နှလုံးသား အနုကပ္ပ (အပိုင်း ၆)
lotaya.mpt.com.mm
|
2022-08-21

Part - 6

ဖယောင်း တစ်ယောက်ထဲ ပွစိပွစိပြောကာ ကုန်တိုက်ထဲဝင်လာရင်း ဝန်ထမ်းတွေ၏ အဝတ်အစားလဲခန်းဆီ လျှောက်လာခဲ့သည်။ ဗီရိုသော့ကို ဖွင့်လိုက်ရင်းမှ ယူနီဖောင်းလဲကာ တာဝန်ကျသည့် အထပ်သို့သွားရန် ဓာတ်လှေကားဆီလျှောက်လာခဲ့၏။ 

မာန်ခိုက်ထင် အရှေ့မှ ဦးဆောင်လျှောက်လာရင်း သူ့ဘေးတစ်ဖက်တစ်ချက်ဆီမှာ ပါလာသည့် မန်နေဂျာနှင့် တာဝန်ခံတွေအား လိုတာမှာရင်း အပေါ်ထပ်တက်ရန် ဓာတ်လှေကားဆီလျှောက်လာခဲ့၏။ ဓာတ်လှေကားထဲ အရင်ရောက်နေသည့် မိန်းကလေးကိုမြင်တော့ မာန်ခိုက်ထင် နှုတ်ခမ်းတွေတင်းတင်းစေ့သွားရသည်။ 

" သူဌေး......"

" ဆွဲထုတ်လိုက်....."

သူ့စကားဆုံးတာနဲ့ လုံခြုံရေးတစ်ဦးက ဓာတ်လှေကားထဲဝင်သွားကာ....

" ညီမ နောက်မှ စီးလိုက်ပါ။"

" ဟင်...ဖယောင်းက အရင်ရောက်တာလေ။ "

မာန်ခိုက်ထင် နဂိုထဲက အမြင်မကြည်တာမို့ ဓာတ်လှေကားထဲဝင်ချလာရင်း ဖယောင်းပန်းကိုယ်လေးကို လက်မောင်းမှဆွဲကိုင်၍ ဓာတ်လှေကားအပြင်ဘက် ဆွဲထုတ်ပစ်လိုက်သည်။

" ဟာ ! ဒီလူ....."

ဖယောင်းစကားမဆုံးခင်မှာပင် ဓာတ်လှေကားတံခါးပိတ်သွားတာမို့ တစ်ယောက်ထဲ မကျေမနပ် ကျန်ခဲ့ရသည်။ ဘာလား.....လူအုပ်တောင့်တယ်ဆိုပြီး မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်သွားတာလား။ အလုပ်က နောက်ကျနေပြီမို့ လှေကားမှသာ တက်လာခဲ့ရင်း မောလိုက်သည့်ဖြစ်ခြင်းမှာ ထိုလူ့ကို မြင်ပြင်းသာကတ်မိတော့၏။ 

ဆိုင်ထဲဝင်လာသည်နှင့် ဖယောင်းအရင်ရောက်နှင့်နေသည့် အစ်မက ဖယောင်းကိုမြင်မှ ရင်အေးသွားသလို သက်ပြင်းလေးချကာ....

" နောက်ကျလိုက်တာ ဖယောင်းရယ်.....ဒီနေ့ ကုန်တိုက်ကို သူဌေးရောက်လာပြီး စစ်နေတယ်တဲ့။ ရောက်လာတော့မယ်ထင်တယ်..... မမှီမှာစိုးလို့ ရင်တွေကိုထိတ်နေတာပဲ။ "

" တကယ်......တော်သေးတာပေါ့ ။ ".

" ဟဲ့...ဟဲ့....လာပြီ "

အခြားဆိုင်တွေမှ ဝန်ထမ်းတွေလဲ မတ်တပ်ကိုယ်စီရပ်ကာ လက်နှစ်ဖက်ရှေ့ချထားတာမို့ ဖယောင်းပါ ရို့ရို့လေးရပ်နေရင်း အကြည့်က သူဌေးဆိုသည့်လူဆီ ရောက်တော့ ခေါင်းမွှေးတွေပင် ထောင်သွားရသည်။ ကပျာကယာ ခေါင်းငုံ့ထားမိရင်း မျက်နှာလေးမဲ့ကျသွားသလို ဖယောင်းကိုယ်ကနေ ပြုတ်စော်နံနေသလို ခံစားလိုက်ရ၏။ 

သေလိုက်ပါတော့ ဖယောင်းပန်းရယ်။ အစမ်းခန့်ကာလတောင် မပြည့်သေးပဲ ပြုတ်ပြီထင်ပါရဲ့။ 

မာန်ခိုက်ထင် ခေါင်းကိုဇက်ကျိုးမတတ် ငုံ့ထားသည့် ကလေးမကို တစ်ချက်ငဲ့ကြည့်ရင်းမှ သူ့ဘေးမှ မန်နေဂျာအား....

" ကိုမျိုးအောင်.....ဝန်ထမ်းတွေကို ယဥ်ကျေးမှုရှိအောင် သင်စမ်းပါ။ ကိုယ့်သူဌေးမှန်းသိအောင်လဲ ပြောပြထား။ "

" ဗျာ.....ဟုတ် ဟုတ်ကဲ့ အာစရိ။ ".

ဖယောင်း မျက်နှာလေးငယ်ကျသွားသလို ကိုယ့်ရှေ့က ထွက်သွားမှ သက်ပြင်းလေးချမိသွားရသည်။ 

------------------

မနက်စာထမင်းဝိုင်းလေးက တိတ်ဆိတ်နေသလို ခယောင်းပန်း ကော်ဖီခွက်လေးသေချာဖျော်ရင်း ကိုမင်းညို ထွက်အလာကိုစောင့်နေခြင်းပင်။ သိပ်မကြာလိုက် အလုပ်သွားရန် ထွက်လာသည်ကို လှမ်းမြင်လိုက်ရသဖြင့် ပန်း ကပျာကယာ ကော်ဖီခွက်လေးချပေးလိုက်သည်။

ကိုမင်းညိုက စကားနည်းသလို လူရိုးလူအေးပင်။ အသားအနည်းငယ်ညိုပေမယ့် ယောကျာ်းပီသကာ အမြဲယောပုဆိုး နှင့် ရှပ်အင်္ကျီအကွက်လက်တိုလေးတွေသာ ရွေးဝတ်တတ်သည်။ 

" ပန်း ရော မနက်စာစားပြီးပြီလား ။ "

" အစ်ကို ပြီးမှ ပန်း စားလိုက်ပါ့မယ်။ "

မင်းညို ပန်းစကားကြောင့် ထွေထွေထူးထူး ပြန်မပြောပဲ ကော်ဖီသာ ငုံ့သောက်လိုက်သည်။ သူ့ဆရာခိုင်း၍ အလုပ်ကိစ္စဖြင့် ဒီအိမ်ကိုလာတုန်း ပန်းကို စတွေ့ဖူးခြင်းဖြစ်ကာ မြင်မြင်ချင်း ချစ်မိခဲ့တာပင်။ ဒေါ်သူဇာကြီး ၏ မြေးမို့ သူမမှန်းရဲပေမယ့် ဒေါ်သူဇာကြီး စကားကမ်းလှမ်းလာသည်အခါ သူအရမ်းအံ့သြဝမ်းသာခဲ့ရသည်။ 

ပန်းမှာ သူနဲ့လက်မထပ်ခင်က ချစ်သူရှိမှန်း ပန်း ပြောပြသည့်အခါ သူအတော်လေး စိတ်ထိခိုက်ခံစားခဲ့ရသည်။ ပန်း မကြည်ဖြူမှာစိုးသဖြင့် သူပန်းကို လက်ဖျားနဲ့တောင် မထိခဲ့သလို ဒီအတိုင်းလေးနေရလဲ သူကျေနပ်သည်။ 

" ကျေးဇူးပဲ.....အလုပ်သွားပြီ။ "

စားစရာရှိတာ စားပြီး ကျေးဇူးတင်စကားပြောကာ ထထွက်သွားပုံကြောင့် ပန်းရင်ထဲ အတော်လေးမကောင်းဖြစ်သွားရသည်။ ပန်း ဘာလုပ်ပေးပေး ကျေးဇူးတင်စကားပြောတတ်သလို သူ့ဘာသာ ခပ်အေးအေးနေသည့်လူမို့ လက်မထပ်ခင်က ဘွားပြောသလို သူက သဘောကျသည်ဆိုတာ ဟုတ်နိုင်ပါ့မလားဟု တွေးမိသည်။ 

ပန်း နဲ့ သူဟာ ဘုရားစူးလင်မယားပါဟု ကျိန်ပြောရမလိုပင်။

@@@@@@@@@

သူငယ်ချင်းမွေးနေ့ပွဲသွားမှာမို့ ဖယောင်းပန်းရောင်ဂါဝန်ရှည်လေးဝတ်၍ မိတ်ကပ်ပါးပါးလေးလူးကာ ဖေဖေ့ကိုခွင့်တောင်းပြီး ထွက်လာခဲ့သည်။ မွေးနေ့ပွဲက ထင်ထားသည်ထက် ခမ်းနားလွန်းနေတာမို့ အထဲဝင်ရန် မဝံ့မရဲ ဖြစ်နေစဥ်.....

" ဟယ်...ဖယောင်း လာလေ ဘာရပ်လုပ်နေတာလဲ။ "

မွေးနေ့ရှင်ဖြစ်သူ မှုံလေးက မြင်သွားကာ လာဆွဲခေါ်သည်မို့ ဖယောင်းခပ်ရွံ့ရွံ့လေးပါလာရင်း.....

" မွေးနေ့ပွဲက အကြီးကြီးပဲ။ ငါက နင် ဒီလောက်ချမ်းသာမှန်းမသိဘူး။ "

ဖယောင်းစကားကြောင့် မှုံလေးက သဘောကျသလို တခစ်ခစ်ရယ်ရင်း.....

" ငါက နင်မလာမှာစိုးလို့ တမင်မပြောတာ။ ခဏနေ မေမီတို့ရောက်လာလိမ့်မယ်.....ဒီမှာ ထိုင်။ အဝသာစား။ "

ဖယောင်းနေရာတွင် ဝင်ထိုင်ရင်းမှ ဟိုဒီလိုက်ကြည့်နေစဥ် ဧည့်ခံပွဲထဲဝင်လာသည့် လူကိုမြင်တော့ မျက်လုံးပြူးသွားရသည်။ ဟိုအပေါက်ဆိုးဆိုး သူဌေးပါလား.....။ မှုံလေးရဲ့အဖေက အပြေးအလွှား သွားဧည့်ခံနေတာ ပျာပျာသလဲမို့ နှုတ်ခမ်းလေးမဲ့မိသည်။ အေးလေ......ဒီလောက်ချမ်းသာတဲ့ဟာ။ 

မာန်ခိုက်ထင် ဧည့်ခံပွဲမှပြန်ထွက်လာကာ ကားမောင်းလာစဥ် လမ်းပေါ်ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ သေချာကြည့်မိတော့ ကောင်မလေးတစ်ယောက်ကို လူရွယ်နှစ်ယောက်က နှောက်ယှက်နေပုံရသည်။

ဖယောင်း မြင်လိုက်ရသည့် ကားမီးရောင်ကြောင့် ဝမ်းသာအားရဖြင့် အားကိုးတကြီး လှမ်းတားမိသည်။ 

ဟင်.....ဟိုအပေါက်ဆိုး သူဌေး။ ကားပြတင်းပေါက်မှ တစ်ချက်သာငဲ့ကြည့်ရုံကြည့်ပြီး ရှေ့ဆက်မောင်းသွားတာမို့ ဖယောင်း ပါးစပ်လေးအဟောင်းသား ဖြစ်သွားရသလို ဒီလူ့ကိုယ်ချင်းစာစိတ် ကင်းမဲ့ပုံကို သြချသွားရသည်။ 

တီ........

ဟွန်းတီးသံနဲ့အတူ ဆိုင်ကယ်တစ်စီးထိုးရပ်လာသဖြင့် ဖယောင်းကြည့်မိတော့ ဆိုင်ကယ်ဟဲမက်ကိုဆွဲချွတ်လိုက်သည့်အခါ ခပ်ချောချော လူတစ်ယောက်။

" ဒီက ညီမ အကူအညီ လိုနေတာလား မသိဘူး။ "

ဖယောင်း ဝမ်းသာအားရ ခေါင်းလေးညိတ်ပြလိုက်သည်မို့ ဘေးမှနှစ်ကောင်က ရန်စောင်ရန်ပြင်လိုက်စဥ် ဆိုင်ကယ်ပေါ်မှ လူငယ်က ခါးကြားမှလက်ထိပ်တစ်ခုကိုဆွဲထုတ်လာတော့ ဟိုနှစ်ကောင် တွန့်ခနဲဖြစ်သွား၏။ တချိုးထဲ လှည့်ပြေးသွားကြသလို ဖယောင်းလဲ ထိုလူ့ကိုငေးကြည့်ရင်းမှ.....

" ဟို....ရဲလားဟင်။ "

" အာ.....ဘယ်ကသာ ။ လက်ထိပ်ကအတုကြီး။ ငါက Model လေ.....ရှုတင်ကပြန်လာတော့ ဒါကြီးပါလာတာ။ ရမလားလို့ ဖြဲခြောက်ကြည့်တာ။ "

နှစ်ယောက်သား ပြိုင်တူရယ်မိသွားသလို ထိုနေ့က ဖယောင်းကို အိမ်အထိ ပြန်လိုက်ပို့ပေးတာမို့ ဖေဖေကတောင် ကျေးဇူးတင်စကားအထပ်ထပ်ပြောလိုက်သေးသည်။ ဘာရယ်မဟုတ် တွေးမိပါသေးသည်......ဟွန်းးးးဟိုလူနဲ့များ ကွာပါ့။ 

မာန်ခိုက်ထင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း စိတ်ကထင့်နေတာမို့ ကားပြန်လှည့်လာခဲ့ခြင်းပင်။ လူအရိပ်အယောင်ပင် မတွေ့တာမို့ တကယ်များပါသွားတာလားမသိ။ ထိုအခါကျ ကိုယ့်ကိုယ်ကိုယ် စိတ်မလုံသလို ခံစားမိပြန်ကာ သူ့အပြစ်မကင်းသလိုပင်။ 

@@@@@@@@@@@

" ကုန်တိုက်အခွဲ သုံးကို သွားစစ်မယ် ကိုကျော်။ "

အာစရိ စကားကြောင့် ကိုကျော် ထူးဆန်းသလို ကားနောက်ခန်းကို ပြန်ကြည့်မိသွားသည်။ အာစရိ အချိန်များ မှားနေသလား။ 

" အာစရိ ကုန်တိုက်ခွဲသုံးက တနေ့က သွားစစ်ခဲ့ပြီးပြီလေ။ ဒီနေ့က စက်ရုံတွေ သွားကြည့်ရမှာလေ။ "

" သိတယ်......သွားဆိုသွားကွာ လျှာမရှည်နဲ့။ "

သူ့စကားကို ကိုကျော်က နားမလည်သလိုပေမယ့် သူကတော့ ကိုယ့်ဝမ်းနာကိုယ်သာ သိသည်။ ညက တစ်ညလုံး အိပ်မပျော်နိုင်ပဲ ဟိုငတိမ အန္တရာယ်ကင်းပါ့မလား ကိုယ့်ကြောင့်ဆိုသည့် စိတ်က နေလို့အဆင်​ပြေမနေ။ သွားကြည့်မှကို ဖြစ်လိမ့်မည်။ 

" အာစရိ....အကြောင်းမကြားပဲ သွားမှာလား။ "

" ဟမ်.....အကြောင်းကြားလိုက်။ "

အနည်းငယ် ခပ်ရွံ့ရွံ့ဖြစ်သွားသည့် အာစရိပုံစံကြောင့် ကိုကျော် စိတ်ထဲက ကြိတ်ပြုံးမိသွားရသည်။ ကားလေးက မောင်းထွက်လာရင်း သိပ်မကြာခင် ကုန်တိုက်ရှေ့ထိုးရပ်သွားသလို ကားပေါ်မှ ဆင်းသည်နှင့် မာန်ခိုက်ထင်ခြေလှမ်းတွေက ဟိုငတိမရှိရာ သုံးထပ်သို့တန်းဦးတည်သည်။ အနောက်ကလူတွေလဲ ကပျာကယာပြေးလိုက်လာကြသလို သူလဲ ဟိုဒီကျီးကန်းတောင်မှောက်လိုက်ကြည့်ပေမယ့် ငတိမနေရာမှာ အခြားဝန်ထမ်းမိန်းကလေးတစ်ဦးထိုင်နေတာမို့.....

" ဒီနေရာက ဝန်ထမ်းရော...."

" ဘယ်သူလဲ သူဌေး..."

နာမည်လဲမသိတာမို့ မာန်ခိုက်ထင် တစ်ချက်တွေခနဲ ဖြစ်သွားရင်းမှ....

" ဟိုလေဗျာ..."

" ဖယောင်းပန်းပါ ဂျာကြီး......အာစရိကိုဖိနပ်နဲ့ပေါက်တဲ့ကလေးမလေ ဟုတ်တယ်မဟုတ်လား

အာစရိ။ "

ဝင်ပြောလိုက်သည့် ကိုကျော် စကား​ကြောင့် မာန်ခိုက်ထင် မျက်နှာက ဖျဥ်းခနဲပူထူရှက်ရွံ့သွားရသလို ကိုကျော် ကိုမကြည်သလိုလှမ်းကြည့်မိ၏။

" ဟုတ်တယ်..... အလုပ်မတက်ဘူးလား။ "

" ထမင်းစားချိန်လေ အာစရိရယ်...."

ထိုအခါမှ မာန်ခိုက်ထင် ခပ်ရို့ရို့လေးရပ်နေသည့် ဝန်ထမ်းကောင်မလေးအား လှမ်းကြည့်ကာ......

" ဒီနေ့ ဖယောင်းပန်း အလုပ်လာတက်တယ်ပေါ့။ "

" ဟုတ်ကဲ့ သူဌေး.... ထမင်းသွားစားတာပါ။ "

အခုမှအလုံးကြီးကျသွားသလို မာန်ခိုက်ထင် ကုန်တိုက်ထဲမှ ပြန်ထွက်လာရင်း အကြည့်က ကုန်တိုက်ဘေးကို ရောက်သွားတော့ ခြေလှမ်းတို့က တုန့်ခနဲ။

" နင် တစ်ယောက်ထဲလား......စား စား ဗိုက်ဆာတယ် မဟုတ်လား။ "

! ညောင်!

ဖယောင်း ကြောင်လေးကို ခပ်ဖွဖွပွတ်သပ်ရင်း ဝယ်လာသည့်ကြောင်စာထုပ်လေးချကျွေးကာ ဘေးမှထိုင်ကြည့်နေခြင်းပင်။ ထမင်းစားပြီးပြန်လာတော့ ဒီနားမှာ တညောင်ညောင်နှင့် ရှိနေခြင်းပင်။ 

မာန်ခိုက်ထင် ငေးကြည့်နေရင်းမှ နှစ်ခြိုက်စွာ ပြုံးကာ ပါးချိုင့်လေးနှစ်ဖက်ကအထင်းသားမို့ မျက်စိမလွှဲနိုင်ပဲ ဖြစ်နေရသည်။ တစ်ယောက်ထဲ ကြောင်နှင့် စကားပြောနေသည့် မြင်ကွင်းက သူ့ခြေလှမ်းတွေကို ထိုနေရာဆီ ဦးတည်သွားစေသည်။

ဖယောင်း မျက်စိရှေ့ရောက်လာသည့် ယောကျာ်းစီးရှူးဖိနပ်အမဲကြောင့် မော့ကြည့်မိတော့ ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ စတိုင်ကျကျရပ်နေသည့် အပေါက်ဆိုးသူဌေး။ မတ်တပ်ထရပ်လိုက်ရင်းမှ ဦးလေးညွှတ်ရင်း နှုတ်ဆက်လိုက်ရပေမယ့် မနေ့ညက ကိစ္စကြောင့် သိပ်ကြည့်လို့ရနေသည်တော့ မဟုတ်။

" မနေ့ညက မင်း အဆင်ပြေရဲ့လား။ "

" အဆင်ပြေပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတဲ့ လူတစ်ယောက်က ကူညီပေးသွားပါတယ် သူဌေး။ "

မာန်ခိုက်ထင် မျက်နှာက တည်တင်းသွားရသလို မသိရင် ကိုယ်ကပဲ ကိုယ်ချင်းစာစိတ်မရှိသလိုလိုမို့ ပြောပုံကိုက အချိုးကိုမပြေ။ 

" ခွင့်ပြုပါဦး သူဌေး။ "

သူ့ကို နှုတ်ဆက်ရင်း ထွက်သွားသည့် ငတိမပုံစံက သူ့ကို တင်းနေပုံပင်။ ဟာ.....သူ့ဘာသာ တင်းချင်တင်း မတင်းချင်နေပေါ့။ ကိုယ်က သူဌေး....အနေသာကြီးဟာ။ ဘာဂရုစိုက်ရမည်လဲ။

@@@@@@@@@@@@@@@@@@@@@

To be continue P – 7

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..