
"" အပေးအယူ ""
အပိုင်း ( ၂ )
" ခင်ဗျား ... ကိုဟိန်းထက် မဟုတ်လား "
" ဗျာ "
ထိုသူမှာ မျက်ခုံးကိုပင့်လိုက်ပြီး အံ့ဩသွားဟန်ပြုလာ
သည်။ ပြီးနောက်။
" အစ်ကိုလူမှားနေပြီခင်ဗျ ... "
" ဟင် ... ရှင် ... ဒီကိုဘာလာလုပ်တာလဲ "
ဒါလီနွယ်၏ မာရေကျောရေစကားကို ဥပေက္ခာပြုလိုက်
ပြီး ထိုသူ၏မျက်နှာကိုသာ စေ့စေ့ကြည့်ကာ ထပ်မေး
လေသည်။
" မှားစရာမရှိပါဘူး ... ခင်ဗျား ကိုဟိန်းထက်ပါ ... "
" မဟုတ်ရပါဘူးဗျာ ... အစ်ကိုပြောတဲ့ကိုဟိန်းထက်ကို
သိလည်းမသိဘူး ... ကျွန်တော့်နာမည်ကလည်း ဟိန်း
ထက်မဟုတ်ဘူး ... ကျော်သီဟပါ ... "
" သူ့ကိုအရေးလုပ်မနေနဲ့ ကိုသီဟ ... နောက်ကျနေမယ်
... သွားလိုက်တော့နော် ... "
" ဟုတ်ကဲ့ ... ဒါဆို ကိုယ်သွားပြီ ဒါလီ ... "
ဒါလီနွယ်ကို ရွှန်းရွှန်းစားစားတစ်ချက်ကြည့်ပြီး ဂရုမစိုက်
ဟန်ဖြင့်ထွက်သွားသော ကျော်သီဟဆိုသူကို ကိုမြင့်ဇော်
လိုက်ကြည့်နေမိသည်။
" ဆိုပါအုံး ... ရှင်ဘာဇာတ်လမ်းတွေဆင်နေတာလဲ "
" ဒါက ငါမေးရမယ့်စကားကွ ... မင်းနဲ့ဒီကောင်နဲ့က
ဘာပတ်သက်တာလဲ "
" ဒီမယ် ကိုမြင့်ဇော် ... ရှင်နဲ့ကျွန်မက ခုချိန်မှာ ဘာမှ
သက်ဆိုင်ကြတော့တာမဟုတ်ဘူးနော် ... ပိုင်စိုးပိုင်နင်း
စကားတွေလာပြောမနေနဲ့ ... ကျွန်မဘာသာ ဘယ်လိုပတ်
သက်သက် ... ရှင့်အပူ တစ်ရွေးသားမှမပါဘူးရှင့် "
" ငါလည်းပတ်သက်ချင်လွန်းလို့မဟုတ်ဘူးကွ ... ဒီ
ကောင်က ဟိန်းထက်ဆိုရင် မင်းသူနဲ့လုံးဝမပတ်သက်
ဖို့လိုတယ် ... "
" ဘာရှင့် ... ရှင်ကအမိန့်လာပေးနေတာလား ... "
ဒါလီနွယ်မှာ ဒေါသတကြီးဖြင့် တုံ့ပြန်လာလေသည်။
" အမိန့်ပေးနေတာမဟုတ်ဘူး ... မပတ်သက်ဖို့သတိပေး
နေတာ ... မင်းတစ်ယောက်ထဲဆို ဘာဖြစ်ဖြစ် ငါ့အတွက်
အရေးကိုမကြီးဘူး ... ငါ့သမီးလေးအတွက်ဝင်ပြောနေရ
တာကွ "
" ကလေးဗန်းပြပြီး မဟုတ်ကဟုတ်က ဇာတ်လမ်းတွေ
လာထွင်မနေပါနဲ့ ... ရှင်နဲ့လုံးဝမပတ်သက်ချင်လို့ ကင်း
ကင်းရှင်းရှင်းနေနေတာ ... လွန်မလာနဲ့ ... ဒီထက်လွန်လာ
ရင် ကျွန်မလည်း ညှာမှာမဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထား
ပါ "
အော်ဟစ်ပြောဆိုပြီး ချာခနဲ လှည့်ထွက်သွားသော ဒါလီ
နွယ်၏လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည်။ မထင်
မှတ်ထားသော အပြုအမူကြောင့် ဒါလီနွယ်ကြောင်သွား
ခဲ့၏။
" အဲ့ကောင်က ဟိန်းထက်ဆိုရင် သူ့မယားကို ရေနစ်သတ်
ခဲ့ဖူးတဲ့ရာဇဝင်ရှိတယ်ဆိုတာ မင်းခေါင်းထဲထည့်ထား ... "
" ဖယ်စမ်းပါရှင် "
ဒါလီနွယ်က လက်ကိုဆောင့်ဆွဲပြီး အတင်းရုန်းက ခြံထဲ
သို့ ပြေးဝင်သွားလေတော့သည်။
ကိုမြင့်ဇော်မှာ ဒေါသအလျှောက်ပြောမိသော်လည်း ရင်
ထဲ၌ အပူကြီးပူနေမိသည်။ ဘာကိုပူမှန်းမသိ စိုးရိမ်စိတ်
က မြင့်တက်လာနေ၏။
လေးလံသောခြေလှမ်းများဖြင့် ကားရပ်ထားရာဆီသို့
တစ်လှမ်းချင်းလျှောက်လိုက်ပြီး ကားပေါ်တက်ထိုင်
လိုက်သည်။
ပြီးနောက် ချိန်းဆိုထားသောကိစ္စများဆီ မသွားနိုင်သေး
ဘဲ ကားပေါ်၌ ထိုင်ကာ အတိတ်ကို ပြန်လည် တွေးတော
နေမိလေတော့၏။
လွန်ခဲ့သော ( ၈ ) နှစ်ခန့်ကဖြစ်သည်။ ထိုစဉ်အခါက ကို
မြင့်ဇော်နှင့် ဒါလီနွယ်မှာ အိမ်ထောင်ကျပြီး တစ်နှစ်ခန့်
သာ ရှိသေးသည်။
" ဆရာ ... ဆရာကိုမြင့်ဇော်ရှိပါသလားရှင် "
အိမ်ရှေ့၌ ခေါ်နေသော အမျိုးသမီးတစ်ယောက်အသံ
ကြောင့် ထွက်ကြည့်လိုက်၏။
အသားဖြူဖြူ၊ ဝဝခန့်ခန့်၊ ငယ်စဉ်က ရုပ်ရည်ချောမော
ပုံရသော အသက် ( ၆၀ ) ဝန်းကျင်ခန့်ရှိ မျက်နှာစိမ်းအ
မျိုးသမီးတစ်ယောက်နှင့် လူလတ်ပိုင်းတစ်ယောက်ကို
တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် မြန်မာဝတ်စုံကို သပ်သပ်ရပ်ရပ်
ဝတ်ဆင်ထားပြီး ဆံထုံးခပ်တွဲတွဲထုံးထားလေသည်။
ကြည့်ရသည်မှာ လူကုံထန်အသိုင်းအဝိုင်းထဲက ဖြစ်ပုံ
ရ၏။
" ကျွန်တော် ကိုမြင့်ဇော်ပါအန်တီ ... ဘာကိစ္စများရှိလို့
ပါလဲခင်ဗျ "
" အဆင်သင့်တွေ့ရလို့ ဝမ်းသာလိုက်တာ ... အမှုအပ်
ချင်လို့ပါဆရာရယ် "
" ဟုတ်ကဲ့ ... အထဲကြွကြပါခင်ဗျ "
ထိုအမျိုးသမီးနှင့်အတူပါလာသော လူမှာ အသက် ( ၃၅ )
နှစ်ခန့်ရှိပြီး ဒါရိုင်ဘာဖြစ်ဟန်တူလေသည်။ ထိုသူက
ကားအနားတွင် စောင့်မည်ဟု တရိုတသေ ပြောပြီး
ထွက်သွားသည်။
ကိုမြင့်ဇော်က နေရာထိုင်ခင်းပေးပြီး အအေးသွားယူ
သည်။ လင်ဗန်းပေါ်အအေးခွက် နှစ်ခွက်တင်ကာအိမ်
အပေါ်ထပ်သို့ တစ်ချက်မော့ကြည့်လိုက်သည်။
ဒါလီနွယ်မှာ မည်သည့်ဧည့်သည်လာလာ စိတ်မဝင်စား၊
သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် ကိုမြင့်ဇော်သက်ပြင်းချ
ကာ ထိုအမျိုးသမီးထံသို့ လျှောက်လှမ်းသွားလိုက်၏။
" သုံးဆောင်ပါအန်တီ "
" ဟုတ်ကဲ့ ... ဟိုလေ ... အန်တီ့သားလေး အမှုတစ်ခုရင်
ဆိုင်နေရလို့ကူညီပါအုံးကွယ် ... "
" ဟုတ် ... ဘာအမှုလဲခင်ဗျ "
" လူသတ်မှုပါဆရာ "
" ဗျာ ... အော် ... ဟုတ် ... အကြောင်းစုံလေး ပြောပြပါ
အုံးအန်တီ "
" ဒီလိုကွယ် ... အန်တီ့နာမည်က ဒေါ်စန်းစန်းတင့်ပါ ...
အန်တီ့မှာသားတစ်ယောက်ရှိတယ် ... သားနာမည်က
တော့ မောင်ဟိန်းထက်လို့ခေါ်ပါတယ်ဆရာ "
" ဟုတ်ကဲ့အန်တီ ... ကျွန်တော့်ကိုဆရာလို့မခေါ်ဘဲ
တူလိုသားလိုပဲ ခေါ်ပါခင်ဗျ "
" အော် ... အေးပါကွယ် ... ဒီလိုပါသားရေ ... အန်တီတို့က အမေတစ်ခု သားတစ်ခုနေကြတာ ... အဲ့လိုနေလာရင်း မနှစ်ကပေါ့ကွယ် သားလေးက အိမ်ထောင်ပြုလိုက်တယ် ... ကလေးမလေးနာမည်ကမဉ္ဇူအေးတဲ့ ... အစကတော့ရိုးရိုးယဉ်ယဉ်လေးဆိုပြီးသမီးလေးလိုချစ်ပေးခဲ့ပါတယ် ... ဒါပေမယ့် လူအကြောင်း ပေါင်းမှသိဆိုတာ သိပ်မှန်တာပဲသားရယ် ... "
" ဟုတ်ကဲ့ "
ကိုမြင့်ဇော်က သူနားထောင်နေကြောင်းပြသသည့်အနေ
ဖြင့် ပြောလိုက်သည်။ ဒေါ်စန်းစန်းတင့်ကလည်း ပြောလက်စ ဆက်ပြောလာသည်။
" ကလေးမက ကြာလာတော့ အန်တီ့ကို လေးစားရမှန်း
လည်းမသိ... ရိုသေရမှန်းလည်းမသိဖြစ်လာပြီး ပြောရရင်
မာနတလွှားလွှားနဲ့ သူပဲသိ... သူပဲတတ်တဲ့ အချိုးမျိုးတွေ
ချိုးလာတယ်... အဆိုးဆုံးကတော့ကွယ် အန်တီ့ကိုနေ့
တိုင်းပြဿနာရှာပဲ ... အန်တီလည်းသည်းခံနိုင်သလောက်
သည်းခံပေးခဲ့ပါတယ် ... ဒါပေမယ့် အန်တီ့သားက သည်း
မခံနိုင်တော့ဘူးလေ ... ကိုယ့်အမေကို နေ့တိုင်း ဆူဆောင့်
အောင့်နေတဲ့မိန်းမကို ရေရှည်ဘယ်သူက သည်းခံနိုင်
မှာလဲမဟုတ်လား ... အဲ့ဒါနဲ့သူတို့ချင်းချင်းစကားများရင်း
လက်လွန်ခြေလွန်ဖြစ်ပြီး ကလေးမလေး သေသွားခဲ့
တယ်... "
" စိတ်မကောင်းစရာပါလားဗျာ "
" ဟုတ်ပါတယ်သားရယ် ... အန်တီက ဒီလိုဖြစ်လာမှာကြို
မြင်လို့ သားကိုပြောတယ် ... ကွဲလိုက်ပါ ... ကွာလိုက်ပါ ...
အမြဲနားချတယ် ... သားကခေါင်းကိုမာတာ ... ခုတော့
သူလည်းအချုပ်ထဲရောက်နေပြီ ... ကလေးမလေးဘက်
ကလည်း အမှုမရုတ်သိမ်းပေးဘူး ... ထောင်ကျအောင်
ချမယ်တဲ့ ... "
" ဟိုဘက်ကတရားစွဲထားပြီလားဗျ "
" နောက်တစ်ပတ် ရုံးချိန်းလို့အကြောင်းကြားလာတော့
စွဲပြီနေမှာပေါ့နော် ... အန်တီလည်း နားမလည်လို့ ... ဒီ
စာရွက်တွေ ပို့လာတယ် "
ကိုမြင့်ဇော်က ဒေါ်စန်းစန်းတင့် ကမ်းပေးလာသော စာ
ရွက်များကို ယူကြည့်လိုက်သည်။
" ဟုတ်တယ်ဗျ ... တရားရင်ဆိုင်ရတော့မှာ ... အန်တီတို့
တခြားရှေ့နေငှားထားသေးလား "
" မငှားရသေးဘူး ... အန်တီ့မိတ်ဆွေတစ်ယောက်က
ရှေ့နေကိုမြင့်ဇော်ဆိုတာတော်တယ် ... ထက်တယ်တဲ့ ...
သူ့ဆီသွားပါဆိုပြီး ညွှန်လိုက်လို့ ရောက်လာတာပါ "
" ဟုတ် "
" ဒါဆို ဒီအမှုတွဲစာရွက်တွေက မိတ္တူရှိသေးလား "
" မရှိဘူးကွဲ့ "
" ဒါဆိုရင် မိတ္တူကူးပြီး ကျွန်တော့်ကို တစ်စုံလာပြန်ပို့
ပေး ... ဒီည ကျွန်တော်ဖတ်ကြည့်ပြီးမှ ဘာလုပ်သင့်တယ်
ပြန်ပြောပေးပါ့မယ် ... "
" ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ကူးပြီးတာနဲ့ ဒီမှာပဲလာပို့ပေး
လိုက်မယ်နော် "
" ဟုတ် ... တကယ်လို့ ကျွန်တော်မရှိရင် ကျွန်တော့်အမျိုး
သမီး ရှိတယ်ဗျ ... သူ့ကိုမှာခဲ့လိုက်မယ် ... သူ့ဆီပေးထား
လိုက်ပါအန်တီ "
" အေးပါသားရယ် ... ဒါနဲ့ အမှုအတွက် ဘယ်လောက်
လောက်များ ယူမလဲမသိဘူး "
" လူသတ်မှုဆို တခြားအမှုထက်တော့ ပိုတယ်ခင်ဗျ ...
ဒီလိုလုပ်လေ ... ဒီည ဖတ်ကြည့်ပြီးမှ ဘယ်လောက်ယူ
မယ် ပြန်ပြောပေးရင် အဆင်ပြေမလားအန်တီ "
" ရပါတယ်ကွယ် ... အဆင်ပြေပါတယ် ... "
ဒေါ်စန်းစန်းတင့်က တစုံတခုကို ပြောချင်နေဟန်ရကြောင်း ကိုမြင့်ဇော်ရိပ်မိနေသည်။
" အန်တီလိုအပ်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြော
လို့ရပါတယ်ခင်ဗျ "
" ဟိုလေ ... သားအမှုအကြောင်းအရာဖတ်ပြီးရင်လည်း
သိမှာပါ ... အန်တီဖြစ်ချင်တာက ကလေးမလေးကိုယ်
ပေါ်မှာလေ... သူတို့ရန်ဖြစ်တုန်းက ဒဏ်ရာလေးနည်းနည်းပါးပါးရထားတာကလွဲပြီး တခြားထင်ရှားတဲ့သက်
သေမရှိပါဘူး ... အဲ့ဒါကြောင့် ကွင်းလုံးကျွတ်လွတ်
အောင် ကြိုးစားပေးလို့ရရင် ကြိုးစားပေးစေချင်တယ် ...
အဲ့ဒါအတွက်လည်း မနစ်နာအောင် ကန်တော့ပါ့မယ် "
ကိုမြင့်ဇော်သည် ဒေါ်စန်းစန်းတင့်၏ ဆိုလိုရင်း အဓိပ္ပါယ်
ကို သိသော်လည်း ယတိပြတ်မပြောဘဲ စကားလှအောင်
သာ ပြောလိုက်သည်။
" ဟုတ်ကဲ့ ... ကျွန်တော် အမှုအသွားအလာအရင်ဖတ်
ကြည့်ပါအုံးမယ်အန်တီ ... ပြီးတော့ပြန်ဆွေးနွေးတာပေါ့ "
ဒေါ်စန်းစန်းတင့်ပြန်သွားပြီး အလုပ်ကိစ္စရှိနေသေးသဖြင့်
အပြင်သို့ထွက်သွားခဲ့သည်။ အိမ်ပြန်ရောက်လာသော
အခါ ဒါလီနွယ်က ဖိုင်တစ်ခုကို ယူလာပေး၏။
ထိုတစ်ညလုံး အမှုအကြောင်းကို ဖတ်ရင်း စဉ်းစားခန်း
ဝင်မိတော့သည်။ မဉ္ဇူအေးမှာ ခြံထဲရှိ ရေကူးကန်၌ သေ
ဆုံးခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အညိုအမည်းဒဏ်ရာအချို့ရှိသည်ဟုပါရှိသည်။
ထို့နောက် ဟိန်းထက်၏ ရင်ဘတ်နှင့် မျက်နှာပေါ်၌လည်း
ကုတ်ခြစ်ရာများရှိနေသည်ဟု ရေးထား၏။ ထိုအချက်သည် အမှုအတွက် အရေးကြီးသောအချက်ဖြစ်သလို
မှုခင်းဆရာဝန်၏ ဆေးစစ်ချက်ကလည်း အရေးကြီး
သည်။
မဉ္ဇူအေးက အဆုတ်ထဲရေဝင်ထားသော လက္ခဏာတွေ့
ရကြောင်း၊ အခြားထိခိုက်ဒဏ်ရာကြီးကြီးမားမားမရှိ
ကြောင်းနှင့် ရေနစ်သေဆုံးသော လက္ခဏာနှင့်ဆင်တူ
ကြောင်း ရေးထား၏။
ထို့ကြောင့် မဉ္ဇူအေး၏ အလောင်းပုံကို တောင်းရမည်
ဟု တွေးရင်း တစ်ညကုန်ဆုံးသွားခဲ့လေသည်။
နောက်တစ်နေ့ညနေခင်းတွင် ဒေါ်စန်းစန်းတင့်နှင့်အတူ
နောက်ထပ်အမျိုးသမီးတစ်ယောက်အတူပါလာသည်။
ထိုအမျိုးသမီးက အိမ်အကူဟုသိရသည်။
ကိုမြင့်ဇော်က ထိုအိမ်အကူကို စကားအစ်မေးကြည့်
သော်လည်း မည်သည်မှ မသိ၊ မကြားဟုသာ တွင်တွင်
ခေါင်းခါနေလေသည်။
သို့သော် သူမ၏မျက်လုံးထဲ၌ ကြောက်ရွံ့နေသော အရိပ်
အမြွက်အချို့ကို မြင်နေရ၏။ ကိုမြင့်ဇော်လည်းဆက်
မမေးတော့ဘဲ လက်လျော့လိုက်ရသည်။
" ဒေါ်ပြုံးရေ ... သွား ... ကားပေါ်သွားစောင့်ချေ "
အိမ်အကူမိန်းမကြီး ခပ်ကုတ်ကုတ် ထွက်သွားမှ ဒေါ်စန်း
စန်းတင့်က ဆက်ပြောသည်။
" အန်တီ့သားလေးကို ကွင်းလုံးကျွတ်လွတ်အောင်ကူညီ
ပေးနိုင်မလား ... ကူညီမယ်ဆိုရင် အန်တီ့အနေနဲ့ ... နင့်နင့်
နဲနဲ ပေးဖို့ အဆင်သင့်ပါ ... "
" ခင်ဗျာ ... "
" ဟိုလေ ... သားလေးကွင်းလုံးကျွတ်လွတ်မယ်ဆိုရင်
ဘယ်လောက်ကုန်ကုန်ပါသားရယ် ... အဲ့ဒါပြောတာပါ "
" ဟုတ်ကဲ့ ... ကျွန်တော်လည်းအမှုအကြောင်း ဖတ်ကြည့်
ပြီးပါပြီ ... မဉ္ဇူအေးဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ရေနစ်သေဆုံးကြောင်း သက်သေပြဖို့နေရာမှာ သိပ်မလွယ်ဘူးအန်တီ ... ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံးမှာ ကုတ်ခြစ်ထားတဲ့ဒဏ်ရာတွေရှိနေတယ် ... နောက်ပြီး
အိမ်ကရေကူးကန်မှာသေတာ ... သူရေကူးတတ်ရင် ကြွက်တက်တာကလွဲလို့ ရေနစ်စရာအကြောင်းမရှိဘူး ... နောက်တစ်ချက်က ရေမကူးတတ်ဘူးဆိုရင်လည်း ရေ
ကန်ထဲပြုတ်ကျစရာအကြောင်းမရှိဘူး ... ညကြီးမင်းကြီးအချိန်... ဘယ်သူမှမရှိချိန်ဗျာ ...ဘယ်သူကများ ရေမကူးတတ်ဘဲ ရေကန်နားသွားရပ်နေမလဲ မဟုတ်လား ... အဓိကအချက်ကတော့ ...ဟိုဘက်က တင်လာတဲ့ အမှုတွဲထဲမှာ မဉ္ဇူအေးရေမကူးတတ်ကြောင်း ထည့်ရေးထားတယ်ခင်ဗျ ...သူတို့ဘယ်လိုသက်သေတွေတင်လာမလဲစောင့်ကြည့်ရအုံးမှာပေါ့ ... ကွင်းလုံးကျွတ်လွတ်ဖို့တော့
မဖြစ်နိုင်ဘူး ... ဒါပေမယ့် ပြစ်ဒဏ်သက်သာအောင်တော့ ကြိုးစားပေးနိုင်ပါတယ် "
ကိုမြင့်ဇော်၏စကားကြောင့် ဒေါ်စန်းစန်းတင့် မျက်နှာ
ပျက်ယွင်းသွားလေသည်။ အားလျော့သွားဟန်လည်း
ရ၏။
" သက်သာအောင်ဆိုရင်တောင် ဘယ်နှနှစ်လောက်ကျ
နိုင်လဲကွယ် "
" ခုနှနှစ်လောက်တော့သေချာတယ်အန်တီ ... ဒါပေမယ့်
လျော့ရက်တွေရယ်... အထဲရောက်သွားလို့ လိမ်လိမ်မာမာနေရင် နေသလို လျော့ပေါ့ပေးကြမှာပါ ... "
ဒေါ်စန်းစန်းတင့်က တရှုံ့ရှုံ့ ငိုလာလေတော့သည်။
" အန်တီဘယ်လိုလုပ်ရမလဲသားရယ် ... "
" ကျွန်တော်လည်းစိတ်မကောင်းပါဘူး ... "
" တရားသူကြီးကို ကန်တော့ရင်ရော မရဘူးလားကွယ် "
ကိုမြင့်ဇော်က ဒေါ်စန်းစန်းတင့်ကို စူးစိုက်ကာ ကြည့်
လာသည်။
" အန်တီ့သဘောပါ ... ကိုယ်တိုင်ဝင်ကြည့်လိုက်ပေါ့ ...
သူ့ကိုစွဲထားတဲ့ရုံးက အမိန့်ချမယ့်တရားသူကြီးနာမည်က
ဦးထူးလွင်တဲ့ဗျ ... ကျွန်တော်သိရသလောက်ကတော့
လာဘ်ပေးလာဘ်ယူလုပ်လေ့မရှိဘူး ... ခင်ရာမင်ရာက
နေဝင်ကြည့်ချင်ဝင်ကြည့်ပေါ့ "
" ကျေးဇူးပါသားရယ် ... သားကိုတော့ ဒီအမှုကိုအပ်ပါ
တယ် ... အစွမ်းကုန်ကူညီပေးပါနော် "
ကိုမြင့်ဇော်က ခေါင်းကိုအသာညိမ့်ပြလိုက်လေသည်။
နောက်တစ်ပတ် ပထမဆုံးရုံးချိန်းတွင် သေဆုံးသူမိန်း
ကလေး မဉ္ဇူအေး၏ မှုခင်းဓါတ်ပုံကို မြင်တွေ့ရသည်။
မိန်းကလေးမှာ အသက် ( ၂၄ ) နှစ်အရွယ်ဖြစ်ပြီး ရုပ်
ချောသည်။
တကိုယ်လုံးပြာနှမ်းနေသော်လည်း ခန္ဓာကိုယ်မှာ ရှိုက်ဖို
ကြီးငယ်အသွယ်သွယ်ဖြင့် လှပနေဆဲပင်။ ကိုမြင့်ဇော်
က ထိုပုံကိုကြည့်ကာ သနားဂရုဏာသက်မိနေသည်။
အသက် ( ၂၄ ) ဆိုသည်က ငယ်လွန်းသေးသည်။ မသေ
သင့်ပါဘဲ အသတ်ခံရ၍ သေဆုံးခဲ့ရသော မိန်းကလေး
အတွက် စိတ်မကောင်းနေပေ။
ဓါတ်ပုံကိုစူးစိုက်ကြည့်နေရင်း သူ၏ဆံပင်များထောင်
လာသကဲ့သို့ ခံစားလိုက်ရပြီး ရှိန်းတိန်းတိန်းဖြစ်လာသဖြင့်
ဖိုင်ထဲပြန်ထည့်ထားလိုက်ရသည်။
ထိုနေ့ည အိမ်ပြန်ရောက်ပြီး သူ၏ခေါင်းက လေးလေး
ကြီးဖြစ်နေသဖြင့် နားနေစဉ် ဒေါ်စန်းစန်းတင့်က ဖုန်း
ဆက်လာလေသည်။
" ဦးထူးလွင်ဆီဝင်ပေးမယ်တဲ့သားရေ ... "
" ဟုတ်လားအန်တီ ... ဘယ်သူဝင်ပေးမှာလဲ "
" သူက ဦးထူးလွင်နဲ့ ညီအစ်ကိုလိုနေတာကွဲ့ ... အန်တီ့
ကိုစိတ်မပူပါနဲ့တဲ့ ... အမှုကိစ္စလည်းသူလိုက်ပေးပါမယ်
တဲ့ ... မနက်ဖြန် သားနဲ့လာတွေ့မယ်လို့ပြောတယ် "
" ဟုတ်ကဲ့ ... ညနေဘက်လောက်မှတွေ့လို့ရမယ်ဗျ ...
မနက်ပိုင်းက လက်မှတ်ထိုးမယ့် မင်္ဂလာစုံတွဲတစ်တွဲ
ရှိသေးတယ် ... တခြားအမှုလေးတွေလည်းရှိနေသေး
လို့ "
" အဲ့လိုဆို ဘယ်အချိန်လောက်ချိန်းလိုက်ရမလဲသား "
" အင်း ... ညနေ ငါးနာရီနောက်ပိုင်း အဆင်ပြေလား
အန်တီ "
" အေး ... အေး ... သူ့ကိုအဲ့လိုပြောပြလိုက်မယ်နော် "
" ဟုတ်ကဲ့ "
ဒေါ်စန်းစန်းတင့်နှင့် ဖုန်းပြောနေစဉ် ဖုန်းထဲ၌ အသံပြတ်
တောက်သွားပြီး စူးရှရှ အသံလိုင်းတစ်ခု ဝင်လာခဲ့သည်။
ကိုမြင့်ဇော်မှာ နဂိုကမှ ခေါင်းကိုက်သလိုလို လေးလံရ
သည့်အထဲ ထိုအသံကြောင့် နားပါအူသွားရသည်။
ဖုန်းကိုနားနှင့်ခွါထားရ၏။ ပြီးမှ နားသို့ပြန်ကပ်ကြည့်
ရာ တစုံတယောက်စကားပြောနေသံကဲ့သို့ကြားလိုက်ရ
သည်။
သို့သော် သဲသဲကွဲကွဲတော့မဟုတ်ချေ။ ငိုသံစွက်နေသော
အသံမျိုးနှင့်ပလုံးပထွေးအသံဖြစ်သည်။ သေချာစွာနား
စိုက်ထောင်ကြည့်သော် မကြားရတော့ပေ။ ဒေါ်စန်းစန်းတင့် ငိုရင်းပြောနေခြင်းသာဖြစ်မည်ဟု မှတ်ချက်ချလိုက်လေသည်။
" အား "
ဒါလီနွယ်က အိမ်နေရင်း ကြောက်လန့်တကြားအော်ဟစ်
လာသဖြင့် ကိုမြင့်ဇော်လည်း ထိတ်လန့်သွားကာ ထထိုင်
လိုက်သည်။
" ဘာဖြစ်တာလဲနွယ် "
ဒါလီနွယ်မှာ တကိုယ်လုံးတုန်ယင်နေပြီး ဇောချွေးများ
ပျံနေ၏။ ကြောက်အားလန့်အားဖြင့် ကိုမြင့်ဇော်ကို အ
တင်းဖက်ထားသည်။
" အိပ်မက်ဆိုးမက်တာလား ... ကို ရေသွားယူပေးမယ် ...
ခဏလေး "
" မသွားနဲ့ ... ဒီမှာပဲနေလို့ "
" အင်းပါ ... မကြောက်နဲ့ ကိုရှိတယ် "
ကိုမြင့်ဇော်က ပြန်လည်ထွေးပွေ့ပြီး ဖက်ထားပေးလေ
သည်။
" ဘာအိပ်မက်တွေမက်လို့ အဲ့လောက်ကြောက်နေရတာ
လဲ နွယ်ရဲ့ ... "
" ထူးဆန်းလိုက်တာ ... မိန်းကလေးတစ်ယောက် နွယ်တို့
ကုတင်ဘေးမှာလာရပ်ပြီး ... သူကလဲ့စားချေချင်လို့ နွယ်
နဲ့အတူနေပါစေတဲ့ ... အဲ့လိုလာပြောတယ် "
" နွယ်က ရုပ်ရှင်တွေကြည့်ပြီးစိတ်စွဲတာနေမှာပါ "
" ဒီနေ့ဘာမှမကြည့်ဘူး ... အလုပ်များနေလို့ ကိုရီးယား
အပိုင်းဆက်တောင် လွတ်သွားတာကို ... "
" မနေ့ကကြည့်ရင်လည်း မသိစိတ်ကစွဲတာပဲ "
" ကိုက နွယ်ပြောတာ မယုံဘူးလား "
" မဟုတ်ပါဘူးကွာ ... ယုံပါတယ် "
" သူကပြောတယ် ... သူ့ကိုနေခွင့်ပေးရင် နွယ့်အလုပ်တွေ
သူကူပေးမယ်တဲ့ ... "
" ဘယ်လို "
" သူကအပေးအယူလာလုပ်တာ ... သူ့ကိုနွယ်က နေခွင့်
ပဲပေး ... သူက နွယ့်အလုပ်တွေကူပေးမှာ ... အဲ့လိုမျိုး "
" ဘယ်လိုအပေးအယူကြီးလဲ ... နွယ်ကသရဲနဲ့ အပေးအယူ
လုပ်တာလား ... ဟား ... ဟား "
ကိုမြင့်ဇော်၏ရယ်ရင်းပြောလိုက်သောစကားကို ဒါလီ
နွယ်က မကြိုက်သလိုပြန်ကြည့်လာသည်။
" စိတ်ကောက်ပြီ ... ကိုကအလကားနောက်တာပါ "
" နောက်နေပေါ့ ... ဒီမှာကြောက်လို့သေတော့မယ်သိလား "
" ဒါဆိုနွယ်က အပေးအယူလုပ်ဖို့ သဘောတူလိုက်တယ်
ပေါ့ "
" အင်း "
ဒါလီနွယ်က အသံတုန်တုန်ယင်ယင်နှင့်ပြန်ဖြေလာသဖြင့်
ကိုမြင့်ဇော်က တိုး၍ဖက်ထားလိုက်တော့၏။
နောက်ရက်ညနေတွင် ဒေါ်စန်းစန်းတင့်နှင့်အတူ လူတစ်
ယောက်ပါလာသည်။ ထိုသူမှာ ဌာနတစ်ခု၌ အရေးပါ
အရာရောက်သောသူလည်းဖြစ်သည်။
" ကိုဟိန်းထက်က အဲ့ညမှာ တခြားရောက်နေတယ်ဆိုပြီး
အလီဘိုင်ပြနိုင်ဖို့လိုတယ် ... "
ကိုမြင့်ဇော်က ၎င်းတို့ပြောဆိုနေသည်များကို နားထောင်
ရင်း စိတ်လက်မကြည်သာနေပေ။ လူသတ်မှုတစ်ခုလုံး
ဖျောက်ဖျက်ရန် ကြံဆောင်နေမှု၌ ယုတ္တိမတန်လှသော
အကြောင်းပြချက်များက စိတ်ကိုညိုးနွမ်းလာစေသလို
ဖြစ်ပေါ်နေသည်။
ထို့ကြောင့်အလိုက်အထိုက်သာ ဝင်ရောက်ဆွေးနွေးပေး
ခဲ့လေသည်။ တရားသူကြီးဦးထူးလွင်အကြောင်းကို သိ
နေသူဖြစ်၍ မည်ကဲ့သို့ ဇာတ်ညွှန်းရေးရေး မူရင်းဇာတ်
လမ်းပြောင်းလဲသွားမည်မဟုတ်မှန်းလည်း သိနေခဲ့၏။
နောက်ရုံးချိန်းတွင် တရားလိုဘက်မှ သက်သေတင်လာ
သည်။ ထိုသက်သေမှာ ဒေါ်စန်းစန်းတင့်တို့ အိမ်ချင်းကပ်
အိမ်က ဒေါ်လှငွေ ဆိုသူမိန်းမကြီးဖြစ်သည်။
ထိုအမျိုးသမီး၏ ထွက်ဆိုချက်များမှာ ကြောက်ခမန်း
လိလိဖြစ်၍ ပြစ်မှုက လွတ်မြောက်ဖို့ရန် မလွယ်ကူသည့်
ကြားထဲ ဒေါ်စန်းစန်းတင့်ပါ ကြံရာပါအဖြစ် စွဲဆိုခံရဖို့
ရှိလာသည်။
" အခင်းဖြစ်တဲ့ နိုဝင်ဘာလ ၂၃ ရက်ညမှာ ဒေါ်စန်းစန်း
တင့်တို့အိမ်က စကားများရန်ဖြစ်နေသံကြားပါတယ်ရှင့်...
ခါတိုင်းလည်း ရန်ဖြစ်နေကြမလို့ နားစွင့်မိတယ်ဆိုရုံပဲ
နားထောင်မိပါတယ်... အဲ့ဒီအချိန်မှာ ဒေါ်စန်းစန်းတင့်
က ' ဟဲ့ကောင်မ ... နင်မရှိမှ အေးမယ် ... ဂြိုလ်ကောင်မ '
ဆိုပြီး အော်သံကြီးထွက်လာလို့ ကျွန်မလည်းမနေနိုင်တော့ဘဲ ပြတင်းပေါက်ကနေ ခန်းဆီးကိုလှပ်ရင်း ချောင်းကြည့်
မိတယ် ... သူတို့တစ်အိမ်လုံး တံခါးပိတ်ထားလို့ ဘာမှ
တော့ မတွေ့မမြင်ခဲ့ရဘူး ... အသံလည်းတိတ်သွားပါတယ် ... သူတို့ရန်ဖြစ်တာပြီးသွားပြီဆိုပြီး ကျွန်မလည်း
ဘုရားရှိခိုးနေလိုက်ပါတယ် ... ကျွန်မဘုရားရှိခိုးရင် တစ်
နာရီကျော်ကြာပါတယ်ရှင့် ... ဘုရားရှိခိုးပြီးလို့ အိပ်ရာဝင်တော့ည ( ၁၁ ) နာရီကျော်နေပါပြီ ... အိပ်မပျော်တပျော်အချိန်မှာ သူတို့အိမ်ဘက်ကနေ တချွတ်ချွတ်အသံကြား
လိုက်ရလို့ အိပ်မပျော်တော့ပါဘူး ... အဲ့ဒါနဲ့တစ်ခါ ထပ်
ချောင်းကြည့်ခဲ့ပါတယ် ... ဟိန်းထက်ဆိုတဲ့ကောင်လေး
က သူ့မိန်းမကို ရေကန်ထဲပွေ့ချီလာတာတွေ့ရပါတယ်
ရှင့် ... ဒေါ်စန်းစန်းတင့်ကတော့ ရေကန်ဘေးကနေ ရပ်
ကြည့်နေတာပါ ... ပြီးတာနဲ့ ကောင်လေးကသူ့မိန်းမကို
ရေထဲနစ်ထားပါတယ် ... "
" တရားသူကြီးမင်းခင်ဗျာ ... မေးခွင့်ပြုပါ "
ကိုမြင့်ဇော်က မတ်တပ်ထရပ်လိုက်ပြီးဒေါ်လှငွေကို မေးလိုက်သည်။
" သူတို့အိမ်ကမီးမဖွင့်ထားဘူးလို့ ခုနကပြောထားပါ
တယ် ... ညဘက်အမှောင်ထဲ တရားခံကိုဟိန်းထက် ပွေ့
ချီလာတာ သူ့ဇနီး မဉ္ဇူအေးပါလို့ ဘယ်လိုအတပ်သိတာ
ပါလဲခင်ဗျာ "
" သိတာပေါ့ရှင် ... သူတို့က တစ်အိမ်လုံး လူလေးယောက်
ပဲရှိတာ ... အသက်ကြီးကြီးအမျိုးသမီးက သူတို့အိမ်အကူ
ပါ ... မောင်ဟိန်းထက်ပွေ့ချီသွားတာက ဆံပင်ကျောလယ်လောက်ရှိပြီး ကိုယ်နေဟန်ထားက သူ့ဇနီးနဲ့ တစ်ထပ်
ထဲတူပါတယ် ... သူ့ဇနီးအလောင်းကိုလည်း ရေကန်ထဲက
တွေ့တာပဲမဟုတ်လားရှေ့နေကြီးရဲ့ "
" ဟုတ်တော့ဟုတ်ပါတယ် ... အဖြေနှစ်ခုက ကွဲလွဲနေလို့
မေးတာပါခင်ဗျာ "
" ဟုတ်ကဲ့ ... သူ့ဇနီးသေချာပါတယ်ရှင် ... "
" ဒါဆို မမဉ္ဇူအေးက ရုန်းခြင်းကန်ခြင်းလုံးဝမရှိဘူး
ပေါ့ "
" မရှိပါဘူး ... ကျွန်မအထင် မေ့မျောနေတယ်လို့ထင်ပါ
တယ် "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
ဒေါ်လှငွေက ဆက်ပြီးထွက်ဆိုရန်ပြင်စဉ်တရားလိုရှေ့နေကလည်း မေးမြန်းရန်ခွင့်တောင်းလာ၏။
" မမဉ္ဇူအေးကို ရေထဲနစ်တာ ဘယ်လောက်ကြာသလဲ
မှတ်မိပါသလား "
" အသေအချာတော့မမှတ်မိပါဘူး ... ကျွန်မခန့်မှန်းရသ
လောက် ၁၅ မိနစ်လောက်ကြာမယ်ထင်ပါတယ် ... "
" ရေကန်ထဲဆက်တိုက်နစ်ထားတာလား "
" ဟုတ်ပါတယ် ... ဟိန်းထက်ရော သူ့မိန်းမရော ရေကန်
ထဲမှာပါ ... သူ့မိန်းမကိုလက်နဲ့ဖိထားတာပါ... "
" မေးမြန်းခွင့်ပြုပါတရားသူကြီးမင်းခင်ဗျာ ... "
" အဲ့ဒီအချိန်မှာ ဒေါ်လှငွေကရော တစုံတယောက်ကို
အကူအညီမတောင်းဘဲ ဒီတိုင်းကြည့်နေပါလားခင်ဗျ "
ကိုမြင့်ဇော်က ပြန်လည်မေးမြန်းလိုက်သည်။
" အဲ့ဒီညက ကျွန်မအိမ်မှာ ကျွန်မနဲ့ မြေးလေးနှစ်ယောက်
ဘဲ ကျန်ခဲ့တာပါ ... သားနဲ့ချွေးမက ခရီးဝေးသွားနေပါ
တယ် ... "
" အော်ဟစ်တားဆီးလို့ရရဲ့သားနဲ့ မတားခဲ့တာလား "
" ကန့်ကွက်ပါတယ်ခင်ဗျာ ... "
တရားလိုရှေ့နေက ဝင်ရောက်ပြောဆိုလာသည်။
" ယခုအမှုကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထပ်မံချိန်းဆို
လိုက်သည် "
တရားသူကြီးဦးထူးလွင်က ရုံးချိန်းရက်ပြောဆိုပြီး တရား
ခွင်ကို ရပ်နားလိုက်လေသည်။
ကိုမြင့်ဇော်သည် တရားခံဟိန်းထက်နှင့်တွေ့ဆုံခွင့်ရ
သဖြင့် သိလိုသမျှကို ခပ်တိုးတိုးမေးကြည့်သည်။
" ဒီနေ့သူတို့ဘက်ကတင်တဲ့ သက်သေက မခေဘူးဗျ ..
အဲ့ညက သူပြောတဲ့အတိုင်းဖြစ်ခဲ့ကြတာလားကျွန်တော်
သိချင်တယ် "
" ရှေ့နေကြီးလည်း သဘောပေါက်မှာပါ "
" ဟုတ်ပါပြီ ... ဒီနေ့ထွက်ဆိုချက်တွေအရ ခင်ဗျားအမေ
ပါ အမှုတွဲထဲ ပါနေပြီဆိုတာ နားလည်မယ်ထင်တယ် ... "
" ကျွန်တော့်အမေကို အပါမခံနိုင်ဘူး ... ရှေ့နေကြီး အမေ
နဲ့တိုင်ပင်ပြီး ကူညီပေးပါဗျာ "
ဒေါ်စန်းစန်းတင့်မှာ သစ်ပင်အောက်၌ထိုင်ကာ သားဖြစ်
သူကို အဝေးကကြည့်ရင်း မျက်ရည်ကျနေလေသည်။
" ကျွန်တော်အတတ်နိုင်ဆုံးတော့ကူညီမှာပါ ... "
ထိုသို့ပြောပြီးနောက်ရုံးချိန်းအတွက် ဆွေးနွေးရန် ဒေါ်စန်း
စန်းတင့်ကို ချိန်းဆိုခဲ့ပြီး အိမ်ပြန်လာခဲ့လေသည်။
" နွယ် နေလို့မကောင်းဘူး ကို "
အိမ်သို့ရောက်ရောက်ချင်း ဒါလီနွယ်က ဆီးကြိုကာ
ညှိုးငယ်သောမျက်နှာဖြင့်ပြောလာသည်။
" ဘာဖြစ်တာလဲ ... ဆေးခန်းသွားမလား ... "
" မူးနောက်နောက်ဖြစ်နေတယ် ... "
" သံပုရာရည်လေးသောက်မလား ... ဖျော်လိုက်မယ် "
" အင်း "
ကိုမြင့်ဇော်က မီးဖိုခန်းသို့ဝင်သွားပြီး သံပုရာရည်ဖျော်
ပေးလိုက်သည်။ ပြီးနောက် ဒါလီနွယ်သောက်ရန် ယူ
လာပေးလေသည်။
ဒါလီနွယ်က တစ်ငုံသောက်ပြီး ကိုမြင့်ဇော်၏လက်ကို
ဆုပ်ကိုင်ကာပြောလာသည်။
" နွယ် နေ့လည်က မှေးခနဲအိပ်ပျော်သွားတုန်း ဟိုညက
မိန်းကလေးကို အိပ်မက်ထပ်မက်တယ် "
ကိုမြင့်ဇော်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
" ဘယ်လိုမက်လဲ "
" သူလာနေရင် ရေကူးကန်ကို မြေဖို့ပေးပါတဲ့ ... "
" ဘာ "
ကိုမြင့်ဇော်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဒါလီနွယ်ကို ငေးကြည့်လိုက်မိတော့သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory