နှလုံးသား အနုကပ္ပ (အပိုင်း ၄)
lotaya.mpt.com.mm
|
2022-08-14

ခယောင်းပန်း မျက်နှာလေးက နွမ်းဖျော့နေသလို မေမေ နေမကောင်းဘူးဆိုတာမို့ ရင်ထဲစိုးရိမ်မှုက ပြောမပြတတ်အောင်ပင်။

" ဒါဆို ပန်းပြန်မလာရဘူးလားဟင်။ မေမေ နေမကောင်းဘူးဆိုတော့ ပန်းပြန်လာချင်တယ်။ "

ပန်းရဲ့စကားကြောင့် ကိုကျော်မင်းနိုင်လဲ စိတ်ညစ်ညူးသလို သက်ပြင်းချလာ၏။ နှစ်ယောက်သား ခြံရှေ့မှာ စကားရပ်ပြောနေခြင်းဖြစ်သလို ကိုကျော်မင်းနိုင်က ဘွား၏ညီမမှမွေးသောသားမို့ ပန်းနဲ့ဆို အမျိုးတော်သည်ဟုပြောရမည်။ ရန်ကုန်ရောက်လာတုန်း မေမေ့အကြောင်းလာဝင်ပြောပြတာပေမယ့် ဘွား၏လူမို့ အကူအညီရလိုရငြား ပြောကြည့်ခြင်းပင်။ 

" ဘွားက အသိပေးဖို့ပဲ ပြောတာ ပန်း။ ပြန်လာဖို့က ခွင့်ပြုမယ် မထင်ဘူး။ ပန်း မန္တလေးပြန်လာရင် ဒီမှာ ချိုတစ်ယောက်ထဲ ကျန်ခဲ့မှာလေ။ "

ပန်း မျက်နှာလေး ငယ်ကျသွားရင်းမှ....

" ဒါပေမယ့် မေမေက ပန်းကို မျှော်နေရှာမှာ။ "

" အရမ်းကြီး စိတ်မပူပါနဲ့.....အိမ်မှာဆရာဝန်လာလာကြည့်ပေးနေတာပဲဟာ။ "

မာန်ခိုက်ထင် ကားပေါ်မှဆင်းလိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်ခုံးထူကြီးနှစ်ဖက် တွန့်ကျူံ့သွားရသည်။ ပန်းတို့ခြံရှေ့ ဆလွန်းကားတစ်စီးရပ်ထားကာ ထိုကားဘေးတွင် ပန်း နဲ့အတူ မျက်နှာချင်းဆိုင်ရပ်ကာ စကားပြောနေသည့် အမျိုးသားတစ်ယောက်။

မနာလိုဝန်တိုမှုက တလိတ်လိတ်တက်လာရင်း ပန်း နဲ့ ထိုသူ ဘယ်လိုပက်သက်နေလဲဆိုတာ သိချင်သလို စိတ်လဲပူလာသည်။ ပန်းမျက်နှာလေးက ညှိုးနေတာမို့ ဒီလူနှောက်ယှက်နေတာလားဟု တွေးမိသည်။ အတွေးမဆုံးခင်မှာပင် လူက ပန်းအနားရောက်လာပြီဖြစ်ရင်း....

" ပန်း.....ဘာလုပ်နေတာလဲ ။ "

​ကျော်မင်းနိုင် အနားရောက်လာသည့်လူကိုကြည့်ရင်းမှ ပန်း မျက်နှာကို အကဲခတ်ကြည့်မိသွား၏။ခယောင်းပန်း မျက်နှာလေးပျက်ယွင်းစွာရှိနေသလို အခုမှ တကယ့်ကျဥ်းထဲကြပ်ထဲရောက်နေရသည်။ ကိုကျော်မျိုးနိုင်က ဘွားလူမို့ ပြန်ပြောလျှင် ပန်းတကယ်ဒုက္ခရောက်မှာပင်။

မာန်ခိုက်ထင် အရှေ့မှလူကို စေ့စေ့ကြည့်ရင်းမှ....

" ဘယ်သူလဲမသိဘူး...."

ကျော်မင်းနိုင် ပန်းကိုမေးဆတ်ပြလိုက်ရင်းမှ....

" ပန်း.....သူက ဘယ်သူလဲ။ ပန်းအသိလား။ "

" ဟင်....မ မဟုတ်ပါဘူး ။ ပန်း မသိဘူး....လူမှားတာနေမယ်။ "

မာန်ခိုက်ထင် မယုံနိုင်သလို ပန်းမျက်နှာလေးကို တအံ့တသြကြီး ငေးကြည့်မိသွား၏။ သူ့ကိုမသိဘူးတဲ့လား.....အခြားကောင်တစ်ကောင်ရှေ့မှာ သူ့ကိုလျစ်လျူရှုပစ်လိုက်တာမို့ နာကြင်မှုက တနင့်တပိုးပင်။

ကျော်မင်းနိုင် ပန်းကိုတစ်ချက်စိုက်ကြည့်ရင်းမှ....

" ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်ပါနဲ့ ပန်း။ ပန်း အသိဆုံးပါ.....အစ်ကိုပြန်ပြီ။ "

ကားပေါ်တက်၍ မောင်းထွက်သွားသည့် ကိုကျော်မင်းနိုင်ကို ငေးကြည့်ရင်း ကားလေး မြင်ကွင်းကနေ ပျောက်သွားမှ ပန်းသူ့ကို မဝံ့မရဲလေးကြည့်မိသွား၏။ စိတ်ဆိုးသွား၍ထင်ပါသည်...မျက်နှာကြီးက တည်တင်းနေ၏။

" ပန်း တောင်းပန်ပါတယ် ။ "

မာန်ခိုက်ထင် သဘောကျစွာ ဟက်ခနဲရယ်မိရင်းမှ ....

" မတောင်းပန်ပါနဲ့...... တကယ်လူမှားသွားတာပဲဟာ။ "

" ဟင်....."

" မသိတဲ့လူတစ်ယောက်ကို ထွေထူးတောင်းပန်နေစရာ မလိုပါဘူး ။ လူမှားမိတာ ဆောရီး "

နေရာမှချာခနဲလှည့်ထွက်သွားသည့် သူ့ကိုကြည့်ရင်း ပန်း မျက်နှာလေးပျက်ကာ ကျန်နေခဲ့ရသည်။ ဘွားသိသွားမှာစိုးလို့ပါ....ပန်းချစ်သူရည်းစားဆို ကိုကျော်မင်းနိုင်က ဘွားကိုကျိန်းသေပြန်ပြောမှာပင်။ ပြီးတော့ မမချိုနဲ့ သဘောတူသည့်လူမှန်းသိလျှင် ပန်းရော မေမေပါ ဒုက္ခရောက်မှာကျိန်းသေသည်။

မာန်ခိုက်ထင် ကားပေါ်လိုက်လာရင်း ကားမောင်းနေသည့် ကိုကျော် ဆီမှ အမေးကြောင့် ခေါင်းကိုအသာခါယမ်းမိ၏။

" ကုမ္ပဏီသွားမှာလား အာစရိ။ "

" မသွားတော့ဘူး... စက်ရုံကိုဝင်စစ်ပြီးရင် အိမ်ပြန်နားမယ်။ "

မာန်ခိုက်ထင်ဆီမှ ခပ်ပြတ်ပြတ်ထွက်လာသည့် စကားသံ​ကြောင့် ကိုကျော် နောက်လှည့်ကြည့်လာရင်း.....

" စောနက ဘာဖြစ်လို့လဲ အာစရိ။ အဲ့လူက ဘယ်သူလဲ။ "

" အဲ့ဒါ မင်းစုံစမ်းရမှာ ။ ကျစ်....ငါ့ကို အဲ့ကောင်ရှေ့ ပန်းက မသိဘူးဆိုပြီးငြင်းလွှတ်တယ်။ ပန်း က အဲ့ဒါ ဘာသဘောလဲ ။ "

တစ်ယောက်ထဲ မကျေမနပ်ပြောဆိုနေသည့် အာစရိပုံစံကို ကြည့်ရင်း ကိုကျော် သဘောကျစွာပြုံးမိသည်။ အလုပ်လုပ်ရာတွင် တိကျပြတ်သားကာ အတွေးအခေါ်ကောင်းလွန်းသည့် ဘောစ့်ဟာ နှလုံးသားရေးရာကျ ဘာမှသတိမူမိသည့်ပုံမပေါ်။

" ခယောင်းပန်း အနေအထားအရ အာစရိကို သူ့ချစ်သူဆိုပြီး ချပြဖို့ ခက်ခဲမှာပဲလေ။ အစထဲက အာစရိကို မမချိုနဲ့ သဘောတူထားကြတာပဲဟာ။"

မာန်ခိုက်ထင် တွေခနဲ ဖြစ်သွားရရင်းမှ ငိုမယောင်မျက်နှာလေးကို ပြန်မြင်မိကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသွား၏။ သို့ပေမယ့် သူ ထိုကောင်နဲ့စကားပြောနေသည့် မြင်ကွင်းကို ပြန်မြင်မိလျှင် အူတို၏။ ချစ်မိပြီးသည့်နောက် သူမလေးဟာ သူ့တစ်ယောက်အတွက်သာ အရာရာဖြစ်တည်စေချင်သည်။ အရယ် အပြုံး လွမ်းဆွတ်ခြင်း ပျော်ရွှင်ခြင်း အရာရာသူ့ကြောင့်သာဖြစ်စေရမည်။ 

@@@@@@@@@@

ခယောင်းပန်း ဖုန်းလေးကိုင်ရင်းမှ ဆက်ရနိုးနိုး မဆက်ရနိုးဖြင့် တစ်ယောက်ထဲ စိတ်တို့က ဒွိဟဖြစ်နေရသည်။ သူ စိတ်ဆိုးသွားတော့ ပန်း ဘာကြောင့်မှန်းမသိ ဝမ်းနည်းသလို နေလဲမနေတတ်ပါ။ အရင်ကဆို ဖုန်းမကြာမကြာဆက်တတ်သည့်လူက မနေ့ထဲက ခုထိ ဖုန်းတစ်ချက်ဆက်မလာပေ။ မနေနိုင်သည့်အဆုံး အားတင်းကာ ဖုန်းနံပါတ်လေးကိုနှိပ်လိုက်တော့ အတန်ကြာမှဖုန်းကိုင်လာရင်း တစ်ဖက်မှ သူ့အသံက ခပ်တင်းတင်းပင်။

" ဘာကိစ္စလဲ....."

" ဟိုလေ.....ပန်းကို စိတ်ဆိုးနေတာမဟုတ်လားဟင်။ ပန်း တောင်းပန်ပါတယ် နော်။ ပန်း ဘွားသိမှာစိုးရိမ်လို့ပါ။ "

မာန်ခိုက်ထင် ဖုန်းကိုင်ထားရင်းမှ သဘောကျစွာပြုံးမိသွားရသည်မှာ ကြည်ကြည်နူးနူးပင်။ မနက်ထဲက ကိုကျော်စုံစမ်းပေးလို့ ထိုကျော်မင်းနိုင်ဆိုသူက ပန်းနဲ့ဆွေမျိုးမကင်းမှန်းသိပြီးသလို ထိုထဲက စိတ်ဆိုးပြေပြီးသားပင်။ သို့ပေမယ့် ပန်းကစချော့လာတော့ သူလဲအချော့ခံချင်မိသည်။

" ဒါပဲ မဟုတ်လား.....အလုပ်တွေရှိသေးတယ်။ "

ပန်း ဖုန်းကိုင်ထားရင်းမှ ငိုမဲ့မဲ့လေးဖြစ်သွားသလို တကယ်ကြီးစိမ်းကားလာတော့ မငိုမိခင်မှာပင် ဖုန်းလေးချပစ်လိုက်ရသည်။ သူ တကယ်ပဲ ပန်းကို လျစ်လျူရှုပစ်လိုက်ပါပြီ။ 

မာန်ခိုက်ထင် မပြောမဆိုဖုန်းချသွားသည့် ပန်းကြောင့် နေမထိထိုင်မသာ ဖြစ်သွားရသလို ဖုန်းချခါနီး ရှိုက်သံလေးကြားဖြစ်အောင်ကြားလိုက်ရသဖြင့် သူ စနောက်တာလွန်သွားပုံရသည်။ 

---------------------

ပန်း ခြံထဲတွင် ပန်းပင်တွေရေလောင်းနေရင်းမှ ကားဟွန်းတီးသံကြောင့် ကြည့်မိတော့ ခြံအပြင်မှာ ရပ်နေသည့် သူ့ကိုလှမ်းမြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသလို ခြံတံခါးကိုအပြေးအလွှားသွားဖွင့်ပေးလိုက်သည်။

" လွမ်းလိုက်တာ ကလေးရယ်...."

" အို! "

တံခါးလေးဖွင့်ပေးရုံရှိသေး လူကိုတစ်ကိုယ်လုံးသိုင်းဖက်လာသဖြင့် ပန်းရင်ထဲ လှပ်ခနဲဖြစ်သွားရသလို ကပျာကယာရုန်းလိုက်မိသည်။ အိမ်ထဲမှာမမချိုရှိသလို လမ်းဘက်ကလူတွေလဲ မြင်သွားနိုင်တာမို့ ရှက်ရွံ့ကာ မျက်နှာလဲမထားတတ်ဖြစ်သွားရ၏။ 

" လူတွေမြင်ကုန်မယ်လေ....အိမ်ထဲမှာလဲ မမချိုရှိတယ်။ "

" မြင်ပါစေပေါ့.....ကိုယ့်ချစ်သူကိုယ်ဖက်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲ။ "

ပန်း သက်ပြင်းလေးချမိရင်းမှ...

" ပန်းက မိန်းကလေးလေ အနေအထိုင်ဆင်ခြင်ရမှာပေါ့။ ဒါနဲ့.....ပန်းကို စိတ်ဆိုးနေတာ မဟုတ်လားဟင်။ "

မျက်နှာလေးမော့ရင်း မေးလာသည့် ပန်းရဲ့ပုံစံလေးကိုကြည့်ကာ မာန်ခိုက်ထင် အသဲတယားယားဖြစ်သွားရသည်။ အောက်နှုတ်ခမ်းကို အသာဖိကိုက်မိရင်းမှ.....

" စိတ်မဆိုးပါဘူး......စိတ်မကောင်းဖြစ်တာပါ။ ဒါပေမယ့် စိတ်ကပြေနေတာကြာလှပြီ။ ပန်း ဖုန်းဆက်တော့ ကိုယ်က နောက်လိုက်တဲ့ဟာ.....တကယ်ထင်သွားတာလား။ "

ကြည့်စမ်း.......ဘယ်လောက်ဆိုးလိုက်တဲ့လူကြီးပါလဲ။ ပန်း မှာတော့ သူတကယ်စိတ်ဆိုးသွားပြီထင်ကာ ဘယ်လောက်ဝမ်းနည်းခဲ့ရသလဲ။

" သြော်....ကိုခိုက်ထင်ရောက်နေတာလား။ ကားသံတော့ကြားလိုက်တယ်။ "

အိမ်ထဲမှထွက်လာသည့် တေးသံချိုက မာန်ခိုက်ထင်ကို မြင်တော့ လှမ်းနှုတ်ဆက်သလို မာန်ခိုက်ထင်ဘေးရပ်နေသည့် ပန်းကိုတစ်ချက်ကြည့်ရင်းမှ.....

" ပန်း မမချို City Mart ပြေးပြီး ဝယ်စရာရှိတာဝယ်လိုက်ဦးမယ်။"

" ဟုတ် မမ....."

မာန်ခိုက်ထင် ထွက်သွားသည့် တေးသံချိုကိုတစ်ချက်ကြည့်ရင်း ပန်း၏ ပခုံးလေးအား တယုတယ လှမ်းဖက်၍....

" ပန်း ကို ကိုယ် လက်ဆောင်ပေးစရာရှိတယ်။ "

မာန်ခိုက်ထင်စကားကြောင့် ခယောင်းပန်း မျက်နှာလေး ပျက်သွားရသည်။ 

" ဟို.....တန်ဖိုးကြီးတာဆို ပန်းမယူချင်ဘူး။ "

" ကိုယ် ပေးရင် ယူရမယ်။ "

ငြင်းမရသည့် လူမို့ ပန်း ရင်မောသွားရသည်။ သူ့အကျင့်က တကယ့် တဇွတ်ထိုးပင်။ သူ့စိတ် သူ့သဘောမို့ ပန်းပြောလျှင်လဲ ရမည်မဟုတ်တာမို့ သက်ပြင်းသာချမိ၏။

@@@@@@@@@@

တေးသံချို City Mart ထဲ လျှောက်ပတ်ကာ လိုတာတွေ ဝယ်နေရင်းမှ ကော်ဖီထုပ်မဝယ်ရသေးတာ သတိရသွားတာမို့ ကော်ဖီတန်းဘက်သွားရန် ပြန်လှည့်ရန်ပြင်လိုက်စဥ်....

" အို....ဆောရီး။ "

ဝင်တိုက်မိသည့်ကောင်မလေးက ဆံပင်ဂုတ်ဝဲလေးအား ခါရင်း သူမဘက်လှည့်အကြည့် တေးသံချို ရုတ်တရတ် ငေးခနဲ ဖြစ်သွားရသည်။ 

" ပန်း....."

ပန်း ရဲ့ မျက်နှာပေါက်နဲ့ အတော်လေးဆင်သလို သေချာကြည့်တော့မှ မတူမှန်း သိသာသည်။ ပြီးတော့  ပန်းက အိမ်မှာ မာန်ခိုက်ထင်နဲ့ ကျန်နေခဲ့တာ မဟုတ်လား။ 

" ဖယောင်းနာမည် သိတာလားဟင်။ "

" ဟမ်....."

အသံချိုချိုလေးဖြင့် ချစ်စဖွယ်မေးလာသည့် မျက်နှာလေးကို ငေးစိုက်ကြည့်ရင်း တေးသံချိုမနေနိုင်စွာ မေးမိ၏။

" ညီမ နာမည်က...."

" ဖယောင်းပန်းပါ မမ။ "

ပြုံးရယ်ရင်း ပြောလာသည့်မျက်နှာလေးမှာ ပါးချိုင့်လေးက အထင်းသား။ ဆံပင်လေးက ဂုတ်ဝဲလေးဖြင့် ဂါဝန်အပြာရောင်အတိုလေးဝတ်ထားကာ ဘယ်လိုကြည့်ကြည့် ချစ်စရာလေးပင်။ ပန်းနဲ့တူပေမယ့် ပန်းမှာ ပါးချိုင့်မရှိသလို ပန်းကဆံပင်အရှည်။ 

" ဆောရီးပါ ညီမရယ်။ အစ်မ လူမှားသွားတာ။ "

ဖယောင်း ခပ်ပြုံးပြုံးလေး အရှေ့မှအစ်မကိုကြည့်ရင်း ခေါင်းညိတ်ပြကာ ထိုနေရာမှထွက်လာခဲ့၏။ ဖယောင်း ဒီမှာ အလုပ်လာလျှောက်တာဖြစ်သလို ကျောင်းပြီးပြီမို့ အလုပ်ရှာနေခြင်းပင်။ ဖေဖေက အသက်ကြီးပြီမို့ ဖယောင်းကတစ်ဖန် ပြန်လုပ်ကျွေးပြုစုချင်သလို မွေးစားသမီးပေမယ့် တစ်သက်လုံး လိုအပ်ချက်မရှိအောင် ချစ်ပေးခဲ့ရှာသည်။ 

City Mart ထဲမှ ထွက်လာကာ ကားမှတ်တိုင်တွင် ကားစောင့်နေရင်း ဖယောင်းရဲ့ လက်ကောက်ဝတ်မှ စာနီအမှတ်လေးကို တယုတယငုံ့ကြည့်မိ၏။ ဒီအမှတ်အသားလေးဟာ ဖယောင်းမိဘအရင်းတွေနှင့် ပြန်တွေ့ဖို့ တစ်ခုတည်းသော သဲလွန်စ မဟုတ်လား။ ဖေဖေ့ ပြောစကားအရ ဖယောင်းမှာ မေမေ နှင့် မမ ရှိသေးသည်တဲ့လေ။

-------------------------

ဒေါ်ရွှေရည် သားပြလာသည့် ဓာတ်ပုံလေးကိုကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးမိသွားရသည်။ ခယောင်းပန်းဆိုသော သားချစ်သည့် မိန်းကလေးပုံစံက ယဥ်စစလေးနှင့် လှသလို မိန်းမပီသမည့်ပုံစံလေးပင်။

" အတော်လေး လှတာပဲ သားရဲ့။ မေမေ့သားက ရွေးတတ်လိုက်တာ။ "

" ပန်းက အိမ်မှုကိစ္စလဲနိုင်တယ် မေမေရဲ့။ စိတ်သဘောထားလဲကောင်းတယ်။ "

သူ့ချစ်သူကို သူဂုဏ်ယူဝံ့ကြွားစွာ အမွှန်းတင်နေသည့် သားပုံစံကြောင့် ဒေါ်ရွှေရည် ပြုံးမိရင်း....

" မေမေ ကြည့်ရုံနဲ့ သိပါတယ် သားရယ်။ မနက်ဖန် ထမင်းအတူစားရအောင် ခေါ်လာခဲ့လေ။ "

မာန်ခိုက်ထင် မျက်နှာက ဝမ်းသာအားရဖြစ်သွားတာ သိသာသလို အလျင်အမြန်ခေါင်းညိတ်လာရင်းမှ.....

" ဟုတ်ကဲ့ မေမေ။ "

နှလုံးသားဟာ နူးညံ့ပေမယ့် အချစ်ဟာ တစ်ခါတစ်ရံ ကြမ်းတမ်းပြင်းရှတတ်သည့် သဘောကိုဆောင်သည်။ အချစ်ကြမ်းကြမ်း နှလုံးသားနုနုတို့ ထိပ်တိုက်ဆုံသည့်အခါ ပြေလျော့သိမ်မွေ့စေသည့် ကိုယ်စားလှယ်တစ်ဦးတော့ လိုအပ်သည်မဟုတ်လား။

ထိုသူဟာ အချစ်ရဲ့ကိုယ်စားလှယ် နှလုံးသားအစားထိုးခံ အနုကပ္ပ မည်၏။

@@@@@@@@@@@@@@@@@@@@@

To be continue P - 5

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..