
မြသွေးသည် အငှားယာဉ်လေးနှင့် ဝေဝေကျော်၏အိမ်
သို့ တဖန်ပြန်ရောက်လာခဲ့သည်။ သူမရောက်သည်နှင့်
ဝေဝေကျော်ကလည်း စောင့်နေပုံရ၏၊ အိမ်ထဲမှပြေး
ထွက်လာသည်။
" အမိ ... ငါပြောစရာရှိတယ် "
မြသွေးက ဝေဝေကျော်ကို မျက်စောင်းတစ်ချက်ထိုးရင်း
ကားခရှင်းပေးနေသည်။ ပြီးနောက် ...
" သက်မာရော ... ဘယ်မှာလဲ "
" မြင့်မြင့်ရီအိမ်မှာခဏအပ်ထားခဲ့တယ် "
" နင့်အမေရှေ့ပြောလို့မဖြစ်ဘူးဟ ... ငါတို့တနေရာသွား
မှဖြစ်မယ် "
" အေ ... ဒါကြောင့်ငါလည်းအဆင်သင့်စောင့်နေတာ "
ဝေဝေကျော်ကထိုသို့ပြောရင်း အိမ်ထဲသို့ဝင်ကာ လမ်း
ထိပ်၌ အကြော်စုံသွားစားမည်ဖြစ်ကြောင်း သူမ၏ မိခင်
ထံပြောနေလေသည်။
" မြန်မြန်သွား ... မြန်မြန်ပြန်ကြ "
" ဟုတ်ကဲ့မေမေ "
သို့နှင့် နှစ်ယောက်သား ထွက်လာကြပြီး လက်ဖက်ဆိုင်
သို့ ဝင်ထိုင်လိုက်ကြသည်။
" နင့်အမေက မယုံလို့ လိုက်ချောင်းနေမှ ... "
" င့ါအမေဒီလောက်လိုက်မကြည့်ပါဘူး ... သက်မာမနေ့
ညက ငါ့ဆီရောက်လာတာ နင်သိပြီးပြီမလား "
" အန်တီပြောလို့ ရောက်နေတာသိတယ် ... "
" အေ ... သူ့အမေတို့ကလည်း ဘယ်လိုကြီးမှန်းမသိဘူး
... ပိုက်ဆံရတာနဲ့ ကလေးပြန်ပေးမယ်လုပ်လို့ ပြေးလာ
ရတယ်တဲ့ ... "
" အဲ့ဒါအသာထားအုံး ... ငါပြောပြအုံးမယ် ... "
မြသွေးကလည်း ကြည်ပြာနှင့်ဆုံခဲ့ပုံမှစပြီး ပြန်လာသည်
အထိ လုံးစေ့ပတ်စေ့ပြောပြလိုက်လေသည်။
" ဟင် ... "
" ငါလည်း ခေါင်းတွေပူလို့ နင့်ဆီအရင်လာခဲ့တာပဲ "
" ဒါဆို သက်မာက အိမ်ပြန်လို့ရပြီလား ... ပြန်သွားပို့
ကြမလား "
" ပို့လို့မဖြစ်သေးဘူး "
" ဘာဖြစ်လို့လဲ "
" ကြည်ပြာရဲ့အိမ်က လူလွတ်ပြီး စောင့်ကြည့်ခိုင်းနေတာ
မဟုတ်လား ... သက်မာနဲ့ကလေးနဲ့ ရောက်နေရင် သိသွား
ပြီး လာတောင်းနေမှာပေါ့ "
" ဒါလည်းဟုတ်တာပဲ ... ဒါဆို ... သက်မာက ပုန်းနေရ
အုံးမှာပေါ့ ... "
" ဒါတော့သူ့သဘောလေ ... အဓိကက ကလေးကို ဖွက်
ထားဖို့အရေးကြီးတာ "
" ကြည်ပြာ့အဖေကြီးက ရက်စက်လိုက်တာဟာ ... ကိုယ့်
မြေးအရင်းတောင် သတ်မတဲ့လား "
" ကြည်ပြာကိုယ်တိုင် ပြေးနေရတာပဲကြည့်လေ ... ဟုတ်
လို့ပေါ့ ... "
" သားအချစ်မြေးအနှစ်ဆိုတာ မေတ္တာတရားခေါင်းပါး
တဲ့သူတွေအတွက် အရေးမပါမှန်း သိလိုက်ရတယ် ...
ဒီလိုဆိုတော့လည်း ကြည်ပြာကသနားစရာပဲ ... သူ့ခမျာ
ယောကျာ်းနဲ့လည်းကွဲ ... သားနဲ့လည်းကွဲ ... မချစ်တဲ့သူနဲ့
ပါညားရတော့မယ် ... "
" ငါသက်မာနဲ့တွေ့ချင်တယ် ... ငါ့ကိုလိုက်ပို့ "
" ဟဲ့ ... ခုသွားလို့မဖြစ်ဘူးလေ ... ငါ့အမေကွိုင်နေတာ
သိသားနဲ့ ... နင်လည်းတနေကုန်အပြင်မှာမဟုတ်လား ...
နင့်အမေတော့ ဘီလူးဆိုင်းတီးတော့မှာ မြင်ယောင်သေး "
" ကလေးအသက်ထက် ဒါကအရေးမကြီးပါဘူးဟာ ...
လုပ်ပါ ဝေဝေရ ... လိုက်ပို့ပါနော် ... မြင့်မြင့်ရီနဲ့ ငါနဲ့က
သိပ်မခင်တော့ သွားရမှာ ရှိန်းတိန်းတိန်းဖြစ်လို့ပါ "
" ငါတော့လေ ခုလိုစိတ်ပူရင်ပူရတိုင်း အောင်မင်းရှိန်ကို
သတ်ချင်တာပဲသိတော့တယ် "
" ဒီလူတွေပဲရှိတာမဟုတ်လားလို့ ... အသက်တစ်ချောင်း
ကယ်ကောင်းပါတယ်ဟယ် "
မြသွေးက နားပူနားဆာ တိုက်လွန်းသဖြင့် ဝေဝေကျော်
လည်း လိုက်ပို့ပေးရလေတော့သည်။
" မမမြသွေး "
သက်မာက မြသွေးကိုမြင်သည်နှင့် ဝမ်းနည်းပက်လက်
ငိုချလာခဲ့သည်။
" ညီမလေး ... အစ်မရောက်လာပြီပဲ ... မငိုနဲ့တော့နော် "
" ကိုမျိုးတို့လုပ်ရက်တယ်မမမြသွေးရယ် ... ငွေရတာနဲ့
ကိုယ့်တူလေးမျက်နှာကို မထောက်ကြတော့ဘူး "
အနှီးထုပ်လေးနှင့် ကလေးငယ်မှာ အသံသေးသေးလေး
နှင့် အဆက်မပြတ်ငိုနေလေသည်။
" ကလေးက နို့ဆာနေတာထင်တယ် "
" တိုက်ပြီးပြီ ... မသောက်ဘူး ... တညနေခင်းလုံး ဒီလိုပဲ
ငိုနေတာ ... ဘာဖြစ်တယ်မသိပါဘူးမမမြသွေးရယ် "
မြင့်မြင့်ရီက ရေနွေးကြမ်းအိုးလာချရင်း ဝေဝေကျော်
နှင့်စကားစမြည်လာပြောနေ၏။ မြသွေးလည်း ကလေး
ကိုချီကာ သေချာကြည့်လိုက်သည်။
" ကလေးက အသားတွေဝါနေသလိုပဲ ... လာကြည့်စမ်း
ပါဝေဝေ ... "
ဝေဝေကျော်က ကလေးကို စူးစိုက်ကြည့်ကာ ...
" မဝါပါဘူးဟ နင်ကလဲ ... ခန်းဆီးအရောင်ကြောင့်
ဝါသလိုဖြစ်နေတာ "
" မဟုတ်သေးပါဘူးဟယ် ... ငါနောက်ဆုံးတွေ့တုန်းက
နီတာရဲလေးပါ ... ခုက အသားတွေဝါနေသလားလို့ "
" သူ့အဖေက ဖြူလို့လား ... အညို ကအညိုပဲထွက်မှာ
ပေါ့ မြသွေးရဲ့ ... ငယ်သေးလို့ ဝါကျင်ကျင်ဖြစ်နေတာ
ပါဟ "
" ကြည်ပြာက ဖြူသားပဲဟာ ... "
မြသွေးက တအဲအဲငိုနေသောအနှီးထုပ်လေးကိုကြည့်ပြီး
စိတ်မချမ်းသာနေပေ။
" မွေးကင်းစလေးက ဟိုပြေးဒီပြေး ပြေးနေရတော့
နေမကောင်းဖြစ်နေတာလား မသိဘူး ... ဆေးခန်းသွား
ပြရအောင် "
ဝေဝေကျော်က မြသွေးကို ပိုကိုပိုသည်ဟူသောအကြည့်
နှင့် ကြည့်နေလေသည်။
" ဒီနားမှာ ကက ငှားလို့လွယ်လား မြင့်မြင့် "
" လမ်းထိပ်မှာ ကက တွေဂိတ်ထိုးတတ်တယ် ... တစ်စီးမှ
မရှိလည်း ခဏစောင့်လိုက် ... မကြာဘူး လာလိမ့်မယ် "
" ဒါဆိုသွားကြမယ်လေ ... ထ "
မြသွေးက ဝေဝေကျော်နှင့်သက်မာကို ခေါ်ငင်လိုက်သည်။
သို့နှင့် သုံးယောက်သား လမ်းထိပ်သို့ထွက်လာကြတော့
၏။
" ကလေးဆို ကလေးဆေးခန်းပြရတာမဟုတ်ဘူးလား "
" ဟုတ်တယ်လေ ... ကလေးဆရာဝန် ဒေါက်တာ ဝင်းကို
က ငါနဲ့ခင်ပါတယ် ... ဆေးခန်းဘယ်မှာထိုင်လဲတော့မသိ
ဘူး ... သူ့အိမ်လိုက်သွားကြည့်ရမှာပဲ "
မြသွေးက ကလေးကို သက်မာထံမပေးတော့ဘဲ သူမ
ကသာ ချီထားလိုက်သည်။ ထို့နောက် အငှားယာဉ်တစ်စီး
ရပ်ထားသည်ကို တွေ့သဖြင့် ငှားလိုက်ပြီး ဆရာဝန်၏
အိမ်သို့ လမ်းညွှန်လိုက်လေသည်။
ကံကောင်းစွာဖြင့် ကလေးဆရာဝန်ကလည်း ဆေးခန်း
ဖွင့်ရန် အိမ်မှအထွက်နှင့် တည့်တည့်တိုးခဲ့သည်။
" မြသွေး လာလိုက်တာ မှန်သွားတယ် ... ကလေးက
အသားဝါဝင်နေတယ်ဗျ ... ဆေးရုံတက်ရမယ် "
" ရှင် ... "
" ခုကျွန်တော် ဆေးရုံတက်ဖို့ ရေးပေးလိုက်မယ် ... သွား
လိုက်တော့ ... "
သို့နှင့် ဆေးရုံသို့ပြေးရပြန်သည်။ ကလေးဆေးရုံကြီး၌
ပြသပြီးသည့်အခါ ဆေးရုံလူနာဆောင်တွင် နေရဦးမည်
ဟု သိရသဖြင့် လိုအပ်သည်များအား ပြင်ဆင်ပေးရပြန်
သည်။
မကြာခင်မှာပင် ဧည့်တွေ့ချိန်ပြီးဆုံးပြီဖြစ်ကြောင်း သူနာ
ပြုတစ်ယောက်က လာသတိပေးသဖြင့် ...
" ငါတို့ ပြန်မှဖြစ်တော့မယ် မြသွေး ... နေတောင်ဝင်
သွားပြီ ... "
ဝေဝေကျော်စကားကြောင့် သက်မာမှာ မျက်နှာလေးငယ်
စွာဖြင့် မြသွေးကိုလှမ်းကြည့်လာလေ၏။ မြသွေးကလည်း ထားခဲ့ပြီးမပြန်ရက်နေချေ။
" လူနာရှင်တစ်ယောက်ပဲစောင့်ရမယ်တဲ့ ... သက်မာတော့
နေခဲ့လိုက်တော့ ... မနက်မှ မဝေတို့လာခဲ့မယ်နော် "
" ရော့သက်မာ ... လိုတာသုံးဖို့ယူထား ... "
မြသွေးက ပိုက်ဆံအနည်းငယ်ကို သက်မာလက်ထဲသို့
ထည့်ပေးလိုက်လေသည်။
" မမမြသွေး ... သက်မာကိုပစ်မထားပါနဲ့နော် ... စောစော
လာခဲ့မယ်မဟုတ်လားဟင် "
" လာမှာပေါ့ညီမရယ် ... စိတ်ချနော် "
ထိုသို့မှာခဲ့ကာ ပြန်လာလိုက်ကြတော့သည်။
နောက်တစ်နေ့မနက်တွင် သက်မာဝတ်ဖို့ အဝတ်တစ်စုံ
နှစ်စုံ ယူကာ ဆေးရုံသို့ထွက်လာရပြန်၏။ သက်မာထံ
ရောက်သည့်အခါ ကလေးငယ်မှာ အသားဝါ အနည်း
ငယ်လျော့လာပြီဖြစ်၍ အတိုင်းမသိဝမ်းသာသွားမိ
ခဲ့သည်။
" ဘယ်တော့ဆင်းရမယ်လို့ပြောလဲ "
" မသိသေးဘူး မမမြသွေး ... ပြောသံမကြားသေးဘူးပဲ "
" နေကောင်းသွားတဲ့အထိတော့ တက်ရအုံးမှာပေါ့လေ ...
ဒါနဲ့ မနေ့က ပြောစရာရှိတာ မပြောလိုက်ရဘူး "
မြသွေးကအစချီကာ ကြည်ပြာနှင့်ဆုံတွေ့ပုံများအား
တဖန်ပြန်လည်ပြောပြရပြန်သည်။
" ဒီလိုဆိုတော့လည်း တမျိုးကောင်းတာပေါ့ ... လူစိတ်
မရှိတဲ့ အဘိုးကြီးရဲ့မြေးဖြစ်ရတာထက် ကိုကြီးရဲ့သား
ဖြစ်ရတာကမှ သူ့အတွက်ကောင်းပါသေးတယ်မမရယ် "
" သက်မာ ဘာဆက်လုပ်မလဲ ... အိမ်ပြန်မှာလား ... "
သက်မာက ပြန်မဖြေဘဲ အခြား ကလေးလူနာဆီသို့
ငေးကြည့်နေလေသည်။
" ပြောအုံးလေ သက်မာရဲ့ "
" ပြန်လို့မှမဖြစ်တာမမရယ် ... လက်ထဲမှာလည်း ပိုက်ဆံ
မရှိ ... သွားစရာနေရာလည်းမရှိ ... သက်မာဘာလုပ်ရမှန်း
မသိတော့ဘူး "
" အိမ်ကိုတော့ အကျိုးအကြောင်းပြောပြမှရမယ်လေ "
" အိမ်ကိုလည်းမပြန်ချင်တော့ဘူး ... ပြောလည်းမပြော
ချင်တော့ဘူးမမမြသွေး ... ကိုမျိုးတို့ မဦးတို့ အမေတို့
လည်း မကြည်ပြာမိဘတွေနဲ့ဘာထူးသေးလဲ ... ပိုက်ဆံ
မြင်တာနဲ့ ကိုယ့်သွေးသားကိုတောင် မငဲ့နိုင်ကြဘူး ... "
" အဲ့လိုလည်းမဟုတ်ကြပါဘူးသက်မာရယ် ... သူတို့က
အမှုအခင်းဖြစ်မှာစိုးလို့ ပြောလိုက်ရတာနေမှာပါ ... "
" ဘူးခံငြင်းလို့ရသားပဲ ... မကြည်ပြာကိုယ်တိုင်တောင်
တစ်ယောက်ထဲမွေးတာလား အမွှာလားဇဝေဇဝါဖြစ်နေ
တာကို ... နောက်ဆုံးမမမြသွေးရယ် ... ကိုကြီးက နောက်
အပတ်ထဲ အမိန့်ချတော့မှာ ... မကြည်ပြာပိုက်ဆံကို ယူ
ကိုမယူသင့်တာ မဟုတ်လား "
သက်မာမှာ ဒေါသထွက်ကာ ခံစားရသမျှ ဖွင့်ဟပြောနေ
ရှာ၏။ မြသွေးမှာမူ ကလေးကိစ္စမည်သို့ဖြေရှင်းရမည်
မှန်း ကြံဆောင်၍ မရနေသေးချေ။
" ဟင် ... မမမြသွေး ... သက်မာပြောတာကြားရဲ့လား "
ငေးငိုင်နေရာမှ သက်မာအမေးကြောင့် မြသွေးမှာ အတွေး
များပြတ်တောက် သွားရတော့သည်။
" ဘာမေးလိုက်တာ ... မမ မကြားလိုက်လို့ "
" သက်မာတို့ကို မမခေါ်ထားပေးပါလားလို့ ... မမဘာခိုင်း
ခိုင်း သက်မာလုပ်ပါ့မယ် ... နေဖို့နဲ့ စားဖို့ပဲ စီစဉ်ပေးပါ
မမမြသွေးရယ် "
" အို ... မမလည်း အဲ့လောက်အထိ လုပ်ပေးဖို့က မလွယ်
သေးဘူးလေသက်မာရဲ့ ... အမေကရှိသေးတော့ ခက်တယ် "
သက်မာက မျက်နှာလေးငယ်သွားလေသည်။
" မလွယ်မှန်းသိပါတယ် ... သက်မာမှာ မမမြသွေးမှ
မကယ်ရင် ဘယ်သူ့မှကယ်မယ့်သူ မရှိတော့ပါဘူး "
" မနေ့ကမြင့်မြင့်ရီဆီနေတယ်ဆိုတာကရော ... "
" တစ်ည တောင်းတည်းတာပါမမမြသွေးရယ် ... အကြာကြီးနေလို့မရဘူးလေ ... "
" ဟင်း ... ဘယ်လိုလုပ်ရပါ့ "
မြသွေးလည်း သက်မာနှင့်ကလေးအတွက် ခေါင်းမီး
တောက်နေရသည်။
" ဒါဆို မမအိမ်ခဏပြန်လိုက်အုံးမယ် ... ညနေဧည့်တွေ့
ချိန်မှ တစ်ခေါက်ထပ်လာမယ်နော် "
သက်မာက မျှော်လင့်ချက်ကြီးစွာဖြင့် မြသွေးကို ငေး
ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။
မြသွေးကအိမ်ရောက်သည်နှင့် မိခင်ဖြစ်သူ၏ အရိပ်အကဲ
ကို စောင့်ကြည့်ရင်း စကားစရှာကြည့်နေ၏။
" ဟူး ... ခက်နေပြီ ... မေမေက လက်ခံမယ့်ပုံမရဘူး ... "
ပြောမည့်ဟန်ပြင်လိုက်သော်လည်း နှုတ်မှပြောမထွက်ဘဲ
ဖြစ်နေရသည်။ ထို့ကြောင့် ဝေဝေကျော်နှင့်တိုင်ပင်ရန်
ထပ်ထွက်လာရပြန်သည်။
" မြသွေး ... သမီးဆိုင်မသွားဘူးလား ... "
" ဟို ... သမီးလုပ်စရာလေးနည်းနည်းရှိနေလို့မေမေ "
" မနေ့ကလည်းနား ... ဒီနေ့လည်းမဖွင့်နဲ့ ... တစ်ရက်ဆို
လည်း တစ်ရက် ... ပိုက်ဆံကရှားကရှားသဘိနဲ့ကွယ် ...
ဘာတွေများလုပ်နေတာတုန်း "
" မနက်ဖြန်ဖွင့်မှာပေါ့မေမေကလဲ ... ဒီရက်ပိုင်း လူမှုရေး
ကိစ္စတွေများနေလို့ပါ "
မိခင်ဖြစ်သူက သူမ ထွက်သွားရာသို့ မကျေမချမ်းနှင့်
ကြည့်နေမည်ကို မြသွေး သိနေသော်လည်း မသိဟန်သာ ပြုနေလိုက်တော့၏။
" ဒါဆိုဘယ်လိုလုပ်ကြမယ် ... "
ဝေဝေကျော်က မျက်လုံးအဝိုင်းသားနှင့် မေးလာခဲ့သည်။
" ငါလည်းဘာလုပ်ရမယ်မသိတော့ဘူးဝေဝေရယ် ...
သက်မာက သူ့အိမ်ပြန်လို့မဖြစ်ဘူး ဖြစ်နေတာဟ ... "
" သူပြန်လို့တော့ရပါတယ် ... ကလေးပါသွားလို့ မဖြစ်
တာမလား "
" အေးလေ ... ကလေးမပါလို့လည်းဘယ်ရပါ့မလဲ ...
နောက်ပြီး ကလေးနဲ့ဆို ဒီမြို့မှာနေလို့မရဘူး ... အပျို
လေးက လသားကလေးနဲ့အတူရှိနေတယ်ဆိုတာ သံသယ
ဝင်မှာပဲ ... "
" ဟုတ်တယ် ... နင့်နားနေလည်းမရဘူးလေ ... သက်မာကို
သိတဲ့သူတွေ တွေ့သွားရင် အခက် "
ဝေဝေကျော်လည်း စဉ်းစားရကြပ်စွာ အကြံထုတ်မရ
ဘဲ ရှိနေတော့သည်။
"နောက်ဆုံး သူ့ကိုအခန်းလေးငှားပေးပြီး ထောက်ပံ့ပေးတာမျိုးတော့ လုပ်ပေးရမှာပေါ့ "
" နင်ထောက်ပံ့မှာလား ... "
" အင်း "
" အန်တီသိရင်မလွယ်ဘူးနော် ... ရပါ့မလား "
" မသိအောင်လုပ်ရမှာပေါ့ ... ငါဗိုက်ဆာတယ်ဟာ ...
ဘာဟင်းချက်လဲ "
" ငါးကြင်းဖြူကိုဆီလည်ရေလည်ချက်ထားတယ် ...
ချဉ်ရည်ဟင်းနဲ့ ငပိရည်ကျိုထားတယ် "
" သွားရည်တောင်ကျလာပြီ "
" လာ ... စားမယ် ... ထ "
မြသွေးက ဝေဝေကျော်အိမ်၌ပင် နေနေပြီး ညနေရောက်
သည့်အခါ နှစ်ယောက်အတူ ဆေးရုံသို့ထွက်လာခဲ့ကြသည်။
" အစ်မရေ ... ဒီကုတင်ကညီမလေးကို တွေ့မိသေးလား
ဟင် "
သက်မာကို မတွေ့သဖြင့် သူမ၏ကုတင်ဘေးမှ မိန်းမကြီးတစ်ယောက်ထံ မေးကြည့်လိုက်လေသည်။
" နေ့လည်ကတွေ့သေးတယ်ညီမရဲ့ ... ပြီးတော့အစ်မ
လည်း သတိမထားမိလိုက်ဘူး "
မြသွေးတို့မှာ ပျာယာပျာယာနှင့် လိုက်ရှာကြတော့သည်။
သူနာပြု၏စကားကြောင့် သူမတို့မှာ စကားသံပင်ပြန်
မထွက်လာနိုင်တော့ချေ။
" သူ့ကိုခုနက လာရှာကြတော့ ဘယ်မှာမှရှာမရတော့တာ
... ကလေးခေါ်ပြီး ပျောက်သွားတာပဲ ... ကလေးက ခုမှသက်သာခါစရှိသေးတာ ... ဆင်းရသေးတာမဟုတ်ဘူး ... ဆင်းပြေးသွားတာထင်တယ်... "
" ဘယ် ... ဘယ် ... ဘယ်သူက ... လာရှာတာ ... "
" သူ့အမေလားပြောတတ်ဘူး ... အန်တီကြီးတစ်ယောက်နဲ့
ယောကျာ်းနှစ်ယောက် လာကြတယ် ... အန်တီကြီးပုံစံက ခန့်ခန့်ချောချောပဲညီမ ... "
ဒေါ်မူယာနွယ်သာဖြစ်မည်မှန်း မြသွေးသိလိုက်ချေပြီ။
" ကျေးဇူးပါနော် ဆရာမ "
ဝေဝေကျော်၏လက်ကိုကုတ်ကာ ဆေးရုံမှ ပြန်ထွက်လာ
ကြတော့၏။
" နင့်အိမ်နဲ့ မြင့်မြင့်ရီအိမ် ကလွဲလို့ သူသွားမှာမဟုတ်ဘူး
... မြင့်မြင့်ရီဆီအရင်သွားကြည့်ရအောင် "
အငှားကားကိုငှားကာ မြင့်မြင့်ရီအိမ်သို့ ဦးတည်လိုက်ကြ
လေသည်။
" မြသွေး ... ဟိုဘွားတော်ကြီးသိသွားတာသေချာလောက်
တယ် "
" သိလို့ လိုက်လာတာပေါ့ဟ ... "
" ဘယ်လိုလုပ်ကြမလဲ "
" ကြည်ပြာပြောလိုက်တာတော့ မဖြစ်နိုင်ဘူး ... ဒေါ်ဒေါ်
တို့ဆိုရင်လည်း သက်မာရောက်နေမှန်းတောင် မသိကြ
သေးတာ ... ဘယ်လိုသိသွားကြပါလိမ့် "
" အဲ့ဒါအသာထား ... သက်မာကိုတွေ့မှဖြစ်မှာနော် "
မြသွေးမှာ စိတ်အပူကြီးပူကာ လက်ဖျားခြေဖျားများပင်
အေးစက်လာတော့၏။
မြင့်မြင့်ရီအိမ်သို့ရောက်သည့်အခါ သက်မာက ကလေး
နှင့် ပုန်းအောင်းနေသည်ကို တွေ့လိုက်ရသဖြင့် အနည်း
ငယ်တော့စိတ်အေးသွားကြသည်။
" မမမြသွေး ... ဟိုမိန်းမကြီးက သားလေးကို တွေ့သွား
ပြီ ... "
" ဘယ်လိုသိသွားတာလဲ "
" မပြောတတ်ပါဘူးမမမြသွေးရယ် ...ညီမအထင် တစ်ယောက်ယောက်တွေ့သွားလို့ သွားပြောလိုက်
တာနေမယ် "
" လူတွေကလည်းနော် ကိုယ့်ကိစ္စမဟုတ်တာကို သိပ်
လျှာရှည်ကြတယ် ... သူများအကြောင်းဆို ပြောဖို့တပြင်
ပြင်နဲ့ "
" ထားလိုက်ပါတော့ဟာ ... ခုသိသွားကြပြီဆိုတော့ ...
တစ်ခုခုလုပ်မှဖြစ်တော့မယ် ... ကြည်ပြာနဲ့တွေ့ရရင်ကောင်းမှာပဲ "
" သူနဲ့တွေ့ဖို့လွယ်မလားဟ ... သံကွန်ချာခုနှစ်ထပ်နဲ့
အုပ်ထားတာ ... နင်မလို့ပတ်သက်နေတာသိလား ... "
မြသွေးက လောလောဆည် မြင့်မြင့်ရီအိမ်၌ ပုန်းအောင်း
နေရန်မှာခဲ့ပြီး ပြန်လာခဲ့လေတော့သည်။
" မြသွေး ... "
မြသွေးက ဝေဝေကျော်ကို မော့ကြည့်လာသည်။
" ငါကတော့ ဒီကိစ္စမှာ နင့်ကိုဝင်မပါစေချင်တော့ဘူး ...
ပြောရရင်ဟာ ကြည်ပြာတို့အိမ်က လူဆန်ကြတာမဟုတ်
ဘူးဟ ... နင်ပါမှန်းသိပြီး တစ်ခုခုလုပ်မှာစိုးတယ် ... "
" ငါ့ကိုစိတ်မပူပါနဲ့ဟာ ... သူတို့ငါ့ကိုမသိပါဘူး ... "
" ဘာလို့မသိရမှာလဲ နင်သူတို့အိမ်တစ်ခါသွားသေးတယ်
ဆို ... "
" တစ်ခါလောက်နဲ့ မမှတ်မိလောက်ပါဘူးဟာ ... ခုအရေး
ကြီးတာက သက်မာနဲ့ ကလေးပဲ ... "
" ငါတော့ ဆက်မပါချင်တော့ဘူး ... အောင်မင်းရှိန်ကို
တော့ သနားမိပါရဲ့ ... အဲ့အိမ်နဲ့မပတ်သက်ချင်လို့ ငါ
မပါ ပါရစေနဲ့တော့ဟာ ... "
ဝေဝေကျော်၏စကားကြောင့် မြသွေးမှာ ပို၍ အားပျော့
သွားရတော့သည်။
" အေးပါဟာ "
ထိုသို့သာဖြေပြီး အိမ်သို့ပြန်လာခဲ့လိုက်သည်။
" မြသွေး ... ဒီမှာ စာရောက်နေတယ် "
မိခင်ဖြစ်သူကမ်းပေးလာသော စာအိတ်လေးကိုလှမ်းယူ
ကာ ကြောင်ကြည့်နေမိသည်။ စာအိတ်က ဖွင့်လျက်သား၊
ဖောက်ဖတ်ပြီးသားဖြစ်၏။
မြသွေးထံ မည်သူကစာတစ်တန်ပေတစ်တန်ပို့လာသ
နည်း။ စဉ်းစားမတတ်သဖြင့် တွေးမနေတော့ဘဲ ဖွင့်ဖတ်
ကြည့်လိုက်သည်။
" မမြသွေး
ကျွန်မ ကြည်ပြာစာရေးလိုက်ပါတယ်။ လူကိုယ်တိုင်လာ
ချင်ပေမယ့် အိမ်ကနေဘယ်လိုမှ ထွက်မရလို့ အိမ်စေမလေးနဲ့
တိုးတိုးတိတ်တိတ်စာပို့ခိုင်းရတယ်။ ကျွန်မကို
ကူညီလက်စနဲ့ ဆက်လက်ကူညီပေးဖို့ ညိုးငယ်စွာတောင်း
ဆိုပါရစေမမြသွေးရယ်။ သားအမွှာတွေဆိုတာ မေမေတို့
သိသွားကြပြီ။ ဖေဖေ့တပည့်တစ်ယောက်က သူ့ကလေး
မကျန်းမာလို့ ဆေးရုံလာတက်ရင်း သက်မာနဲ့ကလေးကို
တွေ့သွားတယ်။ ဖေဖေ့ကိုပြောပြလိုက်တဲ့အခါ အမွှာဆို
တာ သိသွားပြီး သားလေးတို့ကို လက်စဖျောက်ဖို့ ကြံစည်
နေကြပြီ။ ကျွန်မကတော့ တစ်ယောက်ပဲမွေးတာပါလို့
ဆက်လိမ်ထားပါတယ်။ ဒါကြောင့် ဖေဖေတို့နောက်ထပ်
ဘာမှမလုပ်နိုင်အောင် သက်မာနဲ့သားလေးကို တခြားအဝေးမှာနေဖို့
ကူညီပေးစေချင်တယ်။ သက်မာတို့အတွက်
ကုန်ကျငွေကို ကျွန်မလတိုင်းပို့ပေးပါ့မယ်။ မမြသွေးက
သူတို့ကို လုံခြုံတဲ့နေရာလေးမှာ ထားထားပေး
ပါလို့ လက်အုပ်ချီမိုးပြီး အကူအညီတောင်းလိုက်ပါ
တယ်ရှင်။ သားလေးရဲ့အသက်ကို ကယ်တင်ပေးနိုင်
တဲ့သူက ခုချိန်မှာ မမြသွေးတစ်ယောက်ပဲရှိပါတယ်။
ဒီကျေးဇူးကိုလည်း ကျွန်မသေချာပြန်ဆပ်ပါ့မယ်။
ရိုသေလေးစားစွာဖြင့်
ကြည်ပြာ "
မြသွေးက ကြည်ပြာထံမှစာဖြစ်နေသည့်အပြင် မိခင်
ဖြစ်သူဖတ်ပြီးကြောင်း သိသွားသဖြင့် ခေါင်းနဘမ်း
ကြီးသွားမိတော့သည်။
" မေမေ "
ကြောက်ကြောက်ရွံ့ရွံ့နှင့် တုန်ရင်နေ၏။
" ခုတလော ဘာတွေလုပ်နေတာလဲဆိုပြီး သံသယဝင်နေ
တာ ... သူများအိမ်တွင်းရေးကိစ္စမှာ ဝင်ပါနေလို့ မအား
တာကိုး "
" သမီးတောင်းပန်ပါတယ်မေမေ ... ကလေးလေးကိုသနား
လွန်းလို့ပါ ... ဦးစိန်မောင်တို့က သူ့မြေးနှစ်ယောက်လုံးကို
သတ်ပစ်ဖို့ အမျိုးမျိုးကြံစည်နေကြတာ ... သမီး ... "
" အသက်ကြီးပြီး လူစိတ်မရှိတဲ့ မကောင်းဆိုးရွားကြီး
ပါလား ... "
" ဟုတ်တယ်မေမေ ... ခု သူ့ကြောင့်အားလုံး ဒုက္ခရောက်
နေကြရပြီ ... သမီးလည်းဘာလုပ်ရမှန်းမသိတော့ပါဘူး "
" သမီးကဘယ်လိုလုပ်ချင်လဲ ... ကလေးအသက်ကို
ကယ်ချင်သလား "
မြသွေးက မျက်လုံးအရောင်လေးတောက်ကာ မိခင်ကို
မော့ကြည့်လိုက်သည်။
" သမီးကယ်ချင်တယ်မေမေ ... "
" အင်းပေါ့လေ ... မေမေတို့မှာလည်း ဒီသားအမိနှစ်
ယောက်ထဲရှိကြတာ ... သမီးကလည်း အိမ်ထောင်ပြု
မယ့်ပုံမရ ... မေမေမရှိတော့ရင် မျက်စိသူငယ် နားသူ
ငယ်နဲ့ အဖော်မဲ့ရှာတော့မယ် ... သူတို့တူဝရီးနှစ်ယောက်
က သမီးနဲ့ အဖော်ရတာတော့ဟုတ်ပါရဲ့ ... ဒါပေမယ့် ...
သွေးရင်းချာအမျိုးတွေလည်းမဟုတ်တော့ အဆင်ပြေ
နိုင်ပါ့မလား "
" သမီးက ဒီလိုစဉ်းစားထားပါတယ်မေမေ ... သက်မာ
ကို အိမ်မှာအလုပ်ပေးထားလိုက်ရင် သမီးလည်း အလုပ်
သေချာလုပ်လို့ရတယ် ... မေမေလည်းအဖော်ရတယ်...
ခက်တာက သူ့ကိုခေါ်ထားရင် ခြေရာဖျောက်မှဖြစ်မှာ
မေမေ "
" အင်း "
မြသွေးမမေက ခေတ္တတိတ်ဆိတ်သွားသည်။
" ခုနကစာဖတ်ကြည့်တော့ ကလေးမလေးခမျာ သားနဲ့
ရှင်ကွဲကွဲရင်ကွဲ မကွဲရင် သေကွဲကွဲရတော့မယ် ... မေမေ
ကိုယ်ချင်းစာပါတယ် ... မေမေတောင် သမီးကို ခုချိန်ထိ
စိတ်မချတာ ... သူ့ခမျာ အနှီးထုပ်ကလေးကို ဘယ်လို
စိတ်မျိုးနဲ့ စိတ်ချနိုင်ပါ့မလဲ ... မိခင်ချင်းကိုယ်ချင်းစာ
မိပါတယ် ... အမေတစ်ယောက်ရဲ့ မေတ္တာကိုလည်းခံ
စားမိတယ်သမီးရဲ့ "
" မေမေရော ကူညီပေးချင်တယ်မဟုတ်လားမေမေ "
" အကြောင်းကံရေစက်ကဒီလိုဖြစ်လာပြီပဲကွဲ့ ... ကလေး
အသက်ကို ကယ်ဖို့ကံပါလာတယ်ပဲ မှတ်ယူရတော့မှာပေါ့ "
မြသွေးမှာ ဝမ်းသာစွာဖြင့် အမေဖြစ်သူကို ပွေ့ဖက်ထား
တော့လေသည်။ ထို့နောက် သက်မာကို အမျိုးများရှိရာ
မန္တလေးသို့ ခေါ်ဆောင်ရန် စီစဉ်လိုက်ကြသည်။
အောင်မင်းရှိန်၏မိခင်ကို တိုးတိုးတိတ်တိတ်အခေါ်ခိုင်း
ပြီး ကလေးကိစ္စဘူးခံငြင်းရန် သေချာသင်ခဲ့ရသည်။
မိသွားပါက မြေးဖြစ်သူနှင့်အတူ သက်မာပါ အသက်
အန္တရာယ်ကျရောက်လိမ့်မည်ဟု သတိပေးသည့်အခါ
အဆင်ပြေသွားခဲ့လေသည်။
ထို့နောက်မြသွေးတို့သည်လည်း အိမ်ကို အိမ်ရှင်ထံပြန်အပ်ကာ
ပြောင်းရွေ့သွားကြတော့၏။ မိခင်ဖြစ်သူ မမာသဖြင့် ဆေးကုရန်
ပြောင်းရွေ့သွားရကြောင်း သတင်းလွင့်သွားခဲ့သည်။
မြသွေးတို့ မည်သည့်နေရာ၌ နေထိုင်ကြသည်ကိုမူ ဝေဝေကျော်တစ်ယောက်မှလွဲ၍ မည်သူမှမသိကြသလို ကြည်ပြာနှင့်ပတ်သက်လိမ့်မည်ဟုလည်း မထင်မိကြချေ။
ကြည်ပြာကိုယ်တိုင်လည်း ၎င်းတို့မည်သည့်နေရာသို့
ပြောင်းရွေ့သွားကြကြောင်း မသိခဲ့ရ။ မြသွေးတို့ ခြေ
ရာဖျောက်သွားပြီး လအတော်ကြာသည့်အခါ ကြည်ပြာ၏
မင်္ဂလာပွဲအကြောင်း သတင်းထွက်လာခဲ့သည်။
ဒိတ်ဒိတ်ကြဲသူဌေးပွဲဖြစ်၍ လူအများ၏ စိတ်ဝင်စားမှု
အခံရဆုံးလည်းဖြစ်သည်။ ကြည်ပြာကလေးမွေးဖူးသည့်
အရာကို သိသူများအား ငွေနှင့်သတင်းဖုံးလိုက်သဖြင့်
ထိုကိစ္စကို ပြောဆိုသူ မရှိကြတော့ချေ။
အောင်မင်းရှိန် အလုပ်ကြမ်းနှင့် ထောင် ( ၅ ) နှစ်ကျ
ကြောင်း သတင်းသဲ့သဲ့ကိုတော့ကြည်ပြာ ကြားခဲ့သည်။
ဘဝနှစ်ခုမှာ မည်သို့မှပေါင်းစည်းမရနိုင်တော့သဖြင့်
ခေါင်းထဲက အတင်းထုတ်ထားရသည်။ ရင်ထဲ၌မူ နာကျင်နေရဆဲပင်။
ဤသို့နှင့် ဒေါ်တိုးကြည်က အမွှာကလေးအငယ်ကို မွေး
စားကာ ပြုစုပျိုးထောင်ပေးပြီး မြသွေးတို့က အမွှာကလေးအကြီးကို စောင့်ရှောက်ခဲ့ကြသည်။
တစ်မအေထဲထွက်လာကြသော ကလေးနှစ်ယောက်မှာ
တနေရာစီ၊ တမြို့စီ ရှင်သန်ကြရရှာသည်။ ဒေါ်တိုးကြည်
ထံကျန်ရစ်သည့် ကလေးက တခါတလေ မိခင်ဖြစ်သူလာ
ကြည့်တတ်သဖြင့် ပြည့်ပြည့်စုံစုံနေရသည်။
သက်မာနှင့်အတူနေရသောတစ်ယောက်မှာ ချမ်းချမ်း
သာသာမနေရသော်လည်း ပျော်ပျော်ရွှင်ရွှင်တော့ကြီး
ပြင်းရရှာသည်။
မန္တလေး၌နေထိုင်စဉ်မှာပင် ကံကြမ္မာဆိုးကြီးက ဝင်
နှောက်လာပြန်၏။ သက်မာမှာ အမျိုးသမီးရောဂါခံစား
လာရပြီး သားအိမ်၌ အလုံးတည်သဖြင့် ဆေးရုံတက်
ကာ ခွဲထုတ်ရသည်။
ခွဲပြီးသော်လည်း မသက်သာရှာ။ တရှောင်ရှောင်ဖြစ်ကာ
ခြောက်လအကြာမှာပင် ဆုံးပါးသွားခဲ့လေသည်။ သက်မာ
မရှိတော့သည့်အခါ ကလေးကိစ္စကတဖန် အရေးဖြစ်လာပြန်သည်။
သက်မာ၏ မိခင်နှင့်ဖခင်တို့ကလည်း ဆင်းရဲသည့်ကြား
ထဲ မကျန်းမာကြသဖြင့် ကလေးကိုခေါ်ထားဖို့ အဆင်မပြေ။
ကိုမျိုးနှင့် မဦးတို့က အိမ်ထောင်ကွဲဖြစ်ကြသည့်အပြင်
ဝင်ငွေကလည်း ဝင်တလှည့် မဝင်တလှည့် ဖြစ်၍ မွေးမထားနိုင်ကြချေ။
" သမီးလည်း ဒီကလေးကို သံယောဇဉ်ဖြစ်နေမိပြီ ...
အိမ်မှာသူမရှိရင် ဟာတာတာဖြစ်သွားမှာ "
မြသွေးအမေကလည်း ထိုကလေးနှင့်သာ အဖော်ပြုရင်း
စိတ်ပျော်နေသူဖြစ်၍ မြသွေးစကားကို ထောက်ခံလေသည်။
" ကလေးတစ်ယောက်များ မေမေတို့ ကျွေးနိုင်ပါတယ်...
ဟိုကမှအဆင်မပြေကြတာ ... ဒီမှာပဲနေပါစေတော့ "
မိခင်ဖြစ်သူကိုယ်တိုင်ကလည်း ကလေးကို သံယောဇဉ်
ရှိနေရှာလေပြီ။ ထို့ကြောင့် မြသွေးတို့က ဆက်လက်
စောင့်ရှောက်ထားပေးလိုက်ကြတော့၏။
ကလေးငယ်ကလည်း နှစ်နှစ်အရွယ် စကားပြောတတ်
ခါစ ရောက်လာသဖြင့် အိမ်၏ဆည်းလည်းသဖွယ် ဖြစ်
နေပြီလည်းဖြစ်သည်။
" ဘွားဘွား ... "
" အေး ... ပေတူးလေး ... လာ လာ ဘွားဘွားဆီ "
ကလေးက သူ့ကိုယ်သူဟန်ချက်ထိန်းရင်း လျှောက်လာ
ပြီး သူ့လက်ထဲကိုင်ထားသော ဘီစကစ်ကို ပါးစပ်ထဲ
ထိုးထည့်၏။
ထိုအပြုအမူများကြောင့်လည်း ကလေးကို အချစ်ပိုလာ
ကြရသည်။
" ဟင်း "
" ဘာတွေသက်ပြင်းချနေတာလဲမေမေ "
ဆိုင်သိမ်းပြီးပြန်လာသော မြသွေးက လှမ်းမေးလာသည်။
" ရှေ့ရေးစဉ်းစားရင် ခေါင်းတွေရှုပ်လို့ပါသမီးရယ် "
" ဘာစဉ်းစားနေတာလဲမေမေရဲ့ ... ဘာကိုစိတ်ပူနေ
တာလဲ "
" အောင်မင်းရှိန်က လျော့ရက်တွေနဲ့ဆို နောက်နှစ်လောက်
လွတ်မယ်မဟုတ်လား ... "
" မသိသေးပါဘူးမေမေရယ် ... သူ့ကိုလည်း သွားမတွေ့
ဖြစ်တော့ လွတ်လာရင်တော့ သမီးဆီရောက်လာမှာပါ "
" အဲ့ဒါပြောတာလေ ... သူရောက်လာရင် ပေတူးလေးက
ပြန်လိုက်သွားရတော့မှာ ... "
မြသွေးလည်း ထိုအခါ ရင်ထဲနွမ်းလျသွားသကဲ့သို့ ခံစားလိုက်ရ၏။
ပေတူးလေးကို သူမ သံယောဇဉ်တွယ်နေမိပြီ။
မွေးကတည်းက ခိုးလာပြီး ပြဿနာအမျိုးမျိုးရင်ဆိုင်
ခဲ့ရသည်။ လသားအရွယ်သူ့လက်ထဲရောက်လာပြန်
တော့လည်း ချေး သေး အစ သူမလက်နှင့် သန့်စင်ပေး
ရသည်။
ယခုအချိန်တွင်မူ ပေတူးလေးက သူမ၏ သားအရင်း
သဖွယ်ဖြစ်နေချေပြီဖြစ်၏။ ကလေးကို ပြန်မပေးလို
တော့ပေ။
ပေတူးလေးက သူမတို့သားအမိအတွက် စိတ်ချမ်းမြေ့
စရာ နေရာလေးတစ်ခု ဖြစ်နေ၍ မခွဲခွာလိုခဲ့။
" မေမေလည်း တခါတလေ စဉ်းစားမိတယ်... "
" ဘာကိုလဲမေမေ "
" သမီးနဲ့ အောင်မင်းရှိန်ကို နေရာချပေးခဲ့ရမလားလို့ "
" ရှင် "
မြသွေးမှာ မျက်လုံးလေးဝိုင်းစက်ကာ ပြူးကျယ်သွား
လေတော့သည်။
ဆက်လက်ဖော်ပြပါမည်
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory