မိုးလေးက တဖြောက်နှဖြောက်ရွာနေ၏။ အချိန်က ရုံးချိန်ဆိုပေမဲ့ သူက သိမ်ကြီးဈေးဘက်ကနေ သာကေတဘက်ကို ပြန်မှာဖြစ်လို့ ဘတ်စ်ကားတွေက အနည်းငယ်ချောင်သည်ဟု ဆိုရမည်။ အိတ်ကပ်ထဲကို စမ်းလိုက်တော့ အကြွေသုံးရာက ကွက်တိပင်။ လက်ထဲမှာလည်း ထီးကတစ်ဖက်၊ အမေမှာလိုက်သည့် မြီးရှည်အထုပ်က တစ်ဖက်နှင့်ဆိုတော့ လက်က သိပ်မအား။
“ကိုယ့်ဆရာရေ .. အပေါက်ဝပိတ်ရပ်မနေနဲ့”
“ကျနော့် အိတ်ထဲက ပိုက်ဆံလေးယူပြီး ပိုက်ဆံပုံးထဲထည့်ပေးပါလား”
အတူတူတက်လာသည့် ကောင်မလေးကို သူ အကူအညီတောင်းလိုက်ရခြင်းဖြစ်သည်။ မျက်နှာကတော့ တော်တော်လေးပူမိသည်။ ဘတ်စ်ကားပေါ်ရောက်တော့ ကားက ချောင်သည်ဆိုပေမဲ့ ထိုင်ခုံနေရာကတော့ မလွတ်။ နောက်ဆုံးတန်းမှာတော့ တစ်နေရာလွတ်သည်။ အဲဒီနေရာကိုတော့ အတူတက်လာသည့်ကောင်မလေးနှင့် ယှဉ်မလုချင်။ ဒါကြောင့် သူလည်း ခပ်ဖြည်းဖြည်းပဲ တိုးသွားပြီး ကောင်မလေးကို ဦးစားပေးလိုက်သည်။
နောက် နှစ်မှတ်တိုင်လောက်ရောက်တော့ အတူတက်လာသည့်ကောင်မလေးရဲ့ ဘေးထိုင်ခုံက လူက ဆင်းသွားသည်။ သူလည်း လက်ထဲမှာ အထုပ်တွေနှင့်ဆိုတော့ သွားထိုင်ဖြစ်သည်။ ပြဿနာက နောက်ဆုံးတန်းက နေရာနည်းနည်းကျဉ်းပြီး ကောင်မလေးအသားနှင့် ထိမိနေခြင်းပင်။ သူတော်တော် အားနာနေမိသည်။ ကောင်မလေးက Mask တပ်ထားတော့ ရုပ်ကိုတော့ သေချာမမြင်ရ။ အရမ်းကြီးချောမယ့်ထဲ ပါမယ်လို့တော့ မထင်။ တဖြည်းဖြည်းနှင့် ကားက လူချောင်သွားပြီး အရှေ့ဘက်က ထိုင်ခုံတွေက လွတ်သွားသည်။ သူ သွားထိုင်ဖို့ စိတ်ကူးလိုက်မိသည်။ ဒီမှာ အနေရခက်နေတာထက်စာရင် လွတ်လွတ်လပ်လပ်သွားထိုင်လိုက်တာက ပိုကောင်းမည်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဒီကောင်မလေးရဲ့ စိတ်ထဲဘယ်လိုတွေးသွားမလဲဆိုတာ စဉ်းစားမိသွား၏။ တကယ်လို့ ကောင်မလေးက သူ့ဘေးက ထသွားတဲ့ ယောကျ်ားတစ်ယောက်က ဆင်းမယ့်မှတ်တိုင်ရောက်လို့ ထ သွားတာဆိုရင် ပြဿနာမဟုတ်။ သူနဲ့အတူမထိုင်ချင်လို့ ရှေ့ခုံမှာသွားထိုင်တာကို တွေ့သွားရင် မိန်းကလေးမာနကို ထိခိုက်ရာရောက်ဦးမည်။ ဆက်ထိုင်နေပြန်ရင်လည်း အသားယူချင်လို့ ထိုင်ချင်တယ်လို့ အထင်ခံရမှာ စိုးရိမ်မိပြန်သည်။ အဲဒါနဲ့ပဲ .. အနီးဆုံးမှတ်တိုင်မှာ ဆင်းလိုက်ပြီး နောက်ကားပြောင်းစီးဖို့ ဆုံးဖြတ်လိုက်သည်။ သူ ကံဆိုးသည်။ ဆင်းလိုက်ပြီးတော့မှ ကားခ မကျန်တော့မှန်းသတိရသွားသည်။ အဲဒီလိုနှင့် ငါးမှတ်တိုင်လောက် လမ်းလျှောက်လိုက်ရသည်။
လက်ဖက်ရည်ဆိုင်၌ ဖြစ်သည်။ အချိန်က ညနေခင်းကာလ။ သူ လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲကို ဝေ့ကြည့်မိ၏။ ထင်တဲ့အတိုင်းပဲ မျှော်လင့်ထားတဲ့သူက ထိုင်နေသည်။ သူခပ်မြန်မြန်ပဲ ပြန်လှည့်ထွက်လာသည်။ အဲဒီအချိန်မှာ ..
“ဟေ့ကောင် ပိုင်စိုး”
“ဟာ .. “
“မင်း လက်ဖက်ရည်ဆိုင်လာတာမလား ..လာလေအတူတူထိုင်မယ်”
“အာ .. မထိုင်တော့ပါဘူးကွာ”
“ဘာလို့တုန်းဟ”
သူလည်း မလိမ်ချင်တာနှင့်။
“ဟိုမှာလေကွာ .. ဦးကျော်ထွန်း ရှိနေလို့”
“မင်းက သူနဲ့ကြားမှာ ဘာပတ်သက်ထားလို့လဲ”
“ငါ့ဆီက သူ ပိုက်ဆံချေးထားလို့”
“ဟင် .. အဲဒါ မင်းက ဘာလို့ ရှောင်တာတုန်းဟ”
“သူ ပြန်ပေးဖို့အဆင်မပြေသေးဘဲ ငါ့ကိုတွေ့သွားရင် သူအခက်တွေ့သွားမှာစိုးလို့”
“အော် .. ဘာဖြစ်လဲကွာ”
“အားနာစရာကြီးလေကွာ”
“မင်းမထိုင်ချင်လည်း လစ်တော့ကွာ .. ဘာကောင်မှန်းမသိဘူး”
သူလည်း ဆက်မပြောတော့ဘဲ အိမ်ကို ပြန်လာခဲ့တော့သည်။
သူ့ဘော်ဒါတွေကတော့ သူ့ကို ငကြောင်လို့ ခေါ်ကြသည်။ ဘာဖြစ်လို့လည်းဆိုတော့ သူ ဟာ အားနာတတ်လွန်းသလို၊ တခါတလေကျပြန်တော့လည်း အလိုက်မသိတာပဲလား၊ ဒါမှမဟုတ် အားနာစရာလို့ မယူဆလို့ပဲလားမသိဘူး။ သူ့ကြောင့် လူတဖက်သား ကသိကအောက်ဖြစ်စရာတွေ ကြုံဖူးသည်။
အဲဒီနေ့က .. မိုးနည်းနည်းချုပ်နေသည်။ သူ့ဘော်ဒါတစ်ယောက်က မိန်းမခိုးလာသည်။ ခက်တာက မှတ်ပုံတင်ပါမလာ။ ဆိုတော့ကာ သူ့အိမ်မှာ တစ်ညလောက် လာတည်းဖို့ အကူအညီတောင်းသည်။ သူ့အိမ်မှာက အဖေရော၊ အမေရော ရှိနေလို့ အဆင်မပြေတာကြောင့် အခြားအိမ်မှာ သွားထားပေးသည်။ အဲဒီအိမ်က သူ့ဦလေးအိမ်ဖြစ်ကာ သူ့ ဦးလေးက သင်္ဘောသားဖြစ်ပြီး အခု သင်္ဘောတက်နေတာကြောင့် အိမ်က လွတ်နေခြင်းဖြစ်သည်။ အိမ်က ပျဉ်ထောင်အိမ်ဖြစ်ပြီး အခန်းတွေဘာတွေလည်းမဖွဲ့ထား။ အချိန်က ၁၂နာရီထိုးတော့မည်။
“ဒီအိမ်မှာတော့ နေလို့ရတယ်”
“ကျေးဇူးအရမ်းတင်တယ်ကွာ”
“အေးပါ .. မလိုပါဘူး”
“အေးကွာ .. ခဏနေ အိပ်ကြတာပေါ့”
“ဟင် ... မင်းက မင်းအိမ်မပြန်ဘူးလား”
“မပြန်ဘူးလေ .. ငါ့ဦးလေးက သေချာမှာထားတယ်။ သူ့အိမ်ကို ကြည့်ပေးဖို့”
“ဒါဆို မင်းက ဒီမှာ အိပ်မှာပေါ့”
“အေးလေ ..”
“ဟာ .. မင်း အိမ်က ဘာအခန်းမှလည်း မရှိဘဲနဲ့ ငါတို့ နှစ်ယောက်က ဘယ်လိုအိပ်ရမလဲ”
“အိမ်က အကျယ်ကြီးလေကွာ အဆင်ပြေတဲ့နေရာအိပ်ပေါ့”
ခက်တော့ခက်ပြီ။ မိန်းမခိုးလာတဲ့ သူ့ဘော်ဒါလည်း မျက်စိမျက်နှာပျက်တွေဖြစ်ကုန်ပြီ။ သူ့ ပုံစံကလည်း ဘယ်လိုပြောပြောရမယ့်ပုံစံမျိုးမဟုတ်တာကြောင့် အဲဒီညက ဒီအတိုင်း အဆင်ပြေတဲ့နေရာမှာ အိပ်လိုက်ကြသည်။ အဲဒီထိက ပြဿနာမဟုတ်သေး။ မနက်မိုးလင်းတော့ ..ပြဿနာက စ သည်။
ကောင်မလေးရဲ့ မိဘတွေက လိုက်လာသည်။ ရပ်ကွက်ထဲမှာလည်း ဟိုးလေးတကျော်ဖြစ်သွားသည်။ ကောင်မလေးရဲ့ အဖေက လုံးဝ သဘောမတူချင်ဘူး။ ကောင်မလေးရဲ့ အမေကတော့ ..
“ရှင့် သမီးက အပျိုပြန်ဖြစ်တော့မှာမှ မဟုတ်တာ”
အဲဒါကို သူက ကြားသွားတော့ ..
“အန်တီကလည်း ညက ကျနော်လည်းအတူတူရှိနေတာပါ သူတို့ ဘာမှမဖြစ်ကြပါဘူး”
“အမ်.. ဟေ့ကောင် မင်းဘာတွေ လျှောက်ပြောနေတာလဲ”
သူ့ ဘော်ဒါက ဝင်တားသည်။ ကောင်မလေး အဖေက ..
“အပျိုပြန်ဖြစ်ဖြစ် မဖြစ်ဖြစ်ကွာ ဒီကောင်နဲ့တော့ သဘောမတူနိုင်ဘူး”
“ကျနော် ကတော့ ည က ဘာမှမဖြစ်ခဲ့ကြောင်း သေချာအာမခံပေးနိုင်ပါတယ်”
တော်တော်လေး ညှိယူလိုက်ကြရပြီး နောက် လေးငါးလလောက်နေမှ သူ့ဘော်ဒါအတွဲ ညားသွားသည်။ ပြီးတော့ နောက်မှ ပြန်သိရတာက .. ကောင်မလေးမိဘတွေ ချက်ချင်းပြန်လိုက်လာတာက .. သူ့ကို သွားမေးလိုက်တာကို သူကိုယ်တိုင်ပြောပြလိုက်တာကြောင့်ပင်။ မင်္ဂလာဆောင်ခါနီးတော့ ...
“ဒီကောင့်ကို မဖိတ်ဘူးကွာ”
“မင်းကလည်း ဘော်ဒါအချင်းချင်းကို”
“အေး .. ဘော်ဒါအချင်းချင်းမို့ကို ပိုတင်းတာ”
“ဖိတ်လိုက်ပါကွာ”
အဆိုပါအဖြစ်အပျက်ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာတော့ သူ့ရဲ့ အချစ်ရေးကိစ္စပင်။
“ပိုင်စိုး .. ဟိုမှာ မင်းကောင်မလေးမလား”
“ဟုတ်တယ်”
“သူ .. နောက်တယောက်တွဲနေတာပဲကွ .. မင်းဘာလုပ်မလဲ”
သူ တော်တော်ကြေကွဲသွားသည်။ လုပ်ရက်လိုက်တာလို့လည်း တွေးမိသည်။ သူ့ဘော်ဒါကတော့ .
“လာကွာ ဒဲ့သွားရှင်းရအောင်”
“မလုပ်ပါနဲ့ကွာ .. မျက်နှာပျက်စရာတွေ ဖြစ်ကုန်ဦးမယ်”
ဒါပေမဲ့ သူ့ဘော်ဒါက အတင်းဆွဲခေါ်သွားတာကြောင့် သူရောက်သွားသည်။
“သက်ထား .. “
သူ့ခေါ်သံက တိုးညင်းပြီး သိမ်ဝင်နေသည်။ ရုတ်တရက်ဆိုတော့ သက်ထားက လန့်သွားသည်။ သူနဲ့အတူထိုင်နေတဲ့ကောင်လေးက ..
“သူက .. ဘယ်သူလဲ ..”
သက်ထားက အဖြေရခက်နေသည်။ သူကတော့ သက်ထား ဘယ်လိုဖြေမလဲဆိုတာကို တွေးမိပြီး ရင်ပူသွားသည်။ အဲဒါနဲ့ပဲ လျင်လျင်မြန်မြန် ..
“ငါက ..သူ့အစ်ကိုပဲ .. သက်ထား .. နင်အိမ်ရောက်မှ ငါနဲ့တွေ့မယ်”
ပြောပြီး ချာကနဲ လှည့်ထွက်လာခဲ့၏။
“မင်းကွာ .. ကိုယ့်ကို သစ္စာဖောက်တဲ့မိန်းမကို ပါးတချက်လောက် ချခဲ့ရမှာကို။ အခုတော့ သူ့ အစ်ကို ပါလို့ ပြောလာခဲ့တယ်တဲ့.. တော်တော်နွားကျတဲ့ကောင်ပဲ”
“ငါပြောမယ်ကွ .. ဘယ်လောက် အားနာစရာကောင်းလဲ “
“xxx ကို အားနာ”
သူ့ဘော်ဒါက သူ့ကို ဆဲလိုက်သည်။ သူကတော့ ဆက်ပြောနေသည်။
“သူ့ခမျာ .. ငါ့ကို တကယ်မချစ်ဘဲနဲ့ တွဲနေခဲ့ရတာ တော်တော် စိတ်ကသိကအောက်ဖြစ်နေမှာပဲ။ ငါ့ထက်ချစ်ရမယ့်သူ တွေ့နေတဲ့အချိန်မှာ ငါ့ကြောင့် သူ ဝမ်းနည်းသွားမှာ မလိုလားပါဘူးကွာ”
နောက်ငါးရက်လောက်နေတော့ .. သက်ထား က သူ့ကို ဆက်သွယ်လာသည်။
“ကိုရယ် ..သက်ထား မှားပါတယ် ..သက်ထားကို ပြန်လက်ခံပါနော်”
“သက်ထားရယ် .. လက်ခံတာက လွယ်ပါတယ်။ ဒါပေမဲ့ ဘာလို့ မချစ်ဘဲနဲ့ ကိုယ့်အနားကို လာချင်ရတာလဲ”
“ကို့ ကို တကယ်ချစ်တာပါ”
“သက်ထား ကိုယ့်ကို တကယ်မချစ်ပါဘူး။ အဲဒါကြောင့် နောက်တယောက်ထားတာပေါ့”
“မဟုတ်ပါဘူး.. ကိုရယ် ..သက်ထား စိတ်ကစားမိတာပါ”
“မရတော့လို့ပါ .. သက်ထားရယ် .. ကိုယ့်ကြောင့် မင်းနှလုံးသား ပင်ပန်းရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ ရှေ့မဆက်တော့တာဘဲ ကောင်းပါလိမ့်မယ်”
ဖုန်းချသွားတော့ သူ့ ပါးမှာ မျက်ရည်တွေ စီးကျနေ၏။ သူ့ဘော်ဒါက ..
“မင်းက ဒီလိုကျတော့ အားနာပါးနာတောင် ပြန်လက်မခံဘဲ အသည်းကွဲခံလိုက်တယ်နော်”
“ငါ .. အားနာလို့ လက်မခံလိုက်တာပါ”
“မင်းက ဘယ်သူ့ကို အားနာတာလဲ”
“သက်ထားရဲ့ ညီမလေးကိုလေ”
“ဘယ်လို .. “
“ဟုတ်တယ် .. အဲဒီ နေ့ကပဲ သက်ထားညီမလေးက ငါတို့အကြောင်းတွေသိသွားပြီး ငါ့ကို ညတိုင်း စာတွေပို့ပြီး နှစ်သိမ့်ပေးနေရင်း ..ငါတို့ ကြိုက်သွားပြီ”
“ခုနက ဘာလို့ ငိုနေတာလဲ”
“သူ့ ညီမလေးနဲ့ အတွေ့နောက်ကျတာကို တွေးမိလို့”
“ငါ လခွမ်းကောင်..”
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory