တမလွန် ဒိုင်ယာရီ (အပိုင်း ၂)
lotaya.mpt.com.mm
|
2022-07-09

ကျန်ရစ်သူများ

………………

ကျန်ရစ်သူ မိသားစု။

ဒီစကားကို လူတိုင်းကြားဖူးကြမှာပါ။ ကျန်ရစ်သူမိသားစုလို့ ဆိုလိုက်တာနဲ့ အားလုံးက သနားစရာအဖြစ် မြင်တတ်ကြတယ်။ လူဆိုတာ သနားဖို့တော့ ၀န်မလေးတတ်ကြဘူး။ သနားတာက အိတ်စိုက်စရာမလိုဘူးလေ။ သနားလိုက်တာ လို့ ပြောဖို့ လေပဲ စိုက်ရတာ မဟုတ်လား။

အခုလည်း သူ့မိန်းမ၊ သူ့သားသမီးတွေ ကျန်ရစ်သူဖြစ်ကြတဲ့အခါ လူတွေဟာ သနားရုံကလွဲပြီး ဘာမှ အကူအညီ မပေးကြဘူး။ သူ့မိန်းမရဲ့ မိဘရင်းကြီးတွေကတောင် အကူအညီ မပေးခဲ့ကြဘူးလေ။

‘သမီးအတွက်ဆို အခုလို အကူအညီမတောင်းပါဘူးအမေရယ်။ အခုဟာက အမေတို့ မြေးမလေး အတွက်မို့လို့ပါ’

သူမ ဖုန်းပြောရင်း ငိုကြွေးနေတာကို သူတွေ့ရတယ်။ တဘက်က အသံကိုမကြားရပေမဲ့ သူ့မိန်းမရဲ့ အမေဖြစ်မှန်းတော့ သိပါတယ်။ သမီးလေးနဲ့ ပတ်သက်ပြီး ပြောနေကြတာပါ။

‘ဒီအရွယ်ကြီးရောက်မှ အစိုးရကျောင်းပြောင်းတက်ဖို့က ပိုးအိလေးအတွက် သိပ်ခက်နေမယ် အမေရယ်။ သမီးကို ဒီတစ်နှစ်လေး ကူညီပေးလို့မရဘူးလားဟင်။ နောက်နှစ် သမီး အလုပ်အကိုင် အဆင်ပြေရင် ပြန်ပေးပါ့မယ်’

တဘက်က စကား အကြာကြီးပြောနေတာကို သူမ စောင့်နားထောင်နေရတယ်။ သူမ မျက်ရည်တွေ ကျနေတယ်။ နောက်ဆုံးတော့ သူမ ဖုန်းကို ချလိုက်တယ်။ သူမရဲ့ တင်းနေအောင် စေ့ထားတဲ့ နှုတ်ခမ်းတွေဟာ နာကျည်းမှုကြောင့် တဆတ်ဆတ် တုန်ခါနေလေရဲ့။ သူမ ထိုင်ရာကထပြီး သမီးငယ်ရဲ့ အခန်းတံခါးကို ခေါက်လိုက်တယ်။ တံခါးဖွင့်ပြီး ၀င်သွားတော့ သူလည်း အနောက်က ကပ်ပြီး လိုက်လာခဲ့တယ်။ သူတစ်ယောက်ထဲဆို သမီးငယ်ရဲ့ အခန်းထဲကို မ၀င်ဖြစ်ဘူး။ သမီးက ဆယ်ကျော်သက်ဖြစ်နေပြီဆိုတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားရမယ်မဟုတ်လား။

‘မေမေ စိတ်မညစ်ပါနဲ့။ အင်တာနေရှင်နယ်စကူး မတက်ရလို့ သမီးဘာမှ ဖြစ်မသွားဘူး။ အစိုးရကျောင်း တက်ပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေ အများကြီးပါ’

သမီးငယ်က သူ့အမေကို ပြန်ပြီး နှစ်သိမ့်ရှာတယ်။ သူသိလိုက်ပါပြီ။ သူ့ရဲ့ မိသားစုလေး ဘာ၀င်ငွေမှ မရှိတော့ဘဲ ကျပ်တည်းနေပြီ။ သူ့မိန်းမရဲ့ အတွင်းပစ္စည်းတွေလည်း ထုတ်ရောင်းရလို့ ကုန်လောက်ပြီ ထင်ပါရဲ့။ သူ ဘာတွေ အသုံးအဖြုန်းကြီးခဲ့လို့ မိသားစုအတွက် ဘာမှ မချန်ခဲ့နိုင်တာပါလိမ့်။ သူ့ကိုယ်သူ ပြန်ပြီး အပြစ်တင်မိတယ်။

‘ညီမရယ်။ အဆင်မပြေရင်လည်း ဒီတိုက်နဲ့ ခြံနဲ့ကို ရောင်းထုတ်လိုက်ပေါ့။ ပြီးရင် မြို့စွန်နားမှာ တိုက်ခန်းလေး ငှားနေလိုက်။ နှစ်ပေါင်းများစွာ ထိုင်စားလို့ရတာပဲ’

ဟိုတနေ့က သူမ ဆီက နားကပ်၀ယ်သွားတဲ့ စိန်မမကြီးက နောက်တခေါက်ပြန်လာတုန်း ပြောလိုက်တဲ့စကားပါ။ သူ ဒီမိန်းမကြီးကို လုံး၀ ကြည့်လို့မရဘူး။ ဒီမိန်းမကြီးကြည့်ရတာ သူမ ဆီက ရသမျှကို စျေးနှိမ်ပြီး ၀ယ်မဲ့ပုံ။

‘မရောင်းရက်ပါဘူး မမရယ်။ ဒီတိုက်လေးက သူကိုယ်တိုင် ဒီဇိုင်းဆွဲပြီး အစအဆုံး ဆောက်သွားတာမို့လို့ပါ’

‘အေးပါ။ အစ်မက စေတနာနဲ့ ပြောတာ။ ညီမယောကျ်ားက သူရှာခဲ့သမျှ ဒီတိုက်နဲ့ ခြံအတွက် သုံးသွားခဲ့တာမလား။ အခု ငွေလိုတော့ ဘယ်လိုလုပ်မလဲ ညီမရဲ့’

လို့ ပြောရင်း သူမ ချွတ်ပေးတဲ့ ‌‌ရွှေဆွဲကြိုးလေးကို လောဘမျက်လုံးကြီးတွေနဲ့ စိုက်ကြည့်နေတယ်။ အခုမှ သူ သိလိုက်တာက သူ မစုဆောင်းခဲ့လို့ မဟုတ်ဘူး။ ရှိသမျှ ချမ်းသာခဲ့သမျှတွေကို ဒီတိုက်နဲ့ ခြံအတွက် ရင်းနှီးမြှုပ်နှံခဲ့လို့ မဟုတ်လား။ ဒီအတွေးကြောင့် သူ နည်းနည်း စိတ်သက်သာရာ ရသွားခဲ့တယ်။

… ကူညီမဲ့ လူတစ်ယောက်ယောက်တော့ ပေါ်လာမှာပါ …

‘ညီမက ကံနိမ့်နေတာ။ ဘာသာရေးလေး ဘာလေးလုပ်ပေါ့’

ဒီမိန်းမကြီးက စကားကြောဆက်ရှည်နေပြန်တယ်။

‘ကျွန်မက အဲဒါတွေ သိပ်အယုံအကြည်မရှိလို့ပါ မမ။ အမျိုးသားကလည်း အဲဒါမျိုးတွေ လုံး၀ မယုံကြည်ခဲ့ဘူး’

‘ဟဲ့ မယုံလို့မရဘူးလေ။ နတ်ကောင်းနတ်မြတ်တွေဆိုတာ တကယ်ရှိတယ်။ သူတို့ကို မယုံရင် ညည်းကို ဘယ်သူက လာစောင့်ရှောက်မလဲ။ ဟဲ့ နေပါဦး။ အခု ယောကျ်ားသေတာ ရက်လည်ဆွမ်းလေးဘာလေး သွတ်ပြီးပြီလား’

‘ဟို…’

‘ဟယ် ဒီကောင်မလေးနဲ့တော့ ခက်တာပဲ။ ညည်းယောကျ်ားက ရိုးရိုးသေတာမဟုတ်ဘူးလေ။ အစိမ်းသေတာ။ ပိုတောင်လိုသေးတယ်။ ရက်လည်ဆွမ်းသွတ်ပြီး ပရိတ်ရွတ်ရမှာ’

‘ဘာလို့လဲ မမရယ်’

‘ဟဲ့ အဲဒါမှ ကျွတ်မှာလေ။ နို့မို့ဆို အစိမ်းသေက မကျွတ်ဘဲ အိမ်မှာ ကပ်နေရင် လာဘ်တိတ်တယ်ဟဲ့။ လာဘ်တိတ်တယ်။ ငါတောင် စိတ်မသန့်တော့ဘူး။ ဒီအိမ်ကို လာရတာ’

မိန်းမကြီးစကားကြောင့် သူမ မျက်နှာလေး ညိုသွားတယ်။ သူ တကယ် စိတ်တွေ နောက်လာပြီး မိန်းမကြီး နားကို ‌ရောက်သွားမိတယ်။ အနားရောက်တော့ ဘာလုပ်ရမှန်းလဲ မသိဘူး။ သူ့ရဲ့ စိတ်တွေက ပိုမှောင်ပြီး ပိုလေးလံလာတယ်။ အခန်းခြေရင်းမှာ အမှောင်ရိပ်တွေ ပိုပြီး မည်းနက်လာသလိုပဲ။ သိပ်မကြာပါဘူး။ ဒီမိန်းမကြီး ကြာကြာမနေရဲတော့ဘဲ ထပြန်သွားတယ်။ …. ဒီမိန်းမကြီး ပြောသွားတဲ့ .. အစိမ်းသေ.. ဆိုတာ ဘာကို ဆိုလိုပါလိမ့်။ … ငါ ဘာလို့ ဘယ်လို သေသလဲဆိုတာ မမှတ်မိရတာလဲ...။

သူမ ဧည့်ခန်း နံရံကပ်ဗီရိုပေါ်က သူတို့ မိသားစု ဓာတ်ပုံ‌လေးကို ကောက်ကိုင်ပြီး ငေးကြည့်နေတယ်။

‘မောင့်ကို မေ ဘယ်တော့မှ မနှင်လွှတ်ပါဘူး။ မောင် မကျွတ်ဘဲနဲ့ ဒီအိမ်မှာဆက်ရှိနေချင်ရင်လည်း ရပါတယ်။ တခုပါပဲ။ မောင့်ကို ဘ၀ကူးကောင်းစေချင်တယ်။ မြင့်မြတ်ရာ ဘုံဘ၀ကို ရောက်သွားစေချင်တယ်။ မေ ဘာလုပ်ရမလဲဟင်’

ပြောရင်းနဲ့ သူမရဲ့ ပါးပြင်ပေါ်ကို မျက်ရည်ပေါက်တွေ စီးကျလာပြန်ပါတယ်။

………………………………………..

ဧည့်သည်

…………...

‘ဖိုးကဲလေး။ ဘယ်ရောက်နေလဲကွ။ လာစမ်းပါဦး။ မတွေ့ရတာကြာလို့လားမသိဘူး။ ငါ့ကောင်ကြီး ထွားလာလိုက်တာ’

အသံသြသြနဲ့ အော်ပြောလိုက်တဲ့ အသံကြောင့် သူ အိပ်ခန်းထဲကနေ နံရံတွေကို ဖောက်ပြီး ဧည့်ခန်းထဲ ရောက်လာခဲ့တယ်။ ဧည့်ခန်းထဲမှာ ယောကျ်ားတစ်ယောက်။ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့်နဲ့။ ဆံပင်ကို ခပ်တိုတို ညှပ်ထားတဲ့ လူတစ်ယောက်။ သူ ဒီလူကို မြင်ဖူးသလိုတော့ ရှိတယ်။ ရုတ်တရက်တော့ မမှတ်မိဘူး။

‘သြော် အစ်ကိုကလည်း။ လက်ဆောင်တွေ ဘာလို့ ၀ယ်လာပြန်တာလဲ။ ညီမတို့ အဆင်ပြေပါတယ်’

‘ရပါတယ် ညီမရယ်။ ဒီလောက်က အစ်ကို့အတွက် အသေးအမွှားပါ’

ဧည့်သည်ယောကျ်ားက သူ့လက်ထဲက ချောကလက်ထုပ်တွေကို သူမဆီ ကမ်းပေးရင်း ပြုံးပြလိုက်တယ်။ ဟုတ်ပြီ။ ဒီကောင့်ကို မှတ်မိပြီ။ ငါ့မိန်းမဖုန်းထဲက ဓာတ်ပုံတွေထဲမှာ အလုပ်ခွင်မှာ ငါနဲ့ တွဲရိုက်ထားတဲ့ ကောင်ပဲ။ ဒီကောင်က ငါ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်။ ငါ့လို အင်ဂျင်နီယာတစ်ယောက်...။

ဒီပုဂ္ဂိုလ်က ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ သားငယ်လေးဆီကို သွားပြီး အရောတ၀င်လုပ်နေပြန်တယ်။ ငနဲရဲ့ မျက်လုံးတွေကတော့ သူမဆီကို မကြာမကြာ လှမ်းကြည့်ကြတယ်။ ဒီလူရဲ့ အကြည့်တွေကို သူ သဘောမကျဘူး။ ဒီလူရဲ့ အကြည့်တွေဟာ မရိုးသားဘူး။ ဒါပေမဲ့ သူမ ကတော့ ဒီလူ အိမ်လာလည်တာကို ၀မ်းသာနေပုံပဲ။ ဘာပဲပြောပြော သူမ စိတ်ချမ်းသာနေရင် သူကျေနပ်တယ်။ ဖြစ်နိုင်ရင် သူမကို အချိန်တိုင်း စိတ်ချမ်းသာနေစေချင်တယ်။ သူမကို ပျော်အောင် လုပ်ပေးနိုင်တဲ့လူဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် သူ ကြိုဆိုပေးရမယ် မဟုတ်လား။

‘ညီမ အကူအညီလိုရင် အချိန်မရွေးပြော။ အစ်ကို ချက်ချင်းလာခဲ့မယ်’

‘ဟုတ်ကဲ့ အစ်ကို။ ကျေးဇူး အများကြီးတင်ပါတယ်။ တကယ်တော့ ညီမမှာ တခုခုဆို ဘယ်သူ့ကို အားကိုးရမှန်းတောင် မသိတော့ပါဘူး...’

ပြောရင်းဆိုရင်း သူမကိုယ်လုံးလေး တသိမ့်သိမ့်တုန်ပြီး ရှိုက်ငိုမိသွားရော။ ဧည့်သည်ယောကျ်ားက ဒါကို အခွင့်ကောင်းယူပြီး သူမရဲ့ ကိုယ်လုံးလေးကို ကောက်ဖက်လိုက်တယ်။

‘မငိုပါနဲ့ ညီမရယ်။ အစ်ကိုပြောပြီးပြီပဲ။ ညီမအတွက်ဆို အစ်ကို အမြဲရှိတယ်။ အစ်ကို့ကို အားကိုးလို့ရတယ်ညီမ’

နတ်ကောင်းနတ်မြတ်တွေ မလာခင်မှာပဲ သူမအတွက် အားကိုးရာတစ်ခုကို ရှာတွေ့သွားတော့တယ်။ အဲဒီ့နေ့ကစပြီး သူမ သိပ်မငိုတော့ဘူး။ ပြန်ပြီး တက်တက်ကြွကြွရှိလာတယ်။ အိမ်မှာ ပစ္စည်းလေးတွေ ၀ယ်ပြီး အွန်လိုင်းကနေ စျေးရောင်းဖို့ ကြိုးစားလာတယ်။ ညနက်ပိုင်းတွေ ခေတ်ဟောင်းရုပ်ရှင်တွေ ဖွင့်ရင် အရင်လို ရုပ်ရှင်မကြည့်ဘဲ ဖုန်းထဲက ဓာတ်ပုံတွေ ထိုင်ကြည့်နေတာမျိုး မလုပ်တော့ဘဲ ရုပ်ရှင်တွေကို အာရုံစိုက်ကြည့်တတ်လာတယ်။ သူကတော့ အရင်လို သူမနဲ့ အတူတူ ဖုန်းထဲက သူတို့ဓာတ်ပုံတွေ အပေါ်အောက် ပွတ်ဆွဲပြီး ကြည့်နေရတာကို ပိုသဘောကျတယ်။ အခုတော့ -

ဘာပဲပြောပြော … သူမ ပျော်နေရင် ပြီးတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။

နောက်ပိုင်းရက်တွေမှာ ဟိုလူ အိမ်လာတာ ပိုစိပ်လာတယ်။ ဒီပုဂ္ဂိုလ်က အပြောသိပ်ကောင်းတယ်။ ကလေးတွေနဲ့လည်း ခင်အောင် ပေါင်းတတ်တယ်။ သမီးက ပုံဆွဲ၀ါသနာပါတာသိလို့ ပုံဆွဲစာအုပ်တွေ ၀ယ်၀ယ်လာတတ်တယ်။

‘သမီးကြီးလာလို့ ပီကာဆိုလို အောင်မြင်သွားရင် ဦးဦးကို မမေ့နဲ့နော် ဟဲဟဲ’

သူ့သမီးဟာ စကားနည်းပေမဲ့ ဒီလူနဲ့ကျတော့ အဆင်ပြေနေတယ်။ အင်တာနေရှင်နယ်ကျောင်းမှာ မြန်မာစာ အားနည်းတဲ့ သမီးကို ဒီပုဂ္ဂိုလ်က မြန်မာစာ သင်ပေးတယ်။ သူ့အစား မိသားစုကို စောင့်ရှောက်ပေးမဲ့ လူတစ်ယောက်ပေါ်လာတာ သူ ၀မ်းသာရမလား။ ၀မ်းနည်းရမလား မ‌ေ၀ခွဲနိုင်ခဲ့ဘူး။ ဒါကြောင့် နောက်ပိုင်း အဲဒီလူ အိမ်လာတဲ့အချိန်တွေဆိုရင် သူ အိပ်ခန်းထဲပြန်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေမိတတ်တယ်။ အဲဒီမှာ သူ - ထူးဆန်းတာတစ်ခုကို တွေ့လိုက်ရတာပဲ။

………………………………….

ဘ၀တူ

……….

ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် ခပ်လှမ်းလှမ်းက ခြံအပြင်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အစကတော့ သူ ပျင်းပျင်းရှိတိုင်း အဲဒီ ညောင်ပင်ကြီးကို ငေးကြည့်နေတတ်တာ။ တရက်လည်းကျရော - သူ ထူးဆန်းတာတစ်ခုကို တွေ့လိုက်ရတယ်။

အဲဒါကတော့ အဲဒီညောင်ပင်ကြီးက အရွက်တွေဟာ လှုပ်ရှားသွားတာပဲ။ ညောင်ပင်က ညောင်ရွက်တွေ လေတိုးလို့ လှုပ်တာ ဘာဆန်းလဲလို့ ပြောစရာရှိတယ်။ ဒါပေမဲ့ ဒီညောင်ရွက်တွေဟာ လေတိုက်လို့ လှုပ်တာမဟုတ်ဘူး။ လေတိုက်ရင် တစ်ပင်လုံးက အရွက်တွေအားလုံး လှုပ်ရမှာ မဟုတ်လား။ အခုတော့ ‌ညောင်ပင်ကြီးရဲ့ နေရာတစ်ခုထဲက တချို့ညောင်ရွက်တွေပဲ ‌ရွေးပြီး လှုပ်သွားခဲ့တာ။ သူအဲဒါကို သတိထားမိလိုက်တော့ ဒီညောင်ပင်ကြီးကို ပိုပြီး သတိထား စောင့်ကြည့်နေခဲ့မိတယ်။

အဲဒီနေ့တုန်းက နေ့လည်ပိုင်း တခါပဲ လှုပ်သွားပြီး တစ်နေ့လုံး ငြိမ်နေခဲ့တယ်။ သူ ညရောက်တဲ့အထိ စောင့်ပြီး ကြည့်နေတယ်။ ညမှောင်လာတော့ လရောင် ထွက်လာတဲ့အပြင် ခြံပြင်က လမ်းမီးရောင် မှိန်မှိန်အောက်မှာ ညောင်ပင်ကြီးကို သူတွေ့နေရတယ်။

‘ရှဲ… ရှဲ.. ရှဲ….’

ကြည့်နေတုန်းမှာပဲ နေ့လည်တုန်းက လှုပ်သလို ညောင်ရွက်တွေဟာ နေရာကွက်ပြီး လှုပ်သွားပြန်တယ်။ သူ စိတ်လှုပ်ရှားသွားပြီး ပြတင်းပေါက်နားကို ကပ်သွားလိုက်တယ်။ အပြင်ကိုတောင် ထွက်သွားမိမတတ်ပဲ။ သူ အခုအထိ အိမ်ထဲကနေ အိမ်ပြင် မထွက်ဖြစ်ဘူး။ မထွက်ဖြစ်တာက ထွက်လို့မရလို့တော့ မဟုတ်ဘူး။ သူစိုးရိမ်တာ တစ်ခုပဲ ရှိတယ်။ အဲဒါက အိမ်ထဲကနေ ထွက်သွားပြီး ပြန်၀င်လို့ မရတော့မှာကိုပဲ။ မရလောက်တော့ဘူးလို့လည်း သူထင်တယ်။ အိမ်ဆိုတာက စည်းတွေ ဘောင်တွေ ရှိတယ်မဟုတ်လား။ သူတို့လို နာနာဘာ၀တွေက သူများပိုင်နက်ဆို ၀င်လို့ရချင်မှ ရမှာ။ ဘာပဲပြောပြော အခုလို သူ့မိသားစုနဲ့ တမိုးအောက်ထဲမှာ နေခွင့်ရနေတာကို သူ မဆုံးရှုံးသွားချင်ဘူးလေ။

သူ မျက်လုံးသာ ရှိနေခဲ့ရင် မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေမိမှာ။ အခုတော့ သူ့ရဲ့ အသိအာရုံကို အဲဒီ ညောင်ပင်ဆီ စူးစိုက်ထားလိုက်တယ်။

… အလို.. ဘာကြီးပါလိမ့်...။

သူ အဲဒါကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ သူ တွေ့လိုက်တာက… သူ့ဘက်ကို ပြန်ပြီး လှည့်ကြည့်နေတဲ့ မျက်လုံးကြီးတစ်စုံပဲ။ သူ လန့်သွားပြီး အနောက်ကို ပြန်ဆုတ်လိုက်မိတယ်။ ဒီ မျက်လုံးကြီး နှစ်လုံးက ညောင်ကိုင်း ညောင်ရွက်တွေကြားကနေ သူ့ကို ပြန်ကြည့်နေတာပါလား။ အဲဒါကြီးက ဘာကြီးလဲ...။

ညောင်ရွက်တွေကြားမှာ ညအချိန်ဆိုတော့ အမှောင်ရိပ်က ကျနေတယ်။ သဲသဲကွဲကွဲ မမြင်ရဘူး။ နီရဲနေတဲ့ ဧရာမ မျက်လုံးကြီးနှစ်လုံးကိုပဲ သူတွေ့လိုက်ရတာ။ အဲဒီ မျက်လုံးကြီးတွေရှိတဲ့ ခေါင်းကြီးနဲ့ ကိုယ်လုံးကိုတော့ သူ မတွေ့လိုက်ဘူး။ ခဏနေတော့ ညောင်ရွက်တွေကြားက အဲဒီမျက်လုံးကြီး ပျောက်သွားတယ်။ သူလည်း မနက်လင်းတဲ့အထိ အဲဒီနေရာမှာပဲ ရပ်ပြီး စောင့်ကြည့်နေခဲ့တော့တာပဲ။ မနက်အလင်းရောင်နဲ့ဆို ပိုပြီး ထင်ထင်ရှားရှား မြင်ရလို မြင်ရငြားပေါ့။

‘ညောင်ပင်တစ္ဆေ ‌ဝေလေလေ … နင်ဘာသီးစား ညောင်သီးစား..’

ရပ်ကွက်ထဲက ကလေးတစ်သိုက်ရဲ့ အော်လိုက်သံ။ မနက်စောစောစီးစီး ဆူဆူညံညံလုပ်တဲ့ ကလေးတွေကို သူ စိတ်ထဲက အမြင်ကတ်မိတယ်။ 

‘ဟေ့‌ကောင်တွေ၊ အဲလို မဟုတ်ဘူးကွ။ ငါဆိုပြမယ်။ ဟဲ ဟဲ...။

ညောင်ပင်တစ္ဆေ ခဲနဲ့ထု၊ လဥ လဥ..။ အဲလို ဆိုရတယ်ကွ’

ကလေးအုပ်စုထဲက ညစ်ကျယ်ကျယ်နဲ့ ဆိုးပုံရတဲ့ ကောင်လေးတစ်ယောက်ဟာ ပြောပြောဆိုဆိုနဲ့ ညောင်ပင်ကြီးကို လမ်းဘေးမှာ တွေ့တဲ့ ခဲတစ်လုံးကောက်ပြီး လှမ်းပစ်လိုက်တယ်။ ကျန်တဲ့ကလေးတွေကလည်း သူ့နောက်လိုက်ပြီး ညောင်ပင်ကြီးကို ခဲတွေနဲ့ ကောက်ပေါက်ကြပါလေရော။

‘ရှပ် ရှပ် ရှပ်...’

ခဲမိုးရွာနေတဲ့ကြားက ညောင်ရွက်တွေ ရုတ်တရက် လှုပ်သွားတာကို တွေ့လိုက်ရတယ်။ သူတင်မဟုတ်ဘဲ ကလေးအုပ်စုထဲက တချို့လည်း တွေ့သွားပုံပဲ။

‘ဟာ… ဟေ့ကောင်တွေ တွေ့လိုက်လား...။ ဟိုမှာ ညောင်ပင်တစ္ဆေ.. ခဲမှန်သွားတာ။ သစ်ရွက်တွေ လှုပ်သွားတယ်ဟ’

‘ပစ်ကွာ ဒီတစ္ဆေကို’

ကလေးတွေ အားလုံး ညောင်ပင်ကြီးကို ခဲတွေနဲ့ ၀ိုင်းဆော်ကြပြန်တယ်။

‘ဖုန်း ဖုန်း...။ ဂလောက်။ ဖုန်း’

‘ဟဲ့ သေနာလေးတွေ။ သေချင်လို့ မနက်စောစောစီးစီး အကုသိုလ်များနေကြတာလား’

လမ်းကြားရဲ့တဘက် ပျဥ်ထောင်အိမ်ထဲက မိန်းမ၀၀ကြီးတစ်ယောက် ထွက်ဆဲမှပဲ ကောင်လေးတွေ အုပ်စုဟာ ပုဆိုးကွင်းသိုင်းပြီး တဟားဟား အော်ရယ်ရင်းက ထွက်ပြေးသွားကြတော့တာပဲ။ သူ့ စိတ်ထဲမှာတော့ ညက တွေ့လိုက်တဲ့ မျက်လုံးကြီးနှစ်လုံးကို ပြန်သတိရသွားတယ်။ ညတုန်းက ဒီမျက်လုံး နီနီရဲရဲကြီးတွေကို မြင်ပြီး ကြောက်လန့်ခဲ့မိပေမဲ့ အခုကျတော့ ခဲမိုးရွာခံရတာကို စဥ်းစားပြီး သနားသလိုတော့ ရှိမိသား။

အဲဒီအချိန်မှာပဲ… မဲမဲ အရိပ်တစ်ခုဟာ ညောင်ပင်ကြီးပေါ်က တလှုပ်လှုပ် ရွေ့ဆင်းလာပြီး - သူ့ခြံတံတိုင်းကို ခွကျော်တက်လို့ သူ့ခြံထဲ ရောက်လာတော့တယ်။ သူ ရုတ်တရက် ကြောင်ပြီး ကြည့်နေမိတယ်။ အဲဒီအရိပ်ဟာ လူတစ်ယောက် နေရောင်ထဲမှာ ရပ်နေလို့ ကျတဲ့ အရိပ်လိုမျိုးပဲ။ ဒါပေမဲ့ အရိပ်က မြေကြီးပေါ်မှာ အပြားလိုက်မဟုတ်ဘဲ အစိုင်အခဲလိုမျိုး လေထဲမှာ မျောပြီး သူရှိတဲ့ ပြတင်းပေါက်ဆီကို တ‌ရွေ့ရွေ့ လာနေတော့တယ်။

သိပ်မကြာဘူး ဒီအရိပ်မဲကြီးဟာ သူ ရပ်ကြည့်နေတဲ့ ပြတင်းပေါက်ရှေ့မှာ တည့်တည့်ကြီး လာရပ်နေတယ်။ သူ အဲဒီ အရိပ်မဲကို သေချာကြည့်မိတယ်။ ဘယ်လိုပုံမျိုးလဲ။ ဘယ်လို အရိပ်အငွေ့လဲ။ ဟိုတစ်နေ့ညက တွေ့လိုက်တဲ့ မျက်လုံးကြီးတွေရော။ ရှိမလားဆိုပြီး လိုက်ကြည့်တော့ ခေါင်းပိုင်းနားမှာ ထုတ်ချင်းပေါက်မြင်ရတဲ့ မျက်လုံးကြီးနှစ်လုံးကို တွေ့လိုက်ရတယ်။ ဟိုတနေ့ညတုန်းက တွေ့လိုက်ရသလောက်တော့ နီရဲမနေဘူး။ ငါးမိနစ်လောက် ပြတင်းပေါက်နားမှာ လာရပ်ပြီး အရိပ်မဲကြီးဟာ ခြံတံတိုင်းကို ကျော်ပြီး ညောင်ပင်ပေါ်ကို ပြန်တက်သွားတော့တယ်။

…………………………………………

အိမ်သားအသစ်

……………..

‘မေမေ နောက်အိမ်ထောင် ပြုဖို့ ဆုံးဖြတ်လိုက်ပြီ သမီး’

သမီးက သူ့အမေရဲ့ မျက်နှာကို သေသေချာချာကြည့်လိုက်တယ်။ သမီး ပါးစပ်က တစ်ခုခု ပြောချင်နေပေမဲ့ ပြောမထွက်ဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ မိန်းကလေးဟာ သေချာစဥ်းစားပြီး တည်တည်ငြိမ်ငြိမ်ပဲ အမေဖြစ်တဲ့သူကို ပြောလိုက်တော့တယ်။

‘ဖေဖေဆုံးတာလည်း တစ်နှစ်ပြည့်တော့မယ်။ မေမေ ကောင်းမယ်ထင်လို့လုပ်တာ သမီးနားလည်ပါတယ်’

‘သမီး ဖေဖေနေရာမှာ ဘယ်သူမှ အစားထိုးလို့မရဘူးဆိုတာ မေမေသိပါတယ် သမီး။ ဒါပေမဲ့ ဒီလောကကြီးမှာ ယောကျ်ားသားမရှိဘဲ ရပ်တည်လို့ မလွယ်ဘူးဆိုတာ မေမေ လက်တွေ့သိလိုက်ရလို့ပါ’

သမီးက သူမရဲ့ ခေါင်းလေးကို ခါရမ်းလိုက်တယ်။

‘မေမေ့ဆန္ဒနဲ့ ဆုံးဖြတ်တာကို သမီး မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ယောကျ်ားသားမရှိဘဲ ရပ်တည်လို့ မရဘူးဆိုတာတော့ သမီးလက်မခံဘူး။ အဲဒီအယူအဆကြီးက ရှေးဆန်လွန်းတယ်’

‘ဟုတ်ပါတယ်ကွယ်။ သမီးလို စိတ်မာတဲ့ မိန်းကလေးမျိုးအတွက်တော့ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူးဆိုတာ မေမေ သိပါတယ်’

ဘေးမှာ ရပ်ကြည့်နေတဲ့ သူ့အနေနဲ့ကတော့ သမီး ပြောစကားကို လက်ခံပေမဲ့ ဘာမှ ၀င်ပြောခွင့် ၀င်စွက်ဖက်ခွင့် မရှိခဲ့ပါဘူး။ သူ့အနေနဲ့ ဒီ မိသားစုလေးကို စောင့်‌ရှောက်ဖို့ ဒီအိမ်ကို ပြန်ရောက်လာတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ သူဟာ ဒီအိမ်မှာ အပိုသက်သက် ပဲဆိုတာ နားလည်လာမိတယ်။ သူ့အတွက်တော့ ဒီအိမ်မှာ စိတ်ချမ်းသာစရာအကောင်းဆုံးက သားငယ်လေးဆီကို လူအလစ်မှာ သွားသွားတွေ့ရတာကိုပဲ။ သားလေးက သူ့ကို မြင်ရတယ်လို့ ယုံကြည်မိတယ်။ သူ အနားရောက်သွားတိုင်း သူ့ကို မော့ကြည့်ပြီး ဖေဖေလို့ ခေါ်တတ်တယ်။ ဒါပေမဲ့ အဲဒီလိုမျိုး သူ သိပ်မလုပ်ရဲဘူး။ ဘာလို့လဲဆိုတော့ လုပ်ပါများရင် သားလေးကို စိတ်ရောဂါရှိတယ်ထင်ပြီး ဆေးတွေတိုက် ဆေးတွေကုမှာကို သူကြောက်လို့ပဲ။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ သူ့ကို သားလေး မတွေ့မိအောင် ကြိုးစားပြီး ပုန်းရတယ်။ ဟိုဗီရိုနောက်၀င်ပုန်း။ လိုက်ကာနောက်၀င်ပုန်း - အစရှိသဖြင့်ပေါ့။

‘ကဲ.. သားသားနဲ့ မီးမီးတို့။ ဦးဦး ဒီနေ့ကစပြီး ဒီအိမ်မှာပဲ နေတော့မယ်။ ကလေးတို့ကို ဦးဦး စောင့်ရှောက်မယ်။ ကလေးတို့ရဲ့ မေမေကိုလည်း ဦးဦးက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ဦးမှာ - ဟဲဟဲဟဲ။ ဟုတ်လား ညီမ’

မျက်နှာကြီး ပြုံးဖြီးပြီး အထုပ်အပိုးတွေနဲ့ ရောက်လာတဲ့ အဲဒီလူကို သူ မနှစ်မြို့စွာ ကြည့်နေမိတယ်။ သူ ရောက်တဲ့နေ့မှာပဲ - တံခါးပိတ်ထားပြီး လူမ၀င်တာကြာပြီဖြစ်တဲ့ သူနဲ့ သူ့ဇနီးဟောင်းတို့ရဲ့ အိပ်ခန်း ထဲကို ဒီပုဂ္ဂိုလ်ဟာ ပိုင်စိုးပိုင်နင်း ၀င်ချလာပါတော့တယ်။

…………………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..