တမလွန် ဒိုင်ယာရီ (အပိုင်း ၁၀ - ဇာတ်သိမ်း)
lotaya.mpt.com.mm
|
2022-08-08

နိဂုံး

……

တောင်းပန်တိုးလျှိုးနေတဲ့ လူယုတ်မာကို ဂုပ်ချိုးသတ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒီလိုသတ်ရင် သူငရဲကျမှာ သိတယ်။ ဒါပေမဲ့ အဲဒါကို ဂရုမစိုက်တော့ဘူး။ အဲဒီအချိန်မှာပဲ အခန်းရဲ့ တဘက်ခြမ်းကနေ လူယုတ်မာဆီကို နီရဲနေတဲ့ မျက်လုံးအစုံနဲ့ ပြေး၀င်သွားတဲ့ အရိပ်တစ်ခုကို သူ လှစ်ကနဲ တွေ့လိုက်ရတယ်။

‘သမီး။ မလုပ်နဲ့’

သူ့ သမီးငယ်ရဲ့ ၀ိညာဥ်ဟာ ဒူးထောက်အသနားခံနေတဲ့ ဟိုကောင့်ဆီကို ပြေး၀င်သွားတာပါ။ … မဖြစ်ဘူး။ ဒီကောင့်ကို သမီး သတ်လို့မဖြစ်ဘူး။ သမီး ငရဲကျခံလို့မဖြစ်ဘူး။ သူ အထိတ်တလန့်နဲ့ သမီးရှေ့က ၀င်ကာလိုက်ရတယ်။ သူတို့၀ိညာဥ်တွေဟာ အခိုးအငွေ့တွေ ဖြစ်ပေမဲ့ သူဟာ လေ့ကျင့်ထားသမျှ အတွေ့အကြုံနဲ့ သူ့အခိုးအငွေ့ကို အသိပ်သည်းဆုံးဖြစ်အောင် ပြောင်းလိုက်တယ်။ သမီးရဲ့ ၀ိညာဥ်ဟာ သူ့ရှေ့မှာ ရပ်သွားတယ်။

သမီးဆီက စူးရှတဲ့ လေချွန်သလို မြွေသံလိုမျိုး ပေါ်ထွက်လာတယ်။ အခုအခါမှာတော့ သူနဲ့ သမီးတို့ရဲ့ ၀ိညာဥ်တွေကို အခန်းထဲမှာ ရှိတဲ့လူတွေ အကုန်လုံး မြင်နိုင်နေပြီဖြစ်တယ်။ သူဟာ သမီးဆီက ထွက်လာတဲ့ အသံကို အထူးအဆန်း နားထောင်နေမိတယ်။

‘ဒီလူယုတ်မာကို သတ်ရမှ ကျေနပ်မယ်။ ဖယ်ပေးပါ ဖေဖေ’

‘မလုပ်နဲ့ သမီး။ ဒီကိစ္စ ဖေဖေ တာ၀န်ယူပါ့မယ်’ သူ ကြိုးစားပြီး အသံထွက်ကြည့်လိုက်တယ်။ ၀ိညာဥ်ဘ၀မှာ သူ တခါမှ စကားမပြောဘူးပေမဲ့ အခုတော့ အသံထွက်နိုင်သွားပြီပဲ။ သူ့အသံဟာ လူ့ဘ၀က အသံနဲ့ ဆင်တူပေမဲ့ အခိုးအငွေ့တွေဆီက ထွက်တဲ့အသံဖြစ်တာကြောင့် လေပြင်းမုန်တိုင်းကြားက ထွက်လာတဲ့ အသံမျိုးဖြစ်နေတော့တယ်။

သမီးဟာ သူ စကားနဲ့ ပြောရုံနဲ့ ရပ်မသွားဘဲ ရှေ့ကို ဆက်တိုးလာတယ်။ အခန်းထောင့်က ငရဲခွေးကြီးကတော့ သူတို့နှစ်ယောက်ကို မီးကျီးခဲလို နီရဲတဲ့ မျက်လုံးကြီးတွေနဲ့ စူးစူးကြီး စိုက်ကြည့်နေတယ်။ ပါဏာတိပါတာ ဒုစရိုက်မှုကို ကျူးလွန်တဲ့ ၀ိညာဥ်ကို ချက်ချင်းပဲ ငရဲပြည်ခေါ်သွားတော့မဲ့ ပုံစံကြီးနဲ့ ရပ်ကြည့်နေတော့တာပါပဲ။

အဲဒီအချိန်မှာပဲ လူယုတ်မာဟာ ဒူးထောက်ထိုင်နေရာကနေ ရုတ်တရက်ထပြီး တံခါးဆီကို ပြေးဖို့ လုပ်တော့တာပဲ။ သူဟာ ဒီကောင့် ခြေထောက်နှစ်ဘက်ကို ၀င်တိုက်ပြီး ချော်လဲသွားအောင် လုပ်လိုက်တယ်။ သမီးရဲ့ ၀ိညာဥ်ဟာ မည်းနက်သိပ်သည်းတဲ့ အရိပ်လိုမျိုး ဖန်တီးပြီး ဒီလူ့ရဲ့ လည်ပင်းကို ၀င်ညှစ်လိုက်တယ်။ ဒီကောင် ကြောက်လွန်းလို့ မျက်လုံးကြီးတွေပြူးပြီး အော်ဟစ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အသံထွက်မလာဘူး။ လူယုတ်မာရဲ့ မျက်နှာကြီးတစ်ခုလုံးဟာ ပြာနှမ်းလာတယ်။ နောက်နှစ်မိနစ်လောက် အခုအတိုင်း ဆက်ညှစ်နေလိုက်ရင် ဒီကောင် သေသွားတော့မှာပဲ။

‘သမီး မလုပ်နဲ့။ ဒီကောင့်အတွက် ငရဲပြည်သွားရမှာ မတန်ဘူးသမီး။ အခုရပ်လိုက်ပါ’

သူ့ပြောစကားကို သမီးဟာ လုံး၀ မကြားတော့ဘူး။ သမီးရဲ့ မျက်လုံးနှစ်ဘက်ဟာ ဒေါသတွေ အငြိုးအာဃာတတွေကြောင့် အခိုးအငွေ့တွေ တထောင်းထောင်း ထွက်နေသလိုပါပဲ။ ငရဲခွေးနက်ကြီးဟာ ရှေ့ကို တိုးလာတယ်။ ငရဲခွေးကြီးရဲ့နောက်မှာ မည်းမည်းနက်နက် အကောင်လေးတွေ ကပ်ပြီး ပါလာကြတယ်။ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်။ ပုပုကွကွ အကောင်လေးတွေဟာ အခန်းထောင့် အမှောင်ထုထဲက ထွက်လာကြတာပဲ။

ဒီကောင်လေးတွေဟာ ငရဲသားလေးတွေပဲ ဖြစ်ရလိမ့်မယ်။ သူတို့ဟာ သမီးကို ငရဲပြည်ကို ဖမ်းခေါ်သွားကြတော့မယ်။ သူဟာ သမီးကို ဘယ်လိုမှ ရပ်ခိုင်းလို့မရတော့ပါဘူး။ သူ သူမကို လှမ်းကြည့်လိုက်တယ်။ အခန်းပတ်လည်ကို လိုက်ရှာပေမဲ့ သမီးလေးရဲ့ အမေကို မတွေ့ရတော့ဘူး။ ဘယ်ရောက်သွားပါလိမ့်။

အဲ့ဒီတုန်းမှာပဲ သူမဟာ မီးဖိုချောင်ထဲက ဟင်းချက်တဲ့ အသားလှီးဓားအချွန်တစ်ချောင်းကို ယူပြီး ပြန်ထွက်လာတယ်။ ဒီနောက်မှာတော့ ဘာမပြောညာမပြောနဲ့ ကြမ်းပြင်ပေါ်မှာ လည်ပင်း အညှစ်ခံရလို့ လူးလွန့်ရုန်းကန်နေတဲ့ လူယုတ်မာရဲ့ ရင်၀တည့်တည့်ကို ဓားသွားတဆုံး၀င်သွားတဲ့အထိ အားကုန် စိုက်ချလိုက်ပါတော့တယ်။

… အိ… အိ…. အိ….။

လူယုတ်မာဟာ ခွေးတကောင်လို တအိအိနဲ့သာ အသံမြည်နိုင်ပြီး ဓားဒဏ်ရာကြောင့် ခဏအတွင်းမှာပဲ သေဆုံးသွားတော့တယ်။ ကျက်သရေတုန်းလွန်းတဲ့ ဒီကောင့်မျက်နှာကြီးဟာ မျက်လုံးကြီး အပြူးသား ပါးစပ်ကြီး အဟောင်းသားနဲ့ ရင်၀မှာလည်း ဓားကြီးတန်းလန်းနဲ့ အသက်ပျောက်သွားတော့တာပဲ။

… ဂီးးးး ဂီးးးး ………..

ငရဲခွေးကြီးက ဒီကောင် အသက်ပျောက်သွားတာနဲ့ ဆက်တိုက်ကြီး မာန်ဖီနေတော့တယ်။ အခုအခါမှာတော့ သမီးရဲ့ ၀ိညာဥ်ဟာ ဒီလူ့လည်ပင်းကို လွှတ်လိုက်ပါပြီ။ သေသွားပြီဆိုတာ သိတဲ့အတွက် လည်ပင်းကို ဆက်ညှစ်ထားလည်း ဘာမှ မထူးတော့ဘူးဆိုတာ သမီး သိသွားပုံပါပဲ။ သမီးသတ်လို့ သေတာမဟုတ်တဲ့အတွက် ငရဲခွေးကြီးနဲ့ ငရဲသားလေးတွေဟာ သမီးကို မထိတော့ဘဲ ကျက်သရေတုံးကောင်ရဲ့ အလောင်းကြီးနားမှာပဲ ၀ိုင်းလည်ပတ်ပြီးစောင့်နေကြတော့တယ်။

အဲဒီအချိန်မှာပဲ ဒီလူ့ရဲ့ ခန္ဓာကိုယ်ကြီးထဲက မှန်သားပြင်လို့ အရိပ်ငွေ့တစ်ခုဟာ လှစ်ကနဲ ထွက်သွားတာကို တွေ့လိုက်တယ်။ အခန်းထဲက လူသားတွေကတော့ မမြင်နိုင်ပေမဲ့ သမီးနဲ့ သူတို့ရဲ့ ၀ိညာဥ်တွေကတော့ အဖြစ်အပျက်ကို အတိုင်းသား မြင်နေရတယ်။ လူယုတ်မာရဲ့ ၀ိညာဥ်ဟာ ခန္ဓာကိုယ်ထဲက ထွက်သွားတာနဲ့ ငရဲသားလေးတွေဟာ ဒီအရိပ်ကို ခုန်ဆွဲချပြီး အတင်းဖမ်းချုပ်တော့တာပဲ။ ဒီကောင်ရဲ့ အရိပ်ဟာ ပထမတော့ ရုန်းကန်သေးတယ်။ ဒါပေမဲ့ ငရဲခွေးကြီးကိုလည်းတွေ့ရော လူယုတ်မာရဲ့ ၀ိညာဥ်ဟာ ကြောက်လွန်းလို့ ငြိမ်ကျသွားတယ်။

ငရဲသားလေးတွေဟာ ဒီမကောင်းဆိုး၀ါးကောင်ရဲ့ ၀ိညာဥ်ကို လွတ်မသွားအောင် ၀ိုင်းချုပ်ပြီး ငရဲခွေးကြီးရှေ့ကို ချပေးလိုက်တယ်။ ငရဲခွေးကြီးက သူ့ရဲ့ ကြောက်မက်ဖွယ် ပါးစပ်ကြီးကိုဟပြီး အခုမှသေသွားတဲ့ လူယုတ်မာရဲ့ ၀ိညာဥ်ကို အစွယ်ကြီးတွေနဲ့ ဇတ်ကနဲ ဟပ်လိုက်တယ်။ ပြီးတော့ ဒီကောင့် ၀ိညာဥ်ကို ပါးစပ်ကနေ ကိုက်ချီရင်းနဲ့ အခန်းထောင့်မှာရှိတဲ့ အမှောင်ထုကြီးထဲကို ၀ုန်းကနဲ ခုန်၀င်ပျောက်ကွယ်သွားပါတော့တယ်။

………………………………

သူမ အရုပ်ကြိုးပြတ် ကြမ်းပြင်ပေါ် ထိုင်လျက်သား လဲကျသွားတယ်။ မီးဖိုချောင်ထဲမှာ ပုန်းနေတဲ့ သားငယ်လေးက ပြေးထွက်လာပြီး သူမကို ၀င်ဖက်လိုက်တယ်။ ပြီးတော့ တအီးအီးနဲ့ ကြောက်လွန်းလို့ ငိုကြွေးနေရှာတော့တယ်။

သူရော၊ သမီးရော ငရဲပြည်မရောက်အောင် သူမ ၀င်ပြီး သတ်လိုက်တာပဲ။ ဒါမှမဟုတ် ဒီကောင့်ကို မုန်းတီးလွန်းလို့ သတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့… ဘာပဲပြောပြော… အခုတော့ သားငယ်လေးကို ဘယ်သူ ဆက်ပြီး စောင့်ရှောက်တော့မှာလဲ။

ဒီလူယုတ်မာဟာ သူတို့ မိသားစုအပေါ် နှိပ်စက်တာ မှန်ပေမဲ့ ရင်၀ကို ဓားနဲ့ ထိုးသတ်ရလောက်အောင် သူတို့ဘက်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိခဲ့ဘူး။ ရဲစခန်းနဲ့ အဆင်ပြေ ဆက်ဆံရေးကောင်းလှတဲ့ ဒီကောင့်ကို သတ်လိုက်တဲ့အတွက် သူမ ဟာ နှစ်အတော်ကြာအောင် ထောင်ထဲမှာ သွားနေရတော့မယ်ဆိုတာ သေချာနေပါပြီ။

သူနဲ့ သမီးတို့ဟာ သူမနဲ့ သားငယ်လေးရှေ့မှာ သွားရပ်လိုက်ကြတယ်။ သူတို့ ၀ိညာဥ်နှစ်ယောက်လုံး အတတ်နိုင်ဆုံး ကြိုးစားပြီး လူ့ဘ၀တုန်းက ပုံရိပ်တွေနဲ့ တူနိုင်သမျှတူအောင် ဖန်တီးလိုက်ကြတယ်။ သူတို့နှစ်ယောက်လုံးကို ကြည့်ရတာ ဟောင်းနွမ်းနေတဲ့ ဓာတ်ပုံထဲက ၀ိုးတိုး၀ါးတား ပုံရိပ်တွေနဲ့တောင် တူနေသလိုပါပဲ။

မိသားစုလေးယောက် အခုလိုပုံစံမျိုးနဲ့ ပြန်လည်ဆုံစည်းရတာ ရင်နာဖို့တော့ ကောင်းလှတယ်။ လူယုတ်မာရဲ့ ရန်က လွတ်ပြီဖြစ်ပေမဲ့ သူတို့အားလုံးမှာ ဖြေရှင်းစရာလိုတဲ့ ပြဿနာကိုယ်စီ ရှိနေပါသေးတယ်။ သူမက စကားစပြောလိုက်တယ်။

‘မောင် - မေတော့ လူသတ်မှုကြောင့် ထောင်ကျမှာ သေချာတယ်။ သားလေးကို မေ့ မိဘတွေဆီ..’

‘မလိုဘူး မေ။ မေ့ မိဘတွေက … ဘယ်လိုလဲဆိုတာ.. မေ သိပြီးသားပဲ...’ သူ လေတိုးသံပေါက်နေတဲ့ အသံနဲ့ ပြန်ပြောလိုက်တယ်။ မေ့မိဘတွေဟာ သူတို့ မိသားစုအပေါ် အစကတည်းက သိပ်ပြီး နွေးထွေးမှုမရှိတာကို အားလုံးသိပြီးသားပါပဲ။ သူတို့ဟာ စီးပွားရေးသမားတွေဖြစ်ပြီး အစစအရာရာ စျေးတွက် တွက်လွန်းတဲ့ လူကြီးတွေ ဖြစ်တယ်။

‘အဲဒါတော့ မေလည်း သိပါတယ်။ ဒါပေမဲ့ တခြားရွေးစရာ...’

‘သားကို မောင် စောင့်ရှောက်နိုင်ပါတယ်။ မောင် ဒီအိမ်မှာပဲ ဆက်ရှိနေမယ်။ သား အရွယ်ရောက်လာတဲ့အထိ၊ မေ ထောင်က လွတ်လာတဲ့အချိန်ထိ မောင် သားလေးကို စောင့်ရှောက်မယ်’

‘သားလည်း ဖေဖေနဲ့ပဲ နေချင်တယ်’

သားငယ်လေးက အခုမှ သူ့အဖေကို လွတ်လွတ်လပ်လပ် ခေါ်ပြီးစကားပြောလို့ရတာကြောင့် ပျော်နေရှာတယ်။ ကလေးက အရွယ်နဲ့မလိုက်အောင် ဒုက္ခတွေ ခံထားရတာမို့ ဘေးမှာ လဲသေနေတဲ့ အလောင်းကြီးကိုတောင် လှည့်မကြည့်ဘဲ သူ့အဖေကို ပြေးဖက်လိုက်တယ်။

‘ဟီး ဟီး.. ဖေဖေက အငွေ့ကြီးတွေလိုပဲ’

သားငယ်က အစိုင်အခဲမဟုတ်တဲ့ သူ့ကို လက်နဲ့ လှုပ်ရမ်းကိုင်တွယ်ရင်းပြောလိုက်တယ်။ သူက ခုနက ပြောလက်စ စကားကို ဆက်ပြောတယ်။

‘ကလေးက ဒီအိမ်မှာ တစ်ယောက်ထဲ နေလို့မရတာ မောင်သိပါတယ်။ ဒါကြောင့် ကလေးကို စောင့်ရှောက်မဲ့ လူတစ်ယောက်ကို အိမ်မှာ အပြခေါ်ထားဖို့တော့ လိုမယ်။ အဲဒီလူဟာ အိမ်မှာ အချိန်ပြည့်နေစရာလည်း မလိုဘူး။ သူ ဒီအိမ်မှာ အချိန်ပြည့်နေရဲမှာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအိမ်မှာ မောင်နဲ့ သမီးနဲ့ သားလေးကို စောင့်ရှောက်မှာ မို့လို့ပဲ’

သူမ သူ့စကားတွေကို နားထောင်ရင်း ခေါင်းညိတ်လိုက်တယ်။

‘အဲဒီလိုတော့ ဖြစ်နိုင်ပါတယ်။ မေ့မှာ နောက်ဆုံးကျန်တဲ့ အတွင်းပစ္စည်းလေးတွေ ထုခွဲရောင်းချပြီး -’

‘ဒါလည်း ရောင်းလို့ရတယ် မေမေ’

သားငယ်က သူ့ဘောင်းဘီတိုအိတ်ထဲမှာ ထည့်ထားတဲ့ အင်းဆွဲကြိုးကို ဆွဲထုတ်ပြီး ၀မ်းသာအားရပြောလိုက်တယ်။ သူနဲ့ သမီးတို့ အနောက်ကို နည်းနည်းစီ ဆုတ်သွားကြတယ်။ သူမက အလိုက်တသိနဲ့ ဆွဲကြိုးကို လှမ်းယူပြီး ခပ်လှမ်းလှမ်းမှာ သွားထားလိုက်တယ်။

‘မောင်နဲ့ သမီးတို့ အိမ်မှာ ဆက်ရှိနေမယ်ဆို မေ စိတ်ချပါပြီ။ ကျန်တာတွေက နောက်မှ တဆင့်ချင်းစီ ရှင်းကြတာပေါ့’

‘မေ မေ… ‘ အဲဒီအချိန်မှာ ငြိမ်နေတဲ့ သမီးရဲ့ ၀ိညာဥ်က ၀င်ပြီး ပြောလိုက်တယ်။

‘မေမေရော၊ ဖေဖေရော၊ သမီးပြောပါရစေ။ သမီး ဒီအိမ်မှာ ဆက်နေလို့ မဖြစ်နိုင်ဘူး။ ဒီအိမ်မှာ သမီးအတွက် အင်မတန်ဆိုးတဲ့ မှတ်ဥာဏ်တွေ ရှိနေတယ်။ သမီး ဒီမိသားစုလေးကို သံယောဇဥ်ရှိပါတယ်။ ဒါပေမဲ့ သမီး ဒီ အဖြစ်ဆိုးကြီးကို သေပြီးတဲ့ နောက်မှာတောင် ပြန်ပြီးတော့ အချိန်တိုင်း သတိမရချင်နေတော့ဘူး။ သမီး ဒီလူကို လက်စားချေချင်လို့သာ ဆက်ရှိနေခဲ့တာ။ အခုတော့ သမီးကို လွတ်လွတ်လပ်လပ် သွားခွင့်ပြုပါတော့ ဖေဖေနဲ့ မေမေ’

သူမ မျက်ရည်တွေ ကျလာမိတယ်။

‘မမ က ဘယ်သွားမှာလဲ။ သားသားနဲ့ မနေဘူးလား’

‘သားသားနဲ့ နေချင်ပါတယ်ကွယ်။ ဒါပေမဲ့ ဖေဖေက သားသားနဲ့ ရှိနေမှာ။ ပြီးတော့ မေမေကလည်း အချိန်တန်ရင် ပြန်လာမှာလေ။ မမ က နောက်ဘ၀ကို ကူးသွားပြီ မောင်လေးရဲ့။ အဲဒါကြောင့် မမ သွားရတော့မယ်’

သမီးငယ်က သားလေးရဲ့ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်ပေးရင်းနဲ့ ပြောလိုက်တယ်။

‘သမီးက ဘယ်သွားမှာလဲ။’

သူလည်း သိချင်တာနဲ့ သားငယ်မေးတဲ့ မေးခွန်းကိုပဲ ထပ်မေးလိုက်ပြန်တယ်။ အခိုးအငွေ့တွေနဲ့ သမီးငယ်ရဲ့ ပုံရိပ်ဟာ သူ့ကို လှည့်ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာမှာ ပူဆွေးတဲ့ အရိပ်အငွေ့တွေကို အထင်းသား တွေ့လိုက်ရတယ်။

‘သမီးဘယ်သွားမလဲတော့ မသိသေးဘူး ဖေဖေ။ ဒါပေမဲ့ ဒီနေရာနဲ့ အ‌ဝေးဆုံးကို ထွက်သွားချင်တယ်။ ဒီအဖြစ်ဆိုးကြီးတွေ အားလုံးကို မေ့ပစ်လိုက်ချင်တယ်။ နောက်ဘ၀ မကူးခင်အထိ၊ ဒီ၀ိညာဥ်ဘ၀မှာ ရှိနေသရွေ့ ဒီလူယုတ်မာနဲ့ ပတ်သက်သမျှကို လုံး၀ မေ့ပျောက်ပစ်လိုက်ချင်တယ် ဖေဖေ’

‘ကောင်းပါပြီသမီး။ သမီး ဆန္ဒရှိသလိုလုပ်ပါ။ မေမေ မတားရက်ပါဘူး သမီးလေးရယ်’

သူမ ပြောရင်းက ငိုကြွေးပြန်တယ်။

‘ဖေဖေလည်း မတားတော့ပါဘူး သမီး။ ဒါပေမဲ့ သမီး ဒီအိမ်က ထွက်သွားခဲ့ရင် လေဟာနယ်ကြီးထဲမှာ လွင့်မျောသွားလိမ့်မယ်။ အဲဒီကျရင် ခိုနားစရာ အိမ်ပဲဖြစ်ဖြစ်၊ ကျောင်းဆောင်ပဲဖြစ်ဖြစ်၊ သစ်ပင်ပဲ ဖြစ်ဖြစ် တခုခု လိုလိမ့်မယ်။ ၀င်ပြီးစတည်းချလို့ရတဲ့ နေရာတစ်ခုခုမှာ ၀င်နေလိုက်ပါ။ ၀ိညာဥ်တွေဟာ ခိုကိုးရာမဲ့ ဘုံပျောက်ပြီး လွင့်မျောနေရင် နောင်ဘ၀ကူးကောင်းဖို့ အခွင့်အရေးကောင်း ရမှာ မဟုတ်ဘူး သမီး’

‘ဟုတ်။ သမီးနားလည်ပါတယ် ဖေဖေ။ သမီးကိုသာ သွားခွင့်ပြုပါတော့’

အဲဒီနောက်မှာတော့ သူတို့ မိသားစုလေးဟာ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး နှုတ်ဆက်လိုက်ကြတယ်။ သမီးက ဒီအိမ်နဲ့ ‌ဝေးရာကို လွင့်မျော ထွက်ခွာသွားတော့မယ်။ သူမကတော့ ရဲစခန်းကို ဖုန်းဆက်လိုက်ရင် ရဲတွေက လာပြီး ဖမ်းသွားကြလိမ့်မယ်။ သားလေးကိုတော့ လောလောဆယ် သူ့ အဘိုးအဘွားအိမ်ပို့ထားပြီး အခုအိမ်မှာ ပြန်ထိန်းပေးမယ်လို့ ကတိပေးမဲ့ မိတ်ဆွေကောင်း တစ်ယောက်ယောက်ကို ရှာရလိမ့်မယ်။ အဲဒီလို လူရှာလို့ရရင် နောက်ပိုင်း အဲဒီလူကို ကိုယ်ထင်ပြပြီး ကလေးကို ဒီအိမ်မှာပဲ သူက ဆက်ပြီး စောင့်ရှောက်သွားမယ်ဆိုတာ နားလည်အောင် ပြောရလိမ့်မယ်။ လူဆိုတာမျိုးက ၀ိညာဥ်တို့ သရဲတို့ဆိုရင် သိပ်ကြောက်တတ်ပြီး သူတို့ ပြောတာတွေဆိုရင် တသွေမတိမ်း လိုက်လုပ်တတ်တဲ့ သဘောမျိုးရှိတယ် မဟုတ်လား။

သမီးငယ်ဟာ သူတို့ အားလုံးကို လက်ပြနှုတ်ဆက်လိုက်တယ်။ သူမရဲ့ ဆံနွယ်ပုံရိပ်တွေဟာ လေထဲမှာ အခိုးအငွေ့တွေလို ပျံ့လွင့်နေတယ်။ သမီးရဲ့ လူသားပုံရိပ်ဟာ တဖြည်းဖြည်းနဲ့ မှုန်၀ါးသွားတယ်။ နောက်ဆိုရင် သမီးဟာ ကိုယ့်ရဲ့ ပုံရိပ်ကိုတောင် မှတ်မိတော့မှာ မဟုတ်ဘူး။ သမီးငယ်ဟာ ပုံသဏ္ဍာန် ဒြပ်အတည်တကျမရှိတဲ့ ၀ိညာဥ်အခိုးအငွေ့အဖြစ်သာ ဦးတည်ရာမဲ့ ရွေ့လျားနေတော့မှာပါပဲ။ အဲဒါကို စဥ်းစားမိလိုက်ရင် သူ့စိတ်ထဲမှာ လေးလံဆို့နင့်သွားရတယ်။

‘သမီးကို ဖေဖေ ထပ်ပြောချင်တယ်။ ၀င်ပြီး နားခိုလို့ရတဲ့ အိမ်ပဲဖြစ်ဖြစ်၊ သစ်ပင်ပဲဖြစ်ဖြစ်မှာ အမြန်ဆုံး ၀င်နေလိုက်ပါ။ အကြာကြီးဆက်ပြီး မျောနေရင် သမီး အားလုံးကို ‌မေ့သွားလိမ့်မယ်’

‘ဟုတ်ကဲ့ စိတ်ချပါဖေဖေ။ ဖေဖေ၊ မေမေနဲ့ မောင်လေးတို့ အားလုံးကို သမီး နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်’

သမီးငယ်ရဲ့ပုံရိပ်လေးဟာ နံရံတွေကို ဖောက်ထွင်းထွက်ပြီး အိမ်အပြင်ကို ရောက်ရှိသွားတယ်။ အဲဒီနောက်မှာတော့ ကောင်းကင်ပြင်ကြီးဆီကို မြောက်တက်ပြီး ရွေ့လျားတိုက်ခတ်နေတဲ့ လေထုထဲကနေ အဆုံးအစမရှိတဲ့ သြကာသလောကကြီးထဲကို တွယ်ရာမဲ့ လွင့်ပါးမျောပါသွားရှာပါတော့တယ်။

………………………………………….

နောက်ဆုံးတော့ ဒီအိမ်ထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့တော့တယ်။

သူနဲ့ သူမတို့ ဆွဲခဲ့တဲ့ အစီအစဥ်ဟာ အလုပ်ဖြစ်ပါ့မလား။ သူလည်း မပြောနိုင်ပါဘူး။ ဘာပဲပြောပြော သားလေး အိမ်ပြန်လာမှာကိုတော့ စောင့်ရမှာပါပဲ။ ဒီအတောအတွင်း သူ့မှတ်ဥာဏ်တွေ မပျောက်သွားအောင် အိမ်မှာရှိတဲ့ သူတို့ မိသားစု ပုံလေးတွေကို အမြဲလိုလို ကြည့်ဖြစ်တယ်။ ဒါမှ သားလေး ပြန်လာရင် သူ့ အရင်က ရုပ်နဲ့တူအောင် ဖန်ဆင်းလို့ရမှာမဟုတ်လား။

နောက်တစ်ခုက သူမကို ရဲတွေ ဖမ်းမသွားခင် အကူအညီတစ်ခုတောင်းခဲ့တယ်။ အဲဒါကတော့ သူ့အတွက် ဘောပင် အလုံအလောက်နဲ့ စာရေးစက္ကူတွေကို စားပွဲ‌ပေါ်မှာ ထားရစ်ခဲ့ဖို့။ ဘာလို့လဲဆိုတော့ သူ စာရေးဖို့ လိုအပ်လို့ပါပဲ။

သူတစ်ယောက်တည်း ရှိနေတဲ့အချိန်တွေမှာ စားပွဲပေါ်မှာ စာရေးစက္ကူတွေကို ဖြန့်ခင်းပြီး ဘောပင်တစ်ချောင်းနဲ့ သူ့ရဲ့ တမလွန် ဒိုင်ယာရီကို ရေးခြစ်နေမိတယ်။

အဲလိုအချိန်သာ အပြင်လူတစ်ယောက်ယောက်က အခန်းထဲ၀င်လာခဲ့ရင် စာရေးစက္ကူပေါ်မှာ သူ့အလိုလို လှုပ်ရှားနေတဲ့ ဘောပင်တစ်ချောင်းကိုသာ မြင်မိမှာ အမှန်ပါပဲ။ သူတစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာ ကိုယ်ထင်ပြဖို့ မလိုဘူးလေ။ သူဟာ အခိုးအငွေ့အဖြစ်နဲ့သာ ဘောပင်ကို လှုပ်ရှားအောင် ထိန်းကျောင်းပြီး စာမျက်နှာပေါင်းများစွာကို ရေးသားနေခဲ့တယ်။

သူ့ရဲ့ တမလွန်ဒိုင်ယာရီဟာ အခုဆိုရင် တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါပြီ။ ပြီးသလောက်လည်း ရှိပါပြီ။ ဒါ့အပြင် သူဘာတွေများ ဆက်ရေးရဦးမှာပါလဲ။

………………………………

…. ကျုပ် ဒီ ဒိုင်ယာရီကို အဆုံးသတ်ခါနီးမှာ စာဖတ်သူကို စကားနည်းနည်း တိုက်ရိုက်ပြောချင်မိပါတယ်။

ခင်ဗျားဟာ ကျုပ်ရေးထားတဲ့ ကျုပ်ရဲ့ သေပြီးနောက်မှာ တွေ့ကြုံရတဲ့ တမလွန်ဒိုင်ယာရီကို အခုဆိုရင် အဆုံးထိတိုင်အောင် ဖတ်ပြီးပြီလို့ ယူဆမိပါတယ်။ ကျုပ်တို့ မိသားစု ဘယ်လောက်တောင် ဆိုး၀ါးလှတဲ့ အဖြစ်ဆိုးမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတာလည်း ခင်ဗျားသိသွားလောက်ပါပြီ။

ကျုပ်တို့ မိသားစုလေးအပေါ် စာနာစိတ်နဲ့ အခုလို နားလည် ဖတ်ရှုပေးတဲ့အတွက် ခင်ဗျားကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။

ခင်ဗျားဆီက ကျုပ် တစ်ခုပဲ ထပ်ပြီး တောင်းဆိုချင်ပါတယ်။

အဲဒါက တခြားတော့ မဟုတ်ပါဘူး။ ဘာမှလည်း မခက်ခဲပါဘူး။ တကယ်တော့ ကျုပ်ကသာ ခင်ဗျားဆီက တောင်းဆိုတယ်ဆိုပေမဲ့ ခင်ဗျားအနေနဲ့ ဘာမှလည်း အားစိုက်ထုတ်ပြီး လုပ်ပေးစရာမလိုပါဘူး။

ကျုပ်တောင်းဆိုချင်တာက တစ်ခုတည်းပါ။

ခင်ဗျား ကျုပ်ရဲ့ ဒိုင်ယာရီကို ဖတ်ပြီး ကျုပ်တို့ရဲ့ သမီးလေး ဘယ်လို မတရားအကျင့်ခံရတယ်။ ဘယ်လို သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။ နောက်ဆုံးမှာ သမီးလေးဟာ ဘယ်လို အဆုံးအစမရှိတဲ့ သြကာသ လောကကြီးထဲမှာ လွင့်မျောသွားရတယ်ဆိုတာ အခုဆို ခင်ဗျား ဖတ်ပြီးလောက်ပါပြီ။ အဲဒီအတွက်လည်း သနားကြင်နာစိတ်ရှိတဲ့ မေတ္တာတရားအပြည့်ရှိတဲ့ ခင်ဗျား စိတ်မကောင်းဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

ခင်ဗျားကို ကျုပ် တစ်ခုပဲ ‌တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး အခု နောက်လာမဲ့ စာကြောင်းတွေကို သေသေချာချာလေး ဖတ်ပေးပါ။

သမီးလေးဟာ လေဟာနယ်ကြီးထဲမှာ လွင့်မျောနေရင်း ခင်ဗျားရဲ့ အိမ်ကို ရောက်ချင် ရောက်လာနိုင်ပါတယ်။ တကယ်လို့ ခင်ဗျားရဲ့ အိမ်ထဲမှာ တခြား၀ိညာဥ်တစုံတရာ ရှိမနေနှင့်ဘူးဆိုရင် သမီးလေးရဲ့ ၀ိညာဥ်ဟာ ခင်ဗျားအိမ်ကို ခိုးကိုရာအဖြစ် ရွေးချယ်ကောင်း ရွေးချယ်ပါလိမ့်မယ်။ သမီးလေးကို အဲလိုမျိုး ၀င်ပြီး နေပါလို့လည်း ကျုပ် သင်ပေးလိုက်ပါတယ်။ သမီးလေး ကျုပ်စကားတွေကို မမေ့သေးဘူးဆိုရင်ပေါ့လေ။

ဒီဒိုင်ယာရီကို ခင်ဗျား အချိန်မီ ဖတ်ခွင့်ရပါစေလို့ ကျုပ်ဆုတောင်းပါတယ်။ ကျုပ်အခု ဒီဒိုင်ယာရီကို ရေးပြီးရင် လူအများဖတ်လို့ရတဲ့ နေရာတစ်နေရာမှာ ဖြန့်‌ဝေပေးနိုင်အောင်လို့ ကျုပ်အမျိုးသမီးကို မှာထားပြီးပါပြီ။ သူမ အကောင်းဆုံး ကြိုးစားပေးမယ်လို့လည်း ကတိပေးထားပြီးပါပြီ။

ခုနက ကျုပ်ပြောခဲ့သလိုပဲ - ခင်ဗျားဆီက တောင်းဆိုချင်တာကတော့ ခင်ဗျား ဘာမှ လုပ်စရာမလိုပါဘူး။ သမီးလေးရဲ့ ၀ိညာဥ် ခင်ဗျားရဲ့ အိမ်မှာ ၀င်ပြီး နားခိုနိုင်ဖို့ဆိုရင် ခင်ဗျား အားစိုက်ထုတ်ပြီး ဘာမှ လုပ်စရာမလိုပါဘူး။

ဒါပေမဲ့ ကျုပ် အနူးအညွတ်တောင်းပန်ချင်တာကတော့ - သမီးလေးကိုသာ ခင်ဗျားရဲ့ အိမ်မှာ ပေးနေချင်တယ်ဆိုရင် - ခင်ဗျားရဲ့ အိမ်မှာ ဘယ်လို ဘာသာရေးရွတ်ဆိုမှုမျိုးတွေကိုမှ မလုပ်မိဖို့ပါဘဲ။ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဘယ်လို ဘာသာမျိုးရဲ့ ဂါထာမန္တာန် ရွတ်ဖတ် သရဇ္ဇျာယ်မှုမျိုးကိုမှ မလုပ်ဖို့ ကျုပ် တောင်းပန်ပါရစေဗျာ။ အဲဒီလိုမျိုးတွေ ရွတ်ဖတ်ခဲ့ရင်၊ ဘုန်းကြီးတွေနဲ့ အန္တရာယ်ကင်း ပရိတ်တွေ ရွတ်ခဲ့ရင် သမီးလေး ပူလောင်ပြီး နေလို့မရမှာ စိုးရိမ်မိလို့ပါ။

ကျုပ်ရဲ့ ဒီ ဒိုင်ယာရီကို အဆုံးအထိဖတ်ပြီး - ကျုပ်တို့ရဲ့ မိသားစုလေးကို သနားတယ်ဆိုရင် - ကျုပ်ရဲ့ သမီးလေးကို သနားတယ်ဆိုရင် - ကျုပ်ရဲ့ တောင်းဆိုချက်လေးကို လိုက်လျောပေးပါလို့ အနူးအညွတ် တောင်းပန်လိုက်ပါတယ်ခင်ဗျာ။

လေးစားအားကိုးစွာဖြင့် -

တမလွန်မှ ဖခင်တစ်ဦး။

……………………………………………

(ပြီးပါပြီ)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..