
Part - 5
ခရီးဆောင်အိတ်ကိုဆွဲ၍ ကားပေါ်မှဆင်းလာသည့် ပန်း။ မေမေ အရမ်းနေမကောင်းဘူးဆိုကာ ဘွားက ညတွင်းချင်းလှမ်းခေါ်တာမို့ မန္တလေးပြန်လာခဲ့ရခြင်းဖြစ်သည်။ စိုးရိမ်စိတ်ကြောင့် ပန်း မျက်နှာလေးက ပျက်ယွင်းနေသလို အိမ်ထဲဝင်လာသည်နှင့် ဧည့်ခန်းထဲရှိဆိုဖာပေါ် ခြေချိတ်ထိုင်ကာ သြဇာအပြည့်ဖြင့်ရှိနေသည့် ဘွားကို မြင်လိုက်ရသဖြင့် ခြေရင်းဝင်ထိုင်ကာ.....
" ပန်း ပြန်ရောက်ပါပြီ ဘွား။ "
" ညည်းအမေ ထုံးစံအတိုင်း ထဖောက်နေပြန်ပြီ။ ညည်းကို ပြောစရာလဲရှိတယ်။
ညကျ အခန်းထဲလာခဲ့။ "
" ဟုတ်ကဲ့ ဘွား။ "
" ရပြီ သွားတော့။ "
ဘွားကို အရိုအသေပေးပြီးတာနဲ့ ပန်း နောက်ဖေးတန်းလျားဆီ ထွက်လာခဲ့ကာ မေမေ့ကို စိတ်အရမ်းပူနေမိသည်။ အခန်းလေးထဲ ဝင်လာသည်နှင့် အိပ်ယာထက်လှဲကာ ကယောင်ကတမ်း ရေရွတ်နေသည့် မေမေနှင့် ဒေါ်ကြီးမူကို လှမ်းမြင်လိုက်ရကာ မေမေ့ပုံစံက ပန်းရင်ထဲစို့သွားစေသည်။
" သမီး....သမီးလေး....ငါ့သမီးရော ။ "
" မေမေ......မေမေ့ ပန်း ပြန်ရောက်လာပြီနော်။ "
မိခင်၏ လက်တစ်ဖက်ကို ပြေးကိုင်ရင်း ပန်း မေမေ့ပါးကို ငုံ့နမ်းလိုက်သည်။ ပန်းကို ပြူးကြောင်ကြောင် မျက်ဝန်းတွေနှင့် ပြန်ကြည့်လာသည်မို့ ပန်း ခေါင်းလေးညိတ်ကာ ပြုံးပြမိသည်။
" သမီး......သမီးငယ်လေးရော......မေမေ့သမီးငယ်လေးလေ။ "
ပန်း မျက်နှာလေးညိုးကျသွားသလို ရင်ထဲထိခိုက်သွားရသည်။ မေမေဟာ အမြဲတမ်း စိတ်ဖောက်လာသည့်အခါ သမီးငယ်ဆိုတာ ပါးစပ်ဖျားကမချ။ ပန်း ဘယ်လိုရှင်းပြရှင်းပြ လက်မခံသလို မရှိသည့် သမီးငယ်သာ တသသ။ မေမေ့မှာ သမီးဆိုလို့ ပန်းသာ ရှိသည်မဟုတ်လား။
----------------------
" ဖေဖေရေ ထမင်းစားကြမယ်လေ။ "
ဦးခွန်သာ သတင်းစာဖတ်နေရာမှ သမီးဖြစ်သူအသံကြောင့် ကုလားထိုင်မှာ ထိုင်နေရာကနေ ထလာခဲ့သည်။ ထမင်းပွဲအသင့်ပြင်ထားရာမှ သူ့ကိုမြင်တော့ လာဆွဲကာ ထိုင်စေသလို.....
" ဖေဖေကလဲ....ကြာလိုက်တာ။ ဖယောင်းက အကုန်ပြင်ပြီးနေပြီ။ ဟင်းတွေအေးကုန်မှာစိုးလို့။ "
သူ့သမီး ဖယောင်းပန်း.....မွေးစားသမီးပေမယ့် သူ့အတွက် အင်မတန် အဖိုးဖြတ်မရသော ကလေးပင်။ သူ့ဘဝဟာ ဒီကလေးကြောင့် တဆစ်ချိုးပြောင်းလဲခဲ့သလို ဒီကလေးကြောင့် ပျော်ရွှင်ကြည်နူး အဓိပ္ပာယ်တွေပြည့်ဝလာခြင်းပင်။
" ဖေဖေ သတင်းစာဖတ်နေလို့ပါ။ ကဲ....ငါ့သမီးလဲ ဗိုက်ဆာရောပေါ့ ။ "
ဖယောင်း ဖေဖေ့ထမင်းပန်းကန်ထဲ ဟင်းခပ်ထည့်ပေးလိုက်ရင်းမှ ....
" ဖေဖေ့ မနက်က သမီးဆီဖုန်းဝင်လာတယ်။ သမီး MKM Shopping Center မှာ အရောင်းဝန်ထမ်းလျှောက်ထားတာ ရတယ်သိလား။ မနက်ဖန် စဆင်းရမယ်တဲ့။ "
ဖယောင်း စကားကြောင့် ဦးခွန်သာ ပြုံးမိသွားသလို ...
" ဟားးးဖေ့သမီးက ဒါဆိုတယ်တော်ပါ့လား။ "
ဖယောင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသလိုလေး မျက်စပင့်ပြလိုက်တော့ သားအဖနှစ်ယောက် လုံး ပြိုင်တူရယ်မိကြသည်။
@@@@@@@@@
" ရှင်.....လက်ထပ်ရမယ် ဟုတ်လား။ "
မျက်လုံးလေးပြူးကာ အလန့်တကြားမေးလာသည့် ခယောင်းပန်း၏ ပုံစံကြောင့် ဒေါ်သူဇာကြီး အေးအေးလူလူပင် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်.....ငါ့မိတ်ဆွေရဲ့လူယုံပဲ။ မောင်မင်းညိုတဲ့။ မင်းကိုလဲ မေတ္တာရှိတယ်ပြောတယ်။ အိမ်ထောင်ပြုသင့်တဲ့အရွယ်မို့ အိမ်ထောင်ချပေး တာပဲ။ "
ပန်း ခေါင်းလေးတခါခါဖြစ်သွားရသလို အသည်းအသန်ငြင်းမိ၏။
" ဟင့်အင်း.....ပန်း လက်မခံပါရစေနဲ့။ ပန်းမှာ ချစ်သူရှိတယ်။ "
ဒေါ်သူဇာကြီး မျက်နှာကတည်တင်းသွားရသလို ပန်းကိုစူးစိုက်ကြည့်လာသဖြင့် ရင်မဆိုင်ရဲစွာ ပန်း ခေါင်းငုံ့မိသွားရသည်။
" မလိုချင်ဘူး...... ငါ့စကားကို ကလန်ကဆန် လုပ်နေတာလား ခယောင်းပန်း။ "
ပန်း ပါးပြင်ပေါ်မျက်ရည်တွေ စီးကျလာရသလို အင့်ခနဲ ရှိုက်ငိုမိ၏။ ပန်း သူ့မျက်နှာကို ပြေးမြင်မိသွားရသလို ဝေးရမည်ဆိုတာ တွေးမိတော့ နှလုံးသားက နာကျင်လာရသည်။
" ပန်း.....ပန်း တောင်းပန်ပါတယ် ဘွားရယ်။ ပန်းလေ....."
" အို....ဘာမှမကြားချင်ဘူး။ တစ်သက်လုံး ကျွေးမွေးပြုစုလာတဲ့ ကျေးဇူးကို ညည်းက ဒီလိုဆပ်လိုက်တာပေါ့.....ဟုတ်လား။ ညည်း ကျေးဇူးကန်းလှချည်လားအေ....."
ပန်း ဘာမှပြန်မပြောနိုင်သလို ငို၍သာနေရသည့်အဖြစ်ပင်။ နောက်ဆုံးမှာတော့.....
" ငါ့ကို အဘွားလို့ မသတ်မှတ်တော့ရင် ညည်းသဘောအတိုင်းသာလုပ်လိုက် ခယောင်းပန်း။ အေး.....အဘွားလို့ သတ်မှတ်ထားရင်တော့ မိုးညိုနဲ့ လက်ထပ်ဖို့ပြင်တော့။ "
ပန်း ဘာတတ်နိုင်ပါတော့မလဲ။ ခွင့်လွှတ်ပါတော့ ကိုရယ်။ ပန်းမှာ ရွေးချယ်စရာ မရှိလို့ပါ။
-----------------
" ဘာ.....ဘာပြောတယ် ပန်း။ "
ဖုန်းထဲမှ ကြားလိုက်ရသည့် စကားသံကြောင့် မာန်ခိုက်ထင် ကိုယ့်နားကိုယ် မယုံနိုင်သလို သေချာအောင် ထပ်မေးမိသည်။
" ပန်း လက်ထပ်တော့မယ်.....ပန်း ကို ခွင့်မလွှတ်ပါနဲ့။ "
တူ.... တူ.....တူ
" ဟယ်လို......ဟယ်လို.....ပန်း.....ခယောင်းပန်း "
တစ်ဖက်မှဖုန်းချသွားသဖြင့် မာန်ခိုက်ထင် ကပျာကယာ ပြန်ခေါ်ပေမယ့် ဖုန်းက စက်ပိတ်သွားပြီဖြစ်၏။ ဟားးဘာတွေလဲ။ ပြောတော့ ပန်းအမေ နေမကောင်း၍ ခဏပြန်မည်ဆိုပြီး ခုကျ လက်ထပ်မည်တဲ့။
သူ ချစ်ခဲ့သမျှက ဘာလဲ။
အရူးလုပ်ခံရသလို ခံစားရတာမို့ ခံပြင်းမိသလို သူ့အချစ်ကိုမလေးစားတာ ဒေါသထွက်သည်။
" ကိုကျော်.... ကိုကျော်...."
" ဗျာ....ဗျာ အာစရိ။ "
သူ့အော်သံကြောင့် ရုံးခန်းထဲပြေးဝင်လာသည့် ကိုကျော်က ဒေါသထွက်နေသည့် သူ့ပုံစံကြောင့် အံ့သြသွားပုံရသည်။
" မန္တလေးကို ညတွင်းချင်း ဆင်းမယ်....."
မာန်ခိုက်ထင် ဒေါသတကြီး တောက်ခေါက်မိသလို ပန်း မျက်နှာကိုပြေးမြင်မိသည့်အခါ ရင်ထဲက နာကြင်ရပြန်သည်။ လွယ်ကူသလား.....အဲ့လောက်တောင်ပဲ လွယ်ကူသလား ခယောင်းပန်း။
@@@@@@@@@@
မင်္ဂလာပွဲက မကြီးကျယ်ပေမယ့် စည်စည်ကားကား ရှိသလို မင်္ဂလာသီချင်းသံက ငြိမ့်ငြိမ့်လေး ပေါ်ထွက်နေသည်။ သတို့သားမျက်နှာက ပြုံးရွှင်နေသလို သတို့သမီးဖြစ်သူကတော့ ခပ်အေးအေးလေးသာ ရှိနေရင်း အပူရုပ်ကိုဟန်လုပ်နေရခြင်းပင်။
ဒေါ်သူဇာကြီး ခယောင်းပန်းကို လှမ်းကြည့်ရင်းမှ ပြုံးမိသလို ကိုယ့်စိတ်ကြိုက် ဖြစ်လာသည်မို့ ကျေနပ်၏။ ကိုယ်က ကိုယ့်မြေး သံစဥ်ချိုအတွက် စီစဥ်ပေးသည့် သတို့သားလောင်းကို ရာရာစစ လောဘတက်ကာ ဖြတ်လုချင်သည့် အရူးမသမီး။ ကိုယ်နဲ့တန်ရာတန်ရာ ပေးစားပစ်ခြင်း ဖြစ်သလို ကိုယ့်စကားဆို မလွန်ဆန်နိုင်တာ သိပြီးသားပင်။
မာန်ခိုက်ထင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မယုံနိုင်ဖြစ်သွားရသလို အံကိုတင်းခနဲ ကြိတ်မိ၏။ မန္တလေးသွားသည့် တစ်ပတ်အတွင်း မင်္ဂလာပွဲ စီစဥ်တာ မြန်လှသလို သူ့ကို မနေ့ညကမှ ဖုန်းဆက်ပြီး ခုကျ.... ။
မင်း သိပ်တော်ပါတယ် ခယောင်းပန်းရယ်။
မင်း ငါ့ကို ကောင်းကောင်းကြီး လှည့်စားနိူင်ခဲ့တာပဲ။ နေရာမှ လှည့်ပြန်လာခဲ့သလို မျက်စိထဲ သတို့သမီးဝတ်စုံဖြင့် ပန်း ပုံစံက လုံးဝမထွက်။ တော်ပါပြီ.... ယုံလို့မရတဲ့အထဲ မိန်းမတွေက ထိပ်ဆုံးက။
မင်္ဂလာပွဲပြီးပြီမို့ ဘွားကို ကန်တော့ရင်း ဘွားက ပန်း နဲ့ ကိုမင်းညိုကို အိမ်မှာပဲနေစေသည်။ ကိုမင်းညိုက အလုပ်ရှိသည်မို့ သူ့အလုပ်သူအေးဆေးလုပ်သလို စကားလဲနည်းသူဖြစ်သည်။ စိမ်းသက်သည့် အနေအထားမို့ ပန်းရော သူပါ တနေ့နေလို့ စကားငါးခွန်းမပြောသလို လင်မယားအရာမြောက်ခြင်းလဲ မရှိပါ။
တစ်လ.....အချိန်တစ်လအတွင်း မာန်ခိုက်ထင် အသဲကွဲသည့် ဒဏ်ကိုလှိမ့်ပိန့်နေအောင် ခံလိုက်ရသည်။ နဂို လူတော်မို့ တစ်လကြာပြီးနောက်ပိုင်း လူက ပုံမှန်ပြန်ဖြစ်လာသလို အလုပ်တွေသေချာဖိဖိစီးစီး ပြန်လုပ်သည်။
" အာစရိ....မနက်ဖန် ကုန်တိုက်တွေစစ်ရမယ့်နေ့ပါ။ "
" အင်း.....အစီအစဥ်ဆွဲထားလိုက်။ ကုန်တိုက်တာဝန်ခံ မန်နေဂျာတွေကို သတင်းမပို့ထားနဲ့။ "
ကိုကျော် အလိုက်သိစွာပင် ခေါင်းညိတ်ရင်း အာစရိရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အာစရိက အခုဆို မိန်းမမုန်းသည့် ဆိုက်ကိုဝင်နေပြီဖြစ်သလို ပိုသံသယများလာ၏။ ဒဏ်ရာဆိုတာ အချိန်တန် ပျောက်ပေမယ့် အမာရွတ်တော့ ကျန်တတ်သည် မဟုတ်ပါလား။
----------------------
ဖယောင်း လိုင်းကားပေါ်မှ ဆင်းလာရင်း ထမင်းချိုင့်လေးကိုင်ကာ ကုန်တိုက်ဘက်လျှောက်လာစဥ် ဗွမ်းခနဲ အသံနဲ့အတူ ရေတွေက ပန်းစကဒ်လေးတစ်ထည်လုံး စိုရွှဲသွားစေ၏။ ဒေါသတကြီး ကြည့်မိတော့ မာစီဒီးကား အနက်ရောင်တစ်စီး ဖြစ်ကာ လူလိုမမောင်းပဲ ရေတွေစင်အောင် မောင်းသွားခြင်းပင်။ ပြီးတော့ လှည့်ကြည့်ဖော်တောင်မရ။
ကားက မြေအောက် ကားပါကင်ထဲ ထိုးရပ်သွားသလို ကိုကျော်က တံခါးလာဖွင့်ပေးသဖြင့် မာန်ခိုက်ထင် ကားပေါ်မှ ဆင်းရုံရှိသေး....
! ဘုတ်!
ကျောပြင်ကို ဘုတ်ခနဲ လာမှန်သည်မို့ မာန်ခိုက်ထင် လှည့်ကြည့်မိတော့ ခပ်လှမ်းလှမ်းမှ လျှောက်လာသည့် ဆံပင်ဂုတ်ဝဲလေးနှင့် ချာတိတ်မတစ်ယောက်။ ပစ်ပေါက်လိုက်တာလား.....ဘာနဲ့လဲ။ ကိုယ့်ခြေရင်း ကိုယ်ပြန်ငုံ့ကြည့်မိတော့ မိန်းမစီးကတ္တီပါ ဖိနပ်အပါးလေး။ ဧကန္တ.......ဒါနဲ့ သူ့ကိုပစ်ပေါက်တာတော့ မဟုတ်ပါဘူး။
" ဒီမှာ ဟိတ်လူ.....ကားကိုဘယ်လိုမောင်းသွားကြတာလဲ။ "
" မင်း....မင်း ငါ့ကို ဒီဖိနပ်နဲ့ပစ်ပေါက်တာလား။ "
သူ့အမေးကို ပြန်မဖြေပဲ သူ့ခြေထောက်နားမှ ဖိနပ်ကိုယူစီးလိုက်တာမို့ မာန်ခိုက်ထင် သွေးပင်တိုးချင်သွားရသည်။
" ခင်ဗျား တို့ မောင်းသွားတာ ဖယောင်းစကဒ်တစ်ထည်လုံး စိုကုန်ပြီ။ ချမ်းသာတယ်ဆိုပြီး မြောက်ကြွမြောက်ကြွ လာမလုပ်နဲ့ နောက်တစ်ခါဆို ဖိနပ်မလာဘူး....အုတ်ခဲနဲ့တိုးမယ်။ "
ကြည့်စမ်း.... သူ့ကိုပြောဆိုပြီး ပေ စောင်းစောင်း နဲ့ ထွက်သွားပုံက ရိုက်သတ်ချင်စရာ။ ဘေးမှ ကိုကျော်ကိုကြည့်မိတော့ ရယ်နေရာမှ သူ့ကို့မြင်ပြီး မျက်နှာပိုးမနည်းသပ်သွား၏။
ကိုကျော် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသလို ဖိနပ်နဲ့အပေါက်ခံရသည့် အာစရိ၏ ပုံစံကြောင့် မျက်နှာပိုးမနည်းသပ်နေရသည်။ မာနတွေကြီးခဲ့သမျှ အခုကျ ဟိုကလေးမ ရန်တွေ့သွားတာ ပါးစပ်လေးအဟောင်းသား နှင့် ငေးကျန်ခဲ့တာ မယုံနိုင်သလိုပင်။ အေးလေ......ရန်တွေ့ခံရဖို့ နေနေသာသာ ခုထိ အာစရိကို လေသံပြန်ဟရဲသူမှ မရှိခဲ့တာ။
ဘယ့်နှယ့်လဲ.....ရှောင်တခင် ဝင်စစ်ချင်ဦးလေ။
@@@@@@@@@@@@@@@@@@@@@
To be continue P - 6
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory