‘တန်ပြန်တိုက်စစ်’
………
အဲဒီနောက်ပိုင်းမှာ ဒီလူဟာ သူ့မိသားစုကို သိပ်ပြီး မာမာထန်ထန် မဆက်ဆံရဲတော့ဘူး။ ခေါင်းပေါ်မှာ အမြဲ အရိပ်လို သူရှိနေမှာ သိလို့ထင်တယ်။ သူမ က ပြတ်ပြတ်သားသား ပြောလိုက်ပေမဲ့ ဒီလူဟာ အိမ်ပေါ်က မဆင်းဘဲ မျက်နှာပြောင်တိုက်ပြီး ဆက်နေနေတယ်။ ဒါပေမဲ့ ဒီကောင့် ကြည့်ရတာ တခုခုကို ကြိတ်ကြံနေပုံပဲ။ ထိုးစစ်မဆင်ခင် ပြင်ဆင်နေပုံရတယ်။ အခုနောက်ပိုင်း ဒီကောင် အိမ်ကနေ ပျောက်ပျောက်သွားတယ်။ ဘယ်ကိုသွားပြီး ဘာသွားလုပ်နေသလဲတော့မသိဘူး။
သူကတော့ ဒီလူ အိမ်ပေါ်က ဆင်းတော့မှာကို တွေးမိပြီး ၀မ်းသာနေမိတယ်။ သူ့ သားနဲ့ သမီး လူဆိုး လက်အောက်က လွတ်တော့မှာ။ နို့မို့ဆို သူ့သမီးက အခန်းထဲက အပြင်ကို မထွက်တော့ဘူး။ ဘယ်သူနဲ့မှလည်း စကားမပြောတော့ဘူး။ အခုတလော ဟိုကောင် အိမ်မကပ်မှပဲ သမီးက အပြင်ထွက်ပြီး အမေနဲ့ စကားပြော၊ သားလေးနဲ့ ဆော့တာမျိုးတွေ ပြန်လုပ်လာတာလေ။
သိပ်မကြာပါဘူး။ သူစိုးရိမ်ထားတဲ့အတိုင်းပဲ။ သကောင့်သားဟာ နောက်ထပ် ဆရာတစ်ယောက်ကို ခေါ်ပြီး အိမ်ကို ရောက်လာပါတော့တယ်။ ဒီဆရာက အရင်ဆရာဖြူလို သားသားနားနားလုံး၀မရှိဘူး။ ကုတုံးပြောင်နဲ့။ အသားညိုညို မျက်နှာက အဆီတွေပြန်ပြီး ကွမ်းတွေ၀ါးထားလို့ သွားတွေက နီရဲနေတယ်။ ၀တ်ထားတာကလည်း ရိုးရိုးရှပ်အင်္ကျီအဟောင်း၊ ပုဆိုးအဟောင်းနဲ့။ ပုံစံကြည့်ရင် ဘာမှ အထင်ကြီးစရာမရှိဘူး။ အသားညိုညိုနဲ့ ဆရာဟာ ဘုရားစင်ရှေ့မှာ ၀တ်ကျေတမ်းကျေ ပုဆိန်ပေါက် ရှိခိုးလိုက်ပြီး သူ့ အိတ်ထဲက စာရွက်တွေပေါ်မှာ ရေးထားတဲ့ အင်းကွက်တွေကို ထုတ်ယူတယ်။ အဲဒီ အင်းကွက်တွေကို အခန်းရဲ့ ပတ်ပတ်လည်မှာ ၀ိုင်းချလိုက်တယ်။ ပြီးတော့ သူမနဲ့ ကလေးနှစ်ယောက်ကို အဲဒီအင်းကွက်တွေ အလယ်ကို ခေါ်လိုက်တယ်။ မိန်းမနဲ့ ကလေးတွေက ဘုမသိဘမသိနဲ့ အဲဒီအင်းကွက်တွေ အလယ်ကို ရောက်သွားတယ်။
အားလုံး အင်းကွက်တွေကြားထဲ ရောက်သွားတာနဲ့ ဟိုလူရဲ့ အချိုးဟာ ချက်ချင်းပြောင်းသွားတော့တာပဲ။
‘ဆရာ.. အဲဒီကလေး။ အဲဒီကလေး။ အပမှီနေတာ’
သားလေးကို လက်ညှိုးထိုးပြီး ဒီကောင် အော်တော့တာပဲ။ အဲဒီမှာ ခုနက ဆရာဟာ လွယ်အိတ်ထဲမှာ ကောက်ပြီးယူလာတဲ့ ဆေးကြိမ်လုံးကို ဆွဲထုတ်လိုက်တယ်။ သားလေးက ကြောက်ပြီး ထွက်ပြေးမယ်လုပ်တော့ ဟိုလူက သူ့လက်ကြမ်းကြီးတွေနဲ့ ကလေးကို လှမ်းဆွဲလိုက်တယ်။
‘အို… ရှင် ရှင် ကလေးကို မလုပ်နဲ့နော်’
သူမ အသံစူးစူး၀ါး၀ါး အော်လိုက်တယ်။
အခန်းထောင့်မှာ ရပ်ကြည့်နေတဲ့ သူလည်း မနေနိုင်တော့ဘဲ ဟိုတစ်နေ့ကလို အဲဒီလူရဲ့ ရင်၀တည့်တည့်ကို ဆောင့်တွန်းဖို့ ပြေး၀င်သွားလိုက်တော့တယ်။
… အလို...။
သူ့ရှေ့မှာ တံတိုင်းတစ်ချပ်ကာနေသလိုပဲ။ သူဟာ နံရံတွေကိုတောင် ဖောက်ထွင်းပြီး သွားနိုင်တဲ့ ၀ိညာဥ်တစ်ခု။ ဒါပေမဲ့ အခုတော့ အင်းတွေ ချထားတဲ့ စည်း၀ိုင်းထဲကို ဘယ်လိုမှ မ၀င်နိုင်တော့ဘူး။ အသားညိုညို ကတုံးနဲ့ ဆရာဟာ လက်ထဲက ကြိမ်လုံးကြီးကို ကိုင်မြှောက်ပြီး သားလေးရဲ့ ကျောပြင်သေးသေးလေးကို အားကုန် ရိုက်ချလိုက်ပါလေရော။
…. အားးးး မေမေ… နာလိုက်တာ,,, ဖေဖေ ကယ်ပါဦး…
‘ဖေဖေ ဟုတ်လား’
ဆရာက မျက်နှာကြီး ရှုံ့မဲ့ပြီး မေးလိုက်တယ်။ ‘မင်း အဖေကို တွေ့လား။ ဘယ်မှာလဲ’
အပြစ်ကင်းတဲ့ သားငယ်လေးဟာ စည်း၀ိုင်းအပြင်မှာ ရပ်နေတဲ့ သူ့ကို လက်ညှိုးလေး လှမ်းထိုးပြလိုက်တယ်။
‘သေစမ်းဟယ် မကောင်းဆိုး၀ါး’
ကတုံးနဲ့ ဆရာဟာ သူ့အိတ်ထဲက အင်းတချပ်ကို ထုတ်ပြီး ကလေးလက်ညွှန်ပြရာဆီကို စကြာပစ်သလို လှမ်းပစ်ထည့်လိုက်တော့တယ်။ သူရှိနေတဲ့ နေရာတည့်တည့်ပဲ။
‘အုန်း’
မီးခိုးလုံးကြီး အုံးကနဲ ပွင့်သွားပြီး သူဟာ နံရံတွေကို ဖြတ်လို့ ဟိုးအိမ်အပြင်အထိ လွင့်ထွက်သွားတော့တယ်။ … ဟာ.. ငါ အိမ်ပြင်ရောက်သွားပြီ။ မဖြစ်ဘူး။ ငါ ပြန်၀င်မှ….။
သူ ကြောက်လန့်တကြား အိမ်ထဲကို အမြန်ပြန်၀င်တယ်။ ကံကောင်းချင်တော့ အိမ်ကို အင်းမချရသေးလို့ သူ တိုက်အိမ်ထဲကို ပြန်ရောက်လာတယ်။ နို့မို့ဆို သူ ခိုးကိုးရာမဲ့ လေထဲလွင့်တဲ့ တစ္ဆေတစ်ကောင် ဖြစ်သွားတော့မှာ။
‘ဟဲ့ကောင်မလေး။ နာချင်လို့လား’
သူ ဧည့်ခန်းထဲ ပြန်ရောက်တယ်ဆိုရင်ပဲ ကြမ်းပေါ်က အင်းချပ်တွေကို ခြေထောက်နဲ့ ကန်ထုတ်နေတဲ့ သမီးငယ်ကို တွေ့လိုက်ရတယ်။
‘ဒီလောက်တောင် ဖြစ်လှတာ… ကဲဟယ်...’
နောက်ယောကျ်ားဟာ သမီးငယ်ကို ဆံပင်ကနေ ဆောင့်ဆွဲပြီး အခန်းထောင့်ကို တွန်းဖယ်ပစ်လိုက်တယ်။ သူ အခွင့်အရေးရတုန်း ဟ သွားတဲ့ အင်းကွက်တွေကြားက အမြန်၀င်မယ်အလုပ်… ဆရာလုပ်တဲ့လူက အဲဒီနေရာကို နောက်အင်းတစ်ချပ် ပစ်ချလိုက်တာနဲ့ သူ၀င်လို့ မရတော့ပြန်ဘူး။ အင်းစည်း၀ိုင်းထဲမှာ ဟိုလူရယ်၊ ဆရာရယ်၊ သူမရယ်၊ သားလေးရယ် ပိတ်မိနေကြတယ်။ သူရုတ်တရက် ဘာလုပ်ရမှန်းမသိတော့ဘူး။
….အီးးး. ဟီး ဟီး…. နာလို့ပါ မေမေရဲ့...။
ဖျောင်း ဖျောင်း။ ရွှမ်း ရွှမ်း။
ကလေးကို ဆေးကြိမ်လုံးနဲ့ ရိုက်တိုင်း သူရဲ့ နှလုံးသားတွေ ကြေမွသွားသလို။ ဟိုလူယုတ်မာက သူမကို ဖမ်းချုပ်ထားလို့ သူမ ၀င်မတားနိုင်ရှာဘူး။ သူ့ရှေ့မှာ ဖြစ်ချင်တိုင်း ဖြစ်၊ အတိဒုက္ခရောက်နေတဲ့ မိသားစုကို သူ ဘယ်လိုမှ မကြည့်ရက်တော့ဘူး။ သူ အကြိမ်ကြိမ် တိုး၀င်ပေမဲ့ အင်းကွက်တွေကို မကျော်နိုင်ခဲ့ဘူး။
… ငါ… ငါ.. ကိုယ်ထင်ပြမှပဲ….။
သူ့စိတ်တွေကို အမှောင်အတိကျအောင် မုန်းတီးစက်ဆုပ်တဲ့ အတွေးတွေ တွေးလိုက်တယ်။ သူ့ကိုယ်ကြီးဟာ မည်းနက်သွားတယ်။ အရိပ်မဲကြီး ဖြစ်လာတယ်။
…. ဟာ… ဆရာ… ဟိုမှာ.. ဟိုမှာ … ဟိုကောင် ကိုယ်ထင်ပြပြီ။
နောက်ယောကျ်ားက လက်ညှိုးထိုးပြီး လှမ်းပြောတယ်။ ဆရာကတုံးဟာ လက်ထဲက အင်းနဲ့ သူ့ကို လှမ်းပေါက်ဖို့ လုပ်ပြန်တယ်။ သူ မျက်လုံးကြီးတွေကို နီရဲအောင် လုပ်ပြလိုက်တယ်။ တော်သေးတယ်။ သားလေးက ခေါင်းလေးငုံ့ပြီး ငိုနေလို့ သူ့ရဲ့ ကြောက်စရာ အဆင်းကြီးကို မတွေ့ဘူး။ သူမနဲ့ သမီးငယ်တို့လည်း မတွေ့ဘူး။ သူက ဆရာနဲ့ ဟိုကောင်တို့ပဲ မြင်အောင်၊ သူတို့ကိုပဲ ကြောက်အောင် ခြောက်လှန့်တာကြောင့် ကျန်တဲ့လူတွေ မတွေ့ရဘဲ ရှိနေတယ်။
သူ့တစ်ကိုယ်လုံးဟာ အနက်ရောင် မီးခိုးငွေ့ကြီးတွေလို တလွန့်လွန့်နဲ့ လေထဲမှာ ၀ဲနေတယ်။ ခေါင်းထိပ်ပိုင်းမှာ မျက်လုံးနီနီကြီးနှစ်လုံး၊ သူ့ပါးစပ်ကြီးကို ဟပြလိုက်တယ်။ ပါးစပ်ထဲမှာ အစွယ်ကြီးတွေ၊ လျှာကြီးတွေ။ သူဟိုတစ်နေ့က စဥ်းစားထားတဲ့အတိုင်းပဲ။
အမလေး ကြောက်စရာကြီး။ ဆရာ… ဆရာ ကယ်ပါဦးဗျ...။
ဆရာတောင်မှ သူ့ရဲ့ ကြောက်စရာ ရုပ်သွင်ကြီးကိုကြည့်ပြီး ရုတ်တရက်တော့ လန့်သွားသလိုပဲ။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့ ပြန်ထိန်းပြီး -
‘မင်းကိုယ်ထင်ပြတိုင်း ကြောက်ရမယ်ဆိုရင် ဆရာမလုပ်ဘူးဟေ့’ လို့ပြောပြီး လက်ထဲက အင်းကွက်နဲ့ သူ့ကို ကိုင်ပေါက်မယ်အလုပ်…
ဝေါ… ဝေါ… ဝေါ…..။
လေပြင်းမုန်တိုင်းတိုက်သလို ပြင်းထန်လှတဲ့ လေထုဟာ အိမ်အပြင်ကနေ အတွင်းကို ပြတင်းမှန်တွေကြားက တိုး၀င်လာတယ်။
… ဟာ.. ဘာဖြစ်တာလဲ။
ဆရာကတုံးဟာ ပတ်၀န်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်တယ်။ ဧည့်ခန်းတစ်ခုလုံး ညရောက်သွားသလို အမှောင်အတိကျသွားတော့တယ်။ တစ်ခုခုတော့ မှားပြီဆိုတာ သဘာရင့်လှတဲ့ ဆရာ သိလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ….
...ဂါးးးးးး… ဂါးးးးး… ဂါးးးးးး….။
‘အမလေး’
ဒီတခါတော့ သူမရဲ့ အော်လိုက်သံ။ သမီးငယ်ဟာ အခန်းထောင့်မှာ လဲကျရင်းနဲ့ မျက်လုံးအပြူးသားနဲ့ ကြည့်နေတယ်။ ဟိုလူနဲ့ ဆရာကတုံးတို့ကတော့ ပါးစပ်ကြီးတွေ အဟောင်းသားနဲ့။
ဝေါ… ဝေါ… ဝေါ…..။
လေပြင်းတိုက်တာကြောင့် ကြမ်းပေါ်မှာ ချထားတဲ့ အင်းကွက်တွေ အကုန်လုံး လွင့်ထွက်ကုန်တော့တယ်။ အင်းစည်းပေါက်ပြီလေ။
အားးးးး။
အရိပ်မဲကြီးတစ်ခုဟာ သူ့အနောက်ကနေ တဟုန်ထိုး ဖြတ်သွားပြီး ဆရာကတုံးကို ခုန်အုပ်လိုက်တယ်။ ဒီအရိပ်ကြီးဟာ ကိုယ်ထင်ပြရုံတင်မကဘူး အသံကြီးပါ ပေးနိုင်တာပါလား။
… ညောင်ပင်တစ္ဆေ...။ ငါ့မိတ်ဆွေကြီး .. ညောင်ပင်တစ္ဆေ။
ညောင်ပင်တစ္ဆေကြီးဟာ ဆရာနဲ့ လုံးထွေးသတ်ပုတ်နေတော့တယ်။ ဆရာက သူ့အိတ်ထဲက အင်းတွေကို ထုတ်ဖို့ ကြိုးစားပေမဲ့ သူ့မိတ်ဆွေ တစ္ဆေကြီးက ဆရာ့လက်တွေကို ချုပ်ကိုင်ထားတာကြောင့် ဆရာမလှုပ်နိုင်တော့ဘူး။
‘မောင်.. လှိုင်...။ ဒီတစ္ဆေကို အင်းကွက်တွေနဲ့ ထုဟ...။ ဘေးကနေ လုပ်လေဟာ...’
နောက်ယောကျ်ားအဲဒီမှ သတိ၀င်လာပြီး ကြမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ အင်းကွက်တွေကို ကောက်ဖို့လုပ်တယ်။
‘အုန်း...’
သူ နောက်ယောကျ်ားကို ဘေးကနေ ၀င်ဆောင့်လိုက်တာကြောင့် ဒီလူဟာ ၀ုန်းကနဲ ဘေးကို လွင့်ထွက်သွားတယ်။
‘မောင်လှိုင်… အင်အားမမျှဘူး...။ ငါတို့ ထွက်ပြေးမှ’
လို့ပြောပြီး ဆရာဟာ သူ့အင်းကွက်တွေတောင် မကောက်နိုင်ဘဲ အိမ်ရှေ့တံခါးကနေ အသက်လုပြီး ထွက်ပြေးရတော့တယ်။ နောက်ယောကျ်ားလည်း သူ့ဆရာနောက်ကနေ ကောက်ကောက်ပါအောင် လိုက်သွားတော့တာပဲ။
ဒီယောကျ်ားနှစ်ယောက် ထွက်သွားတာနဲ့ သူမဟာ ကလေးနှစ်ယောက်ကို ဆွဲပြီး သမီးရဲ့ အိပ်ခန်းထဲကို အမြန် ပြေး၀င်သွားတော့တယ်။ သူ့မိတ်ဆွေ တစ္ဆေကြီးကို မြင်လိုက်တော့ သူမလည်း ကြောက်လန့်သွားပုံပဲ။
အဲဒီတော့မှ သူဟာ သူ့မိတ်ဆွေကို စိတ်ပူမိသွားတယ်။ ညောင်ပင်တစ္ဆေ ဒီအိမ်ထဲလာပြီး အင်းစည်း ပေါက်အောင်လုပ်တာ၊ ဆရာနဲ့ သတ်ပုတ်နေတာ၊ အချိန်တော်တော်ကြာသွားပြီ။ ဒီအချိန်မှာ သူ့ညောင်ပင်…. စိတ်ချရရဲ့လား။ သူတို့ တစ်ယောက်ကိုတစ်ယောက် အချင်းချင်းကြည့်ပြီး ညောင်ပင်ဆီ အပြေးပြန်ကြတော့တယ်။ သူ့မိတ်ဆွေကြီးဟာ အိမ်ထဲကနေထွက်ပြီး ညောင်ပင်ကြီးဆီ ပြန်ထွက်သွားတယ်။
ဒါပေမဲ့...။
အိမ်ကနေ ထွက်သွားတဲ့ အရိပ်မဲကြီးဟာ ညောင်ပင်မရောက်ခင် လမ်းတ၀က်မှာပဲ ရပ်တန့်လို့သွားတယ်။
… အလို….။
သူ့စိတ်ထဲမှာ ရေရွတ်လိုက်မိတယ်။ မိတ်ဆွေရဲ့ ညောင်ပင်ထဲမှာ အခြား အရိပ်မဲတစ်ခု။ သူ အလွန်ပဲ စိုးရိမ်သွားမိတယ်။ ညောင်ပင်ထဲက အရိပ်မဲဟာ ရဲရဲနီတဲ့ မျက်လုံးတွေနဲ့ သူတို့ကို ပြန်လှည့်ကြည့်တယ်။ ဒီညောင်ပင်ကို သူပိုင်သွားပြီဆိုတဲ့ လက္ခဏာပေါ့။
သူ စိတ်ထဲမှာ အကြီးအကျယ်ထိခိုက်သွားတော့တာပဲ။ မိတ်ဆွေ တစ္ဆေကြီးဟာ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ ညောင်ပင်ဆီကို ဆက်မသွားတော့ဘဲ သူ့ဘက်ကို ပြန်လှည့်လိုက်တယ်။ မိတ်ဆွေကြီးရဲ့ မျက်လုံး နီနီကြီးတွေဟာ အရောင်မှိန်ဖျော့နေသလိုပဲ။ ခိုကိုးရာ ညောင်ပင်ကို စွန့်ပြီး သူ့ကို လာကူညီ ပေးခဲ့တာကြောင့် အခုတော့ မိတ်ဆွေတစ္ဆေကြီး ဘုံပျောက်ခဲ့ရပြီလေ။ တစ္ဆေကြီးက လက်လိုမျိုး မဲမဲအချောင်းကြီးကို ကိုယ်ကနေထုတ်ပြီး သူ့ကို ဝှေ့ယမ်းပြလိုက်တယ်။ နှုတ်ဆက်တဲ့ သဘောပါပဲ။ သူ့ရင်ထဲမှာ လေးလံလာတယ်။
ခဏနေတော့ သူ့ရဲ့ တဦးတည်းသော မိတ်ဆွေကြီးဟာ အဆုံးအစမရှိတဲ့ လေဟာနယ်ကြီးထဲကို လူးလွန့်မျောပါသွားရှာပါတော့တယ်။
………………………………………
သူ အရင်လိုပဲ ညောင်ပင်ကို စိုက်ကြည့်တယ်။ ဒါပေမဲ့ ညောင်ပင်ထဲက တစ္ဆေအသစ်ဟာ သူ့ကို နည်းနည်းလေးမှတောင် ပြန်အဖက်မလုပ်ခဲ့ပါဘူး။ ဒီတစ္ဆေအသစ်ဟာ ညောင်ပင်ကို သူများက လုသွားမှာကို ငရဲသွားရမှာထက် ကြောက်နေခဲ့ပုံပါပဲ။ တော်တော်ကြာတော့ သူ မိတ်ဆွေ တစ္ဆေကြီးကို သတိရမိပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်တော့မှ ပြန်ဆုံကြတော့မှာ မဟုတ်ပါဘူး။
…………………………………….
ဟိုလူ အိမ်ပြန်မလာတာ တစ်ပတ်လောက်ရှိသွားတယ်။ နောက်ဆုံးတစ်ရက်မှာတော့ ဒီလူဟာ အိမ်ရှေ့တံခါးကို လာခေါက်တယ်။ သူမက ဖွင့်မပေးဘူး။ ဘယ်ဖွင့်ပေးမလဲ။ သားလေးကို ဒီလောက် ရက်ရက်စက်စက် ရိုက်အောင် ခိုင်းခဲ့တဲ့ လူယုတ်မာကို ဘာလို့ ဖွင့်ပေးရမှာလဲ။
တံခါးလည်း မဖွင့်ပေးရော ဒီလူဟာ ပြန်ထွက်သွားတယ်။ ခဏနေတော့ တံခါးခေါက်သံတွေ ကြားရတယ်။
‘ဒေါက် ဒေါက် ဒေါက်...’
‘တံခါးဖွင့်ပေးပါခင်ဗျ။ ကျွန်တော်တို့ ရပ်ကွက်ရုံးကပါ’
တော်တော် အောက်တန်းကျတဲ့လူ။ ရပ်ကွက်ရုံးက သူနဲ့ ခင်ရာခင်ကြောင်း ရပ်ကွက်လူကြီးတွေကို ခေါ်လာခဲ့တာလေ။ ဟိုလူကြီးတွေကလည်း သူတို့ကို အရက်တိုက်လို့လား၊ လာဘ်ပဲ ထိုးထားလို့လားမသိဘူး။ ဒီလူ့ကို အိမ်ပေါ် ပြန်တင်အောင် သူမ ကို နားချသလိုလိုနဲ့ အတင်းအကျပ် ၀ိုင်းဖိအားပေးကြတော့တာပဲ။
‘လင်မယားဆိုတာ ဒီလိုပါပဲ တူမကြီးရယ်’
‘တောင်းပန်တဲ့လူက တောင်းပန်နေပြီပဲ။ တူမကြီးလည်း အိမ်ထောင် တဆက်ကနေ နှစ်ဆက် ပျက်ရင် မကောင်းဘူး မဟုတ်လား’
စတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ စကားတွေနဲ့ ၀ိုင်းပြီး ဖျောင်းဖျကြတော့တာ။ သူမလည်း လူ့အသိုင်းအ၀ိုင်းနဲ့ နေရတာဆိုတော့ မငြင်းနိုင်ခဲ့ရှာဘူး။ နာရီ၀က်လောက် အားလုံး ၀ိုင်းပြောကြပြီးမှာတော့ သူမဟာ စိတ်မပါ တပါနဲ့ သဘောတူလိုက်ရတော့တယ်။ အဲဒီလူကြီးတွေဟာ လင်မယား ပြန်ပေါင်းဖို့ကို ညှိပေးကြပေမဲ့ သူမက ဒီလူဟာ ကလေးကို ရိုက်တာကို တိုင်တဲ့ အခါမှာတော့ -
‘အို တူမကြီးရယ်။ ကလေးရိုက်တာပဲ။ ဦးလေးတို့ဆို ငယ်ငယ်က နေ့တိုင်း တစ်ကိုယ်လုံး အရှိုးထင်အောင် အရိုက်ခံရတာ။ အဲဒါကို ရေးကြီးခွင်ကျယ် မလုပ်စမ်းပါနဲ့ကွယ်’
သူ ဒီလူကြီးတွေအားလုံးကို ကိုယ်ထင်ပြပြီး မောင်းထုတ်လိုက်ရင် ကောင်းမလား စဥ်းစားမိသေးတယ်။ ဒါပေမဲ့ သူအဲလိုလုပ်ရင် သူမနဲ့ ကလေးတွေကို စုန်းမိသားစု၊ အောက်လမ်း မိသားစုဆိုပြီး ၀ိုင်းပယ်ကြတော့မှာလေ။ အဲဒါကိုတော့ သူလုံး၀ မလိုလားခဲ့ဘူး။
… အင်း။ ဒီလူကက တော်တော်တော့ သတ္တိရှိတာပဲ။ ငါ ဒီလောက် ခြောက်ထား လှန့်ထားတာတောင် အိမ် ပေါ်ပြန်တက်လာနိုင်သေးတယ်ဆိုတော့….။
နောက်ယောကျ်ားဟာ အိမ်ပေါ်ရောက်ပြီး သိပ်မကြာဘူး၊ အိပ်ခန်းထဲသွားပြီး ဖုန်းဆက်တယ်။ သူက ဘေးက လိုက်ပြီး နားထောင်နေမိတယ်။
‘…. ဟုတ်ကဲ့။ ကျွန်တော် အိမ်ပြန်ရောက်ပြီခင်ဗျ။ အခုထိတော့ ဘာမှ မဖြစ်သေးဘူး’
‘……..’
‘ဟုတ်ကဲ့ ဆရာ။ ကျွန်တော် ဆွဲထားပါတယ်။ ဆရာ ဒီဆွဲကြိုးရအောင် ဘယ်လောက် ကြိုးစားပေးခဲ့သလဲဆိုတာ ကျွန်တော် သိပါတယ်ဆရာ။ ဒါကြောင့် ဒီဆွဲကြိုးကို ကျွန်တော် မချွတ်တော့ဘူးဆရာ။ အဲဒါဆို ကျွန်တော့်ကို ဘယ်သရဲမှ ထိလို့မရဘူးမဟုတ်လား’
သူ အဲဒီစကားကို ကြားရင် စိတ်ထဲမှာ တမျိုးဖြစ်သွားတယ်။ အဲဒီတော့မှ သတိထားမိတာ။ ဒီလူ့ လည်ပင်းမှာ ဆွဲကြိုးတစ်ကုံး။ ဆွဲကြိုးက ကြေးသားနဲ့ လုပ်ထားတာ။ တော်တော် ရုပ်ဆိုးတယ်။ ဆွဲသီးနေရာမှာ စဓဗ၀ စာလေးလုံးကို လေးထောင့်ပုံ ကြေးရည်နဲ့ သွန်းထားတယ်။
.. ဒီကောင့် ဆွဲကြိုးက တကယ်စွမ်းလား မစွမ်းလား စမ်းကြည့်ရသေးတာပေါ့…
သူ ဒီလူရဲ့ ကိုယ်ကို တွန်းလှဲပစ်ဖို့ အားကုန်ပျံသွားလိုက်တယ်။
… ၀ှီး….။
ဂလောက်...။
သူ့၀ိညာဥ်ဟာ ဒီလူ့ကိုယ်ကို ဖောက်ထွင်းပြီး နံရံတဘက်မှာရှိတဲ့ မီးအိမ်ကို ၀င်တိုက်မိလို့ မီးအိမ်လဲကျသွားတော့တယ်။
… ဟင်...။ ငါ ဒီလူ့ကို ထိလို့မရတော့ဘူး။
မီးအိမ်လဲသွားတာကို တွေ့သွားတဲ့အခါ ဒီလူဟာ ကြောက်စရာ မသတီစရာအပြုံးကြီးနဲ့ အခန်းပတ်လည်ကို ကြည့်လိုက်ရင်း -
‘ဟဲဟဲ ဝေယံ။ အခု မင်း ဘာတတ်နိုင်သေးလဲ။ ဒီဆွဲကြိုးကို ငါ့ဆရာကိုယ်တိုင် မြစည်းခုံစေတီတော်ရဲ့ ဌာပနာတိုက်ကို ဖောက်ပြီး ခိုးပေးခဲ့တာ။ ဒီဆွဲကြိုးဟာ သိုက်က ဆွဲကြိုး။ သိုက်နန်း အဆက်ဆက်က ၀ိဇ္ဇာတွေ စောင့်ရှောက်ခဲ့တဲ့ အင်းဆွဲကြိုး ကွ။ ငါ ဒီဆွဲကြိုးဆွဲထားသရွေ့ မင်းငါ့ကို နည်းနည်းလေးမှတောင် ထိလို့မရတော့ဘူး မှတ်လိုက်ပါ။ ဟား ဟား ဟား’
ဒီစကားတွေဟာ သူ့နားထဲမှာ သံရည်ပူလို ၀င်သွားတော့တာပဲ။ ဒါဆို ဒီကောင်ဟာ သူ့မိန်းမနဲ့ ကလေးတွေကို နှိပ်စက်ချင်တိုင်း နှိပ်စက်လို့ရသွားပြီ။ နောက်ပြီး ဒီကောင့်ကို သူခြောက်လို့လည်း ကြောက်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အခုပဲ ဒီကောင်က သူ့ကို ရည်ရွယ်ပြီး စကားပြောနေပြီလေ။ သူ ဒီအခန်းထဲမှာ ရှိတယ်ဆိုတာ လက်ခံထားပြီ။ ဒါတောင် မကြောက်တော့ဘဲ စကားပြောနေနိုင်ပြီ။
သူ့ မိသားစုကို ဘယ်လိုကာကွယ်ရတော့မလဲ။ အခုဆို သူ့မိတ်ဆွေ ညောင်ပင်တစ္ဆေကြီးလည်း မရှိတော့ဘူး။ သူ့မှာ တိုင်ပင်စရာ၊ ဆွေးနွေးအကြံတောင်းစရာ အားကိုးစရာ တစ်ယောက်မှ မရှိတော့ဘူး။ … ငါဒီကောင့်ကို သတ်ခွင့်ရတုန်းက သတ်ခဲ့ရမှာ။ အဲဒီတုန်းက အိပ်ရာထဲမှာ ဂုပ်ချိုးသတ်ခဲ့ရမှာ။ ခွေးနက်ကြီးမကလို့ ဆင်နက်ကြီးပဲ လာပစေ။ အခုဆိုရင်တော့ အခွင့်ရတာနဲ့ ငါ ဒီကောင့်ကို သတ်တော့မယ်။ ငရဲသွားရလည်း သွားရပစေတော့။ ငါ့မိသားစု ဘေးကင်းဖို့အတွက် ငါ စွန့်လွှတ်ရတော့မယ်။
‘ဝေယံ၊ ဝေယံ။ မင်းဟာလေ။ လူ့လောကမှာတုန်းကလည်း အတော် တုံးခဲ့တယ်။ အခု သရဲဘ၀ ရောက်တဲ့ အထိ တုံးနေတုန်း။ အသုံးမကျဖြစ်နေတုန်း။ မင်းလိုကောင်မျိုးဆီက အမြတ်ထုတ်ရတာ အားတောင် နာပါတယ်ကွာ’
ဖြစ်နိုင်ရင် သူ ဒီကောင်နဲ့ စကားပြောချင်တယ်။ ဒီကောင့်ကြည့်ရတာ သူဘယ်လို သေသွားသလဲဆိုတာ သိနေပုံပဲ။ ဒီငနဲပြောတာတွေ နားထောင်ကြည့်ရသလောက်၊ သူ သေတဲ့ကိစ္စမှာ ဒီကောင့် ပယောဂ ကင်းပုံမရဘူး။ မဟုတ်မှလွဲရော - ဒီကောင်များ ငါ့ကို သတ်လိုက်လေသလား။
ဖြစ်နိုင်တယ်။ ငါ့မိန်းမ၊ ငါ့အိမ်၊ ငါ့ပိုက်ဆံတွေကို လိုချင်တာနဲ့ ဒီကောင် ငါ့ကို သတ်လိုက်တာပဲ ဖြစ်ရမယ်။ ဒါကို ငါဖော်နိုင်ရင် သူမ လွတ်လပ်ပြီလေ။ အဲဒါဆိုရင်တော့ ရပ်ကွက်လူကြီးတွေလည်း ပြန်ခေါ်လာတော့မှာ မဟုတ်ဘူး။ ရဲလက်အပ်ပြီး ထောင်ပဲ ချရတော့မှာ။ ငါ့ကို ဒီကောင် ဘယ်လိုသတ်သလဲဆိုတာ အမှုကို ပြန်ဖော်ရမယ်။ ဒါပေမဲ့ ဘယ်က စရမလဲ။
……………………………………..
‘မောင်… မေ့ကို ခွင့်လွှတ်ပါ။ သမီးနဲ့ သားတို့ ရှေ့ရေးအတွက် စိတ်ပူပြီး မေ ဒီလူ့ကို ယူခဲ့မိတယ်။ မေ အမှားကြီး မှားခဲ့ပြီ။ မေ အခုဘာလုပ်ရမလဲ’
ဟိုလူအပြင်သွားနေတုန်း သူမဟာ မှန်တင်ခုံရှေ့မှာ ထိုင်ပြီး ငိုကြွေးရင်း တစ်ယောက်တည်း ပြောနေမိတာပါ။ ဒါပေမဲ့ သူမဟာ သူ့ကို ဦးတည်ပြီး ပြောနေမှန်းသိသာတယ်။ အခုဆို ဒီအိမ်မှာ သူ့ ၀ိညာဥ်ရှိတယ်ဆိုတာ သူမ သိနေပြီလေ။
… ငါ .. သူမ နဲ့ ဆက်သွယ်ရမယ်...။
သူ စိတ်ကို အတတ်နိုင်ဆုံး စုစည်းလိုက်တယ်။ မှန်တင်ခုံပေါ်က နှုတ်ခမ်းနီတောင့် တစ်တောင့်ကို ရွေးလိုက်တယ်။ သူ့ရဲ့ အငွေ့တွေဟာ အဲဒီနှုတ်ခမ်းနီတောင့် နားမှာ သိပ်သည်းသွားပြီး နှုတ်ခမ်းနီတောင့်ဟာ လေထုထဲကို ကြွတက်လာတယ်။ သူမရဲ့ အမြင်မှာတော့ ဒီနှုတ်ခမ်းနီတောင့်ဟာ သူ့အလိုလို လေထဲ မြောက်တက်သွားသလိုပဲ။
‘… မောင်… မောင် ရှိနေတာနော်။ မေဖြင့် မယုံနိုင်အောင်ပဲ။ မောင်.. ဘယ်ဘ၀ ရောက်နေတာလဲဟင်...။’
သူ နှုတ်ခမ်းနီတောင့်ကို အသားပေါ်အောင် လှည့်ပြီး မှန်ပေါ်မှာ စာတွေကို တစ်လုံးချင်းစီ ရေးပြလိုက်တယ်။
…. ဘယ်… လို… သေ….
သူမ မျက်လုံး အ၀ိုင်းသားနဲ့ မယုံနိုင်အောင် ကြည့်နေမိတယ်။ ခဏနေမှ သတိ၀င်လာပြီး ….
‘ဟင်.. ဘယ်လို သေတာ ဟုတ်လား။ မောင် ဘယ်လိုသေတာလဲလို့ မေးတာလားဟင်။ မောင် မမှတ်မိဘူးလား’
နှုတ်ခမ်းနီတောင့်ဟာ လေထုထဲမှာပဲ ဆက်ရှိနေတယ်။
‘… မောင်… အလုပ်ခွင်မှာ ဆောက်လက်စ တိုက်ပေါ် တက်တုန်းက ခြေချော်ပြီး အမြင့်က ပြုတ်ကျတာပဲတဲ့။ သူတို့ ပြောတာပဲမောင်။ မေလည်း ရင်တွေနာလွန်းလို့ အသေးစိတ် မမေးနိုင်ဘူး’
မှန်ပေါ်မှာ နှုတ်ခမ်းနီတောင့်ဟာ ထပ်ရွေ့သွားပြန်တယ်။
… ဟို.. ကောင် …. အဲ့ မှာ … ရှိ ..ခဲ့… လား...။
သူ့စာကို သူမ နားလည်အောင် မနည်းဖတ်ရတယ်။
‘ဟိုကောင်.. ဟုတ်လား...။ ကိုလှိုင်မင်းခေါင်ကို ပြောတာလား...။ မောင်.. မောင် ဘာကို ဆိုလိုတာလဲဟင်..။ မောင်….’
သူမ မျက်လုံးထဲမှာ မျက်ရည်တွေ ၀ိုင်းလာခဲ့တယ်။
‘တကယ်… တကယ်ပဲ လုပ်ရက်တာလား...။ မောင်ရယ် ဖြစ်မှ ဖြစ်ရလေ။ အဲဒီလူယုတ်မာ အဲဒီနေ့က မောင်နဲ့အတူတူ ရှိနေတာမောင်။ သူ… သူ တွန်းချလိုက်တာများလား...။ ဘုရား ဘုရား...။ လုပ်ရက်လိုက်တာ….။ အဖြစ်ဆိုးလိုက်တာ.. ဒီလူကိုမှ မေ ယူမိတယ်….’
ပြောနေရင်းနဲ့ သူမ ပျို့တက်လာတယ်။ သူမ အန်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အိမ်သာထဲကို အပြေးသွားပြီး ဝေါ့ကနဲ ဝေါ့ကနဲ အန်ချလိုက်မိပါတော့တယ်။
……………………………………
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory