
အပိုင်း ( ၃ )
ယခုည၌ ကိုမြင့်ဇော်စိတ်ထဲ လေးလံနေသလိုဖြစ်ပေါ်နေမိ
သည်။ မည်သည့်အကြောင်းကြောင်းဟူ၍ ရေရေရာရာ
မရှိဘဲ ထိုသို့ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။
ညသန်းခေါင်တိုင် အိပ်၍လည်းမရ၊ မျက်လုံးကြောင်နေ
၏။ ဒါလီနွယ်ကို စောင်းငဲ့ကြည့်လိုက်သည့်အခါ သူမမှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေပြီ။
နဖူးပေါ်လက်တင်ရင်း အတွေးများက ဟိုတစ်စ၊ ဒီတစ်စ
ရောက်ရှိသွားစဉ် အခန်းအပြင်ဘက်၌ တစုံတယောက်
လမ်းလျှောက်နေသံအား ကြားမိသလိုလို ဖြစ်သွားသည်။
ခေါင်းကိုထောင်ကာ နားစွင့်ကြည့်သည့်အခါ အသံတိတ်
သွား၏။ တဖန်ပြန်လှဲချလိုက်လျှင် ခြေသံကိုကြားရပြန်
သည်။
စိတ်ထဲမရိုးမရွဖြစ်လာသဖြင့် အခန်းအပြင်ဘက်ဆီသို့
လျှောက်လှမ်းသွားကြည့်တော့သည်။ တံခါးကို အသာ
ဆွဲဖွင့်ကာ အပြင်ဘက် ထွက်လာခဲ့၏။
မီးမှိန်မှိန်အောက်တွင် အရာရာမှာ ဆိတ်ငြိမ်၍နေသည်။
ထိုအိမ်ကြီးတွင် သူနှင့် ဇနီးသည် နှစ်ယောက်သာရှိသ
ဖြင့် ကြားရသော ခြေသံမှာ မူမမှန်ကြောင်း အတပ်သိ
နေခဲ့ပြီ။
ထို့ကြောင့် လိုလိုမယ်မယ်ဆောင်ထားသော နံပါတ်တုတ်
ကို တဘက်အခန်းအလွတ်ထဲက ယူထွက်လာခဲ့သည်။
ပြီးနောက် အပေါ်ထပ်တစ်ထပ်လုံး ပတ်ကြည့်လိုက်သည်။
လူမဆိုထားဘိ၊ ကြွက်တစ်ကောင်ပင်မတွေ့ရှိ။ စိတ်ကျေ
နပ်မှုမရှိသေးဘဲ အိမ်အောက်ထပ်သို့ ထပ်မံဆင်းကြည့်
၏။ အောက်ထပ်တစ်ထပ်လုံးလည်း တိတ်ဆိတ်နေပြီး
အရာရာသည် သူ့နေရာနှင့်သူ အစီအရီရှိနေသည်။
သူ နားကြားများမှားလေရော့သလားဟု ဆင်ခြင်ပြီး အိမ်
အပေါ်ထပ်ပြန်တက်လာခဲ့၏။ အခန်းထဲသို့ ဝင်လျှင်ဝင်
ချင်း ဒါလီနွယ်ပေါ် လေပေါ်ဝဲကာ အုပ်မိုးပြီး စူးစိုက်ကြည့်
နေသော မိန်းမတစ်ယောက်၏ အရိပ်သဏ္ဍာန်ကို ရုတ်တ
ရက်မြင်လိုက်ရသဖြင့် အလန့်တကြားဖြစ်ကာ လက်ထဲမှ
နံပါတ်တုတ်က လွတ်ကျသွားလေသည်။
သူ့အသံကြားသည်နှင့် ထိုမိန်းမမှာ တစ်ချက်လှည့်ကြည့်
လာကာ ဖျပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ကိုမြင့်ဇော်
သည် ဒူးနှစ်ဘက်က မခိုင်တော့ဘဲ ခွေကျသွား၏။
တစ်သက်နှင့်တစ်ကိုယ် ယခုလိုအဖြစ်မျိုး အိပ်မက်ပင်
မမက်ဖူးခဲ့ချေ။ ထိတ်လန့်လွန်းသဖြင့် လဲကျနေရာမှ
တော်တော်နှင့်ပြန်မထနိုင်ဘဲ ဖြစ်နေရသည်။
အော်ဖို့ပင် မေ့နေပြီး တုန်လှုပ်နေမိ၏။ နောက်မှ စိတ်ကို
တည်ငြိမ်စေရန် အသက်ခပ်ပြင်းပြင်းရှုကာ ထရပ်လိုက်
တော့သည်။
ကြောက်စိတ်ပြေစေရန် အခန်းမီးကို ဖွင့်လိုက်၏။ တစ်
ခန်းလုံးလင်းထိန်သွားသည့်အခါ စိတ်နည်းနည်းအေး
သွားခဲ့သည်။
မီးအလင်းရောက်ကြောင့် ဒါလီနွယ်က နိုးလာပြီး ကိုမြင့်
ဇော်ကို ကြောင်ကြည့်နေသည်။
" ကို ... မအိပ်ဘဲ ဘာလုပ်နေတာလဲ "
" ဟင် ... အော် ...
ဘာမှ မဟုတ်ပါဘူး ... လူသံကြားလို့ ထကြည့်တာ "
" ဘယ်မှာကြားတာလဲ ... သူခိုးကပ်နေတာလားမသိ "
" မကပ်ပါဘူးကွာ ... ရှာကြည့်ပြီးပြီ ...
ဘာမှမတွေ့ဘူး ... နွယ် ... အိပ်ရေးမဝဘဲနေမယ် ...
ပြန်အိပ်တော့ ... "
ကိုမြင့်ဇော်ကထိုသို့ပြောကာ အခန်းမီးကို ပြန်ပိတ်လိုက်
သည်။ ဒါလီနွယ်၏ဘေး၌ ဝင်အိပ်နေရသော်လည်း စိုး
ထိတ်မှုက ဖြစ်ပေါ်နေသဖြင့် အိပ်မပျော်ပေ။
မြင်တွေ့ခဲ့သော ထိုမိန်းမ၏ မျက်နှာကိုသာ မြင်ယောင်
နေမိ၏။ တစ်ယောက်နှင့်တူနေသလိုလိုရှိသည်။ ထိုမိန်း
မကို သိနေသလိုလို မသိသလိုလို ဖြစ်ပေါ်နေသည်။
" ဘယ်မှာတွေ့ဖူးတာပါလိမ့် "
အထပ်ထပ်အခါခါရေရွတ်ရင်း စဉ်းစားကြည့်သည်။ တစ်
ကိုယ်လုံးပြာနှမ်းနှမ်းနှင့် အေးစက်စက်အကြည့်။ ထိုပုံရိပ်
ကို မြင်ယောင်မိလျှင် ကျောချမ်းလာသည်။
" ဟုတ်ပါ့မလား "
ကိုမြင့်ဇော်က ရုတ်တရက် သတိရသွားပြီး စာကြည့်ခန်း
သို့ ထသွားလေသည်။ ဒေါ်စန်းစန်းတင့်တို့အမှုတွဲဖိုင်ကို
ထုတ်ယူကြည့်လိုက်၏။
ထိုဓါတ်ပုံကို ယူကြည့်ရင်း လက်မှလွတ်ကျသွားတော့
သည်။ မဉ္ဇူအေး၏ ရုပ်ပုံလွှာက ကိုမြင့်ဇော်၏ ဦးခေါင်း
ကို အဆမတန် ကြီးသွားစေသလို ဖြစ်သွားခဲ့သည်။
ဓါတ်ပုံအား အမြန်ပြန်ထည့်ကာ အိပ်ခန်းဆီသို့ ပြေးပြန်
လာ၏။ အခန်းထဲမဝင်ခင် မျက်လုံးအစုံကို အရင်မှိတ်
ကာ မီးအရင်ဖွင့်လိုက်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ဖွင့်
ကြည့်ရသည်။
မည်သည်မှ မတွေ့သဖြင့် သက်ပြင်းချကာ ကုတင်ပေါ်
ဝင်လှဲလိုက်၏။
" မဉ္ဇူအေးက ဘာဖြစ်လို့ ဒီကိုရောက်လာတာပါလိမ့် "
ထိုအကြောင်းသာ တွေးနေမိပြီး သတိရတိုင်းလည်း မျက်နှာကျတ်ကိုသာ ကြည့်ကြည့်နေမိသည်။ မိမိအိပ်နေစဉ် ခုနကလို လေပေါ်ဝဲကာ စိုက်ကြည့်နေမည်လားဟု
တွေးမိတိုင်း မည်သို့မျှ အိပ်မရတော့ချေ။ မနက်လင်းမှ အိပ်ပျော်သွားရသည်။
သူနိုးလာသည့်အခါ နေ့လည် ( ၁၁ ) နာရီပင်ရှိနေပြီဖြစ်
သည်။
" နွယ် ... "
အရင်ဦးဆုံး ဇနီးသည်ကို လိုက်ရှာမိသည်။ ဒါလီနွယ်ကို
စာရင်းစာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေသည်အား မြင်
လိုက်မှစိတ်သက်သာသွားရသည်။
" နေမကောင်းဘူးလား ... "
" ကောင်းပါတယ် ... ညက အိပ်ရေးပျက်သွားလို့ "
မျက်နှာသစ်ရန် အိပ်ခန်းထဲသို့ ပြန်တက်လာခဲ့သည်။ အ
ဝတ်အစားလဲပြီး ဒေါ်စန်းစန်းတင့်၏ဖိုင်ကို ယူကာ ထွက်
လာလိုက်တော့၏။
" ကော်ဖီမသောက်ဘူးလား "
ဒါလီနွယ်၏ အော်သံက သူ့နောက်ကျောဘက်၌ ကျန်ရစ်
ခဲ့လေပြီ။
" ဟာ ... ကိုမြင့်ဇော် ... လာ ... ထိုင်လေ "
" ဟုတ်ကဲ့ "
တရားလို၏ရှေ့နေဖြစ်သူ ကိုသိန်းနိုင် ထံ သွားတွေ့ခြင်း
လည်းဖြစ်သည်။
" ဆိုဗျာ ... ဒေါ်စန်းစန်းတင့် ကိစ္စထင်ပါ့ "
" ဟုတ်တယ် ကိုသိန်းနိုင် "
အမှုအကြောင်းအသေးစိပ်ကို ဆွေးနွေးပြောဆိုလိုက်ကြ
သည်။
" ကောင်လေးက အမေချစ်သားဗျ ... ဆိုးတယ် ... ပေတယ် ... မဉ္ဇူအေးနဲ့ ချစ်ကြိုက်ပြီး
ခိုးပြေးကြတာ ...
ဒေါ်စန်းစန်းတင့်ကသဘောမတူဘူး ... မင်္ဂလာတောင်
မဆောင်ပေးခဲ့ဘူးတဲ့ကိုမြင့်ဇော်ရေ ... ကောင်မလေးမိဘ
တွေကပဲ စီစဉ်ပြီးဆောင်ပေးလိုက်ရတာ ... ဒါတောင်
ဒေါ်စန်းစန်းတင့်က မင်္ဂလာပွဲ မတက်ဘူး လုပ်သေးသတဲ့
ဗျ ... သူကချွေးမကို အမြင်မကြည်တော့ မဉ္ဇူအေးက
လည်း တခြားမှာ ငှားနေတာပေါ့ ... ယူပြီး သုံး လေး လ
လောက်ကြာမှ အိမ်ပေါ်ခေါ်တင်တာ ... "
" မဉ္ဇူအေးမိဘတွေကရော ... သာမန်ပဲလား "
" သာမန်လူလတ်တန်းစားတွေပဲ ... ဒေါ်စန်းစန်းတင့်တို့
လို မချမ်းသာရှာဘူး ... "
" အဲ့ဒါကြောင့် သဘောမတူတာထင်တယ် ... ဂုဏ်တွေ
ငွေတွေကြောင့်ပဲ ဖြစ်မယ် "
" အဲ့ဒါလည်းပါတာပေါ့ဗျာ ... အဓိကကတော့ ဘွားတော်
က သူ့သားနဲ့ တန်တဲ့မိန်းမ မရှိဘူးလို့ တွက်ထားပုံပဲ ...
ကိုမြင့်ဇော် မသိသေးလို့ ... ဘွားတော်က တော်တော်မလွယ်ဘူး ...
မဉ္ဇူအေးကို သားအမိနှစ်ယောက်ပေါင်း
ပြီး အိမ်တွင်းအကြမ်းဖက်တာတွေလုပ်ခဲ့တယ် ... "
" သေချာလို့လား ကိုသိန်းနိုင်ရာ "
" သက်သေရှိတယ်ဗျ ... မဉ္ဇူအေးက သူအဆင်မပြေ
ကြောင်း သူ့အစ်မကို ပြောပြထားတဲ့ဟာတွေ ရှိတယ် ...
ကိုမြင့်ဇော် ကြည့်ကြည့်လိုက် ... ကျွန်တော် မိတ္တူဆွဲ
ထားတယ် ... ဖတ်ကြည့်လိုက်ဗျာ "
ကိုသိန်းနိုင်ပေးလာသော စာရွက်များမှာ မဉ္ဇူအေး
Email ပို့ထားသော စာများအား ကူးထားခြင်းဖြစ်လေ
သည်။
" ငါ သူတို့ကို ပြောလိုက်ပြီ။ ကိုဟိန်းထက်က အဲ့လိုပြော
ရမလားဆိုပြီး ငါ့ကိုပြဿနာရှာနေတယ်။ ညကြရင်ရန်
ဖြစ်ရမှာသေချာနေပြီ။ ငါ ဒီဝဋ်ကြွေးကနေ မြန်မြန်လွတ်ချင်ပြီဟာ။ တခါတလေအသက်တောင်မရှင်ချင်တော့
ဘူး။ အဖေနဲ့အမေကို ဘာမှမပြောပြနဲ့နော်။ ငါ့ကြောင့်
ထပ်ပြီးစိတ်မဆင်းရဲစေချင်တော့လို့။ "
" တနင်္လာနေ့က မဆုမွန်နဲ့တွေ့လို့ ပိန်သွားတယ်နော်၊ နေ
မကောင်းဘူးလားလို့မေးတယ်။ ဘေးမှာအဘွားကြီးပါ
တော့ အိမ်ရောက်တာနဲ့ပြဿနာရှာပါလေရော။ ငါ့ကို
အပြင်ပေးမထွက်တော့ဘူး။ သူတို့နှိပ်စက်လို့ ပိန်လာတယ်ဆိုတာ
လူသိမှာကြောက်နေပုံပဲ။ လောလောဆည်
တော့ ငြိမ်နေရအုံးမယ်မမရယ်။ "
" သူ့သားကိုကုန်းတိုက်တာရက်စက်တယ်။ ငါကအိပ်ခန်း
ထဲကနေ တနေကုန်မထွက်ဘူးတဲ့။ အိမ်အလုပ်မလုပ်ဘူး
တဲ့။ သူ့ကိုကတ်ကတ်လန်အောင်ပြန်ပြောတယ်ဆိုပြီး
မဟုတ်တာတွေလျှောက်ပြောတယ်ဟာ။ မနက်လင်းတာ
နဲ့ ထိုင်ချိန်မရှိ ဆက်တိုက်ခိုင်းတာကြချန်ထားတယ်။ မပြုံးကြတော့ နေ့လည်ဘက်တရေးတမောအိပ်ချိန်နားချိန်
ရသေးတာ။ ငါကြတော့ လုပ်စရာမရှိရင်တောင် ပြတင်း
ပေါက်မှန်တွေသုတ်နေရတယ်။ အိမ်အလုပ်လုပ်ရတာငါ
မညည်းပါဘူးဟာ။ မဟုတ်ကဟုတ်ကဇာတ်လမ်းထွင်ပြီး
ကိုဟိန်းထက်ကိုလျှောက်ပြောတာငါမခံနိုင်ဘူး။ ငါသူ့ကို
ပြောတာက ' အမေရယ် ရေလေးခဏချိုးချင်လို့ ခဏမှ
ထမင်းစားပါ့မယ် ' လို့ပြောမိတာ။ သူ့သားကို ဘယ်လို
ပြန်ပြောလဲသိလား။ ' နင့်မိန်းမက ထမင်းတောင်အချိန်မှန်
မစားနိုင်ဘူး။ သူ့ဘာသာသူ ‘သ’ နေတာနဲ့အချိန်ကုန်နေတာ။ သူ
များတွေကဒါတွေမသိကြဘူး။ ငါတို့ကပဲ ထမင်းမကျွေး
လို့ ပိန်နေသလိုလို အပြောခံရသေးတယ်။ ' အဲ့လိုအပို
တွေပါလျှောက်ပြောတယ်။ "
" ဒီနေ့ငါဒေါသအရမ်းထွက်တယ်မမ။ အဘွားကြီး အ
ရမ်းလွန်လာပြီ။ ငါ့ကိုမိမစစ်ဖမစစ်က မွေးလို့ အနေအ
ထိုင်မတတ်ဘူးတွေရော၊ အဆင့်မရှိဘူးတွေရောပြော
တယ်။ ငါဘာများလုပ်မိလို့လဲလို့ နင်တွေးမယ်မလား။
အေး ဘာလုပ်မိလဲဆို မောလွန်းလို့ ခြေပစ်လက်ပစ်ထိုင်
ချမိတာဟေ။ ထိုင်တာလည်းအပြစ်ပဲ။ "
" ငါ့ကိုအဘွားကြီးက ဆံပင်ဆောင့်ဆွဲတယ်မမ။ သူ့
သားအိမ်ပြန်နောက်ကျတာ ငါ့ကြောင့်တဲ့။ ငါ့ကို စိတ်
ပျက်နေလို့ အိမ်တောင်မပြန်ချင်တော့တာတဲ့။ သူ့သား
ကဖြင့် သူ့သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား ဘီယာ
သွားသောက်နေတာကို။ အဲ့ဒါလည်း ငါ့ကြောင့်၊ ငါ့အပြစ်
တဲ့ဟာ။ ဆဲတာလည်းရစရာကိုမရှိတော့ဘူး။ ကိုဟိန်းထက်ပြန်လာတော့
ငါလည်းဒေါသထွက်လာလို့ ပေါ်
တင်ပြောလိုက်တယ်။ ငါ့ကြောင့်လားလို့လည်းမေးလိုက်
တယ်။ ဘာပြောတယ်ထင်လဲ။ ငါကသူ့အမေစိတ်ချမ်း
သာအောင်မထားနိုင်လို့ စိတ်ညစ်ပြီးသွားသောက်တာတဲ့။
ငါလေ အရမ်းအံ့ဩသွားတယ်။ ငါကအမြဲခေါင်းငုံ့ခံနေ
တဲ့သူပါဟ။ တခါမှတောင်ပြန်မပြောဖူးဘူး။ အဘွားကြီး
ပဲ အချိန်တိုင်းပြဿနာရှာနေတာ။ သူပြဿနာရှာသမျှ
ငါပြန်လည်းမပြောဘူး။ နင့်ကိုပဲပြန်ပြောပြတာ။ ငါ့မှာ
ပြောပြစရာလူဆိုလို့ နင်ပဲရှိတယ်လေ။ "
Email များတွင်ပါသောစာများက အဆက်အစပ်မရှိ
သော်လည်း မဉ္ဇူအေးက သူအဆင်မပြေကြောင်း၊ စိတ်
ဆင်းရဲနေရကြောင်း၊ သူ့ကိုနှိပ်စက်ကြောင်းများ ရေးသား
ထားသည်။
" ဒီထဲမှာသူရေးထားတာလေ သူအသက်မရှင်ချင်တော့
ဘူးဆိုတာ ... "
" ဟုတ်ကဲ့ "
" သူ့သူသေကြောင်းကြံတာရော မဖြစ်နိုင်ဘူးလား "
" ကိုမြင့်ဇော်လည်းနားလည်ပြီးသားပါ ... သေကြောင်း
ကြံရင် ဘေးအိမ်ကအမျိုးသမီးက ဘာလို့ အဲ့လို ထွက်ဆို
မှာလဲမဟုတ်လား ... "
ကိုမြင့်ဇော်ကလည်း ခပ်ဆိတ်ဆိတ်သာ နေနေလိုက်တော့
သည်။ တရားခံရှေ့နေထံသို့ အရေးပါသော အချက်အ
လက်များအား ပြောမည်မဟုတ်မှန်း သိပြီးဖြစ်၍ဖြစ်၏။
" ကိုသိန်းနိုင်က ဘယ်လိုထင်သလဲဗျ "
" ကျွန်တော် လေ့လာရသလောက်ကတော့ မဉ္ဇူအေးက
နှိပ်စက်ပြီး အသတ်ခံရတာ သေချာတယ် "
ကိုမြင့်ဇော်သည် ကိုသိန်းနိုင်ကို နှုတ်ဆက်ပြီး ပြန်လာ
သောလမ်းတလျှောက်တွင် အမှုကိစ္စအား တွေးတောနေ
မိသည်။
မိမိက တရားခံရှေ့နေဖြစ်နေ၍ မဉ္ဇူအေးက လာရောက်
ခြောက်လှန့်ခြင်းလော။ သို့တည်းမဟုတ် တစုံတခုပြော
ချင်၍လော။ အတွေးများက တားမရနိုင်ဘဲ ဖြစ်ပေါ်လာ
ခဲ့သည်။
" နွယ် ... "
" အင်း "
ဒါလီနွယ်က မော့မကြည့်ဘဲ ဖြေရင်း စာရင်းများလုပ်နေ
၏။
" ဟိုညက နွယ် အိပ်မက်မက်တယ်ဆိုတာလေ ... ဘယ်လို
အပေးအယူလုပ်တာလဲ ... ပြန်ပြောပြပါအုံး "
ထိုအခါ ဒါလီနွယ်က မျက်လုံးလေးပြူးကာ မော့ကြည့်
လာသည်။
" ကို ပြောတော့ သွေးလေချောက်ချားပြီး မက်တာဆို ...
ခုကြ ဘာလို့လာမေးနေတာလဲ "
" ဟိုလေ ... အိပ်မက်ကထူးဆန်းနေလို့ "
ဒါလီနွယ်က မျက်မှောင်ကြုတ်လိုက်ကာ
" အဲ့ညကပြောပြီးပြီလေ သူလာနေပြီးကလဲ့စားချေချင်
တယ်တဲ့ ... သူကနွယ့်အလုပ်တွေကူလုပ်ပေးမှာ ... နွယ်
ကသူ့ကို ပေးနေပါတဲ့ ... အဲ့ဒါပဲ "
" အော် ... ကျန်သေးတယ် ... ရေကူးကန်ကိုတော့ ဖျက်
ပေးပါပြောတယ် ... ဘာတွေလျှောက်မက်တာလဲ မသိ
ပါဘူး ... "
ကိုမြင့်ဇော်သည် နဖူးမှ ချွေးစေးများပျံလာခဲ့ပြီး စိုးရိမ်
စိတ်မြင့်တက်လာခဲ့သည်။ ချာခနဲ လှည့်ထွက်သွားပြီး
အိမ်အပေါ်ထပ်ရှိ စာကြည့်ခန်းသို့ ဝင်လာခဲ့၏။
" ကလဲ့စားချေမှာ ... ဘယ်လိုချေမှာပါလိမ့် "
သူမည်သို့မှတွေးမရနေပေ။ သူနှင့် ကိုဟိန်းထက်က အမှုကိစ္စပတ်သက်ရုံသာရှိသည်။ ၎င်းတို့နှင့် သိကျွမ်းသည်
မှာ သိပ်မကြာလှသေးချေ။
အဘယ်ကြောင့် သူတို့လင်မယားကို ရွေးချယ်ရသနည်း။
လာနေမည်ဆိုခြင်းဖြစ်၍ မဉ္ဇူအေးက ယခု သူ၏နေအိမ်
၌ ရှိနေပြီလော။ ကိုမြင့်ဇော် ကျောချမ်းသွားမိသည်။
" အထက်လမ်းဆရာပဲ ခေါ်ရမလား ... ပေးနေလို့ မဖြစ်
ဘူး ... ဘယ်လိုလုပ်ရမလဲ "
ကိုမြင့်ဇော်က ပုံမှန်ဆိုလျှင် သရဲတစ္ဆေအယုံအကြည်
ရှိသူမဟုတ်ပေ။ ညကသာ မတွေ့ခဲ့ပါလျှင် လုံးဝယုံ
လိမ့်မည်မဟုတ်။ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့ရ၍
သာ ယုံလိုက်ရသည်။
ထို့ကြောင့် အိမ်မှထွက်လာပြီး ကိုလှိုင်ဘွားထံ သွား
ရောက်တွေ့ဆုံခဲ့သည်။
" အဖြစ်ကတော့ အဲ့ဒါပဲ ကိုလှိုင်ဘွားရ ... ကျွန်တော်လည်း
တစ်ခါမှ မကြုံဖူးတော့ ဘာလုပ်ရမယ်မသိလို့ အကြံဉာဏ်
လေး ပေးပါအုံး "
" အင်း ... အန္တရာယ်ကင်းလေးဘာလေး လုပ်လိုက်ပါ
လား ကိုမြင့်ဇော် ... စိတ်သန့်သွားတာပေါ့ ... မြန်မာအယူ
ဆိုရင် အိမ်မှာလာစွဲနေတာမျိုးက သူ့ပစ္စည်းတစ်ခုခုရှိလို့
ပဲဗျ "
" အမှုတွဲဖိုင်ကလွဲပြီး ဘာမှကိုမရှိတာ ... သူ့ဓါတ်ပုံတော့
ရှိတယ် ... အဲ့ဒါကြောင့်များလား "
" ဟုတ်မယ် ... ဓါတ်ပုံကို တနေရာမှာထားထားလိုက်
ပေါ့ "
" ဖြစ်နိုင်ပါ့မလားကိုလှိုင်ဘွား ... စွဲမယ့်စွဲ သူ့အိမ်ပဲ စွဲရ
မှာပေါ့ ... ဘာလို့များ ကျွန်တော့်ဆီ လာရသလဲ တွေးမရ
နေဘူး "
" ကျွန်တော်လည်း အဲ့ဒီလောကအကြောင်း နားမလည်
လို့ သေချာမသိဘူး ... ဖြစ်နိုင်ချေရှိတာတော့ ဓါတ်ပုံပဲ ...
သူ့ပုံမဟုတ်လား "
ကိုမြင့်ဇော်လည်း ထိုဓါတ်ပုံကို အခြားနေရာသို့ ရွေ့ထား
ပြီး အိမ်၌ အန္တရာယ်ကင်းတရားနာလုပ်လိုက်မည်ဟု ဆုံး
ဖြတ်လိုက်လေသည်။
" နွယ့်အိပ်မက်ကို ကြောက်နေတာလား ... ဘာမှမဟုတ်
ပါဘူးဆိုပြီး ခုကြတော့ ... "
" ကိုကမကြောက်ပါဘူး ... နွယ်အိပ်မက်ဆိုးတွေထပ်မက်
နေမှာစိုးလို့ပါ "
ဒါလီနွယ်က မျက်စောင်းတစ်ချက်ထိုးလာသည်။
" ပြီးတာပဲလေ ... လုပ်ချင်လည်းလုပ်ပေါ့ ... အန္တရာယ်
ကင်း တရားနာတာက ကောင်းပါတယ် ... "
ဤသို့ဖြင့် လှူဖွယ်တန်းဖွယ်များကို စာရင်းလုပ်ကြ၊
ဖိတ်မည့်သူများကို ချရေးကြနှင့် စလုပ်ကြတော့သည်။
" အား ... "
ဒါလီနွယ်က အော်သံနက်ကြီးဖြင့် အော်လာသည့်အတွက်
ကိုမြင့်ဇော် ငုတ်တုတ်ထထိုင်လိုက်သည်။ အချိန်ကိုကြည့်
လိုက်ရာ ည တစ်နာရီအတိ။
" နွယ် ... ဘာဖြစ်တာလဲ ... ကို ရှိတယ်နော် "
" ဟိုမိန်းကလေးလာပြန်ပြီ "
" ဟင် "
" ဘယ် ... ဘယ်လိုမက်တာလဲ "
ကိုမြင့်ဇော်ကစိတ်ဝင်တစားမေးလိုက်သည်။
" သူ ... သူ ... နွယ့်ကို ကြောက်စရာကောင်းတဲ့အကြည့်
နဲ့ လာကြည့်နေတယ် ... ပြီးတော့ သူလာနေတော့မှာလို့
ပြောတယ် ... သူ့တကိုယ်လုံး ရေတွေရွှဲပြီး ပြာနှမ်းနေတာ
ပဲ ... "
မဉ္ဇူအေး၏ မိဘဆွေမျိုးများနှင့် တွေ့ဆုံကြည့်ရန် ကို
မြင့်ဇော် တွေးလိုက်မိတော့သည်။ ယခုကဲ့သို့ နှောင့်ယှက်
နေရသည့်အကြောင်းအရင်းကိုလည်း သိချင်မိ၏။ အ
ကယ်၍ အမှုကိစ္စကြောင့်ဆိုလျှင် ထိုအမှုကို ဆက်မလိုက်
တော့ဘဲ နေတော့မည်ဟုပင် အဆုံးထိတွေးထား၏။
" သူလာမနေပါဘူးကွာ ... အိပ်မက်လျှောက်မက်နေတာ
ပါ ... "
" နွယ် ကြောက်တယ် ... "
" အင်းပါ ... လာမနေအောင် ကို စီစဉ်လိုက်မယ် ... ဟုတ်
ပြီလား "
နောက်နေ့ နေ့လည်ပိုင်းတွင် မဉ္ဇူအေး၏ အစ်မဖြစ်သူ
ထံ သွားရောက်တွေ့ဆုံလိုက်တော့သည်။ ကိုဟိန်းထက်
ရှေ့နေဖြစ်နေ၍ ကောင်းကောင်းမွန်မွန်တော့ မကြိုဆိုပေ။
" ကျွန်တော်လာရတဲ့အကြောင်းအရင်းက မဉ္ဇူအေး အမှု
အတွက်ပါ "
" ဟုတ်ကဲ့ "
" မမဉ္ဇူအေးက အသတ်ခံရပြီး သေဆုံးရတယ်လို့ ဘယ်
လိုမျိုး သေချာသိတာလဲခင်ဗျ "
" ရှေ့နေကြီးရယ် ... သက်သေတွေအဲ့လောက်ခိုင်မာနေ
တာကို မသိသလို မမေးပါနဲ့ရှင် "
" သက်သေက သက်သေပါ ... ဒီက မ ... "
" ရွှေစင်အေး ပါ "
" ဟုတ်ကဲ့ ... မရွှေစင်အေး တို့ဘက်က ဘယ်လိုစသိတာ
လဲ သိချင်လို့ပါဗျာ "
" ကျွန်မအနေနဲ့ကတော့ ဘာမှပြန်ပြောပြနေစရာအကြောင်းမရှိပါဘူး ... တရားရုံးကထွက်ဆိုချက်ကိုပဲ နားထောင်စေချင်တယ်ရှင့် ... "
ရွှေစင်အေးက တရားခံရှေ့နေမှာ သူမထံ စကားနှိုက်နေ
ပြီဟု ယူဆပုံရသည်။
" မပြောချင်ရင် အတင်းမမေးပါဘူး ... ကျွန်တော်လည်း
ဒီအမှုကို ဆက်မလိုက်တော့ဖို့ ဆုံးဖြတ်ထားပါတယ် ... "
" ရှင် ... ဘာများဖြစ်လို့လဲ "
သူပြောလျှင်လည်း ယုံမည့်ဟန်မရ၊ မယုံသည့်အပြင်
သူ့ညီမအား မကျွတ်မလွတ်သူဟု စွပ်စွဲသည်ဆိုကာ ပို
ခက်ချေမည်။
" ဘာမှတော့မဟုတ်ပါဘူး ... ကျွန်တော့်မှာ တခြားအမှု
တွေလက်ခံထားတာ များနေလို့ အချိန်မပေးနိုင်တော့လို့ပါ ... "
" ဒါဆို ဘာအတွက် ကျွန်မဆီရောက်လာရတာလဲ ... "
" ဒီဘက်နား လမ်းကြုံရင်းနဲ့ ဝင်လာလိုက်တာပါဗျာ ...
ထွေထွေထူးထူး မရှိပါဘူး ... တစ်ခုရှိတာပေါ့ ... မရွှေစင်အေးများ ခွင့်ပြုရင်
မမဉ္ဇူအေးရဲ့ မဆုံးခင်ကပုံ ဖြစ်ဖြစ်ကြည့်လို့ရမလား "
ရွှေစင်အေးက သူ့အားနားမလည်သလို ပြန်ကြည့်နေသည်။
" မမဉ္ဇူအေး အတွက် ကျွန်တော်တကယ်ပဲ စိတ်မကောင်း
ဖြစ်မိပါတယ် ... သူဆုံးတုန်းကပုံကိုမြင်တော့ ရုပ်ကသေ
ချာမသဲကွဲဘူး ... ဘယ်သူဘယ်ဝါဆိုတာ မြင်ဖူးချင်ရုံ
ပါ ... ပြလို့အဆင်မပြေလည်း ဖြစ်ပါတယ် "
" ရှင်ကတစ်ခုခုတော့ တစ်ခုခုပဲ ... ပွင့်ပွင့်လင်းလင်း
ပြောစမ်းပါ ... ဘာဖြစ်လို့လဲ "
ကိုမြင့်ဇော်က ပြောသင့်မပြောသင့် ချင့်ချိန်နေမိသည်။
" ပြောပါရှင် ... ကျွန်မစိတ်မဆိုးပါဘူး "
" ကျွန်တော့်အမျိုးသမီးက မမဉ္ဇူအေးကို အိပ်မက်တွေ
မက်နေလို့ပါ ... ခင်ဗျားတို့ယုံမှာတော့မဟုတ်ဘူး ... ကျွန်
တော်လည်း မယုံချင်ပါဘူး ... ဒါပေမယ့် ... "
" ဘယ်လိုမက်တာလဲ ... ပြောပြပါရှင် "
ရွှေစင်အေးက သူထင်ထားသလိုမဟုတ်ဘဲ သိချင်စိတ်
ဖြင့် မေးနေမှန်းသိသဖြင့် အိပ်မက်ကို ဖွင့်ပြောပြလိုက်
တော့သည်။
" သူက ကျွန်တော့်အမျိုးသမီးဆီ သူ့ကိုပေးနေဖို့ လာ
ပြောနေတယ် "
" ရှင် "
ရွှေစင်အေးက မျက်လုံးများပြူးကျယ်သွားကာ တောက်
ပ သွား၏။
" ဒါ ... ဒါဆို ညီမလေး လူဝင်စားတော့မယ်ထင်တယ် "
" ဗျာ "
" ရှေ့နေ့ကြီးရဲ့အမျိုးသမီးက ကိုယ်ဝန်တွေများ လွယ်ထားရသလား "
" မလွယ်ပါဘူးဗျာ ... ကျွန်တော်တို့ အိမ်ထောင်ကျတာ
တစ်နှစ်ပဲရှိသေးတာ ... အလုပ်တွေများနေလို့ ကလေး
မယူသေးဖို့ ဆုံးဖြတ်ထားတာပါ ... ကိုယ်ဝန်ရှိတာမဖြစ်
နိုင်ပါဘူး "
ကိုမြင့်ဇော်က စိတ်မကျေလည်စွာ ပြန်ဖြေလိုက်ပြီး ပြန်
ရန် ထရပ်လိုက်တော့သည်။
" နေ ... နေပါအုံးရှင့် ... "
ရွှေစင်အေးက ပြောရင်း သူမ၏ ဖုန်းထဲမှ ဓါတ်ပုံများကို
ပြသလာသည်။
" ဒါ မဉ္ဇူအေး ပါ ... ရှေ့နေ့ကြီးအမျိုးသမီး အိပ်မက်
ထဲက သူဟုတ်မဟုတ် ကြည့်ပေးပါအုံး "
ကိုမြင့်ဇော်သည် ဓါတ်ပုံများကို ကြည့်ရင်း လက်များ
တုန်ယင်လာသည်။ လေပေါ်ပျံဝဲနေသော မိန်းကလေးက
မဉ္ဇူအေး မှန်း ပို၍ သေချာနေခဲ့ပြီ။
" ခပ်ဆင်ဆင်ပဲဗျ ... သေတော့မသေချာပါဘူး "
" ရှေ့နေကြီးရော မက်တာလား ... "
" မမက်ပါဘူး ကျွန်တော့်အမျိုးသမီးမက်တာပါ "
" မမက်ဘဲ ဟုတ်မဟုတ် ဘယ်လိုသိတာလဲ "
အပွဲပွဲနွှဲလာသော ရှေ့နေ့မှာ ယခုတစ်ခါ အငိုက်မိသွား
ချေပြီ။
" သူက ပုံစံပြောပြလို့ မဉ္ဇူအေးရဲ့ ပုံနဲ့ဆင်နေတော့
သေချာအောင် ကြည့်ချင်တာပါ ... ခုပုံဆို မဟုတ်လောက်
ဘူး ထင်ပါတယ်ဗျ ... ကဲ ... ကျွန်တော့်ကို သွားခွင့်ပြုပါ
အုံး ... "
အမြန်နှုတ်ဆက်ပြီး ပြန်လာခဲ့ရသည်။ ရွှေစင်အေးက
တော့ သံသယများစွာဖြင့် ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
" ဘယ်လို နွယ် "
" နွယ့်မှာ ရှိနေပြီလို့ ... "
" ဆေးထိုးထားတာမဟုတ်ဘူးလား "
" ထိုးရမယ့်ရက်ကျော်နေတာ မေ့သွားလို့ ဒီတစ်ခေါက်
မထိုးလိုက်ရဘူး ... နောက်ရက်ထိုးမလို့ကို အီလည်လည်
ဖြစ်နေတာနဲ့ စစ်ကြည့်တော့ ရှိနေတာပဲ "
ကိုမြင့်ဇော်မှာ ရင်တထိတ်ထိတ်ဖြစ်လာပြီး ပူထူသွားမိ
သည်။ ရွှေစင်အေး ပြောစကားများကိုလည်း ကြားယောင်
လာမိ၏။
ဒါလီနွယ်ကို မဉ္ဇူအေးအကြောင်း ပြော၍မဖြစ်ချေ။ သူမ
၏ရင်သွေးမှာ အသတ်ခံရ၍သေသွားသူ ဝင်စားသည်ဟု
သိပါက စိတ်မချမ်းမသာ ဖြစ်သွားပေမည်။
ယခုဘဝ အသတ်ခံရမည်စိုးပြီး လိုတာထက်ပို၍ ဆတ်
ဆတ်ထိမခံ ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ဆိတ်ဆိတ်
သာနေရန် ဆုံးဖြတ်လိုက်တော့၏။
" တားထားတဲ့ကြားက ရသွားတော့ မကြိုက်ဘူးမလား ...
ကလေးရှိတာကို ဝမ်းမသာမှန်း နွယ်သိပါတယ် "
" ဟာ ... မဟုတ်ပါဘူး နွယ်ရာ ... ကို အံ့ဩသွားလို့ပါ ... "
" အံ့ဩရအောင် ကျွန်မက ကြားကားဆွဲပြီးရထားတာ
မလို့လား ... တခြားသူတွေဆို ပျော်လို့မော်လို့ ထခုန်မတတ် ဖြစ်ကြတာ ... ရှင်ကတော့ လိုလိုချင်ချင်ပုံကိုတစ်စက်ကလေးမှ မပေါ်နေဘူး "
ဒါလီနွယ်က ဒေါသတကြီးဖြင့် ရန်ပြုလာခဲ့သည်။
" မဟုတ်ပါဘူးဆိုကွာ ... ကို့ သားသမီးပဲ ပျော်တာပေါ့ ...
တားထားတဲ့ကြားက ရလာလို့ ပိုတောင်ပျော်သေးတယ် "
" ရှင့်ပုံစံက မဟုတ်သေးဘူး "
ဒါလီနွယ်က မျက်ရည်များစီးကျလာကာ အခန်းထဲ ပြေး
တက်သွားလေတော့သည်။
" နွယ် "
ကိုမြင့်ဇော်က အနောက်မှ လိုက်ကာ စိတ်ကျေနပ်စေရန်
ချော့မော့ရလေသည်။
" ဒီကလေးမက လူဝင်စားတာကိုး ... "
" ခုတော့ ဘယ်လိုမှ တားမရတော့ဘူး ... ပေးမနေချင်
လည်း ကိုယ့်သားသမီးဖြစ်နေပြီလေ ... "
" ကျွန်တော်တစ်ခုအကြံပေးမယ်ကိုမြင့်ဇော် ... ဒီကိစ္စကို
ဘယ်သူ့ကိုမှ ထုတ်မပြောနဲ့ဗျ ... ခင်ဗျားမိန်းမကိုတောင်
မပြောနဲ့ "
" ကျွန်တော်လည်း အဲ့လိုတွေးထားပါတယ် "
" ဘာဖြစ်လို့လဲဆို ခင်ဗျားမိန်းမပြောပုံအရ သူက ကလဲ့
စားချေမယ်တွေ ပြောထားတော့ ကလေးကို ပိုဂရုစိုက်
ရမယ်လေ ... အရင်ဘဝက အမုန်းတရားတွေ ခုဘဝ ယူ
မလာဖို့ ခင်ဗျားကြိုးစားရမှာပဲ "
ကိုမြင့်ဇော်လည်း ခေါင်းညိမ့်ပြကာ သူလက်ခံကြောင်း
ပြသလိုက်သည်။
" နောက်တစ်ခု ကျွန်တော် လုပ်စရာရှိသေးတယ် ... ဒေါ်
စန်းစန်းတင့်ဆီသွားတွေ့ပြီး အမှုကိစ္စဆက်မလိုက်ပေး
နိုင်တော့တဲ့အကြောင်း ပြောလိုက်တော့မလို့ "
" ကောင်းတယ် ... အဲ့လိုပဲလုပ်လိုက်ပေါ့ "
ကိုလှိုင်ဘွားနှင့် လမ်းခွဲလာပြီး ဒေါ်စန်းစန်းတင့် အိမ်သို့
သွားတွေ့လိုက်သည်။ ပြီးနောက် အမှုတွဲဖိုင်များကို အပ်
နှံပြီး ဆက်မလိုက်ပေးနိုင်တော့ကြောင်း၊ အမျိုးသမီးမှာ
သားဦးကိုယ်ဝန်ဖြစ်သဖြင့် ဂရုစိုက်ရမည်ဖြစ်၍ အချိန်
ပေးရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
" ဘယ်တတ်နိုင်မလဲသားရယ် ... တခြားရှေ့နေရှာရမှာ
ပေါ့လေ "
နောက်တစ်နေ့တွင် လူကငြီးစီစီဖြစ်နေသဖြင့်အိမ်သို့ စောစီးစွာပြန်လာခဲ့သည်။ အိမ်သို့ဝင်ဝင်ချင်းရွှေစင်အေးနှင့် ဒါလီနွယ်တို့ စကားပြောနေကြသည်ကိုတွေ့သဖြင့် အလွန်ထိတ်လန့်သွားမိခဲ့သည်။
" မ ... မ ရွှေ ... စင် ... အေး ... ဘာ ကိစ္စ... များ "
" ရှေ့နေကြီးဆီပဲ လာခဲ့တာပါ ... မဉ္ဇူအေး ကိစ္စလေး
ပြောချင်လို့လေ "
သူမက ပြောပြောဆိုဆိုနှင့် ပိုက်ဆံအိတ်ထဲမှ ဓါတ်ပုံအချို့ထုတ်ယူလာကာ ဒါလီနွယ်လက်ထဲ ထည့်လိုက်တော့သည်။
" သူ့ကို ညီမမြင်ဖူးလားဟင် "
ကိုမြင့်ဇော်မှာ ပါးစပ်များခါးသွားသလို ဖြစ်သွားရ၏။
တားဆီးချိန်ပင်မမီလိုက်ပေ။
ဒါလီနွယ်က ဓါတ်ပုံများကို စူးစူးစိုက်စိုက် ကြည့်နေလေ
သည်။
" တနေရာရာမှာ မြင်ဖူးနေသလိုလိုပဲ ... ဘယ်မှာပါလိမ့် "
ဒါလီနွယ်မှာ မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ်
" မရွှေစင်အေး ... ကျွန်တော်ပြောစရာ ရှိတယ်ဗျ "
ဟုဆိုကာ ဒါလီနွယ်လက်ထဲမှ ပုံများကို ဆွဲယူလိုက်ပြီး
ရွှေစင်အေးထံပြန်ပေးလိုက်သည်။
" ကျွန်တော်မနေ့ကပဲ ဒေါ်စန်းစန်းမြင့်နဲ့ တွေ့ပြီး မမဉ္ဇူအေး အမှုကို ဆက်မလိုက်တော့ဘူးလို့ ပြောခဲ့ပြီးပြီ ... "
" အော် ... ဟုတ်ကဲ့ "
ရွှေစင်အေးက အထူးတလည်အံ့ဩဟန်မပြပေ။
" ဒါကြောင့် မမဉ္ဇူအေးနဲ့ ပတ်သက်တာတွေ ကျွန်တော့်
ကို လာပြောပြဖို့ မလိုတော့ပါဘူးဗျ "
" ဟုတ်ကဲ့ နားလည်ပါတယ် ... ဒါပေမယ့် ... မနေ့က ရှေ့
နေကြီးပြောပြထားတဲ့ ... "
ကိုမြင့်ဇော်မှာ ရွှေစင်အေး မည်သည့်စကားမှ မဟခင်
စကားလွှဲပစ်ရန်သာ ကြံစည်နေမိသည်။
" နွယ် ... ကို အလုပ်ကိစ္စပြောလိုက်အုံးမယ် ... နွယ် နား
လိုက်အုံးလေ "
ဇနီးသည်က ' ပ ' ထုတ်လိုက်ရသည်။
ဒါလီနွယ်ကလည်း အလုပ်ကိစ္စဆိုသဖြင့် စိတ်မပါလှဘဲ
အပေါ်ထပ်သို့ တက်သွားလေတော့၏။
" ကျွန်တော် မရွှေစင်အေးကို မနေ့ကပြောပြီးပဲ ... မဉ္ဇူအေး နဲ့ဆင်နေတာပါ ... သူ မဟုတ်ပါဘူးလို့ ... ဒီအမှုလည်း ကျွန်တော် မလိုက်တော့ဘူးလေဗျာ ... ဘာတွေ
ကျန်သေးလို့လဲ "
ရွှေစင်အေးလည်း သူမကို မလိုလားသလို ပြောနေသော
စကားလုံးများအား နားလည်သည့်အလား ' ဟုတ်ကဲ့ပါ...
ဒါဆို ခွင့်ပြုပါအုံး ' ဆိုကာ ပြန်သွားလေသည်။
" ဟူး "
ထိုအခါမှ ကိုမြင့်ဇော်လည်း သက်ပြင်းချနိုင်တော့၏။
" ဘယ်သူ့မှ သိလို့ မဖြစ်ဘူး ... မဟုတ်ရင် လာနွယ်နေ
ကြမယ် "
တကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ဒါလီနွယ်ထံ
သွားလိုက်သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory