ရပ်ကွက်ထိပ်ကွမ်းယာဆိုင်၌ ဖြစ်သည်။ ကွမ်းယာဝယ်ယူ သုံးလေးယောက်လောက်ရှိကာ ဆိုင်ရှင်က ..
“ဟေ့ကောင်တွေ ငွေသော် ထောင်ကလွတ်လာပြီထင်တယ်”
ဆိုင်ရှင်ညွှန်ပြရာဆီကို အားလုံးအကြည့်တွေ ရောက်သွားကြသည်။
“ဟာ .. အေးဟ ငွေသော် မှ ငွေသော် အစစ်ပဲ”
တစ်ရပ်ကွက်စလုံး ငွေသော် လွတ်လာပြီဆိုတဲ့ သတင်းစကားက ပျံ့နှံ့သွား၏။ ဆိုရရင် ငွေသော် အိမ်မရောက်သေးခင်မှာပင် ငွေသော်ပြန်လာပြီဆိုတဲ့သတင်းက ကြိုတင်ရောက်နှင့်နေပြီဖြစ်သည်။ အိမ်ရောက်တော့ အိမ်က အရင်ကလို ခနော်နီခနော်နဲ့လေးမဟုတ်တော့။ သပ်သပ်ရပ်ရပ်လေးဖြစ်နေသည်။ အိမ်ရှေ့အဝမှာ မတိုးငွေက ငွေသော်ကို မျှော်နေပုံရသည်။
“ငွေသော် .. လွတ်လာတာဘာလို့ ကြိုမပြောတာလဲ အမေ လာကြိုမှာပေါ့”
“ပင်ပန်းပါတယ် အမေရာ” ‘
သိပ်မကြာခင်မှာပဲ ညီဖြစ်သူ အလုပ်က ပြန်ရောက်လာသည်။ ခြောက်နှစ်ဆိုတဲ့အချိန်ကာလက သိသာတဲ့ပြောင်းလဲမှုကို ပေးစွမ်းနိုင်သည်ဟု ဆိုရမည်။ ငွေသော် က သူ့ညီကို ကြည့်ပြီး သဘောကျသွားသည်။ အရင်တုန်းက ကနွဲ့ကလျပုံစံမျိုးမဟုတ်တော့ဘဲ ထောင်ထောင်မောင်းမောင်းနှင့် ကြည့်လို့ကောင်းနေ၏။ သူတို့ သားအမိ သုံးယောက် ထမင်းလက်ဆုံစားကြသည်။ ငွေသော် က ဖအေဖြစ်သူအကြောင်းကို တခွန်းမှမမေး။ မတိုးငွေက မမေးဘဲနှင့် မပြောချင်။ သူ့သားအနေနဲ့ သူ့အဖေအပေါ် ဘယ်လိုခံစားချက်ထားသလဲဆိုတာ သူသိသောကြောင့်ပင်။ နောက်ပြီးတော့ မတိုးငွေ စိတ်ထဲမှာ စိုးရိမ်စိတ်တွေက ကိန်းအောင်းနေသည်။ အဲဒါကတော့ ...
“အမေ .. သား စက်မှုဇုံဘက် ခဏသွားလိုက်ဦးမယ်”
မတိုးငွေက ပြာပြာသလဲဖြင့် ..
“သားရယ် .. နားနားနေနေ နေပါဦး .. မသွားနဲ့ .. မသွားနဲ့.. “
“ဘာလို့လဲ အမေရ .. သား ကောင်မလေးကို သွားတွေ့ချင်လို့”
မတိုးငွေ တစ်ယောက် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး .. နောက်လည်း သိရမယ့်အတူတူ အခုပဲ ပြောလိုက်ဖို့ ဆုံးဖြတ်လိုက်ပုံရ၏။
“သူ အိမ်ထောင်ပြုသွားပြီ”
မတိုးငွေ ထင်ထားတာက အဲဒီ စကားကြောင့် ငွေသော် တစ်ယောက် ရှူးရှူးရှားရှားဖြစ်သွားမည်ဟု ထင်ထားတာ။ ဒါပေမဲ့ ငွေသော် က တည်တည်ငြိမ်ငြိမ်ပဲ ..
“ဟုတ်လား .. ဘယ်သူနဲ့လဲ”
“အမေလည်း မသိပါဘူး .. သတင်းပဲ ကြားတာ ..”
“အင်း .. ဒါဆိုလည်း မသွားတော့ပါဘူး”
မတိုးငွေ တော်တော်ကြီးကို အံ့အားသင့်သွားမိသည်။ ငွေသော်က ငွေသော်နဲ့မတူအောင်ကို တည်ငြိမ်အေးဆေးလွန်းနေတာကြောင့်ပင်။ တစ်ချိန်တုန်းက ငွေသော် ဆိုတာ အဲဒီလိုပုံစံမျိုးမှ မဟုတ်တာ။ အခုတော့ ငွေသော် ပြောင်းလဲသွားသည်ဟု ယုံကြည်လိုက်ရတော့မလိုပါပဲ။ ငွေသော်က ထောင်က ထွက်လာပြီး တစ်ပတ်လောက်အထိ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ အေးအေးလူလူ အနားယူနေသည်။ မတိုးငွေကတော့ သူ့သား လိမ္မာသွားပြီဟုပဲ ယုံကြည်သွားပုံရသည်။
တစ်ရက်မှာတော့ .. ငွေသော် က ခရီးဆောင်အိတ်ထဲကို အဝတ်အစားတွေထည့်နေသည်။ မတိုးငွေက မြင်တော့ ..
“ဘယ်သွားမလို့လဲ”
“ခရီးသွားစရာလေးရှိလို့ သုံးပတ်လောက်တော့ကြာမယ်”
“ဘယ်ကိုသွားမှာလဲ”
“ကရင်ပြည်နယ်ဘက်ပါ”
မတိုးငွေလည်း ဆက်မမေးတော့ဘူး။ နောက်ထပ်ရန်မဖြစ်တော့ဖို့၊ မူးယစ်ဆေးတွေ မလုပ်တော့ဖို့ မှာလိုက်သည်။ ညီဖြစ်သူက ငွေသော်အတွက် လမ်းစရိတ်ထုတ်ပေးလိုက်သေးသည်။
ရာဘာခြံတွေ တစ်ခြံပြီးတစ်ခြံဖြတ်သွားပြီးနောက်မှာတော့ တဲအိမ်လေးတစ်ခုကို တွေ့လိုက်ရ၏။ ငွေသော်က အသံပြုလိုက်တော့ တဲထဲက အသက် ၄၀ ခန့် လူကြီးတစ်ယောက် ထွက်လာသည်။
“ဦးလေးက ဦးချစ်ကိုလား မသိဘူး”
“ဟုတ်တယ် မင်းက ဘယ်သူလဲ”
လေသံက ခပ်မာမာပင်။
“ကျနော့်ကို ဦးသန်းဝင်း လွှတ်လိုက်တာပါ”
ဦးချစ်ကို က မျက်မှောင်ကို ကြုံ့လိုက်ပြီး ..
“သူ့ကို ငါမသိပါဘူး”
“ဦးလေးက ဘယ်သိမလဲ .. “
ငွေသော် စကားကို ဆက်မပြောသေးဘဲ တဲနားကို ကပ်သွားသည်။ ဦးချစ်ကို က ..
“မင်းက ငါ့ဆီ ဘာလာလုပ်တာလဲ”
ငွေသော် က ဘာမှဆက်မပြော။ တဲထဲကို ဝေ့ကြည့်လိုက်သည်။ ဘယ်သူမှ မရှိတာ သေချာတော့မှ ..
“ကျနော်က အကြွေးလာတောင်းတာ”
“ဘာ .. “
ဦးချစ်ကို ပုံစံက ဘာကိုမှ နားမလည်တဲ့ ပုံစံနှင့်။ ငွေသော် က .. ခါးကြားထဲ က ပစ္စတိုကို ဦးချစ်ကို မြင်သာအောင်ပြလိုက်ပြီး ..
“လေသံကို နည်းနည်းလျှော့ .. မေ့နေရင် အမှတ်ရအောင်လုပ်ပေးမယ် ဟုတ်ပြီလား”
ဦးချစ်ကို တွန့်ကနဲဖြစ်သွား၏။ ပြီးတော့ အခြေအနေကိုလည်း အနည်းငယ်ရိပ်စားမိသွားသည်။ ခုနကတုန်းက မသိချင်ယောင်ဆောင်ပြီး လိမ်ခဲ့တာ အလုပ်မဖြစ်မှန်းလည်း သိသွားပုံရသည်။
“ငါပြောမယ်ကွာ .. အဲဒီတုန်းက အဖြစ်အပျက်တွေက ငါ့အမှားမဟုတ်ခဲ့ဘူး”
ငွေသော်က ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး ..
“ကျနော်က ဟိုးအဝေးကြီးက လာရတာ။ ခင်ဗျားကြီး ရှင်းပြတာကို နားထောင်ဖို့အချိန်မရှိဘူး။ အဲဒီတော့ ရှင်းရှင်းပဲ မေးမယ်။ ပေးစရာရှိတာပေးမလား ... ဒါမှမဟုတ် ကျနော် ကျည်အကုန်ခံရမှာလား”
ဦးချစ်ကို ဆိုသူက သွေးနည်းတဲ့သူ ပုံစံမျိုးတော့ မဟုတ်။ အဲဒါကို ငွေသော်က အကဲခတ်မိသည်။ ဒါကြောင့် ပစ္စတိုပေါ်လက်ကို တင်လိုက်သည်။ ရုတ်တရက် ဦးချစ်ကို က တဲထဲကို ပြေးဝင်သွားသည်။ ငွေသော်ကလည်း လက်က အရမ်းမြန်သည်ဆိုရမည်။ ကျဉ်ဆံက လည်ပင်းက ဖောက်ထွက်သွားသည်။ ဦးချစ်ကို ငြိမ်ကျသွား၏။ ငွေသော်က အေးအေးဆေးဆေးပင် ပြန်လှည့်ထွက်လာခဲ့သည်။
ငွေသော် ရန်ကုန်ကို ပြန်ရောက်လာသည်။
“သူ့ဘက်က သေမဲ့လမ်းကို ရွေးသွားတယ်”
“သူသေသွားတာ သေချာပြီလား”
“အစ်ကိုကြီး စုံစမ်းကြည့်ပါ ကျနော့်လက်နဲ့ သေချာရှင်းခဲ့တာ”
ဦးသန်းဝင်းက ကျေကျေနပ်နပ်ပြုံးလိုက်ပြီး ..
“ကြိုက်ပြီကွာ .. မင်းက ငါလိုချင်တဲ့ အရည်အချင်းတွေနဲ့ ကွက်တိပဲ”
“ဒါဆို ကျနော့်ကို ပေးစရာရှိတာ ပေးလိုက်တော့လေ”
“ပေးမှာပေါ့ကွ..”
ပိုက်ဆံ ၅သိန်း အုပ်တစ်အုပ်ကို ဦးသန်းဝင်းက ငွေသော် ကို လှမ်းပေးလိုက်သည်။ ပြီးတော့ ..
“မင်းငါ့ဆီမှာ အလုပ်လုပ်မလား”
“ကျနော် လူသတ်ရတာ သိပ်မကြိုက်ဘူး။ အခုက ငွေလိုနေလွန်းလို့”
“လူသတ်စရာမလိုဘူးကွာ .. မင်းအတွက် ငွေကြေးဖူလုံစေရမယ်”
“ကျနော် ပြန်ဆက်သွယ်လိုက်မယ်ဗျာ”
စာရွက်ပေါ်မှာ ပါတဲ့ လိပ်စာက နည်းနည်းတော့ မှားယွင်းနေသည်။ ဒါပေမဲ့ ငွေသော်လည်း ဟိုမေးဒီမေးနှင့် ဆိုက်ဆိုက်မြိုက်မြိုက်တော့ ရောက်သွား၏။ အိမ်ရဲ့ အခြေအနေက တော်တော်လေးဆိုးရွားသည်။ ကျူးဆိုတော့လည်း ဒီလောက်တော့ ရှိမှာပဲ ဟု တွေးလိုက်သည်။
“မနှင်း ရှိလား ခင်ဗျ”
၆နှစ်အရွယ် မိန်းကလေး တစ်ယောက်ထွက်လာပြီး ..
“မေမေ မရှိဘူး ဦးဦး .. ညနေလောက်မှ ပြန်ရောက်မှာ”
“ကျွတ် .. “
ငွေသော် စိတ်ညစ်သွားသည်။ ပြီးတော့ .. ကလေးမလေးကို ၁ရာတန်တရွက် ထုတ်ပေးခဲ့ပြီး ..
“ညနေမှ ဦးဦးပြန်လာခဲ့မယ်”
“ဟုတ်”
ငွေသော်လည်း အနီးအနားမှာ အရက်ဆိုင်တဆိုင်ရှိလိုရှိငြား လိုက်ရှာပြီး အရက်သောက်ပြီး ထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ညနေ ၆နာရီ မှောင်လုမှောင်ခင်လောက်ရောက်တော့နောက်တခေါက်ပြန်သွားသည်။ အရက်သောက်ထားသောကြောင့် ငွေသော်လည်း ရီဝေဝေတော့ဖြစ်နေသည်။
“မနှင်းဆိုတာ .. ခင်ဗျားလား .. “
“ဟုတ်တယ် .. ရှင်က ဘယ်သူလဲ”
“ကျနော်က ကိုစိုးလှ နဲ့ ထောင်ထဲမှာ ခင်ခဲ့တဲ့သူ”
မနှင်း ရဲ့ မျက်နှာမှာ ဝမ်းနည်းရိပ်တို့သန်းသွားသည်။
“ရော့ .. “
ငွေသော်က ပိုက်ဆံအထပ်လိုက် ကမ်းပေးလိုက်တော့ .. မနှင်းက တအံ့တဩနှင့် ..
“ဒီပိုက်ဆံတွေက .. ?”
“ကျနော် ထောင်ထဲမှာတုန်းက ကိုစိုးလှ ကူညီခဲ့လို့ အသက်ရှင်ခဲ့ရတာ .. အဲဒါ ကျေးဇူးလာဆပ်တဲ့သဘောပေါ့ဗျာ”
“ကျွန်မ မယူရဲဘူး”
“ဘာလို့လဲ .. “
“အစ်ကို က ကြိုက်မှာမဟုတ်ဘူး”
“ယူစမ်းပါဗျာ .. ကျနော်လည်း သူ့ကို သွားတွေ့ပြီး အကျိုးအကြောင်းပြောပြဦးမှာပါ ကလေးရှေ့ရေးလည်းရှိသေးတာကို”
ငွေသော်က အတင်းထိုးပေးတော့ မနှင်းလည်း လက်မခံချင်လက်ခံချင်နှင့် ယူထားလိုက်၏။ အခုမှ ငွေသော်လည်း စိတ်ထဲမှာ နည်းနည်းပေါ့ပေါ့ပါးပါးဖြစ်သွားသည်။
ငွေသော်နှင့် ကိုစိုးလှ က ထောင်ထဲမှာ အလွန်ခင်မင်ရင်းနှီးသွားကြတာဖြစ်သည်။
“ကောင်လေး .. မင်းက ဘာအမှုတုန်းဟ”
“ကျနော်က ဆေးမှုပါ .. အစ်ကိုကရော .. “
“ငါကတော့ နှစ်လောင်းပြိုင်လူသတ်မှုပေါ့ကွာ”
ငွေသော် အံ့အားသင့်သွားသည်။ ဘာဖြစ်လို့လည်းဆိုတော့ ထောင်ထဲမှာ လူသတ်မှုနဲ့ရောက်လာတဲ့သူတော်တော်များများက နည်းနည်းပါဝါပြကြလေ့ရှိသည်။ အခု ကိုစိုးလှက ထိုသို့မဟုတ်။ ထောင်သက်လည်းရင့်နေပြီ၊ လူသတ်မှုနဲ့လည်း ကျလာတာတောင်မှ သိုသိုသိပ်သိပ်အေးအေးဆေးဆေးနေသည်။ ဒါကြောင့် ငွေသော်လည်း ထောင်ထဲမှာ ကိုစိုးလှနှင့် မိတ်ဆွေဖွဲ့ဖြစ်သွားတာပဲ ဖြစ်၏။
“ငါ့မိန်းမနဲ့သမီးလေးကိုတော့ မပူမပင်လေးထားချင်တယ်ကွာ .. ခက်တာက ငါက လွတ်ဖို့က ကြာဦးမှာ။ အခုသူတို့ ကျူးတဲမှနေနေရတယ်လို့ကြားတော့ စိတ်မကောင်းဘူးကွာ”
ကိုစိုးလှ ထိုသို့ပြောဖူးသည့် စကားကြောင့် ငွေသော်က ထောင်က ထွက်ထွက်ချင်း ပထမဆုံးငွေရှာပြီး ကိုစိုးလှရဲ့ မိန်းမဆီသွားပြီး ကူညီလိုက်တာပင် ဖြစ်သည်။ ပြီးတော့ သူ့အတွက် ငွေရှာဖို့အတွက်ဆိုရင် ဒီလောကထဲကိုတော့ မဖြစ်မနေပြန်ဝင်ရဦးမည်။ ငွေသော်တစ်ယောက် သက်ပြင်းမောတွေကို မှုတ်ထုတ်လိုက်ပြီး .. ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ငယ်ငယ်တုန်းက အခုလိုမျိုး ညနက်မှ အိမ်ပြန်ရင် အရက်သောက်နေတဲ့ အဖေဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းထိုးကြိတ်ခံခဲ့ရဖူးတဲ့ အဖြစ်ကိုလည်း သွားတွေးမိသည်။ အခုတော့ ..သူ ဘဝကြမ်းကြမ်းမှာ ဒီလမ်းဟောင်းပေါ်ပဲ ဆက်လျှောက်ရဦးမည်ထင်ပါရဲ့။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory