တစ္ဆေနိုင်ကိုရင်လေးနှင့် အောက်လမ်းဆရာမလေးချောကလျာနွယ် အပိုင်း (၃) ဇာတ်သိမ်း
lotaya.mpt.com.mm
|
2022-07-05

အခန်း(၈)

မောင်ကံထူးမော်က မြေပေါ်က ပရိတ်ရေခွက် ပြန်ကောက်ချိန်၊ ကိုရင်နန္ဒိယက သူ့လက်ထဲက ပရိတ်ရေဘူးမှ ရေကို လက်ဖဝါးပေါ် သွန်လောင်း၍ ကိုခင်စိုးခေါင်းပေါ် ဖျန်းပက်ပေးလိုက်သည်။

    အား  ဝူး  ဝူး  

     ကိုခင်စိုးသည် တီကောင်ကို ဆားဖြင့်တို့လိုက်သည့်နှယ် တွန့်လွမ်ရင်း အော်ဟစ်နေ၏။

       ကိုရင်နန္ဒိယက  ကိုခင်စိုးအနီးသွား၍ ၊ ကိုခင်စိုး၏ ဦးခေါင်းပေါ် ညာလက်ဖဝါးဖြင့် အုပ်ကိုင်ထားရင်း မေတ္တသုတ်ကို ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်သရဇ္ဇျယ်လိုက်သည်။ 

       စရွတ်စဥ်မှာတော့ ကိုခင်စိုးသည် ရုန်းကန်နေသေး၏။ သို့သော် တဝက်ခန့်အရောက်မှာတော့  ကိုခင်စိုးသည် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားလေ၏။ 

       မေတ္တသုတ် ပူဇော်အပြီးမှာ ကိုခင်စိုးသည် ဝှီးချဲပေါ် ကလေးငယ်တဦးပမာ အိပ်ပျော်သွားသည်။ 

       ကိုရင်က  ကိုခင်စိုး၏ ဆံပင်များအကြား စေ့စေ့စပ်စပ်နှင့် ရှာသည်။ တဖန် နားအနောက်ဖက် နားသယ်စနှစ်ဖက်လုံးကို လက်ညှိုးဖြင့်၎င်း၊ လက်မဖြင့်၎င်း ပွတ်သပ်ရှာဖွေပြန်၏။

         ဘာမှ မတွေရသည့်အခါ၊ ကိုရင်က နဖူးကြောရှုံ့သည်အထိ စဥ်းစားပြန်၏။ နောက်တော့ တစုံတခုကို သတိရသွားဟန်ဖြင့်၊ ကိုခင်စိုး၏ အင်္ကျီကြယ်သီးများကို ဖြုတ်၍ ကျောမကို လှန်ကြည့်သည်။ 

       ကျောမတွင် သွေးခြေဥသကဲ့သို့သော အညိုကွက်များစွာ တွေ့ရ၏။  ထိုအခါမှ ကိုရင်သည် သက်ပြင်းချလိုက်ပြီး ၊ ဂုတ်ပိုးအပေါ်ရှိ ရှည်လျားနေသော ဆံစတို့ကို လှန်လှော်ပြီး ၊ လက်ဖြင့် ပွတ်သပ်ရှာပြန်သည်။

       ဂုတ်ဆက်တနေရာတွင် ကိုရင်နန္ဒိယ၏ လက်က ရပ်သွားသည်။ ထိုနေရာကို သည်းကြီးမည်းကြီးဖြင့် ကြည့်၏။ တနေရာတွင် အလွန်သေးငယ်သော ပင်းအပ်ခေါင်းလေးတခုကို  ထူးဆန်းစွာ မြင်တွေ့လိုက်ရလေ၏။ 

       ကိုရင်သည် ထိုပင်းအပ်ကို ဂရုတစိုက်ဖြင့် ဆွဲနုတ်ယူလိုက်သည်။ အိပ်ပျော်နေသော ကိုခင်စိုးထံမှ အေ့ခနဲ လေချဥ်တက်သံ ထွက်ပေါ်လာသည်။ 

      ပင်းအပ် နုတ်ပြီး ဆယ်မိနစ်ခန့်အကြာမှာ ကိုခင်စိုး၏ ကျောပြင်ပေါ်က သွေးခြေဥဒဏ်ရာများသည် အညိုရောင်မှ တစစနှင့် မူလအသားရောင်သို့ ပြောင်းလဲလာ၏။ သဘောက သွေးလေမှန်လာခြင်း ဖြစ်မည်။ 

      ပင်းအပ်သည် အောက်လမ်းအစီအရင်တခုဖြစ်သည်။ ထိုပင်းအပ်ကြောင့် ကိုခင်စိုးသည် ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေခြင်း ဖြစ်လိမ့်မည်။ အံဩစရာ ကောင်းတာက ထိုပင်းအပ်သည် လူခန္ဓာကိုယ်ထဲမှာ ၂နှစ်ခန့်ကြာမြင့်အောင် ရှိခြင်းဖြစ်လေ၏။ ပင်းအပ်၌ သရဲတကောင် ခိုတွယ်နေနိုင်အောင် အောက်လမ်းဆရာမ ချောကလျာနွယ်က စီမံထားခြင်း ဖြစ်သည်။

ယခု ကိုရင်က ထိုပင်းအပ်ကို ထုတ်ယူလိုက်သောအခါ သရဲသည် အစွမ်းကြီးသော တစ္တေနိုင်ကိုရင်လေးအား မြင်တွေ့၍ တချိုးတည်း ထွက်ပြေးသွားပြီ ဖြစ်၏။

       မကြာပါ။ ကိုခင်စိုး သတိပြန်လည်လာ၏။ ကိုခင်စိုးသည် အတိတ်မေ့ရာမှ ပြန်လည်သတိရလာသူပမာ ရှိလေ၏။ 

       ဝှီးချဲပေါ် ထိုင်နေရသည့် သူ၏ ဖြစ်အင်ကို အံဩနေသည်။ သူ  ရုတ်တရက် ထရပ်ကြည့်သည်။ စက္ကန့်ပိုင်းမျှ ကြာအောင် မတ်မတ်ရပ်နိုင်၏။ သို့သော် ပြန်လဲကျသွားသည်။ ခန္ဓာဗေဒသဘောက လမ်းမလျှောက်ဘဲ နှစ်ချီကြာလာသည့်အခါ အကြောများဆိုင်းကုန်ဟန်တူ၏။ 

       ဒါပေမဲ့  လုံးဝ မလှုပ်ရှားနိုင်ပဲ ညာဘက်သို့ စောင်းကျနေသည့် ဦးခေါင်းမှာတော့ သာမန်လူကဲ့သို့ ပြန်ကောင်းသွားပြီ ဖြစ်သည်။ သို့ဖြစ်လျင် လမ်းလျှောက် ပြန်လေ့ကျင့်ပေးလျင် ကိုခင်စိုး၏ ခြေထောက်များ ပြန်ကောင်းလာမည် ဖြစ်သည်။ 

       ကိုခင်စိုး၏ မျက်လုံးတွေက သူ့မိန်းမ မတင့်ထံ ရောက်သွား၏။ မတင့်သည်လည်း ကိုခင်စိုးကို မျက်ရည်များဝဲလျက် ကြည့်နေ၏။ မတင့်မျက်လုံးတွေက ခုအခါ ကြောင်စီစီ မဟုတ်တော့ချေ။ 

သာမန်လူကဲ့သို့ မျက်သူငယ်အိမ်မှာ ငြိမ်သက်လျက်ရှိသည်။ မတင့်အား  ချုပ်ကိုင်ခြယ်လှယ်နေသော သရဲမှာလည်း ထွက်ပြေးပြီ ဖြစ်၏။ မတင့်ကိုယ်ပေါ်က သရဲသည် မတင့်အား အရှက်တကွဲ အကျိုးနည်းရလေအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

ထိုသရဲကို ခိုင်းစေအမိန့်ပေးသူက အောက်လမ်းဆရာမ ချောကလျာပင် ဖြစ်လေ၏။

မတင့်သည် သတိစိတ် ပြန်ဝင်လာသောအခါ ဝှီးချဲပေါ်က သူ့ခင်ပွန်းနာမည်ကို သတိတရ ခေါ်လိုက်သည်။

   " ကို ... စိုး ... "

      မတင့်ပါးစပ်က သူ၏ခင်ပွန်းကို မှတ်မိသွားလေဟန်ဖြင့် ခေါ်နေကျအတိုင်း ကိုစိုးဟုပင် ခေါ်လိုက်ပြီဖြစ်သည်။ 

     မတင့်သည် သူ၏ ခန္ဓာကိုယ်ကို ပြန်ကြည့်သည်။ ညစ်ပတ်ပေရေနေသည့်အဖြစ်ကို မြင်တွေ့သွား၏။ အံဩနေဟန်တူသည်။

ပြီးလျှင် သားနှင့်သမီးကို ပြေးဖက်သည်။ ပါးစပ်ကလည်း  သား ဟု၎င်း၊ သမီးလေးဟု၎င်း ရေရွတ်၍ တင်းကြပ်စွာ ဖက်ထားလေ၏။ 

        ကိုခင်စိုးက သူတို့သားအမိကို ကြည့်၍ မျက်ရည်များကျရှာသည်။ နောင်တဆိုတာ နှောင်းမှ ရတတ်လေ၏။ ကိုခင်စိုးသည် သူများသားသမီးကို ကာမလိမ်လည် ရယူခဲ့၍ ယခုလို ဘဝပျက်စေရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။ 

       အောက်လမ်းဆရာမ ချောကလျာနွယ်၏ အစီအရင် ပင်းအပ်ကို  ကိုခင်စိုး ဂုတ်ဆက်မှာ မည်သူ ထည့်ခဲ့သနည်း။ 

       ထိုပင်းအပ်ကြောင့်  ကိုခင်စိုး ကိုယ်ပေါ်၌ မကောင်းသော အညစ်အကြေးတို့ ဖုံးအုပ်ထားသည့်အခါ ကိုယ်စောင့်နတ်တို့ မကပ်နိုင်တော့ချေ။ ကိုယ်စောင့်နတ် မရှိတော့ ကိုခင်စိုးကို  မကောင်းဆိုးဝါးတို့က အမှားအယွင်းများ အချိန်ပြည့် ခိုင်းစေနေကြလိမ့်မည်။ 

ထိုမကောင်းဆိုးဝါးကို  ခိုင်းစေနေသူက သရဲ မွေးထားသော အောက်လမ်းဆရာမ ချောကလျာနွယ် ဖြစ်၏။ 

       ဒါကြောင့် ကိုခင်စိုးတယောက် ဘာလုပ်လုပ် အဆင်မပြေတော့ခြင်း ဖြစ်၏။ ဤသို့ဆိုလျင်  အောက်လမ်းဖြင့် စီရင်ထားသော ပင်းကို ဆရာမ ချောကလျာနွယ်က နေခြည်မအား ပေးအပ်ခဲ့ခြင်းသာ ဖြစ်မည်။

        နေခြည်မက  ကိုခင်စိုးကို ထိုပင်းအပ် ထိုးသွင်းထားခဲ့ခြင်း ဖြစ်လိမ့်မည်။ နေခြည်မအတွက် ကိုခင်စိုးကို  ပင်းအပ်ထိုးသွင်းဖို့ရာ မခက်ခဲဘူးမဟုတ်လား။ 

      ကိုရင်သည် သူ၏ မပြီးသေးသော ကိစ္စကို ဆက်လက်ဆောင်ရွက်ရဦးမည် ဖြစ်၏။ သို့အတွက်ကြောင့် ကိုခင်စိုးတို့ အိမ်ခြံဝင်းလေးအတွင်း လိုအပ်မည်ထင်တာတွေ စီရင်ဆောင်ရွက်ပေး၏။ အရံအတားအဖြစ် စည်းချပေး၏။ 

       ကိုရင်သည် ကိုခင်စိုး ဂုတ်ဆက်မှ ရသော ပင်းအပ်ကို စက္ကူဖြင့် အသေအချာထုတ်ယူသွား၏။ ကိုရင် ကျောင်းကို ပြန်ခြင်းဖြစ်သည်။ ရေချိုး ဆွမ်းစားပြီး ကိုရင်သည် စာဝါတန်းလိုက်သည်။ သူ့ကိစ္စတွေ ပြီးစီးပြီဆိုမှ ၊

ကိုရင် နန္ဒိယသည် ထိုပင်းအပ်ကို မြောက်ပြင်က တံတားကျိုး သုသာန်သို့ ယူဆောင်သွားခြင်း ဖြစ်သည်။ 

         ကိုရင် သွားသည့်အချိန်က ည ၇ နာရီခန့်  ... မြောက်ပြင် တံတားကျိုးသုသာန်သည် ဟိုအရင်က (1994ခုနှစ် ဝန်းကျင်) လွန်စွာမှ ကြမ်းသော သုသာန်ဖြစ်လေ၏။ ညဘက်  သင်္ချိုင်းထဲမပြောနဲ့ ၊ သင်္ချိုင်းနှင့် နီးသော လမ်းကိုပင် မည်သူမှ ဖြတ်ရဲသည်မဟုတ်ချေ။ 

            ______________

အခန်း(၉)

      တံတားကျိုး သင်္ချိုင်းမြေသည် လရောင်အောက်တွင် ငြိမ်သက်တိတ်ဆိတ်နေ၏။

       သာမန်အားဖြင့်ဆိုရလျှင် လူတို့သည် တိတ်ဆိတ်ခြင်းကို နှစ်လိုကြပါ၏။ သို့သော် ထိုသို့ ဆိတ်ငြိမ်ခြင်းသည် အားငယ်တတ်သောသူအဖို့တော့  ကြံဖန်တွေးကြောက်စရာကောင်းလှ၏။

       ယခုလို  လူသေများ မြုပ်နှံထားသော မြေပုံများ၊ အုတ်ဂူများနှင့် ကြီးမားလှသော လက်ပံပင်ကြီးတွေ၊ ညောင်ပင်အိုကြီးတွေ ရှိသော သင်္ချိုင်းမြေမှာဆိုလျှင်တော့ ပြောဖွယ်ရာမရှိချေ။ လွန်စွာ ထိတ်လန့်ကြောက်ရွံမိမှာ အမှန်ပင်။

       အုတ်ဂူ အကြိုအကြားမှာ သင်္ကန်းဝတ်ထားသော သာမဏေတပါးသည် တစုံတခုကို ကိုင်၍  တည်ကြည်စွာ လမ်းလျှောက်လာ၏။

        ၎င်းတွင်  အညိုရောင် ဘေးလွယ်အိတ်တလုံး လွယ်ထား၏။ ဦးခေါင်းမှာ ရိတ်သင်ခါစနှင့်တူ၏။ လရောင်တွင် စိမ်းဖန့်ဖန့် ဦးပြည်းကတုံးက ထင်ရှားလျက်နေတော့၏။

     ၎င်းမှာ အခြားသူမဟုတ်။ တစ္ဆေနိုင် ကိုရင်လေးဟု နာမည်သတင်းကြီးသော ကိုရင်နန္ဒိယပင် ဖြစ်သည်။ 

       ကိုရင်နန္ဒိယသည်  အုတ်ဂူတလုံးကို ရွေးခြယ်၍ မျက်နှာပြင်ကို သန့်ရှင်းလိုက်သည်။ ပြီးသော် ထိုအုတ်ဂူပေါ်သို့  အနေတော် ဖယောင်းတိုင်သုံးတိုင်ကို ပူး၍ ထွန်းညှိလိုက်သည်။ နံ့သာအမွှေးတိုင်ကိုလည်း ထိုနည်းတူစွာ ထွန်းညှိ၍ အသင့်ယူလာသော သဲခွက်၌ ထိုးစိုက်လိုက်သည်။သူလည်း ထိုအုတ်ဂူ၏ တဖက်စွန်း၌ တပလ္လင်ခွေ ထိုင်လိုက်၏။  

      ကိုရင်သည် သင်္ချိုင်းကို အပိုင်စားရသော မဖဲဝါကို ဖိတ်သည်။ 

   " အစ်မ မဖဲဝါ ... ငါ  သင်ပိုင်သော သုသာန်မြေ၌  ပြုဖွယ်ကိစ္စအချို့ကို အပြီးတိုင် ပြုလုပ်ပါမည်။ မပြုမီ သင့်အား လေးစားသောအားဖြင့် ခွင့်တောင်းခံပါ၏။

      သင်  သဘောတူပါက ... ထွန်းညှိထားသော ဖယောင်းတိုင်မီးအား ၃ကြိမ်၃ခါတိုင် ငြိမ်းလုလု လေဟပ်ပြပါ။

       အကယ်၍  သင်သဘောမတူမူ ဖယောင်းတိုင်မီးအား အပြီးတိုင်ငြိမ်းသတ်ပါလေ "

       ကိုရင်က ထိုသို့ ဆိုလိုက်လျင် စက္ကန့်အနည်းငယ်၌  ငြိမ်သက်တိတ်ဆိတ်နေသော သုသာန်တစပြင်သည် လေနုအေးလေး ဝှေ့ကာ တိုက်ခတ်သွားလေ၏။

         မကြာခင် ကိုရင်၏ အရှေ့က အုတ်ဂူပေါ်ရှိ ဖယောင်းတိုင် ၃တိုင်ပူးမှာ လေဖြင့် မှုတ်လိုက်သကဲ့သို့  ငြိမ်းလုလု မှေးမှိန်သွား၏။ ပြီးသော် ပြန်လင်းလာ၏။ ထိုသို့ သုံးကြိမ်သုံးခါတိုင်တိုင် ဖယောင်းတိုင်မီးအလင်းရောင်မှာ ပျောက်လိုက် လင်းလိုက်နှင့် နောက်ဆုံးတွင် မူလအတိုင်း လင်းနေ၏။ 

     " ကောင်းလေစွ အစ်မမဖဲဝါ။

သင် ချမ်းမြေ့ပါစေကြောင်း ငါ ဆုတောင်း၏။ 

        အို ... တံတားကျိုး သင်္ချိုင်းမြေအတွင်း ရှိကြကုန်သော မြင်အပ်မမြင်အပ်သည့် ပရလောကသားတို့ ငါ့ကြောင့် ပူပန်ခြင်း မရှိကြကုန်လင့်။ ငါ့အား မနှောက်ယှက်ကြကုန်နှင့်။

         ငါ ယနေ့ပြုသော ကုသိုလ်ဘာဝနာတို့အား သင့်တို့အား အမျှပေးဝေပါကုန်၏။ကုသိုလ် အမျှ အမျှ အမျှ  ယူကြပါ။ ရရှိသော ကုသိုလ်အမျှကြောင့် သင်တို့ ချမ်းမြေ့ကြပါစေ " 

ကိုရင်က  တခြားသော ပရလောကသားများကို မနှောက်ယှက်ကြစေရန် အသိပေးခြင်း ဖြစ်သည်။

       လုပ်ဆောင်သင့်သည့် ကိစ္စများကို ဆောင်ရွက်ပြီးစီးသည့်အခါ လက်ကိုင်ပဝါကို ဖြန့်ခင်း၍ ကိုခင်စိုး ဂုတ်ဆက်မှ ရယူလာသော ပင်းအပ်ကို တင်လိုက်သည်။ 

      မီးရောင်အောက်တွင် ပင်းအပ်သည် သတ္တုရောင်မတောက်ဘဲ စိမ်းလဲ့လဲ့ အရောင်ထွက်နေ၏။

     ကိုရင်သည်  ဦးသူတော် သင်ကြားထားသော ဂါထာတပုဒ်ကို သံမှန်ဖြင့် ရွတ်ဖတ်လိုက်သည်။ လက်ကိုင်ပဝါပေါ်က ပင်းအပ်သည် အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာသည်။ လက်ကိုင်ပဝါပေါ်မှာ သံလိုက်အိမ်မြှောင်ကဲ့သို့ ချာလပတ် ရမ်းနေတော့သည်။ 

       ကိုရင်  သိလိုက်၏။ အောက်လမ်းနည်းဖြင့် ဆောင်ရွက်ထားသော ပင်းအပ်ထံ  သရဲတကောင် ဝင်ရောက်လာပြီ ဖြစ်သည်။ 

   " ဟဲ့ ငမိုက်သား! နင်က ဘယ်သူ့အမိန့်နဲ့  ဒီပင်းမှာ ခိုတွယ်စားသောက်နေထိုင်တာလဲ ။

      နင့်သခင်  ဘယ်သူလဲဟဲ့ "

     ပင်းအပ်သည် ဒေါင်လိုက် ထောင်အနေအထားဖြင့် လက်ကိုပဝါမှ ခုန်ဆင်းသည်။ နီးရာ အုတ်ဂူတခု၏ နံရံတွင် စာများ ရေးခြစ်၏။ စာမှာ ...

     " ထွက်သွား !  ငါ အသေလုပ်လိုက်ရမလား "

      ကိုရင်သည် မန္တာန်တခုကို ရွတ်ဖတ်ပြန်သည်။ ပင်းအပ်သည်  မနေနိုင်။ လက်ကိုင်ပဝါပေါ်သို့ ပြန်လာရ၏။ထိုအခါ ကိုရင်က ...

    " အောင်မယ် ... အသားစိမ်းလေး စားရလို့ မာန်တက်နေတဲ့ သရဲ ။ ငါ့ကို  မခန့်လေးစားနဲ့။ 

     ကဲ  ... ငါ့အကြောင်း သိရစေအုံးမယ်။ ဒါမှ နင်က ငါ့ကို ရိုသေရမှန်းသိမှာ ... "

     ကိုရင်သည် ထိုသို့ ပြောပြီးသည်နှင့် ၎င်းလွယ်အိတ်ထဲက တံစူးဝါးကို ထုတ်၍ ပင်းအပ်ကို ဖိသည်။ပင်းအပ်ကို သက်ရှိကဲ့သို့  သဘောထားလေသလားမသိ။ တံစူးဝါးဖြင့် ဖိကြိတ်လိုက်၊ ထိုးလိုက် လုပ်လေ၏။

       မကြာပါ  အုတ်ဂူအနီးမှ နာနာကျင်ကျင် အော်ဟစ်သံ ထွက်ပေါ်လာ၏။ သရဲသည် ကိုရင်အား ပုန်းကွယ်မနေနိုင်။ သူ၏ ကိုယ်သဏ္ဍာန်ကို ထင်းရှားစွာ ပြသရလေ၏။ 

      ရိရွဲ ပုပ်သိုးနေသော ကိုယ်နှင့် ခြေထောက်သာရှိ၏။ ဦးခေါင်းနှင့် လက်ဖျံတချောင်း မဲ့နေသည်။ 

   ကိုရင်က ...

" ဟဲ့အကောင် အကုန်ပြလေ။ ဘာကြောင့် ခေါင်းနဲ့ လက်တဖက် မပါရတာလဲ "

ထိုအခါ  ပြတ်နေသော လည်ချောင်းပြွန်ထဲမှ သရဲ၏ ခပ်အစ်အစ်အသံ ထွက်ပေါ်လာ၏။ 

 "    တပည့်တော်ကို သနားပါငဲ့ညှာပေးပါဘုရား။ 

       တပည့်တော်ဟာ သေလွန်စဥ်က ရထားကြိတ်ခံရပြီး သေဆုံးခဲ့ရသူူပါ ။

       တပည့်တော်၏ ဦးခေါင်းနှင့် လက်ဖျံတချောင်းမှာ  အောက်လမ်းဆရာမ ချောကလျာနွယ်၏ ထိမ်းချုပ်မှု အောက်တွင် ရောက်ရှိနေကြောင်းပါ အရှင်ဘုရား။ 

       သို့မို့ကြောင့် တပည့်တော်ဟာ ကိုရင့်ကို ကျန်ရှိနေတဲ့ ခန္ဓာကိုယ်သာ ပြနိုင်ကြောင်းပါဘုရား "

" နင့်ကို  အဲ့ဒီချောကလျာနွယ်ဆိုတဲ့ အောက်လမ်းဆရာမက ဘာတွေ ခိုင်းထားတာလဲ ။ ငါ့ကို မှန်မှန်ဖြေနော် ။ လိမ်မယ်လို့တော့ မကြံလေနဲ့ "

" တပည့်တော် အမှန်တိုင်း ဖြေပါ့မယ်ဘုရား ။ ကိုရင့်ကို မလိမ်ဝန့်ပါဘူး ဘုရား။

    သခင်မ ချောကလျာနွယ်က တပည့်တော်ကို နေ့စဥ်မပြတ် အမဲသား ကျွေးပါတယ်။

      လုပ်ရတဲ့အလုပ်ကတော့ သူ့ဆီ အကူအညီ လာတောင်းခံသူ ဧည့်သည်များ၏ ကိုယ်မှာ ဝင်ပူးကပ်၍  သိလိုသည်များကို စုံစမ်းပေးရပါတယ်။

         များသောအားဖြင့် သခင်မထံ လာသူများမှာ ပစ္စည်းပျောက်တို့ လင်ငယ်မယားငယ်ကိစ္စတို့သာ များပါတယ်။

        ပစ္စည်းပျောက်ကို တပည့်တော်တို့မှာရှိတဲ့ ကမ္မဇိဒ္ဓိ တန်ခိုးနဲ့ ရှာဖွေပေးရသလို ၊လင်ငယ်မယားငယ်များအတွက် သူ့အစီအရင်တွေကို အောင်မြင်စေဖို့ တပည့်တော်က တာဝန်ယူရပါတယ်။ 

       ယခုလည်း  ကိုခင်စိုးတို့လင်မယား စီးပွားပျက်အောင်၊ အရှက်တကွဲ အကျိုးနည်းရလေအောင် တပည့်တော်က တာဝန်ယူ ဆောင်ရွက်နေရပါတယ်ဘုရား ။ 

       အဲ့ဒီလို  သူ့အကျိုးကို ဆောင်ရွက်မှ တပည့်တော် ဝဝလင်လင် စားခွင့်ရပါတယ်။ သူ ခိုင်းတာ မဆောင်ရွက်ရင်  ဦးခေါင်းကို မီးနဲ့မြှိုက်တဲ့အခါ မြှိုက်ပါသေးတယ်။ တခါတလေ လက်ဖျံရိုးကို  ရေခဲစိမ်ပါတယ်။ 

         သူ့ကိစ္စ အဆင်မပြေလို့ ဒေါသ အရမ်းထွက်လာရင် တပည့်တော်ဦးခေါင်းကို နာကျင်အောင် ထုနှက်ပါတယ်ဘုရား ။ဆဲဆို ကြိမ်းမောင်းပါတယ်ဘုရား ။ အမျိုးမျိုး နှိပ်စက်ပါတယ်ဘုရား "

      ကိုရင်နန္ဒိယ ရှေ့က ခေါင်းမပါသော သရဲသည် စစ်မေးခံရသည့် တရားခံနှင့်မတူ။ သူကပင် တိုင်တောနေဟန်တူ၏။ 

     ကိုရင်နန္ဒိယမှာ သရဲ ပြောနေတာကို နားထောင်ရင်း ရယ်ချင်သလို ဖြစ်သွားပေမယ့်၊ မရယ်ရဲ။ ခပ်တည်တည်ဖြင့် မေးခွန်းထုတ်ရသည်။

" ဒါဖြင့်  မင်းက မလုပ်ချင်ဘဲ လုပ်နေရတဲ့ သဘောပေါ့ ။ မင်းကွာ  မင်းမှာလဲ  ကမ္မဇိဒ္ဓိတန်ခိုး အရှိသား။ သူ့ဆီက ထွက်ပြေးရင် ရရဲ့မဟုတ်လား ။ ဘာလို့ ထွက်မပြေးလဲ "

" ဒါက   ဒီလို ရှိပါတယ် ကိုရင်။ တပည့်တော် ထွက်မပြေးနိုင်အောင် သူက အင်းများ၊ မန္တာန်များနဲ့  ချုပ်ထားပါတယ်။ 

    တပည့်တော်မှာ  ကမ္မဇိဒ္ဓိတန်ခိုး ရှိငြားလည်း ၊ အဲ့ဒီ အစီအရင်တွေ၊ မန္တာန်တွေကြောင့် သူ့ထံမှ ဘယ်မှ ထွက်ပြေးလို့ မလွတ်နိုင်ပါဘူးဘုရား "

   " ဒီလိုဆို   မင်းကို  ငါက လွတ်အောင် လုပ်ပေးမယ်ဆိုရင်ရော ၊ မင်း  သူ့အလုပ်တွေ  မကူညီတော့ဘူးပေါ့ ။ ဘယ်လိုလဲ  ငါ ပြောတာ သဘောပေါက်ရဲ့လား "

" တင့်ပါ့ဘုရား ၊ တပည့်တော်  သူ့လက်ကသာ  လွတ်မြောက်အောင် လုပ်ပေးပါ။ တပည့်တော်  ကိုခင်စိုးတို့မိသားစုအပေါ်  ကျုးလွန်ခဲ့တဲ့ အပြစ်တွေကို  ပြန်ပေးဆပ်ပါ့မယ်ဘုရား "

" အံမယ်  ... မင်းက အလာကြီးပါလား  သရဲရဲ့။ နေပါအုံး  ... မင်းက ကိုခင်စိုးတို့  မိသားစုအပေါ်  ဘယ်လိုများ  ပြန်ပေးဆပ်မှာလဲ "

အကယ်၍သာ  သရဲ၌ ဦးခေါင်းပါပါက ကိုရင်နန္ဒိယသည်ည် သရဲ၏ မာန်ပါသော အပြုံးကို မြင်ရမည် ဖြစ်သည်။ သရဲက ...

"    တပည့်တော်  ကိုခင်စိုးတို့  အခုနေတဲ့အိမ်ကလေးမှာ  နေလာခဲ့တာ ကြာပြီဘုရား ။

      အဲ့ဒီအိမ်ရဲ့ မြေသားအောက်မှာ  ရှေးက  လူတဦး  မြုပ်နှံထားတဲ့ ပြည်တောင်းအရွယ် မြေအိုးတလုံး ရှိပါတယ်။ 

           အဲ့ဒီမြေအိုးထဲမှာ  အမရပူရခေတ်က ရွှေ၊ငွေ ရတနာတွေ အပြည့်အသိပ် ထည့်ထားပါတယ်ဘုရား ။ အဲ့ဒီနေရာကို  တပည့်တော် တယောက်သာ သိရှိတာမို့ ၊ ကိုခင်စိုးကို အိမ်မက်ပေးပြီး တူးယူစေပါမယ်။ ဒါဆိုရင်  ကိုခင်စိုးတို့  ချမ်းသာပြီပေါ့ ကိုရင်ရဲ့ "

ကိုရင်နန္ဒိယက  သရဲပြောစကားကို ချင့်ချိန်တွေးတောလိုက်သည်။ ပြီးလေမှ  တစုံတခုကို  သတိရဟန်ဖြင့် ...

"   ဖြစ်နိုင်ပါ့မလား ။ အဲ့ဒီနေရာက အင်းစောင်းကြီး၊ ပြီးတော့  စည်ပင်သာယာနယ်နမိတ်အပိုင်။ ဟိုအရင်က  အဲ့ဒီနေရာမှာ  လူမနေပါဘူး ။ အခုမှသာ  နေစရာမရှိတဲ့သူတွေက  ကျုးကျော်နေထိုင်ကြတာ မဟုတ်လား ။ ဘယ်သူက မြုပ်ခဲ့မှာမို့လဲ "

"  အဲ့ဒါတော့   တပည့်တော် မသိဘူးဘုရား ။ ရွှေတွေက အမရပူရခေတ်ကဆိုတော့  ၊ ဒီနေရာက အမရပူရ ရွှေမြို့တော်နဲ့  အနီးသားမဟုတ်လား ။

     တပည့်တော် သိသလောက်ဆိုရင်  အမရပူရ ထီးနန်းကို စိုးစံခဲ့တဲ့ ပုဂံမင်း လက်ထက်မှာ(မင်းတုန်းနှင့်ကနောင်မင်းသားတို၏နောင်တော်။ အင်္ဂလိပ်-မြန်မာ ဒုတိယကျုးကျော်စစ် ဖြစ်ပေါ်စေခဲ့သော ကုန်းဘောင်ဆက် မင်းတပါး)

မြို့ဝန်ဘိုင်ဆပ် ရန်က လွတ်အောင် သူဌေးသူကြွယ်တွေက သူတို့ပိုင်ဆိုင်တာတွေကို ဒီလိုပဲ ဝှက်ခဲ့ကြသတဲ့ ။

      ပုဂံမင်းက  လောင်းကစားကျုးတဲ့ မင်း။ တိရိစ္ဆာန်တိုက်ပွဲ အမျိုးမျိုးကို ကြည့်ရှု့လောင်းကစားရတာ ခုံမင်သတဲ့။ 

        အဲ့ဒီတော့ မြို့ဝန်ဘိုင်ဆပ်က  ထီးဘုရား အကြိုက် တိရိစ္ဆာန်တွေကို ရှာဖွေ မွေးမြူပေးရတယ်။ 

         အဲ့ဒီထဲမှာ မြေတွင်းအောင်း သတ္တဝါဖြစ်တဲ့ မြေခွေးဆိုတဲ့ အကောင်ငယ်လည်း ပါသတဲ့။ မြို့ဝန်က  အင်မတန် လူပါးဝတဲ့ ဘာသာခြား တယောက်လေ။ 

       အဲ့ဒီခေတ်က  လူချမ်းသာတွေက  ရတနာပစ္စည်းဥစ္စာတွေကို မိမိခြံအတွင်းက တနေရာမှာ မြုပ်နှံထားလေ့ရှိတယ်တဲ့။ ရည်ရွယ်ရင်းကတော့ ဓါးပြရန်က လွတ်အောင်  ဒီလိုပဲ မြုပ်နှံထားလေ့ရှိသတဲ့။ ဒါကို သိတဲ့ မြို့ဝန်က  သူ့တပည့်လက်ပါးစေတွေကို မြို့ဝန်အမိန့်နဲ့  မြေခွေးလို့ ခေါ်တဲ့ မြေတွင်းသတ္တဝါငယ်လေးတွေကို မြို့တော်အတွင်းရှိတဲ့ အိမ်တွေ ခြံတွေမှာ ရှာဖွေ တူးဖေါ်စေတယ်။ 

        ဒီတော့  သူကြွယ်တွေ ခြံထဲဝင်၊ မင်းမိန့်ဆိုပြီး  တူးကြဆွကြတဲ့အခါ  သူကြွယ်တွေ မြုပ်နှံထိန်းသိမ်း ထားတဲ့ ရတနာတွေ တွေ့ကြတာပေါ့။ တွေ့ရင် ခိုးဝှက် ယူသွားကြတယ်။  ဓါးမိုးထားတဲ့ ခေတ်ဆိုတော့ ဘယ်သူကြွယ်က ဘာပြောရဲမှာလဲ ။ မြို့ဝန်ဘိုင်ဆပ် ပါးစပ်က ဥပဒေဖြစ်နေတာကိုး ။

      ဒီတော့  သူကြွယ်တွေက  သူတို့အိမ်ထဲ ခြံထဲမှာ ရွှေတွေငွေတွေ မထားရဲကြတော့ဘူး ။ 

       ဒီလိုဘဲ  စိတ်ချရမယ်ထင်တဲ့နေရာတွေမှာ  တိတ်တဆိတ် မြုပ်နှံကြသတဲ့ ။ ဒါကြောင့် ဒီရတနာတွေကလည်း  အမရပူရခေတ်က သူကြွယ်တဦးရဲ့  ရတနာတွေပဲ ဖြစ်မယ်ထင်တယ် ကိုရင် "

    ကိုရင်နန္ဒိယ ဒီတခါ  နှစ်နှစ်ကာကာ ပြုံးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော်  သရဲသည် သူ့အား  ရှေးက အမရပူရခေတ်သမိုင်းကိုပင် ရှင်းပြနေသော  အာဂသရဲ ဖြစ်နေသောကြောင့်ပင်။ ကိုရင်နန္ဒိယက ...

     " ကောင်းပြီလေ။ ဒီလိုဆိုရင်  မင်း  ကို   ငါက  အောက်လမ်းဆရာမ ချောကလျာနွယ်ရဲ့ လက်က လွတ်အောင် လုပ်ပေးမယ်။ 

      မင်းက   ကိုခင်စိုးတို့ကို  အဲ့ဒီရတနာတွေ  ရယူနိုင်အောင် အိမ်မက်ပေးပါ့မယ်လို့ ငါ့ကို ကတိပေး။ဘယ်လိုလဲ  သဘောတူလား "

     သရဲမှာ  ငြိမ့်ပြစရာ ခေါင်းမရှိလေသောကြောင့်  သူ၏ခါးကို ရှိသောလက်တဖက်ဖြင့် ထောက်၍  ခါးညွှတ်ပြလိုက်သည်။ 

        သဘောတူညီမှု ရသွားသည့်အခါ  ကိုရင်နန္ဒိယက  သရဲအား  ချောကလျာနွယ်မှ မည်သို့သော အစီအရင်များဖြင့် ထိမ်းချုပ်ထားသည်ကို မေးမြန်းစုံစမ်းလေတော့၏။

    ဦးသူတော်က  ကိုရင်နန္ဒိယအား  ဗဟုသုတဖြစ်ဖွယ်ရာ ဤသို့ ရှင်းပြခဲ့ဖူး၏။

အောက်လမ်းကို အမျိုးအစား ခွဲလိုက်ရင်(၄၈)မျိုးတောင်ရှိတာကလား ကိုရင်ရဲ့။

အဲ့ဒီအောက်လမ်း(၄၈)မျိုးကတော့ ...

တစ်ကျင်းကနေ ကိုးကျင်းအထိအောင်တဲ့ အောက်လမ်းက ကိုးမျိုး။

မှော်အောက်လမ်း၊

နတ်တိုက်အောက်လမ်း၊

ကဝေချုပ်အောက်လမ်း၊

ဖုတ်ကြီးလေးဆယ်အောက်လမ်း၊

နာနာရူပံအောက်လမ်း၊

တိရိစ္ဆာန်အောက်လမ်း၊

အသားစားအောက်လမ်း၊

ပထမအင်းတက်အောက်လမ်းကနေ၊ပဉ္စမ အင်းတက်အောက်လမ်းအထိ ၊ အောက်လမ်းက ငါးမျိုး။

မှော်စက်ရှင်အောက်လမ်း၊

ကဝေသာရအောက်လမ်း၊

ထုံအောက်လမ်း ပထမအဆင့်ကနေ သုံးဆယ်နှစ်ထုံအထိအောင်ထားတဲ့ အောက်လမ်းက သုံးဆယ်နှစ်မျိုး။

ပထမ ထုံကြီးအောင် အောက်လမ်းကနေ ၊ နဝမ ထုံကြီးအောင် အောက်လမ်းအထိ

ထုံကြီး‌အောင် အောက်လမ်းက ကိုးမျိုး။

ပထမ တောင်အောင်း  အောက်ဝိဇ္ဇာကြီးကနေ ... ပဉ္စမတောင်အောင်းအောက်ဝိဇ္ဇာကြီးအထိ

အောက်ဝိဇ္ဇာ အောက်လမ်းက ငါးမျိုး။

အောက်ဝိဇ္ဇာ အဆင့်ကုန်

အောက်လမ်း ဝိဇ္ဇာကြီးက တမျိုး။

အထက်ပြန်ကူးသည့်

သာသနာပြု အောက်ဝိဇ္ဇာကြီးက တမျိုး ဆိုပြီးတော့

စုစုပေါင်း

အောက်လမ်း(၄၈)မျိုးရှိပါတယ်။

များသောအားဖြင့် တွေ့ရတာကတော့  

မှော်အောက်လမ်း၊

သရဲတိုက် ၊နတ်တိုက်အောက်လမ်း၊

ကဝေချုပ်အောက်လမ်း၊

ဖုတ်ကြီးလေးဆယ်အောက်လမ်း၊

နာနာရူပံအောက်လမ်း၊

တိရိစ္ဆာန်အောက်လမ်း၊

အသားစားအောက်လမ်း

အဲ့ဒါတွေ အတွေ့ရများတယ်။ 

     အဲ့ဒီနောက်မှာ ဦးသူတော်က တမျိုးစီ၏ သက်ရောက်မှုများကို ရှင်းလင်းပြောပြလေ၏။မည်သို့မည်ပုံ ဖြေရှင်း၍ ရနိုင်သည်ကိုလည်း နည်းအသွယ်သွယ်ဖြင့် ရှင်းပြခဲ့လေ၏။

     အခု ကိုရင်နန္ဒိယ တွေ့ကြုံနေရသည့်က သရဲတိုက်နတ်တိုက် အောက်လမ်းဟု ဆိုရမည်ဖြစ်သည်။ 

       သရဲကို နိုင်နင်းစွာ စေခိုင်းနိုင်သည်ဆိုမှတော့ ချောကလျာနွယ်သည် သာမန် အောက်လမ်းဆရာမ မဟုတ်နိုင်။ အဆင့်မြင့်သော အောက်လမ်းဆရာမ ဖြစ်မည်ဟု ခန့်မှန်းနိုင်၏။ 

      ဒါပေမဲ့ ကိုရင်သည် မမှုပါချေ။ သူသည် အမှန်တရားဘက်က ရပ်တည်ခြင်း ဖြစ်သောကြောင့် သူ့အား လောကပါလနတ်မင်းကြီးများက စောင့်ရှောက်ကူညီကြမည်ဟု ယုံကြည်ထား၏။

       တကယ်လည်း  ကိုရင်နန္ဒိယသည်  အောက်လမ်းဆရာမလေး ချောကလျာနွယ်ကို ထိုပညာများ အသုံးချ မရအောင် ဖျက်ဆီးပစ်ခဲ့လေ၏။ 

              _____________

အခန်း(၁၀)

    "  ဟယ် ! ဘယ်လိုဖြစ်တာတဲ့လဲ ။ မနေ့က အကောင်းကြီးပါ။ ဆရာမကလဲ  အကြားအမြင်ရတယ်ဆိုပြီး ၊ သူ့ကံကြမ္မာကျ သူ မဖတ်နိုင်ဘူးလားအေ ... "

    " ဟဲ့  အဲ့ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ ကောင်မရဲ့။ ဘကြီးအုန်း ပြောတာတော့ အဲ့ဒါ သူမွေးထားတဲ့ သရဲက သူ့ကို မကျေနပ်လို့  ဂုတ်ချိုးသွားတာတဲ့။ အံမယ်လေး  ပြောရင်း ကြက်သီးထပါရဲ့အေ ၊ ကောင်မလေးနှယ်  ရုပ်ကလေးနဲ့ မလိုက်၊ သရဲ မွေးရတယ်လို့ "

    " အင်း   တော်ပါသေးရဲ့နော်။ သရဲက  အသေလုပ်မသွားတာ ကံကောင်းတယ် ပြောရမယ် "

     " အောင်မယ်လေး  ... သူ့နေရာ ငါသာဆို  အသေလုပ်သွားတာကမှ ခပ်ကောင်းကောင်း။ အခုတော့ ညည်းလဲ အမြင်သား ၊ ဇက်ကြီးက တဖက်ကို လိမ်လို့ ၊ လျှာကလဲ ပြူတစ်ပြုတစ်နဲ့ သရေတွေ ထွက်ကျလို့ ။ ရွံစရာကြီးအေ ။ လေဖြတ်တာကလဲ သူ့ကျတော့ အဆန်းနော် ။ ဘကြီးအုန်း ပြောသလို သရဲက လုပ်ချိုးသွားတာနေမှာပါအေ "

      မိန်းမနှစ်ယောက်သည် အိမ်ထဲမှ ထမ်းစင်ဖြင့် ထုတ်လာသော ချောကလျာနွယ်ကို ကြည့်၍ ပြောနေကြခြင်း ဖြစ်သည်။ သူတို့ ပြောနေသည့်အထဲက ဘကြီးအုန်းဆိုတာက အသက်၇၀အရွယ်  လူသူတော်ကြီးတယောက်ဖြစ်၏။

       ချောကလျာနွယ်၏ အိမ်ထဲက ညည့်နက်သန်းခေါင် ညတနာရီလောက်အချိန်တွင် ဆူညံသံများ ကြားရသည်ဟု အိမ်နီးချင်းတို့က ဆိုကြသည်။ 

       ပန်းကန် ကွဲသံရှသံတွေ၊ အော်ဟစ်ငြင်းခုံသံတွေလည်း ကြားရသည် ဟုဆို၏။

      အကြားအမြင်ဆရာမသည် အဒေါ်လင်မယားနှင့်အတူနေထိုင်ခြင်း ဖြစ်ရာ အိမ်နီးချင်းတွေက ...  

    " အကြားအမြင်ဆရာမက သူ့အဒေါ်ကို အဒေါ်လို့ မှတ်တာမဟုတ်ဘူး။ အိမ်မှုကိစ္စ လုပ်ရအောင် ခေါ်ထားတဲ့ အိမ်ဖေါ်လို ဆက်ဆံတာလေ။

        သူ မထင်ရင် မထင်သလို အဲ့ဒီအဒေါ်ကို ဆူပူမာန်မဲတတ်တဲ့အပြင် ၊ အဒေါ့်ယောကျ်ားကိုလဲ နင်ပဲငဆ အော်ဟစ်လေ့ရှိတယ်။       အဒေါ်လင်မယားက သူ့ကို ခိုကိုး နေရတော့ သူပြောသမျှ ငုံ့ခံကြရတယ်ရှင့် ။ ကျွန်မတို့က အမြဲလိုလို ကြားနေရတော့ သိတယ်။ မနေ့ညကလဲ ချောကလျာနွယ်က  သူ့အဒေါ်လင်မယားကို ဆူပူနေတယ်ပဲ ထင်ခဲ့တာ ။

        ဘယ်ဟုတ်လိမ့်မလဲ။ သူ့အဒေါ်လင်မယားက လွန်ခဲ့တဲ့ ၃ရက်လောက်ကပဲ ရွာကို အပြီးပြန်သွားကြပြီတဲ့လေ။ 

        ကဲ... ထူးဆန်းမနေဘူးလား။ ညက  ချောကလျာနွယ်နဲ့ အော်ဟစ်သောင်းကျန်းနေတာ ဘယ်သူဖြစ်မလဲ "

    လူတယောက်က ဆိုးခနဲဆတ်ခနဲ ဝင်ပြောချလိုက်၏။ ကြည့်လိုက်တော့ အကြားအမြင်ဆရာမ ချောကလျာနွယ် ငှါးစီးနေကျ ဆိုက်ကားဆရာ တင်ထွန်းဆိုသူ ဖြစ်နေသည်။ တင်ထွန်း ပြောသည်က ...

" ဘယ်သူဖြစ်မလဲ ၊ အဲ့ဒီမိန်းမ မွေးထားတဲ့ သရဲ ဖြစ်မှာပေါ့ဗျ ၊ ခုနက ဘကြီးအုန်း ပြောသွားတာ မကြားဘူးလား ။ 

     အဲ့ဒါ သူမွေးထားတဲ့ သရဲက သူ့ကို ဂုတ်ချိုးသွားတာတဲ့။ဟုတ်လိမ့်မယ်ဗျ။ ဒါမျိုးဆိုတာက စည်းပေါက်သွားရင် သရဲတွေက သခင်ကို ပြန်စားတတ်တယ်လို့ ကြားဖူးတယ်ဗျ ။ အခုဟာက သူ့ကို သရဲက မစားသွားတာတောင် ကျေးဇူးတင်ရလိမ့်အုံးမယ် "

      ချောကလျာနွယ် ဆေးရုံတင်လိုက်ရသည်။ ဆေးရုံကတော့ ပြင်းပြင်းထန်ထန် ချော်လဲဟန်တူသည်ဟု မှတ်ချက်ပြု၏။ သွေးဆောင့်တက်သည့် လက္ခဏာ တွေ့ရသည်ဟုလည်း ပြော၏။ 

      နောက်ဆုံး၌ ချောကလျာနွယ်သည် တဦးတည်းရှိချိန် သွေးဆောင့်တက်သည်။ သွေးတက်ပြီး ပစ်လဲကျသွားလိမ့်မည်။ ထို့ကြောင့် လည်ဆစ်ရိုး ထိခိုက်ခါ ဇက်တဖက် လိမ်သွားခြင်း ဖြစ်ပြီး၊ သွေးတိုးကြောင့် လေဖြတ်သွားခြင်း ဖြစ်သည်ဟု အဖြေထွက်လေ၏။ ဒါက ဆေးပညာသဘော။ လူတွေကတော့ အကြားအမြင်ဆရာမသည် အောက်လမ်းပညာဖြင့် သရဲမွေးထားပြီး၊ ယခုအခါ စည်းပေါက်၍ သရဲက ဂုတ်ချိုးသွားခြင်းဟု ပြောဆိုနေကြ၏။

        ဝဋ်ဆိုတာ နောက်ဘဝအထိ စောင့်ချင်မှ စောင့်တာ။ အကုသိုလ် အကျိုးပေးချိန်ရောက်လျင် တန်းဝဋ်လည်တော့၏။ ယခုလည်း အောက်လမ်းဆရာမ ချောကလျာသည် ကိုခင်စိုးတို့ မိသားစုအပေါ် ပြုခဲ့သည့်အတွက် ကံ ကံ၏အကျိုးကို ခံစားရခြင်း ဖြစ်၏။ 

       အဲ့သလိုဆိုလျင်  ကိုခင်စိုးတို့ ဝဋ်ကြွေးကုန်သည့်သဘောပေါ့။ ဟုတ်ပါသည် ကိုခင်စိုး သူ၏ အိမ်မက်အရ အိမ်၏ ကြမ်းပြင်အောက်က မြေကို တူးဆွကြည့်ရာ အနက် ၃ပေခန့်အရောက်တွင် ပြည်တောင်းလောက်ရှိသည့် မြေအိုးတလုံးကို တွေ့ရလေ၏။

       ထိုမြေအိုး အဖုံးကို ဖွင့်ကြည့်ရာ အိုးအတွင်း၌ အမရပူရခေတ်သုံး ဒင်္ဂါးများနှင့် ရွှေထည်လက်ဝတ်ရတနာများ အပြည့်ထည့်ထားသည်ကို တွေ့ရလေ၏။

       ကာလတန်ဖိုးဖြင့် တွက်ချက်ကြည့်ရာ လွန်စွာ များပြားသော ငွေတို့ ရနိုင်၏။ကိုခင်စိုးတို့မိသားစု သူဌေး ဖြစ်ပြီပေါ့။ 

        ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသော၊ မိဘအပေါ် သိတတ်လိမ်မာသော သားငယ် ကံထူးမောင်သည်  နာမည်နဲ့လိုက်အောင် တကယ် ကံထူးခဲ့လေပြီ။ 

         ကံထူးမောင်၏ ကံကို ပွတ်တိုက်အရောင်တင်ပေးသောသူမှာ ကိုရင်နန္ဒိယ ဖြစ်သည်။ ကိုခင်စိုးတို့ မိသားစုကို အမှောင်ထဲမှ အလင်းသို့ရောက်အောင် ဆွဲတင်ပေးသူသည် တစ္ဆေနိုင်ကိုရင်လေးဟူသော ကိုရင်နန္ဒိယ ဖြစ်သည်။ 

        တစ္ဆေနိုင်ကိုရင်လေးသည် ကိုခင်စိုးထံမှ တသက်လုံး အရက်မသောက်တော့ပါဟူသော တပါးသီလ မြဲစေရန် ကတိကို တောင်းခံခဲ့သည်။ ထို့မှတပါး အခြားသော ရုပ်ဝတ္ထုပစ္စည်း တခုကိုမျှ အလှုခံခြင်း မရှိချေ။ 

         ကိုခင်စိုး ၊ ဇနီး မတင့်နှင့် သား မောင်ကံထူးမောင် ၊ သမီး မဇင်မီမီသိမ့်တို့သည် ရရှိသော ပစ္စည်း အချို့ ထုခွဲရောင်းချ၍ ကိုရင် ရှိရာ ကျောင်းသို့ ရောက်လာသည်။ 

         ကိုရင် အသက်ပြည့်ပါက ရဟန်းဒါယိကာ၊ ဒါယိကာမများ ဖြစ်ခွင့် တောင်းခံကြသည်။ ကိုရင်သည် နှစ်လိုဖွယ်ပြုံး၍ အသက်ပြည့်က ရဟန်းခံပေးရန် ခွင့်ပြုပေးခဲ့သည်။ 

       စာသင်သား ကိုရင်နန္ဒိယအတွက် ကျောင်းတိုက်အတွင်း ကျောင်းဆောင်ငယ် တခု ဆောက်လုပ်ခွင့် တောင်းခံခဲ့ရာ၊ ဆရာတော်က  နေရာ တနေရာ ပေးခဲ့သည်။

       ထိုကျောင်းအမည်မှာ" ကံသစ် " ဟု အမည်ပေး၍ ကျောင်းဒါယိကာ ဒါယိကာမများ အမည်များ ကဗျည်းရေးထိုး လှုဒါန်းထား၏။ 

     " လက်သမားဆရာကြီးဦးခင်စိုး ၊ဇနီး မတင့်တင့်ထွန်း နှင့် သား မောင်ကံထူးမောင်၊ သမီး မဇင်မီမီသိမ့်တို့၏ ကောင်းမှု " ဟူသော ကံသစ် ကျောင်းတိုက်သည် ယနေ့ထိတိုင် မြင်တွေ့နိုင်ကြလေတော့သတည်း။

ပြီးပါပြီ။

ပီပီ၊မန္တလေး၊

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..