
“ဖိုးစီ မင်းနဲ့တွေ့ချင်လို့တဲ့”
“ဘယ်သူလဲ”
ငွေသော်က ရှပ်အင်္ကျီအကွက်၊ ကွာတားဘောင်းဘီနှင့်ဆိုတော့ လူမိုက်ပုံမပေါက်။ ဖိုးစီကလည်း လူရည်ခပ်သန့်သန့်ဖြစ်ပြီး လူမိုက်ပုံစံမျိုးလည်း မပေါ်လွင်ဘူး။ ဒါပေမဲ့ ဖိုးစီ က ဒီရပ်ကွက်မှာတော့ နာမည်ကြီးသည်။ အထူးသဖြင့် မိုက်မိုက်ကန်းကန်းပြုမူတတ်သလို ဘာကိုမှလည်း မကြောက်တတ်။ ပြီးတော့ ဖိုးစီက လမ်းမှန်ကမ်းမှန်နေလေ့ရှိတာကြောင့် သူ့ကို ဘယ်မှမရှုပ်ရဲ။ အခု ငွေသော်က ဖိုးစီဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေပြီ။
“စကားအေးဆေး ပြောလို့ရမလား”
ငွေသော် က တည်တည်ငြိမ်ငြိမ်နှင့်ဆိုတော့ ဖိုးစီက အကဲခတ်သလို ကြည့်သည်။ ပြီးတော့ ကွမ်းတရာကို ထုတ်ဝါးလိုက်ပြီး ...
“ပြောလေ”
“မင်း ကြက်ပွဲတွေ ဝါသနာပါတယ်ဆိုတာ ငါသိတယ်။ အခု ကြက်ဝိုင်းမှာ မင်းအတွက် အလုပ်ရှိတယ် စိတ်ဝင်စားရင် ဆက်ပြောမယ်”
ဖိုးစီ မျက်လုံးတွေ အနည်းငယ်အရောင်လက်လာသည်။ ပြီးတော့ ...
“စိတ်ဝင်စားတယ် .. ဆက်ပြော”
“မင်းလုပ်ရမှာက ကြက်ဝိုင်းကြီးကြပ်ရေး လက်ထောက်”
“တကယ်လား ..”
“အေး .. “
ငွေသော်က စကားအပိုအလိုမပြော။ ဖိုးစီ က အခုမှ ငွေသော့် ကို နာမည်မေးဖို့ သတိရသွားပြီး ...
“ဒါနဲ့ ခင်ဗျား နာမည်က ဘယ်သူလဲ ..”
“ငွေသော် ... “
“ဟုတ်ပြီ .. ကိုငွေသော် ကျနော်စိတ်ဝင်စားတယ်.. ကျနော့်အတွက် တစ်ရက်ဘယ်လောက်ရမှာလဲ”
“တစ်လကို ၆သိန်းပေးမယ်”
“တကယ်ပြောတာလား”
ဖိုးစီ အိပ်မက်ပင်မမက်ဖူးတဲ့ လစာမျိုး။ ပြီးတော့ ဝါသနာပါတဲ့ကြက်ပွဲတွေကိုလည်း ကြည့်ရဦးမည်။ ဘာလက်မခံနိုင်စရာရှိသလဲ။ ဒါပေမဲ့ ဖိုးစီက သတိလက်လွတ်နေတတ်သူတော့ မဟုတ်။
“ကျနော် က ဘယ်လို ယုံကြည်ရမလဲ”
ငွေသော်က စားပွဲပေါ်ကို ပိုက်ဆံထုတ်ပစ်တင်လိုက်သည်။
“ဒီမှာ တစ်လစာ ရှိတယ်။ လုပ်မယ်လို့ သဘောတူရင် ဒါကို ယူထားလိုက်။ ငါ့ဆီမှာ အနိမ့်ဆုံး တစ်နှစ်တိတိလုပ်မယ်ဆိုတဲ့ ကတိတော့ပေး... ပြီးရင် လကုန်တာနဲ့ တလတခါ လစာ ခြောက်သိန်းပေးမယ်”
အရှေ့က ပိုက်ဆံထုပ်ကိုကြည့်ပြီး ဖိုးစီ တော်တော်ပျော်သွားသည်။ ပြီးတော့ .. ပိုက်ဆံထုပ်ကို ကောက်ယူလိုက်ပြီး ..
“ကြိုက်ပြီဗျာ ... ကဲပြော .. အခု က စပြီး ဘာလုပ်ရမလဲ”
“သဘက်ခါ ဒီဆိုင်မှာပဲ မနက် ၁၀နာရီစောင့်နေ။ တစ်ခုတော့ ပြောမယ်နော် .. ငါ့ကို ကျော်တာခွတာတွေ လုပ်လို့မရဘူးနော် .. ငါက ငွေသော်နော် ..အဲဒါလေးတော့ မင်းမမေ့နဲ့”
ငွေသော့် စကားက နည်းနည်းတော့ ရင့်သီးသလိုဖြစ်သွားသည်။ ဖိုးစီတင်းကနဲတော့ ဖြစ်သွားသည်။ ဒါပေမဲ့ ပိုက်ဆံက သူယူပြီးပြီ။ ပြီးတော့ ကတိလည်း ပေးပြီးပြီ။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သူက အလုပ်ရှင်ဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့် ဒီလောက်တော့ သည်းခံရမှာပဲဟု တွေးပြီး ခေါင်းပဲညိတ်ပြလိုက်တော့သည်။
“ဟေ့ကောင် ငွေသော် မင်းရူးနေလား”
ငွေသော်က ဖိုးစီ ကို ပိုက်ဆံကြိုပေးခဲ့တဲ့ ကိစ္စနှင့် ပတ်သက်ပြီး စိုးကြီးက ဆူနေခြင်းဖြစ်သည်။ ငွေသော်ကတော့ ခပ်အေးအေးပင်။
“မင်းက ဘာဖြစ်နေတာလဲ”
“ဒီကောင် လိမ်ပြေးသွားရင် ဘယ်လို လုပ်မလဲ”
ငွေသော်က .. ပြုံးစိစိနှင့် ..
“အချို့က ကိစ္စတွေမှာ ယုံကြည်မှုနဲ့အကြောက်တရားကို တွဲပြီး ပေးလိုက်ရတယ်ကွ”
“ဘယ်လို ... “
စိုးကြီးက နားမလည်။
“အခု ... ဖိုးစီ အနေနဲ့ သူပြေးချင်ပြေးဖို့အတွက် အချိန်ရှိတယ်။ ဒါပေမဲ့ သူပြေးမှာမဟုတ်ဘူး။ ငါသူ့အပေါ်မှာ ယုံကြည်မှုပေးလိုက်တာကို တွေးမိတာကြောင့်”
“အဲဒီလို မတွေးမိရင်ရော ... “
“ငါ့ နာမည် ငွေသော် လို့ ပြောထားတယ်လေကွာ.. ပိုက်ဆံ ၆သိန်းနဲ့ သူဘယ်လောက်ထိ ပုန်းနိုင်မှာလဲ .. အခုဆို ဒီကောင် သူ့အသိတွေဆီမှာ ငါ့နာမည်ကို မေးပြီး စုံစမ်းနေလောက်ပြီ”
“အေးကွာ .. မင်းပိုင်ရင် ပြီးတာပဲ ငါက စိုးရိမ်လို့ပါ”
“ဟား ... ဟား ... “
“မင်းက ဘာရယ်တာတုန်းကွ”
“အော် .. မင်းပဲ ငါ့ကို ဒီလောကထဲ ဆွဲသွင်းခဲ့တယ်။ အခုငါက ဒီလောကထဲမှာ အသားကျပြီးအံဝင်ခွင်ကျဖြစ်နေတယ်။ မင်းကတော့ လူမိုက်မဟုတ်သလို ဟိုပူဒီပူနဲ့”
“ထားလိုက်ပါတော့ကွာ”
သူတို့ အရက်သာဆက်သောက်ကြတော့သည်။
နောက်တစ်နေ့။
“ကိုငွေသော် .. ကျနော်ရောက်ပြီ”
“သူရိန်ဆိုတာလား”
“ဟုတ် .. ဟုတ်ပါတယ်”
ကောင်လေး က အခုမှ အသက် နှစ်ဆယ်လောက်သာရှိဦးမည်။ ငွေသော် စိတ်ညစ်သွားသည်။ လိုချင်တာက သွေးအေးအေးနဲ့ မိုက်တဲ့လူမိုက်မျိုး။ အခုအရှေ့မှာရောက်နေတာက ရိုရိုကျိုးကျိုး ကောင်လေးတစ်ယောက်။
“စိုးကြီး က အလုပ်နဲ့ပတ်သက်ပြီး ပြောထားသေးလား”
“ဟုတ် .. ကိုစိုးကြီးကတော့ ဘာမှမပြောဘူး။ ကိုငွေသော်ဆီမှာ အလုပ်ရှိတယ်ဆိုပြီး ပြောလို့”
“ခက်ပြီကွာ ... ငါတို့အလုပ်က မင်းလို ပုံစံမျိုးနဲ့အဆင်မပြေဘူးဟ”
“ကျနော် အကုန်လုပ်နိုင်ပါတယ် .ကိုငွေသော်”
“ငါတို့ အလုပ်က လူမိုက်အလုပ်ဟ”
ငွေသော်ရဲ့ စကားဆုံးတာနဲ့ သူရိန်က ထသွားကာ ယောကျ်ားလေး ငါးယောက်ထိုင်သောက်နေတဲ့ ဝိုင်းထဲက အရက်ခွက်ကို ကောက်မော့လိုက်ပြီး ...
“ငါသောက်လိုက်တယ် .. ဘယ်ကောင်မကျေနပ်ဘူးလဲ မကျေနပ်တဲ့ကောင်ထွက်ခဲ့”
ပထမတော့ ကြောင်သွားကြသည်။ ပြီးတော့မှ .. ဗလတောင့်တောင့်နဲ့ တစ်ယောက် က ထလာပြီး ...
“မင်းက ငါတို့ကို ရန်လာစတာလား”
“ကြိုက်သလို ထင်နိုင်တယ်။ ဇရှိရင် ထွက်လာခဲ့လိုက် သူရိန်က စိန်ခေါ်လိုက်တော့ ငါးယောက်စလုံးထွက်ချလာသည်။ သူရိန်က ကိုယ်ခံပညာနည်းနည်းတတ်ပုံရသည်။ ငါးယောက်တစ်ယောက်ကို ကောင်းကောင်းတုန့်ပြန်နိုင်သည်။ ဒါပေမဲ့ ရုပ်ရှင်မဟုတ်တဲ့ နောက်ဆုံးမှာ သူရိန်ခေါင်းကွဲသွားသည်။ ငွေသော် က ဝင်တားလိုက်၏။
အရက်ဆိုင်မှာ ငွေသော်၊ စိုးကြီး၊ ဖိုးစီ၊ သူရိန် တို့ လေးယောက်ထိုင်နေကြသည်။ ငွေသော်က ..
“စိုးကြီး .. မင်းငါနဲ့တွဲလုပ်မှရမယ်”
“အေး .. ငါ ဦးသန်းဝင်းကို ပြောကြည့်လိုက်ဦးမယ်”
“သူရိန်နဲ့ ဖိုးစီက ငါနဲ့စိုးကြီး စကားကလွဲပြီး ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး”
“ကိုငွေသော် ဒီကလေးက ခေါင်းကွဲထားတာ ပြီးတော့ သူ့ပုံစံက .. “
ဖိုးစီက သူရိန်ကို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ ငွေသော်က ..
“ဒီကောင်က ဂုဏ်ထူးမှတ်တောင် ထွက်ထားတဲ့ကောင် လျှော့မတွက်နဲ့ကွ”
ဖိုးစီက ပုခုံးတွန့်ရုံသာ တွန့်လိုက်သည်။
“အလုပ်ကတော့ ဒီစနေ စ မယ် .. လိုင်းကြေးဘာညာက သေချာပေးထားပြီးသားဖြစ်လို့ အဲဒီအပိုင်းကို စိတ်ပူစရာမရှိဘူး။ မင်းတို့လုပ်ရမှာက အကျော်အခွတွေ၊ အလုပ်ဇယားတွေကို သေချာစောင့်ကြည့်ဖို့ပဲ.. သူရိန်က ဝိုင်းအပြင်က စောင့်၊ ဖိုးစီက ကြက်ဝိုင်းအကြောင်းနားလည်တော့ အထဲက လောင်းကြေးတွေ၊ အခေါ်အပြောတွေကို သေချာမှတ်ထားပါ”
“ငါကရော..”
စိုးကြီးက မေးတော့ ..
“ငါတို့က ညကျမှ သေချာ တိုင်ပင်ရမယ်။ ဖိုးစီနဲ့သူရိန် မင်းတို့ ဆက်သောက်ဦးမယ်ဆို သောက်နေကြ။ စနေနေ့ကျရင်တော့ ငါတက်စီနဲ့ ဒီဆိုင်မှာ မနက် ရှစ်နာရီလာခေါ်မယ် အဆင်သင့်ပြင်ထားပါ”
“အိုခေ.. “
“ဟုတ်ကဲ့.. “
ညရောက်တော့ ငွေသော်နှင့် စိုးကြီးတို့ စိတ်ဆန္ဒတွေ ဖြေဖျောက်ဖို့ ဟိုတယ်တစ်ခုမှာ ကောင်မလေးနှစ်ယောက်ကို ခေါ်လိုက်ကြသည်။ ပြီးတော့ အရက်တစ်တောင့်မှာလိုက်ပြီး ..
“ဒီညတော့ ငါတို့ စည်းစိမ်ခံကြမယ်ကွာ .. အလုပ်ကိစ္စတွေ မေ့ထားလိုက်”
“အေး ... ဒါနဲ့ နေပါဦး .. ဟိုနှစ်ကောင်ကို ဘာလို့ မခေါ်လာတာလဲ”
“မင်းကတော့ ခက်ပြီ .. ဒီကောင်တွေက ငါတို့ရဲ့ စစ်မှန်တဲ့ ရဲဘော်ရဲဘက်ဖြစ်ကြောင်း သက်သေမပြရသေးဘူးလေ”
“အေးကွာ ပြီးရော”
အရက်သောက်ပြီးတော့ ကိုယ်စီအခန်းသို့ ပြန်ဝင်လာခဲ့ကြသည်။
ဒီလိုနှင့် ငွေသော် တစ်ယောက် အနာဂတ်အတွက် အစီအစဉ်တွေကို စိတ်ကူးနဲ့ပလန်ချကြည့်နေမိသည်။ ဘာပဲဖြစ်ဖြစ် ငွေသော်က မိုက်ရဲသည်၊ သေရဲသည်၊ အခု လိုအပ်လာလို့ ဦးနှောက်သုံးရမယ့်အလုပ်တွေကိုလည်း လုပ်နိုင်စွမ်းရှိသည်။ ငယ်ငယ်တုန်းကလို ဒေါသကို ရှေ့တန်းတင်တဲ့ငွေသော်မဟုတ်တော့။ အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်ပြီး သွေးအေးတဲ့ ငွေသော်ဖြစ်နေပြီ။ ဒါပေမဲ့ ငွေသော့်မှာလည်း ရည်မှန်းချက်တစ်ခုတော့ ရှိသည်။ တစ်ချိန်ချိန်မှာတော့ ဒီလောက က ထွက်ပြီး အေးအေးဆေးဆေးနေဖို့တော့ စိတ်ကူးရှိသည်။ သို့သော် အခုတော့ မဟုတ်သေး။
“မပြီးသေးဘူးလား”
ငွေသော် အတွေးလွန်ပြီး စိတ်ဆန္ဒဖြေဖျောက်နေတာကိုပင် မေ့သွားပုံရသည်။ ကောင်မလေးက မေးတော့မှ .. သတိရသွားပြီး ..အာရုံပြန်စိုက်ကာ အဆုံးသတ်လိုက်ရသည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory