
မြသွေးတို့ခြေရာဖျောက်သွားပြီး ( ၅ )လခန့်အကြာတွင်
ကြည်ပြာက ကိုဇော်နိုင်နှင့် လက်ထပ်လိုက်ရသည်။
နောက်ကိုယ်ဝန်လွယ်ထားရကြောင်း ကြားသိပြီးကတည်း
က ကြည်ပြာ၏အကြောင်းကို အချိန်တော်တော်ကြာ
သည်အထိ မြသွေးမသိတော့ချေ။
ကလေးကိုပြန်လာခေါ်မည်ဟု ပြောခဲ့ဖူးသော်လည်း ယခု
အခါ၌ နောက်အိမ်ထောင်နှင့် ကလေးရသွားပြီဖြစ်၍
ပြန်လာခေါ်ပါအုံးမည်လားဟူသော အတွေးသည် မြသွေး
ခေါင်းထဲ မကြာခဏတိုးဝင်လာစမြဲ။
အောင်မင်းရှိန်တို့အိမ်က သက်မာနာရေးကြမှ မြသွေးတို့
ထံ လိုက်လာကြပြီး ပြန်ဆုံဖြစ်ကြသည်။ သို့သော်လည်း
၎င်းတို့က ကလေးကိုတော့ ခေါ်မသွားကြ။
ကလေးကလည်း မြသွေးနှင့် သံယောဇဉ်တွယ်နေပြီဖြစ်
သည့်အပြင် ပြန်ခေါ်ထားဖို့ရန် ငွေကြေးကမချောင်လည်
ကြသေး။ ထို့ကြောင့် မြသွေးကသာ ဆက်လက်စောင့်
ရှောက်ပေးဖို့ ဆိုလာခဲ့သည်။
" ကြည်ပြာနဲ့ တွေ့ကြသေးလား " ဟု မြသွေးမေးသည့်
အခါ ကြည်ပြာက နောက်အိမ်ထောင်နှင့် သားတစ်ယောက်မွေးထားကြောင်း၊ ထိုကလေးကိုသာ ဂရုတစိုက်
ရှိပြီး အဒေါ်ဖြစ်သူထံ ပေးထားသော ကလေးကိုမူ အတူ
ခေါ်မထားဘဲ ဝေးဝေးမှတစ်ခါသာ သွားတွေ့တတ်ကြောင်း သိခဲ့ရသည်။
" ဒီလိုဆိုရင်တော့ သားလေးကို ပြန်မခေါ်တော့ဘူးထင်
ပါတယ် "
ထိုသို့ မြသွေးကတွေးနေမိ၏။ သူမ၏ ရင်ထဲ၌မူ ကလေးကိုပြန်မခေါ်စေလိုတော့ပေ။ သို့သော်လည်း မိခင်အရင်းနှင့် ခွဲခွာစေရသည့်အတွက် စိတ်မကောင်းခြင်းများစွာ
တော့ ဖြစ်မိသည်။
ထို့ကြောင့်လည်း ကလေးကို ပိုချစ်ခဲ့သည်။ ပိုဂရုစိုက်
စောင့်ရှောက်ပေးခဲ့သည်။
" ဒေါ်တိုးကြည်က အသက်ကြီးပြီမဟုတ်လား ... ကလေး
ကို သေချာမကြည့်နိုင်ဘူးလေ ... ကလေးကလည်း ဆိုး
တယ် ... ဂျီတအားကျတယ်လို့ကြားတယ် ... "
" သူ့အဘိုးကရော ... ခုထိ မျက်နှာလွှဲခဲပစ်ပဲလား "
" ဦးစိန်မောင်တို့က ခုမွေးထားတဲ့ကလေးကိုပဲ ဖူးဖူးမှုတ်
ထားတာပဲအေ့ ... အငယ်လေးကိုတော့ တစ်ခါမှ သွား
မကြည့်ဘူးတဲ့ ... ငါတောင် ဒေါ်တိုးကြည်အိမ်ရှေ့သွား
သွားချောင်းလို့ မြင်ဖူးတာ ... "
မဦးက ပေတူးလေးကို ချီထားရင်း မဲ့ကာရွဲ့ကာပြောနေ
ပုံကို မြသွေးပြန်မြင်ယောင်နေမိသည်။
" ဒါနဲ့ တူလေးကိုနာမည်မှည့်ပြီးပြီ "
" အမေနဲ့ညီမကတော့ ပေတူးလေးလို့ပဲခေါ်တယ် ... ကျောင်းနာမည်တော့ မပေးရသေးဘူး ... "
" ဒါဆို အမေက သူ့မြေးကို နာမည်ရွေးပေးထားတာ
အဲ့ဒါပေးလိုက်ပေါ့ ... အောင်သူရ တဲ့ ... အမေမှည့်ထား
ပေးတာလေ ... မြသွေးကိုမေးပြီး နာမည်မပေးရသေး
ရင် အဲ့နာမည်လေးပေးပေးပါတဲ့ ... "
" အောင်သူရ "
" ဟုတ်ပါ့ ... "
သို့နှင့် ပေတူးလေး၏အမည်က အောင်သူရ ဟု ခေါ်တွင်
သွားလေတော့သည်။
" မြသွေးတို့ တကယ်ပဲမပြန်လာကြတော့ဘူးလား ... "
" ပြန်လာလို့မှ မဖြစ်တာ မဦးရယ် ... မြသွေးကို ကလေး
နဲ့တွေ့ရင် မေးကြမြန်းကြတော့မယ် ... ပြီးရင် အိမ်ထောင်
မရှိဘူးပြောလည်း ယုံကြမှာမဟုတ် ... နောက်ကွယ်အ
တင်းပြောကြအုံးမှာ ... အဲ့ဒါတွေမပြောချင်လို့ မပြန်လာ
တော့ဘူးလားလို့ ... ဒီမှာလည်း နေရထိုင်ရ အခြေကျနေ
ပြီလေ ... အမျိုးတွေရှိတော့ စိတ်လုံခြုံတယ် "
" ဒါလည်းဟုတ်ပါတယ်လေ ... ဒါပေမယ့် မြသွေးက
အိမ်ထောင်ပြုရအုံးမှာ ... အဲ့ကြရင်တော့ ပေတူးလေးကို
ပြန်လာခေါ်ပါ့မယ် "
မြသွေးကမည်သည်မှပြန်မဖြေသလို မြသွေး၏အမေက
လည်း မြသွေးကို ခပ်စောင်းစောင်းကြည့်နေလေသည်။
မဦးတို့ပြန်သွားပြီး မြသွေးကို ပြောသည်။
" မေမေက ကျန်းမာရေးကောင်းတော့တာမဟုတ်ဘူး ...
နေရလည်း ဘယ်နှနှစ်နေရမှာလဲ ... သမီးကို တစ်ယောက်
ထဲ ထားခဲ့ရမှာ စိတ်လည်းမချဘူး ... မေမေပြောတဲ့ တစ်
ယောက်လေ ... မောင်မြတ်ထွန်း ဆိုတာ ... သူ့ကိုသမီးဘယ်လိုသဘောရတုန်း "
" မေမေကလဲ ... သမီးကို အောင်မင်းရှိန်နဲ့ နေရာချပေး
မယ်ပြောလိုက် ... ဟိုလူနဲ့ချပေးမယ်လုပ်လိုက် ... ဒီလူနဲ့
ချပေးမယ်လုပ်လိုက်နဲ့ ... ခုလည်းလာပြန်ပြီ ... "
" သမီးကို အခြေတကျမြင်ချင်လို့ပါကွယ် ... "
" သမီးယောကျာ်းယူလိုက်ပြီထား ... သူက ပေတူးလေး
ကို သဘောကျအုံးမှ ... မလွယ်ပါဘူးမေမေရာ "
" ဒါကတော့ ညှိယူရမှာပေါ့ ... နောက်ပြီးမိဦးလည်းပြောသွားတာပဲ... သမီးအိမ်ထောင်ကျရင် ပေတူးလေးကို လာခေါ်မယ်တဲ့ ... "
" ဒါဆို မေမေက ပေတူးလေးကို ပြန်ထည့်ပေးနိုင်ပြီလား
... ထည့်ပေးလိုက်မှာလား "
ထိုအခါ ကလေးကိုကြည့်လိုက်ပြီး အသံတိတ်သွားလေ
သည်။ ကလေးနှင့် သံယောဇဉ်တွယ်နေကြပြီဖြစ်၍ ပြန်
ပို့ဖို့ရာ သားအမိနှစ်ယောက်လုံး မပို့ချင်တော့ပေ။
" အောင်မင်းရှိန်နဲ့ဆို ပြန်ပို့စရာမလိုတော့ဘူး "
" မေမေရယ် ... တော်ပါတော့ ... ဒါပဲပတ်ချာလည်နေတာ
... ဟင်း ... ဟင်း "
မြသွေးက မိခင်ကိုကြည့်ကာ သဘောကျစွာ ရယ်မိ
တော့သည်။
အောင်မင်းရှိန် လျော့ရက်များနှင့် လွတ်လာသည့်အခါ
မြသွေးထံ လာရောက်တွေ့ဆုံသည်။ မတွေ့တာကြာပြီ
ဖြစ်၍ ယခုလိုပြန်ဆုံကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ရှိန်းတိန်းတိန်းဖြစ်နေကြ၏။
" ငါ့သားလေးကို စောင့်ရှောက်ပေးတာ ကျေးဇူးတင်လို့
မဆုံးပါဘူးဟာ "
" ပြောစရာလူတွေမှမဟုတ်တာ နင်ကလဲ "
" အောင်မင်းရှိန်ရေ ... မင့်သားလေးကို အန်တီတို့က
မခွဲနိုင်တော့ဘူး ... ခု ပြန်လာခေါ်တာလား ... ဘယ့်နှယ့်
လုပ်ကြမတုန်း "
" လာခေါ်တာမဟုတ်ပါဘူး အန်တီ ... ကျွန်တော်လည်း
ခုမှ ဘဝအသစ် ပြန်စရတော့မှာ ... သားလေးကိုကျွေးမွေးဖို့တောင်
မတတ်နိုင်သေးပါဘူးဗျာ ... အန်တီတို့ပဲ ခဏ
လောက် ထပ်ခေါ်ထားပေးပါလို့ ကျွန်တော်အကူအညီ
ထပ်တောင်းဖို့ ရောက်လာတာပါ "
" ရပါတယ်ကွယ် ... ပေတူးလေး ပျော်သလောက်နေပါ
စေ ... တစ်သက်လုံးနေလည်းရတယ် ... "
" အန်တီတို့ရဲ့ကျေးဇူးတွေ ကျွန်တော့်မှာ ဆပ်မကုန်ပါ
ဘူးဗျာ ... ကျွန်တော့်ဘဝခုလိုပျက်ခဲ့ရတာ ဟိုလူတွေ
ကြောင့်ပဲ "
အောင်မင်းရှိန်က သူထောင်ကျမှုသည် ဦးစိန်အောင်၏
ချောက်ချမှုဖြစ်ကြောင်း ပြောပြလာသည်။
" ငါဒါတွေကို နောက်မှသိခဲ့တာ ... အမှု အတွက် အမှန်အတိုင်း
ထွက်ဆိုခဲ့ပေမယ့် သစ်ကုမ္ပဏီကြီးက အပြင်မှာ
မရှိတော့ဘူး ... အားလုံးက ပျောက်ချင်းမလှပျောက်
သွားခဲ့တယ် ... ငါ့ကိုမောင်းခိုင်းတဲ့ကားကလည်း လိုင်
စင်မရှိဘူးတဲ့ဟ ... အကုန်လုံးငါ့ခေါင်းပေါ် ပုံချခဲ့တာ ...
ပြီးတော့ ငါ့ကိုသတင်းပေးတာလည်း ဉီးစိန်မောင်တို့ပဲ ... "
" ကြည်ပြာကတော့ မပါလောက်ပါဘူးဟာ "
" သူ အရင်ကမပါဘူး ... ခုတော့ သူ့အဖေနဲ့ အတူတူ
ဖြစ်သွားပြီမြသွေး "
" ဘယ်လို "
" ငါသူ့ကိုဆက်သွယ်သေးတယ် ... သူက သူ့ဘဝနဲ့သူ
ဖြစ်နေပြီမလို့ အတိတ်ကိုအတိတ်မှာထားလိုက်ပါတော့
တဲ့ ... သူက သားငယ်လေးကို ခေါ်ထားပြီပေါ့...ငါကတော့
သားကြီးနဲ့အတူ ဘဝကိုပြန်စလိုက်ဖို့... အဲ့လိုသဘော
မျိုးပြောသွားတာပဲ ... ငါလည်းသူပြောသလို ပြန်မပြော
ပြတတ်ဘူး "
" ဒါဆို ... ပေတူးလေးကို လာမခေါ်တော့ဘူးပေါ့ "
" ဘယ်ခေါ်တော့မလဲ ... သူဌေးနဲ့ရထားတဲ့ ကလေးကို
တော်တော်ချစ်တယ်ကြားတယ် ... ငါနောင်တရတယ်မြ
သွေး ... ကြည်ပြာနဲ့ပတ်သက်မိတာ နောင်တရတယ် ...
ငါ့သားလေးတွေ တနေရာစီ ... ငါတအားနာကျင်နေရ
တယ်ကွာ "
အောင်မင်းရှိန်သည် ပြောရင်း မျက်ရည်ဝဲနေသည်။
" သားငယ်လေးနေတဲ့အိမ်ရှေ့ သွားချောင်းတော့ အိမ်
ထဲကထွက်လာတာ တစ်ခါတွေ့လိုက်တယ် ... ငါတို့
သားအဖတွေ ပွေ့ဖက်ခွင့်တောင် မရတဲ့ ဘဝ ... ဆိုး
လိုက်တဲ့ဘဝ ... "
အောင်မင်းရှိန်သည်ကြည်ပြာရှိရာမြို့၌ မနေလိုသဖြင့်
ပေတူးလေးရှိရာ မန္တလေးသို့ အခြေလာချလေသည်။
စစချင်း ရရာအလုပ်ဝင်လုပ်သည်။ အောင်မင်းရှိန်က
အလုပ်မရွေးပေ။
ကူလီလည်းထမ်းသည်၊ ပန်းရံလည်းလုပ်သည်။ ငွေလေး
များရလာလျှင် ပေတူးလေးလိုအပ်သည်များဝယ်ပေး
ဖို့ မြသွေးထံ ပိုက်ဆံလာပို့တတ်သည်။
တစ်နှစ်ခန့်နေထိုင်ပြီး မိတ်ဆွေများရလာသည့်အခါ
အပေါင်းအသင်းများ၏ ကူညီပေးမှုဖြင့် သုံးဘီးကား
မောင်းခွင့်ရခဲ့သည်။ ထိုအခါမှ အောင်မင်းရှိန်လည်း ယခင်ထက်ချောင်လည်လာရသည်။
အောင်မင်းရှိန်က ပေတူးလေးထံလာရင်း မြသွေးနှင့်
မကြာမကြာတွေ့ဖြစ်၏။ ယခင်က သူငယ်ချင်းသံယော
ဇဉ်သာရှိရာမှ ကိုယ့်ကျေးဇူးရှင်လည်းဖြစ်ပြန်သဖြင့်
တလေးတစား ရှိသော်လည်း မြသွေး၏ ရိုးသားဖြူစင်
မှုများကို မြင်ရဖန်များလာသည့်အခါ စိတ်ထဲ အမျိုး
အမည်မသိသော ခံစားချက်တစ်ရပ်က စီးမျောဝင်
ရောက်လာတော့သည်။
သို့သော် သူ့လို အိမ်ထောင်ပျက်၊ ကလေးနှစ်ယောက်အဖေ၊
ထောင်ထွက်ကြီးက မြသွေးကို မလှမ်းဝံ့နေချေ။
ခံစားချက်တို့ကို မြိုချရင်း ရှေ့မဆက်ဘဲသာ နေလိုက်
တော့သည်။
" အောင်မင်းရှိန်က မဆိုးပါဘူး ... အလုပ်လည်းကြိုး
ကြိုးစားစားရှိတယ် ... အသောက်အစားကင်းတယ် ...
စကားအပြောအဆိုလည်း ယဉ်ကျေးသားပဲ ... "
အောင်မင်းရှိန်ကိုမြင်ပါများလာသည့်အခါ မြသွေးအမေ
က သဘောကျလာသလိုဖြစ်လာပြီး မြသွေးနှင့် နီးစပ်
စေချင်နေသည်။
" ထောင်ကျတယ်ဆိုတာကလည်း ဆိုးလို့မိုက်လို့မှမဟုတ်
ဘဲ ... ချောက်ချခံရလို့သာဖြစ်ရရှာတာ ... "
မြသွေးက မိခင်၏ဆိုလိုရင်းကိုသဘောပေါက်နေသဖြင့်
မျက်နှာလေး ပန်းရောင်သန်းသွားခဲ့၏။
" ဟိုကသူ့သားရှိလို့ ရိုးရိုးသားသားဝင်ထွက်နေတာ ...
မေမေက ဘာတွေပြောနေမှန်းမသိဘူး ... "
" အမလေးတော် ... ငါငယ်ရာကကြီးလာတာပါ မြသွေး
ရယ် ... လူတစ်ယောက်အမူအရာကြည့်တာနဲ့ ဘာဆိုတာ
သိပြီးသားပါအေ ... "
" မေမေကလဲ ... မဟုတ်တာတွေပြောရော့မယ် ... "
မြသွေးကရှက်ရှက်နှင့် ပေတူးလေးကို ထမင်းခွံရင်း
လက်ကပေတူးထံမရောက်ဘဲ မိခင်၏ပါးစပ်ရှေ့ထိုး
ပေးလိုက်မိလေသည်။
" ဟဲ့ ... စိတ်နဲ့ကိုယ်နဲ့လည်းကပ်ပါအုံး ... ငါ့ပေတူးနဲ့
မှားရတယ်လို့ "
" ကန်တော့ ... ကန်တော့ မေမေ "
နဂိုကရှက်နေရသည့်ကြားထဲ အယောင်ယောင်အမှား
မှား ပြုမူမိသဖြင့် အရှက်ကြီးရှက်ကာ မျက်နှာကပို၍
နီမြန်းသွားတော့သည်။
ထိုသို့ ရှေ့မတိုးဘဲနေကြရင်း မိခင်ဖြစ်သူမှာ ကျန်းမာ
ရေးချို့ယွင်းလာတော့သည်။ ထိုအခါ မြသွေးမရှိခိုက်
အောင်မင်းရှိန်ကို ခေါ်ပြီး ဖြစ်စေချင်သည်များကို အရင်
ဖွင့်ပြောလိုက်လေသည်။
အောင်မင်းရှိန်ကလည်း မြသွေးအပေါ် မေတ္တာသက်ဝင်
မိပါကြောင်း ဝန်ခံခဲ့သည်။ သူ့အနေနှင့် အခြေအနေက
အတော်ကွာခြားနေသဖြင့် မဝံ့ရဲဘဲဖြစ်နေရကြောင်းလည်း
ဖွင့်ဟလိုက်သည်။
ဤသို့ဖြင့် မြသွေးနှင့်အောင်မင်းရှိန်မှာ လက်ထပ်လိုက်
ကြပြီး မိသားစုဘဝကို စတင်လိုက်ကြလေတော့သည်။
၎င်းတို့လက်ထပ်ပြီး ၂ နှစ်ခန့်ကြာသည့်အခါ မြသွေး၏
မိခင်လည်း လူကြီးရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။မြသွေး
မှာ မိခင်မရှိတော့သည့်အခါ ယခင်လို စိတ်မပျော်ရွှင်
တော့ချေ။ တမှိုင်မှိုင်ဖြစ်လာသည်။
ထိုသို့ဖြစ်ရသည့်ကြားထဲ သတင်းတစ်ခုက ရောက်လာ
သည်။ ဦးစိန်မောင် ကျန်းမာရေးမကောင်းသဖြင့်မန္တလေး
၌ လာကုသနေသည်ဟူသော သတင်းပင်ဖြစ်သည်။
မြသွေးမှာ ထပ်မံဆုံတွေ့ရမည်ကို စိုးထိတ်မိသည်။ သို့
သော်လည်း အောင်သူရကိုတော့ ၎င်းတို့မှတ်မိမည်မဟုတ်
သည့်အပြင် ကျယ်ပြန့်လှသောမြို့ကြီး၌ ဆုံဆည်းဖို့ရန်
မှာ လွယ်ကူမည်မဟုတ်သဖြင့် စိတ်အနည်းငယ်အေးသွားရသည်။
ထိုနေ့က အောင်မင်းရှိန်ပြန်လာသည့်အခါ မျက်နှာပျက်
နေသည်ကို မြသွေးသတိထားမိလိုက်၏။ ဦးစိန်မောင်
ရောက်နေကြောင်း ပြောပြထားသဖြင့် စိတ်မကြည်ခြင်း
များလောဟု တွေးနေမိသည်။ ထို့နောက် မနေသာတော့
ဘဲ မေးမည်အပြု အောင်မင်းရှိန်ကအရင်ပြောလာသည်။
" ဒီနေ့ ဒေါ်မူယာနွယ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်သွားတိုးတယ် မြ "
" ဟင် ... ဘယ်လိုဖြစ်လို့တုန်း "
" မောင့်ကားငှားစီးနေကြ ဒေါ်ရူပါဆိုတာရှိတယ် ... သူက
မိတ်ဆွေတစ်ယောက်နဲ့တွေ့စရာရှိလို့ မောင့်ကိုငှားတာ ...
ဟိုရောက်လို့ ရပ်ပေးတော့ ဒေါ်မူယာနွယ်ဖြစ်နေတယ် "
" သူက ဘယ်လိုလုပ်ပြီး ... "
" သူနဲ့ ဒေါ်ရူပါက စွဲညို့ရှင် လက်ဖက်ရည်ဆိုင်ရှေ့မှာ
ချိန်းထားတာတဲ့ ... "
" မောင့်ကိုမြင်သွားလား "
" မြင်တာပေါ့ ... သူလည်းလန့်သွားပုံပဲ ... စကားတော့
မပြောဖြစ်ပါဘူး ... မျက်နှာကြီးချေမိုးပြီး ထွက်သွား
တယ် ... မောင်သိပါတယ် ... သူ ဒေါ်ရူပါကို မောင့်ကား
မစီးဖို့နဲ့ မောင်ကထောင်ထွက်ဖြစ်တဲ့အကြောင်းတွေ
ပြောတော့မှာ ... ဒေါ်ရူပါကနေပြီး သူ့မိတ်ဆွေတွေ ... "
" အို ... မောင်ကလဲ ... အဲ့လောက်အထိ တွေးမနေပါနဲ့ ...
ပြောချင်မှလည်းပြောမှာပါ ... "
မြသွေးကဖြည်သိမ့်ပေးလိုက်သော်လည်း အောင်မင်း
ရှိန်စိုးရိမ်နေသကဲ့သို့ ဒေါ်ရူပါတို့အုပ်စုမှာ ကားငှားမစီး
ကြတော့။ ဖောက်သည်တစ်ဝက်ခန့်လျော့ကျသွားခဲ့သည်။
ထို့ကြောင့် အောင်မင်းရှိန်က ပတ်ဝန်းကျင်အသစ်တစ်ခုသို့ ပြောင်းရွေ့ကြရန် စဉ်းစားလာရတော့သည်။
" မြရယ် ... ဒီမှာဆိုရင် မေမေ့ကိုသတိရပြီး ဝမ်းနည်းနေ
ရတာမဟုတ်လား ... မြရဲ့ဆိုင်လေးကလည်း အရင်းအနှီး
နဲနေတော့ ဆိုင်ကြီးတွေကို မတိုးနိုင်ဘူးလေ ... နောက်
ပြီး ဆိုင်လခကလည်း များလွန်းတယ် ... ခုမောင်ပြော
တဲ့ မြို့လေးဆို မြို့ငယ်လေးမလို့ အစစအရာရာဈေး
လည်းမကြီးဘူး ... တိုးလို့ရသေးတယ်ကွ ... မောင်လည်း
အဲ့ဒီမှာ ကိုထွန်းကျော်တို့ရှိတော့ အလုပ်မပူရဘူး ... နယ်
ကကားဝယ်ချင်တဲ့လူတွေကို ရှာပေးရုံပဲ ... မကောင်း
ဘူးလား ... "
" ဟုတ်တော့ဟုတ်ပါတယ် ... ဒါပေမယ့် ပေတူးလေးရဲ့
ပညာရေးရှိသေးတယ် ... နယ်မြို့ငယ်လေးက အဆင်
ပြေပါ့မလား ... "
" ဟိုမှာလည်း ပညာရေးလိုက်စားကြပါတယ်မြရဲ့ ...
အဓိကက ပိုက်ဆံဝင်တဲ့နေရာဖြစ်ဖို့ပဲ ... ဒါမှ သားလေး
ကိုဖြည့်ဆည်းပေးနိုင်မှာ ... မောင်လည်း ဒီမှာအလုပ်အဆင်မပြေဘူး ...
အိမ်လခကလည်း စာချုပ်တစ်ခါ
ချုပ်ရင်တစ်ခါဈေးတက်နေတာမြလည်းအသိ ...
မန္တလေးမြို့ကြီးက မနှစ်နဲ့ ဒီနှစ်တောင်မတူတော့ဘူး ...
မြို့ထဲနေရာကောင်းတွေအကုန်လူမျိုးခြားတွေချည်းပဲ ... မောင်တို့ လူမျိုးတွေက တဖြည်းဖြည်း အစွန်အဖျားကို ရွေ့နေကြရတာ ... ခုဒီအိမ်ကိုလည်းနောက်နှစ်မငှားနိုင်တော့ဘူး ... မတင်အေးက ဈေးတက်မှာပဲ ... မောင်တို့ဝင်ငွေလေးနဲ့ ဘယ်တိုးပေါက်ပါတော့မလဲ ... "
အောင်မင်းရှိန်ပြောသည်ကလည်းဟုတ်သည်။ ဝင်ငွေ
ထွက်ငွေမမျှခြင်းက ကြာရှည်တောင့်မခံနိုင်ချေ။ ယခု
ဆို အောင်သူရလေးမှာ ၁၀ နှစ်ကျော်အရွယ်ရောက်လာပြီဖြစ်ပြီး
ကျောင်းစရိတ်၊ ကျူရှင်စရိတ် လည်းရှိလာပြီ။
မြသွေးတို့က သားသမီးလည်း မရကြသဖြင့် အခြားကုန်
စရာတော့မရှိပေ။
" ဒါဆိုလည်း ဒီနှစ်ကျောင်းပိတ်ရင် ရွေ့ကြတာပေါ့ "
ဤသို့ဖြင့် နယ်မြို့ငယ်လေးသို့ ပြောင်းလိုက်ကြတော့
သည်။ ထိုနေရာအသစ်၌ မြသွေးကံစပ်သည်ဆိုမလား၊
သူမ၏ကုန်ခြောက်ဆိုင်လေးမှာ အဆင်ပြေလာခဲ့သည်။
စစချင်း ဆိုင်ခန်းတစ်ခန်းမှ နှစ်ခန်းတွဲဖြစ်လာသည်။
နေရစားရသည်ကလည်း မြို့ကြီးကဲ့သို့စရိတ်စကမကြီး။
အောင်မင်းရှိန်က အငှားယာဉ်မောင်းခြင်းအလုပ်အပြင်
ကားပွဲစားပါတွဲလုပ်သဖြင့် အဆင်ပြေလာသည်။ ထို့
ကြောင့် မိသားစုသုံးယောက် အခြေလေးကျကာ အေး
ချမ်းစွာနေထိုင်ခဲ့သည်။
ထိုမြို့ငယ်လေး၌ အောင်မင်းရှိန်က ကားပွဲစားအလုပ်
အဆင်ပြေလာသဖြင့် အငှားယာဉ်မမောင်းတော့ဘဲ
ပွဲစားအလုပ်သာဆက်လက်လုပ်ကိုင်သည်။ ထိုအလုပ်
နှင့် မြသွေး၏ဆိုင်လေးမှဝင်ငွေတို့ဖြင့် မိသားစုသုံးယောက်လောက်ငှသည့်အပြင် လူတန်းစေ့နေနိုင်လာ၏။
" ဒီအတောအတွင်း ညီလေးကို သွားမကြည့်ဖြစ်ဘူးပေါ့ ... "
" ဖေဖေသွားပါသေးတယ် ... သားညီလေးက သူ့အပေါင်း
အသင်းတွေနဲ့ ဆိုတော့ ဖေဖေလည်း အဝေးကပဲကြည့်
ပြီး ပြန်လာခဲ့ရတယ် ... ခုတော့ ဘယ်တော့မှထပ်မတွေ့
ရတော့ဘူးတဲ့လားကွာ ... "
" သူကဘာလို့ဆုံးသွားတာလဲ ဖေဖေ "
အောင်မင်းရှိန်ထံမှ ရှိုက်သံတစ်ချက်ထွက်လာခဲ့သည်။
" အိပ်နေရင်း ဆုံးသွားတာတဲ့ ... ဘာကြောင့်ရယ်တော့
မသိပါဘူးသားရယ် ... "
အောင်သူရမှာ ရင်ထဲနာကျင်သွားသည်။ ညီလေးသာ
ရှိနေသေးလျှင် မည်မျှကောင်းလိမ့်မည်နည်း။
ရုတ်တရက် ကားဘရိတ်အုပ်လိုက်သဖြင့် ခရီးသည်အကုန် ထိတ်လန့်သွားကြ၏။
ကားဒါရိုင်ဘာနှင့် စပါယ်ယာတို့မှာ မျက်စိမျက်နှာပျက်ကာ ဆင်းကြည့်ကြသည်။
" ဘာမှမရှိဘူး ရှီးဖော် "
သူတို့က ထိုသို့တီးတိုးပြောပြီး ကားပေါ်ပြန်တက်လာ
ကြသည်။ ထို့နောက် ခရီးသည်များကို မစိုးရိမ်ကြရန်
ပြောပြီး ကားစက်နိုးလိုက်၏။ သို့သော် ကားက နိုးမရ
ပေ။
" ဖောက်ပြီကွာ ... "
ဒရိုင်ဘာထံမှ တစ်ချက်ညည်းညူသံထွက်လာသည်။
စပါယ်ယာကလည်း ကားအောက်သို့ တစ်ခါ ဆင်းကြည့်
ပြန်၏။ ကားဝမ်းဗိုက်ပိုင်းတွင် စပါယ်ယာနောက်တစ်ယောက်ကထွက်လာပြီး ကားကိုစစ်ဆေးနေသည်။
၎င်းတို့အချင်းချင်း ပြောလိုက်၊ ချို့ယွင်းသည့်နေရာကို
ရှာလိုက် အလုပ်ရှုပ်နေကြသည်။ အောင်သူရလည်း ပတ်
ဝန်းကျင်ကို ငေးကြည့်ရင်း အတွေးထဲတွင် ညီဖြစ်သူ၏
ပုံပန်းသဏ္ဍာန်ကို စိတ်ကူးပုံဖော်ကြည့်နေမိသည်။
ထိုစဉ်သူ၏ဘေးသို့ တစုံတယောက်ဝင်ထိုင်လိုက်သလို
ခံစားလိုက်ရသဖြင့် အမြန်လှည့်ကြည့်သောအခါ မည်
သည်မှမရှိနေချေ။ အောင်သူရ ကျောရိုးထဲစိမ့်လာသလို
ဖြစ်ပေါ်လာပြီး သူ၏နားနားသို့ တိုးကပ်ကာပြောနေသော
အသံတစ်သံကို သေချာကြားလိုက်ရတော့သည်။
" ဆက်မသွားနဲ့ကိုကြီး ... ဆက်မသွားပါနဲ့ "
ထိုအသံက ထင်ရှားလှသည်။ အောင်သူရလည်း ဆံပင်
မွေးများပင် ထောင်သွားမိ၏။
" ဖေဖေ "
" ဘာလဲသား "
" ဖေဖေကြားလား "
အောင်မင်းရှိန်က နားမလည်စွာပြန်ကြည့်နေသည်။ ထို့
နောက် ဘာလဲဟူသောအဓိပ္ပါယ်နှင့် မေးငေါ့ပြသည်။
" သားတို့ကို ဆက်မသွားနဲ့တဲ့ ... "
" ဘာလဲ ... ဘယ်သူကလဲ "
အောင်သူရက တွံတွေးကိုမြိုချလိုက်သည်။ ပြီးနောက်
" ညီလေးက ... သားဘေးကနေပြောနေတယ် "
အောင်မင်းရှိန်လည်း မျက်လုံးပြူးသွားတော့သည်။
" သား ... ဘာမှမဖြစ်ဘူးနော် ... ဖေဖေရှိတယ် ... ဘာမှ
လျှောက်မတွေးနဲ့ "
" တကယ်ပြောနေတာ ... သားကိုလာပြောနေတယ် "
အောင်သူရမှာ မထင်မှတ်ထားသည်များ ကြားသိရသဖြင့်
စိတ်ဖိစီးပြီး ထင်ယောင်ထင်မှားဖြစ်နေဟန်ရသည်ဟု
အောင်မင်းရှိန်က တွေးလိုက်၏။
" စိတ်အေးအေးထားပါသားရယ် ... မုန့်စားမလား ... "
မုန့်ထုပ်ကို ယူပြီး လှမ်းအပေး သူ၏လက်ကို တစုံတ
ယောက်က ပုတ်ထုတ်လိုက်သကဲ့သို့ဖြစ်သွားကာ မုန့်
ထုပ်လည်း ခုံအောက်သို့ပြုတ်ကျသွားလေသည်။
" သားပြောတာ မယုံဘူးမလား "
ထိုအခါမှ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်သွားတော့သည်။
" ဒီမှာဆင်းလို့မရသေးဘူး ... ဆိုင်တွေလည်းမရှိဘူး ... "
" ဆင်းပြီး လာတဲ့ကားကို တားစီးလိုက်မယ် ... ကားပျက်
နေတာ ဘယ်လောက်ကြာအုံးမလဲမှမသိတာ ... "
" အင်း ... ဒါပေမယ့် ဖေဖေတို့ ပစ္စည်းတွေက ဘယ်လိုလုပ်မလဲ ... "
" ဒါတွေထားခဲ့လိုက်တော့ ... ကျွဲဆည်ကန်မှာ သွားယူ
ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလို့မရဘူးလား "
" ရပါတယ် ... သားအမေအမျိုးတွေရှိသားပဲ ... "
" ဒါဆို ဆင်းမယ်လေဖေဖေ ... ညီလေးက ဘာလို့
ဆက်မသွားစေချင်လဲမသိတာ ... "
ဤသို့နှင့် သားအဖနှစ်ယောက်သား ဆင်းလိုက်ကြလေ
သည်။ သိပ်မကြာခင်မှာပင် ကုန်ကားတစ်စီး လာသဖြင့်
တားပြီး လှည့်ပြန်လာလိုက်ကြတော့၏။
" ရူးကြောင်ကြောင်တွေလျှောက်လုပ်နေကြတယ်ဆိုပြီး
သားအမေကပြောတော့မှာပဲ ... "
" ဖေဖေလည်းတွေ့သားနဲ့ ... "
အောင်မင်းရှိန်တို့သားအဖမှာ ကုန်ကားကြီးနောက်တွင်
ကျဉ်းကျဉ်းကြပ်ကြပ်လိုက်ပါရသဖြင့် စကားမပြော
ဖြစ်ကြတော့ပေ။ ည ( ၉ ) နာရီလောက်တွင် အိမ်သို့ပြန်ရောက်ရှိလာကြသည်။
" မြရေ ... မြ ... "
အောင်မင်းရှိန်က ခြံတံခါးဝမှ အော်ခေါ်လိုက်သည်။ အိမ်
ထဲမှပြန်ထူးသံမကြားချေ။
" မေမေ ... "
" မေမေ ... "
အောင်သူရက စိတ်မရှည်တော့သဖြင့် ခြံစည်းရိုးကျော်
ကာ ဝင်သွား၏။ အိမ်တံခါးက သော့ခတ်ထားသဖြင့်
ကြောင်သွားခဲ့သည်။
" မေမေ မရှိဘူး ဖေဖေ ... သော့ခတ်ထားတယ် "
" ဒါဆို ပစ္စည်းတွေအကုန်ရွေ့သွားပြီထင်တယ် ... တခြား
မှာအိပ်တာဖြစ်မယ် ... "
ထိုသို့ပြောပြီး မြသွေး၏ဖုန်းကိုခေါ်ကြည့်လိုက်သည်။
ဖုန်းသံက အိမ်ထဲမှမြည်နေသဖြင့် သားအဖနှစ်ယောက်
သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ
သည်။ ၎င်းတို့အသံကြောင့် ဘေးအိမ်က ဦးမျိုးဝင်းဆိုသူကထွက်ကြည့်လာ၏။
" ကိုအောင်မင်းရှိန် ... "
" ဟုတ် ... ကိုမျိုးဝင်း "
" မမြသွေးသက်သာရဲ့လား "
" ခင်ဗျာ ... မြ ဘာဖြစ်လို့လဲ "
" ဟာ ... ခင်ဗျားမသိဘူးလား ... ခုနက မိန်းမတစ်ယောက်
နဲ့ စကားများ ရန်ဖြစ်ပြီး မေ့သွားလို့ အဲ့ဒီမိန်းမကပဲ သူ့
ကားနဲ့ ခေါ်သွားတယ်လေ "
" မေမေ့ကိုဘယ်ခေါ်သွားတာလဲ "
" ဆေးရုံလား ဆေးခန်းလားမသိဘူး ... နေအုံး ... နေအုံး ...
မကြီးသန်း လည်းပါသွားတယ် ... သူတို့အိမ် မေးကြည့်လိုက် "
အောင်မင်းရှိန်တို့လည်း ဘေးတစ်အိမ်ကျော်သို့ ပြေး
ရလေတော့၏။
" သူတို့ရန်ဖြစ်ကြတာ အော်ကြီးဟစ်ကျယ်ပဲ ... ဟိုအမျိုး
သမီးကတော့ ဘာမှသိပ်ပြန်မပြောရှာပါဘူး ...
မမြသွေးက ဒေါသတအားထွက်ပြီး ဆဲဆိုရင်း မေ့လဲကျသွားတာ
... ဒါနဲ့ မကြီးသန်းနဲ့ မလေးနွယ်တို့ အဲ့မိန်းမကားနဲ့လိုက်
သွားပြီး ဆေးရုံခေါ်သွားမယ်ပြောသွားတယ် "
" ဟော ... ဟော ... ဟိုမှာပြန်လာကြပြီ "
အောင်မင်းရှိန်တို့လှည့်ကြည့်လိုက်သည့်အခါ ကားပေါ်မှ
မြသွေးနှင့်အတူ မကြီးသန်း၊ မလေးနွယ်တို့ဆင်းလာကြ
ပြီး ကြည်ပြာကိုပါ တွေ့လိုက်ကြလေသည်။
ကြည်ပြာကိုမြင်သည်နှင့် အောင်မင်းရှိန်မှာ ကိုယ်ရှိန်
သပ်လိုက်ပြီး အောင်သူရ၏ လက်ကို ဖမ်းဆွဲထားတော့၏။
" သား ... ခဏလောက် ရှောင်နေမလား "
" ဖေဖေ ... သားကဘာလို့ရှောင်ရမှာလဲ ... အပြစ်လုပ်
ထားတာမှမဟုတ်တာ ... "
" သားမေမေက မဆုံစေချင်လို့ မန္တလေးကို ပြောင်းကြ
တာလေသားရယ် "
အောင်သူရက ခေါင်းခါရမ်းလိုက်ရင်း
" ဖေဖေ့ဘဝတလျောက်လုံး ခုလိုပဲ ပြေးလိုက်ပုန်းလိုက်
လုပ်နေရတာ မပင်ပန်းဘူးလားဖေဖေ ... သားကတော့
ဒီကိစ္စကြီးကို အဆုံးသတ်ဖို့ပဲ စိတ်ကူးတယ် ... "
" မဖြစ်ဘူးသား ... ခုတောင်သားမေမေ မေ့လဲသွားတာ
ပဲကြည့် ... သူကသားကို အရမ်းချစ်တာ ... သားနဲ့ခွဲရမယ့်
ကိစ္စမျိုးကိုလက်ခံမှာမဟုတ်ဘူး "
" ဖေဖေ ... "
" သားကိုယုံပေးပါ ... ဘယ်သူ့မှမထိခိုက်ရအောင်
သားဖြေရှင်းမှာပါ ... "
အောင်သူရမှာ တားမရတော့ချေ။ မြသွေးရှိရာသို့ အတင်း
ပြေးသွားတော့သည်။
" မေမေ "
အောင်သူရ၏အသံကြောင့် မြသွေးရော ကြည်ပြာပါ
ထိတ်လန့်သွားကြပြီး အမြန်လှည့်ကြည့်လာကြ၏။
" သား ... ဘယ်လိုပြန်ရောက်လာတာလဲ "
အောင်သူရက ကြည်ပြာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကြည်ပြာမှာ
မယုံနိုင်ခြင်းကြီးစွာနှင့် ကြည့်ရင်း
မျက်ရည်များစီးကျနေရှာလေသည်။
" မေမေ သက်သာရဲ့လား ... ဘယ်လိုနေသေးလဲ "
" သား ... အိမ်ထဲမြန်မြန်ဝင်စမ်း "
" မြသွေး နားဖို့လိုတယ်အောင်သူရရေ ... အထဲအရင်
ခေါ်သွားလိုက် "
" ဟုတ် "
မြသွေးက အောင်သူရနှင့်ကြည်ပြာကို မဆုံစေလိုသဖြင့်
အိမ်ထဲသို့ အတင်းဆွဲခေါ်သွားသည်။ ကြည်ပြာကလည်း
သားလေး ဟု တစာစာအော်ကာ ပြေးလိုက်သွား၏။
မြသွေးမှာ မတတ်သာတော့သဖြင့် မည်သည်မှဆက်မပြောတော့ဘဲ
အထုပ်အပိုးများအား မှီရင်း ထိုင်ချလိုက်တော့သည်။
အိမ်ထဲ၌ ပြောင်းရွေ့ဖို့ပြင်ဆင်ထားသော အထုပ်အပိုး
များကအစီအရီ ပြန့်ကျဲနေသည်။ ထိုအထုပ်များဘေး၌
တစ်ယောက်အိပ်ခေါက်ဖုံလေးတစ်ထည်က ယောင်လည်
လည် ငေးကြည့်နေသလိုလိုရှိ၏။
" မြသွေး ... ဒီမှာလာလှဲလိုက် "
မကြီးသန်းက လှဲအိပ်ဖို့နေရာပြင်ပေးပြီး တွဲခေါ်သွားသဖြင့် ထရပ်ကာ လိုက်သွားတော့သည်။ မူးရိပ်ရိပ်
ဖြစ်နေ၍သာ မတတ်သာဘဲ လှဲနေရသည်၊ ကြည်ပြာကိုတော့ စိတ်မချနေပေ။
" တစ်ခုခုလိုရင် ကျုပ်တို့ကိုလှမ်းခေါ်လိုက်နော် ...
အားမနာနဲ့သိလား ... ဒါဆို ကျုပ်တို့သွားတော့မယ် "
မကြီးသန်းတို့က ၎င်းတို့၏အခြေအနေကို သတိပြုမိ
သဖြင့် ရှောင်ထွက်ပေးသွားကြသည်။
" သားလေးရယ် "
ကြည်ပြာက အောင်သူရကို ပြေးဖက်ကာ ငိုလိုက်သည်
နှင့် မြသွေးကလည်း ကိုယ်ကို တဖက်သို့စောင်းကာ မျက်
ရည်များ ကျဆင်းလာတော့လေသည်။
အောင်သူရက ကြည်ပြာကို အသာတွန်းဖယ်လိုက်ပြီး
မျက်နှာလွှဲလိုက်ကာ မြသွေးထံတိုးကပ်သွားလိုက်သည်။
" မေမေ "
သားဖြစ်သူက မိခင်အရင်းကို စွန့်ခွါပြီး သူမဘေးသို့
ရောက်လာသဖြင့် မြသွေးလည်း ဝမ်းသာဝမ်းနည်းဖြစ်
ကာ အားရပါးရ ငိုချပစ်လိုက်တော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory