
ဒီနေ့ကား လစာထုတ်ရက်ဖြစ်သည်။ ရာသီဥတုက ကြည်လင်သာယာနေပြီး တစ်ရုံးလုံးလည်း ညနေရုံးဆင်းလျှင် ဘယ်သွားကြမယ်၊ ဘာလုပ်ကြမယ်နှင့် တိုင်ပင်နေကြ၏။ သူကတော့ စိတ်တွေလေးလံနေသည်။ သူ့အတွက်တော့ လစာထုတ်ရက်တွေဟာ ငရဲခန်းပင်။
“ကိုကို ..ညနေ ဟော့ပေါ့သွားစားမလား”
“မအားသေးဘူး ချစ်ရယ်.. အိုဗာတိုင်ဆင်းရဦးမှာ”
သူ လိမ်ပြောလိုက်ခြင်းဖြစ်သည်။ သူ့ရဲ့ တစ်လစာသည် ချစ်သူကို ဟော့ပေါ့ကျွေးဖို့လောက်တော့ လုံလောက်ပါသည်။ သို့သော် ဒီနေ့တော့ မဟုတ်သေး။
အချိန်ကား ညနေ ၃နာရီခွဲပြီ။ မန်နေဂျာက လစာတွေ လာယူဖို့ ပြောသည်။ သူ့ခြေလှမ်းတွေ တုန့်ဆိုင်းနေသည်။ သူ့အလုပ်စားပွဲကနေ မန်နေဂျာအခန်းကို သွားတဲ့လမ်းတလျှောက်မှာ သူတို့စိုက်ကြည့်နေသော လူတန်းရှည်ကြီးကို တွေ့နေရသည်။
ရုံးခန်းထဲရောက်တော့ ..
“ဒီလ မင်းကို လစာတိုးပေးထားတယ်။ ဒီမှာလုပ်တာ ၁၀နှစ်ပြည့်တဲ့အနေနဲ့ပေါ့”
“ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ”
သူ လစာအိတ်ကို ယူလိုက်သည်။ လစာအိတ်ပေါ်မှာရေးထားတဲ့ လစာကို ဖတ်လိုက်သည်။ ပိုက်ဆံကို ထုတ်ပြီးမရေတော့ဘူး။ သူ ဒီအတိုင်းယူပြီး လှည့်ထွက်လာသည်။ ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်တာနှင့်တပြိုင်နက် သူ့လစာအိတ်ကို ဖွင့်ပြီးသားဖြစ်သွားသည်။
အရင်ဆုံးတွေ့လိုက်ရတာက .. သန့်ရှင်းရေးအဒေါ်ကြီး ...
“ကောင်လေး အရင်လကဟာပါ ပေါင်းပေးမှာလား”
“ဘယ်လောက်လဲ”
“၁၃၀၀၀”
“ရော့”
နောက်တယောက်က .. တံခါးစောင့်ဦးလေးကြီး ...
“ဦးလေးက ဘယ်လောက်လဲ”
“နှစ်လုံးထီဖိုးပါပေးမှာလား”
“တွက်လိုက်ဗျာ”
“အားလုံးပေါင်း ၃၈၀၀၀”
“ရော့”
နောက်တစ်ယောက် ...
“အားလုံးပေါင်း ၁၈၄၀၀၀”
“ဗျာ ... “
“ဟဲ့ .. မဗျာနဲ့ .. ဒါတောင် အတိုးတစ်လ မယူဘဲ လျှော့ပေးထားတာ”
“၁၅၀၀၀၀ ပဲ ယူဦးဗျာ”
“အေး .. ပြီးရော .. ၃၄၀၀၀ ကျန်”
ဒီလိုနှင့် နောက်တစ်ယောက်၊ နောက်တစ်ယောက်နှင့် သူ့အလုပ်စားပွဲပြန်ရောက်တော့ ... ငါးရာတန်တစ်ရွက်နှင့် နှစ်ရာတန်တစ်ရွက်သာ ပိုတော့သည်။ ဘာပဲဖြစ်ဖြစ် ညနေဘက် မန်ယူပွဲကြည့်ဖို့ လက်ဖက်ရည်ဖိုးလေးကျန်တာပဲ ကျေးဇူးတင်ရမည်။ ဒါပေမဲ့ ရပ်ကွက်ထဲက အကြွေးတောင်းဖို့စောင့်နေတဲ့ လူတွေရဲ့မျက်နှာကို မြင်ယောင်မိပြီး မပျော်မရွှင်ဖြစ်သွားမိသည်။ ညနေ ရုံးဆင်းရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပါ တွေးပူမိသွားတာလည်း ဖြစ်သည်။ အဲဒီအချိန်မှာပဲ ..
“ဟေ့ကောင် လစာထုတ်ရက်ကို ဘာလို့မှိုင်နေတာလဲ”
“ဒီလိုပါပဲကွာ”
“မင်းလစာ အိမ်မပါပြန်ဘူးမလား”
ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဆိုတဲ့အတိုင်း သူဘာမှပြန်မပြောနိုင်။
“ရော့ကွာ .. ငါးသောင်းယူထားလိုက် .. ငါလည်း အရမ်းပိုနေလို့တော့မဟုတ်ဘူး။ မင်းကြည့်ရတာ စိတ်မချမ်းသာလို့”
“ဟေ့ကောင် နောက်လ ကုန်မှ ပြန်ရမှာနော်”
“ဖြစ်တယ်ကွာ ယူထားလိုက်”
ဘာပဲဖြစ်ဖြစ် လစာထုတ်ရက် အိမ်အပြန်ကို ပိုက်ဆံလေးနည်းနည်းပြန်ပါသွားတော့ မဆိုးဘူးပြောရမည်။ ဒီနေ့တော့ လက်ဖက်ရည်ဆိုင်ကို အကြွေးဆပ်ဖို့လုံလောက်တဲ့အပြင် မန်ယူဘော်ဒီလေးပါ ပါးပါးလောင်းပြီး ကြည့်လို့ရပြီ။ အိမ်ရောက်၊ ရေမိုးချိုး၊ ထမင်းစားပြီးတော့ လက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့တော့သည်။
လစာထုတ်ရက်မို့ထင်သည် လက်ဖက်ရည်ဆိုင်မှာ လူရှင်းနေ၏။ ဘီယာဆိုင်၊ ကေတီဗီတွေ ရောက်နေကြပုံပဲ။
“ကိုနိုင် ကျနော့်အကြွေးစာရင်းတွက်လိုက်”
“အားလုံးပေါင်း ၂၈၃၀၀”
“ရော့ .. ၂၀၀၀၀ ယူထားဗျာ .. ၈၃၀၀ချန်”
သိပ်မကြာဘူး လက်ဖက်ရည်ဆိုင်မှာလည်း သူ့ကို တွေ့ချင်သူတွေ ရောက်ရှိလို့လာပြန်သည်။ ဒီလိုနှင့် ဟိုနည်းနည်းဒီနည်းနည်းဆပ်လိုက်တာ လက်ထဲမှာ ပိုက်ဆံလေး ၇၀၀၀ သာ ကျန်တော့သည်။ မန်ယူပွဲလာဖို့ကလည်း နာရီဝက်လောက်လိုသေး၏။ ဒါနဲ့ပဲ စဉ်းစားမနေတော့ဘဲ ဘောလုံးပွဲဒိုင်ဆီ မက်ဆေ့ ပို့လိုက်သည်။ တကယ်လို့များ မန်ယူသာ မနိုင်ရင် မနက် လမ်းစရိတ်ပင် ရှိမည်မဟုတ်တော့။ ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် မန်ယူပွဲကို စိတ်ရောကိုယ်ပါနှစ်ပြီး အားပေးပစ်လိုက်သည်။ ထုံးစံအတိုင်းပဲ မန်ယူက ရှုံးသွားသည်။ လက်ဖက်ရည်ဆိုင်ကနေ အိမ်ကိုပြန်တဲ့လမ်းက တကယ့်ကို ဝမ်းနည်းစရာကောင်းလွန်းလှသည်။ ဒီညတော့ သူအိပ်ပျော်ဖို့ ခက်ခဲလိမ့်မည်ထင်သည်။
လစာထုတ်ပြီး နောက်ရက် သူခွင့်ယူလိုက်ရသည်။ ရုံးကလူတွေကတော့ ညက များသွားလို့မလာနိုင်တော့တာလို့ ထင်ကြလိမ့်မည်။ သူကတော့ လမ်းစရိတ်မရှိလို့ မသွားနိုင်ခြင်းပင်။
“နင်တစ်ကိုယ်တည်းနေပြီး ဒီလောက်ကြပ်တည်းနေရင် မိန်းမယူပြီးရင် ဘယ်လိုလုပ်မလဲ”
“ကျနော်လည်း မိန်းမ မယူချင်သေးပါဘူး”
“အေးပါ .. နင်ယူမယ်ဆိုရင်လေ ..ငါ့လိုမျိုး ငွေစာရင်းနိုင်နင်းတဲ့ မိန်းမမျိုးကိုယူ .. သိလား”
Finance က အမျိုးသမီးဆီ ပိုက်ဆံသွားသွားချေးတိုင်း အခုလို အပြောခံရသည်။ သူကလည်း လကုန်ပြီးကာစအချိန်မှာ အခြားသူဆီက သွားချေးဖို့က ခက်ခဲတတ်တာကြောင့် အခုလိုမျိုး ရိသဲ့သဲ့အပြောခံပြီး သွားချေးရခြင်းဖြစ်၏။
လကုန်ပြီးကာစ လေးငါးရက်ကျော်လွန်လာတော့ အရာရာတိုင်းဟာ သူ့နေ့ရက်တွေပြန်ဖြစ်လာသည်။
“ကိုကို .. ဟော့ပေါ့သွားစားမလား”
“ဟော့ပေါ့တင်မဟုတ်ဘူး .. မာလာရှမ်းကောပါကျွေးမယ်”
“မန်ယူဘော်ဒီ ၃၀၀၀၀ ထည့်လိုက်ဗျာ”
“အိုကေ”
“နေနေ သားကြီး ငါရှင်းလိုက်မယ်”
“ဟေ့ကောင် .. ပြတ်တုန်းလပ်တုန်း ၂၃ကြီးကို မင်းက ဘယ်က ပိုက်ဆံတွေရှိနေတာလဲ”
“ဟေ့ကောင် ..ပိုက်ဆံဆိုတာ လူက လုပ်တာပါကွ.. ငါလက်တွေ့ပြမယ်”
သူက ဖုန်းနံပတ် တစ်ခုကို ကောက်နှိပ်လိုက်သည်။
“ဟဲလို ...”
“အစ်မ ကျနော် တစ်သိန်းလောက် လိုလို့”
“ဘာနဲ့ လွှဲပေးရမလဲ”
“အဆင်ပြေတာနဲ့သာ လွှဲလိုက်”
“အော်.. အေး .. ဒါနဲ့ပြောရဦးမယ် .. ဒီတစ်ခါတော့ ၁၀တိုးဖြစ်သွားပြီနော်”
“ရတယ် ..အေးဆေး ..အေးဆေး ..”
“ဟေ့ကောင် .. မင်းအဲဒီလိုတွေ လုပ်နေတော့ .. လကုန်ရင် လစာ ဘယ်ကျန်တော့မလဲကွ”
“မင်းသိလား ... ငါဒီရုံးမှာ ဆယ်နှစ်တိတိဘာလို့ မြဲနေတာလဲ ..”
“ဘာလို့လဲ .. “
“ငါ့ကို အောက်ခြေဝန်ထမ်းက အစ မန်နေဂျာလယ်ဗယ်အထိ ငါနဲ့မကင်းနိုင်ကြလို့ပဲ”
“မင်းကတော့ လေကြီးလေကျယ်ပြောပြီ”
“မင်းမယုံရင် .. မနက်ဖြန် ရုံးရောက်ရင် .. ကြိုက်တဲ့လူကို မေးကြည့်.. ငါ့ကို အလုပ်ထုတ်စေချင်လားလို့”
ဟုတ်ပါတယ်။ သူ့ကို တရုံးလုံး ဘယ်သူကမှ အလုပ်မထွက်စေချင်ပါ။ နောက်ဆုံး အလုပ်ထွက်ပြီးသွားတဲ့သူတွေကတောင် သူ့ကို အလုပ်မထွက်စေချင်ပါ။ တစ်ရပ်ကွက်လုံးကလည်း သူ့ကို အလုပ်မထွက်စေချင်ပါ။ တစ်ခါတုန်းက .. သူ ခွင့်မဲ့ ၃ရက်ဆက်တိုက်အလုပ်ပျက်သွားလို့ အလုပ်ထုတ်ဖို့ စာထုတ်လိုက်တဲ့အချိန်မှာ .. တစ်ရုံးလုံးရဲ့ ကန့်ကွက်မှုကို ကြုံတွေ့ခဲ့ရသလို၊ ရပ်ကွက်ထဲက လူတွေကလည်း ရုံးအရှေ့အထိလာပြီး အလုပ်မထုတ်ဖို့ တောင်းဆိုခဲ့ဖူးသည်။
“မင်းက .. ဘာလို့ အဲဒီလောက်တောင် လူချစ်လူခင်ပေါတာတုန်းဟ”
“ငါမနက်ဖြန် က စပြီး အလုပ်မလာတော့ဘူးဆိုရင် .. မင်းဘာလုပ်မလဲ”
“ဟာ .. အဲဒီလို မလုပ်ပါနဲ့ကွာ.. ငါ့ အကြွေးလေး ငါးသောင်းပေးပြီးမှ မင်းအလုပ်ထွက်ချင်ထွက်ပါ”
“ဒါဆို .. မနက်ဖြန်ကျရင် မင်းငါ့ကို ရုံးအတူတူသွားဖို့ ဝင်ခေါ်ပေး”
“အေး ..အေး ... ခေါ်မယ် ..ခေါ်မယ်”
ဒါကြောင့် သူကား သူများတကာတွေလိုမဟုတ်ဘဲ .. လကုန်ရက်ရောက်တိုင်း စိတ်ညစ်နေပြီး အခြားရက်တွေမှတော့ သာယာနေသူဖြစ်သည်။ ပြီးတော့ သူက .. အကြွေးမရှိတဲ့သူတွေကို အခုလို ပြောသေးသည်။
“ကြည့်စမ်း .. တစ်လ လုံးလုံး မြိုသိပ်ခြစ်ကုပ်ပြီး အလုပ်တွေလုပ်။ လကုန်ပြီးခါကစလေး နှစ်ရက်သုံးရက်လောက်ပဲ ပျော်ရတယ်။ တော်တော်သနားဖို့ကောင်းတဲ့လူတွေပဲ”
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory