ကိုယ်ပျောက်မိစ္ဆာ (၃)
lotaya.mpt.com.mm
|
2022-08-16

ကိုယ်ပျောက်မိစ္ဆာ(၃)

(ကိုယ်ပျောက်မိစ္ဆာဘဝအစနဲ့ မိန်းမချောလေး ပုလဲရဲ့ကံကြမ္မာ )

အခန်း(၈)

       တောင်နီမကို ရစ်ခွေ စီးဆင်းလာတဲ့ ချောင်းကို လူတွေက အလွယ်တကူပဲ တောင်နီချောင်းလို့ ခေါ်ကြတယ်။ 

       တောင်နီမကို အမှီပြုပြီး တောင်ခြေရွာငယ်လေးတွေ ရှိကြတယ်။ အခု ကိုယ်ပျောက်မိစ္ဆာကောင်ဆိုပြီး ပြဿနာဖြစ်နေတဲ့ မခင်အေးတို့၊ ဒေါ်မြသီတို့ရဲ့ စခန်းသာရွာလည်း အပါအဝင်ပေါ့။ 

       စခန်းသာရွာနဲ့  အနီးအနားမှာက ပျားလပို့ရွာ၊ မေဇင်းရွာ၊ ဆည်သာရွာဆိုပြီး ရွာသုံးရွာ ရှိနေကြသေးတယ်။

       ဆည်သာရွာက  နည်းနည်းလှမ်းတယ်။ ချောင်လည်း ကျတယ်။အဲ့ဒီရွာက  တောင်နီချောင်းနဲ့ အနီးဆုံးပဲ။ ဒါပေမဲ့  တခြားရွာတွေလို မြေက မပြေပြစ်ဘူး။ ကုန်းမို့မို့တွေနဲ့ အဆင်းအတက် များလှတယ်။ ဒါကြောင့် ဆည်သာရွာမှာက  တခြားရွာတွေထက် လူနေအိမ်ခြေ နည်းတယ်လို့ ပြောရမယ်။ အလွန်ရှိလှ အိမ်ခြေ နှစ်ဆယ် အစိပ်ပါပဲ။ အဲ့ထက် မပိုဘူးရယ်။ ကျန်တဲ့ရွာတွေက အိမ်ခြေ  ငါးဆယ် တစ်ရာ ရှိတဲ့ ရွာကြီးတွေ။

         နောက်တခုက ဆည်သာရွာမှာ ဘုန်းကြီးကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူး။ ဒီလို ဘာလို့ပြောရသလဲဆိုတော့ ၊ အရင်က အဲ့ဒီရွာမှာ ဘုန်းကြီးတပါး ၊ မြေနေရာရွေး ကျောင်းဆောက်ဖို့  ရောက်လာသေးတယ်။ 

        နောက်တော့ ဘာဖြစ်တယ်လို့ ဂဃနဏ မသိရပါဘူး။ အဲ့ဒီ ဘုန်းကြီးဟာ  ကျောင်းဆောက်ဆဲတန်းလန်း ရုတ်တရက် ပျံလွန်တော်မူသွားရှာတယ်။ ကျောင်းက သစ်သားကျောင်း။ ကျောင်းက ဆောက်လက်စတန်းလန်းကြီး ကျန်နေရစ်တယ်။ သိပ်လည်း ထုထည် မကြီးမားပါဘူး။ ၂ ခန်း ၃ ခန်း နှစ်ထပ်ကျောင်း ဆောက်လုပ်နေတာပါ။ တိုင်ထောင် သွပ်မိုးပြီးသွားပြီ။ အကာတွေ မကာရသေးဘူး။

        ဘုန်းကြီးက ပျံလွန်တော်မူသွားတော့  ကျောင်းကို ဆက်ပြီး တာဝန်ယူ ဆောက်ပေးမယ့် ဒကာ၊ဒကာမကလည်း ထပ်ပေါ်မလာ။ ရွာက လူကြီးတွေကလည်း  ဆက်ပြီး ဆောက်ဖို့ အင်အား မစိုက်ထုတ်ကြတော့ ကျောင်းက မပြီးနိုင်ဘူး။ဥတုအလှည့်အပြောင်း သုံးလေးငါးခုမှာ စောင့်ရှောက်သူ မရှိလေတော့ ကျောင်းပျက်ကြီး ဖြစ်နေပါရော။ 

        ဆည်သာ ရွာက လူအချို့ ပြောတာတော့ ၊ ကျောင်းက ပြီးလည်း ကျောင်းထိုင်မယ့် သံဃာ ပင့်လို့မရဘူးတဲ့။ ဘာကြောင်လဲလို့ မေးတော့၊ အဲ့ဒီနေရာက မြေကြမ်းတယ်တဲ့။ 

        ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကို  ရွာက လူတွေက တခြားနေရာ ရွေးဖို့  အကြံပြုပေမယ့် ဘုန်းကြီးက ခေါင်းမာမာနဲ့ အဲ့ဒီ မြေကြမ်းကိုပဲ တမင် ရွေးဆောက်ခဲ့တာတဲ့။

   " အိုကွာ! ငါက ဘုရားသားတော်ပဲ၊ ဝေနေယျာတွေအပေါ် မေတ္တာထားရင်  ဘာဖြစ်မှမို့တုန်း။ ဒီနေရာမှာပဲ ကျောင်းဆောက်မယ်။ နောက်ထပ် မြေနေရာ မရှာတော့ဘူးဟေ့ "

       ပြောတာတော့  ဘုန်းကြီးက  ငယ်ဖြူဟုတ်ဟန်မတူဘူးတဲ့။ အသက်ကြီးမှ သင်္ကန်းဝတ်တဲ့ တောထွက်ကြီးလို့ ပြောနေကြတာပဲ။ခေါင်းလည်း အတော်မာတယ်တဲ့။ လက်သမားအဖွဲ့ကို

ဘုန်းကြီးကပဲ ကြီးကြပ်ပြီး၊ သူ့ အလိုကျ ခိုင်းစေသတဲ့။ ဘုန်းကြီးက စေ့စပ်သေချာတော့ လက်သမားတွေက ခိုကပ်လို့ ရဟန်မတူဘူး။

     ကျောင်းဆောက်တဲ့ လက်သမားအဖွဲ့တောင် ၃ဖွဲ့ ပြောင်းသွားရတယ်တဲ့။ပြီးတော့ အဲ့ဒီနေရာမှာ ဘုန်းကြီးကလွဲရင် ဘယ်သူမှ အဲ့ဒီမှာ ညမအိပ်ရဲကြဘူးတဲ့။ ပရလောကသားတွေက ခြောက်လှန့်ကြတယ်ဆိုပဲ။ ဘုန်းကြီးကတော့ ကျောင်းမပြီးခင် မိုးလုံအောင် တဖက်ရပ်တဲလေး ဆောက်ပြီး ကျိန်းတယ်ပြောကြတယ်။ အော်  ပြောဖို့ မေ့နေတာ။ ဘုန်းကြီးက  အဂ္ဂိရတ်သမားတဲ့။ သူ့တဲ အပြင်ဘက်မှ အဂ္ဂိရတ်ဖို တလုံးတောင် ခုထိ ရှိနေတုန်းဆိုပဲ။

         အဲ့ဒီဘုန်းကြီး ပျံလွန်တော်မူတော့  ရွာကပဲ  ဖြစ်သလို သင်္ဂြိုလ်လိုက်ကြတယ်။ နောက်ထပ်  ဘယ်သံဃာမှ ဆည်သာရွာမှာ ကျောင်းထိုင်ဖို့ မလာကြတော့ဘူး။မလာရဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

        ဒါကြောင့်  ဆည်သာရွာမှာ သာရေးနာရေးရှိရင် တခြားရွာက သံဃာကိုပဲ ပင့်ဖိတ်နေရတယ်။

       ဒီကြားထဲ  ရွာမှာ  ဂိုဏ်းဆရာယောင်ယောင် ၊ ဘိုးတော်ယောင်ယောင်  လူတယောက်လည်း ရှိပြန်သတဲ့။ အဲ့ဒီလူက  အလွန်ရှိလှ အသက်၅၀ ဝန်းကျင်လို့ပြောတယ်။ နာမည်က ဦးဖိုးကွန်းတဲ့။ ရွာအစွန်မှာ တကိုယ်တည်း နေထိုင်တယ်လို့ ပြောတယ်။ သူက ရွာနေပြည်ထိုင်မဟုတ်ဘူး။ ကျောင်း လာဆောက်တဲ့ ဘုန်းကြီး ခေါ်လို့ ရောက်လာတာ။ ဘုန်းကြီးရဲ့ တူသားတပည့်လို့လည်း ပြောကြတယ်။

         အရင်ကတည်းက  ဦးဖိုးကွန်းဟာ ရွာအလုပ်ဖြစ်တဲ့ တောင်ယာအလုပ်ကို လုပ်ကိုင်တာမဟုတ်ဘူးတဲ့။ အဂ္ဂိရတ်ထိုးတယ်။ အင်းတွေ၊ စမတွေ ၊ ထုံကူးတာတွေအကြောင်းပဲ လေ့လာလိုက်စားနေတာတဲ့။ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးနဲ့ ဝါသနာတူ တဂိုဏ်းတည်းသားပေါ့။

       ဒါဆို  ဘယ်ကဝင်ငွေနဲ့ ထမင်းစားလဲ မေးကြည့်တော့ ၊ တခါတခါ ရက်တပတ်လောက် ပျောက်သွားတတ်သတဲ့။ ပြန်ရောက်လာရင် ငွေတွေ ပါလာတတ်တယ်လို့ ပြောကြတယ်။ 

        ဆန်၊ဆီ၊ဆား အခြောက်အခြမ်းတွေကိုလည်း လပေါက်စာ လုံလောက်အောင် ဝယ်ထားသတဲ့။ အရင်ကတော့  ရက်ခြားဆိုသလို ရွာထဲကို  ထွက်လာပြီး၊ သူနဲ့ ခင်တဲ့အိမ်တွေဆီ စကားစမြည် လာပြောတတ်သတဲ့။ ဒါပေမဲ့  လွန်ခဲ့တဲ့ ၇လခန့်က စပြီး  ရွာထဲကို လမ်းလျှောက်တာ မမြင်တော့ဘူး။ သူ့ခြံထဲမှာပဲ တကုပ်ကုပ်နဲ့  အလုပ်ရှုပ်နေသတဲ့။ 

       သူ့ ခြံကို ကာထားတဲ့ ခြံစည်းရိုးပင်တွေကလည်း လူတရပ်မက မြင့်တော့ ဦးဖိုးကွန်းတယောက် ဘာတွေ လုပ်နေတာလဲဆိုတာ ဘယ်သူကမှ အပ်ချမတ်ချ မပြောနိုင်ကြဘူးပေါ့။

        ပြီးတော့လဲ ရွာသူရွာသားဆိုတာက တနေ့တနေ့  တောင်ယာဆင်းရ၊ နွားစာစဥ်းရနဲ့၊  တခြားဗာရီရတွေကလည်း များတော့ ဦးဖိုးကွန်းကို သိပ်ပြီး စိတ်ဝင်တစား မရှိကြဘူး။ 

         ဦးဖိုးကွန်းနဲ့ လေပေးဖြောင့်တာက  ရွာလယ်က  ဦးစံမြ။ ဦးစံမြကလည်း  အရင်က ဂိုဏ်းတော်ဆေးထိုးနှံ့ထားတော့  ဓာတ်သိနတ်သိတွေပေါ့။ သူတို့ နှစ်ဦးဆုံကြပြီဆိုရင် ရှေးဘုရင်များလက်ထက်က  သူခိုးကြီးငတက်ပြား အစွမ်းထက်ပုံတွေ ၊ ကြောင်မျက်ရှင်ရဲ့ အစွမ်းကြီးပုံတွေ၊ဘိုးမင်းခေါင်တို့  ဘိုးဘိုးအောင်တို့ အကြောင်းတွေ စတဲ့  စတဲ့ ဂမ္ဘီရ အတတ်စွမ်းတွေ အကြောင်း မမောတမ်း ပြောကြတယ်ဆိုပဲ။ 

        ဒါပေသိ အဲ့သလို  စကားပြောရာမှာ  ဦးစံမြက  ဦးဖိုးကွန်း ဦးဆောင်ရာနောက် လိုက်ရတာကများသတဲ့။ ဘာလို့လဲဆိုတော့  ဦးဖိုးကွန်းက  ပိုပြီး လေ့လာလိုက်စားလို့ ဆိုလားပဲ။ 

        ဒီနောက်ပိုင်းမှာ ဦးဖိုးကွန်းဟာ ဦးစံမြကို  ရှိန်းဆာယာ ဖိုမောက်လို့  ကိုယ်ပျောက်နိုင်တဲ့အကြောင်းကိုပဲ လေးလေးနက်နက် ပြောနေသံကြားတယ်တဲ့။ သူလည်း  အဲ့ဒီနည်းကို ရှာကြံနေသတဲ့။ ဦးစံမြကတော့ ခေါင်းတငြိမ့်ငြိမ့်ပေါ့။ ဥိးစံမြရဲ့ စိတ်ထဲမှာတော့ ဒီလူ ရူးလည်းရူးပါ့လို့ တွေးနေမှာ အမှန်ပဲ။ ဖြစ်မှ မဖြစ်နိုင်တာကိုး။

        ဦးစံမြမှာက  သမီးပျို နှစ်ယောက်ရှိတယ်။ သမီးအကြီး  ပုလဲက အသက် ၂၂နှစ်၊ သမီးအငယ် စန္ဒာက အသက်၂၀။ ဦးစံမြ ဇနီးက ကလေးတွေ ဆယ်နှစ်သားဝန်းကျင်လောက် ဆုံးပါးသွားတော့ ၊ သူပဲ အဖ သူပဲ အမိပေါ့။ ပုလဲ ရော  စန္ဒာပါ လိမ္မာရေးခြား ရှိကြပါတယ်။ ဖအေနဲ့အတူ တောင်ယာဆင်းတယ်။ ညီအစ်မနှစ်ယောက်စလုံးက အလှည့်ကျ နွားစာစဥ်းတယ်။ အားလပ်ချိန်လို့ မရှိကြဘူး။ အိမ်မှုကိစ္စ နိုင်နင်းကြတယ်။

       ဦးဖိုးကွန်းကတော့ လူပျိုကြီးလား၊ တခုလပ်လား ၊ မုဆိုးဖိုလား  ဘယ်သူကမှ တိတိကျကျ မသိကြဘူး။ 

      ဦးဖိုးကွန်းက ကျန်းမာသန်စွမ်းတဲ့ ကိုယ်နေဟန်ရှိတယ်။ ဒါပေမဲ့  လူက ညစ်ပတ်တယ်။ အသားက နဂိုက ညိုပါတယ်ဆို တကိုယ်ရေသန့်ရှင်းမှု မရှိတော့ မျက်နှာက အမြဲလိုလို အဆီတဝင်းဝင်းနဲ့ပေါ့။ ပြီးတော့ သူ့မျက်လုံးတွေက  အမျိုးသမီးတဦးကို ကြည့်ရင် မှေးစင်းကြည့်တတ်တယ်။ 

       ဦးစံမြရဲ့ သမီးနှစ်ယောက်စလုံးက  ညိုချောတွေ။ တောသူဆိုတော့ ကိုယ်လုံးကိုယ်ပေါက်ကလည်း တောင့်တင်းကျန်းမာကြတယ်။ 

       တခါတလေ ဦးစံမြအလစ်မှာ အဲ့ဒီမိန်းကလေး နှစ်ယောက်ကို ဦးဖိုးကွန်း ကြည့်ပုံက မရိုးသားဘူး။ ပြောရရင် တနှာရမ္မက်ဖမ်းသလို ကြည့်တတ်တယ်။ မိန်းကလေးတွေရဲ့ ဖွံ့ထွားတဲ့ ကိုယ်နေဟန်ကို အရသာခံကြည့်တတ်တယ်။

      ဦးစံမြကတော့ ဘယ်သိမလဲ။ သူနဲ့ ရွယ်တူဆိုတော့ သူ့သမီးတွေကို ဦးဖိုးကွန်းက  တူ၊တူမတွေလို့  သဘောထားလိမ့်မယ်ပဲ ထင်ထားခဲ့တယ်။

      ဦးစံမြတင်မဟုတ်ပါဘူး။ ပုလဲနဲ့ စန္ဒာကလည်း  ဦးဖိုးကွန်းကို ဦးကြီးဘကြီးသဖွယ် အောက်မေ့ကြတယ်။ 

ဦးဖိုးကွန်းက ရှေးက ပြောခဲ့သလို ရွာကနေ တပါတ်လောက် ပျောက်သွားပြီး ပြန်ရောက်လာရင် ပုလဲနဲ့ စန္ဒာတို့ ညီအစ်မ နှစ်ယောက်အတွက် လက်ဆောင်ပစ္စည်း တခုမဟုတ် တခုပါလာတတ်တယ်လေ။ သနပ်ခါးတုံးတို့ ၊ ရေမွှေးတို့ ၊ ခေါင်းစည်းကြိုးတို့၊ဆံညှပ်ကလစ်လှလှလေးတို့ စတဲ့ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေပေါ့။

      ရင်းနီးနေတာ ကြာပြီဆိုတော့ ဦးဖိုးကွန်းက မိန်းကလေးတွေကို ထိပ်ပုတ်ခေါင်းပုတ်လည်း ရှိတယ်။ အကြီးမ ပုလဲက အားနာတတ်တယ်။ အငယ်မ စန္ဒာကတော့ သူ မကြိုက်ရင် မကြိုက်သလို အမူအယာ ချက်ချင်း ပြတတ်တယ်။ ဒါကြောင့် ဦးဖိုးကွန်းဟာ  အငယ်မ စန္ဒာကို သိပ်မစရဲဘူး။ ဒါကြောင့်  ကြီးကြီးမားမား ပြဿနာရယ်လို့ မရှိခဲ့ပါဘူး။

       ဦးဖိုးကွန်းဟာ အလွန်လည်း လျို့လျို့ဝှက်ဝှက် နေထိုင်တတ်တယ်လို့ ပြောရမယ်။ သူ ဘယ်က ဝင်ငွေနဲ့ ခုလိုမျိုး  ရပ်တည်နေနိုင်တာကို အရင်းနှီးဆုံးဖြစ်တဲ့ ဦးစံမြတောင် မသိဘူး။

      ဦးစံမြကတော့ တောင်ယာလုပ်ငန်းရှိတယ်။ သမီးနှစ်ယောက်က အားကိုးရတယ်။ ဒါကြောင့် ချမ်းသာတာမဟုတ်ပေမယ့် အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ အကြီးမ ပုလဲက ရွာထဲမှာ  ရွှေတိုငွေစလေးတွေ အပေါင်ခံတာတို့၊ အတိုးနဲ့ငွေချေးတာတို့လည်း လုပ်တယ်။ ဒါကြောင့် တခါတရံမှာ  သူ့လုပ်ငန်း လည်ပတ်ဖို့အတွက် ငွေလိုတတ်တယ်။ 

        အဲ့ဒီအခါ  ပုလဲက  ဦးဖိုးကွန်းရှေ့မှာ  ညီးညီးညူညူ လုပ်တတ်တယ်။ ဦးဖိုးကွန်းကလည်း ပုလဲ ငွေလိုနေရင် ထုတ်ချေးပေးတတ်တယ်။

  " ပုလဲ  ဘယ်လောက်လိုနေတာလဲ၊ ဒါများကွယ် ဦးကြီးကို ပြောပါတော့လား။ ကိုစံမြသမီး  ဦးကြီးသမီးပဲပေါ့။ပြော  ပြော  ဘယ်လောက်လိုနေတာလဲ ။ ဦးကြီး ထုတ်ပေးမယ် "

     ဦးဖိုးကွန်းက အဲ့သလို ပြောပြီး ပုလဲရဲ့  လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်ကို  တရှိုက်မက်မက် ကြည့်ရင်း သက်ပြင်းချလေ့ရှိတယ်။

      ဦးဖိုးကွန်းက ငွေကို အတိုးမပါဘဲ ချေးတာနော်။ ဒါက ဦးဖိုးကွန်းရဲ့  စိတ်နေစိတ်ထားတွေပဲ။ ငယ်ငယ်ချောချော မိန်းကလေးတွေအပေါ်   ရိုးသားဖြူစင် ဟန်ဆောင်ကြင်နာပြတတ်ပြီး အတွင်းစိတ်က  တဏှာရာဂတွေနဲ့ ညစ်ညမ်းနေတယ်။ 

      ဦးဖိုးကွန်းနဲ့  ပုလဲအကြားမှာ အဲ့သလို ငွေကြေးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကလည်း ရှိတော့၊ ဦးစံမြ မရှိချိန်များမှာ ပုလဲနဲ့  စကားပြောလေ့ရှိတယ်။ ဒါကို  စန္ဒာက သိပ်ပြီး သဘောမတွေ့လှဘူး။ ဦးဖိုးကွန်းရဲ့ အမူအယာကို သူက စကတည်းက မကြိုက်တာ။ ကိုယ့်သားသမီးအရွယ်တွေကို ခေါင်းပုတ်ကျောပုတ် စကားပြောတာကို မနှစ်မြို့ဘူး။ 

      စန္ဒာက ပြတ်တယ်။ သူ့အစ်မ ဦးဖိုးကွန်းနဲ့ စကားပြောတာ ဆိုတာကို မကြိုက်တော့ ...

   " မမ ... နင် အဲ့ဒီ ဦးဖိုးကွန်းကို သိပ်အရောမဝင်စမ်းနဲ့ဟာ ၊ အဲ့ဒီလူကြီးကို ငါက  အဖေ့မိတ်ဆွေမို့  အလိုက်အထိုက်နေတာ။ မိန်းခလေးတွေဆို ပရောပရီနဲ့ သူ့ပုံစံကို တယ်မကြိုက်လှဘူး "

        ပုလဲက  လူကြီးဆန်သူဆိုတော့ သူ့ညီမကို ဖြောင်းဖျ လေချိုသွေးရတယ်။ 

    " ဟယ်!  ညီမရယ်  အထင်မလွဲပါနဲ့။ တို့များ အဖေအရွယ်ကြီးပါအေ ။ သူက  မမ ငွေလိုတိုင်း ကူညီနေတော့ လူမှုရေးအရ  အလိုက်အထိုက် ပြောရတာပေါ့ကွယ်။ နို့ပြီး  ဦးဖိုးကွန်းက ညီမ ပြောသလို မဟုတ်ပါဘူး။ ငါတို့ကို သမီးလို တူမလို သဘောထားတာပါ "

        စန္ဒာက သူ့အစ်မစကားကြားတော့ ခပ်ချဥ်ချဥ် ပြုံးတယ်။ ဒါပေမဲ့  အစ်မဖြစ်သူကို အတိုက်အခံ ဆက်မပြောတော့ပါဘူး။ တခုပဲ  ပုလဲနဲ့ ဦးဖိုးကွန်းတို့  စကားပြောစရာရှိလို့ ပြောနေကြရင် စန္ဒာဟာ  အဲ့ဒီစကားဝိုင်းအနီးမှာ တခုမဟုတ် တခုတော့ လုပ်နေတတ်တယ်။ သူရှိနေရင်  ဦးဖိုးကွန်းက ရှိန်တယ်မဟုတ်လား။

       ဦးဖိုးကွန်းဟာ  နောက်ပိုင်းမှာ ပုလဲတို့အိမ်ကို  အလာကျဲသွားတယ်။

 ဒီကြားထဲမှာ  သူ   ကျင့်စဥ်တခုကို  အပြင်းအထန် ကျင့်နေတယ်လို့  ဦးစံမြက ပြောတယ်။ 

       နောက်ဆုံးတခေါက်  ဦးဖိုးကွန်း လာစဥ်တုန်းက  ညဘက်ကြီး။ ဦးစံမြဆီကို ပစ္စည်းတခု လာငှါးတာလို့ သိရတယ်။ ဦးစံမြက  လျောလျောလျူလျူ ပေးငှါးလိုက်ပါတယ်။ 

       အဲ့ဒီတုန်းက ဦးစံမြတို့ သားအဖသုံးယောက်စလုံး သတိထားမိတာ တခုရှိတယ်။ ဦးဖိုးကွန်းဟာ  မိုးမရွာဘဲနဲ့  ခေါင်းစွပ်ပါ မိုးကာအင်္ကျီကို ဝတ်လာတယ်။ ခေါင်းစွပ်ကိုလည်း စွပ်ထားတယ်။ အဓိကက သူ့ မျက်နှာကို အဲ့ဒီခေါင်းစွပ်နဲ့ ဖုံးကွယ်ထားလိုဟန်ရှိတယ်။

         ညဘက် ဖယောင်းတိုင်မီးနဲ့ဆိုတော့ သူ့မျက်နှာကိုလည်း သဲသဲကွဲကွဲ မမြင်ရဘူး။ ဦးဖိုးကွန်းကို အမြဲတမ်း သံသယရှိတတ်သူ အငယ်မ စန္ဒာက မျက်စိစူးရှသူဆိုတော့ ဦးဖိုးကွန်းရဲ့  မျက်နှာပေါ်မှာ တစုံတရာ ထူးခြားနေတယ်ဆိုတာ သိလိုက်ရတယ်။

      ဦးဖိုးကွန်း ပြန်သွားတော့ အငယ်မ စန္ဒာက ...

     " အဖေ   ဦးဖိုးကွန်းကြီး  နေမကောင်းဘူးထင်တယ်နော် ။ သူ့မျက်နှာပေါ်မှာလဲ  အသားပိုဖုကြီး ထွက်နေတယ် ။ အဖေ မြင်လိုက်သေးလား "

      " ဟေ ! ဟုတ်သလား ၊ မှောင်နေတော့ အဖေလဲ သတိမထားမိလိုက်ဘူး သမီးရေ "

       ဦးစံမြ  အဲ့သလို ပြောပြီး အိမ်ထဲဝင်သွားတယ်။ ဦးစံမြ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေဟန်က သူ့မျက်နှာမှာ ပေါ်လွင်နေတယ်။ 

      ဦးစံမြ  သူ့အိပ်ခန်းထဲ ဝင်ခါနီးစဲစဲမှာ  သူ့ဖာသူ ပြောသလိုလိုနဲ့  ခပ်တိုးတိုးလေး ရေရွတ်သွားတယ်။

    " ဒီလူတော့  မကြံသင့်တာတွေ ကြံစည်နေပြီ ထင်တယ် ... "

              ______________

အခန်း(၉)

      ညဟာ အမှောင်ထုဖြင့် ဆည်သာရွာငယ်လေးအား သိပ်သိပ်သည်းသည်း လွှမ်းခြုံထားတယ်။ လျှပ်စစ်မီး မရရှိတဲ့ ရွာငယ်လေးဆိုတော့ ရေနံဆီ မီးအိမ်လေးတွေ ၊ ဖယောင်းတိုင်လေးတွေကိုပဲ အားကိုးနေရတယ်။

        ရွာရဲ့ထုံးစံက ည၈နာရီကျော်ပြီဆိုတာနဲ့  လူခြေတိတ်ဆိတ်ပြီး၊ အသွားအလာ မရှိသလောက် ဖြစ်သွားတယ်။ အခုက ညည့်၁၀နာရီ ဝန်းကျင်ကာလဆိုတော့ အိမ်တွေကလည်း အမှောင်ချလို့ အိပ်ကုန်ကြပြီ။

        အဲ့ဒီအချိန်  ရွာလယ် လမ်းမှာ အရိပ်တခုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ရွေ့လျားသွားနေတယ်။

        အံဩစရာကောင်းတာက၊ အဲ့ဒီ အရိပ်ကို ရွာထဲက ခွေးတွေက မဟောင်ကြဘူး။ တချို့ခွေးတွေဆို  မြေပေါ် ခွေလျောင်းနေရာကနေ သူတို့အနီးက ဖြတ်လျှောက်သွားတဲ့ အဲ့ဒီအရိပ်ကို တချက်လောက် ခေါင်းထောင်ကြည့်ပြီး၊ ပြန်အိပ်ကြတယ်။

       ထူးတော့ ထူးဆန်းနေတာ အမှန်ပါပဲ။ ခွေးဆိုတဲ့ တိရိစ္ဆာန်မျိုးက နာနာဘာဝလို ဟာမျိုးတွေ့ရင်တောင် ဟောင်တတ်အူတတ်တဲ့ အမျိုးမဟုတ်လား။

      မည်းမည်းအရိပ်ဟာ သူ့တကိုယ်လုံးကို မိုးကာအင်္ကျီနဲ့ ခြုံလွှမ်းထားလေတော့ ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်ဘူး။ ဒါပေမဲ့ အရပ်က ၆ပေနီးပါး မြင့်မားပြီး လှုပ်ရှားပုံက သွက်လက်လွန်းတယ်။ 

      အဲ့ဒီ မိုးကာအင်္ကျီနဲ့လူဟာ ရွာတောင်ထိပ်က ကျောင်းပျက်ကြီးဆီကို ဦးတည်သွားနေတာ ဖြစ်တယ်။ မကြာပါဘူး။ သူဟာ  ကျောင်းပျက်ကြီးဆီကို ရောက်လာပါတော့တယ်။

       မှုံပြပြ ကြယ်ရောင်လရောင်အောက်မှာ အကာအရံ မရှိတဲ့ ဘုန်းကြီးကျောင်းပျက်ကြီးဟာ သာမန်လူအတွက်တော့ ထိတ်လန့်စဖွယ် ကောင်းလွန်းလှပါတယ်။

       အမိုးသွပ်ပြားတွေဟာ သံချက်အချို့ ပြုတ်ထွက်နေတာကြောင့် ရုတ်တရက် လေတိုးလိုက်ရင် တဂျမ်းဂျမ်းနဲ့ မြည်ဟီးတတ်တယ်။အသဲငယ်တတ်သူအဖို့ဆိုရင် ထွက်တောင် ပြေးချင်စရာ။ 

       ကျောင်းပျက်ကြီးဟာ စောင့်ရှောက်သူ မရှိတော့၊ လှေကားဆံ တချို့ဟာ ခိုးယူသူတွေကြောင့် အင်္ဂါမစုံဘဲ အပေါက်တွေနဲ့ ဟာလာဟင်းလင်းပေါ့။ မည်းမည်း အရိပ်သဏ္ဍာန်ရှိတဲ့  လူဟာ  ဘာကိုမှ ကြောက်လန့်ပုံ မရပါဘူး။ သူဟာ ကျောင်းပျက်ထဲကို တည်တည်ငြိမ်ငြိမ် ဝင်သွားတာကို တွေ့ရတယ်။

       ဒါပေမဲ့  သူဟာ  ကျောင်းပျက်ကြီးကို စိတ်ဝင်စားဟန်မတူဘူး။ သူ ကျောင်းပျက်အနီးက တဖက်ရပ် တဲစုတ်ကလေးဆီ တန်းသွားတာ တွေ့ရတယ်။ တဲဝ အရောက်မှာ ပတ်ဝန်းကျင်ကို လေ့လာဟန်နဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်သေးတယ်။ ပြီးလေမှ တဲအတွင်းကို ဝင်သွားတယ်။ 

      တဲကလည်း အတော်လေးကို ယိုယွင်းပျက်စီးနေပါပြီ။ ဒါပေမဲ့ တဲအတွင်းမှာ သင်္ကန်းအစုတ်တချို့ကို တွေ့ရသလို ၊ ဝါးကြမ်းခင်းပေါ်မှာလည်း အတော်ကို ဟောင်းနွမ်းနေတဲ့ သံသေတ္တာတလုံးကို တွေ့ရတယ်။

        အဲ့ဒီလူဟာ  သံသေတ္တာမှာ သူ့အကြည့်စူးစူးက ရပ်တန့်သွားတယ်။ သူ လိုချင်တာက အဲ့ဒီသံသေတ္တာပဲ ဖြစ်လိမ့်မယ်။ 

      ထင်တဲ့အတိုင်းပါပဲ။ အဲ့ဒီလူဟာ ဝါးကွပ်ပြစ်ပေါ်က သံသေတ္တာဆီကို လက်လှမ်းလိုက်တယ်။ 

       အဲ့ဒီအချိန်  တဲအတွင်းကို အရိပ်တခု  ပြေးဝင်လာပြီး၊ သံသေတ္တာကို လက်လှမ်းနေတဲ့လူရဲ့ ဂုတ်ကို ဒေါသတကြီးနဲ့ ဆွဲကိုင် လွှင့်ပစ်လိုက်တယ်။

       မိုးကာအင်္ကျီ ဝတ်ထားတဲ့လူဟာ တဲအပြင်ဘက်ထိ လွင့်သွားတယ်။ လဲကျသွားတဲ့လူဟာ ခေါင်းထောင်ကြည့်လိုက်တယ်။  တဲဝမှာတော့ ဦးပြည်းကတုံးနဲ့ သင်းပိုင်ကိုသာ ဝတ်ထားတဲ့ ဘုန်းကြီးတစ္ဆေကို မြင်တွေ့လိုက်ရတယ်။  

     ဘုန်းကြီးတစ္ဆေက အသံဩဩကြီးနဲ့  ဒေါသတကြီး ဟစ်အော် ပြောလိုက်တယ်။

    " ဟိတ်ကောင် ဖိုးကွန်း ၊ မင်း ဒါ ဘာလုပ်တာလဲ "

        အဲ့ဒီတော့မှ  မိုးကာအင်္ကျီနဲ့လူဟာ ဦးဖိုးကွန်းမှန်း သိလိုက်ရတယ်။ 

ဦးဖိုးကွန်းက  မခန့်တရန့် အပြုံးကို ပြုံးရင် လဲကျနေရာကနေ ထလာပြီး၊

    " ကျုပ် လိုနေတဲ့ဟာကို လာယူတာပေါ့ဗျ " လို့  မချေမငံ လေသံနဲ့ ပြန်ဖြေလိုက်တယ်။

      ဘုန်းကြီးတစ္ဆေဟာ ဒေါသတွေ ပိုထွက်လာပြီး 

    " မင်း   မင်း  ခွေးလိုအကောင်ပဲ။ ဒီသံသေတ္တာကို ထိရဲ ထိကြည့်စမ်း။ ဒီည  မင်းကို  ငါ ဂုတ်ချိုး သတ်ပစ်မယ်။ ငါ့ကို ဘာအောက်မေ့နေလဲ "

      ဘုန်းကြီးတစ္ဆေရဲ့စကားကို ဦးဖိုးကွန်းက တစက်ကလေးမှ မကြောက်ပါဘူး။ သဘောကျလို့တောင် အော်ရယ်လိုက်သေး။

     " ဟားဟားဟား "

     " ကျုပ်ကို  အရင် ဖိုးကွန်းများ မှတ်နေသလား ဘုန်းကြီး၊ ခင်ဗျား လို တစ္ဆေလောက်ကတော့ ကျုပ်အတွက် ကစားစရာလောက် အောက်မေ့တယ်၊ ကဲ   ခင်ဗျား ကို ကျုပ် ဦးလေးတော်ဖူးတဲ့ သံယောဇဥ်ကြောင့် ဘာမှ မလုပ်ဘဲ လွှတ်ပေးလိုက်မယ်။ 

       ကျုပ်လိုချင်တာကို အသာတကြည် ယူသွားခွင့်ပေး။ မဟုတ်ရင်တော့  ခင်ဗျား ထိုက်နဲ့ ခင်ဗျား ကံပဲနော် "

       ဘုန်းကြီးတစ္ဆေဟာ သူ့ကို မကြောက်မလန့် ပြန်ပြီး ပြောနေတဲ့ ဖိုးကွန်းကို စေ့စေ့စပ်စပ် ကြည့်ရင်း အံဩနေဟန်တူတယ်။ 

       တကယ်တော့ တစ္ဆေဟာ  ဒီကျောင်းကို ဆောက်လုပ်ခဲ့တဲ့ တောထွက်ကြီးပဲ ဖြစ်တယ်။ ဦးဖိုးကွန်းက  သူ့ရဲ့ တူတော်သလို လောကီပညာရပ်တွေ လိုက်စားရာမှာလည်း အန္တဝါသိက တပည့်တဦးဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဦးဖိုးကွန်းက သူ သင်ပေးခဲ့တဲ့ ပညာနဲ့ သူ့ကို အပြတ်ရှင်းတော့မယ်နဲ့ တူတယ်။

    " မင်း    မင်း   ခွေးလောက်မှ သစ္စာမရှိတဲ့ အကောင် "

       ဘုန်းကြီးတစ္ဆေဟာ အဲ့သလိုပြောပြီး၊ သူ့လက်ကို ဆန့်တန်းလိုက်တယ်။ လက်တံနှစ်ဖက်ဟာ ရှည်လျားစွာ ဆန့်ထွက်လာပြီး ဦးဖိုးကွန်းရဲ့ လည်မြိုကို ညှစ်ကိုင်ချိုးရန် ရောက်လာပါတယ်။ 

       ဦးဖိုးကွန်းဟာ ပဝါစဖြင့် ထုပ်ထားသော ဂဝံသားပိုက်နို့စို့ဟန်အရုပ်ကို ထုတ်ယူ၍ တည်ငြိမ်စွာနဲ့  ဂါထာတပုဒ်ကို ပီပီသသ ရေရွတ်လိုက်တယ်။ 

" ဥုံ ဗုဒ္ဓံ ဓမ္မံ သံဃံ၊ နမောကုရုကာဘုံ သွားဟဲ့ "

ဂါထာသံနဲ့   စီရင်ထားသော ဂဝံရုပ်တုကြောင့် ဘုန်းကြီးတစ္ဆေရဲ့ လက်နှစ်ဖက်ဟာ ပြန်ရုတ်သွားပြီး၊ သူ့နားနှစ်ဖက်ကို သူ ပြန်ပိတ်ရင်း နာကျင်စွာ အော်ဟစ်နေတယ်။

      ဦးဖိုးကွန်း လက်ထဲက ဂဝံ သားပိုက်နို့စို့ အရုပ်က နယ်နယ်ရရမှ မဟုတ်ဘဲ။ ကိုယ်ဝန်ဆောင်မိန်းမအလောင်းရဲ့ အရိုးနဲ့ ထုဆစ်ထားပြီး၊ နတ်ရဲသော သစ်ပင်အောက်မှာ ဂါထာ တထောင်စုတ်ထားတာလေ။ အရုပ်မှာလည်း နေ့သင့်နံသင့် အနှိုးဂါထာတွေ ရေးထိုးထားသေးတယ်။ 

       ဘုန်းကြီးတစ္ဆေ နားစည်အတွင်းပိုင်းကို အပ်ချွန်နဲ့ အကြိမ်များစွာ ထိုးစိုက်နေသကဲ့သို့ ရှိတယ်။ ဒါကြောင့် ဘုန်းကြီးတစ္ဆေဟာ  သူ့ထက် အစွမ်းကြီးနေတဲ့ ဦးဖိုးကွန်းကို မယှဥ်ဝံ့တော့ပဲ နေရာကနေ လှစ်ခနဲ ပြေးထွက် ပျောက်ကွယ်သွားရလေတော့တယ်။ 

      အဲ့ဒီတော့မှ ဦးဖိုးကွန်းဟာ  သံသေတ္တာကို လွယ်ကူစွာ ယူနိုင်တယ်။ လိုချင်တာ ရပြီဆိုတော့ ဦးဖိုးကွန်းဟာ  ကျောင်းပျက်ကြီးကနေ  သူ့အိမ်ကို  ပြန်ခဲ့တော့တာပေါ့ ။ သံသေတ္တာအဟောင်းကို စွဲလန်းစိတ်နဲ့  တစ္ဆေဖြစ်နေတဲ့ ဘုန်းကြီးအိုခမျာမှာတော့  တငိုငိုတရီရီနဲ့ ကျန်နေရစ်ခဲ့ရှာပါတယ်။

       အဲ့ဒီ သံသေတ္တာထဲမှာ ရွှေငွေတွေ မရှိပါဘူး။ ဒါပေမဲ့ ဦးဖိုးကွန်းအတွက် ရွှေငွေထက် တန်ဖိုးကြီးမားတဲ့ လောကီရေးရာ အစွမ်းထက်မြက်တဲ့ ပေစာ၊ ကျမ်းစာတွေ ပါတယ်မဟုတ်လား။ အထူးသဖြင့်တော့  သူ လတ်တလော  ကျင့်ကြံနေတဲ့  ကိုယ်ပျောက်ကဝေ ကျင့်စဥ်အတွက် အထောက်အကူ ပြုမယ့် အရာတွေက ဒီသံသေတ္တာဟောင်းထဲမှာ ရှိနေတာကိုး။

              _____________

အခန်း(၁၀)

          ဆောင်းအဝင် ညတညမှာ  ဦးစံမြတို့ အိမ်ရှေ့  ခြံတံခါးဟာ  လူမမြင်ရဘဲ အလိုအလျောက်  တွန်းဖွင့်ခြင်းကို ခံရတယ်။ 

          ညဥ့်နက်သန်းခေါင်ဆိုတော့  ဘယ်သူကမှ ဒါကို သတိမထားမိကြလေဘူး။ နှင်းမှုန်  စိုစိုစွတ်စွတ်ကြောင့် ခြံအဝင် မြေခင်းပေါ်မှာ ယောက်ကျားခြေရာ ခပ်ကြီးကြီးတခု နင်းလာသည့်ဟန် ထင်ကျန်ရစ်ခဲ့တယ်။

        ခြေရာပိုင်ရှင်ဟာ  ဦးစံမြရဲ့ နှစ်ထပ်ပျဥ်ထောင်အိမ်ဆီကို ဦးတည်သွားနေတာလို့ ခန့်မှန်းနိုင်တယ်။

         ဆောင်းဥတု ဝင်စမို့  ပြတင်းတံခါးတွေ အလုံပိတ် အိပ်နေကြပြီဖြစ်တဲ့ ဦးစံမြတို့ သားအဖဟာ သူတို့ခြံထဲ ကိုယ်ပျောက်မိစ္ဆာကောင် ရောက်နေတာကို မသိရှိကြဘူး။ 

         ကိုယ်ပျောက်မိစ္ဆာကောင်ဟာ ခြံရဲ့ အနောက်ဘက်ဆီသို့  အိမ်ညာဘက်ခြမ်းကနေ ဆက်လျှောက်သွားပြန်တယ်။ သူဟာ  ဒီအိမ်ရဲ့ အခင်းအကျင်းကို ကောင်းစွာ သိနေတဲ့သူပဲ ဖြစ်တယ်။ ဒါကြောင့် အိမ်ထဲကို အလွယ်ကူဆုံး ဝင်လို့ရမယ့် အိမ်အနောက်ဘက်က  မီးဖိုချောင် တံခါးရှိရာကို သွားနေခြင်း ဖြစ်တယ်။

         မီးဖိုချောင် စောင်းတဲဟာ အိမ်မကြီးကို မှီ၍ အဖီချထားသော တဲဖြစ်၍ အိမ်ထဲကို တဆက်တည်း ဝင်ရောက်နိုင်တယ်။ ပြီးတော့  အဲ့ဒီမီးဖိုချောင် တံခါးတချပ်ရဲ့မင်းတုန်း ဂလန့်ဟာ  သံချက်တွေ ချောင်နေပါတယ်။ တံခါးကို အပြင်ကနေ အသာအယာ ကလန့်ဖွင့်လို့ ရတဲ့ အနေအထား ဖြစ်တယ်။ 

         ဒါကို သိထားတဲ့ ကိုယ်ပျောက်မိစ္ဆာကောင်ဟာ  မီးဖိုချောင်တံခါးကို ကလန့်ဖွင့်ပြီး  အိမ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ 

         သူဟာ ဦးစံမြ အိပ်သော အိမ်အောက်ထပ်ကို စိတ်ဝင်စားဟန် မတူဘူး။ အပေါ်ထပ်သို့  လှေခါးမှတဆင့် ချွတ်နင်း တက်သွားခဲ့တယ်။ အပေါ် ထပ် ရောက်သည့်အခါ ၊ အခန်း ၂ခုကို တွေ့ရတယ်။ ကျေးရွာတွေမှာက အခန်းသာဖွဲ့ထားတာ၊ အခန်းတံခါးရယ်လို့ တပ်လေ့ မရှိပါဘူး။ ခန်းဆီး လိုက်ကာစ တခုစီသာ တပ်ထားလေ့ရှိတယ်။ 

        ဒါကြောင့် မိစ္ဆာကောင်ဟာ  ညာဘက် အခန်းက လိုက်ကာ ခန်းစီးစကို အသာအယာ လှပ်ကြည့်လိုက်တယ်။ 

         တွေ့ပါပြီ။ မိစ္ဆာကောင် ရှာဖွေနေသော  မိန်းမလှလေး  ပုလဲ ။ ပုလဲဟာ ညဝတ် သရက်ထမီ ခပ်နွမ်းနွမ်းနဲ့ ခေါင်းစွပ် တီရှပ်အဟောင်းတထည်ကို ဝတ်ဆင်ပြီး  နှစ်ခြိုက်စွာ အိပ်မောကျနေပါတယ်။ 

        ဆောင်းဝင်စမို့  ရာသီဥတုက  သိပ်ပြီး မအေးသေးတော့  ပုလဲ ခြုံထားတဲ့ စောင်က ခြေရင်းမှာ ပုံနေတယ်။ ' ဋ ' အက္ခရာလို ခပ်ကွေးကွေးလေး အိပ်နေတဲ့  ပုလဲရဲ့  စွဲမက်ဖွယ်ရာ ခန္ဓာကိုယ် ကောက်ကြောင်းက  မိစ္ဆာကောင်ရဲ့  ရာဂစိတ်ကို နှိုးဆွ ပေးနေသလိုပါပဲ။ 

       မိစ္ဆာကောင်ဟာ ခန်းဆီး လိုက်ကာစကို ဖယ်ရှားပြီး  ပုလဲ အိပ်နေသော အိပ်ယာအနီးသို့  တိုးကပ်သွားခဲ့တယ်။ 

       ဒါဟာ  မိစ္ဆာကောင်ရဲ့  ပထမဦးဆုံး  သူ့အစွမ်းကို  စမ်းသပ်နေခြင်း ဖြစ်လေတော့  သူ့ရဲ့ ခန္ဓာကိုယ်ကို မဖေါ်ထားဘူး။ ပြီးတော့ မိစ္ဆာကောင်ဟာ  သူ့အတွက် အဖက်ဖက်က လုံခြုံအောင်  ပုလဲကို အရင်ဦးစွာ အိပ်မွေ့ချလိုက်ပါတော့တယ်။ 

       သူ ကြံရွယ်နေစဥ်မှာ အိပ်ပျော်နေတဲ့  ပုလဲ  နိုးထသွားမှာကို ကြောက်ရွံဟန် ရှိတယ်။ 

        အိပ်မွေ့ချလို့ အပြီးမှာတော့ ကိုယ်ပျောက်မိစ္ဆာကောင်ဟာ ပုလဲရဲ့ ခန္ဓာကိုယ်အနီး လှဲလျောင်းလိုက်ပါတယ်။ ချစ်စဖွယ် ကောင်းလှတဲ့ ပုလဲရဲ့ မျက်နှာကို အထပ်ထပ်အခါခါ နမ်းရှုံ့တယ်။ ထိုမှတဆင့်  ပုလဲရဲ့ ကိုယ်ပေါ်က အသားစိုင်တို့ကို အသာငမ်းငမ်းနဲ့  ထိတွေ့ပွတ်သပ်ပြန်တယ်။ 

      တစတစနဲ့   ညဥ့်ဟာ  နက်သထက် နက်လာခဲ့လေပြီ။ ကာမအမှောင်တွင်း အတင်းထိုးဆင်း ခံနေရတဲ့  မိကောင်းဖခင် သမီးပျို ပုလဲခမျာမှာတော့  အိပ်မွေ့ချခံထားရ၍ ဘာကိုမျှ မသိရှာ။ သူမရဲ့  အိပ်မက်မှာတော့  ရင်တဖိုဖို အသဲတလှပ်လှပ်နဲ့  ဘုရားပွဲတွေမှာ လာရောက် ခင်းကျင်းတဲ့  ချားရဟတ် အမြင့်ကြီးကို စီးနေရသလို ခံစားနေရရှာတယ်။ အမြင့်ကြီးကို ရောက်သွားလိုက်၊ အနိမ့်ဆုံးကို ထိုးဆင်းလိုက်နဲ့  အားအင်တွေ ချိနဲ့လာသလို ခံစားနေရမှာပါပဲ။ 

         ညဉ့်  တချက်တီးကျော်ကျော်မှာတော့  မိစ္ဆာကောင်ဟာ  ပုလဲ ခန္ဓာကိုယ်ပေါ် အဝတ်များ ပြန်ဝတ်ပေးခဲ့ပြီး အိမ်ပေါ်ကနေ အသာအယာ ပြန်ထွက်သွားခဲ့ပါတယ်။ 

        မိစ္ဆာကောင်  ခြံထဲ ရောက်တဲ့အခါ  လာစဥ်ကလိုပါပဲ၊ ဦးစံမြ မွေးထားတဲ့ခွေး နက်ကျော်ဟာ အိပ်နေရာကနေ  ခေါင်းထောင်ထကြည့်တယ်။ ဒါပေမဲ့  မိစ္ဆာကောင်ကို မြင်တွေ့ပြီးလည်း တချက်ကလေးမှ မဟောင်ဘဲ၊ ပြန်အိပ်သွားပြန်ပါတော့တယ်။

       ဟောဒီညဟာ ဦးစံမြတို့ မိသားစုအပေါ်  အကျည်းတန်လွန်စွာ  ဖြတ်သန်းသွားခဲ့တယ်ဆိုတာကိုတော့

ဘယ်သူကမှ  ရိပ်စားသိမိခဲ့ကြမယ်မထင်ပါဘူး။

        ကိုယ်ပျောက်မိစ္ဆာကောင် တဖြစ်လဲ ဦးဖိုးကွန်းကတော့  သူ့ပညာစွမ်းကို အသုံးချပြီး ဒီကနေ့ညမှာ အောင်သေအောင်သားစား အဆီယစ်ကာ  ညဥ့်တဝက်ကို နှစ်ခြိုက်စွာ အိပ်မောကျလိမ့်မည်ဆိုတာ လွဲလိမ့်မည်မထင်။

ပြီးပါပြီ

ပီပီ၊မန္တလေး၊

၂၃၊ ၇၊ ၂၀၂၂

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..