
အခန်း၄။
" သင့်အခက်အခဲကို ဘွင်းဘွင်းရှင်းရှင်းသာပြောပါ။ ကူညီဖြေရှင်းပေးဖို့က ကျွန်မတာဝန်ထားပါ "
" လူလည်းလာပါ။ ပြသနာလည်း ခေါ်ခဲ့ပါ "
" သင်ပြန်သွားလျှင် ပြသနာအဝဝကို ကျွန်မဆီ ထားရစ်ခဲ့ပါ"
" ယုံကြည်မှုနဲ့ အလုပ်လုပ်ပါ၊ မယုံကြည်ရင် မတိုင်ပင်ပါနဲ့ "
ဆယ့်နှစ်ပေ အကျယ် အခန်းလေး၏ နံရံတွင် အထက်ပါ သစ်သားဆိုင်းဘုတ်အမျိုးမျိုးကို လူမြင်ကွင်း၌ ချိတ်ဆွဲထားရှိ၏။
စားပွဲပေါ်တွင်တော့ ဆရာမ ချောကလျာနွယ် ၊ အကြားအမြင် ပညာရှင် ဟု စာတမ်းပါသည့် ၃မြှောင့်သစ်သားတုံး တတုံးကို တွေ့ရ၏။
ဆရာမသည် အသက်အားဖြင့် ၃၀နီးပါးဟု ခန့်မှန်းရသည်။ မျက်နှာမှာ သေးသေးသွယ်သွယ်နှင့် သာမန်ထက်ပိုသော ချောမောသည့် မိန်းမတဦး၏ ရုပ်ရည်ရှိသည်။
သူ့မျက်နှာပေါ်မှာ အထင်ရှားဆုံး အမှတ်အသားကတော့ မျက်ခုံးနှစ်ခု အလယ်တည့်တည့်၊နှာတံရိုးအဆုံး၌ မှည့်နက်တလုံးပါရှိခြင်း ဖြစ်၏။
ဆံပင်မှာ တပတ်လျို ဆံထုံးနှင့် ဖြစ်ပြီး ၊ သူ့ကိုယ်ပေါ်တွင် မသစ်မဟောင်း ပါတိတ်ဝမ်းဆက်ကို ချပ်ချပ်ကပ်ကပ် ဝတ်ဆင်ထားလေ၏။
စားပွဲမှာ ခပ်နိမ့်နိမ့် ရှိသည်ဖြစ်ရာ ဆရာမ ချောကလျာနွယ်၏ ထိုင်နေသည့် ကိုယ်ခန္ဓာကောက်ကြောင်းကို မြင်နိုင်၏။
ချောကလျာနွယ်မှာ ဖွံ့သော ကိုယ်ရှိ၏။ ခန္ဓာကိုယ်အချိုးအစား လှပသူ ဖြစ်သည်။
ဆရာမချောကလျာနွယ်၏ ရှေ့တွင် ခေတ်ဆန်ဆန် အမျိုးသမီးငယ် တဦး ထိုင်နေ၏။ ချောကလျာနွယ်က ထိုမိန်းကလေးအား တရင်းတနှီးဖြင့် မေးလိုက်သည်။
" ဘယ်လိုလဲ ညီမ၊ ဆရာမ ပြောတဲ့အတိုင်း လုပ်ရဲ့လား "
မိန်းကလေးမှာ တက်ကြွစွာဖြင့် ...
" ဟုတ်ကဲ့ တသွေမတိမ်း လုပ်ပါတယ် ဆရာမ "
ဆရာမ ချောကလျာနွယ်က သူ့ရှေ့က မိန်းမငယ်ကို ကြည့်၍ မေးလိုက်သည်။
" အင်း ... ဒါဆိုရင် အခု ဘာထူးခြားပြီလဲ ၊ တခုခုတော့ ထူးရမယ်လေ ... "
မိန်းကလေးက မယားငယ်လေသံဖြင့် ...
" အို ထူးခြားတာပေါ့ ဆရာမရယ်။ ဘာပြောကောင်းမလဲ ။ အရင်က ကျွန်မဆီလာရင် ညမအိပ်တဲ့ လူကြီး။
အခုဆို မနက်မိုးလင်းတာတောင် မပြန်ပါဘူးလုပ်နေလို့ မနည်းနှင်လွှတ်နေရတယ်လေ ခစ်ခစ် "
" ဟင်းဟင်း ဒါက ဆရာမအတွက်တော့ အကင်းလေး ရှိသေးတာ ညီမရဲ့။ ကဲပါလေ ငါ့ညီမလေးဘက်က အဆင်ပြေတယ်ဆိုတာ ကြားရတော့ ဆရာမ ဝမ်းသာပါတယ်၊ တခြား ဘာများ ဆောင်ရွက်ပေးရအုံးမလဲ "
" ဆရာမရယ် ... ဖြစ်နိုင်မယ်ဆိုရင် ကိုကြီးကို ကျွန်မ အပိုင်ရချင်တယ်။ ယိမ်းမယ့် ယိမ်း တပင်လုံး သမီးဘက်ကိုသာ ပုံယိမ်းလိုက်စေချင်တော့တယ် ။ ဟိုဘက်လိုလို ဒီဘက်လိုလို မကွဲမပြား မလုပ်စေချင်ဘူး ။ သူ့မယားကြီးကို ကွာပြီး ၊ သမီးကိုပဲ ပေါင်းစေချင်တယ်။ အဲ့ဒါ ဆရာမ လုပ်ပေးနိုင်မလားဟင် ... "
ချောကလျာနွယ်က ကောင်မလေးကိုကြည့်၍ သူမကိုယ်ကို သိမ့်သိမ့်ခါအောင် ရယ်မောလိုက်သည်။
" ဟင်းဟင်းဟင်း ... ဒါက ဘာများ ခက်တာမှတ်လို့ ညီမရယ် ၊ အဲ့ဒီလိုကိစ္စမျိုးက ဆရာမအတွက် ထမင်းစားရေသောက်သလို လွယ်ကူပါတယ်။ တခုပဲ ... ညီမ "
ချောကလျာနွယ်က ကောင်မလေးကို ခပ်စိုက်စိုက်ကြည့်လိုက်ပြီး လက်ညှိုးနဲ့ လက်မကို ဝိုင်းပြ၏။
" ထိုက်သင့်သလောက်တော့ ကုန်လိမ့်မယ် ။ နှမြောတတ်ရင်တော့ ဆရာမကို မခိုင်းနဲ့လို့ ကြိုအသိပေးချင်တယ် ... ဟင်းဟင်း "
ကောင်မလေးက ပေါင်ပေါ်တင်ထားသော သူမ၏ လက်ကိုင်အိတ်ကို စားပွဲပေါ် တင်လိုက်ပြီး ...
" အို ဆရာမကလဲ ။ ဆရာမကို ယုံကြည်ပြီးသားပါ ။ ပိုက်ဆံအတွက် လိုသလောက်ပြောပါ ဆရာမ။ခစ်ခစ် ... သမီး ရှာထားတဲ့ငွေမှ မဟုတ်တာ ။ ကိုကြီး ပေးထားတဲ့ ငွေပဲဟာ ။ ကုန်ချင်သလောက် ကုန်ပါစေ "
" အိုခေလေ ... ဒါဆိုရင် လာမယ့် လဆုတ်ရက်ကျရင် ဆရာမဆီကို ညီမလေးလူရဲ့ အင်္ကျီ သို့မဟုတ် အသုံးအဆောင်တခု ယူခဲ့ပါ။
ဆရာမ စီမံပေးလိုက်ပါ့မယ်။ အော် ဒါနဲ့ တခုတော့ သတိပေးလိုက်အုံးမယ်။ ဆရာမရဲ့ အစီအမံကြောင့် ဟိုဘက်က ငါ့ညီမကို တမ်းတမ်းစွဲ ဖြစ်နေရင်တော့ ဖြေဆေးမရှိဘူးနော် ခစ်ခစ်ခစ် "
" အံမယ်လေး ဘာများလဲလို့ ဆရာမရယ် ။ သမီးဖြင့် ရင်တောင် ထိတ်သွားတယ်။ ကိုကြီး တမ်းတမ်းစွဲသွားလို့ကတော့ ဖြေဆေးမလိုပါဘူးနော် ခစ်ခစ်ခစ် ..."
ထို့နောက် ချောကလျာနွယ်နှင့် မယားငယ်မသည် အချင်းချင်း တီးတိုးစကားပြောကာ ၊ မယားငယ်မက ခေါင်းကို ငြိမ့်ပြရင်း ဘဏ်ထုတ် ငွေစက္ကူအုပ် ၃အုပ်ကို ရိုသေစွာ ပေး၍ သူမ၏ အသားစိုင်များကို လှုပ်ခတ်အောင် လမ်းလျှောက်ကာ ပြန်သွားလေ၏။
ဆရာမချောကလျာနွယ်သည် ဧည့်သည်နောက်တဦးကို ခေါ်ပြန်၏။ ရှေးနည်းတူစွာပင် ဆရာမ ချောကလျာနွယ်အား အကူအညီတောင်းခံကြသည်။
သူမတို့၏ အခက်အခဲကို ဖွင့်ပြော၏။ ဆရာမ ချောကလျာနွယ်က ဖြေရှင်းပေးနိုင်ဟု ဆိုကာ ပြသနာ၏ အတိမ်အနက်အလိုက် ငွေကြေးကို တောင်းခံ၏။
အပေးအယူတည့်သည့်အခါ ဆရာမ ချောကလျာနွယ်၏ လက်ထဲ ငွေများ ထပ်ရောက်လာပြန်၏ ။
တခု ထူးခြားသည်မှာ၊ ဆရာမ ချောကလျာနွယ်သည် သူမလက်ထဲ ပိုက်ဆံ ရောက်လာတိုင်း ၊ ဟောခန်း၏အနောက်ထဲ ဝင်သွားခြင်း ဖြစ်သည်။
ဟောခန်း၏ အနောက်တွင် ကတ္တီပါ အနက်ခင်းပေါ် လူ့ဦးခေါင်းခွံ တခုနှင့် ဘယ်လက်ဖျံရိုးတချောင်းကို ကျနစွာ တင်ထားသည်။
ဦးခေါင်းခွံပေါ်တွင် ဖယောင်းတိုင် ခပ်တုတ်တုတ် တချောင်းကို ထွန်းထား၏။ ကြည့်ရသည်မှာ ဖယောင်းတိုင်အား မပြတ်ထွန်းထားသည် နေလိမ့်မည်။ဦးခေါင်းခွံပေါ်၌ ဖယောင်းအရည်များ အေးခဲလျက်စွဲကပ်နေကြသည်။
ချောကလျာနွယ်သည် ဉာဏ်ပူဇော်ခ ငွေ တခါရတိုင်း၊ ရေခဲသေတ္တာကို ဖွင့်၍ အမဲသားအစိမ်း အတုံးကြီးကြီးတတုံးကို ထိုဦးခေါင်းခွံတင်ထားသည့် ကလပ်ခုံ၏ အခြေက ပလပ်စတစ်ခြင်းထဲ ပစ်ထည့်လေ့ရှိသည်။
သေချာပြီလေ။ ချောကလျာနွယ်သည် သရဲမွေး၍ အောက်လမ်းနည်းများကို အသုံးချနေခြင်းသာ ဖြစ်လိမ့်မည်။
သူမ၏ဟောခန်းရှိ စားပွဲပေါ်က သစ်သားသုံးမြှောင့်တုံးပေါ် ရေးထားသလို အကြားအမြင် ရသည်ဆိုခြင်းမှာ လိမ်ညာထားခြင်းသာ ဖြစ်မည်။
မပြုသင့် မပြုအပ်သော အောက်လမ်း နည်းနာတို့ကို အသုံးပြု၍ သူတပါး၏ အိမ်ထောင်ကို ဖျက်ဆီးခြင်း ဖြစ်သည်။
သူမ လုပ်နေသည်က လွန်စွာ ကြောက်ရွံစက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်ပေ။
ဘုရားမကြိုက် နတ်မကြိုက်သော အလုပ်ဖြစ်၏။
သို့သော် ချောကလျာနွယ်ကတော့ အလွယ်လမ်းကို လိုက်နေ၏။ ငွေရလွယ်သော အောက်လမ်းနည်းနာတို့ကို အသုံးချနေ၏။
ချောကလျာနွယ်သည် သူမ၏ ရုပ်ကလေးနဲ့ မလိုက်ဖက်စွာ အောက်လမ်းပညာကို သုံး၍ တဘဝစာ ကောင်းစားရေး လမ်းမှားကို လိုက်နေခြင်း ဖြစ်သည်။ အရှည်ဖြစ်သော သံသရာကို မကြောက်သူ ဖြစ်၏။
အံဩစရာ။ ချောကလျာနွယ် ပလပ်စတစ်ခြင်းကြားထဲ ပစ်ထည့်လိုက်သည့် အမဲသားတစ်သည် ပလပ် ပလပ်ဟူသော အငမ်းမရ စားသည့်အသံနှင့်အတူ ပျောက်ခြင်းမလှ ပျောက်သွားလေ၏။
မည်သူ စားသုံးသည်ဆိုတာကို အကောင်အထည် မမြင်ရဘဲ၊ အမဲသားတစ်မှာ တမျှင်တစက်မှ မကျန်ဘဲ ကုန်သွား၏။
ချောကလျာကတော့ ယင်းအဖြစ်အပျက်ကို ကြည့်၍ မထီတရီ အပြုံးကိုပင် ပြုံးနေလိုက်သေးတော့သည်။
ချောကလျာနွယ်၏ ပါးစပ်မှ အသံထွက်ရုံမျှကလေး ထွက်လာလေ၏။
" ငါ့အကျိုးစီးပွားကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးနေသ၍ကတော့ နင် အစာရေစာ ဝဝလင်လင် စားရမယ်မှတ်ပါ ။
အေး ... ငါ့ကို သစ္စာဖေါက်လို့ကတော့ သရဲသော ဘာသော နားမလည်ဘူးနော်။ နင့်ကျောကို ငါဖေါက်စားပစ်လိုက်မယ် ... "
ချောကလျာ၏ စကားဆုံးသွားသည့်အခါ လူမမာညည်းသံကဲ့သို့ မသတီစရာကောင်းသော ညည်းညူသံတခုသည် ကလပ်ခုံ အောက်ကနေ ထွက်ပေါ်လာ၏။
" အင်း ဟီးဟီး ..."
ထိုအသံသည် အောက်လမ်းဆရာမလေး ချောကလျာနွယ်၏ စကားကို နာခံဟန်တူသော အစိမ်းသရဲတကောင်၏ အသံသာ ဖြစ်ချေလိမ့်မည်။
_________
အခန်း၅။
မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့ နေခြည်မ ရင်ထဲ ဒေါသတွေ အလိပ်လိုက်တက်လာ၏။
နေခြည်မ ... သူ့မှာ ရှိသမျှ မာယာပရိယာယ်တို့ကို ထုတ်သုံးပေမယ့် လက်သမားဆရာ ကိုခင်စိုးက ဒီဘဝ ဒီမျှသာဟု ဆိုကာ လမ်းခွဲစကားဆိုလာ၏။
ကိုခင်စိုးရဲ့မျက်နှာပေါ်မှာ နောင်တရဟန် အထင်သားပေါ်လွင်နေသည်။ မယားကြီးဖြစ်တဲ့ မတင့်က ဘယ်လိုတွေ စည်းရုံးလိုက်သည်မသိ။
တခုတော့ ရှိ၏။ ကိုခင်စိုး နောက်မွေးထားတာက သမီးမိန်းကလေးမဟုတ်လား။ ပြီးတော့ ၃နှစ်အရွယ် တီတီတာတာ စကားပြောတတ်ခါစဆိုတော့ ကိုခင်စိုး အသိစိတ်ဝင်သွားလေသလား မပြောတတ်ချေ။
" ဖြစ်ခဲ့သမျှ ငါ့အမှားတွေပါ နေခြည် ။ အဲ့ဒီအတွက် ငါတောင်းပန်ပါတယ်။ ငါ့မှာက လူမယ်ကလေးနှစ်ယောက်မျက်နှာကို ကြည့်ရအုံးမယ်မဟုတ်လား။ ငါ့ကို နားလည်ပေးပါ နေခြည် "
နေခြည်မ ပြုံးလိုက်သည်။ တကယ်ဆိုရင် ဟက်ဟက်ပက်ပက်ကြီးကို ရယ်မောချလိုက်ချင်၏။ ဒါပေမဲ့ နေခြည်မ မရယ်ပါဘူး။ သူ သိလိုက်ပြီလေ။ ကိုခင်စိုးကို နဖါးကြိုးထိုးလို့ မရနိုင်ဘူးဆိုတာကိုပေါ့။
ကိုခင်စိုးက အစကတည်းက သူ့ကို ချစ်လို့ မြတ်နိုးလို့ ချည်းကပ်ခဲ့တာမှ မဟုတ်တာ။ သူမအလှတွေကို ယစ်မူးပြီး ခဏတာ သာယာဖို့ အသုံးချခဲ့တာလေ။ နောက်ပြီး ကိုခင်စိုးက လူလည်။ ဇယားရှုပ်လာမယ့်ကိစ္စကို ရပ်တန်းက ရပ်ပစ်ဖို့ သွေးမနည်းတဲ့သူ။ဒီတော့ နေခြည်မ အားနာ မနေတော့ဘူး။ ကိုခင်စိုးကို အပြတ်ပြောလိုက်လေ၏။
" ကိုကြီးစိုးက ဒီကိစ္စကို ပါးစပ်ကလေးနဲ့ တောင်းပန်ရုံနဲ့ ပြီးသွားမယ် ထင်နေတာလား "
ကိုခင်စိုး ထိတ်ခနဲ ဖြစ်သွားသည်။ သူ နေခြည်မကို လှမ်းကြည့်တော့ နေခြည်မက ခပ်တည်တည်နဲ့ ...
" ဒီမှာ ကိုကြီးစိုး ... ကျွန်မက ကိုကြီးစိုးအတွက် အပျော်မယား မဟုတ်ဖူးနော်။
ကိုကြီးစိုး ကျမကို ဟိုတယ်ခေါ်သွားတုန်းက ဘာပြောခဲ့လဲ။ ဟင်းဟင်း ဘာတဲ့ 'နေခြည်ကို ကိုယ်လက်ထပ်ယူမှာပါ ' ဆို။
မိန်းမတယောက်ကို အယုံသွင်းပြီးမှ ကာမကို လိမ်လည်ယူခဲ့တဲ့ ကိုကြီးစိုးကို ကျွန်မ က ဒီအတိုင်း ငြိမ်ခံနေမယ်ထင်လား ...။
ကျွန်မကို အရမ်းကို အထင်သေးနေတာလား ကိုကြီးစိုး ။ ဒါတွေ ကြိုသိလို့ဟိုတယ်က ဧည့်စာရင်းမှတ်တမ်းကို တောင်းပြီး၊ ကျွန်မ မိတ္တူကူးထားတယ်။ ဒီလောက်ဆို ကိုကြီးစိုး သဘောပေါက်မှာပါ "
" ဟင် မင်း မင်း ယုတ်မာလှချည်လား နေခြည် "
" အံမယ်လေး ငါးဖယ်က ပြောင်းပြန်ရှင်ရယ် ။ ကျွန်မက မိန်းမသားပါရှင့် ။ ယုတ်မာတာက ဘယ်သူလဲဆိုတာ ရှင် ကြိုက်တဲ့သူ ခေါ်မေးကြည့်။
ဟင်းဟင်း ရှင် နေခြည်မကို လျော့တွက်ခဲ့တာကိုး "
ကိုခင်စိုး လက်မှိုင်ချသွားလေ၏။ သူ တရားတဘောင်တွေဖြစ်ရင် အရှက်လုံးလုံးကွဲရမှာလေ။ ဒီတော့ နေခြည်မကို ပြန်လည် အချိုသပ်ရ၏။
" ငါ တောင်းပန်ပါတယ် နေခြည်ရယ်။ နင် စိတ်ထင်ရာတွေ ရှောက်မလုပ်ပါနဲ့။
နင့်ကို ငါဘယ်လောက်ပေးရမလဲ ပြော။ လျော်ကြေးလို့ သဘောမထားပါနဲ့ ။ ငါ တတ်နိုင်တာ လုပ်ပေးပါ့မယ် "
နောက်ဆုံးမှာ နေခြည်မ တောင်းဆိုတဲ့ ပမာဏတခုကို ကိုခင်စိုးက ညှိနှိုင်းပြီး ၊ လျော်ကြေး ပေးလိုက်ရသည်။
လျော်ကြေးပေးပြီး ကိစ္စတွေ ပြေလည်သွားပေမယ့်၊ ကိုခင်စိုးက ယောက်ကျား မပီသဘူး။ နေခြည်မ ကွယ်ရာမှာ မကောင်းသတင်း ဖြန့်၏။
နေခြည်မက ငွေပေးရင် ရပါတယ်ဆိုသည့် သတင်းက ပျံ့သွားလေ၏။
နေခြည်မ တင်းပြီလေ။ သူ့ကို မတရားသဖြင့် စော်ကားမော်ကား ပြောခဲ့တဲ့ ကိုခင်စိုးကို စိတ်နာကြည်းသွားသည်။ ဒီတော့ ကိုခင်စိုး ပေးခဲ့တဲ့ လျော်ကြေးပိုက်ဆံနဲ့ ကိုခင်စိုးတို့ မိသားစုကို ဒုက္ခရောက်အောင် ကြံတော့တာပေါ့။
နေခြည်မက ဒီလိုမျိုးကိစ္စတွေကို ဆောင်ရွက်ပေးတယ်လို့ နာမည်ကြီးနေတဲ့ အကြားအမြင်ဆရာမလေး ချောကလျာနွယ်နဲ့ ချိတ်မိသွားသည်။
နေခြည်မ သူ့ရဲ့ အရှက်နဲ့သိက္ခာအပေါ် စော်ကားမော်ကား လုပ်ခဲ့တဲ့ ကိုခင်စိုးနဲ့ မတင့်တို့ လင်မယားကို ဒုက္ခပေးဖို့ ချောကလျာနွယ်ကို တိုင်ပင်၏။
ချောကလျာနွယ်အတွက်က သူ့ဉာဏ်ပူဇော်ခ ရမယ်ဆိုရင် ဝန်လေးနေတတ်သူမဟုတ်ဘူး။ သူ လိုချင်တဲ့ ငွေပမာဏကို တောင်းသည်။
ကိုခင်စိုးတို့လင်မယား ဒုက္ခကြီးကြီး ရောက်မယ်ဆိုမှာတော့ နေခြည်မက တောင်းသည့်ငွေ ပေးဖို့ လက်နှေးနေပါ့မလား။ ချက်ချင်း ချပေးလိုက်၏။
ချောကလျာနွယ်က လက်ထဲ ငွေရောက်သည်နှင့် ...
" စောင့်ကြည့်လိုက် ညီမလေး၊ တလအတွင်း ထင်ထင်ရှားရှား ဖြစ်စေရမယ် "
သရဲမွေးထားသော အောက်လမ်းဆရာမလေး ချောကလျာနွယ်ရဲ့ အစွမ်းက မသေးပါ။ တကယ်ကို တလအတွင်းမှာ ကိုခင်စိုးတို့လင်မယား အကြီးအကျယ် ဒုက္ခရောက်ကြတော့လေ၏။
ရှေးက လူကြီးတွေက ပြောကြပါတယ် ... အကုသိုလ်ဆိုတာ တယောက်တည်းလာတာမဟုတ်ဘူးတဲ့ ၊ အဖေါ်အပေါင်းနဲ့ လာတတ်တယ်ဆိုတာလေ ...။
အဲ့သလိုပါပဲ။ ကိုခင်စိုးတို့မိသားစုလေးဆီကို အကုသိုလ်ဆိုတဲ့ ကံဆိုးမိုးမှောင်ခြင်းက ပိန်းပိန်းမှောင်အောင် ဝင်လာကြတော့လေ၏။
__________
အခန်း၆။
ကိုခင်စိုး ခေါင်းမီးတောက်လေပြီ။ ကံထရိုက်က ချပေးသော သစ်ဖိုးငွေကို သူ့အတွက်ကျန်အောင် မတ္တရာဘက် မှာလိုက်လေမှ၊ လမ်းမှာ သစ်တောနဲ့ရဲ ပူးပေါင်းအဖွဲ့က ဖမ်းတာ ခံလိုက်ရလေ၏။
ကံထရိုက်က မြို့ထဲသစ်စက်တွေမှ ဝယ်ယူရန် ကြိုငွေ ပေးခြင်း ဖြစ်သည်။ ဒါကို ကိုခင်စိုးက လူလည်ကျပြီး၊ မန္တလေးက သစ်စက်များကို လာပို့သည့် မတ္တရာမှ သစ်ကုန်သည်ဆီ သစ်များကို လျော့ဈေးဖြင့် တိုက်ရိုက်မှာလိုက်ခြင်းပင်။ အခု ထိုသစ်ကုန်သည်က အဖမ်းခံရပြီဆိုတော့ ကိုခင်စိုး ငွေတွေ ဆုံးပြီဖြစ်၏။
ကိုခင်စိုး အလုပ်ပင်မသွားနိုင်။ အိမ်ရှေ့က မြေကွက်လပ်လေးရှိ ထန်းပက်လက်ကုလားထိုင်လေးပေါ် ထိုင်ရင်း ဆေးလိပ်များ တလိပ်ပြီး တလိပ်ဖွာနေလေ၏။
မတင့်က မနေနိုင်၍ မေးသည့်အခါ ကိုခင်စိုးက ဖြစ်ကြောင်းကုန်စင် ပြောရလေ၏။
" ခါတိုင်းလဲ ဒီလိုပဲ ဝယ်နေကျ မတင့်ရာ ၊ အခုတခေါက်ကျမှ ငါ ကံဆိုးသွားတာ ။ ခက်တာက ဒီတခေါက် မှာတဲ့သစ်ဖိုးက အတော်များတယ်ကွ ... ။ဟူး ကိုမောင်မောင့်ကို ငါ ဘယ်လို ရှင်းပြရမလဲ မသိဘူး "
ကိုမောင်မောင်ဆိုတာက သူ့ကံထရိုက်ဖြစ်သည်။ ခင်သာခင်တာ ကိုမောင်မောင့်အကြောင်း ကိုခင်စိုးက အသိဆုံး။
ကိုမောင်မောင်က တခြားနေရာမှာ လက်ဖွာပေမယ့် ၊ လုပ်ငန်းကိစ္စကျ အလွန်တိကျလေ၏။ တကျပ်တပြားပင် အပွန်းအပဲ့ မခံသူဖြစ်သည်။
ပြီးတော့ ဒီလို မန္တလေးမှာ မဝယ်ဘဲ နယ်မှ သစ်မှာတာ ကိုမောင်မောင်က မသိ။ သိရင်လည်း ခွင့်ပြုမည်မဟုတ်။ အခုလို အဖမ်းအဆီးတွေ များသောကြောင့် ဖြစ်သည်။
" သစ်ဖိုးက ဘယ်လောက်တောင်များလို့လဲ ကိုစိုး "
ကိုခင်စိုးက ဖွာလက်စ ဆေးပေါ့လိပ်ကို ထိုးခြေရင်း
" များတယ် မတင့်။ ဒီတခါ ရှစ်သောင်း တသိန်းဖိုးလောက် ရှိတယ် ။ အဖမ်းမခံရဘဲ ချောချောမောမော ရောက်လာရင် ငါ့အတွက် လေးငါးသောင်း အေးအေးကျန်မှာဆိုပြီး ငါက လုပ်လိုက်မိတာ ... အခုတော့ကွာ "
၁၉၉၂ ခုနှစ်ဆီက ငွေတသိန်းက ကိုခင်စိုးလို လက်သမားဆရာအတွက် များသည်ဟု ဆိုနိုင်၏။ ယခု ကိုခင်စိုး နေသည့် ပေ ၂၀ ×ပေ၅၀ မြေကွက်နှင့် ပျဥ်ထောင်သွပ်မိုးအိမ်ပင် တသိန်းရှစ်သောင်းခန့်သာ တန်ကြေးရှိ၏။ ဒါတောင် မန္တလေးမြို့ပေါ် ရပ်ကွက်က မြေကွက်မှနော်။ မြို့လယ်တော့မဟုတ်ဘူးပေါ့။
မတင့် သက်ပြင်းချသည်။ လင်ယောက်ကျား အပူက သူ့အပူပဲ မဟုတ်လား။
" ကဲပါ စိတ်ညစ်မနေပါနဲ့။ ကျွန်မ လက်ဝတ်လက်စားတွေ ရောင်းပြီး ၊ ပြန်ဆပ်ကြတာပေါ့ "
မတင့်က သူ၏ လက်ကောက်နှင့်ဆွဲကြိုးကို ရောင်းပေးမည်။ ထိုကရသည့်ငွေနှင့် မြို့ထဲ သစ်စက်က သစ်များ ထပ်ဝယ်ရန် ပြောလိုက်သည်။ ဒါပေမဲ့ မတင့် ရှိတဲ့ လက်ဝတ်လက်စားတွေ အကုန်ရောင်းတာတောင် ငွေ၆သောင်းကျော်သာရ၏။
နောက်ဆုံး ကံထရိုက် ကိုမောင်မောင်ကို ဖွင့်ပြောရလေ၏။ ငွေ၃သောင်းခန့် အကြွေးတင်သွားသည်။ ပြီးတော့ ကံထရိုက်၏ ယုံကြည်ခြင်းကို ရိုက်ချိုးလိုက်သလို ဖြစ်သွား၏။ ကံထရိုက်တယောက်အတွက် ငွေ၃သောင်းက ဘာမှ မပြောပလောက်ပေမယ့် ၊ ကိုခင်စိုးအပေါ် အရင်ကလို ဆက်ဆံမှုမျိုး မရှိတော့ချေ။ ခပ်ရှောင်ရှောင် ဖြစ်လာ၏။
ကိုခင်စိုး နေရာမှာ အခြားသော လက်သမားဆရာကို ခေါ်သုံးလာ၏။ တစစနဲ့ ကိုခင်စိုးမှာ ငွေသုံးသောင်း ကြေအောင် အလုပ်ဖြင့် ဆပ်ခဲ့ပြီး ၊ ငွေ ကြေသည့်အခါ ကံထရိုက်သူဌေး၏ ပစ်ပယ်ခြင်းကို ခံရတော့သည်။
ဒီကြားထဲ မတင့် ခွေးကိုက်ခံရသည်။ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးရပြန်၏။ အကုသိုလ်က ဆက်တိုက်ဝင်သည်။ အငယ်မလေး အပြင်းဖျား၍ ဆေးရုံတက်ရပြန်သည်။
၁၉၉၄ခုနှစ် မန္တလေးစည်ပင်သာယာကော်မတီက မြို့တွင်း လမ်းများ တိုးချဲ့သည်။ ကံဆိုးချင်တော့ ကိုခင်စိုးတို့ ယခု နေသည့် မြေကွက်က ဆယ်ပေခန့် လမ်းမြေပေါ် ကျုးနေသည်ဟု သတိပေးစာ အပို့ခံရပြန်၏။
လမ်းမြေနဲ့ မလွတ်တာတွေကို စည်ပင်က ဘူဒိုဇာနဲ့ ထိုးသည့်အခါ အိမ်ရှေ့ မြေကွက်လပ်လေး ပါသွား၏။ ကိုခင်စိုးရဲ့ လက်သမားအလုပ်ကလည်း မဖြစ်။ ဒါနဲ့ ကျန်တဲ့ အိမ်နဲ့မြေကို ဈေးပေါပေါနဲ့ ရောင်း၍ ဘုရားကြီး အောက်ကျင်း၏ အနောက်ဘက်က ရပ်ကွက်ငယ်တခုသို့ ပြောင်းရွေ့ခဲ့ရသည်။
ကိုခင်စိုးတယောက် အလုပ်ကို ပြန်ကြိုးစားသေးသည်။ သို့သော် ဘယ်အရာက သူ့ကို ကံဆိုးမိုးမှောင် ကျစေသလဲ မသိနိုင်။ ကိုခင်စိုး ဘာလုပ်လုပ် မအောင်မြင်။ အဆုံးအရှုံး များလေ၏။ ငွေကလည်း ဟိုကထွက် ဒီကထွက်နဲ့ အထွက်ကြည့်သာ။ ဒီလိုနဲ့ တနှစ်မပြည့်တပြည့်မှာ မြေရောင်းလို့ ပိုတဲ့ငွေလည်း လက်ထဲ တပြားမှ မကျန်တော့ချေ။
အဲ့ဒီမှာ လောကဓံကို မခံနိုင်တဲ့ မတင့်က အစားပျက် အအိပ်ပျက်နဲ့ သွေးလေချောက်ချားသည့် ရောဂါ ဝင်တော့သည်။ ပထမ ယောက်ကျားက နောက်မိန်းမနဲ့ ဖောက်ပြန်တော့ မတင့် အသဲအူပြတ်မတတ် ခံစားရသည်။ နောက်တခါ သမီးအငယ်လေးက သေလုမြောပါး ဒေနာဖြစ်တော့လည်း မတင့်ပဲ အရူးမီးဝိုင်းသလို ခံစားရပြန်၏။ အခု နောက်ဆုံးတခါ ... မိမိတို့ အိမ်ထောင်ဦးက ပိုင်ဆိုင်ထားသော အိမ်နဲ့မြေ ကျူးဖြစ်ခါ၊ မတန်ရေတန်ရေနဲ့ ဈေးချရောင်းဆိုတော့ မတင့်ခမျာ လောကဓံရဲ့ ရက်စက်စွာ ထုထောင်းမှုကို မခံစားနိုင်တော့လေသလား။
မတင့် ရူးသွပ်သွား၏။
မတင့် တယောက်တည်း စကားတွေ ပြောချင်လည်း ပြောနေတတ်သည်။ တခါတလေ ရက်တပါတ်ခန့် ရေမချိုး။ လူနှင့်စိတ် မကပ်သည့်သဘောပင်။ ရယ်သည်ပြုံးသည်မတွေ့ရ။ စကားတွေ မပြောသည့်အခါ အမြဲတစေ ငေးမှိုင်နေတတ်သည်။
မတင့်က အဲ့သလိုဖြစ်တော့ ကိုခင်စိုးက အရက်တွေ ပိုသောက်၏။ ခါတိုင်း ညနေဘက် သောက်ရာမှ မနက်ဘက်တွေပါ သောက်လာ၏။ အရင်က သူက အရက်ကို သောက်၏။ အခု အရက်က သူ့ကို သောက်တော့မည်။ ကိုခင်စိုး အရက်ကို မသောက်ရ မနေနိုင် ဖြစ်သွားသည်။
ကိုခင်စိုးသည် နေ့နေ့ညည အရက်သောက်ဖို့ တခုတည်းသာ စိတ်ပါတော့၏။
တပည့်ဟောင်းအချို့က ကလေးတွေကို သနား၍ ကိုခင်စိုးအား အလုပ်လာခေါ်ကြပါ၏။ ဒါပေမဲ့ ကိုခင်စိုးက အရက် စွဲနေပြီလေ။ အရက်ဖိုး ရရုံသာ လုပ်နိုင်တော့သည်။လူကလည်း အမောမခံနိုင်တော့ချေ။ကြာတော့ တပည့်တွေကပါ ဒီကြားထဲ အရက်မသောက်ရသေးရင် တလွဲတချော်တွေ ဖြစ်တတ်သည်။သူ တလွဲတချော် လုပ်တာက တခြားသူတွေကိုပါ အနှောက်အယှက်ဖြစ်စေသည်။ထို့ကြောင့် သူ့ကို ဘယ်သူ့ကမှ အလုပ် မခေါ်ချင်ကြတော့ဘူး။
ဟိုအရင်က ရွှေရောင် ရေဘင် နေကာမျက်မှန်တဝင်းဝင်း၊ လည်သာပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်လို့ တပည့်များ ခြံရံကာ မော်ကြွားခဲ့သော ကိုခင်စိုးသည် ယခုအခါ ကြက်ပေါင်ဖိနပ် အမြီးတိုနှင့် ပုလင်းကို ခါးကြားထိုး၍ အရက်ဆိုင်သို့ ဒရွတ်သွားနေရသော အရက်သူတောင်းစားဘဝသို့ ရောက်သွားလေ၏။
အိမ်ပြောင်းပြီးတဲ့ နောက်ပိုင်း မတင့်၏ ရောဂါက ပိုဆိုးလာ၏။ လင်ယောက်ကျားနှင့် သားသမီးကိုပင် မမှတ်မိတော့ချေ။ လုံးလုံးကြီး ရူးသွပ်သွားသည်ဟု ဆိုရမည်။ တခါတလေ အိမ်ကနေ ထွက်သွားတတ်သည်။ ဒါပေမဲ့ တရက်နှစ်ရက်ခန့်အကြာ သူ့ဖာသာသူ ပြန်လာတတ်၏။
မတင့် မိဘများကလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်သွားကြတော့ ရူးနေတဲ့အစ်မကို မောင်ညီမများက ရှက်၍ လာမတွေ့ကြပေ။
တကယ်ဆို မိဘနှစ်ပါး ကွယ်လွန်သွားတော့ ၊ မတင့်ကို သူတို့ အမွေခွဲပေးရမည်ကို စိုးရွံနေကြခြင်း ဖြစ်မည်။ အခု မတင့်က ရူးနေပြီဆိုတော့ သူတို့ အမွေခွဲပေးရန် မလိုဟု ယူဆကြဟန်တူသည်။ ကလေးများကို ကူညီစောင့်ရှောက်ရန် လုံးဝ မတွေးကြပေ။
မတင့် အဖေက သစ်တောအုပ်ကြီး။ အဲ့ဒီတော့ ဝင်ငွေ ကောင်း၏။ ယခု မတင့်မိဘများ ခေါင်းချသွားသည့် ရွှေလောင်းအရပ်က ခြံနှင့်တိုက်ပင် သိန်းရာကျော်တန်၏။(1994)
မတင့်အမေက စုတတ်ဆောင်းတတ်သူ။ ရသမျှ လခကို ရွှေဝယ်စုသူဖြစ်၏။ အဲ့ဒီတော့ အတွင်းပစ္စည်းပင် နည်းမည်မဟုတ်ချေ။
မတင့်မှာက ညီအစ်မ နှစ်ယောက်နှင့် မောင်တယောက် ရှိသည်။ မိဘအမွေ အညီအမျှ ခွဲကြမယ်ဆိုရင်တောင် မတင့်အတွက် သိန်း၃၀ထက် မနည်း ရသင့်၏။
အခု မတင့်က စိတ်ဝေဒနာ ခံစားနေရသည်ဆိုတော့ ကျန် မောင်နှမ၃ယောက်က မတင့်ကို ဥပက္ခာပြုထားကြသည်။
မိဘနှစ်ပါးက အဲ့သလိုတွေ ဖြစ်ကုန်တော့ အသက်၁၀နှစ်အရွယ် သားဖြစ်သော မောင်ကံထူးမော်က အရွယ်နဲ့ မလိုက်အောင် ရှာဖွေ ကျွေးမွေးရလေ၏။ ၂တန်းနဲ့ ကျောင်းထွက်ရသည်။ ညီမဖြစ်သူ ဇင်မီမီသိမ့်က ပန်းတွေ သီကုံးပြီး အရပ်ထဲ လည်ရောင်းရသည်။ ဇင်မီမီသိမ့်မှာ အသက်က ၇နှစ်ရောက်ပြီ။ အခုထိ ကျောင်းမနေရသေးပေ။
ဆင်းရဲသား ရပ်ကွက်ကို ပြောင်းလာတာဆိုတော့၊ ဆွေမျိုးများနဲ့လည်း ဝေးနေ၏။ အကြင်နာတရား ခေါင်းပါးကြသော အဒေါ်များနှင့် ဦးလေးမှာလည်း မောင်ကံထူးမော်တို့မောင်နှမက အကူအညီသွားတောင်းရင် မောင်းထုတ်ကြ၏။
ဒါပေမဲ့ မိဘအပေါ် ကျေးဇူးသိတတ်သောသူသည် ဘယ်သောအခါမှ ကြာရှည်မဆင်းရဲ။ နတ်ကောင်းနတ်မြတ်များက ဒီအတိုင်း ကြည့်မနေပါဘူး။
အခု မောင်ကံထူးမော်နဲ့ ကိုရင်နန္ဒိယကို မဟာမုနိ ဘုရားကြီးရဲ့ အရိပ်အောက်မှာ ဆုံတွေ့ပေးလိုက်ကြပြီ ဖြစ်မည်။
ကိုရင်နန္ဒိယသည် မောင်အံထူးမော်အား ကူညီပေးမည်မှာ အသေအချာပင်။ ရှေးကဆိုခဲ့သလို ကိုရင်နန္ဒိယဆိုတာက သာမန်ညောင်ည မဟုတ်ဘူး။ သီလကောင်းသည်။ စရဏအားကောင်းသည်။ ဦးသူတော်ထံကလည်း လောကီပညာကိုလည်း ရထားသည်။ အဲ့ဒီတော့ ကိုရင်နန္ဒိယက မောင်ကံထူးမော်တို့မိသားစုရဲ့ အမြစ်တွယ်နေတဲ့ ကံကြမ္မာဆိုးကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နိုင်၏။
___________
အခန်း၇။
အိမ်ကလေးမှာ အိမ်ဟု ခေါ်ဆိုရန် ခက်၏။ သက်ကယ်မိုး ထရံကာ မြေစိုက်တဲလေး ဖြစ်သည်။ အမိုးသက်ကယ်ပျစ်တွေကလည်း ဖရိုဖရဲနဲ့ မိုးမလုံတော့ချေ။
တဲ အိမ်လေးထဲတွင် မိသားစုလေးယောက် ဆင့်ဝါးထိုး၍ ကပ်ကြမ်းခင်း အိပ်ကြရသည်ကို ကိုရင်နန္ဒိယ မြင်တွေ့လိုက်ရသည်။
တဲအိမ်လေး၏ အနောက်ဘက်တွင် ရေဝင်အင်းရှိ၏။ တဲမှာ စည်ပင်သာယာနယ်နမိတ်အတွင်း ကျုးကျော် ဆောက်လုပ်ထားခြင်း ဖြစ်လေ၏။ သူ့လို တဲအိမ်လေးတွေ ဆယ့်လေးငါးလုံး အင်းစောင်းမှာ တန်းစီ၍ ပြွတ်စီခတ်နေကြသည်။
ကိုရင်နန္ဒိယ မသက်မသာနှင့် သက်ပြင်းမောကို ချမိသည်။ ဘူးခွံ၊ပုလင်းခွံ၊ဂျပ်စက္ကူများ ပုံထားသော နေရာ၌ နွမ်းနွမ်းဖတ်ဖတ်နှင့် အမျိုးသမီးတဦး ငုတ်တုတ်ထိုင်နေသည်။ ပါးစပ်ကလည်း ဘာတွေ ပြောနေသည်မသိ။ လက်ညှိုးကို တောင်ဘက်ထိုးလိုက် မြောက်ဘက်ထိုးလိုက်နှင့် တောင်စဥ်ရေမရ ပြောချင်တာတွေ ပြောနေ၏။
သူပေးလူပေး ဝှီးချဲအစုပ်ကလေးပေါ်မှာတော့ မောင်ကံထူးမော်၏ ဖခင် ကိုခင်စိုး ထိုင်နေသည်။ ဇက်မှာ ညာဘက်သို့ စောင်းလျက်။ ကိုခင်စိုး မျက်လုံးများမှာ အရောင်မှေးမှိန်လွန်းလှသည်။
ကိုရင်သည် ပါလာသော သဲမှုန်တို့ကို အိမ်အနှံ့ ဖျန်းပက်လိုက်သည်။ မောင်ကံထူးမော်တို့ မောင်နှမကတော့ နားမလည်စွာ ကိုရင်နန္ဒိယ လုပ်ဆောင်သမျှကို ကြည့်နေကြသည်။
ကိုရင်နန္ဒိယ ဖျန်းပက်သည်မှာ ပရိတ်သဲဖြစ်၏။ အမှောင်လောကသားကို ပရိတ်သဲဖျန်း၍ ကြည့်ရှု့ရှာဖွေခြင်း ဖြစ်သည်။ သို့သော် ပရိတ်သဲသည် အရာမဝင်။ မည်သည့် ပရောဂမှ ရှာမတွေ့ချေ။
" အင်း အူး အူး အဲ "
" အူး အူး အ အ ... "
ကိုရင်နန္ဒိယက ပရိတ်သဲများ ဖျန်းပက်နေသည့်အခါ ၊ ဝှီးချဲအစုပ်ပေါ်က ကိုခင်စိုးသည် တအင်းအင်း တအားအားနှင့် ဂနှာမငြိမ် ဖြစ်နေ၏။ ဝှီးချဲပေါ်က လိမ့်ကျမတတ် ရုန်းကန်နေသည်။
ကိုရင်နန္ဒိယသည် ကိုခင်စိုးကို စိတ်ဝင်စားသွား၏။ ဒါနဲ့ ပရိတ်ရေကို ရေခွက်ထဲထည့်၍ ကိုခင်စိုး အနီးလျှောက်သွားလိုက်သည်။
ထိုအချိန် မောင်ကံထူးမော်တို့ မောင်နှမကလည်း ဖခင်ဖြစ်သူ ဝှီးချဲပေါ်က လိမ့်ကျမည်စိုးရိမ်၍ ကိုခင်စိုး အနီးသို့ ပြေးလာကြလေ၏။
ကိုခင်စိုးသည် သူ၏သား မောင်ကံထူးမော်၏ လက်ကို အားကိုးတကြီး အတင်းဖမ်းဆုပ်ထားရင်း ဝူဝူဝါးဝါး အော်ဟစ်၏။ ကိုခင်စိုးသည် လေဖြတ်ထားသဖြင့် စကားမပြောနိုင်။ ကိုခင်စိုး ဘာကို ကြောက်လန့်နေသလဲ။
" ရော့ မောင်ကံထူးမော် ၊ ဒါ ပရိတ်ရေသန့်ပါ ။ မင်း အဖေကို တိုက်လိုက် ... "
မောင်ကံထူးမော်က ပရိတ်ရေကို ယူ၍ သူ၏ ဖခင်ကို တိုက်သည်။ အံဩစရာပင်။ ကိုခင်စိုးသည် ဇက်စောင်းနေသော်လည်း ပရိတ်ရေကို မသောက်ဘူးဟု အတင်းငြင်းဆန်နေ၏။
ကိုရင်နန္ဒိယက မောင်ကံထူးမော်ကို လှမ်းပြောလိုက်သည်။
" သူက မသောက်ချင်ဘူးဆိုရင် အတင်းမတိုက်ပါနဲ့ မောင်အကံထူးမော် ။ နေပါစေ မသောက်ချင်တာ မသောက်ပဲနေပါစေ "
ကိုခင်စိုးသည် လေဖြတ်နေသည်ဆိုငြားလည်း ကိုရင်အား မနှစ်သက်မလိုလားဟန်ဖြင့် ကြည့်နေ၏။ ကိုရင်နန္ဒိယသည် ကိုခင်စိုးအကြည့်ကို မသိယောင်ဆောင်၍ ...
" ပရိတ်ရေကို မသောက်တော့၊ ပရိတ်ရေနဲ့ တောက်ပေးရတော့မှာပေါ့ ။ ပေး ပေး အဲ့ဒီ ပရိတ်ရေခွက်ကို ကိုရင့်ပြန်ပေး"
ထိုအခါ ကိုခင်စိုးသည် သူ့သားလက်ထဲက ပရိတ်ရေခွက်ကို ဘယ်လက်ဖြင့် လှမ်းပုတ်ချလိုက်သည်။
ပရိတ်ရေခွက်မှာ မြေပေါ်သို့ မှောက်ကျသွားလေ၏။ ကိုရင့်အား မောင်ကံထူးမော်က အားနာသလိုကြည့်ရင်း ...
" ဟာ... ဖေဖေကလဲ ဘာလို့ အဲ့သလို လုပ်လိုက်တာလဲ "
(ဆက်ရန်)
ပီပီ(မန္တလေး)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory