
ငွေသော် ကြီးကြပ်နေတဲ့ ကြက်ဝိုင်းက ဘာပြဿနာမှ ထွေထွေထူးထူးမရှိ။ ဆိုရရင် အစစအရာရာအဆင်ပြေသည်။ အထူးသဖြင့် ဖိုးစီက ငွေသော်အတွက် အထူးအားကိုးရ၏။ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်းက ငွေသော်ကို ကြီးကြီးမားမား အထောက်အကူဖြစ်စေသည်။ ပြီးတော့ ဖိုးစီက တည်တည်ကြည်ကြည်ပုံစံနှင့် စကားကိုအပိုအလိုသိပ်မပြောတာကြောင့် လာတဲ့ လူမိုက်တွေကလည်း ဖိုးစီကို အထာထားပေးသည်။
အပြင်မှာ စောင့်ကြပ်ရတဲ့သူရိန်ကတော့ ဖိုးစီလောက် လူလေးစားမှုမခံရ။ အထူးသဖြင့် လူမိုက်တွေကြားထဲမှာ လူမိုက်ပုံစံမပေါက်တဲ့ သူရိန်ကို အကုန်လုံးက အပေါက်စောင့်သာသာ သဘောထားကြသည်။ ဒါကို သူရိန်က သိပ်မကျေနပ်။ သူမကျေနပ်တာက သူက လူမိုက်အလုပ်လုပ်ချင်တာဖြစ်ပြီး အခုတော့ .. ဧည့်ကြိုပုံစံမျိုးဖြစ်နေခြင်းကြောင့်ပင်။ ခက်တာက သူက ကြက်ပွဲအကြောင်းနားမလည်တော့ အထဲဝင်ဖို့ကလည်း အခွင့်အရေးမရှိ။ ဒါပေမဲ့ ပိုက်ဆံကတော့ မြိုးမြိုးမြက်မြက်ရသည်။ ဒါကြောင့် ဆက်လုပ်နေခြင်းဖြစ်သည်။
“သူရိန် မင်းကို ငွေသော် ခေါ်နေတယ်”
စိုးကြီးက လာပြောခြင်းဖြစ်သည်။
“ကိုငွေသော် ကျနော့်ကို ခေါ်တယ်ဆိုလို့”
“ဟုတ်တယ်.. မင်း နေရာမှာ ဒီနေ့ ကောင်လေးတစ်ယောက်နဲ့ အစားထိုးမလို့”
“ဘာလို့လဲဗျ”
“ငါမင်းကို ခေါ်သွားစရာရှိလို့ .. ခရီးထွက်ရမယ်”
“ဘယ်လောက်ကြာမှာမို့လို့လဲ”
“တစ်လလောက်တော့ ကြာမယ်”
“ပြီးရောဗျာ ..”
“အေး .. အဲဒါ ..မင်း ပြင်ဆင်ထားလိုက်။ သဘက်ခါထွက်မယ်”
သူရိန် ခေါင်းညိမ့်ပြီး ပြန်ထွက်သွားတော့ စိုးကြီးဝင်လာသည်။
“ဟေ့ကောင် ဖြစ်ပါ့မလား.. ငါလိုက်ခဲ့မယ်လေကွာ”
“မင်းလိုက်ရင် ကြက်ဝိုင်းကို ဘယ်သူကြီးကြပ်မလဲ”
စိုးကြီးလည်း ဘာမှဆက်မပြောတော့။ ငွေသော်ကတော့ တခုခုကို အပြင်းအထန်စဉ်းစားနေပုံရသည်။
ခရီးမထွက်ခင် တစ်ညမှာ ငွေသော်က သူရိန်ကို သူ့အိမ်ကို ခေါ်လိုက်သည်။
“ငါပြောတာ သေချာနားထောင်နော် .. အခု သွားရမယ့်ခရီးက ရိုးရိုးခရီးမဟုတ်ဘူး။ အလုပ်ကိစ္စနဲ့သွားရမှာ။ မင်းရဲ့ အကူအညီအများကြီးလိုတယ်”
“ဘာလဲ ... ရိုက်ရမှာလား .. သတ်ရမှာလား ... “
ငွေသော် ခေါင်းကို ခါလိုက်သည်။
“မင်းကို ငါ တခါတည်းပြောမယ်ကွာ .. လူမိုက်ဆိုတာ မင်းပုံစံလိုမျိုး သွေးဆူနေရင် လူမိုက်ဖြစ်မှာမဟုတ်ဘူး။ မိုက်ရူးရဲသမားပဲ ဖြစ်လိမ့်မယ်။ အမြဲတမ်း ရိုက်ဖို့ သတ်ဖို့ပဲ တွေးမနေနဲ့ဟ”
ငွေသော်က ခပ်မာမာဆိုလိုက်တော့ သူရိန်က ဘာမှဆက်မပြော။ သူရိန့်ပုံစံက တခုခုကို သက်သေပြချင်နေတဲ့ပုံစံဖြစ်ပြီး ကြက်ဝိုင်းမှာ သူ့ကို လူမလေးခွေးမခန့်ပုံစံမျိုးဆက်ဆံတာကို တော်တော်လေး ခံပြင်းနေပုံရသည်။ ဒါကို ရိပ်မိတဲ့ သော်တာက အခုလို ခရီးထွက်ဖို့ခေါ်ပြီး လူမိုက်လမ်းကြောင်းပေါ်တင်ပေးဖို့ပဲ ဖြစ်၏။
နေရာက နယ်စပ်မြို့တစ်နေရာ။ မူးယစ်ဆေးတွေ၊ လောင်းကစားဝိုင်းတွေ မှိုလိုပေါက်နေပြီး ငွေသော်က အခုချိန်ထိ သူ့အလုပ်ကိစ္စနှင့်ပတ်သက်ပြီး သူရိန့်ကို အသိမပေးသေး။ တည်းမယ့်ဟိုတယ်ကိုရောက်တော့ ညနေစောင်းနေပြီ။ ငွေသော်က ဟိုတယ်ရောက်တော့ ဖုန်းဆက်လိုက်သည်။ မိနစ် ၂၀လောက်ကြာတော့ လူနှစ်ယောက် မာစီဒီးကားနှင့်ရောက်လာသည်။ ပုံစံကလည်း လူရည်သန့်သန့်နှင့် လူမိုက်လောက က ပုံစံမျိုးမဟုတ်။ အသက်အရွယ်နေအထားအရတော့ ညီအစ်ကိုနှစ်ယောက်ဖြစ်နိုင်ခြေရှိသည်။
ပြီးတော့ ငွေသော်နှင့် သူရိန်တို့ အဆိုပါလူနှစ်ယောက်ခေါ်ဆောင်ရာနောက်သို့ လိုက်သွားရသည်။ ခေါ်သွားတဲ့နေရာကတော့ ဒီမြို့မှာ တော်တော်လေး ချမ်းသာမယ့်အသွင်သဏ္ဍန်မျိုးကို ပိုင်ဆိုင်ထားတဲ့ ပုံစံပါပဲ။ ငွေသော်တို့ရောက်သွားတော့ ..
“ဒီမှာ ... “
စားပွဲပေါ်ကို ဓာတ်ပုံတွေအထပ်လိုက်ပစ်တင်ပေးလိုက်သည်။ ငွေသော်က ယူကြည့်လိုက်သည်။ ပြီးတော့ .. ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ..
“အရှင်လား ... အသေလား ...”
“အရှင်ပဲ လိုချင်တယ်”
“အချိန် ဘယ်လောက်ရမလဲ”
“တစ်ပတ်.. “
ငွေသော်က ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ပြီး ... သူရိန်ဘက်ကိုကြည့်ကာ ..
“သူရိန် .. ရန်ကုန်မြို့မှာ လူတစ်ယောက်ကို ရှာဖို့ တစ်ပတ်နဲ့လောက်မလား .. “
သူရိန်က ခေါင်းခါလိုက်သည်။ ငွေသော်က ထပ်မေးသည်။
“ဖြစ်နိုင်ခြေလုံးဝမရှိတာလား”
“ဖြစ်နိုင်ခြေတော့ရှိမယ် .. ဒါပေမဲ့ တော်တော်လေးခက်မယ်”
ငွေသော်က ဆေးလိပ်ကို ပြာခြွေလိုက်ကာ ... မီးသတ်လိုက်ပြီး ..
“ပြောရရင် ခက်ခဲတဲ့အလုပ်ဖြစ်လို့ .. လုပ်အားခတော့ ပိုပေးရလိမ့်မယ်”
“ဘယ်လောက်လဲ.. “
ငွေသော်က .. လက်တချောင်းပြလိုက်၏။
“တစ်ဆယ်လား... “
ငွေသော်က ခနဲ့သလို ပြုံးလိုက်ပြီး ..
“ဒီကိုလာတဲ့ စရိတ်တောင် သုံးသိန်းလောက်ရှိတယ်”
“ဒါဆို . သိန်းတစ်ရာပေါ့”
ငွေသော်က ခေါင်းညိမ့်လိုက်တော့ တစ်ဖက်က လူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“မင်း ... ရောက်နေတာ ဘယ်နေရာလဲ မင်းသိတယ်နော်”
မေးခွန်းထုတ်လိုက်သူက ခါးကြားက ပစ္စတိုသေနတ်ကို မြင်သာအောင်ပြလိုက်သည်။ ငွေသော်က အေးတိအေးစက်နဲ့ ကြောက်ရွံ့ဟန်မပြပေမဲ့ သူရိန့်ရဲ့ မျက်နှာမှာတော့ စိတ်လှုပ်ရှားသွားမှန်း သိသာသွားသည်။ ငွေသော်ကတော့ အေးအေးဆေးဆေးပင် ..
“ကျုပ်ဘက်တော့ တကျပ်တောင်မလျှော့ပေးနိုင်ဘူး။ ပေးနိုင်ရင်အလုပ်ဖြစ်မယ် မပေးနိုင်ရင်တော့ အလုပ်မဖြစ်ရုံပေါ့”
အဲဒီအချိန်မှာပဲ လှေကားက ဆင်းလာတဲ့ အဘိုးကြီးတစ်ယောက်က ...
“ငါ ..သဘောတူတယ်”
အကုန်လုံး အဘိုးကြီးရဲ့ စကားကြောင့် အံ့အားသင့်သွားကြသည်။
“ဟာ အဖေ .. ဒီလောက် မတန်တဆကြီး ... ဘာလို့ပေးမှာလဲ”
အဘိုးကြီးက သူ့သားဖြစ်သူကို ...
“မင်း တစ်လကျော်လောက် အချိန်ယူပြီး သွားရှာတာ တွေ့ခဲ့လား ..”
သားဖြစ်သူ ဘာမှဆက်မပြောတော့။ ပြီးတော့ အဘိုးကြီးက ငွေသော်ဘက်ကို လှည့်ပြီး ..
“မင်းအလုပ်က .. အဲဒီကောင်ကို ငါ့ဆီ အရှင်လတ်လတ်ပို့ပေးဖို့ပဲ.. အခြားဘာကိစ္စမှ မင်းမသိချင်နဲ့ မင်းကိုအခု စရံဘယ်လောက်ပေးရမလဲ”
“စရံမဟုတ်ဘူး .. တစ်ခါတည်း အပြည့်ပေးမှ ရမယ်။ တစ်ပတ်အတွင်း ရှာမပေးနိုင်ရင် နှစ်ဆ ပြန်ပေးမယ်”
“ဟား .. ဟား.... ကြိုက်ပြီဟေ့ .. အဲဒါကြောင့်လည်း မင်းကို ဦးသန်းဝင်းက ငါ့ဆီလွှတ်လိုက်တာကိုး”
ငွေသော်နှင့် သူရိန် ပိုက်ဆံသိန်းတစ်ရာယူပြီး ဟိုတယ်ကို ပြန်ချလာသည်။ သူရိန်က ..
“ကိုငွေသော် .. လွယ်ပါ့မလားဗျ”
ငွေသော် က ပြုံးလိုက်ပြီး .. ပိုက်ဆံထုတ်ကို ပုတ်ပြပြီး ...
“ဒီမှာ တွေ့လား .. သေတဲ့သူကိုတောင် ရှင်အောင်ပြန်လုပ်နိုင်တဲ့ အစွမ်းထက်လက်နက်ကြီး။ ပျောက်တဲ့သူလောက်ကတော့ ၃ရက်အတွင်းတောင် ရသေးတယ်ကွာ”
သူရိန်ကတော့ ဘယ်လိုမှ လိုက်မမီ။ သူသိတာက ရိုက်မယ်၊ နှက်မယ်လောက်သာ။ အခုတော့ ဦးနှောက်စားရတဲ့အလုပ်တွေပါ လုပ်နေပြီ။ နောက်တနေ့ မနက်စောစောမှာပဲ သူတို့ ရန်ကုန်ကို ပြန်ချလာသည်။ ရန်ကုန်ရောက်တာနဲ့ ငွေသော်က သူရိန်ကို ..
“ရော့ .. ဒီမှာ ၃သိန်း။ ၂၄နေရာတိတိ မင်းကို အားလပ်ခွင့်ပေးလိုက်မယ်။ ၂၄နာရီပြည့်ပြီးတာနဲ့ ငါ့ဆီပြန်လာခဲ့။ အလုပ်တွေရှိတယ်”
“ဟုတ် . “
သူရိန်က ပိုက်ဆံ ၃သိန်းကို ယူပြီး ထွက်သွားတော့မှ ငွေသော်က ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ပြီး စဉ်းစားခန်းဝင်နေသည်။ ငွေသော်အနေနဲ့ အစိမ်းသက်သက်လူတစ်ယောက်ကို ရှာဖို့ဆိုတာ တော်တော်လေး ခက်ခဲလွန်းသည်။ ပိုဆိုးတာ သူရှာရမယ့်သူက လူမိုက်လောက က မဟုတ်။ သာမန်လူတစ်ယောက်သာ ဖြစ်သည်။
နောက်တစ်ရက်ရောက်တော့ သူရိန်ပြန်ရောက်လာသည်။ ငွေသော်က ..
“မင်း ခရီးပြန်ထွက်ရမယ်”
“ဗျာ .. “
“ဟုတ်တယ် .. မနေ့က ငါတို့သွားခဲ့တဲ့ မြို့ကို မင်းပြန်သွားရမယ်။ ပြီးတော့ မင်းကတုံးတုံးပြီး ပုံစံပြောင်းသွားရမယ်”
“ဘာသွားလုပ်ရမှာလဲဗျ”
“အဲဒီမြို့မှာ .. ငြိမ်းဝေ ဆိုတဲ့ လူတစ်ယောက်အကြောင်းကို စုံစမ်းရမယ်။ ပြီးတော့ မင်းအဲဒီလို စုံစမ်းတာကို ဘယ်သူမှ မသိစေနဲ့”
“ကျနော့်ကိုလည်း ရှင်းပြပါဦး ကိုငွေသော်ရယ်။ အဲဒါ ဟိုမှာနေကတည်းက တခါတည်း စုံစမ်းလိုက်လို့ရနေတာကို”
“မင်းနားလည်အောင်ရှင်းပြရရင် အဲဒီမြို့မှာ ငါတို့ ငြိမ်းဝေ အကြောင်းကို စုံစမ်းရင် အသတ်ခံရမှာ ဘာဖြစ်လို့လည်းဆိုတော့ .. ငြိမ်းဝေနဲ့ ဦးထွန်းအောင် တို့ရဲ့ မိသားစု ပြဿနာကို တမြို့လုံးက လူတွေက ဝေဖန်တာတောင် မလုပ်ရဲဘူး”
“ဟာ .. ဒါဆို ကျနော်က ဘယ်လို စုံစမ်းရမှာလဲဗျ .. ကျနော်မှ အဲဒါတွေနားမလည်တာ”
“အေး .. ငါ့မှာ အကြံအစည်ရှိတယ်။ မင်း က မသွားရဲတာလား”
“မသွားရဲစရာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို စုံစမ်းတဲ့ကိစ္စမျိုးတွေ ကျနော်မှ မလုပ်ဖူးတာ”
“အခု မင်းလုပ်ရမယ်။ အကျိုးအမြတ်က မင်းမြင်ခဲ့တဲ့အတိုင်းပဲ။ အဲဒီတော့ အောင်မြင်ရင် မင်းကို ငါ ၂၀% ပေးမယ်”
သူရိန် အတန်ငယ်စဉ်းစားလိုက်သည်။ ပြီးတော့ ၂၀% ဆိုတဲ့ ငွေပမာဏကို မျက်လုံးထဲ မြင်ယောင်လာပြီး ...
“သွားမယ်ဗျာ”
“အဲလိုမှပေါ့”
ငွေသော်က ကျေကျေနပ်နပ်ပြုံးလိုက်ပြီး ... ဆေးလိပ်ကို မီးညှိဖွာရှိုက်လိုက်တော့သည်။
နောက်တစ်နေ့မှာတော့ .. သူရိန်က နယ်စပ်မြို့ကို ခရီးပြန်ထွက်သွားသည်။ သူရိန်ကလည်း မိုးလင်းကတည်းက စိုးကြီးဆီကို ရောက်ချလာပြီး ..
“စိုးကြီး .. မင်းအကူအညီလိုလို့”
“ပြောလေ”
“ငါတော့ .. သူရိန့်ကို အပြည့်အဝယုံကြည်လိုက်ပြီကွာ”
“မင်းသူရိန်ကို လွှတ်လိုက်တာလား”
“အေး ... “
“ဟာ ... ဒီကောင်လေးက မအူမလည်လေးကို။ ထစ်ကနဲရှိလက်ကလည်းပါသေးတာကို .. မင်းမို့လို့ ယုံယုံကြည်ကြည်တစ်ယောက်တည်း လွှတ်လိုက်တယ်နော်”
“ကျွတ် .. မင်းက တခုခုဆို တွေးပူတာက အရင်ပဲ ... အခု မင်းငါ့ကို ကူညီရမယ့်ဟာရှိတယ်”
“အေး .. ပြောကွာ”
“ငါ့ကို ကားတစ်စီးလောက်ငှားပေး။ ဒရိုင်ဘာပါ အပါပေါ့”
“အေး .. ရပါတယ်။ ဘယ်တော့ ယူမှာလဲ”
“ဒီညနေ လိုချင်တယ်”
“အေး .. ညနေ ဘယ်မှာရှိမလဲ .. ငါလာပို့ပေးမယ်”
“အေး ..ငါ့အိမ်ပဲ လာပို့လိုက်”
သူရိန်တစ်ယောက် နယ်စပ်မြို့ကို ဒုတိယအကြိမ်ပြန်ရောက်လာသည်။ ဒီတစ်ခါတော့ .. ပုံစံက ပြောင်းလဲနေပြီး မထင်မရှားတည်းခိုခန်းလေးတစ်ခုမှာ တည်းသည်။ ပြီးတော့ ငွေသော် ရေးပေးလိုက်တဲ့ ဖုန်းနံပတ်ကို သေချာအောင် အလွတ်ကျက်၏။ ပြောရရင် သူရိန် စိတ်လှုပ်ရှားတာတော့ အမှန်ပင်။ အခု သူစုံစမ်းရမယ့်ကိစ္စက ဘဲဉအစရှာမရသလိုဘဲ ဘယ်က စ လုပ်မယ်မသိ။ ဒါကြောင့် ငွေသော်ပေးလိုက်တဲ့ ဖုန်းနံပတ်ကို ဆက်ကြည့်လိုက်သည်။
“ကိုငွေသော် .. ကျနော်ရောက်ပြီ”
“အေး .. ဟုတ်ပြီ .. ငြိမ်းဝေ နဲ့ ဦးထွန်းအောင် တို့ မိသားစု ပတ်သက်မှုကို သေချာလေး စုံစမ်းပေး”
“ကျနော်က ... ဘယ်က စ စုံစမ်းရမှာလဲ”
“မင်းဘာသာ .. ကြံလေကွာ .. ငါလည်း ဒီဘက်မှာ ငြိမ်းဝေကို တွေ့ဖို့ ကြိုးစားရဦးမှာ”
ငွေသော်က ဖုန်းချသွားသည်။ သူရိန်က ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးသူမဟုတ်။ အခုတော့ စဉ်းစားနေရပြီ။ သူရိန်အကြံတစ်ခုရသွားသည်။ ချက်ချင်းပဲ အဝတ်အစားလဲပြီး ရဲစခန်းဘက်ကို ထွက်လာခဲ့တော့သည်။
ပြီးတော့ နယ်ထိန်းကို တွေ့အောင်ရှာပြီး ..
“အစ်ကိုရေ ... ကျနော်က မော်လမြိုင်ကပါ။ ဒီမြို့မှာ ကွမ်းယာဆိုင်လေးဖွင့်ချင်လို့ပါ။ ဒီနားက တစ်ဆိုင်ဆိုင်မှာ စကားသွားပြောဖို့ အချိန်ရမလား”
အချိန်ကား နေညိုလေပြိုချိန်ဆိုတော့။ နယ်ထိန်းဆိုသူကလည်း မငြင်းဘူး။ သူရိန်က နယ်ထိန်းကို သေသေချာချာလေး ပြုစုပေးပြီးတော့ ..
“ကျနော် ကွမ်းယာဆိုင်လေးဖွင့်ချင်လို့အစ်ကိုရာ”
“ဖွင့်လေကွာ .. မင်းကိုလာသိမ်းရင် ငါ့ကိုသာ ဆက်သွယ်လိုက်ဟုတ်ပြီလား”
“ဟုတ် .. ကျနော် ... ကန်လမ်းထဲမှာ ဖွင့်ချင်တာပါ”
ခုနတုန်းက ဘီယာတန်ခိုးနဲ့ အဆီရစ်နေတဲ့ နယ်ထိန်းတစ်ယောက် ချက်ချင်းခေါင်းထောင်လာကာ...
“ဟာ ... အဲဒီလမ်းက လွဲရင် ကြိုက်တဲ့လမ်းပြောဗျာ”
“ဒီနေရာလေး လူရှင်းနေလို့လေ အစ်ကိုရာ .. ဘာဖြစ်မှာမို့လို့လဲ”
“အဲဒီလမ်းမှာ ဦးထွန်းအောင်နေတာ။ သူက သူ့လမ်းထဲမှာ ဘယ်တော့မှ ကွမ်းယာသည်မလာစေနဲ့လို့ တားထားတာကြောင့်ပါ”
“ဘာလို့ ..တားတာလဲဗျ”
နယ်ထိန်းက မပြောချင်ပြောချင်ပုံစံမျိုးနှင့် .. လေသံကို ခပ်နှိမ့်နှိမ့်ထားကာ ..
“သူတို့ မိသားစု၊ ဆွေမျိုးတွေက ဒီမြို့မှာ ဩဇာညောင်းသလို တစ်မြို့လုံးမှာ အချမ်းသာဆုံးလို့လည်း ဆိုလို့ရတယ်။ တစ်ရက်မှာတော့ ငြိမ်းဝေဆိုတဲ့ ကောင်လေးက ဒီလမ်းထဲ ကွမ်းယာဆိုင်လာဖွင့်တယ်။ ပြီးတော့ အဲဒီ ဦးထွန်းအောင် ရဲ့ တစ်ဦးတည်းသော မြေးမလေး နဲ့ ငြိမ်းဝေဆိုတဲ့ ကောင်လေးတို့ နှစ်ဦးသဘောတူခိုးပြေးသွားကြတယ်။ နောက်တော့ ကောင်မလေးက တစ်ယောက်တည်းပြန်ရောက်လာတယ်။ ငြိမ်းဝေ ကို အစအနတောင် ရှာလို့မတွေ့ဘူး။ ဦးထွန်းအောင် ရဲ့ တပည့်တွေ လက်စဖျောက်လိုက်တယ်လို့ပဲ တစ်မြို့လုံးက ယူဆခဲ့ကြတယ်။ အဲဒီပြဿနာဖြစ်ပြီးနောက်ပိုင်း ဒီလမ်းထဲကို ဘာဈေးသည်မှ လာမရောင်းဖို့ သူတို့က တားမြစ်ထားကြတယ်။”
“နေပါဦးဗျ ... အစ်ကိုတို့ရဲတွေက သူ့ကို တားလို့မရဘူးလား”
“ဒီနယ်မြေက လက်နက်ကိုင်တွေနဲ့ ရှုပ်ထွေးတယ်ကွ။ ဦးထွန်းအောင် ရဲ့ ကျောထောက်နောက်ခံက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိနေတယ်။ အဲဒါကြောင့် သူ့ကိုဆို တမြို့လုံးက ကြောက်ကြတယ်။ ငါတို့ဘက်ကျတော့လည်း သွားဖမ်းလည်း သူ့တပည့်တွေပဲ အချုပ်ထဲဝင်ဝင်လာတာပဲ။ ကြာတော့ သူတို့ပြဿနာရှာရင် သွားမဖမ်းချင်တော့ဘူး”
သူရိန်တစ်ယောက် လိုချင်တဲ့အချက်အလက်တော့ရပြီ။ နယ်ထိန်းကို သွားကပ်လိုက်တာ မှန်သွားသည်။ အခုဆို ငြိမ်းဝေနဲ့ ဦးထွန်းအောင်တို့ကြားက ပတ်သက်မှုကို သိခဲ့ရပြီဆိုတော့ ..သူဘာဆက်လုပ်ရမလဲဆိုတာ ငွေသော် ဆီ ဖုန်းဆက်မေးဖို့သာ ကျန်တော့သည်။ ဘာပဲဖြစ်ဖြစ် သူရိန် ကတော့ ငွေသော် ချီးကျူးတာ ခံရဖို့ သေချာသလောက်ဖြစ်နေတဲ့အပြင် ရန်ကုန်ကိုပါပြန်ရတော့မှာပဲ ဖြစ်တာကြောင့် တက်ကြွနေသည်။ သူရိန်တစ်ယောက် ငွေသော်ရဲ့ အားကိုးရတဲ့ လက်ရုံးတဆူဖြစ်ဖို့ လမ်းစပွင့်သွားခဲ့ပြီလို့ ဆိုရတော့မှာပဲ ဖြစ်သည်။ ။
(
ငွေသော် နှင့် သူရိန် (၂) ဆက်ရန်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory