
Part - 2
ဧည့်ခန်းထဲအတူထိုင်နေကြရင်း မာန်ခိုက်ထင် ပန်းလက်ကလေးတစ်ဖက်ကို မလွှတ်တမ်းဆွဲကိုင်ထားသလို သူ့ရှေ့ မျက်စိမျက်နှာပျက်စွာထိုင်နေသည့် တေးသံချိုကို ခပ်တည်တည် စိုက်ကြည့်နေပုံက မထူးဆန်းသလိုပင်။
" ဒါဆို ရှင်အစထဲက သိတာပေါ့။ "
" မင်းလှည့်တိုင်းခံရအောင် မာန်ခိုက်ထင်ဆိုတဲ့ကောင်က ငဒူငအမှ မဟုတ်ပဲ။ "
" ဒါဆို လက်ခံတာကရော...."
" ဟောဒီက ပန်းလေးကြောင့်....."
တေးသံချိုအကြည့်က ပန်းဆီရောက်လာသလို မာန်ခိုက်ထင်အိတ်ကပ်ထဲမှ ဓာတ်ပုံအား စားပွဲပေါ်ပစ်တင်ပေးလိုက်၏။ ယူကြည့်လိုက်မိတော့ ချို နဲ့ မောင့်ပုံဖြစ်နေသည်။
" ငါ ပန်းကို မြင်မြင်ချင်းချစ်တယ်။ မင်းကိုလက်ခံတာမဟုတ်ပဲ ပန်းကိုလက်ခံတာ။ "
" ဒါပေမယ့် ဘွားနဲ့ ရှင့်မေမေက...."
" မင်းကိစ္စမင်းရှင်းပါ....ငါလဲငါ့ကိစ္စငါရှင်းမယ်။ ဒီနေ့တော့ ပန်းကိုငါခေါ်သွားမယ်။"
ပြောလဲပြော ထရပ်ကာ ပန်းလက်ကိုဆွဲပြီး အပြင်ထွက်ရန်ပြင်နေတာမို့ ပန်း ကပျာကယာရုန်းလိုက်ရင်း....
" ပန်းမလိုက်ပါဘူး......ခုက ဟန်ဆောင်စရာလဲမလို...."
" ရှူးးးး!!"
နှုတ်ခမ်းအိအိလေးပေါ် ထိကပ်ပိတ်လာသည့် သူ့လက်ညှိုးကြောင့် ပန်း မျက်လုံးလေးပြူးသွားရသလို ရင်တွေတုန်လာ၏။
" ဆင်ခြေတွေနောက်မှပေး.....ခုတော့ လိုက်မှရမယ်။ "
ပြောလဲပြော လူကို အတင်းဆွဲနေတာမို့ မရမကပြန်ရုန်းနေစဥ် စွေ့ခနဲပွေ့ချီခံလိုက်ရသဖြင့် ပန်းအလန့်တကြား သူ့လည်တိုင်ကြီးကိုဖက်တွယ်မိသည်။ အပြိုင်းပြိုင်းထနေသည့် လည်ပင်းမှသွေးကြောတွေနှင့် ယောကျာ်းပီသလှသော လည်ဇလုပ်ကြီးကိုမြင်တော့ ရှက်ရွံ့စွာ မျက်နှာလေးလွှဲရင်း ရင်ခုန်သံကတဒုတ်ဒုတ်။ မာန်ခိုက်ထင် ရဲတွတ်နေသည့် မျက်နှာလေးကို ငုံ့ကြည့်ရင်းမှ.....
" ကိုကို့ ကလေးက ကော်ဖီတွေသောက်ထားတယ်ထင်တယ် ရင်တွေအရမ်းခုန်နေတယ်.....အဟွန်း !"
အို....ရှက်လိုက်သည့်ဖြစ်ခြင်းမှာ လူကအငွေ့သာပျံသွားချင်ပါတော့သည်။ သူ့ရင်ဘတ်မှ အင်္ကျီစကို လက်ကလေးတစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း ငေးကြောင်ကာ ရပ်ကြည့်နေသည့် မမချိုကိုလဲ မျက်နှာချင်းပင်မဆိုင်ရဲ။ သူ ပန်းတို့အိမ်ထဲမှ ထွက်လာတာမြင်သည်နှင့် သူ့ကားအဖြူကြီးက ခြံရှေ့ထိုးရပ်လာသလို ကားခေါင်းခန်းမှ တစ်ယောက်ဆင်းလာပြီး နောက်ခန်းတံခါးကို တွန်းဖွင့်ပေး၏။ ကားပေါ်ရောက်သည်နှင့် ကားတံခါးက ပြန်ပိတ်သွားသလို သူကလဲ ပန်းကိုသာ ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်းအစုံဖြင့် ငေးငေးလေး ကြည့်နေ၏။
" ဘာတွေကြောက်နေတာလဲ....."
သူ့အမေးကို မကျေနပ်သလို ပုံစံလေးဖြင့် ပြန်ကြည့်လာရင်းမှ....
" မကြောက်ပဲနေမလား.....ရှင်နဲ့ကျွန်မက အသိအကျွမ်းမိတ်ဆွေတွေလဲ မဟုတ်ဘူး။ မနေ့ကမှ မြင်ဖူးတဲ့ဟာ။ ပြီးတော့ ရှင်က လက်ရဲဇက်ရဲနိုင်သေးတယ်။ "
ခယောင်းပန်းစကားကို မာန်ခိုက်ထင် သေချာနားစိုက်ထောင်နေရင်းမှ......
" ဒါဖြင့် ကလေးကို မေးပါဦးမယ်။ ဘယ်သူမှန်းမသိပဲ ဘာလို့ လာတွေ့ရတာလဲ။ ပြီးတော့ ပထမဆုံးတွေ့တွေ့ချင်းမှာတင် ကိုယ့်နှလုံးသားကိုယူသွားတာကရော ကောင်းသလား။ "
ခယောင်းပန်း မျက်နှာလေးနီမြန်းသွားတော့ မာန်ခိုက်ထင် တဟွန်းဟွန်း ရယ်မိသွားသည်။ လက်ကလေးတစ်ဖက်ကို အသာဆွဲကိုင်လိုက်တော့ ရုန်းမလိုပြင်နေတာမို့ ခပ်တင်းတင်းဖိကိုင်ရင်း သူ့ရင်ဘတ်မှာ ဆွဲကပ်ထားကာ......
" ပြော.....ညက ဘာလို့ဖုန်းမကိုင်ရတာလဲ။ စက်ပါပိတ်ပစ်တယ် ဟုတ်လား။ "
" အဲ့ဒါ.....ဟိုရှင့်ဖုန်းပြန်ယူသွားပါနော်။ ပန်း မယူချင်ဘူး။ "
" ကိုယ်က အကုန်ပေးချင်တာ......ကိုယ့်ဆီကအရာရာရော ကိုယ့်ကိုယ်ကိုယ်ပါ ရက်ရက်ရောရောကြီးပေးချင်နေတာမို့ မယူလို့မရဘူး။ "
ဟင်....ဒီလူဟာလေ။ ပန်း သူနဲ့ဆို အနေရခက်လှသလို ရှက်ရွံ့တုန်ယင်နေရသဖြင့် ခက်လှသည်။ အရပ်မြင့်မြင့် အသားဖြူဖြူ ယောကျာ်းပီသလှသော သူ့ကို ဘယ်မိန်းကလေးကများ ငြင်းနိုင်မှာမို့လဲ။ သို့ပေမယ့် သူ နဲ့ ကိုယ်က အခြေအနေချင်းမတူ။
မာန်ခိုက်ထင် အတွေးလွန်နေဟန်ရသည့် ပန်းလေးနား တိုးကပ်လိုက်တော့ သူ့ကို အလန့်တကြားလေးကြည့်လာရင်း နောက်ဆုတ်ထိုင်ရန်ပြင်နေတာမို့ သူ့လက်တစ်ဖက်က သူမ ခါးသိမ်သိမ်လေးကို စွေ့ခနဲဖက်ကာထိန်းထားလိုက်၏။
" ပြော......နောက်တစ်ခါဖုန်းဆက်ရင် ကိုင်မှာလား။ "
" ဟို....."
ပိုပြီးနီးကပ်စွာ တိုးလာသည့် သူ့မျက်နှာချောချောကြောင့် ပန်းမျက်ဝန်းတို့ကို ကြောက်လန့်တကြားမှိတ်ချပစ်လိုက်ရသည်။ ဟင့်အင်း.....ရင်ဆိုင်ပြီးမကြည့်ရဲတော့တာ။
" ပြော.....ဖုန်းကိုင်မှာလား။ "
ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာပုံကို ကြည့်ရင်း မာန်ခိုက်ထင် သူမနဖူးပေါ်ဝဲကျနေသည့် ဆံနွယ်စလေးတွေကို လေဖြင့် ဟူးခနဲအသာမှုတ်ထုတ်ကာ ပြန်လွှတ်ပေးလိုက်၏။ စီးပွားရေးသမားသူဟာ သူမလေးနဲ့ကျမှ ဂိုဏ်းစတားတွေလို ချစ်ဓားပြတိုက်နေရသည့်အဖြစ်။
@@@@@@@@@@@
မာန်ခိုက်ထင် အစည်းအဝေးခန်းထဲဝင်လာသည်နှင့် အကုန်ငြိမ်ကျသွားသလို အစည်းအဝေးခန်းတံခါးကို ဆွဲပိတ်ကာ အစည်းအဝေး စရန်ပြင်၏။ မာန်ခိုက်ထင် ထိပ်ဆုံးရှိ ဆုံလည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း .....
" ရွေးထားတဲ့ ပရောဂျက်ကိုတင်ပြပါ။ "
သူ့စကားအဆုံး လူတစ်ဦးထရပ်လာကာ သူ့ကိုအရင်ဦးညွှတ်နှုတ်ဆက်၍ ပရိုဂျက်တာအနီးလျှောက်သွား၏။ ပရိုဂျက်တာတွင်ပေါ်လာသည့် အဆောက်အဦးပုံစံကိုကြည့်ရင်း ရှင်းပြတာနားထောင်နေကြသလို မာန်ခိုက်ထင် လက်ကာပြလိုက်တော့.....
" ဘာဖြစ်လို့လဲ CEO "
" အဆောက်အဦးကိုအဲ့ပုံစံလုပ်လို့မရဘူး။ ရထားတဲ့မြေကွက်က ကျယ်ပါတယ်....ဘာလို့ Foundation ကို
ခပ်သေးသေးချထားတာလဲ။ "
" Foundation Design အသစ်အဆန်းဆိုတော့ လူတွေပိုကြိုက်တယ်လေ။ ပြီးတော့ လွတ်နေတဲ့နေရာမှာ အခြားကော်ဖီဆိုင်တွေပြန်ငှားရင် ဝင်ငွေပိုရ......"
စကားပင်မဆုံးသေး စားပွဲခုံကိုဗြန်းခနဲပိတ်ရိုက်ချလိုက်သည့် မာန်ခိုက်ထင်ပုံစံက ဒေါသတကြီးမို့ ရှင်းပြနေသည့် လူရွယ်မှာ အထိတ်ထိတ်အလန့်လန့်ဖြစ်သွားရသည်။
" အဆောက်အဦးတစ်ခုမှာ ခိုင်ခံ့မှုက အရေးကြီးဆုံးပဲဆိုတာ မင်းမသိဘူးလား။ အပေါ်ကဝိတ်ကို နှစ်ပေါင်းများစွာ တောင့်ခံပေးထားရမယ့် အောက်က Foundation ဟာ တောင့်တင်းကြံ့ခိုင်နေရမယ်။ ဆောက်မှာက ဆယ်ထပ်။ အောက်သုံးထပ်က ရှော့ပင်းမောလ်။ အပေါ်ခုနှစ်ထပ်မှာ မိသားစု ဘယ်နှစ်စုနေမလဲ။ ရှော့ပင်းမောလ်မှာ လည်ပတ်နေမယ့်လူအရေအတွက်......သူတို့အသက်တွေက ငါတို့လက်ထဲဝကွက်အပ်ထားတာ။ ပြီးတော့ မာန် Construction ဟာ နာမည်ပျက်မရှိဘူး.....ဒီပရောဂျက်ကိုလွှင့်ပစ်လိုက်။ သေသပ်ခိုင်မာတဲ့အခြားပရောဂျက်ကိုရမှ ငါ့ဆီလာပြ။ "
အစည်းအဝေးခန်းထဲမှ ထွက်သွားသည့် မာန်ခိုက်ထင်နောက်မှ မန်နေဂျာတွေရော လုံခြုံရေးတွေပါ ပါလာသလို CEO ရုံးခန်းအထိ လိုက်ပို့ကြသည်။ မာန်ခိုက်ထင် ရုံးခန်းထဲ ဝင်လာသည်နှင့် အတွင်းရေးမှူး မအိမ့်ချယ်ပါ ဝင်လိုက်လာရင်း .....
" ဒါက လက်မှတ်ထိုးပေးရမယ့် ငွေထုတ်စားရင်းတွေပါ။ ဒါက. ဒီလအမြတ်ငွေပြစားရင်းပါ သူဌေး။ "
" အင်း.....ခဏနေလာယူလိုက်။ "
" ဒါတွေက ဆိုင်နဲ့ကုမ္ပဏီဖွင့်ပွဲဖိတ်စာတွေပါ။ "
ဖိတ်စာတစ်ထပ်လိုက်ကြီးကို ကြည့်ရင်း မာန်ခိုက်ထင် ကျစ်ခနဲစုပ်သပ်လိုက်မိသည်။
" မဖြစ်မနေသွားရမယ့်လူလောက်ပဲ ရွေးထုတ်လိုက်။ "
" ဒါ ရွေးထားတာပါ သူဌေး။ "
" ဒါဆိုလဲထပ်ရွေးလိုက်....."
တစ်နေကုန်ရှုပ်လိုက်သည့် အလုပ်ဆိုတာ နားချိန်ပင်မရှိ။ လက်မှတ်ထိုးစရာတွေထိုးပေးပြီး ခုံကိုမှီထိုင်ကာ မျက်ဝန်းတို့ပါ စုံမှိတ်ထားရင်းမှ....
" ကိုကျော်....ဖုန်းယူလာခဲ့။ "
" ဒီမှာပါ....."
မာန်ခိုက်ထင်ဖုန်းကိုယူကာ ပန်းလေးဆီဆက်လိုက်ရင်း တစ်ဖက်မှ ခဏအတွင်း ဖုန်းကိုင်ကာ အသံချိုချိုအေးအေးလေးထွက်လာတော့ သူပြုံးမိသွားရ၏။
" ဟယ်လို......"
" ကိုယ်ပါ......ခုဘာလုပ်နေလဲ။ "
" ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတာ။ ဖုန်းသံကြားလို့..."
" ကိုယ် ခဏနေ လာခဲ့မယ်။ "
" ဟင့်အင်း မလာပါနဲ့။ "
မာန်ခိုက်ထင် အလိုမကျသလို မျက်မှောင်ကျူံ့မိသွားရသလို တစ်ဖက်မှ ခယောင်းပန်းမှာလဲ သက်ပြင်းလေးကျိတ်ချမိ၏။
" ပန်းက ရှင့်လို သူဌေးမဟုတ်ပါဘူး။ ပြီးတော့အိမ်မှာအလုပ်လဲမအားပါဘူး။ "
" အိုကေ.....ကိုယ် နားလည်ပြီ။ "
ပြောရင်း ပန်းဖုန်းကိုချပစ်တာမို့ သူစိတ်ဆိုးသွားလားတွေးမိကာ ဘာကိုစိုးရွံ့မှန်းမသိ ။ ပန်း နဲ့ သူက မဖြစ်နိုင်တဲ့လူတွေပါ။ ပန်းက အပယ်ခံ သူက တကယ့်သူဌေး။ မာန်ခိုက်ထင် ဖုန်းချပြီး
တာနဲ့ ကိုကျော် ကိုလှမ်းကြည့်ကာ တေးသံချိုဆီ ဖုန်းဆက်ခိုင်းလိုက်သည်။ ဒီနေ့ကစပြီး သူမလေးဘဝကို သူသာ တာဝန်ယူမည်။
@@@@@@@@@@@@
အိမ်သန့်ရှင်းရေးလုပ်နေစဥ် အပြင်မှပြန်ရောက်လာသည့် မမချိုကြောင့် ပန်း ကပျာကယာရေပြေးခပ်ကာ ကမ်းပေးလိုက်သည်။
" မမချို....ရေသောက်လိုက်ဦး။ "
" ကျေးဇူး..... ဒါနဲ့ ခဏထိုင်ဦး ပန်း။ ငါ နင့်ကိုပြောစရာရှိတယ်။ "
မမချို စကားကြောင့် ပန်း မမချိုရှေ့မှ ဆိုဖာတွင် အသာဝင်ထိုင်ကာ ဘာပြောမလဲစောင့်နေမိသည်။ ပန်း ခပ်ပေး ထားသည့် ရေကိုမော့သောက်ရင်းမှ....
" ပန်း ခဏနေ မာန်ခိုက်ထင်နင့်ကို လာခေါ်လိမ့်မယ်။ "
" ဟင်! "
" သူ နေ့လည်က ငါ့ဆီဖုန်းဆက်တယ်။ နင်ရော နင့်အမေရော သူ စောင့်ရှောက်မယ်တဲ့။ ငါကတော့ သဘောကျတယ်။ ဘွားနဲ့ဆို နင်ဘယ်တော့မှ စိတ်ချမ်းသာရမှာမဟုတ်ဘူး။ "
မမချိုစကားကြောင့် ပန်း လက်မခံနိုင်စွာ ခေါင်းလေးခါယမ်းမိသည်။ ဒါမျိုးတော့ ပန်းလက်မခံနိုင်ပါ။ ပန်းကို အဲ့လောက်လွယ်ကူလွန်းသည့် မိန်းမစားအဖြစ် သူကထင်သည်လား။
" ပန်း လက်မခံဘူး.....ပန်း ကိုယ့်အလုပ်ကရတဲ့ပိုက်ဆံပဲ လိုချင်တယ်။ ပြီးတော့ သူ့နောက်မလိုက်ချင်ပါဘူး.....ဘွားကိုလဲ သနားတယ်။ "
ခယောင်းပန်းစကားကြောင့် တေးသံချို မျက်ခုံးလေးတွန့်သွားရကာ မိန်းမသားချင်းမို့ နားလည်လိုက်သည်။
" ပန်းက သူ့ကို သဘောမကျလို့လား။ "
ထိုအခါကျလဲ ပန်း အင်တင်တင်လေး ဖြစ်သွား၏။
" ပန်းရယ်......ကိုယ်လဲသဘောကျနေတာပဲဟာ။ ဘာလဲ အဆင့်အတန်းဆိုတာကြီးကို ပန်းက စဥ်းစားနေသလား။ ပန်းက ပညာတတ်ဘွဲ့ရပဲဟာ....ဘွားကိုဘယ်နားသနားနေရတာလဲ ။ မချိုကတော့ ပန်းကို စိတ်ချချင်ပြီ။ ဧကန္တ ပန်း အန်တီမြကို နောက်ဆံတင်းနေတာလား။ "
" ဟင့်အင်း.....ပန်း နဲ့ သူက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး မမချိုရယ်။ "
" ဘာလို့ မဖြစ်နိုင်ရမှာလဲ...... ပန်းက ဘယ်လောက်လှလိုက်သလဲ။ ဒါတောင် ရိုးရိုးလေးနေတာ။ မမချိုကတော့ သဘောတူတယ်။ ပန်း ငြင်းတာကထားပါ အဲ့လူကဇွတ်တရွတ်ရယ်။ "
ဟုတ်ပ......ခုသာ ငြင်းနေပေမယ့် သူ့ရှေ့ရောက်လျှင်တော့ ပန်းမှာ အာစေးမိနေသလိုပင်။ မပြောရဲ မဆိုရဲတော့ပဲ ရင်ခုန်သံတဒိတ်ဒိတ်ကြား မနည်းအသက်ရှူမှန်အောင် ကြိုးစားနေရသည့်အဖြစ်ရယ်ပါ။
@@@@@@@@@@@@@@@@@@@@@
To be continue P - 3
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory