
" မြသွေးရေ ... မြသွေး "
အိမ်ရှေ့မှခေါ်သံကြောင့် မြသွေးရင်ထဲထိတ်ခနဲဖြစ်သွား
ခဲ့သည်။ အသံပိုင်ရှင်မှာ မဦး မှန်း မြသွေးသိလိုက်၏။
အဘယ်အကြောင်းများနည်းဟူ၍ အိမ်ရှေ့သို့အမြန်ပြေး
ထွက်လိုက်သည့်အခါ မဦး ကို မိခင်ဖြစ်သူက နေရာထိုင်
ခင်းပြင်ပေးနေပြီဖြစ်သည်။
" အမေတို့အဖေတို့ နေကောင်းကြလား "
" အဖေကတော့ သိပ်မကောင်းဘူးအန်တီ ... အမေက
တော့ကျန်းမာပါတယ် ... "
" အဖေကဘာဖြစ်တာလဲ "
" အရက်ပေါ့အန်တီရယ် ... မသောက်ပါနဲ့ပြောလည်းမရ
ဘူး ... သူ့သားစိတ်နဲ့ဆိုတော့လည်း ပြောမနိုင်ပါဘူး "
" အေးကွဲ့ ... အောင်မင်းရှိန်အကြောင်းကြားရတာစိတ်
မကောင်းပါဘူး ... ဘယ်နှနှစ်ကျသွားတာလဲကွယ် "
" နောက်တစ်ပတ်ထဲအမိန့်ချမယ်တဲ့အန်တီ ... အမေနဲ့
ကျွန်မလိုက်သွားရမှာ "
" အင်း ... အိမ်သားတစ်ယောက်ယောက်ဖြစ်ရင် မလွယ်
ဘူးနော် ... အိမ်ရှိလူအကုန်စိတ်ပင်ပန်း ... လူပင်ပန်းကြ
တာကလား ... "
" ဟုတ်တယ် အန်တီရေ ... အမေဆို တငိုငို တရယ်ရယ်နဲ့
... စိတ်ချမ်းသာအောင် စကားလွှဲပြောပေးနေရတယ် "
" မဦးရောက်နေတာလား "
မြသွေးက မဦးဘေးသို့ ဝင်ထိုင်လိုက်သည်။
" မြသွေးဆီ သက်မာ ရောက်လာသေးလားလို့ လာမေး
တာညီမရဲ့ ... "
" ဟင် ... သက်မာက ဟိုမှာမဟုတ်ဘူးလား "
" မပြောချင်ပါဘူးညီမရယ် ... ပန်းသာကနေ ဘယ်ထွက်
သွားတယ်မသိ ... ခုရှာမတွေ့လို့ "
" ဟယ် ... ဘယ်များသွားနေပါလိမ့် ...ညီမဆီလည်းမလာ
ဘူးရယ် "
မြသွေးက မိခင်ဖြစ်သူကိုမသိစေလိုသော်လည်း မဦး က
ပြောနေပြီဖြစ်၍ ထို့ထက်ပို၍ မပြောမိပါစေနှင့်ဟု ကြိတ်
ကာ ဆုတောင်းနေမိသည်။
" မနေ့ရှေ့ရက်က ကိုမျိုးလည်း ပန်းသာလိုက်သွားတာ ...
ဟိုရောက်တော့ ... "
မဦးကပြောမည့်ဆဲဆဲ မြသွေးမှာ လန့်သွားပြီး လက်
နှင့်အသာကုတ်လိုက်သည်။ ထိုအခါ မဦးလည်း စကား
လွှဲလိုက်တော့၏။
" သက်မာကိုမတွေ့လို့ မြသွေးဆီများလာသေးလားလို့
လေ "
" မလာဘူးမဦးရဲ့ ... "
" သက်မာက ဘာဖြစ်လို့လဲ ... စကားများကြတာလား "
မိခင်ဖြစ်သူက စူးစမ်းကာဝင်မေးသဖြင့် မြသွေးမှာ မည်
သို့ကြံဆောင်ရမည်ကို မတွေးတတ်တော့ချေ။
" လူငယ်ဆိုတော့ ပြောရဆိုရခက်တယ်အန်တီ ... ဒီလိုပဲ
လိုက်ရှာရအုံးမှာပေါ့ "
" ခုခေတ်ကလေးတွေက တဆိတ်ရှိ အိမ်ကဆင်းချင်နေ
ကြတာ ... အပြင်လောကကဘယ်လောက် အန္တရာယ်များ
လဲ သူတို့မသိကြဘူး ... "
" ဟုတ်တယ်အန်တီရေ ... "
မဦးလည်း ထိုသို့သာပြောပြီး ပြန်မည်ဟုဆိုလာလေသည်။
" သက်မာလာရင် အစ်မကိုအကြောင်းကြားပေးနော်ညီမ ...
အစ်မပြန်လိုက်အုံးမယ် ... အန်တီရေ ... နောက်မှအေးဆေး
လာလည်မယ်နော် "
" အေး အေး ... သမီး "
မြသွေးက မဦး ကိုလိုက်ပို့ပေးရင်း ခြံရှေ့ရောက်မှတီးတိုး
မေးရသည်။
" ဘာဖြစ်ကြတာလဲ မဦး "
" ကြည်ပြာကအိမ်ရောက်လာပြီး ကလေးပြန်လာတောင်း
လို့ ... "
" ဟင် ... ထပ်လာပြန်ပြီလား "
" အမေကလည်း အမှန်အတိုင်းဖွင့်ပြောလိုက်တယ်လေ "
" ဟောတော့ ... ဒါဆို ညီမတို့ဘယ်လိုလုပ်ကြမလဲ "
" သူကအမှုတွေဘာတွေမဖွင့်ပါဘူးတဲ့ ... ကလေးသာပြန်
ပေးပါတဲ့ ... အဲ့ဒါကြောင့်အစ်မတို့လည်း ပြန်ပေးဖို့
သက်မာကိုသွားခေါ်တာ ... ကိုမျိုးသွားခေါ်တာပါအေ ... ဟို
ရောက်တော့ ကလေးပြန်ပို့ပေးရမယ်ပြောတာနဲ့ သက်မာ
က ကလေးခေါ်ပြီးထွက်ပြေးသွားသတဲ့ ... ဘယ်မှာမှရှာ
မတွေ့လို့ ဒီကိုများလာသလားလို့ လာမေးတာ "
" ဟုတ်ကဲ့ ... ညီမဆီတော့ မရောက်လာပါဘူး ... "
" အေးပါမြသွေးရယ် ... ရောက်လာခဲ့ရင်လည်း နားချပေး
ပါအုံးနော် "
" ဟုတ်ကဲ့ပါ ... ညီမပြောပေးပါ့မယ် "
မဦးပြန်သွားပြီး မြသွေးမှာစိတ်နှင့်လူနှင့်မကပ်တော့ချေ။
" ဟုတ်တော့လည်းဟုတ်ပါတယ်လေ ... အောင်မင်းရှိန်က
အဖေဆိုပေမယ့် သူလည်းကလေးကိုကြည့်နိုင်တာမှမဟုတ်တာ ...
အမေအရင်းဆီမှာနေတာက ပိုကောင်းပါတယ် "
ထိုသို့တွေးနေရင်း သက်မာသွားတတ်သည့်နေရာကို စဉ်း
စားကြည့်နေမိသည်။
" အဲ့ကိုများရောက်နေလား "
မြသွေးလည်း အဝတ်အစားအမြန်လဲကာ ဝေဝေကျော်
ဆီသို့ ထွက်လာခဲ့လိုက်သည်။
" ဝေဝေ ... ဝေဝေ "
" ဟေ ... မြသွေးပါလား ... ဝေဝေမရှိဘူးသမီးရဲ့ "
" ဟုတ်လားအန်တီ ... ဘယ်သွားလိုက်တာလဲ "
မြသွေးမှာ မောမောနှင့် ဆက်တီခုံပေါ်ထိုင်ချရင်း မေး
လိုက်လေသည်။
" ပြောရအုံးမယ် ... ဒီကောင်မလေးဘာတွေလျှောက်လုပ်
နေမှန်းကိုမသိဘူး ... ဟိုတစ်ခါသမီးတို့နဲ့ပါလာတဲ့ ကလေး
မလေ ... အိမ်ထောင်ကွဲလာတယ်ဆိုတဲ့ကောင်မလေး "
ဝေဝေကျော်အမေစကားကြောင့် မြသွေးမှာ ထိတ်ခနဲဖြစ်
သွားပြီး နှလုံးက တဒိတ်ဒိတ်တုန်လာခဲ့သည်။
" ဟုတ်တယ် အန်တီ ... အဲ့ကောင်မလေး ခုဒီမှာလား "
သိချင်စိတ်ကြောင့် အမြန်မေးလိုက်၏။
" မနေ့ညကြီးမိုးချုပ် အိမ်ရောက်လာတယ် ... ညက ဒီ
မှာအိပ်တာ ... အန်တီလည်းဝေဝေကိုပြောရတာပေါ့ ...
သူများအိမ်တွင်းရေးဝင်မပါပါနဲ့လို့ ... မတော် ... သူ့
ယောကျာ်းက ပြဿနာလာရှာနေရင် မခက်လားကွဲ့ ... "
" အော် ... အဲ့လိုတော့ မရှာပါဘူးအန်တီ "
" မရှာဘူးဆိုပေမယ့် ကလေးက ခုမှ အနှီးထုပ်လေး
မဟုတ်လား ... ကလေးမလေးကလည်းသွေးနုသားနုနဲ့ကွယ် ...
ဒီလိုအချိန်ဆိုတာ သိပ်အရေးကြီးတယ် ...
နားနားနေနေ နေမှရတာ ... ခုလိုဟိုပုန်းဒီပုန်းနဲ့ မဖြစ်ပါဘူး
သမီးရယ် ... သူ့ယောကျာ်းကို ခေါ်ပြီး ညှိနှိုင်းပေးလိုက်
ကြပါလား ... အန်တီလည်း စိတ်မသက်သာလွန်းလို့ပါ "
" ဟုတ်အန်တီ ... ခုသူကဘယ်မှာလဲ ... ခေါ်ပေးလို့ရ
မလားရှင့် "
" ဝေဝေခေါ်သွားတယ် ... နေစရာစီစဉ်ပေးမယ်ဆိုလား
ပဲ ... တစ်ယောက်ထဲဘယ်လိုအဆင်ပြေမလဲကွဲ့ ... အန်
တီတို့ကလည်း ခေါ်ထားလို့မရဘူးလေ ... ဒါကြောင့် သူ့
ယောကျာ်းနဲ့ပြန်ပေါင်းထုပ်သွားအောင် ကြားကနေ ညှိ
ပေးလိုက်ကြပါဟယ် ... ကလေးမလေးက မိဘတွေမရှိ
ကြတော့ဘူးကြားတယ် "
" ရှင် "
" အော် ... ဟုတ် ... သူတို့ဘယ်သွားမယ်ပြောသွားလဲ
အန်တီ ... နေစရာကဘယ်မှာတဲ့လဲ "
" ဘာမှပြောမသွားဘူး ... နှစ်ယောက်သား ထွက်သွားကြ
တာပဲ "
" ဘယ်သွားကြတာလဲမသိ ... ဒုက္ခပါပဲ "
" အဲ့ဒါပြောတာလေသမီးရဲ့ ... မိဝေတို့ ခုတလော မိဘ
စကားကို ကလန်ကဆန်လုပ်နေတာ ... အန်တီတော့ စိတ်
ကုန်နေပြီသမီးရေ ... သမီးသူငယ်ချင်းကို ပြောပေးပါ
အုံး ... အမေစိတ်ဆင်းရဲအောင် မလုပ်ပါနဲ့လို့ "
" အန်တီ စိတ်မပူပါနဲ့နော် ... ဝေဝေကမဟုတ်တာ ဘာမှ
မလုပ်ပါဘူး ... သမီးလိုက်ရှာကြည့်လိုက်အုံးမယ် ...
တကယ်လို့သူပြန်လာရင်လည်း ဘယ်မှမသွားနဲ့ အိမ်မှာ
ပဲစောင့်လို့ ပြောပေးနော်အန်တီ "
" အေးပါကွယ် ... "
မြသွေးလည်း စိတ်ပူစွာနှင့် အလောတကြီးပြန်ထွက်လာ
ခဲ့သည်။
" နေစရာစီစဉ်ပေးမယ်ဆိုတော့ ... ဘယ်မှာများလဲမသိ
ဘူး ... ဟူး ... သက်မာကို အိမ်ပြန်ပို့တာများလား ... သူ့
အိမ်လိုက်သွားကြည့်မှပဲ "
တစ်ကိုယ်တည်းရေရွတ်ကာ ကားငှားရင် လမ်းမကြီး
ဘက်သို့ ထွက်လာခဲ့လိုက်သည်။
" ဟင် "
မြသွေးလည်း သူမရှေ့ဖြတ်သွားသော အငှားကားကို
လက်တားစဉ် မရပ်ပေးသဖြင့် ကားနောက်ခန်းသို့ ကြည့်
လိုက်ရာ ကြည်ပြာကို တွေ့လိုက်သဖြင့် လန့်သွားလေသည်။
ကြည်ပြာမှာ ငိုထားသောကြောင့် မျက်နှာက မို့အစ်နေ၏။
သူ့အပူနှင့်သူဖြစ်၍ မြသွေးကို မမြင်ပေ။
" သက်မာ ရှိတဲ့နေရာ လိုက်သွားတာနေမယ် "
ထိုသို့တွေးမိလိုက်သဖြင့် အငှားကားနောက်တစ်စီးလာ
သည်နှင့် အမြန်တားကာ ကြည်ပြာတို့ကားနောက်သို့
လိုက်ခိုင်းတော့သည်။
ကြည်ပြာလိုက်ပါသွားေသာကားမှာ မြို့ပြင်ဘက်သို့
ဦးတည်နေသဖြင့် မြသွေးတစ်ယောက် စဉ်းစားရခက်
သွားခဲ့လေသည်။
" ဝေဝေက သက်မာကို ဒီဘက်ကြီး ဘာလို့ခေါ်လာတာ
ပါလိမ့် ... မဟုတ်သေးဘူးထင်တယ် ... "
ဇဝေဇဝါနှင့်သာ ကြည်ပြာနောက်သို့ ဆက်လိုက်သွား
လိုက်သည်။ ကြည်ပြာတို့ကားက လမ်းအချိုးတနေရာ
အရောက်တွင် ရပ်တန့်သွား၏။
မလှမ်းမကမ်း၌ ရပ်ကာ ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်
လိုက်သည်။
" ဒါ သုဿာန်ပို့တဲ့လမ်းပဲ ... ဘာတွေပါလိမ့် "
" ကားဆရာကြီး ... ဒီဘက်ကွေ့ရင် သင်္ချိုင်းမဟုတ်
လား "
" ဟုတ်တယ်ငါ့ညီမ ... အဲ့ကိုသွားမှာလား "
" ခဏလေးနော် "
ကြည်ပြာ၏ကားကိုကြည့်လိုက်သည့်အခါ သင်္ချိုင်းရှိ
ရာသို့ကွေ့ဝင်သွားသဖြင့် အနောက်မှလိုက်ပေးရန် ပြော
လိုက်လေသည်။
သင်္ချိုင်းသို့ရောက်သည့်အခါ ကြည်ပြာက ကားပေါ်မှ
ပြေးဆင်းပြီး အရူးတစ်ပိုင်းအော်ဟစ်နေသည်ကို တွေ့
လိုက်ရသည်။ ကြည်ပြာမှာ တစ်ယောက်တည်းဖြစ်ပြီး အဖော်မပါချေ။
ထို့ကြောင့် မြသွေးလည်း ကားပေါ်မှဆင်းကာ ကြည်ပြာ
ထံသို့ လိုက်သွားခဲ့တော့သည်။
" မကြည်ပြာ ... မကြည်ပြာ "
သူမ၏ခေါ်သံကြောင့် ကြည်ပြာမှာ အမြန်လှည့်ကြည့်
လာ၏။
" မမြသွေး ... ကျွန်မကိုကူပါအုံး မမြသွေးရယ် ... အဟင့် ... ဟင့် ... ဟီး "
မြသွေးဆီသို့ ပြေးလာကာ ငိုချလာလေသည်။
" ဘယ်သူဘာဖြစ်လို့လဲ မကြည်ပြာ ... ကျွန်မဘာကူပေးရမလဲ "
" သားလေးကို ဖေဖေခေါ်သွားလို့ ... လိုက်ရှာကူပါအုံးနော် "
" ဘယ်သူ ... မကြည်ပြာအဖေလား "
ကြည်ပြာမှာ မျက်ရည်တသွင်သွင်စီးကျလျက် ခေါင်း
ညိမ့်ပြလာသည်။
" ကျွန်မကို ကိုဇော်နိုင်နဲ့ လက်ထပ်ပေးဖို့ စီစဉ်နေကြတယ် ...
သားလေးကခုမှ တစ်လတောင်မပြည့်သေး
တာ မမြသွေးရယ် ... ကျွန်မက လက်မခံတော့ ... ဒီကလေး
ကြောင့် ဆိုပြီး ... ခုဘယ်ခေါ်သွားမှန်းမသိဘူး ... ကျွန်မ
ဘာလုပ်ရမလဲ ... လိုက်ရှာလို့လည်း မတွေ့ဘူးရှင် "
" နေ ... နေပါအုံး မကြည်ပြာရဲ့ ... သူ့အဘိုးခေါ်သွားတာ
ကို ဘာလို့ ဒီမှာ လာရှာရတာလဲ "
ကြည်ပြာမှာ ပြောဖို့စကား နှုတ်မှမထွက်လာဘဲ ဆို့နစ်
နေသည်။ အတော်ကြာမှ ငိုသံနှင့်ရောထွေးပြီး ထွက်
လာခဲ့သည်။
" သားလေးကို ... သင်္ချိုင်းမှာလက်စဖျောက်မလို့တဲ့ရှင် ... ကျွန်မရင်တွေကွဲလွန်းလို့ပါ "
" ရှင် ... လက်စဖျောက်မယ် "
မြသွေးလည်း ခေါင်းတစ်ခုလုံးချာချာလည်သွားမိ၏။
" ဘာ ... ဘာမှမဆိုင်တာ ... ကလေးက ဘာအပြစ်ရှိမှာ
လဲ "
" အဖေ့စိတ်ထဲမှာ သားလေးကို ရန်သူလို့မြင်နေတယ်
မမြသွေးရယ် ... ကျွန်မမှာ ဘယ်သူ့အားကိုးလို့ အားကိုး
ရမှန်းမသိတော့ပါဘူး ... ဒီမှာမရှိဘူးဆို တခြားမှာသွား
ရှာကြည့်ရမယ် "
ပြောပြောဆိုဆိုနှင့် အငှားယာဉ်ဆီ ပြေးသွားသော ကြည်
ပြာကို မြသွေးက လက်တစ်ဖက် ဆွဲထားပြီး
" ကျွန်မလည်း လိုက်ခဲ့မယ် "
" ဟုတ် ... "
ကြည်ပြာက မြသွေး လိုက်ပါပေးမည်ကို ကျေးဇူးတင်
သောအကြည့်နှင့် ကြည့်နေသည်။
" ကျွန်မခေါ်လာတဲ့ကားကို ပြန်လွတ်လိုက်အုံးမယ် ...
ခဏလေး "
သို့နှင့် အငှားယာဉ်ကို ပြန်လွှတ်ကာ ကြည်ပြာငှားလာ
သော ကားဖြင့် ပြန်ထွက်လာခဲ့ကြသည်။
" မကြည်ပြာထွက်လာတာ အိမ်ကမသိကြဘူးလား "
" မေမေသိတယ် ... မေမေကကျွန်မကိုအခန်းထဲ ပိတ်
ထားတာ ... "
" အဲ့ဒါဘယ်လိုထွက်လာတာလဲ "
" ကျွန်မအော်ငိုပြီး ပြူတင်းပေါက်ကနေ ခုန်ချပစ်မယ်
ခြိမ်းခြောက်တော့ သော့လာဖွင့်ပေးတယ် ... အဲ့ဒါနဲ့
မေမေ့ကိုတွန်းပြီး ထွက်ပြေးလာတာ "
" ဖြစ်ရလေမကြည်ပြာရယ် ... "
" မမြသွေး "
" ဟုတ် ... "
" သားလေးကို မမြသွေးတို့ခေါ်ထားတာ ကျွန်မသိ
ပါတယ် ... "
ကြည်ပြာစကားကြောင့် မြသွေးမှာ မျက်နှာတစ်ခုလုံး
ထူပူသွားတော့သည်။ အပြစ်ရှိသူဖြစ်နေသဖြင့် မျက်နှာ
မထားတတ်အောင် ဖြစ်နေရသည်။
" ကိုအောင်မင်းရှိန်က ခိုင်းလို့လုပ်ရတာမှန်းလည်း သိတယ် "
" မကြည်ပြာဘယ်လိုသိတာ "
" ကျွန်မ ယောကျာ်းနဲ့ ကျွန်မကလေးမဟုတ်လား ... သိ
တာမဆန်းပါဘူးရှင် "
ထိုစကားကြောင့် မြသွေးမှာ ရင်ထဲဟာခနဲ ဖြစ်သွားရ
သည်။ သူမက သူတစ်ပါးမိသားစုအရေး ကန့်လန့်ကန့်
လန့် ဝင်ပါနေသလို ခံစားလာရ၏။
" ခုလိုဖြစ်လာတော့ ကိုအောင်မင်းရှိန် လုပ်ရပ်မှန်တယ်
လို့ ကျွန်မ သိလိုက်တယ် ... မမြသွေးကိုလည်း ကျေး
ဇူးတင်ပါတယ် ... သားလေး အသက်ဘေးကလွတ်
သွားရပြီ ... ကျွန်မဆီကျန်ခဲ့တဲ့ သားငယ်လေးကတော့
ကျွန်မအသုံးမကျလို့ ... ဒီအမေမကာကွယ်ပေးနိုင်ခဲ့လို့
... ခုဆို ဘယ်ရောက်နေရပြီလဲ မသိဘူးရှင် "
" စိတ်အေးအေးထားပါ မကြည်ပြာရယ် ... အဘိုးက
မြေးကို သတ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး ... တနေရာရာ
ပို့လိုက်တာနေမှာပါ "
" မမြသွေးက ဖေဖေ့အကြောင်းမသိပါဘူး ... ဖေဖေက
သူ့အကျိုးစီးပွားအတွက်ဆို ဘာမဆိုလုပ်နိုင်တဲ့သူမျိုး "
ကြည်ပြာက ပြောရင်း မျက်ရည်က တဖန်ကျလာပြန်
သည်။ မြသွေးက ကြည်ပြာ၏ ပခုံးကိုဖက်ကာ နှစ်သိမ့်
ပေးရင်း စိတ်မကောင်းဖြစ်နေမိ၏။
" ဒါတူမကြီးပြောတဲ့ နေရာပဲ "
ကားရပ်သွားမှ ဘေးဘီကို ကြည့်လိုက်မိကြသည်။
နှစ်ထပ်အိမ်ကြီးက ထည်ထည်ဝါဝါ ဆီးကြို၍နေသည်။
" လာ မမြသွေး "
ကြည်ပြာကခေါ်ဆင်းသဖြင့် မြသွေးလည်း လိုက်ဆင်း
လိုက်လေသည်။ ကြည်ပြာက ခြံတံခါးကို တွန်းကြည့်
လိုက်၏။ သော့ခတ်ထားသဖြင့် အိမ်ထဲသို့အော်ခေါ်
ကြည့်နေသည်။
" ကြီးကြီး ... ကြီးကြီး "
သိပ်မကြာခင်မှာပင် အသက် ( ၆၀ ) အရွယ်ခန့် ခပ်ဝဝ
အဒေါ်ကြီးတစ်ယောက်ထွက်ကြည့်လာသည်။
" သမီးရေ ... ခဏလေး ... ကြီး သော့ယူလိုက်အုံးမယ် "
" ဟုတ် "
နှစ်မိနစ် သုံးမိနစ်ခန့်ကြာသည့်အခါ အဒေါ်ကြီးက လက်
ထဲသော့တွဲကြီးကိုင်ကာ ပြန်ထွက်လာခဲ့သည်။
" လာ သမီးကြည်ပြာ "
မြသွေးနှင့် ကြည်ပြာလည်း ထိုအဒေါ်ကြီးနှင့်အတူ အိမ်ကြီးထဲသို့ လိုက်ဝင်သွားလိုက်သည်။
" ထိုင်ကြ ... ထိုင်ကြ "
" ဖေဖေဒီကိုလာသွားသေးလား ကြီးကြီး "
ကြည်ပြာက သူမ၏အဒေါ်ကို အလျင်ဦးစွာ မေးကြည့်
လိုက်သည်။
" လာသွားတယ်သမီး ... ကြီးကြီးလည်းသမီးကို ပြော
စရာရှိတယ် ... "
လာသွားသည်ဆိုသဖြင့် ကြည်ပြာမှာ မျက်လုံးအရောင်
တောက်သွားခဲ့သည်။
" သမီးရဲ့သားလေးရော ... သားလေးကိုခေါ်လာလားဟင် "
ဒေါ်တိုးကြည်မှာ ကြည်ပြာကို စိတ်မကောင်းစွာနှင့် ကြည့်
နေလေသည်။
" သမီးကြည်ပြာ "
" မြန်မြန်ပြောပါကြီးကြီးကလဲ ... သားလေးရောလို့ "
" ကြီးကြီးပြောတာသေချာနားထောင်ပါကွယ် ... လာ ...
ကြီးကြီးနဲ့လိုက်ခဲ့ "
မြသွေးရှိနေသဖြင့် တီးတိုးပြောရန် အခန်းထဲခေါ်နေမှန်း
ကြည်ပြာသိသဖြင့်
" ပြောလို့ရပါတယ်ကြီးကြီး ... သူအကုန်သိပြီးသား ...
ဒီမှာပဲပြော "
" အေးပါ ... နားထောင် "
ကြည်ပြာမှာ စိတ်လောနေသော်လည်း အဒေါ်ဖြစ်သူ၏
စကားကို ငြိမ်ငြိမ်လေးနားထောင်နေလိုက်သည်။
" သမီးမှာ ရွေးစရာနှစ်ခုရှိတယ် ... မရွေးလို့မရဘူး ...
တစ်ခုတော့ရွေးရမှာ "
" ဘာရွေးရမှာလဲ "
" မောင်ဇော်နိုင်နဲ့ လက်ထပ်ပြီး ကလေးကိုတော့ ကြီးကြီး
ဆီထားခဲ့ဖို့ပဲ ... "
" အို ... ဘယ်ဖြစ်မှာလဲ ကြီးကြီးရဲ့ "
" နားထောင်ပါဆိုကွယ် ... ကြီးကြီးပြောလို့မပြီးသေးဘူး "
" ဟုတ်ကဲ့ "
ကြည်ပြာက နားထောင်ရင်း ငိုရှိုက်လာသည်။ မြသွေး
မှာတော့ ဒေါ်တိုးကြည် မည်သည်များပြောမည်နည်းဟု
စိတ်ဝင်တစားနှင့် ငြိမ်သက်ကာ နားထောင်နေလေ၏။
" ကလေးကို ကြီးကြီးတို့က ကောင်းကောင်းမွန်မွန်နဲ့
ကြီးပြင်းတဲ့အထိမွေးပေးရမယ်တဲ့ ... ကလေးစရိတ်
အကုန် သမီးဖေဖေကတာဝန်ယူထားတယ် ... "
" ပြီးတော့ရော ... "
" ဒီနည်းလမ်းကတော့အကောင်းဆုံးပဲလို့ကြီးကြီးထင်
တယ် ... ဒါကြောင့် သမီးဖေဖေကိုနားချထားတာ ... ဒီ
လိုမဟုတ်ဘဲ သမီးက ကလေးကိုခေါ်ထားမယ်ဆိုရင် ...
မောင်ဇော်နိုင်တို့ဘက်က မင်္ဂလာကိစ္စသဘောတူမှာမ
ဟုတ်ဘူးတဲ့ ... "
" သဘောမတူလည်းနေပေါ့ကြီးကြီးရယ် ... သမီးမှ မယူ
ချင်တာပဲ "
" သမီးမယူချင်ပေမယ့် သမီးအဖေက သဘောတူနေ
တယ်မဟုတ်လား ... "
" ဖေဖေကအဲ့ဒါတွေခက်တာ ... ကိုယ့်မှာမပြည့်စုံတာ
လည်းမဟုတ် ... သမီးတော့သေချင်တာပါပဲ ... သား
လေးတွေကြောင့်သာ အားတင်းပြီးနေနေရတယ် ... တစ်
စက်ကလေးမှ အသက်ရှင်ချင်စိတ်မရှိတော့ဘူး "
" အဲ့လိုမပြောရဘူးလေ ကြည်ပြာရဲ့ ... "
" သမီးတကယ်သေချင်နေပြီကြီးကြီး ... တရက်မှ စိတ်
မချမ်းသာရဘူး ... ဟီး ... ဟီး ... အီး "
" အဲ့ထက်ဆိုးတာရှိသေးတယ် ... သမီးသေချာနားထောင်...
သမီးက ဒါတွေလက်မခံဘူးဆိုရင် ကလေးကို လက်စ
ဖျောက်ပစ်မယ်လို့ပြောတယ် "
" ရက်စက်လိုက်တာ ... သမီးအဖေအရင်းမှဟုတ်ရဲ့လား
ကြီးကြီးရယ် ... ဘယ်လိုစိတ်နဲ့များ ကိုယ့်မြေးအရင်းကို
လုပ်ရက်ရတာလဲ "
" ကြီးကြီးလည်း တားပါသေးတယ် ... နောက်ဆုံးမရတော့
လို့ ... ကြီးကြီးက မွေးထားပေးပါ့မယ် ... သမီးနဲ့မထည့်ပါ
ဘူး ဆိုပြီး ပြောထားခဲ့တာ ... "
" ဒါဆို အခုသားလေးကဘယ်မှာလဲ ... "
" အပေါ်ထပ်မှာရှိတယ် ... "
ဒေါ်တိုးကြည်စကားမဆုံးခင်မှာပင် ကြည်ပြာက အိမ်
အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
" ဟဲ့ ... ဟဲ့ ... ကြည်ပြာ "
မြသွေးကလည်း အနောက်ကလိုက်ရမလို ထိုင်နေရမလို
နှင့် ကြောင်တောင်တောင် ကျန်ရစ်ခဲ့တော့သည်။
ကြည်ပြာသည် အနှီးထုပ်လေးမှ သားငယ်လေးကို ပွေ့
ဖက်ရင်း သည်းထန်စွာငိုကျွေးနေလေသည်။ ဒေါ်တိုးကြည်က
သူနာပြုကို အပြင်ခဏထွက်ပေးရန် ပြောလိုက်
ပြီး ကြည်ပြာကို နှစ်သိမ့်ပေးရန် တိုးကပ်လာခဲ့သည်။
" သမီး ... ကလေးကကြီးကြီးဆီမှာဆိုရင် သမီးစိတ်မအေး
ရဘူးလား ... သမီးဖေဖေအကြောင်း သမီးသိသားနဲ့ ...
သူကဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူးကွဲ့ ... သမီး
အခု ထွက်ပြေးသွားလည်း ရေဆုံးမြေဆုံးပြေးအုံး ... လွတ်
မယ်ထင်သလား ... ဟိုတစ်ခါ ပြေးသွားတုန်းက ဘယ်
လောက်ကြာကြာပြေးရလို့လဲ ... ပြန်လာရတာပဲ မဟုတ်လား ... "
" အဲ့တုန်းကတည်းက ဖြစ်ချင်ရာဖြစ် ပြန်မလာဘဲ နေ
လိုက်ရမှာ ... ဒုက္ခရောက်လွန်းလို့ ခဏပြန်လာခိုမိတာပါ
ကြီးကြီးရယ် ... ဖေဖေတို့စိတ်တိုင်းကျ ကိုအောင်မင်းရှိန်
နဲ့ ကွာရမယ်ဆိုလို့ ကွာခဲ့ပြီးပြီ ... သားလေးတွေကိုတော့
ဒီလောက်မရက်စက်သင့်ပါဘူး ... အဟင့် ... ဟီး ...အီး "
" သမီးပြန်လာအောင် သမီးဖေဖေ လုပ်ခဲ့တာ သမီးသိ
တယ်မလား "
ကြည်ပြာမှာ ငိုနေရင်းမှာ တအံ့တဩမော့ကြည့်လိုက်
သည်။
" ကြီးကြီး ဘာကိုပြောတာလဲ "
" ဟိုသူငယ်လေး အဖမ်းခံရတာ သွေးရိုးသားရိုးမှ မဟုတ်
ဘဲကွယ် ... ဒီလောက်ဆို သမီးသိသင့်ပါတယ် "
" ဘယ်လိုရယ် "
ကြည်ပြာ၏ ခေါင်းတစ်ခုလုံးချာချာလည်သွားခဲ့သည်။
" ဒါကြောင့်ကြီးကြီးပြောတာ သမီးပြေးလို့မလွတ်နိုင်ဘူး...
အကောင်းဆုံးကရင်ဆိုင်ဖို့ပဲ "
" ဖေဖေဒီလောက်ဆိုးနေတာ ကြီးကြီးမတားတော့ဘူး
လား ... ဘာမှမပြောဘူးလား "
'' သမီးလည်း ကြီးကြီးအခြေအနေသိသားနဲ့ကွယ် ...
ခုတောင် သူထောက်ပံ့ပေးနေလို့ အခြေမပျက် နေနေနိုင်
တာမဟုတ်လား "
ကြည်ပြာမှာ ဝမ်းနည်းပက်လက်ဖြင့် ကြမ်းပေါ် ထိုင်ချ
ပစ်လိုက်လေသည်။ သူမ၏ရင်ထဲ နေဆယ်စင်းစီးဝင်
နေသကဲ့သို့ ပူလောင်လွန်းလှသည်။
တစ်ဖက်က ချစ်လှစွာသော ခင်ပွန်း၊ တစ်ဖက်က ရင်နှင့်
ရင်းကာ မွေးထားရသော အမွှာကလေးနှစ်ယောက်၊ တစ်
ဖက်က မိဘကျေးဇူးမြင့်မိုရ်ဦးဟူ၍ သတ်မှတ်ထားသောမိဘနှစ်ပါး။
ထိုလွန်ဆွဲပွဲတွင် သွေးသားမတော်စပ်သော အောင်မင်း
ရှိန်က ကြားညှပ်ကာ ယခုဆို ထောင်ကျရပေတော့မည်။
အမွှာကလေးနှစ်ယောက်လည်း တကွဲတပြားနှင့် မည်
သည့်အချိန် အသက်ဘေးကြုံရမည် မသိနိုင်ချေ။
" ကြီးကြီးပြောမယ်သမီး ... ခုချိန်မှာ သမီး စိတ်ဓာတ်ခိုင်
မာမှဖြစ်မယ် ... ကလေးကို ကြီးကြီးဆီ ထားခဲ့ ... ကြီးကြီး
သေသေချာချာပြုစုပျိုးထောင်ပေးမှာပါ ... သမီးလွမ်းတဲ့
အခါ အချိန်မရွေးလာကြည့်လို့ရတယ် ... ဒီလိုမဟုတ်ရင်
ကလေးကို သမီးဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူး...
ကြီးကြီးပြောတာနားလည်လား "
ကြည်ပြာက မည်သည်မှမပြောဘဲ ရှိုက်၍ ရှိုက်၍သာ
ငိုကြွေးနေမိသည်။ ယခုအချိန်တွင် သူမ၏ဆုံးဖြတ်
ချက်မှားယွင်းသွားပါက သားလေး၏ ဘဝရှေ့ရေးသည်
မသေချာမရေရာ ဖြစ်ရချေတော့မည်။
" သမီးဒီည ဒီမှာအိပ်လိုက် ... မနက်ရောက်ရင်တော့ အိမ်ပြန်လိုက်နော် ... မဖြစ်သင့်တာ မဖြစ်ရအောင်ပါကွယ် "
" သမီးမသိသေးဘူးကြီးကြီး ... သားလေးတို့ကိုခေါ်ပြီး
ဘယ်သူမှမသိနိုင်တဲ့နေရာကို ထွက်သွားချင်တာပဲသိ
တယ် ... သမီးကိုကူညီပါလားကြီးကြီးရယ် "
" ကြီးကြီးပြောပြီးပြီလေသမီးရဲ့ ... ပြေးလို့မလွတ်နိုင်
ဘူးလို့ ... "
" သမီးနဲ့ သားငယ်လေးနဲ့ ပြေးလို့မလွတ်ရင် သားကြီး
ကတော့ လွတ်စေရမယ် ... ဟုတ်တယ် "
" ဘယ်လို ... သမီးဟိုကတည်းကပြောနေတာ ကြီးကြီး
ကြားနေတာလေ ... သားလေးတွေ ... သားလေးတွေ ဆို
ပြီးပြောနေတာ ... ဘယ်သားလေးကိုပြောတာလဲ "
ကြည်ပြာမှာ ရုတ်တရက်နှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ...
" သမီးစိတ်ကပုံမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်နေ
တာပါ ... ကြီးကြီးပြောတာ ဟုတ်ပါတယ် ... သမီးဒီည
စဉ်းစားပြီးဆုံးဖြတ်မယ် ... ဒီညတော့ သားလေးနားမှာပဲ
အိပ်ပါရစေနော် "
" အိပ်ပါသမီးရယ် ... အိပ်ပါ "
" ခုလောလောဆည် သမီးသူငယ်ချင်းကို ပြန်လိုက်ပို့
လိုက်အုံးမယ် ... "
" အေ ... အေ ... ကြီးကြီးလည်း သမီးအိမ်ကို ဖုန်းဆက်
ထားပေးမယ် ဟုတ်လား "
" ဟုတ်ကဲ့ "
ကြည်ပြာသည် ကလေးကို ပုခက်အတွင်းပြန်ထည့်ခဲ့
ပြီး အိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
" မမြသွေး "
" ဟုတ် မကြည်ပြာ ... အဆင်ပြေရဲ့လားဟင် "
" ဟုတ်ကဲ့ ... ကျွန်မမမြသွေးကို ပြန်လိုက်ပို့ပေးပါ့မယ် "
" နေပါစေ ... ရပါတယ် ...
ဟင် ... ဒါနဲ့ ...အတူလိုက်မပြန်ဘူးလား "
" လမ်းရောက်မှပြောပြမယ် "
" ဟမ် ... အော် ... ဟုတ် "
" ကြီးကြီးရေ ... သမီးမကြာဘူး ... ပြန်လာခဲ့မယ်နော် "
" အေ အေ သမီး "
ကြည်ပြာက မြသွေးကို ပြန်လိုက်ပို့မည်ဆိုကာ စောင့်ခိုင်း
ထားသော အငှားယာဉ်ပေါ်သို့ အတူလိုက်ပါလာခဲ့သည်။
" ကျွန်မတို့ကို ဒီလမ်းထိပ်က ခေါက်ဆွဲဆိုင်မှာ ချပေးခဲ့ပါ "
ထို့နောက်ကျသင့်ငွေရှင်းသည့်အခါ ကြည်ပြာက ထိုအခါ
မှ ပိုက်ဆံပါမလာကြောင်း သတိရသွားတော့သည်။
" ကျွန်မ ပေးလိုက်ပါ့မယ် မကြည်ပြာ ... စိတ်မပူပါနဲ့ "
" ကျေးဇူးပါနော်မမြသွေး ... ကျွန်မပြန်ပေးပါ့မယ် "
" အို မဟုတ်တာ ... မပေးပါနဲ့ရှင် ... မလိုပါဘူး "
ထို့နောက် ခေါက်ဆွဲဆိုင်ထဲဝင်ထိုင်ကာ ကြည်ပြာက
မြသွေးထံ ဖြစ်ကြောင်းကုန်စင်ပြောပြကာ အကူအညီတောင်းလာလေသည်။
" သားလေးကို ကျွန်မသားပါလို့ ဘယ်သူ့မှ မသိအောင် ကွယ်ဝှက်ထားပေးပါနော် "
" ကျွန်မစိတ်မကောင်းလိုက်တာ ... ဖြစ်မှဖြစ်ရလေရှင် "
" ဒီနေ့ကစပြီး သားလေးကို ကျွန်မသားအဖြစ်ကစွန့်လွတ်လိုက်ပါပြီမမြသွေးရယ်... "
" ရှင် "
" ခုလိုလုပ်ရတာ သားလေးကို ချစ်လွန်းလို့ဆိုတာ မမြသွေး သိထားပေးပါနော် "
" ဒါဆို မကြည်ပြာက ... "
" ဟုတ်တယ် ... ကျွန်မ အိမ်ထောင်ပြုရတော့မယ် ...
ကိုအောင်မင်းရှိန် လွတ်လာရင် သူ့သားလေးနဲ့ အေးအေး
ချမ်းချမ်း နေသွားကြပါစေ ... ကျွန်မကတော့ ဝဋ်ကြွေး
တွေ ဆပ်ရအုံးမယ်ရှင် "
" တကယ်ပဲဆုံးဖြတ်လိုက်ပြီလား "
ကြည်ပြာက ထိန်းထားသည့်ကြားမှ မျက်ရည်များ
တသွင်သွင်စီးကျလာရင်း ခေါင်းညိမ့်ပြနေ၏။
" တကယ် ... တကယ်ပါ ... ကျွန်မလေ ... ဘာကိုဝမ်း
အနည်းဆုံးလဲဆို သားလေးကို မွေးကတည်းက ခုထိ
မမြင်ဖူးသေးတာကိုပဲ ... "
ကြည်ပြာစကားကြောင့် မြသွေးရင်ထဲဆို့နစ်သွားခဲ့ရ၏။
ကလေးငယ်မှာလည်း မိခင်၏ ကိုယ်ငွေ့ပင် မရလိုက်ရ
ရှာ။ ယခုအခါ၌မူ အမေဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံလိုက်
ရရှာလေပြီ။
" ကလေးကို လာတွေ့လို့ရတာပဲမဟုတ်လား မကြည်ပြာရယ် "
" မဖြစ်ဘူး ... တွေ့လို့မဖြစ်ဘူး ... ကျွန်မသားမှန်းသိသွား
ကြရင် ဖြစ်လာမယ့်အကျိုးဆက်က မတွေးရဲစရာပဲ "
" အငယ်တစ်ယောက်နဲ့ တူတူထားလို့ ဖြစ်တာပဲ မကြည်ပြာ ...
ခုနကအန်တီကြီးက သူထိန်းပေးမယ်ဆို "
" ခုဘာဖြစ်နေလဲဆို ... ကျွန်မမိဘတွေက ကျွန်မပြော
လို့သာ အမွှာမွေးတယ်လို့သိထားတာ ... သူတို့က ကျွန်မ
ကယောင်ကတမ်းနဲ့ လျှောက်ပြောနေတယ်လို့လည်း ထင်
နေကြတယ် ... ဟုတ်များဟုတ်နေမလားဆိုပြီးလည်း သံ
သယဝင်နေတယ် ... ဒေါ်ကြည်က မဟုတ်ဘူးငြင်းတဲ့
အပြင် မီးဖွားတုန်းက အမေကလည်း အဲ့အိမ်မှာရှိနေ
တော့ သူကမယုံချင်ဘူး ... တစ်ယောက်ပဲမွေးတယ်လို့
သိထားတာလေ ... မမြသွေးတို့ခေါ်သွားတာ သူတို့မသိ
ကြဘူး ... "
" ကျွန်မခေါ်သွားမှန်းဘယ်လိုသိတာလဲ "
မြသွေးမှာ ရင်တထိတ်ထိတ်နှင့် မဝံ့မရဲမေးကြည့်လိုက်
သည်။
" မမြသွေးကို အရင်ကတည်းက ကျွန်မသိပါတယ် ...
ကိုအောင်မင်းရှိန်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ... ကျွန်မ
သဝန်တိုလို့ ကိုအောင်မင်းရှိန်က မမြသွေးနဲ့
အဆက်အသွယ်မလုပ်ခဲ့တာပါ "
" အော် ... ဟုတ်ကဲ့ "
မြသွေးက မခံချင်ဖြစ်သွားမိသော်လည်း မျက်နှာလည်း
ပူသွားမိ၏။
" အဲ့နေ့က မမြသွေး ရုပ်ဖျက်ထားပေမယ့် ကျွန်မမှတ်မိ
တယ် ... ဒါကြောင့်သိတာပါ "
" ဟုတ် "
" ကျွန်မသာ အမွှာမွေးတယ်လို့ သေချာသိသွားရင် ကြီးကြီးကို
မွေးထားခိုင်းမှာမဟုတ်တော့ဘူး ... "
" ဘာလို့လဲဟင် "
" ဖေဖေက အမွှာဆိုရင် သံယောဇဉ်သိပ်တွယ်တတ်မှန်း
သိတော့ သတ်ပစ်မှာ မမြသွေးရဲ့ "
" ဘုရားရေ "
" ဒါကြောင့် အမွှာလို့ပေးသိလို့လုံးဝမဖြစ်ဘူး ... ကျွန်မမှာ
အစီအစဉ်ရှိပါတယ် ... လောလောဆည် ရေလိုက်ငါးလိုက်
နေရမယ်... ကိုဇော်နိုင်နဲ့ လက်ထပ်ပြီး ကွာရှင်းခွင့်ရအောင်ကြိုးစားရမယ် ... "
" ယူပြီးမှတော့ ကွာဖို့ဘယ်လွယ်ပါ့မလဲ "
" အမွှာမွေးထားတာတောင် ကွာရသေးတာပဲမဟုတ်လား
မမြသွေးရဲ့ ... ကျွန်မ ရအောင်လုပ်မှာပါ .... လွတ်လပ်
သွားတဲ့အချိန်ကြရင် ကျွန်မတို့သားအမိတွေ ပြန်ဆုံကြ
ရမယ်ထင်တယ် ... ဒါကို ကိုအောင်မင်းရှိန်ကို မပြောပါနဲ့
နော် ... သူစိတ်နာပါစေ ... နာကျည်းနေပါစေတော့ "
" ဒါဆို ကလေးကို ပြန်လာခေါ်မှာလား ... မခေါ်တော့တာ
လား ... သားအဖြစ်စွန့်လွတ်တာလား ... မစွန့်လွတ်တာ
လား "
မြသွေး၏အမေးကို ကြည်ပြာမှာ ဖျော့တော့စွာပြန်ဖြေ
လာခဲ့သည်။
" ခုလောလောဆည်တော့ စွန့်လွှတ်လိုက်တာပါ ... ကျွန်မ
အဆင်ပြေတဲ့အခါ ပြန်လာခေါ် ပါ့မယ်လို့ သူ့အဘွားကို
ပြောပေးပါနော် "
မြသွေးမှာမူ ကြည်ပြာ၏ စကားကြောင့် မတင်မကျဖြစ်
နေမိပြီး သက်ပြင်းသာချနေမိတော့လေသည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory