
ခပ်ဟဟပွင့်နေသောတံခါးရွက်မှတစ်ဆင့် ဒါလီနွယ်ကို
လှမ်းမြင်လိုက်ရသည်။ ဒါလီနွယ်က တစုံတရာကို ထိတ်
လန့်နေဟန်ရှိနေသည်။
ခုံပေါ်ထိုင်နေသော်လည်း သူမ၏လက်နှစ်ဖက်က တစ်
ဖက်ကိုတစ်ဖက် ပွတ်သပ်နေ၏။ ပြီးနောက် မျက်မှောင်
ကြုတ်လိုက်၊ တကိုယ်တည်းခပ်တိုးတိုးရေရွတ်လိုက်နှင့်
ဖြစ်နေသည်။
" နွယ် "
" အမေ့ "
အလန့်တကြားအော်ပြီး မတ်တပ်ရပ်လိုက်သော ဒါလီနွယ်
ကြောင့် ကိုမြင့်ဇော်ကြောင်ကြည်လိုက်မိတော့သည်။
" ဘာတွေတွေးနေလို့ အဲ့လောက်တောင်လန့်သွားရတာ
လဲ "
" ဟို ... ဟို "
ကိုမြင့်ဇော်ကလည်း ဒါလီနွယ်ထံမှ မည်သည့်စကားများ
ထွက်လာမည်နည်းဟု လန့်နေသလို ဒါလီနွယ်ကလည်း
တစ်ခုခုကို လန့်နေဟန်ရှိသည်။
" ပြောလေ နွယ် ... ဘာဖြစ်လို့လဲ "
" အော် ... ဟိုလေ ... ခုနက ဓါတ်ပုံထဲက ကောင်မလေး
လေ "
ကိုမြင့်ဇော်လည်း ချွေးစေးများပျံလာသလိုဖြစ်လာမိသည်။
" အိပ်မက်ထဲက မိန်းကလေးနဲ့ တူနေလို့ ... အဲ့ဒါ "
" နွယ် စိတ်ထင်လို့နေမှာပါ "
" မဟုတ်ဘူးကို ... သူနဲ့တော်တော်တူနေတာ ... အဲ့ဒါ
... ဒီကလေးကို ... နွယ် မမွေးချင်တော့ဘူး "
" ဘာ "
" ဟုတ်တယ် ... ပြီးတော့ နွယ်တို့က ကလေးယူဖို့အစီ
အစဉ်လည်း မရှိသေးဘူးလေ ... "
ကိုမြင့်ဇော်သည် ပါးစပ်လေးဟကာ ဒါလီနွယ်ကို ငေး
ကြည့်နေခဲ့သည်။
" ကို "
" အင်း "
" အခုချိန်နုနေတုန်း ဖျက်လိုက်ရင်ကောင်းမယ် "
" နွယ် "
ကိုမြင့်ဇော်၏အသံက အတော်ကျယ်သွားသည်။
" မရခင်ကတားတာ ဘာမှမဖြစ်ဘူး ... ဖျက်ချတယ်
ဆိုတာ လူသတ်တာပဲနွယ် ... ကို မလုပ်နိုင်ဘူး ... ရလာ
မှတော့မွေးရမှာပဲ ... ဖျက်ချမယ်ဆိုတဲ့စကား ဘယ်တော့
မှထပ်မပြောနဲ့ "
" ဟိုမိန်းကလေးက အသတ်ခံရလို့သေတာဆို ... "
" နွယ် ... ဘယ်လိုသိတာလဲ "
" မရွှေစင်အေးပြောပြတာ ... သူ့ညီမကိုရေထဲနစ်သတ်လို့
သေရတာတဲ့ ... သူ့ညီမပုံက ဟိုမိန်းကလေးပဲလေ ... ကလဲ့
စားချေတာတွေလည်း နွယ်သဘောမကျဘူး ... အဲ့ဒီဓါတ်
ပုံတွေ့လို့ ပိုသေချာသွားပြီ ... ဒီကလေးကို လုံးဝမမွေး
နိုင်တော့ဘူး "
" မင်းမှာမိခင်စိတ်တစ်စက်မှမရှိဘူးလား ... ဖြူသလား
မည်းသလားတောင်မသိရသေးတဲ့ ကလေးအပေါ် ဘယ်
လိုစိတ်နဲ့များ ဒီလိုပြောထွက်ရတာလဲ "
" အို ... ရှင့်ဘာသာရှင်ဘယ်လိုထင်ထင် ... ကျွန်မမမွေးနိုင်ဘူး ...
မဉ္ဇူအေး ဝင်စားတာမလို့မမွေးနိုင်တာ ... ရှင်းလား "
" နေပါအုံး ... မဉ္ဇူအေးဆိုတာဘယ်လိုသိတာလဲ ... သူ့အစ်မပြောတာပဲလား "
ကိုမြင့်ဇော်က ဒါလီနွယ်၏လက်ကိုဆွဲကာမေးလိုက်ရာ
ဒါလီနွယ်က သူ့လက်ကို ပြန်ဆောင့်ဆွဲရင်း ဖြေလာသည်။
" ဟုတ်တယ် ... မဉ္ဇူအေးရဲ့အမှုကိစ္စအစအဆုံးကို သူ့
အစ်မအားလုံးပြောပြသွားတယ် ... ကျွန်မမွေးမယ့်
ကလေးကို အသက်ငယ်ငယ်နဲ့အသေမခံနိုင်လို့ ခုက
တည်းက မမွေးတာအကောင်းဆုံးပဲ ... "
" အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောမနေနဲ့ "
" လျှောက်ပြောနေတာမဟုတ်ဘူး ... အတည်ပြောနေ
တာ ... "
" အတည်ပဲပြောပြော ဘာပဲပြောပြော ... တားမယ့်သူက
မကြာခင်ရောက်လာမှာ ... စောင့်နေလိုက် "
" ဘာရယ် "
ကိုမြင့်ဇော်သည် ဒေါသထွက်ထွက်နှင့် တံခါးကို ဆောင့်
ပိတ်ခဲ့ပြီး အိမ်မှထွက်လာခဲ့လေသည်။ နာရီဝက်ခန့်ကြာ
ပြီးနောက်တွင် ဒါလီနွယ်၏မိဘနှစ်ပါးနှင့် ကိုမြင့်ဇော်၏
မိဘနှစ်ပါး အတူတူရောက်လာကြသည်။
ကလေးကိုယ်ဝန်လွယ်ထားနေစဉ်ကာလပတ်လုံး ဒါလီနွယ်၏ အမေက လာရောက်စောင့်နေပေးမည့်အကြောင်း
ပြောလာသဖြင့် မည်သို့မှငြင်းဆန်၍ မရတော့ချေ။
ဒါလီနွယ်မှာ စိတ်ပျက်လက်ပျက်နှင့် အကြံထုတ်နေ
သည်။
" ဘာပဲဖြစ်ဖြစ် ဖျက်ချလိုက်တာအကောင်းဆုံးပဲ ...
မဟုတ်ရင် ... "
သူမ၏စိတ်ထဲ၌မူ အစီအစဉ်ဆွဲနေတော့သည်။
" ကိုမြင့်ဇော်ရေ "
" ဟုတ်ကဲ့ ကိုအုန်းသင် "
" ကိုဟိန်းထက်က ခင်ဗျားနဲ့ တွေ့ချင်ပါတယ်ဆိုပြီး
အမှာပါးလိုက်လို့ပါဗျာ "
" ဗျာ ... ဘာများဖြစ်လို့ပါလိမ့် "
" အဲ့ဒါတော့ကျွန်တော်လည်း မပြောတတ်ဘူး ... "
" ကိုအုန်းသင်ကို ကျွန်တော်အားလုံးလွှဲပေးပြီးပြီပဲလေ ...
ဘာများကျန်သေးလို့လဲမသိ ... အေးဗျာ ... ဘယ်တော့
သွားတွေ့ရမှာလဲ "
" ဖြစ်နိုင်ရင် ဒီညနေ ဧည့်တွေ့ချိန်လောက် သွားတွေ့
ပေးမလား "
" ညနေက ... ခဏလေး ကျွန်တော် ချိန်းထားတာရှိမရှိ
တစ်ချက်ကြည့်လိုက်မယ် ... မရှိရင်တော့သွားလိုက်
မယ်လေ "
" ဟုတ်ကဲ့ ... ဒါမှမဟုတ် ... မနက်ဖြန်နေ့လည်လောက်
ဆိုလည်း အဆင်ပြေပါတယ် "
" ဟုတ်ကဲ့ပါဗျာ ... ဒါနဲ့ ကိုအုန်းသင် ... အမှုအခြေအနေ
ဘယ်လိုရှိလဲ "
" အခြေအနေမကောင်းဘူး ... ကျတာကကျမှာပဲ ...
သက်သေတွေလည်းခိုင်လုံနေတော့ လွတ်ဖို့မလွယ်
ဘူးဗျ "
" ကျွန်တော်လည်း ထင်ပါတယ် ... သူ့အမေကတော့
ဘယ်နည်းနဲ့မဆို ရအောင်လိုက်မယ်ပြောတာပဲ ... ရ
မယ်မထင်ဘူးကိုအုန်းသင် "
" ဘယ်ရပါ့မလဲကိုမြင့်ဇော်ရာ ... မဟုတ်လား "
ကိုအုန်းသင်ပြန်သွားပြီး အမှုသည်တစ်ဦးနှင့် တွေ့ဆုံ
ကာ အချိန်လည်းရနေသဖြင့် ဟိန်းထက်နှင့်တွေ့ဆုံရန်
အချုပ်ခန်းသို့ သွားတွေ့လိုက်တော့သည်။
" ရှေ့နေကြီး ကျန်းမာပါရဲ့နော် "
ဟိန်းထက်မှာ သူမေးရမည့်စကားကို အရင်မေးလာသဖြင့်
နှုတ်ခမ်းကွေးညွှန့်ရုံပြန်လည်ပြုံးပြလိုက်သည်။
" ကျွန်တော်နဲ့တွေ့ချင်တယ်ဆိုလို့ပါ ... ဘာကိစ္စများရှိ
လို့လဲဗျ "
" ဒီလိုပါ ... မဉ္ဇူအေးကို ကျွန်တော်အိပ်မက်ထဲမှာတွေ့
တယ် ... "
" အမ် "
ကိုမြင့်ဇော်က နားမလည်သလိုဖြစ်သွားပြီး စူးစိုက်ကြည့်
လိုက်မိသည်။
" ရှေ့နေကြီးက ဒီအမှုကိုမလိုက်တော့ဘူးဆိုပေမယ့်
အိပ်မက်ထဲမှာ မဉ္ဇူအေးက ရှေ့နေကြီးရဲ့ အိမ်မှာ နေ
နေတယ်လို့ မက်နေတယ် ... "
" ခင်ဗျား စိတ်စွဲပြီးမက်တာနေမှာပေါ့ "
" စိတ်စွဲတာဟုတ်တယ် ... သူ့ကြောင့် ကျွန်တော် ဒီလို
ဘဝရောက်သွားရတာပဲလေ ... မစွဲပဲနေမလားဗျာ ...
ဒါပေမယ့် သုံးညဆက်တိုက်မက်တာဆိုတော့ စိတ်စွဲ
တာ ဖြစ်နိုင်ပါအုံးမလား "
" သေတဲ့သူကသေပြီပဲ ... အိပ်မက်လေးတစ်ခုနဲ့ ဘာလို့
အတပ်စွပ်စွဲနေရတာလဲ ကိုဟိန်းထက်ရာ... နောက်ဆုံး
နေတယ်ထားအုံး ဘာများပြောင်းလဲသွားမှာမလို့လဲ ...
သူလည်းသေရာကပြန်ထလာမှာလဲမဟုတ်ဘူး "
" သေရာကပြန်ထလာသလိုဖြစ်နေလို့ ခေါ်လိုက်ရတာ ... "
" ဘယ်လို "
" မဉ္ဇူအေးဟာ တကယ်ပဲ ပြန်ထလာခဲ့ရင် ကျွန်တော်
အလွတ်ပေးမှာမဟုတ်ဘူးနော် ... ရှေ့နေကြီးသဘော
ပေါက်မှာပါ ... ဒါကြောင့်ကြိုတင်ပြီး လုပ်သင့်တာလုပ်
စေချင်တယ် "
" ခင်ဗျားစကားကဘယ်လိုကြီးလဲ ... ကျွန်တော့်ကို
ခြိမ်းခြောက်နေတာလား "
" မှတ်ယူနိုင်ပါတယ် ... ရှေ့နေကြီးလည်း ဗုဒ္ဓဘာသာဝင်
ပဲဗျာ ... တရားနာတာတွေ တစ်ခုခုလုပ်ပြီး နှင်ထုတ်လိုက်
ပါ ... "
" နေပါအုံးကိုဟိန်းထက်ရ ... ခင်ဗျားကအမိန့်ပါပေးနေ
ရအောင် ကျွန်တော်ကခင်ဗျားရဲ့ အမှုထမ်းမဟုတ်ဘူး
နော် ... ရှင်းရှင်းပဲပြောမယ် ... မဟုတ်ကဟုတ်ကအိပ်
မက်တစ်ခုနဲ့ အကြပ်လာမကိုင်နဲ့ ... မဉ္ဇူအေးက ကျွန်
တော်နဲ့ သိလည်းမသိဘူး ... အပြင်မှာတစ်ခါမှတောင်
မဆုံဖူးဘူး ... ကျွန်တော့်အိမ်မှာနေနေတယ်ဆိုတာ ပို
လို့တောင်မဖြစ်နိုင်ဘူး ... "
" ဒါတော့ခင်ဗျားအပိုင်းလေ ... ကျွန်တော့်ဘက်ကတော့
သတိပေးသင့်တာပေးပြီးပြီ ... မဉ္ဇူအေးနဲ့ ကျွန်တော့်
ကြားမှာ ဘယ်တော့မှမကျေတဲ့ အမုန်းတရားတွေရှိတယ်
... ကျွန်တော့်အမေကို စိတ်ဆင်းရဲအောင် မျက်ရည်ကျ
အောင်လုပ်တဲ့ဘယ်သူမဆို ကျွန်တော့်ရန်သူပဲ ... ဘယ်
ဘဝရောက်ရောက် ခွင့်လွတ်မှာမဟုတ်ဘူး "
ကိုမြင့်ဇော်သည် ဆက်၍မပြောချင်တော့သဖြင့် ထပြန်
လာခဲ့တော့သည်။
" ဒီကောင်သိနေတာများလား ... နွယ့်မှာ ကိုယ်ဝန်ရှိနေ
တာတော့ မသိလောက်ပါဘူး ... "
စိတ်ရှုပ်ထွေးလာသဖြင့် ကိုလှိုင်ဘွားဆီသို့ သွားကာရင်
ဖွင့်မိလိုက်သည်။
" ဘဝအသစ်ပြောင်းသွားရင် ဘာမှ သိတော့တာမှမဟုတ်
တာကိုမြင့်ဇော်ရာ ... သူလည်း အမြဲအိပ်မက်မက်နိုင်တာ
မဟုတ်သလို သေချာတပ်အပ်ပြောနိုင်တာလည်းမဟုတ်
ဘူး ... မဉ္ဇူအေးက ခင်ဗျားတို့ဆီဝင်စားတယ်ထားအုံး ...
အတိတ်ဘဝအကြောင်းအရာတွေကို မမှတ်မိနိုင်ဘူးလေ
... နောက်ပြီး မဉ္ဇူအေးရုပ်ရည်လည်းမဟုတ်တော့ဘူး ...
ခင်ဗျားနဲ့ မဒါလီနွယ် တို့ပေါင်းစပ်ထားတဲ့ ရုပ်ရည်ပဲ
ထွက်လာမှာ ... တွေးပြီးစိုးရိမ်မနေပါနဲ့ဗျာ ... ကလေးနဲ့
အမေနဲ့ ကျန်းမာဖို့သာ ဂရုစိုက် ... အဲ့ဒါအရေးအကြီးဆုံး
ပဲ ... "
" ကိုလှိုင်ဘွားပြောတာဟုတ်ပါတယ် ... ကျွန်တော်
လည်း အတွေးလွန်သွားမိတယ် ... ဟိန်းထက်က
ဘယ်လောက်ထိသိနိုင်မှာမလို့လဲ "
" အဲ့ဒါပဲလေ ... သူဘာမှလုပ်မရပါဘူးဗျာ ... စိတ်ပူမနေ
နဲ့ဗျ "
ကိုလှိုင်ဘွားနှင့်တွေ့ဆုံလိုက်မှ ရင်ထဲပေါ့ပါးသွားတော့
သည်။ အိမ်သို့ပြန်လာသောအခါ ဒါလီနွယ်ကို ယောက္ခ
မဖြစ်သူက မျက်စိဒေါက်ထောက်ကြည့်နေသဖြင့် စိတ်
အေးရပြန်သည်။
" အမေလာနေပေးလို့ တော်သေးတယ် ... မဟုတ်ရင်
နွယ်တစ်ယောက်ထဲ အဆင်မပြေဖြစ်နေမှာ "
" ငါ့မြေးကြောင့် ဒုက္ခလာခံရတာဟေ့ ... သားသမီးတွေ
ကို စိတ်တိုင်းကိုမကျတာ ... "
ကိုမြင့်ဇော်က သဘောကျကာ ရယ်မောလိုက်လေသည်။
" နွယ် ... ဘာစားချင်လဲ ... ဘာဝယ်ပေးရမလဲ "
" မစားချင်ပါဘူး ... နှုံးနေလို့ ခဏလှဲမလို့ "
" လာ ... ကို တွဲပေးမယ် "
" ရတယ် ... ဒီလောက်ထိမဖြစ်ပါဘူး ... ကိုယ့်ကို
နိုင်ပါသေးတယ် "
" အေးပါကွာ "
ဒါလီနွယ်က အားမရှိသလိုဖြစ်နေသဖြင့် ကိုမြင့်ဇော်
လည်း စိတ်မသက်မသာဖြစ်နေမိသည်။
" ကို ... "
" အင်း ... ပြောလေ ... "
" နွယ်တို့ ဒီကလေးကို မွေးလို့မဖြစ်ဘူးထင်တယ် "
" ဘာဖြစ်ပြန်ပြီလဲကွာ ... "
" ဟိုကောင်မလေး ... "
" အဲ့ဒါတွေလျှောက်တွေးမနေနဲ့လို့ ... မဖြစ်နိုင်တာတွေ ..."
ဒါလီနွယ်က သက်ပြင်းချကာ ခွေလှဲနေလိုက်သည်။
" အိပ်ပျော်အောင်အိပ်နော် ... ဘာပဲဖြစ်ဖြစ်ကိုရှိတယ် ...
နွယ်ဘာမှ စိတ်အားငယ်စရာလည်းမလိုဘူး ... "
" အင်း "
ကိုမြင့်ဇော်လည်း ဒါလီနွယ်ကို စောင်ပါးပါးလေးတစ်
ထည် လွှမ်းခြုံပေးခဲ့ကာ အောက်ထပ်သို့ဆင်းလာခဲ့
လေသည်။
" သားရေ ... လာထိုင်အုံး "
" ဟုတ်အမေ "
ယောက္ခမဖြစ်သူဒေါ်တင်နွဲ့ရီ အနီးရှိ ဆိုဖာခုံသို့ဝင်
ထိုင်လိုက်သည်။
" မိနွယ်က ကဂျီကဂျောင် လုပ်နေတယ်မဟုတ်လား "
" ရပါတယ်အမေ ... သူကအဲ့လိုကလေးဆန်နေတုန်းပဲ ..."
" အမေက သားတို့ကို စိတ်ပူတယ် ... မိဘတွေသဘော
တူလို့ စုံမက်ပေးထားတော့ ... တစ်ယောက်နဲ့တစ်ယောက်
အဆင်ပြေကြရဲ့လားဆိုပြီး အမြဲပူနေရတာ "
" ပြေပါတယ်အမေရာ ... ကျွန်တော့်အကြောင်းလည်း
အမေသိသားပဲ ... နွယ်ဘာပြောပြော ဘာလုပ်လုပ်
သည်းခံနိုင်ပါတယ် "
" အေးကွယ် ... သားက နားလည်ပေးလို့တော်သေးတယ်
... မိနွယ်က ဘာမှမလုပ်တတ် မကိုင်တတ် ... သူတတ်တာ
စီးပွားရှာတတ်တာပဲရှိတယ် ... မြေးလေးရောက်လာရင်
ကသီကြအုံးမှာပဲ ... ဒါပေမယ့်စိတ်မပူနဲ့ ... အမေဆို့ကူ
ထိန်းပေးမှာပါ "
" ဟုတ်ကဲ့ ... ကူမှပဲရမှာအမေ ... ခုအမေရောက်လာမှ
အိမ်ထမင်းအိမ်ဟင်းစားရမှာလေ ... မဟုတ်ရင်ချိုင့်
ဆွဲ ... ဆိုင်ဝယ်စားပဲ "
" အဲ့လိုတွေကြောင့် သားကိုပိုအားနာတယ် ... မိနွယ်ကိုက
မလုပ်တတ်တော့ သားလည်း အစားအသောက်ဆင်းရဲ
ရပြီ "
" ကိစ္စမရှိပါဘူးအမေရာ ... ဒီလိုပဲပေါ့ ... ကျွန်တော်က
ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ် "
" သားမေမေနဲ့ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးခဲ့
တော့ သားရဲ့အကြောင်းကို အမေတို့ကသိပါတယ် ...
လူရိုးလူအေး လိမ္မာရေးခြားလည်းရှိတယ် ... အဲ့ဒါကြောင့်
အမေ့သမီးနဲ့ နေရာချပေးခဲ့တာ ... သားနဲ့ဆို ... စိတ်အေး
ရမှာပဲဆိုပြီး ... ခုထင်တဲ့အတိုင်းပဲလေ ... သားကအစစ
အရာရာ သည်းခံပေးတော့ ကျေးဇူးလည်းတင်ပါတယ် "
" ဟာ အမေကလဲ ... မလိုပါဘူးဗျာ ... မိသားစုတွေဖြစ်
နေပြီပဲ ... ဒါပေမယ့်ကျွန်တော်လည်းအမေ့ကိုကျေးဇူး
တင်မိတယ် ... မဟုတ်ရင် ခုချိန်ထိဂေါ်မစွံလူပျိုကြီးဖြစ်နေအုံးမှာ ... "
" အေး ... အဲ့ဒါတော့သေချာတာပေါ့ ... ဟား ... ဟား "
အမေဖြစ်သူနှင့် ခင်ပွန်းသည်တို့ ပြောနေသံများကို
ကြားပြီး ဒါလီနွယ်မှာ မျက်နှာစူပုပ်နေမိသည်။
" ငါကြတော့ ရင်ကွဲပါစေပေါ့ ... "
တကိုယ်တည်းရေရွတ်ကာ အောက်နှုတ်ခမ်းကိုကိုက်
ထားနေလေသည်။ ၎င်းတို့၏ အတိတ်နောက်ကြောင်း
များက အလွန်ပင်ရှုပ်ထွေးခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး
မှာ ဆက်နွယ်ပတ်သက်နေကြမှန်း တော်ရုံသူ မသိနိုင်
ပေ။
ဒါလီနွယ်၏အတိတ်သည် ပျော်စရာ ငိုစရာများနှင့်ဖြစ်သည်။ကျောင်းပြီးခါစအချိန်၌ ချစ်သူရခဲ့၏။ အချစ်ဦးဖြစ်၍ရူးမတတ်ချစ်မြတ်နိုးပြီး ဘဝလက်တွဲ
ဖော်အဖြစ် ရည်မှန်းထားခဲ့လေသည်။ သို့သော် ချစ်ရသူကို အိမ်ကသဘောမတူခဲ့ပေ။
" ဒီကောင်လေးက လက်ကြောမတင်းတဲ့ကြားထဲ သူ့
အမေကလည်း မလွယ်ဘူး ... မောက်မာလွန်းတယ် ...
သမီးနဲ့ဖြစ်မှာမဟုတ်ပါဘူးကွယ် "
" မေမေကလဲ ... သူတို့မိသားစုလည်း ဂုဏ်နဲ့ ဒြပ်နဲ့ပါ ...
ချမ်းသာကြတာပဲ ... နောက်ပြီးမောင်က ... အဲ ... သူက
လည်း ကိုယ်ပိုင်စီးပွားရေးလုပ်နေပါပြီမေမေရဲ့ ... "
" အို ... ဒီမှာမိနွယ် ... ငွေရှိတာကိုပဲမမြင်နဲ့ ... အရည်အ
ချင်းမရှိရင် အလကားပဲဟဲ့ ... အလကားပဲ ... ယောကျာ်း
ယူတယ်ဆိုတာ ကုန်တိုက်မှာဈေးဝယ်တာလောက်မလွယ်ဘူးသိလား ... ငါးချက်မှာ သုံးချက်လောက်ကောင်းရင်
တော်သေးရဲ့ ... တစ်ချက်မှမကောင်းတဲ့သူကို ဘာလို့
တန်းတန်းစွဲဖြစ်နေရသလဲ "
" သူကဘာများမကောင်းလို့လဲမေမေရယ် ... "
" ဘာမကောင်းလဲဆို ... လက်ကြောမတင်းဘူး ... ဘော်
ကြော့နေတယ် ... ကိုယ့်ကိုယ်ကိုအထင်ကြီးတယ် ... သူ
သိသူတတ်သူပဲဆရာ ... အဲ့ဒါအပြင် သူ့အမေက ကန့်
လန့်ကန့်လန့်နဲ့ ... တစ်ခုခုဖြစ်ရင် ညည်းဘက်ပါမယ်
ထင်လို့လား ... အဲ့ကြမှ ကွဲမယ်ကွာမယ်လုပ်ရင် ညည်း
ပဲ ဒုက္ခရောက်မယ် ... ငါလည်းစိတ်ဆင်းရဲရမယ် ... "
" အဓိကက သူအလုပ်မရှိလို့မဟုတ်လား ... သမီးပြော
ပြီးပြီလေ ... သူခုကိုယ်ပိုင်အလုပ်လုပ်တော့မှာလို့ ...
ခဏလောက်စောင့်ကြည့်ပါအုံးလားမေမေရယ် ... အလျင်
စလို မဆုံးဖြတ်လိုက်ပါနဲ့လား ... "
" ခုလည်း ဒီဆုံးဖြတ်ချက်ပဲ ... နောက်လည်း ဒီဆုံးဖြတ်
ချက်ပဲ ... မောင်မြင့်ဇော်နဲ့ပဲယူရမယ် ... ငါအားလုံးစီစဉ်
တော့မှာ ... ညည်းအကောင်ကို အမြန်ဆုံး အဆက်ဖြတ်...
ဒါပဲ "
ဆူငေါက်ရင်းပြောသွားသော မိခင်၏စကားကြောင့်
ဒါလီနွယ်မှာ တသိမ့်သိမ့်ရှိုက်ငိုမိတော့သည်။
" သမီးကတော့ မောင့်ကိုဘယ်တော့မှ ခွဲမသွားဘူး ...
မေမေစီစဉ်လည်းမျက်နှာပျက်ကြရုံပဲ ... မောင့်နောက်
ကိုပဲ လိုက်သွားတော့မှာ "
ဒါလီနွယ်သည် ရှိုက်ကာရှိုက်ကာ ငိုရင်း အဝတ်အစား
အချို့ကို ဝှက်ကာသိမ်းနေလေသည်။
" မောင် ... ဒါလီ့ကို ခေါ်သွားပါနော် "
" ဘာဖြစ်လို့လဲ ဒါလီ "
" မေမေတို့က တခြားသူနဲ့ စေ့စပ်ပေးတော့မှာမလို့ ...
မောင့်နောက် တခါထဲလိုက်ချင်တယ် "
" ဘယ်လို ... ဘယ်သူနဲ့စေ့စပ်မှာ "
" ရှေ့နေပေါက်စနတစ်ယောက်နဲ့ ... သူ့ကိုမယူချင်ဘူး
... မောင်နဲ့မခွဲနိုင်ဘူးဆို "
" ဒါလီတို့အိမ်က မောင်နဲ့ဘာလို့သဘောမတူတာလဲ ...
မောင်ကဘာဖြစ်နေလို့လဲ "
" မသိပါဘူးမောင်ရယ် ... သဘောတူတူမတူတူ ...
ဒါလီ့ကိုတခါထဲ ခေါ်သွားပါနော်မောင် "
" မောင့်မေမေကို အရင်တိုင်ပင်လိုက်အုံးမယ် ... မေမေ
ဘယ်လိုသဘောရလဲမေးပြီးမှ မောင်ဆုံးဖြတ်လို့ရမှာ "
" ဘာရယ် ... မောင် ... ဒါလီကဒီမှာအရေးကြီးနေပါပြီလို့
ပြောနေတာကို ... မောင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ချလို့
မရဘူးလား "
" မောင့်ဘဝမှာ မေမေကအရေးအကြီးဆုံးမလို့ပါ ...
မောင့်ကိုနားလည်ပေးပါဒါလီရာ ... "
" အင်းပေါ့လေ ... နဂိုကတည်းက ယူဖို့စိတ်ကူးမှမရှိဘဲ ...
နေပါတော့ကိုဟိန်းထက်ရယ် ... ကျွန်မဘဝနဲ့ကျွန်မရှိပါ
စေတော့ "
ဒါလီနွယ်သည် ဒေါသလည်းထွက်၊ ရှက်လည်းရှက်ကာ
မျက်ရည်များတသွင်သွင်စီးကျရင်း ထိုနေရာမှ ပြေး
ထွက်လာခဲ့တော့သည်။
" ဒါလီ နေပါအုံးကွာ "
ဟိန်းထက်က အမြန်တားဆီးလိုက်သော်လည်း မမီတော့
ပေ။ အိမ်သို့ပြေးပြန်လာသော ဒါလီနွယ်မှာ ဒေါသအလိတ်လိုက် ထွက်နေသဖြင့် ဆုံးဖြတ်ချက်ကို အမြန်ချ
လိုက်တော့သည်။
" မေမေ ... "
နီရဲနေသောမျက်လုံးများကို ဒေါ်တင်နွဲ့ရီကြည့်ကာ ထိတ်
လန့်သွားသည်။
" ဘာဖြစ်လာတာလဲ ... "
" သမီး ... ကိုမြင့်ဇော်နဲ့ တခါထဲ လက်ထပ်ချင်တယ် ...
ရမလား "
" ဟင် "
ဒေါ်တင်နွဲ့ရီသဘောပေါက်သွားခဲ့ပြီဖြစ်သည်။
" မေမေစီစဉ်လိုက်တော့မယ်သမီးရေ ... ကဲ ... ကဲ ...
သမီးသွားနားလိုက်အုံး "
သမီးဖြစ်သူ၏ နာကျင်မှုကို သိသော်လည်း ရင်ထဲ၌
ကြိတ်၍ဝမ်းသာနေမိသည်။ ထို့ကြောင့် စိတ်မပြောင်း
ခင် အမြန်စီစဉ်မည်ဆိုကာ မင်္ဂလာပွဲကို စီစဉ်လိုက်ကြ
တော့၏။
ဟိန်းထက်သည် ဖိတ်စာကိုကြည့်ကာ ဒေါသထွက်လာ
သည်။ ဒါလီနွယ်နည်းတူ ဟိန်းထက်ကလည်း ခံစားချက်
ပြင်းထန်ခဲ့၏။
" သားသူ့ကိုပြောတယ်မေမေ ... မေမေ့ကိုခဏတိုင်ပင်
ပါရစေအုံးဆိုတာကို ... ခုလိုလုပ်သွားတာ ... တောက် "
" အဲ့လောက်မှမစောင့်နိုင်လည်းနေပေါ့ ... မေမေကသား
ကို အိမ်ထောင်ပြုစေချင်သေးတာမဟုတ်ဘူး ... သားက
ချစ်လှပါချည်ရဲ့ဆိုလို့သာ လက်ခံပေးဖို့စဉ်းစားနေတာ...
မေမေ့မှာသားတစ်ယောက်ထဲရှိတာ သိသားပဲလေ ... မေ
မေ့ဆန္ဒအရေးကြီးတယ်ဆိုတာသူသိရမှာပေါ့ "
" သူကအရွဲ့တိုက်တာမေမေ ... သူရွဲ့ ကိုယ်ရွဲ့ပေါ့ ...
ကြည့်နေပါ ... "
" သားကဘာလုပ်အုံးမလို့လဲ "
" သားလည်းမင်္ဂလာဆောင်မယ်မေမေ ... မေမေခွင့်ပြု
ပေးပါဗျာ "
" ဟဲ့ ... ဘယ်သူနဲ့တုန်း "
" ဘယ်သူဖြစ်ဖြစ်ရတယ် ... ဒါလီနွယ်ထက်လှတဲ့ ဘယ်
မိန်းမ မဆို ယူမယ် "
ဒေါသတကြီးပြောပြီး အပြင်ထွက်သွားသော သားဖြစ်သူ
ကို နားမလည်စွာကြည့်ရင်း ဒေါ်စန်းစန်းတင့် ကျန်ရစ်ခဲ့
လေသည်။
" ဒုက္ခပါပဲ ... ဘယ်လိုဟာနဲ့ယူလာမလဲမသိ ... ဘုရား ...
ဘုရား "
ဒါလီနွယ်နှင့် ကိုမြင့်ဇော်တို့ မင်္ဂလာဆောင်သောနေ့တွင်
ဟိန်းထက်က မဉ္ဇူအေးကို သူ့အိမ်သို့ခေါ်လာခဲ့သည်။
" ဒါက "
" သားယူမယ့်မိန်းမ ... မေမေ ဘယ်လိုသဘောရလဲ ...
ကြည့်ကြည့်ပါအုံး "
ဟိန်းထက်က ဒေါ်စန်းစန်းတင့်ကို ခပ်တိုးတိုးပြောကာ
အကဲခတ်ခိုင်းလေသည်။
" သမီးရဲ့ နာမည်က "
" မဉ္ဇူအေးရှင့် "
" အော် ... ကျောင်းပြီးပြီလား "
" ဟုတ်ကဲ့ ... ပြီးသွားပါပြီ "
" ခုဘာလုပ်နေလဲ "
" အလုပ်ကရှာနေတုန်းပါအန်တီ "
" အင်း ... မိဘတွေကရောဘာလုပ်လဲ "
" အမေက ဈေးထဲမှာ အထည်ဆိုင်ဖွင့်ထားပါတယ်အန်တီ ... အဖေကတော့ စည်သွတ်ဗူးစက်ရုံမှာမန်နေဂျာလုပ်ပါတယ် "
" အော် "
ဒေါ်စန်းစန်းတင့်သည် နောက်ခံအခြေအနေကို မကြိုက်
ချင်လှပေ။
" မောင်နှမရော ဘယ်နှယောက်ရှိလဲ "
" သုံးယောက်ပါရှင့် ... "
" သူတို့ကရော ဘာလုပ်ကြလဲ "
မဉ္ဇူအေးက မေးခွန်းများ များလှသဖြင့် အနည်းငယ်
စိတ်ရှုပ်လာမိသည်။
" အစ်မကတော့ ဂိုက်ပြပါတယ် ... ကိုးတန်း ဆယ်တန်း
ကလေးတွေကိုစာသင်တာပါ "
" အစိုးရကျောင်းမှာဆရာမလား "
" မဟုတ်ပါဘူးရှင့် ... အပြင်ဆရာမပါ "
" အင်း "
" မောင်လေးကတော့ ထိုင်းမှာအလုပ်လုပ်ပါတယ် "
" ဟိုမှာဘာအလုပ်လုပ်တာလဲ "
" စက်ရုံမှာလုပ်တာပါ "
" အင်း "
ဒေါ်စန်းစန်းတင့်က ထိုသို့သာမေးပြီး အိမ်ပေါ်ထပ်တက်
သွားသည်။ မဉ္ဇူအေးသာ မျက်လုံးလေးကလည်ကလည်
ဖြင့် ကျန်ရစ်ခဲ့လေသည်။
" ဘာမှစိတ်မပူနဲ့ ... ကိုကို ရှိတယ် "
မဉ္ဇူအေးက ဟိန်းထက်ကို ပြုံးရင်းကြည့်ကာ ခေါင်း
ညိမ့်ပြလိုက်၏။ ၎င်းတို့ ချစ်သူဖြစ်သည်က ထိုနေ့အပါ
အဝင် သုံးရက်သာရှိသေးလေသည်။
ချစ်သူ၏အိမ်သို့ အဆောတလျင် လိုက်တွေ့ရမည်ဟု
မဉ္ဇူအေး မတွေးထားမိချေ။ ဟိန်းထက်က မဉ္ဇူအေး
ကို ခဏထိုင်ဦး ဆိုကာ အပေါ်ထပ်လိုက်တက်သွားသည်။
" မေမေ ... သဘောမကျတာသားသိပါတယ် ... ဒါပေ
မယ့် သူက ဒါလီနွယ်ထက်ချောတာတော့ မေမေလက်ခံ
တယ်မလား "
" ရုပ်ချောတာကဟုတ်ပါရဲ့ ... နောက်ခံကဘာမှမရှိတာ ...
အဆင်မပြေပါဘူးသားရယ် ... "
" သားပြောတာနားထောင်ပါအုံးမေမေ ... သားကို
ဒါလီနွယ်ကြောသွားတာ လုံးဝမခံနိုင်ဘူး ... သူထွက်
သွားတာနဲ့ချက်ချင်းနောက်တစ်ယောက်ရတယ်ဆိုတာ
မျိုး ဖြစ်ချင်တာ ... "
" အဲ့ဒါဘာလုပ်ရမှာလဲ ဟိန်းထက်ရဲ့ ... မဖြစ်ပါဘူးသား
ရယ် ... ဒါလီနွယ်ထက်သာတဲ့မိန်းမတွေလည်းအများ
ကြီးပါ ... မေမေက ဒါလီနွယ်ကိုတောင် သဘောတူချင်
တာမဟုတ်ဘူး ... ဒီကလေးမပိုဆိုးပေါ့ ... မေမေမကြိုက်
ဘူးကွယ် ... "
" သားမယူလို့မဖြစ်တော့လို့မေမေ "
" ဘာရယ် "
" မနေ့ညက နည်းနည်းပါးပါးသောက်မိရင်း သတိလွတ်
သွားတယ် ... သူနဲ့သွားတွေ့ပြီး လွန်သွားခဲ့တယ်မေမေ..."
" ဘာတွေလျှောက်လုပ်နေတာလဲဟိန်းထက် ... လွန်ချင်
လွန် မလွန်ချင်နေ ... မေမေသဘောမတူဘူး ... သားအ
ဆင့်က သူလိုအဆင့်ကိုယူရမှာမဟုတ်ဘူး ... "
" မေမေ အဲ့လိုတော့မလုပ်ပါနဲ့ မေမေရာ ... "
" သားယူချင်သပဆိုလည်းယူ ... ဒါပေမယ့် မေမေ့ဘက်
ကတော့ မင်္ဂလာမဆောင်ပေးနိုင်ဘူး "
" မေမေကလဲဗျာ ... သားကိုသနားပါအုံး "
" ငါ့ကိုတော့မသနားဘူးပေါ့ဟုတ်လား "
ဒေါ်စန်းစန်းတင့်သည် ဟိန်းထက်ကို ဒေါသတကြီးဆူ
ငေါက်ကာ ဗိုက်ကြောကိုဆွဲလိမ်ပစ်လေသည်။
" မေမေပြောပြီးပြီ ... ဒါလီနွယ်ကိုအရွဲ့တိုက်ချင်လို့ယူ
ချင်ယူ ... မင်္ဂလာဆောင် မေမေ မလုပ်ပေးဘူး "
ဒေါ်စန်းစန်းတင့်က ယတိပြတ်ပြောလာသဖြင့် ဟိန်းထက်
လည်းလက်လျော့လိုက်ရသည်။
" မေမေ့သဘောပါမေမေရယ် ... မင်္ဂလာပွဲတော့ မေမေ
တက်မယ်မဟုတ်လား "
" မတက်ပါဘူး "
" မျက်နှာလေးတော့လာပြပါမေမေရာ နော် "
မိခင်ဖြစ်သူကိုချော့မော့ပြီး မဉ္ဇူအေးရှိရာသို့ ဆင်းလာ
ခဲ့လေသည်။
" သွားမယ် "
မဉ္ဇူအေးက ကြောင်တောင်တောင်ဖြင့် ထရပ်လိုက်လေ
တော့သည်။
" ဘာတဲ့လဲကိုကို ... မဆင်ပြေရဲ့လားဟင် "
" မပြေ့တပြေပဲ ... လာ ... သွားစို့ "
ဤသို့နှင့် ဒါလီနွယ်၏ မင်္ဂလာပွဲပြီးမြောက်ပြီး တစ်ပတ်
အကြာတွင် ဟိန်းထက်က သူ၏ဖိတ်စာကို ဒါလီနွယ်ထံ
အရောက်ပို့ခဲ့သည်။
" ဪ ... နင်ကဒါကြောင့် ငါ့ကိုမခိုးတာကို ... အမေ
ကြောင့်ပါ ဘာညာနဲ့ မဟုတ်တာတွေလွဲချနေတာ ...
ငါးရံ့နှစ်ကောင်ဖမ်းတာပေါ့ ဟိန်းထက် ... နင့်ကိုငါဒီ
တစ်သက်မကြေဘူး ... အတုံ့အလှည့် ဆိုတာ လာအုံး
မှာပါ ... ဒါလီနွယ်ဆိုတဲ့ငါကလဲ ... ငါ့ကိုထိပြီဆိုတာနဲ့
တေးထားတတ်တာနင်သိစေရမယ် "
ဒါလီနွယ်သည် အောက်နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်
ရင်း ဖိတ်စာကို ဆွဲဆုတ်ပစ်လိုက်လေတော့သည်။
" နွယ် ... ဘာတွေမကျေမနပ်ဖြစ်နေတာလဲ ... ဘာဖြစ်
လို့လဲ "
လက်ရှိအချိန်ကိုသတိပြန်ဝင်လာပြီး ကိုမြင့်ဇော်ကို အ
လန့်တကြားလှည့်ကြည့်လိုက်သည်။
" ဟို ... ဘာမှမဟုတ်ဘူး "
" တစ်ခုခုဖြစ်နေတာပါ ... ဘာဖြစ်တာလဲပြော ... "
" ဘာမှမဖြစ်ပါဘူးဆို ... "
" ပြီးရော ... ထမင်းစားမယ် ... လာ "
ကိုမြင့်ဇော်သည် ဒါလီနွယ်ကို ကြင်ကြင်နာနာ ဖေးမပြီး
တွဲခေါ်လာခဲ့သည်။
" ဖြည်းဖြည်းလျှောက်နော် ... ကို့ ဘေဘီလေး နာမှာစိုး
လို့ "
ဒါလီနွယ်က ကိုမြင့်ဇော်ကို မျက်စောင်းတစ်ချက်ထိုး
ပစ်လိုက်၏။
" ဟိုကောင်မလေးမလို့ မလိုချင်ပါဘူးဆိုတာကို ...
သူက သည်းကိုသည်းနေတယ် "
" အဲ့တစ်ယောက်မှန်းဘယ်လောက်သေချာနေလို့လဲ ...
မဟုတ်ပါဘူးဆိုကွာ ... နွယ့်ဗိုက်ထဲက ဘေဘီလေးက
ကို့ ရဲ့အသွေးအသား ... မဉ္ဇူအေးနဲ့ ဘာမှမဆိုင်ဘူး...
အဲ့ဒါတွေတွေးမနေနဲ့ .. နော် "
" အင်းပါ "
ဒါလီနွယ်ကလဲ ပြီးပြီရော ခေါင်းညိမ့်ကာ ဖြေပေးလိုက်
တော့သည်။
" မိနွယ်တို့များ ယောကျာ်းက အဲ့လောက်ဂရုစိုက်တာ
တောင် မူနေသေးတယ် ... မပြောချင်ဘူး "
မိခင်ဖြစ်သူက ဒါလီနွယ်ကို အားမလိုအားမရဖြစ်ပြီး ဆူ
ချင်နေသဖြင့် ကိုမြင့်ဇော်က စကားလွှဲလိုက်ရသည်။
" အမေ့လက်ရာကတော့ ရှယ်ပဲ ... မွှေးနေတာ "
" အိမ်ထမင်းအိမ်ဟင်းပါဆို မွှေးမှာပေါ့ကွယ် ... မိနွယ် ...
မွေးပြီးရင် ဟင်းချက်သင်ရမယ် ... ကြားလား "
" မချက်တတ်ပါဘူးဆို မေမေကလဲ "
" မတတ်လည်းတတ်အောင်သင်ရမယ် ... ဘယ့်နှယ့်...
နေ့တိုင်းဝယ်စား ဝယ်စားနဲ့ မဟုတ်သေးဘူး ... "
" အိမ်အကူခေါ်လိုက်လည်းရတာပဲ "
" ဟဲ့ ... ဒီအိမ်မှာလူဘယ်နှယောက်နေတာမလို့လဲ ...
အိမ်အကူကခေါ်ချင်တိုင်းခေါ်လို့ရတယ်ထင်နေလား ...
စိတ်ချရအုံးမှ ... ခေတ်ကကောင်းတာမဟုတ်ဘူး ...
လုပ်တတ်အောင်လုပ်ရမယ် ... "
" ရပါတယ်အမေရာ ... နွယ်လည်း ပင်ပန်းနေပါပြီ "
" သားက သူ့ကိုအလိုလိုက်နေလို့ ... ဒီဟာမကမ်းတက်
နေတာ သိလား "
" သူကမေမေ့သား ... သမီးကချွေးမ သိလား "
ဒါလီနွယ်က စူပုပ်ပုပ်ဖြင့် ပြောရင်း ထမင်းစားနေသဖြင့်
ယောက္ခမနှင့်သားမက်ဖြစ်သူမှာ ပြုံးလိုက်မိကြတော့
သည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory