တမလွန် ဒိုင်ယာရီ (အပိုင်း ၈)
lotaya.mpt.com.mm
|
2022-07-30

အိမ်မဲ့ရာမဲ့

………

‘ရှင် လူယုတ်မာ။ မုဒိမ်းကောင်။ ရှင့်ကြောင့် ကျွန်မ သမီးလေး သေရတာ’

ရင်ခွဲရုံကနေပြန်လာပြီး သူမ ဟိုလူ့ကို စားတော့ ၀ါးတော့မတတ် ကြိမ်းမောင်း ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ ဟိုကောင်ဟာ သူမကို ထီမထင်တဲ့ ပုံစံနဲ့ ပြန်ကြည့်လိုက်ပြီး -

‘ပါးစပ်ပိတ်ထားစမ်း။ ဟိုတစ်နေ့က စကားပြန်ဆက်ရမယ်။ အိမ်စာချုပ်တွေ ဘယ်မှာလဲ’

‘ရှင်.. တော်တော် အောက်တန်းကျတဲ့လူ။ အခုပဲ သမီးအလောင်း မြေမကျသေးဘူး၊ လောဘဇောက အဲလောက်တက်နေလား’

‘ဒီမိန်းမ ငါ လက်ပါမိတော့မယ်‌နော်။ ပေးဆိုပေးစမ်းကွာ’

‘မပေးနိုင်ဘူးရှင့် အသေခံမယ် မပေးဘူး’

...ဖျောင်း….။

ဟိုကောင်က သူမကို ပါးရိုက်ချလိုက်ပြန်တယ်။ အဆောင်ဆွဲကြိုးအားကိုးနဲ့ ဒီလူ မိုက်ရိုင်းနေတာကြာပြီလေ။ သူမ ကြမ်းပေါ်ကို လဲကျသွားတယ်။ ဒီကောင်က သူမရဲ့ ဆံပင်တွေကို ဆောင့်ဆွဲပြီး ခေါင်းကို မော့လိုက်တယ်။ မော့လာတဲ့ သူမမျက်နှာကို နောက်ထပ် ဆင့်ရိုက်ပြန်တယ်။

‘… မေ.. မေ...။ အီး… မေမေ့ကို မလုပ်ပါနဲ့ ဦးဦးရဲ့...’

သားလေးက ပြေးပြီး သူ့အမေကို ဖက်တယ်။ အဲဒီမှာတင် ဒီကောင် အကြံရသွားပုံပဲ။ ဒီလူအနေနဲ့ သူမကို ဆက်ရိုက်နေလည်း အသက်သာအသေခံသွားမယ်၊ သူမ ဒီကောင်လိုချင်တာကို မပေးဘူးဆိုတာ သိနေပြီလေ။ သားကိုလည်းမြင်ရော ဒီကောင် စိတ်ပြောင်းသွားတယ်။ ကလေးရဲ့ လက်မောင်း သေးသေးလေးကို လက်ကြမ်းကြီးတွေနဲ့ ဆုပ်ကိုင်လိုက်ရင်း -

‘မင်းငါ့ကို အဲ့စာချုပ်တွေ မပေးရင် ဒီကလေးပါ နာပြီမှတ်’

‘အီး.. ဟီး ဟီး...။ နာတယ် ဦးဦးရဲ့။ အတင်းကြီး မလုပ်ပါနဲ့’

သားလေးက ကြောက်လန့်တကြားငိုကြွေးရှာတယ်။ သူမ မျက်လုံးတွေ ပြူးကျယ်လာတယ်။ ဒီလူ့ကြောင့် သမီးတစ်ယောက် ဆုံးရှုံးပြီးပြီ။ သားလေးကိုပါ သူမ ထပ် အဆုံးရှုံးခံလို့ မဖြစ်တော့ဘူး။

‘စောက်ကောင်ကြီး။ ငါ့သားကို အခုလွှတ်စမ်း။ ကလေးကို မထိနဲ့’

သူမ အာခေါင်ခြစ်ပြီး အော်လိုက်တယ်။ ဒါပေမဲ့ ဟိုလူက ပိုတောင် သဘောကျပြီး ရယ်လိုက်သေးတယ်။

‘မင်းကလေးကို တကယ်ချစ်ရင် ငါ့ကို စာချုပ်တွေ ပေးလေ။ သားနဲ့ စည်းစိမ်ဥစ္စာနဲ့ ဘယ်ဟာ ပိုမက်သလဲ။ တခုပဲရွေးလိုက်။ လာစမ်း မသာလေး’

ပြောရင်းနဲ့ သားငယ်ရဲ့ လက်မောင်းသေးသေးလေးကို ဆောင့်ဆွဲလိုက်ပြန်တယ်။

‘အားး… သေပါပြီဗျ။ အီး အီး မလုပ်ပါနဲ့ ဦးဦးရဲ့’

‘အမလေး၊ တော်ပါတော့ရှင့်။ ပေးပါ့မယ်။ ရှင်လိုချင်တာ ပေးပါ့မယ်။’

‘ပြောစမ်း မီးခံသေတ္တာရဲ့ ပတ်စ်၀ပ်’

သူမ မျက်လုံးထဲမှာ ၀င်းကနဲ အရောင်တောက်သွားတယ်။ စာချုပ်တွေက မီးခံသေတ္တာထဲမှာ မရှိတော့ဘူး။ အိမ်ပြောင်းပြေးဖို့ အထုပ်တွေ ထုပ်တုန်းက ခရီးဆောင်လက်ဆွဲအိတ်ထဲကို ပြောင်းထည့်ထားပြီးပြီ။ ဒါကို ဒီလူ သိပုံမရဘူးလေ။ သူမ မီးခံသေတ္တာရဲ့ လျှို့၀ှက်နံပါတ်ကို ပြောပြလိုက်တယ်။ လူယုတ်မာဟာ နံပါတ်ကို သိသိချင်း သူတို့အခန်းထဲက မီးခံသေတ္တာဆီကို အပြေးသွားပြီး မီးခံသေတ္တာဒိုင်ခွက်ကို လှည့်ပြီး ဖွင့်ဖို့ ကြိုးစားတော့တာပဲ။

သူမဟာ ဟိုလူ့ရဲ့ မျက်စိအောက်က လွတ်သွားတာနဲ့ သားငယ်ရဲ့ အခန်းထဲမှာ ရှိတဲ့ သူမတို့ရဲ့ ခရီးဆောင်အိတ်ကို အမြန်ပြေးပြီး ယူလိုက်တယ်။ သူမဟာ သားငယ်လေးကို လက်ဆွဲပြီး ပြေးရတာကြောင့် လိုသလောက်ခရီးမရောက်ပဲ စက္ကန့်ပိုင်းလေးလောက် နောက်ကျသွားတယ်။

‘ဟိတ်၊ ဘယ်ပြေးမလို့လဲ။ အခုရပ်စမ်း’

ဟိုလူရဲ့ အသံကြီးဟာ သားအမိနှစ်ယောက်အနောက်က အကျယ်ကြီးထွက်လာတာနဲ့ သူမတို့ နှစ်ယောက်လုံး ဆတ်ကနဲ တုန်သွားကြတယ်။ သူမ အိမ်ရှေ့တံခါးဆီကို ပြေးမလို့လုပ်ပေမဲ့ ဟိုလူက ပိုမြန်တာကြောင့် တံခါးဆီကို အရင်ရောက်သွားပြီး သားငယ်နဲ့ သူမတို့ရှေ့မှာ ပိတ်ရပ်ထားလိုက်တယ်။

‘လူလိမ်မ။ မီးခံသေတ္တာထဲမှာ ဘာမှ မရှိဘူး။ ပြောစမ်း စာချုပ်တွေ ဘယ်မှာလဲ’

သူမဟာ ခရီးဆောင်အိတ်ကို ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိသွားတယ်။ ဒါကို လူလည်တစ်ယောက်ဖြစ်တဲ့ ဟိုကောင်က ရိပ်မိသွားပါလေရော။

‘မင်း အိတ်ပေးစမ်း ငါ့ကို’

‘ဟင့်အင်း...’

‘ပေးစမ်းကွာ၊ ကြာရင် မင်းတို့ သားအမိနှစ်ယောက်စလုံးကို သတ်မိလိမ့်မယ်နော်’

ဒီကောင် ခြိမ်းခြောက်ပြောနေတာ မဟုတ်မှန်း သူသိတယ်။ ဒီကောင်ဟာ အကုသိုလ်ကောင်ပဲ။ သူ့အတွက် လူသတ်ဖို့လည်း ၀န်လေးမှာ မဟုတ်ဘူး။ တကယ်လည်း သတ်ပြီးပြီလေ။ ဒီကောင်ဟာ သူ့ကို သတ်ပြီး ဒီမိသားစုထဲ ရောက်လာတာပဲ မဟုတ်လား။ တကယ့် လူသတ်ကောင်၊ မုဒိမ်းကောင်၊ လူယုတ်မာ။

သူမလက်ထဲက ခရီးသွားလက်ဆွဲသေတ္တာကို ဒီကောင်က အားကြီးနဲ့ အတင်းလုယူလိုက်တယ်။ အားမတန်လို့ သူမ အလျှော့ပေးလိုက်ရရှာတယ်။ ဒီစာချုပ်တွေ ဒီကောင်ရသွားလို့ကတော့ အားလုံး ဆုံးပြီပေါ့။ သူ တသက်လုံး ကြိုးစား ရှာဖွေစုဆောင်းခဲ့သမျှ။ ဒီတိုက်နဲ့ ခြံမရှိရင် သူမတို့ ဘာမှ မရှိတော့ဘူး။ ဘ၀ပျက်ပြီ။ သူမရဲ့ မိဘတွေဆီမှာ ပြန်ပြီး ခိုကပ်နေထိုင်ရတော့မယ်။ တသက်လုံး အနှိမ်ခံရတော့မယ်လေ။

လူယုတ်မာဟာ ခရီးဆောင် လက်ဆွဲသေတ္တာကို လောဘတက်နေတဲ့ မျက်နှာကြီးနဲ့ အငမ်းမရဖွင့်လိုက်တယ်။ အထဲက သူမတို့ သားအမိရဲ့ အ၀တ်အစား အသုံးအဆောင်လေးတွေကို ကြမ်းကြမ်းတမ်းတမ်း မွှေနှောက် ဆွဲဖွပြီး အပြင်ကို လွှင့်ပစ်တယ်။ သူမက အရေးကြီးတဲ့ စာချုပ်တွေကို ဟိုးအောက်ထဲမှာ ထည့်သိမ်းထားတာ မဟုတ်လား။

အဲဒီအချိန်မှာပဲ သူ စိတ်ကူးတစ်ခုရသွားတယ်။ သူဟာ ဒီကောင့်ကို မထိနိုင်ပေမဲ့ အခြားအရာတွေအပေါ်မှာတော့ ထိလို့ရတယ်။ လွှမ်းမိုးလို့ရသေးတယ်။ … ဒါပေမဲ့ ငါလုပ်နိုင်ပါ့မလား။ မပြောတတ်ဘူး။ စမ်းကြည့်ရမှာပဲ။

သူတခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို စမ်းကြည့်ဖို့ စိတ်ကူးရလိုက်တယ်။ အဲဒါကတော့ တခြားမဟုတ်ဘူး။ ဒီစာရွက်စာတမ်းတွေကို ဟိုကောင်မမြင်အောင် သူ့ကိုယ်လုံးနဲ့ ဖုံးပြီး ကာထားပေးလိုက်ဖို့ပဲ။

လူအတော်များများ ‘နတ်၀ှက်တယ်’ ဆိုတာကို ကြုံဖူးကြမှာပေါ့။ အရာ၀တ္ထုပစ္စည်းတစ်ခုခု ပျောက်လို့ လိုက်ရှာရင် တခါတလေ အဲဒီပစ္စည်းဟာ ကိုယ့်ရှေ့တည့်တည့်ကြီးမှာ ရှိနေပေမဲ့ လုံး၀ ရှာလို့ မတွေ့တတ်တာမျိုး။ အဲဒါမျိုးဆိုရင် နတ်၀ှက်တယ် လို့ ဆိုကြတယ်။ နတ်တွေက ပျင်းပျင်းရှိတာနဲ့ လူတွေကို ကျီစယ်တဲ့ သဘောပဲ။ လူတွေက မမြင်ပဲ ဆက်ရှာနေတာကို ကြည့်ပြီး နတ်တွေက သဘောကျကြတယ်လို့ အယူရှိကြတယ်။ အခု သူက နတ်တော့ မဟုတ်ဘူး။ ဒီမသာကို ကျီစယ်ချင်တာလည်း မဟုတ်ဘူး။ ဒီလူယုတ်မာ အဲဒီစာချုပ်တွေ တွေ့သွားရင် သူတို့ မိသားစု ဒုက္ခရောက်မှာမလို့ မဖြစ်မနေ ၀ှက်ရတော့မယ့် အခြေအနေပဲ။

သူဟာ အဲဒီသေတ္တာထဲ၀င်ပြီး စာရွက်စာတမ်းတွေပေါ်မှာ အလျားလိုက်ကြီး လဲလျောင်းနေလိုက်တယ်။ သူ့ရဲ့ ကိုယ်ငွေ့အရောင်အဆင်းကို ခရီး‌ဆောင်သေတ္တာရဲ့ အောက်ခြေအတိုင်းဖြစ်အောင် ပြောင်းလဲလိုက်တယ်။ ဒါကြောင့် အပေါ်ကနေ ဟိုလူကြည့်လိုက်တဲ့အခါ စာရွက်တွေကို မမြင်ရတော့ဘဲ သေတ္တာ အောက်ပိုင်းကိုပဲ မြင်ရတယ်။ အ၀တ်တွေ မရှိတော့တဲ့ ခရီး‌ဆောင်သေတ္တာဟာ ဗလာအတိုင်း ရှိနေတော့တာပဲ။ ဒီလူက သေတ္တာထဲက အခြားအကန့်တွေထဲမှာများ ထည့်ထားဦးမလားဆိုပြီး ရှိသမျှ ဇစ်တွေ အကန့်တွေကို ဖွင့်ပြီး ရှာပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး။

‘တောက်… ကောင်မ။ ဒီစာချုပ်တွေ ဘယ်ရောက်သွားလဲ။ ငါ့ကို မှန်မှန်ပြောစမ်း’

သူမလည်း မျက်လုံးပြူးသွားပြီး…

‘ကျွန်မလည်း မသိဘူး။ အဲဒီသေတ္တာထဲမှာပဲ ထည့်ထားတာပဲ။ ဘယ်ရောက်သွားလဲတော့ မသိဘူး’

ဟိုကောင် မျက်နှာကြီး ရှုံ့ပြီး တော်တော်ကြာအောင် ခေါင်းစားသွားတယ်။ သူ့ခေါင်းပေါ်က ဆံပင်တွေကို လက်နှစ်ဘက်နဲ့ ထိုးဖွလိုက်တယ်။

‘မဟုတ်မှလွဲရော၊ ဟို မကောင်းဆိုး၀ါး။ ‌ဝေယံဆိုတဲ့ကောင်။ ဒီကောင့် တစ္ဆေက ၀ှက်ထားတာပဲ ဖြစ်ရမယ်’

သေတ္တာထဲမှာ ဆက်ပြီး ရှိနေတဲ့ သူ ရုတ်တရက်လန့်သွားမိတယ်။

‘ငါနဲ့ တွေ့ကြပြီပေါ့ကွာ’

ဒီလူဟာ တော်တော်လည်တာပဲ။ သူ့ကို လျှော့တွက်လို့ လုံး၀မရပါလား။ အဲဒီလိုလည်း ကြုံး၀ါးပြီး ဒီကောင်ဟာ သေတ္တာကို လက်ကနေဆွဲပြီး အိမ်ရှေ့တံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ သေတ္တာဖွင့်လျက်သားအတိုင်း အိမ်ရှေ့ တံခါးမကြီးကနေပြီး ခရီးဆောင်သေတ္တာတစ်ခုလုံးကို အိမ်ပြင်က မြက်ခင်းပေါ်ကို ဆွဲပြီး လွှင့်ပစ်လိုက်တော့တာပဲ။

‘ကဲ… သွားစမ်း ပြိတ္တာ မကောင်းဆိုး၀ါးကောင်။ ဒီအိမ်ထဲကနေ ထွက်သွားစမ်း’

သူ အလန့်တကြားနဲ့ ခရီးဆောင်အိတ်ထဲကနေ ခုန်ထွက်ပြီး အိမ်ထဲကို အမြန်ပြန်၀င်လိုက်တယ်။ သူ ဘုံပျောက်သွားလို့ မဖြစ်သေးဘူး။ သူ့မှာ လုပ်စရာတွေ ရှိသေးတယ်။ သူ အဲဒီလို ခုန်ထွက်လိုက်တယ်ဆိုရင်ပဲ စာရွက်တွေကို ဆက်ပြီး ၀ှက်မထားတော့နိုင်တာကြောင့် အိမ်အရောင်းအ၀ယ် စာချုပ်တွေဟာ သေတ္တာထဲကနေ အရွက်လိုက် အချပ်လိုက် မြက်ခင်းပေါ်ကို ထွက်ကျကုန်တော့တာပဲ။

‘ဟား ဟား ဟား။ မောင်လှိုင့်ကိုများ လာကြောချင်သေးတယ်။ မတူရင် မတူကြနဲ့ကွ။ မောင်လှိုင်တဲ့ တစ်လှိုင်ပဲ ရှိတယ်။ ဟား ဟား ဟား’

……………………………………….

နောက်နေ့မှာပဲ သူမနဲ့ သားလေးတို့ဟာ အိမ်ပေါ်ကနေ ဆင်းပြေးသွားကြတယ်။ အဲဒီအတွက် သူ၀မ်းသာမိပေမဲ့ ဒီ သားအမိကို နောက်တခေါက် တွေ့ချင်မှ တွေ့ရတော့မှာ။ အဲလိုစဥ်းစားမိတော့ ၀မ်းနည်းမိပြန်ရော။ ဒီတိုက်ထဲမှာ သူနဲ့ ဟိုလူတို့ပဲ ကျန်ခဲ့တော့တယ်။ ဟိုလူဟာ သူ့လည်ပင်းက အဆောင်လည်ဆွဲကိုတော့ လုံး၀ မချွတ်ဘူး။ ဒီအိမ်မှာ သူရှိနေတဲ့အတွက် အန္တရာယ်မကင်းတာကို သိလို့ ဒီကောင်ဟာ သူ့မယားငယ်ကိုတော့ အိမ်ပေါ်ကို ခေါ်တင်မလာသေးဘူး။

သိပ်မကြာဘူး။ အိမ်၀ယ်ဖို့အတွက် အိမ်ကို လာကြည့်တဲ့လူတွေ ရောက်လာကြတယ်။ အိမ်ပွဲစား မိန်းမတစ်ယောက်က ဦးဆောင်ပြီး။ ကြည့်ရတာတော့ အားလုံး  စျေးတည့်ပြီးတော့မှ လာကြည့်ကြတဲ့ ပုံစံမျိုးပဲ။ သူ သဘောကျသွားတယ်။ ငါ ဒီအိမ်ကနေ မခွာရသေးတာ မှန်တာပဲ။

‘အိမ်လေးက မဆိုးဘူး။ တစ်ထပ်တိုက်ကလေး။ ဆောက်ထားတာလည်း ခေတ်ဆန်တယ်’

လာ၀ယ်တဲ့ စုံတွဲမှာ ပါတဲ့ အမျိုးသမီးက ပြောလိုက်တာပါ။ အိမ်ပွဲစားမိန်းမက သဘောကျသွားတယ်။

‘ဟုတ်တယ် ညီမလေး။ ညီမလေးတို့ လင်မယားနဲ့ဆို အတော်ပဲ။ အိပ်ခန်းက သုံးခန်းပါတယ်။ နောက်ပိုင်း ကလေးတွေ ဘာတွေ ယူမယ်ဆိုလည်း အဆင်ပြေတာပေါ့’

‘အို နှစ်ယောက်တောင်လား’

အမျိုးသမီးက သဘောကျပြီး ရယ်လိုက်တယ်။ အမျိုးသားကပါ လိုက်ရယ်တယ်။ လူယုတ်မာကတော့ လောဘတက်တဲ့ မျက်နှာနဲ့ ဖြီးဖြီးကြီး။ သူတို့အားလုံး ရေချိုးခန်းဆီရောက်လာကြတယ်။

‘ဒါက ရေချိုးခန်းလေ။ ရေပူရေအေး၊ ဘက်တပ် လည်းပါတယ်။ နောက်ဆုံးပေါ်၊ အနောက်တိုင်းစတိုင်….’

အိမ်ပွဲစားမ စကားမဆုံးလိုက်ဘူး။ လာကြည့်တဲ့လူတွေ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။ ရေချိုးခန်းထဲက မှန်သားပြင်ပေါ်မှာ သွေးတွေနဲ့ ရေးထားတဲ့ စာတစ်ကြောင်း ….

‘.. မု ဒိမ်း ကောင်….’

‘အားးးးး….’

ခုနက သဘောကျပြီး ရယ်မောနေတဲ့ အမျိုးသမီးဟာ အာခေါင်ခြစ်အော်ပြီး ထွက်ပြေးပါလေရော။ အမျိုးသားက အနောက်က ပြေးလိုက်သွားရတယ်။ အမျိုးသမီးဟာ အိမ်ထဲကနေ အတင်းကို ပြေးထွက်သွားတော့တာပဲ။ အကုန်လုံး အနောက်က လိုက်သွားလို့ အိမ်ထဲမှာ သူတစ်ယောက်ထဲ ကျန်ရစ်တယ်။

တကယ်တော့ သူက ဒီလူတွေကို ခြောက်လွှတ်မလို့ပါပဲ။ ဒါပေမဲ့ ဒီစာသားဟာ သူရေးခဲ့တာမဟုတ်ဘူး။ သူမဟုတ်ရင် ဘယ်သူဖြစ်မလဲ… အလို...။ ဖြစ်နိုင်လို့လား။

… သမီး...။ သမီးလေး… ။ ဒီအိမ်ထဲမှာ ရှိနေတာလား။

သူ သမီးလေး ဆုံးသွားပြီးကတည်းက ဒီအိမ်ထဲမှာ ရှိနေပေမဲ့ သမီးရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ အခုမှ သမီးက ‌ပေါ်လာပြီး ဒီစာကို ရေးသွားခဲ့တာပဲ။ ဒါဆို သမီးလည်း ဒီအိမ်မှာ သူ့လို ၀ိညာဥ်အဖြစ် ဆက်ရှိနေတာပဲပေါ့။

သူတစ်အိမ်လုံး ပတ်ပြီး သမီးကို လိုက်ရှာခဲ့တယ်။ ဒါပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့ခဲ့ဘူး။ သမီးဟာ သူ့ကို ရှောင်နေတာလား။ ဒါမှမဟုတ် - သူ ၀ိညာဥ်စဖြစ်တုန်းကလိုမျိုး ကိုယ်ထင်ပြလို့မရသေးတာလား။ ဒါပေမဲ့ မှန်ပေါ်မှာတောင် စာရေးနိုင်တာဟာ အဆင့်တစ်ခုခုတော့ သမီးရောက်နေပြီပဲ။

အဲဒီအချိန်မှာပဲ ဟိုလူယုတ်မာ ပြန်၀င်လာတယ်။ ဒီကောင် ဒေါသတွေထွက်ပြီး တရှူးရှူး တရှဲရှဲဖြစ်နေတယ်။ သူလက်ထဲက ဖုန်းကို ကောက်ဆက်လိုက်တယ်။

‘မဟုတ်ဘူးလေ။ အဲဒါက ဒီအိမ်က ကျွန်တော့်သား ဆော့ပြီး လျှောက်ရေးထားတာပါဗျ။ ဒီကောင်လေးက အဲလိုပဲ ဆိုးတတ်လို့ သူ့အဘိုးအဘွားအိမ်ကို တမင်ပို့ထားတာ...။ မဟုတ်ပါဘူးဗျာ။ … ဗျာ.. အစိမ်းသေ ဟုတ်လား။ အဲဒါတွေက သတင်းမှားတွေ… ။ ဟဲလို ဟဲလို...။ တောက်။ ငါ… _ီးတဲ့မှကွာ’

လူယုတ်မာ ဒေါသထွက်ပြီး ဖုန်းကို ကောက်ပေါက်ချင်ပေမဲ့ ဖုန်းအသစ်လည်း မ၀ယ်နိုင်တာကြောင့် မပေါက်ခွဲတော့ပဲ ဘေးနားက ခွေးခြေကိုသာ ဆောင့်ကန်လိုက်ရတယ်။

‘‌ဝေယံ ဝေယံ၊ ပြိတ္တာကောင်။ မင်း လုပ်ထားဦးပေါ့ကွာ။ ငါ မင်း မိန်းမနဲ့ ကလေးကို ပြန်ခေါ်ပြီး နှိပ်စက်ပြမယ်။ မင်းငြိမ်ငြိမ်မနေရင် သူတို့ နှစ်ယောက်လုံးကို ငါသတ်မှာနော် ဟေ့ကောင်….’

ဒီအရူးက သူလုပ်တယ်ပဲ ထင်နေတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီကောင့်ကို လျှော့တွက်လို့ မရဘူး။

………………………………..

သူ စိတ်ပူထားတဲ့အတိုင်းပဲ နောက်နေ့မှာပဲ ဒီလူယုတ်မာဟာ သူမနဲ့ သားလေးတို့ကို အိမ်ပေါ် ပြန်ခေါ်တင်လာတယ်။ မြန်မာနိုင်ငံမှာက ယောကျ်ားက လိုက်ခေါ်ရင် လူကြီးတွေက ပြန်ထည့်ပေးလိုက်တာပဲ မဟုတ်လား။ မိန်းမက ဘာပြောပြော၊ ကလေးက ဘာပြောပြော၊ ဘယ်သူက နားထောင်ပေးကြလို့လဲ။ ဒီလိုနဲ့ပဲ အနှိပ်စက်ခံရပြီး အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးသွားကြရတဲ့ မိန်းမတွေ ကလေးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များပြီလဲ။ ဘယ်လူကြီးသူမကများ၊ ဘယ်သက်ဆိုင်ရာ အဖွဲ့အစည်းကများ နှိပ်စက်ခံရတဲ့ အိမ်ထောင်ရှင်မတွေ၊ ကလေးသူငယ်တွေဘက်က တောင့်တောင့်တင်းတင်း ရပ်တည်ပေးကြဖူးလို့လဲ။ ‘လင်နဲ့ မယား လျှာနဲ့သွား’ ‘အချင်းချင်း ညှိညှိနှိုင်းနှိုင်း လုပ်ကြပေါ့’ စတဲ့ ရှေးဟောင်း စကားကြီးတွေနဲ့ပဲ ပြီးပြီးရော လုပ်ပေးလိုက်ကြတာပဲ မဟုတ်လား။

သူမနဲ့ သားလေးတို့ဟာ မိဘအိမ်ကလွဲပြီး ဘယ်မှလည်း သွားစရာမရှိတော့ဘူး။ မိဘကတောင် လက်မခံပေးတဲ့အချိန် အခြားဆွေမျိုးတွေဆို ဝေး‌ရောပေါ့။ ဟိုတယ်မှာ သွားနေရအောင်၊ အခန်းငှားနေရအောင်ကလည်း ပိုက်ဆံက မရှိတော့ဘူးလေ။ ဒါနဲ့ပဲ ကံဆိုးလှတဲ့ သားအမိခမျာ လူယုတ်မာရဲ့ လက်တွင်းကို ပြန်ပြီး သက်ဆင်းရတော့တာပါပဲ။

‘ငါ ဒီအိမ်ကို ရောင်းဖို့လုပ်မယ်။ မင်းတို့ သားအမိရော၊ ဟိုပြိတ္တာကောင်ရော သေချာ နားထောင်ကြစမ်း။ ဒီအရောင်းအ၀ယ်ကို တယောက်ယောက်ကများ ၀င်ဖျက်ဖို့ ကြိုးစားလို့ကတော့ ဒီကလေးခေါင်းကို ငါ ရိုက်ခွဲသတ်ပြီသာမှတ်’

သားလေးဟာ ကြောက်လွန်းလို့ ခေါင်းလေးပု၀င်သွားရှာတယ်။

ဟုတ်ပါပြီ။ ငါ မနှောင့်ယှက်တော့ပါဘူး။ မင်းဟာမင်းရောင်းပြီး မင်းလမ်းမင်းသွားပါတော့။

သူ စိတ်လျှော့လိုက်တယ်။ ခုချိန်မှာ အရေးအကြီးဆုံးက ဒီလူယုတ်မာ သူမတို့ ဘ၀ထဲက ထွက်သွားဖို့ပဲ။ ဒီအိမ်ကို ရောင်းပြီးတာနဲ့ ဒီကောင် သူမတို့ သားအမိကို ဆက်ဒုက္ခပေးတော့မှာ မဟုတ်ဘူးလေ။ အဲဒါ အရေးအကြီးဆုံးပဲ။

ဒါပေမဲ့….။

သမီး...။ သမီး က ရှိသေးတယ်။ သမီးကို ငါတားလို့ မရဘူးလေ။ သမီးကို ငါတွေ့တောင် မတွေ့ရဘူး။ ဒီလို တားမှာစိုးလို့များ သမီးက ငါ့ကို အတွေ့မခံတာလား။ တကယ်လို့ သမီးက ၀င်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ။ သမီးငယ်က စိတ်အကြီးအကျယ်ထိခိုက်ပြီး သေသွားတာဆိုတော့ သူ့မှာ ချင့်ချိန် စဥ်းစားနိုင်စွမ်း ရှိချင်မှ ရှိလိမ့်မယ်။ … ခက်တာပဲ။ ငါ ဘာလုပ်ရမလဲ...။

သူမကို သမီးအကြောင်း ပြောပြဖို့ သူ စိတ်ကူးမိသေးတယ်။ ဒါပေမဲ့ အဲလို ပြောလိုက်လို့ ဘာအကျိုးထူးသွားမှာလဲ။ သူမ ပိုပြီး စိတ်မကောင်းဖြစ်ရရုံပဲ ရှိလိမ့်မယ်။ ဒါကြောင့် မပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

အဲဒီရက်ပိုင်းအတွင်းမှာ သူတို့ အထူးသတိထားပြီးနေရတယ်။ ဟိုလူကတော့ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ တိုက်ကို အမြန်ဆုံးရောင်းရဖို့။ ဒါပေမဲ့ ဟိုတနေ့က လင်မယားနဲ့ ဖြစ်တဲ့ ပြဿနာဟာ ၀ယ်ရောင်းလောကမှာ သတင်းပြန့်သွားပုံရတယ်။ အဲဒါနဲ့ အရောင်းအ၀ယ် ဆက်လုပ်ဖို့က ကြာနေတော့တယ်။

တစ်နေ့မှာတော့ ဟိုလူဟာ အလုပ်ကိစ္စဆိုပြီး အိမ်ကနေ ထွက်သွားတယ်။ အဲဒီအချိန် သူမဆီကို ဖုန်း၀င်လာတယ်။

‘ဟုတ်ကဲ့ရှင့်။ အိမ်မှာ ကျွန်မနဲ့ သားလေးပဲ ရှိတယ်။ လာခဲ့လို့ရပါတယ်ရှင့်’

သူမ ဧည့်ခန်းက ဆိုဖာခုံမှာ စိတ်လှုပ်ရှားစွာနဲ့ ထိုင်စောင့်နေတယ်။ တစ်နာရီလောက်ကြတော့ တိုက်ပုံအင်္ကျီနဲ့ မွန်မွန်ရည်ရည် လူရွယ်တစ်ယောက် ရောက်လာတယ်။ သူတို့ စကားပြောတာ ကြည့်ရသလောက် ဒီလူဟာ သူမ မကြာခင်က ငှားခဲ့တဲ့ အလွတ်စုံထောက်ဆိုတာပဲ။

‘သတင်းကောင်းရလာတယ်ဗျာ’

သူ မျှော်လင့်ချက်တွေ ကုန်ဆုံးနေရာကနေ အလင်းရောင်ကလေးကို မြင်လိုက်ရသလိုပဲ။

‘ဟုတ်ကဲ့ ပြောပါရှင်။ ဘယ်လို သတင်းကောင်းပါလဲရှင့်’

‘ကို‌ဝေယံ တိုက်ပေါ်က ပြုတ်ကျတဲ့နေ့က အဲဒီဆိုက်ထဲမှာ အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ သက်သေအချို့ရှိနေတယ်။’

‘ရှင်။ အဲဒါ သူတို့က အရင်ကတည်းက ဘာမှ မပြောကြဘူးလားရှင့်’

‘သူတို့က လှိုင်မင်းခေါင်နဲ့ မကင်းရာ မကင်းကြောင်းတွေပဲ။ ကြည့်ရတာ လှိုင်မင်းခေါင်က ဒီလူတွေကို ပိုက်ဆံပေးပြီး နှုတ်ပိတ်ထားပုံရတယ်’

‘အဲဒါဆို ကျွန်မတို့က ဘယ်လိုလုပ်ရမလဲရှင်။ သူတို့ကို ပိုက်ဆံပေးရမှာလား။ ကျွန်မမှာ အခု တပြားမှ မရှိတော့ဘူး။ အို… ဆရာ့ကို ပေးဖို့တောင် ကျွန်မ...’

သူမ အသံလေး တိမ်၀င်သွားတယ်။ အလွတ်စုံထောက်ဆရာက လက်ကာပြပြီး -

‘ရပါတယ် အစ်မ။ ကျွန်တော် ဒီအလုပ်လုပ်တာ ပိုက်ဆံအတွက် မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ကူရာမဲ့ ဖြစ်နေတဲ့ အစ်မတို့လို လူမျိုးတွေကို ကူညီပေးချင်တာကြောင့်ပါ။ နောက်ပြီးတော့ ဒီ သက်သေတွေကို ပိုက်ဆံ ထပ်ပေးစရာလည်း မလိုဘူး။ ဒီလူတွေရဲ့ ချက်ကောင်းကို ကိုင်နိုင်ရင် ရပြီ။ အရေးကြီးတာက သူတို့ သက်သေမထွက်ထွက်အောင် လုပ်ရမှာပဲ။ များသောအားဖြင့် ဒီလိုလူမျိုးတွေမှာက အားနည်းချက်တွေ အများကြီးပါ။ အချိန်နည်းနည်းပေးပြီး ကြိုးစားကြည့်ဖို့ပဲ လိုတယ်’

‘ကျေးဇူးကြီးလှပါတယ် ဆရာရယ်။ ကျွန်မ အမျိုးသားနဲ့ သမီးလေးအတွက် တရားမျှမျှတတ ဖြစ်စေချင်တာပါပဲရှင်’

သူမ‌ ပြောရင်း စိတ်မထိန်းနိုင်ပဲ ငိုကြွေးမိတော့တယ်။ လူရွယ်က သူမ ပခုံးကို ကိုင်ပြီး နှစ်သိမ့်ပေးတယ်။

‘ဒီလူယုတ်မာ ကြာကြာမခံတော့ပါဘူး အစ်မ။ သူ့ရဲ့ နေ၀င်ချိန် မကြာခင်ရောက်လာပါတော့မယ်။ အခုအချိန် အရေးအကြီးဆုံးက အစ်မနဲ့ သားလေးတို့ အန္တရာယ်ကင်းအောင် ကြည့်ရှောင်ကြဖို့ပါပဲ’

မျှော်လင့်ချက်ရောင်ခြည်လေးကို ယူလာပေးတဲ့ အလွတ်စုံထောက်ဆရာလေးကို သူ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်မိပါတယ်။

………………………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..