ်ငြိမ်းဝေကပြောရင်း ငိုချလာလေသည်။ 

" သမီးလည်း သူ့သတင်းတွေကြားပါတယ် ... စိတ်မကောင်းဘူးဒေါ်ဒေါ်ရယ် ... ခုရောက်လာတာလဲ သတင်းလည်းမေးရင်း ပြောစရာလည်းရှိလို့ပါ "

" အေး... သမီး ... သမီးလေးကိုမြင်တာနဲ့တင် ဒေါ်ဒေါ်ဝမ်းသာနေပြီ ...

သားလေးမကြာခင် လွတ်လာမယ်လို့ ခံစားမိနေတယ် "

" လွတ်မှာပါဒေါ်ဒေါ် ရဲ့ ... သူကပိုင်ရှင်မှမဟုတ်တာ ...ပြစ်ဒဏ်သက်သာမှာပါ ... "

မြသွေးက ပြောရင်း စကားစဖို့ ရှာကြံနေလေသည်။

" သမီးပြောစရာရှိတယ်ဆိုတာက ဘာများတုန်း "

" ဟိုလေ ... မကြည်ပြာ ... ကိစ္စပါ "

" အို ... အဲ့ဒီအကြောင်းဒေါ်ဒေါ်မပြောချင်ပါဘူးသမီးရယ်... သူ့အဖေကြီးက တော်တော်ဆိုးဆိုးပဲကွဲ့ ...

သားလေးနဲ့ သူ့သမီးနဲ့ ခိုးပြေးတုန်းကတစ်ခါ ... နောက်တစ်ခါ အိမ်က

ထွက်ပြေးကြတော့တစ်ခါ ... ဒေါ်ဒေါ်တို့ကို လာကြိမ်းမောင်းသေးတယ် ... ရစရာမရှိအောင်ဆဲဆိုကြတာများသမီးရယ် ... ဒေါ်ဒေါ်  မှာ မျက်ရည်တောက်တောက်ကျ

ခဲ့ရတယ် ... "

" ကိုမျိုးတို့ မဦးတို့က ဘာမှပြန်မပြောကြဘူးလား "

" ပြောလည်းမနိုင်ပါဘူးကွယ် ... သူတို့က လူအုပ်စုလိုက်လာကြတာ ... လူမိုက်တွေ‌ခေါ်လာတာလားမသိပါဘူး ... ခြံစည်းရိုးကိုကန်ပစ်လို့ ပြန်ပြင်ထားရသေးတယ် "

ထိုစကားကြောင့် မြသွေးမှာ အနည်းငယ်လန့်သွားမိသည်။လူရမ်းကားများကို အခကြေးငွေနှင့်

ခေါ်ထားပုံရသည်ဟုတွေးမိသည့်အခါ ယခုကိစ္စလွယ်ပါမည်လားစိုးရိမ်နေမိသည်။

" မနေ့က အောင်မင်းရှိန်အသိတစ်ယောက် သမီးဆီရောက်လာတယ်ဒေါ်ဒေါ် "

" ဟေ ... ဘယ်သူတုန်းသမီးရဲ့ "

" အချုပ်ထဲမှာခင်တာလို့ပြောတယ် ... အောင်မင်းရှိန်ကသမီးကိုစကားပါးခိုင်းလိုက်တာ "

" ဟုတ်လား ... ဘာတွေပြောသွားလဲသမီး ... ဒေါ်ဒေါ်တို့

က နောက်လအမိန့်ချမှ လိုက်သွားမလို့လုပ်ထားတာ ..."

" ဟို ... မကြည်ပြာက မီးဖွားတော့မယ်လို့ပြောတယ် ...

အဲ့ဒါ သူ့ကလေးကို သွားခေါ်ပေးပါတဲ့ ... "

" အိုး... ခေါ်လို့ဘယ်လွယ်လိမ့်မလဲသမီးရဲ့ ... သူ့တို့ဘက်က ပေးမှာမဟုတ်ဘူး "

" သမီးလည်းအဲ့လိုပဲထင်နေတယ် ... ပေးမယ်မထင်ဘူး ဒေါ်ဒေါ်ရဲ့ ...

ဒါပေမယ့် အောင်မင်းရှိန်က တော်တော်စိတ်ပူနေပုံရတယ် "

" သူကဘာပြောခိုင်းလို့လဲ "

" ကြည်ပြာမိဘတွေက ကလေးကို တစ်ခုခုလုပ်မှာ သူကြောက်နေတယ်ဒေါ်ဒေါ် ... "

" အိုကွယ် ... ကိုယ့်မြေးအရင်းကိုတော့ လုပ်မယ်မထင်ပါဘူး ... "

" အမေကလဲ ... ဦးစိန်မောင်တို့အကြောင်းမသိတာကြလို့ ... ပြောလို့ရတာမဟုတ်ဘူး "

" ဟဲ့ ... သက်မာ ... စိတ်အထင်နဲ့ ရမ်းသမ်းပြောမနေနဲ့ ... "

" အမေကအဲ့ဒါတွေခက်တာ ... သူတို့က ကလေးကို အဝေးပို့လိုက်ရင်

အမေတော့ ဒီတစ်သက် မြေးနဲ့ တွေ့ရမှာ မဟုတ်ဘူး "

" ဟင်း ... အဲ့လိုတော့ လုပ်ရင်လုပ်မလားမပြောနိုင်ဘူး ...အရင်စနည်းနာကြည့်ပါအုံးလေ ... "

" အောင်မင်းရှိန်က အဲ့အိမ်ဆီ သမီးကိုသွားခိုင်းတယ်

ဒေါ်ဒေါ် ... သူ့ညီမဝမ်းကွဲလို့ပြောပါတဲ့ ... ဒေါ်ဒေါ်  ကိုလည်းခေါ်သွားပါတဲ့ ... "

" ဘယ်လိုကြီးတုန်း ... "

" မပြောတတ်ပါဘူးဒေါ်ဒေါ်ရယ် ... သူအိပ်မက်တွေ

မကောင်းလို့ ကလေးကိုသွားခေါ်ပေးထားပါလို့ မှာလာတာပဲ "

အောင်မင်းရှိန်စေခိုင်းမှုကို အားလုံးနားမလည်နိုင်ဖြစ်နေ

ကြသည်။ အောင်မင်းရှိန်ကလည်း ပထမအိပ်မက်၌ ဆင်

ပေါက်နှစ်ကောင်မက်ပြီး နောက်အိပ်မက်များ၌ ဆင်က

လေးနှစ်ကောင်မှာ သူ့ကို အကူအညီတောင်းနေဟန်၊ တိုင်

ပြောနေဟန် ပုံသဏ္ဍာန်များမက်နေခြင်းကြောင့် စိတ်ထင့်နေမိသည်။

အိပ်မက်နိမိတ်ဖတ်ပေးသူများက ကလေးကိုသွားခေါ်စေချင်သည်ဟု

ဆိုကြသည်ကတစ်ကြောင်း၊ ဦးစိန်မောင်တို့၏ လုပ်ရပ်များကို ခံရဖူးသူဖြစ်နေသည်က တစ်ကြောင်းကြောင့် စိတ်မအေးနိုင်ဖြစ်နေရသည်။

အိမ်ကြီး၏ခမ်းနားထည်ဝါမှုကြောင့် မြသွေးတို့မှာ အ

နည်းငယ်ကိုယ်ရှိန်သပ်သွားမိကြသည်။ ခြံရှေ့ရှိခေါင်း

လောင်းလေးကို တီးလိုက်လျှင် ခြံစောင့်ဟုယူဆရသော

သက်ကြီးပိုင်းလူတစ်ယောက် လာမေးလေသည်။

" ဟို ... မကြည်ပြာနဲ့တွေ့ချင်လို့ပါ "

" ဘယ်သူလို့ပြောပေးရမလဲသမီး "

" ဟို ... မြသွေးလို့ပြောပေးပါရှင် "

မြသွေးကလည်း အတွေ့မခံမည်စိုးသဖြင့် အောင်မင်းရှိန်

နာမည်ကို ထည့်မပြောတော့ပေ။ ခြံစောင့်ကြီးကလည်း

အိမ်ထဲသို့ဝင်ကာ သွားပြောပေးနေလေသည်။

သိပ်မကြာခင်မှာပင် အိမ်ထဲလူရိပ်တစ်ခုထွက်လာသည်ကိုမြင်လိုက်ရ၏။ မြသွေးမျှော်လင့်ထားသလို ကြည်ပြာတော့မဟုတ်ချေ။

ဒေါ်မူယာနွယ်မှာ ခြံဝရောက်သည်နှင့် မြသွေးကိုကျော်

ပြီး ဒေါ် ငြိမ်းဝေကို ကြည့်ကာ မျက်နှာခက်ထန်သွားလေသည်။

" ဒီမယ် ... ရှင်တို့နဲ့ဘာကိစ္စမှပြောစရာမရှိဘူးထင်တယ် ...

အရှက်မရှိကြတာလား ... အိမ်အထိတောင် မျက်နှာပြောင်

တိုက်ပြီးလာရဲကြတယ်လို့ "

ဒေါ်ငြိမ်းဝေမှာ ပြန်လည်ချေပပြောဆိုရန်မဆိုဘိ အထိတ်

တလန့်နှင့် ခေါင်းကိုငုံ့သွားလေသည်။ ထိုအချင်းအရာ

ကြောင့် မြသွေးမှာ ဒေါသတစ်ချက်ထွက်သွားမိ၏။

သို့သော်စိတ်ကိုပြန်ထိန်းရင်း စကားချိုချိုသာသာဖြင့်ပြောလိုက်သည်။ 

" ကျွန်မတို့မှာညှိနှိုင်းစရာလေးတွေရှိလို့ပါအန်တီ ... မကြည်ပြာ ... "

" ဘာမှညှိနှိုင်းစရာအကြောင်းကိုမရှိဘူး ... နောက်ထပ်

မလာကြနဲ့ ... မတွေ့ချင်ဘူး ... ပြန်ကြ "

မြသွေးစကားပင်မဆုံးလိုက်ချေ။ ဒေါ်မူယာနွယ်၏ ခက်

ထန်မာကျောသောစကားများက ခန္ဓာကိုယ်တစ်ခုလုံးပူ

ရှိန်းသွားစေခဲ့သည်။

" အန်တီကြီး ... ဘာတွေဂုဏ်မောက်နေတာလဲရှင့် ... လူ

လူချင်းမနှိမ်ချင်ပါနဲ့ ... ကျွန်မလာရတာ ကလေးကိစ္စလာ

ရတာပါ ... ကျွန်မအစ်ကိုက သူ့ကလေးကို လာတောင်း

ခိုင်းတာ ... အန်တီကြီးသားသမီးချင်းစာနာပါအုံး ... "

" အမလေးဟယ် ... စရိုက်တွေ ... စရိုက်တွေ ... အဆင့်

အတန်းကိုမရှိကြဘူး ... သူများအိမ်ရှေ့လာပြီး ပိုင်စိုးပိုင်

နင်းနဲ့ အောက်တန်းစားတွေကများ ... ကလေးဘမ်းပြပြီး

ဟိုဟာတောင်း ဒီဟာတောင်း ဇာတ်လမ်းထွင်ချင်မှန်း

ငါသိပြီးသား ... အဲ့ဒီအောင်မင်းရှိန်ဆိုတဲ့အကောင်ကို

ပြောလိုက် ... ကလေးလည်းမပေးနိုင်ဘူး ... နောက်ထပ်

လည်းမတွေ့ချင်ဘူး ... ငါ့အိမ်ရှေ့လည်းထပ်မလာကြနဲ့

... ကလေးကိစ္စလည်းလာမပြောကြနဲ့ ... ခုချက်ချင်းထွက်

သွားကြ ... "

ဒေါ်မူယာနွယ်က တရစပ်မနားတမ်းပြောဆိုဆဲဆိုနေသည့်

အတွက် မည်သည့်စကားမှမပြောနိုင်ခဲ့ကြတော့ပေ။ မြ

သွေးက မပြန်ဘဲပေနေသေးသည်။ 

ဒေါ်ငြိမ်းဝေက အတင်းဆွဲပြန်နေသဖြင့် ယက်ကန်ယက်

ကန် ပါလာခဲ့ရသည်။ 

" သူတို့နဲ့ ဒေါ်ဒေါ်တို့နဲ့ ဒီဘဝတော့မဖြစ်တော့ပါဘူးသမီး

ရယ် ... မြေးလေးလည်း အဲ့အိမ်မှာဆိုရင် ကောင်းကောင်း

မွန်မွန်နေရမှာပါ ... ဒေါ်ဒေါ်တို့ဆီမှာသာဆို ဆင်းဆင်းရဲရဲ

နဲ့ ဒုက္ခရောက်နေပါအုံးမယ် ... တောင်းမနေပါနဲ့တော့

ကွယ် "

မြသွေးက ရင်ထဲမကောင်းလှစွာနှင့် အိမ်ကြီးဆီသို့ တစ်

ချက်လှမ်းကြည့်လိုက်သည့်အခါ မှန်ပြူတင်းဆီမှ အရိပ်

တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုအရိပ်လေးမှာ သူတို့ကို ငေးကြည့်နေဟန်ရှိ၏။

" ကိုစိန်မောင် ... ရှင်ဘယ်လိုပြောလိုက်တယ် "

" ကြားတဲ့အတိုင်းပဲမူယာ ... "

" တကယ်ပဲရက်စက်တော့မှာလားကိုစိန်မောင်ရယ် ...ကျွန်မ မလုပ်နိုင်ဘူးရှင့် "

" မင်းကလဲ ... မျက်နှာမမြင်ရင် လုပ်ရဲသွားလိမ့်မယ် ...တွေးကြည့်စမ်းပါကွ ...

ဟိုအကောင်တွေက ကလေးအကြောင်းပြပြီး အိမ်ပေါ်တက်ချင်နေတာမင်းလဲအသိ...

ဘာအခွင့်အရေးယူမယ်ဆိုတာ မပြောနိုင်ဘူး ... နောက်ပြီး မောင်ဇော်နိုင်မိဘတွေကလည်း ကလေးတွဲလောင်းနဲ့ဆို သဘောတူကြမှာမဟုတ်ဘူး ... သူများကလေးပါလာတဲ့မိန်းမမျိုးကို 

ချွေးမတော်ချင်မလား ... သူတို့ဂုဏ်သိက္ခာနဲ့အသိုင်းအဝန်းနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးဟ "

" ကလေးမရှိတော့ရော သဘောတူမတဲ့လား ... သမီးကအပျိုလည်းမဟုတ်တော့ ... "

" အဲ့ဒါငါစီစဉ်ပြီးသားပါ ... ငါ့သမီးက တစ်ဦးတည်းသော

သမီး ... ပိုင်ဆိုင်မှုအကုန်သူတစ်ယောက်ထဲရမှာသေချာ

နေတာ ငြင်းဖို့ခက်မှာပဲ ... နောက်ပြီး ကို‌ဝင်းမောင်က လုပ်

ငန်းတစ်ခုလုပ်ဖို့ရှိတယ် ... အိမ်ရာစီမံကိန်းသတင်းငါကြား

ပြီးပြီ ... သူလုပ်မယ့်နေရာက ဘယ်မှာလဲ မင်းသိလား "

ဒေါ်မူယာနွယ်က ‌မျက်လုံးအဝိုင်းသားနှင့်ကြည့်ပြီး ခေါင်း

ခါပြလိုက်သည်။

" မိုးတစ်ထောက်ရွာဘက်တဲ့ ... ရွာမြေတွေတောင်လိုက်

ဝယ်နေတယ်ကြားတယ် ... "

" ဟင် ... အဲ့မှာကျွန်မတို့ဟာရှိတယ်မလား "

" အေးလေကွာ ... ငါကအပေးအယူလုပ်ဖို့စိတ်ကူးထား

တယ် ... သမီးတို့ မင်္ဂလာပွဲကြရင် မြေဧက ၃၀ လက်ဖွဲ့

ပေးမယ်ဆိုတဲ့အကြောင်း ‌ညှိနှိုင်းကြည့်မလို့ "

" ဒါပေမယ့် ဧက ၃၀ လောက်နဲ့ လက်ခံပါ့မလား "

" မင်းကလဲတုံးပါ့ကွာ ... ဧက ၃၀ ကငါတို့အပိုင်ဖြစ်ပြီး

တော့ သမီးရဲ့ပိုင်ဆိုင်မှုက ဧက ၁၀၀ ပါလို့သာသိသွား

ရင် လက်လွှတ်ခံချင်ပါတော့မလား "

" အဲ့လိုတော့ ဘယ်လက်လွှတ်ချင်ပါ့မလဲ ... "

" အေ ... ခက်နေတာက ဒီသောက်ကလေးပဲ ... သူရှိနေရင်

ဘယ်လိုမှ မဖြစ်နိုင်ဘူး ... ပွဲပျက်မှာသေချာတယ် ... "

" ကျွန်မတော့ မလုပ်ရဲဘူးရှင် ... ရှင်လုပ်ရဲရင်လည်းလုပ်

... ကျွန်မ မလိုက်ဘူး "

ဦးစိန်မောင်သည် ခက်ထန်သောမျက်နှာဖြင့် ကြမ်းပြင်ကို

စိုက်ကြည့်နေလေသည်။ သူသည် ယခုထက်ပိုကြွယ်ဝဖို့

အတွက် သွေးရင်းသားရင်းကိုပင် စတေးတော့မည်ဟု 

ဆုံးဖြတ်ထားလေသည်။

ထို့ကြောင့် ကြည်ပြာကို ဆေးရုံ၌မမွေးခိုင်းဘဲ အရပ်လက်

သည်နှင့်မွေးဖွားခိုင်းမည်ဟု စဉ်းစားထားသည်။ 

" မမမြသွေး ... "

သူမ၏ ဆိုင်ထဲသို့ ရေးကြီးသုတ်ပျာပြေးဝင်လာသော 

သက်မာကြောင့် မြသွေးရင်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။

" ဘာ ... ဘာ ဖြစ်တာလဲ ... အထိတ်တလန့်ရှိလိုက်တာ

သက်မာရယ် "

သက်မာမှာ ပြန်မဖြေနိုင်သေးဘဲ မောဟိုက်နေသည်။ အ

သက်ဝဝရူပြီးမှ ပြောပြနိုင်တော့၏။

" အရေးကြီးလို့ ... "

" အေ ... ပြော ... ဘာကြီးလဲ "

" မကြည်ပြာမွေးခါနီးပြီတဲ့ ... "

" ဟင် ... "

" သက်မာပြောပြအုံးမယ် ... ထူးဆန်းနေလို့မမရဲ့ "

" အင်း "

" ဒီလောက်ချမ်းသာတဲ့လူတွေက ကလေးကိုဆေးရုံမှာ

မမွေးဘဲ လက်သည်နဲ့ မွေးမလို့တဲ့ ... ကိုကြီးထင်သလိုများ

ဖြစ်နေမလားဟင်မမ "

" လက်သည်နဲ့မွေးမှာ ... "

" ဟုတ်တယ် ... ပြီးတော့ ဒီမြို့မှာမမွေးဘူးနော် ... ဥသျှစ်

ရွာမှာမွေးဖို့ လက်သည်လာအပ်သွားတာတဲ့မမရဲ့ "

" အဲ့ဒီရွာကတော့ ဒီနားလေးတင်လားလို့ "

" ဟုတ်ပါ့ ... ဖြစ်ချင်တော့ သူတို့အပ်တဲ့လက်သည်က

မဦးကလေးမွေးတုန်းက မွေးတဲ့လက်သည် ဒေါ်ကြည်

ဖြစ်နေတာ ... ဒေါ်ကြည်က ကိုကြီးအကြောင်းသိတယ်

လေ ... အဲ့ဒါနဲ့မဦးကို လာပြောပြတာ ... ခုနကပဲပြန်သွား

တယ် ... သူပြန်တာနဲ့ မမဆီအပြေးလာခဲ့တာပဲ "

" ဒီလိုဆိုလည်း တစ်ခုတော့ကောင်းသား ... အဲ့ဒီကိုလိုက်

သွားကြမယ်လေ ... ပြီးရင် ထပ်ညှိကြတာပေါ့ ... မကောင်းဘူးလား ... "

" ဟုတ် ... ဒါပေမယ့် ဦးစိန်မောင်က ဒေါ်ကြည်ကို ဒီကိစ္စ

ဘာ်သူ့မှမသိစေနဲ့လို့ပြောတဲ့အကြောင်း ကြားခဲ့တယ် ...

မသိစေနဲ့ဆိုတော့ ညီမစိတ်ထဲတမျိုးဖြစ်သွားသလိုပဲ ...

မမရော ... ဘယ်လိုထင်လဲဟင် "

" လက်သည်နဲ့မွေးတာကိုမသိစေချင်တာလား ... ဒါမှမဟုတ် ...

ကလေးကို ကြည်ပြာနဲ့ခွဲထားချင်တာများလား "

" အဲ့ဒါပဲ ... ခွဲထားဖို့သေချာတယ် ... ခွဲမယ့်တူတူ ညီမတို့

တောင်းရင် ပေးမယ်ထင်တယ်နော်မမ "

" အဲ့လိုဆိုရင်တော့ကောင်းတာပေါ့ ... သူတို့ထင်နေတာက

ကလေးအကြောင်းပြပြီး အဆက်အသွယ်လုပ်မှာကြောက်

တာဆိုတော့ ... ကလေးကိုသာပေးပါ ... ဘာအဆက်အ

သွယ်မှမလုပ်ကြောင်း ကတိပေးတယ်ဆို ရမယ်ထင်တာ

ပဲ... ဒီလိုလုပ် ... သဘက်ခါ ဈေးပိတ်တယ် ... လက်သည်ကို အရင်တွေ့ကြမလား "

" ရတယ်လေမမ ... ဒါဆိုသဘက်ခါ မဦးရယ် သက်မာ

ရယ် မမရယ် အတူသွားကြတာပေါ့ ... အမေကတော့လိုက်မှာမဟုတ်ဘူး "

ထိုသို့ဖြင့် လက်သည်ရှိရာ ဥသျှစ်ရွာသို့ သွားရန် စီစဉ်လိုက်ကြလေသည်။

ချိန်းဆိုထားသည့်နေ့ရောက်သောအခါ အငှားယာဉ်တစ်စီးငှားကာထွက်လာကြသည်။ 

တစ်နာရီခန့်မောင်းပြီး မြို့ပြင်သို့ရောက်သည့်အခါ ရွာ

ငယ်လေးကို လှမ်းမြင်လာရလေသည်။ ဥသျှစ်ရွာသို့

ဟူသည့်လမ်းညွှန်အတိုင်း ဆက်လာခဲ့ကြသည်။

မကြာခင်မှာပင် လူနေအိမ်ခြေများလှသော ရွာကြီးတစ်

ရွာသို့ ဆိုက်ရောက်လာခဲ့၏။ မဦး၏ လမ်းညွှန်မှုနှင့်

အိမ်တစ်အိမ်ရှေ့ ကားရပ်လိုက်လေသည်။ 

" ဒီနေရာက နေပူလို့ ဟိုးနားက အပင်အောက်မှာ ရပ်ထားမယ် ... ပြီးရင်လာခဲ့ကြပေါ့ဗျာ "

အငှားယာဉ်မောင်းသမားက အပင်ကြီးတစ်ပင်သို့ ညွှန်ပြရင်းပြောလာသည်။

" ရတယ်ဦးလေး ... အပင်အောက်မှာပဲ ရပ်ထားလိုက် "

ထို့နောက် လက်သည်အိမ်သို့တက်လာခဲ့ကြသည်။ လက်

သည်ဒေါ်ကြည်မှာ မဦးကိုမြင်သည်နှင့် မျက်နှာမကောင်း

လှပေ။

သူ၏အိမ်သားများကို ရှောင်ခိုင်းလိုက်ပုံရသည်။ အိမ်ရှိ

လူများက အလျှိုလျှို အပြင်ထွက်သွားကြ၏။

" ဒီကလေးမက ... "

ဒေါ်ကြည်က မြသွေးကို ညွှန်ပြရင်းမေးလေသည်။ သူစိမ်း

ဆိုပါက တိုးတိုးတိတ်တိတ်ပြောဖို့ အဆင်မပြေ၍လည်း

ဖြစ်သည်။

" သူက ကျွန်မညီမဝမ်းကွဲပါ "

" အော် ... တခါမှမမြင်ဖူးလို့မေးကြည့်တာပါအေ "

" ဟုတ်တယ်ဒေါ်ကြည်ရဲ့ ... "

" ဟင်း ... ဒါဆိုလည်း ပြောရအုံးမယ် ... မနေ့က ဟိုမိန်းမ

ကြီးရောက်လာတယ် ... "

" ဘယ်မိန်းမ ... ကြည်ပြာလား "

" မဟုတ်ပါဘူး ... သူ့အမေလေ "

" ဘာလာလုပ်တာလဲ ... ဗိုက်ပြဖို့လား "

ဒေါ်ကြည်က ခေါင်းရမ်းပြလေသည်။

" ကျုပ်ကို ပိုက်ဆံနည်းနည်းပေးသွားတယ် ... ဘာပြော

လဲဆိုတော့ သူ့သမီးကို ကလေးက မွေးမွေးချင်း အဖတ်

မတင်ဘူးလို့ ပြောပေးပါတဲ့ ... "

" ဘယ်လိုရယ် "

" အေးလို့ ... ကျုပ်လည်းဘာပြောရမယ်မသိတော့ဘူး ...

မွေးပြီးတာနဲ့ သူတို့လူကို ပေးလိုက်ဖို့ မှာသွားလေရဲ့ "

" သက်မာ ထင်တာမှန်နေပြီပေါ့ "

သက်မာက မြသွေး၏လက်မောင်းကို အသာဖိညှစ်ရင်း

ပြောနေသည်။

" နောက်ပြီးတော့ သူတို့ဒီညလာကြမှာ "

" ဟင် "

" ကလေးမက ဒီရက်ပိုင်းထဲမွေး‌တော့မှာအေ့ ... သူ့အိမ်

ကနေ ဒီကိုလာဖို့မလွယ်လို့ ခုရက်ပိုင်း လာနေမယ်လို့

ပြောတယ် "

" ဘယ်မှာနေမှာလဲ ... ဒေါ်ကြီးဆီနေမှာလား "

" ဒီမှာဘယ်နေပါ့မလဲအေ ... ရွာထိပ်မှာ ယာယီတဲလေး

လာဆောက်သွားကြတယ် ... ဒီညရွေ့လာမယ်လို့ကြားတယ်အေ့ "

" ဒါဆို ဘယ်လိုလုပ်ကြမလဲ "

မြသွေးမှာ မျက်နှာဝင်းခနဲ ဖြစ်သွားသည်။

" ဒေါ်ကြီး ... ဒီလိုလုပ် ... သူတို့ပြောသလို မွေးမွေးချင်း

အဖတ်မတင်ဘူးသာပြောလိုက်တော့ "

" အဲ့လိုပြောခိုင်းတာပဲလေ ... မဟုတ်ဘူးလား "

" ဟုတ်တယ် ... ဒါပေမယ့်မဟုတ်ဘူး "

" ဘယ်လို "

" ကလေးကို သူတို့လူဆီမပေးဘဲ ကျွန်မတို့ကိုပေး "

" ဟေ "

ဒေါ်ကြည်မှာ မျက်လုံးကလယ်ကလယ်နှင့် စဉ်းစားနေ

လေသည်။

" သူတို့လူတွေက အိမ်အပြင်မှာစောင့်ကြမှာ ... နောက်ပြီး

ဒီအိမ်မှာမွေးမှာမဟုတ်ဘူးလေ ... ရွာထိပ်မှာ ယာယီတဲ

ထိုးထားပါတယ်ဆို ... ကျုပ်က ကလေးကို ဘယ်လိုယူ

ရမလဲ "

" ဒါလည်းဟုတ်သားပဲမမရဲ့ ... မတော်မိသွားရင် ပြဿ

နာတက်အုံးမယ် "

" ကျွန်မမှာအကြံရှိပါတယ် "

မြသွေးကို အားလုံးကတပြိုင်နက် ကြည့်လိုက်ကြသည်။

" ကျွန်မတို့ကို သူတို့အိမ်ကသိနေပြီဆိုတော့ မလွယ်ဘူး ... ဒါကြောင့်လူအစားထိုးရမယ် "

" ဘယ်လိုအစားထိုးမယ် "

" ဗိုက်နာလို့ ဒေါ်ကြီးကိုလာခေါ်တဲ့အခါ ... ဒေါ်ကြီးမှာ

နောက်ထပ်မွေးလူနာတစ်ယောက်အဆင်သင့်ရှိနေရမယ် ... 

ဒါဆိုဒေါ်ကြီးသူတို့ဆီ လိုက်သွားစရာမလိုဘူး ... သူတို့က

ဒေါ်ကြီးဆီလာရမှာပဲ ... ဟုတ်လား "

" ဒါတော့ဟုတ်တာပေါ့အေ့ ... မွေးလူနာကဘယ်မှာလဲ "

" ကျွန်မခေါ်လာခဲ့မယ် ... "

" ကျုပ်က နှစ်ယောက်လုံးတပြိုင်ထဲ မမွေးပေးနိုင်ဘူး

နော်သူငယ်မ "

" မွေးစရာမလိုပါဘူး ... သူက အတု ... ‌ကြည်ပြာ့ကလေး

ကို သူ့လက်ထဲထည့်ပြီး သူ့ကလေးလုပ်လိုက်ရုံပဲ ... "

" အော် မမမြသွေးပြောတာ သက်မာသဘောပေါက်ပြီ ..."

" ငါ့လည်းရှင်းပြပါအုံးဟဲ့ "

" ဗိုက်ကြီးသည်အတုလုပ်မယ် ... ကလေးတူတူမွေးတယ်

ဆိုပြီးဟန်ဆောင်မယ် ... မမကြည်ပြာမွေးပြီးတာနဲ့ က

လေးအဖတ်မတင်ဘူးပြောပြီး ဗိုက်ကြီးသည်အတုဆီ

ကလေးကို ပေးထားမယ် ... ဒါဆိုဘယ်သူ့မှလည်းမသိ

နိုင်တော့ဘူး ... "

" ပြောတော့သာလွယ်တာ ... သရုပ်ဆောင်ပိုင်မှရမှာ

နော် "

မဦးက စိုးရိမ်မကင်းစွာနှင့် ပြောလိုက်သည်။

" စိတ်ချပါ မဦးရယ် ... မြသွေးမှာ သရုပ်ဆောင်ပိုင်တဲ့

သူငယ်ချင်းရှိပါတယ် ... မြသွေးတာဝန်ထား ... ဒေါ်ကြီး

လုပ်ရမှာက ဒီအိမ်မှာ မီးနေသည်နှစ်ယောက်စာ ကြိုပြင်

ထားဖို့ပဲ ... "

ဒေါ်ကြည်မှာ ယခုကဲ့သို့အဖြစ်မျိုး ကြားဖူးနားဝပင်မရှိ

ခဲ့သဖြင့် မျက်နှာလေးငယ်၍သာနေရှာလေသည်။

" သေချာတော့လုပ်ကြအေ ... တစ်ခုခုလွဲရင် ဒုက္ခရောက်ရမှာ "

" ဒေါ်ကြီးသာ အိန္ဒြေမပျက်စေနဲ့ "

ထိုသို့စီစဉ်ခဲ့ပြီး အမြန်ပြန်လာခဲ့ကြလေသည်။ မြသွေး

မှာ သရုပ်ဆောင်ပေးမည့်သူငယ်ချင်းကို နားပူနားဆာ

တိုက်ရပေအုံးမည်။ လက်ခံပါက ဒေါ်ကြည်အိမ်သို့ပို့ထားရပေမည်။

ကြည်ပြာမီးဖွားချိန်နှင့် အချိန်ကိုက်လှုပ်ရှားရမည်ဖြစ်

၍ စိတ်လှုပ်ရှားနေမိနေ၏။ 

" ဘာပဲဖြစ်ဖြစ် ကလေးပြန်ရပြီးရင် ပြီးပြီပဲ ... ငါတို့ကလွဲလို့ ဘယ်သူသိမှာကြလို့ "

မြသွေးမှာ အကြံအစည်ကို အမြန်ပြီးမြောက်စေချင်လှသည်။ မဟုတ်ပါက

နှလုံးတုန်ရင်ထိတ်နေရသဖြင့် ကောင်းကောင်းအိပ်မပျော် စားမဝင် ဖြစ်နေရသည်။

သူငယ်ချင်းဖြစ်သူ ဝေဝေကျော်မှာ အနုပညာဗီဇပိုးကလေးရှိသဖြင့်သီချင်းဆိုခြင်း၊ သရုပ်ဆောင်ခြင်း အလွန်ဝါသနာထုံသူဖြစ်သည်။

" ခုလည်း ရုပ်ရှင်ကားကြီးရိုက်နေရတယ်လို့သာ မှတ်ပါဟယ် "

" အမလေးဟဲ့ ... ဒီရုပ်ရှင်ကြီးကတော့ အခန့်မသင့်ရင်တရားစွဲခံရမယ့်ကိန်း "

" မိသွားလို့တရားစွဲရင်တောင် ငါ့ကိုပဲစွဲမှာပါဟယ် ... ငါကစီစဉ်တဲ့သူမဟုတ်လား ...

 နင်တို့က ငါပြောလို့လုပ်ပေးရတာလေဟာ ... "

" ရမလားဟဲ့ ... အမှုတွဲထဲအကုန်ပါမှာပေါ့ ... "

" ဘာမှမဖြစ်စေရဘူး ... ငါအာမခံတယ်နော် ... ကူညီပါ

ဝေဝေရယ် ... အောင်မင်းရှိန်လည်း သနားပါတယ် "

" နင်ဟာလေ ... ခုထိစိတ်ကမပြတ်နိုင်ဘူး ... ဟိုကဖြင့်

နင့်မကြိုက်လို့ တခြားတစ်ယောက်ယူသွားပြီးပြီ ... မိန်း

မ ရပြီးလည်း ဒုက္ခပေးကောင်းတုန်း ... "

" အဲ့လိုလည်း မဟုတ်ပါဘူးဟာ ''

'' ဘာမဟုတ်ရမှာလဲ ... ဆယ်တန်းတုန်းကလည်း အဲ့

ကောင်ကျောင်းပျက်ရင် နင်ပဲစာကူးပေးရတာနဲ့ ...

စာပြန်သင်ပေးရတာနဲ့ ... ပြောကိုမပြောချင်ဘူး ... "

" နင်ကလဲ ... ဒီသူငယ်ချင်းတွေပဲရှိတာမဟုတ်လား "

" အောင်မင်းရှိန်ထွက်လာပါစေအုံး ... ကောင်းကောင်း

ညှင်းဆဲပြမယ် ... ငါ့ပါမကျန် အလုပ်ပေးတာ ... ဟွန့် "

" ဟီး ... "

မြသွေးမှာ ဝေဝေကျော်၏ ကြိမ်းမောင်းသံများနားထောင်

ရင်း ရယ်မောလိုက်မိသည်။ 

နောက်တစ်နေ့တွင် ကိုယ်ဝန်ဆောင် အင်္ကျီဝယ်ရင်း နှစ်ယောက်သား အလုပ်ရှုပ်နေကြ၏။

 မြသွေးမှာ လဲမှို့များကိုပိဿာလိုက်ဝယ်ပြီး ဗိုက်အတုပြုလုပ်ရန် ကြံစည်နေသည်။

အိမ်သို့ပြန်ရောက်သည်နှင့် အခန်းထဲဝင်ပြီး ပိတ်စကိုဗိုက်အုပ်နေစေရန်

ခပ်ခုံးခုံးချုပ်လုပ်လိုက်သည်။ ပြီးနောက် လဲမှို့ကို ထိုးသိပ်ထည့်လိုက်သည်။

" သမီး ... မြသွေး ... ဒီနေ့ဘာလို့ဆိုင်ပိတ်တာလဲ ... 

မနေ့ကလည်းပိတ်ရပါတာ်ဆို ... ဒီနေ့ပါထပ်ပိတ်ပြန်ပြီ "

" ဝေဝေနဲ့ သူငယ်ချင်းအလှူလုပ်တဲ့ ရွာကိုသွားရမှာလို့ ပြောထားတယ်လေမေမေရဲ့ ... မမှတ်မိတော့ဘူးလား "

" အော် ... အေ ... အေ ... အမေလည်းမှတ်ဉာဏ်မကောင်းတော့ပါဘူးလေ ...

ဒါဆိုဘယ်နေ့မှ ပြန်ရောက်မှာလဲ ...တစ်ညအိပ်ပဲမလား "

" ဘယ်ဟုတ်မှာလဲ ... မရောက်တာကြာတော့ နှစ်ည သုံးညလောက် အိပ်ရမှာပေါ့ "

" ကဲပါလေ ... ငါ့သမီးလည်း ဆိုင်နဲ့အိမ်ပဲသွားနေရတော့လည်ချင်ရှာမှာပေါ့ ... "

မိခင်ဖြစ်သူက ဘာမှမသိရှာပေ။ မြသွေးလည်း အခန်းတံခါးမဖွင့်ပေးရဲ။

အခန်းထဲတွင် လဲမှို့ပုံကြီးနှင့် ပိတ်စများမှာ ပြန့်ကျဲနေလေသည်။

ဗိုက်အတုထဲသို့ လဲမှို့များကို ထိုးသိပ်ရင်း သူမ၏ဗိုက်ပေါ်ကပ်ကြည့်လိုက်၏။ 

" ဒီလောက်ဆို မွေးခါနီးဗိုက်နဲ့သိပ်မတူသေးဘူး "

ကိုယ်ပေါ်ကပ်ကြည့်လိုက်၊ ပြန်ချလိုက်၊ လဲမှို့ကို ထပ်သိပ်ထည့်လိုက်နှင့်

အလုပ်ရှုပ်နေလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..